Chapter 57
မုရှို့နှင့် လော့ရှန်ရှန်တို့၏ စကားပြောခန်းသည် နောက်တစ်နေ့တွင် သတင်းစာမျက်နှာဖုံးများ၌ ပါလာခဲ့သည်။
Flying Fish Entertainment ၏ ထိပ်တန်းမင်းသားနှင့် မင်းသမီး၊ ရွှေကြေးခွံဆုရှင် မင်းသားနှင့် မင်းသမီး၊ အများလက်ခံထားသော အကောင်းဆုံး စုံတွဲ… ဒီထက် ပိုပြီး လူစိတ်ဝင်စားစရာကောင်းသော သတင်း မရှိနိုင်တော့ပေ။
သတင်းထွက်လာသည်နှင့် ပရိသတ်များ ရူးသွပ်ကုန်ကြသည်။
နှစ်ဖက် Fan များသည် Weibo အောက်သို့ ရောက်လာကြပြီး အတည်ပြုသူက ပြု၊ မေးခွန်းထုတ်သူက ထုတ်၊ ဆုတောင်းပေးသူက ပေးဖြင့် နာရီဝက်အတွင်း Weibo ၏ ထိပ်တန်းသတင်း ဖြစ်သွားတော့သည်။
လော့ရှန်ရှန်သည် တက်လာသော အရှိန်အဟုန်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ သူမသည် သတင်းတစ်ခုကို Share လိုက်ပြီး စာမရေးဘဲ ရှက်နေသည့် အီမိုဂျီလေး တစ်ခုသာ တင်လိုက်သည်။
ထိုကဲ့သို့ ဝါးတားတား အပြုအမူသည် Fan များကို ပိုမို ရူးသွပ်သွားစေသည်။ မယုံကြည်သော Fan များသည်ပင် ယိမ်းယိုင်ကုန်ကြသည်။ မင်းသမီးကိုယ်တိုင်က ဒီလို သဘောထားမျိုး ပြနေမှတော့ သေချာပေါက် တစ်ခုခု ရှိနေပြီ ဖြစ်သည်။
လော့ရှန်ရှန်၏ Fan များသည် မုရှို့၏ Weibo အောက်သို့ သွားရောက်ပြီး Comment များ ရေးကြတော့သည်။
[ငါတို့ ရှန်ရှန်လေးတောင် သဘောတူနေပြီ… ယောင်္ကျားဆိုရင် သတ္တိရှိရှိ ဝန်ခံလိုက်ပါ!]
[ယောင်္ကျားဆိုရင် မကြောက်နဲ့… ငါ့ရဲ့ နတ်သမီးလေးလို မိန်းမမျိုးက ရှားတယ်နော်]
[……]
မုရှို့၏ Fan များသည် သူတို့၏ အတင်းအကျပ် လက်ထပ်ခိုင်းနေသော ပုံစံကြောင့် ကြောင်သွားကြသည်။ CP Fan အချို့က လက်ခုပ်တီး အားပေးနေကြသော်လည်း ကျန်သော Fan များသည် မုရှို့၏ တုံ့ပြန်မှုကို စောင့်နေကြသည်။ ဒါမှမဟုတ် လော့ရှန်ရှန်၏ Fan များနှင့် စကားနိုင်လုကာ ရန်ဖြစ်နေကြသည်။
[မုကောကောက ဘာမှမပြောသေးဘူးလေ… လော့ရှန်ရှန်ဘက်က ဘာတွေ လာကခုန်နေတာလဲ?]
[လော့ရှန်ရှန်က တကယ် မျက်နှာပြောင်တိုက်တာပဲ… ရိုက်ကွင်းကလွဲရင် မုကောကောက သူ့ကို ဘယ်တုန်းကများ ဂရုစိုက်ဖူးလို့လဲ? ဒီလို ဝါးတားတား ပို့စ်တွေ တင်ပြီး မုကောကောကို အကျပ်ကိုင်လို့ ရမယ် ထင်နေတာလား?]
[တချို့လူတွေက သူတို့ရဲ့ Fan တွေလိုပဲ… မရှက်တတ်ကြဘူး]
[……]
———
လော့ရှန်ရှန်သည် နူးညံ့သော ဆိုဖာပေါ်တွင် ဇိမ်ကျကျ မှီထိုင်ရင်း သူတို့နှစ်ယောက်နှင့် ပတ်သက်သော အကြောင်းအရာများကို အေးအေးဆေးဆေး ပွတ်ကြည့်နေလေသည်။ သူမ၏ မန်နေဂျာကမူ စိတ်ပူပင်စွာဖြင့် မျက်မှောင်ကြုတ်ထားသည်။
“မုရှို့က ထွက်ရှင်းရင် ဘယ်လိုလုပ်မလဲ?”
လော့ရှန်ရှန်က ခပ်ဟဟ ရယ်လိုက်ပြီး ဂရုမစိုက်စွာ ပြန်ပြောသည်။
“မုရှို့က Weibo ပေါ်က ကိစ္စတွေကို ဘယ်တုန်းက စိတ်ဝင်စားဖူးလို့လဲ? ချူးဟုန်ကလည်း သူ့အမိန့်မရရင် ထွက်ရှင်းရဲမှာ မဟုတ်ဘူး။ ဒီနေ့တစ်ရက် ကျော်သွားတာနဲ့ သူတို့ ရှင်းချင်ရင်တောင် အချိန်မမီတော့ဘူးလေ။ ပြီးတော့…”
ပြီးတော့ လူထုအသံနဲ့ ဖိအားပေးလို့ မရရင်တောင် မုမိသားစု ရှိသေးတာပဲ…
မုအဖွားကြီး၏ သဘောထားကို စဉ်းစားမိသောအခါ လော့ရှန်ရှန်သည် လက်သည်းအသစ်လေးများကို မှုတ်လိုက်ပြီး ယုံကြည်ချက်ရှိသော အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။
……
ဖေးလုသည် အင်တာနက်ပေါ်မှ စကားများကို ဖတ်ပြီး ဒေါသထွက်လွန်း၍ ထမင်းပင် စားမဝင်တော့ပေ။
မုရှို့နှင့် လော့ရှန်ရှန်တို့ တွေ့ဆုံချိန်တွင် သူလည်း ရှိနေခဲ့သည်။ လော့ရှန်ရှန်က ရင်းနှီးဟန်ပြသော်လည်း မုရှို့က သူမကို ဂရုမစိုက်ခဲ့သည်မှာ သိသာလှသည်။ ထို့ကြောင့် ထိုအချိန်က စိတ်နည်းနည်း ကောက်ခဲ့မိသော်လည်း ပြန်စဉ်းစားကြည့်လိုက်သောအခါ အရေးမကြီးတော့ဟု သဘောထားလိုက်သည်။
အတူနေခဲ့သော အချိန်များအတွင်း မုရှို့၏ စရိုက်ကို သူ အတော်အတန် နားလည်နေပြီ ဖြစ်သည်။
သို့သော်လည်း သတင်းစာမျက်နှာဖုံးပေါ်တွင် ကြီးမားစွာ ဖော်ပြထားသော ဓာတ်ပုံကို မြင်လိုက်ရသည့်အခါ စိတ်ရှုပ်ထွေးမှုကို မထိန်းချုပ်နိုင်တော့ပေ။ ခိုးရိုက်သူက တမင်တကာ ထောင့်ချိန်ပြီး ရိုက်ထားခြင်း ဖြစ်သည်။ ဓာတ်ပုံထဲတွင် လော့ရှန်ရှန်က အပြုံးချိုချိုလေးနှင့် မုရှို့ကို ကြည့်နေပြီး၊ ပုံမှန် အေးစက်နေတတ်သော မုရှို့ကလည်း ခေါင်းလေးစောင်းကာ ရှားရှားပါးပါး နူးညံ့သော မျက်နှာထားဖြင့် သူမကို ကြည့်နေသယောင် ဖြစ်နေသည်။
ဖေးလုခမျာ ဒေါသထွက်လွန်း၍ ခေါင်းပင် ပေါက်ကွဲမတတ် ဖြစ်သွားသည်!! ဓာတ်ပုံထဲတွင် သူတို့နှစ်ယောက်တည်း ပါသဖြင့် မုရှို့က လော့ရှန်ရှန်ကို ကြည့်နေသလို ဖြစ်နေသော်လည်း တကယ်တမ်းတွင် မုရှို့က သူ့ကို ကြည့်နေခြင်း ဖြစ်ပြီး၊ အပြုံးကလည်း သူ့ကို ပြုံးပြနေခြင်း ဖြစ်သည်!
ဒေါသတကြီး မတ်တတ်ရပ်ပြီး နှစ်ပတ်လောက် လမ်းလျှောက်လိုက်သော်လည်း ဒေါသက ပြေမသွားပေ။ နောက်ဆုံးတွင် ဖေးလုသည် အကောင့်သစ်တစ်ခု ဖွင့်ကာ ရန်ဖြစ်နေသော လူအုပ်ထဲသို့ ဝင်ရောက် တိုက်ခိုက်တော့သည်။
သို့သော် ဖေးလုသည် သူ့ကိုယ်သူ အထင်ကြီးလွန်းသွားသည်။ တိုက်ခိုက်ရေးစွမ်းရည် သုညသာရှိသော သူသည် “ကောလဟာလကို မယုံကြနဲ့” ဆိုသော စကားကို ထပ်တလဲလဲ ပြောရုံကလွဲ၍ သူများတွေကို ဘယ်လို ဆဲရမှန်း မသိပေ။ စကားနှစ်ခွန်းလောက်သာ ပြောရုံရှိသေးသည်၊ လော့ရှန်ရှန်၏ Fan များ ရောက်လာပြီး သူ့ကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
ဖေးလုသည် ဖုန်းကို ဆိုဖာပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်ပြီး ကိုယ်ကိုပါ ဆိုဖာပေါ် ပစ်လှဲချလိုက်တော့သည်။
ဒေါသထွက်တယ်ကွာ!
ဇာတ်ညွှန်းဖတ်နေသော မုရှို့သည် ထူးဆန်းစွာ မော့ကြည့်လာသည်။
“ဘာဖြစ်လို့လဲ?”
ဖေးလုသည် ဆိုဖာပေါ်တွင် မှောက်လျက်သားဖြင့် မုရှို့ကို မျက်စောင်းထိုးလိုက်သည်။ ဒေါသထွက်နေသော သိုးပေါက်လေး ဖြစ်သွားပြီး မုရှို့ကို မဲနေတော့၏။
မုရှို့သည် အကြောင်းမဲ့ မျက်စောင်းထိုးခံရသဖြင့် ကြောင်သွားပြီး လက်ကမ်းပေးလိုက်သည်။
“လာပါဦး… ကိုယ့်ဆီ လာခဲ့”
ဖေးသိုးပေါက်လေးက “ဟွန်း” ဟု နှာခေါင်းရှုံ့လိုက်ပြီး ကျောပေးလိုက်သည်။
မုရှို့ ခေါင်းခါပြီး ပြုံးလိုက်မိသည်။ ပြီးခဲ့သည့်အကြိမ် ရုံးခန်းထဲတွင် အတူတူနေပြီးကတည်းက သူ့အိမ်မွေးတိရစ္ဆာန်လေးသည် ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်ကို သတိထားမိသည်။ အရင်ကဆိုလျှင် သူ့ကို ဒီလို စိတ်ကောက်ပြရဲမည် မဟုတ်ပေ။
ဒီလို ပြောင်းလဲလာသည်ကို သူ သဘောကျသည်။ သူ့အပေါ်တွင် အစစ်မှန်ဆုံး ပုံစံ ပြသနိုင်ရန်အတွက် တမင်တကာ အလိုလိုက်ထားခြင်း ဖြစ်သည်။
ဇာတ်ညွှန်းကို ချထားလိုက်ပြီး မုရှို့သည် ဆိုဖာဘေးသို့ လျှောက်သွားကာ သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
“အိပ်ပျော်နေတဲ့ အလှလေး… ကိုယ် မင်းကို နမ်းပြီး နှိုးတော့မယ်နော်”
အိပ်ချင်ယောင်ဆောင်နေသော ဖေးလုသည် “ဗြုန်း” ခနဲ ထထိုင်လိုက်ပြီး သူသည် အနမ်းခံစရာမလိုဘဲ နိုးထနိုင်ကြောင်း သက်သေပြလိုက်သည်။
မုရှို့က “တောက်” ခေါက်ကာ နှမြောတသ ဖြစ်သွားသည်။ တစ်ခုခု ဆက်ပြောရန် ပြင်လိုက်စဉ် စားပွဲပေါ်မှ ဖုန်းမြည်လာတော့သည်။
မုရှို့၏ မျက်နှာထား တည်သွားလေသည်။ သူသည် သိုးပေါက်လေး၏ ဆံပင်များကို ဖွပေးလိုက်ပြီး ဖုန်းသွားကိုင်လေသည်။
၎င်းက ချူးဟုန် ဆက်ခြင်း ဖြစ်သည်။ သူမသည် အကျိုးအကြောင်း အစုံအလင်ကို ရှင်းပြပြီး မုရှို့၏ အမိန့်ကို စိုးရိမ်တကြီး စောင့်နေသည်။
လော့ရှန်ရှန်နှင့် မုရှို့၏ ပတ်သက်မှုကို အပြင်လူများ မသိသော်လည်း ချူးဟုန်ကတော့ သိနေသည်။
လော့ရှန်ရှန်သည် မုအဖွားကြီး၏ ဆွေမျိုးတော်စပ်သူ တူမဝမ်းကွဲ ဖြစ်သည်။ မုရှို့၏ ဖခင် ဆုံးပါးသွားပြီးနောက် မုမိသားစုတွင် မုရှို့သည် တစ်ဦးတည်းသော သွေးသားရင်း အဖြစ် ကျန်ရစ်ခဲ့သည်။ သို့သော် မုရှို့သည် ငယ်စဉ်ကတည်းက မုမိသားစုအိမ်တွင် ကြီးပြင်းလာခဲ့ခြင်း မဟုတ်ပေ။ သူ၏သံယောဇဉ်သည် မုမိသားစုဝင်များထက် မွေးစားထားသော မုချီဝမ်အပေါ် ပိုရှိပေသည်။
အတိအကျ ပြောရလျှင် မုရှို့သည် တရားမဝင် သားဖြစ်သည်။ သူ့ဖခင် မုချီဖုန်း၏ ငယ်ရွယ်စဉ်က တစ်ညတာ အမှားကြောင့် မွေးဖွားလာခြင်း ဖြစ်သည်။ မုချီဖုန်းတွင် သားသမီး မထွန်းကားသဖြင့်သာ မုမိသားစုသည် ပြင်ပရောက်နေသော သွေးသားရင်းကို ပြန်သတိရလာကြခြင်း ဖြစ်သည်။
မုရှို့ကို မုမိသားစုအိမ်သို့ ပြန်ခေါ်သွားချိန်တွင် ၁၀ နှစ် ရှိနေပြီ ဖြစ်သည်။ ကလေးများသည် ထိုအရွယ်တွင် အကောင်းအဆိုး ခွဲခြားတတ်နေလေပြီ။ မုချီဖုန်းသည် သူ့ကို ရင်းနှီးမှု မရှိခဲ့သလို၊ ကျန်သော မုမိသားစုဝင်များသည်လည်း ရိုးသားသော မုချီဝမ်မှလွဲ၍ သူ့ကို လစ်လျူရှုခြင်း၊ အထင်သေးခြင်းများသာ ပြုလုပ်ခဲ့ကြသည်။
မုရှို့သည် မုမိသားစုအိမ်တွင် ကြီးပြင်းလာခဲ့သော်လည်း အရွယ်ရောက်ပြီးနောက်ပိုင်းတွင် အိမ်ကြီးသို့ တစ်ခါမှ ပြန်မသွားတော့ပေ။
မုအဖွားကြီးသည် မုရှို့နှင့် လော့ရှန်ရှန်ကို လက်ထပ်ပေးရန် အမြဲ ကြိုးစားနေခဲ့သည်။ မုမိသားစု၏ အမြင်တွင် လော့ရှန်ရှန်သည် အိမ်ကြီး၏ရှင်မနေရာတွင် ဆက်ခံမည့်သူ ဖြစ်သည်။ မိသားစုရေးရာ ကိစ္စများ ပါဝင်နေသဖြင့် ချူးဟုန်သည် ဝင်ပါရန် မသင့်တော်သောကြောင့် မုရှို့၏ သဘောထားကို မေးမြန်းခြင်း ဖြစ်သည်။
မုရှို့သည် နားထောင်ရင်း မျက်နှာ မည်းမှောင်လာသည်။ ဖေးလု ဘာကြောင့် စိတ်ကောက်နေမှန်း ရုတ်တရက် နားလည်သွားတော့သည်။
“နင် ဝင်မပါနဲ့… ငါ့ဘာသာ ရှင်းလိုက်မယ်”
မုရှို့သည် ချူးဟုန်၏ အကြံပြုချက်ကို ငြင်းပယ်လိုက်သည်။ထို့နောက် ဆိုဖာပေါ်တွင် နားစွင့်နေသော သိုးပေါက်လေးကို လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူ ဆွဲဆောင်လာမိသော ပြဿနာကို သူကိုယ်တိုင် ဖြေရှင်းမှသာ သဝန်တိုပြီး စိတ်ကောက်နေသော အိမ်မွေးတိရစ္ဆာန်လေးကို ပြန်ချော့နိုင်မည်ပင်။
ဖုန်းချပြီးနောက် မုရှို့သည် ဖုန်းကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ဆိုဖာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ဖေးလု၏ ပျော့အိအိ ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်သည်။
ဖေးလုသည် စိတ်ဆိုးမပြေသေးသဖြင့် ရင်ခွင်ထဲတွင် ရုန်းကန်နေသည်။
မုရှို့သည် မျက်နှာကို စောင်းငဲ့ကာ ဖေးလု၏ နားရွက်လေးကို နမ်းလိုက်ပြီး ကတိပေးလိုက်သည်။
“စိတ်ချ… ကိုယ် ရှင်းလိုက်မယ်”
ဖေးလု ကြောင်သွားသည်။
“ခင်ဗျား သိသွားပြီလား?”
မုရှို့သည် နှုတ်ခမ်းလေးကို ထပ်မံ နမ်းရှိုက်လိုက်သည်။
“အင်း… စိတ်မဆိုးနဲ့တော့နော်… ကိုယ်က မင်းအပိုင်ပါ”
သဝန်တိုနေသော သိုးပေါက်လေး၏ရင်ထဲတွင် ချိုမြိန်သွားတော့လေသည်။ ဖေးလုသည် မျက်နှာကို ကုတ်လိုက်ပြီး ထိန်းချုပ်၍ မရသော အပြုံးကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
“အင်း… ကျွန်တော် စိတ်မဆိုးတော့ပါဘူး”
မုရှို့ ရယ်လိုက်သည်။ စောစောက တစ်ယောက်တည်း စိတ်ကောက်နေသော ပုံစံလေးကို သတိရပြီး ဖုန်းကို ယူကာ နှစ်ယောက်သား ရင်းနှီးစွာ ပူးကပ်နေသော ပုံတစ်ပုံကို ရိုက်လိုက်သည်။ ပြီးနောက် ဖုန်းကို ဖေးလု လက်ထဲ ထည့်ပေးလိုက်သည်။
“Weibo ပေါ် တင်လိုက်”
ဖေးလုတစ်ယောက် ရင်ခုန်သွားသည်။ ထိုဓာတ်ပုံဖြင့် ဟိုလူရမ်းကားမလေးများ၏ မျက်နှာကို ရိုက်ချလိုက်ချင်သော်လည်း မုရှို့၏ အနာဂတ်ကို စိုးရိမ်သဖြင့် ငြင်းလိုက်သည်။
“ဒီလိုလုပ်ရင် ခင်ဗျားအတွက် မကောင်းဘူး… ထားလိုက်ပါတော့။ တကယ်တော့ ကျွန်တော် သိပ်ပြီး စိတ်မဆိုးပါဘူး”
မုရှို့သည် ဖေးလု၏ လိမ္မာသော ပုံစံလေးကို အသည်းယားသွားပြီး ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ပြီးနောက် Weibo ဖွင့်၊ စာရေးပြီး တင်လိုက်တော့သည်။
[အသည်းကျော်လေး သဝန်တိုနေပြီ။ (ပုံ)]
ဖေးလုသည် မုရှို့၏ ရင်ခွင်ထဲတွင် မှီရင်း ပို့စ်တင်လိုက်သည်ကို ကြည့်နေမိသည်။ တားသင့်သည်ဟု အသိစိတ်က ပြောနေသော်လည်း ရင်ထဲတွင်မူ ကြည်နူးမှုများ လှိုင်တက်လာသည်ကို မတားဆီးနိုင်ပေ။
မုရှို့၏ ပို့စ်အသစ်သည် လော့ရှန်ရှန်၏ မျက်နှာကို အားပါပါ ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
သူများမှာ ချစ်သူ ရှိနေပြီလေ… နင်က ဘာကိစ္စ ကြားဝင်ပြီး ရှုပ်နေရတာလဲ?
အင်တာနက် အသုံးပြုသူများသည် ထိုအလှည့်အပြောင်းကြီးကြောင့် အံ့သြမှင်သက်ကုန်ကြသည်။ မုရှို့က လူသိရှင်ကြား ဝန်ခံလိုက်သည်ကို ရုတ်တရက် လက်မခံနိုင် ဖြစ်သွားကြသည်။
စောစောက အကျယ်လောင်ဆုံး အော်ဟစ်နေကြသော Fan များလည်း ပါးစပ်ပိတ်သွားကြသည်။ အားနည်းနေသော မုရှို့၏ Fan များ၊ အထူးသဖြင့် မုစု CP Fan များသည် ချက်ချင်း တန်ပြန်တိုက်စစ် ဆင်ကြတော့သည်။ စောစောက Comment များကို ဖိချလိုက်ပြီး ဆုတောင်းပေးသော Comment များဖြင့် လွှမ်းမိုးသွားတော့သည်။
သေချာပေါက် နိုင်ပြီဟု တွက်ထားသော လော့ရှန်ရှန်သည် ဒေါသထွက်လွန်း၍ ပန်းအိုးကို ရိုက်ခွဲပစ်လိုက်သည်။ Weibo ပို့စ်ကို အမြန်ဖျက်လိုက်ပြီး ရှင်းလင်းချက် ထုတ်ပြန်ရန် မန်နေဂျာကို ခိုင်းလိုက်ရသည်။
သူမကိုယ်တိုင်ကတော့ မုမိသားစု အိမ်ကြီးသို့ ဖုန်းဆက်လိုက်တော့သည်။
အင်တာနက်ပေါ်တွင် နှစ်နာရီခန့် ကြာပြီးမှ Fan များက သတိဝင်လာကြသည်။ မုရှို့က တကယ်ကြီး ဝန်ခံလိုက်တာပဲ!!
သူ့ရဲ့လက်ထောက်လေးနဲ့လေ!
တစ်ဖက်သတ် ဖြစ်နေသော Weibo သည် ပြန်လည် ရှုပ်ထွေးလာပြန်သည်။ လော့ရှန်ရှန်၏ ဦးနှောက်မပါသောFan များသည် အချက်တစ်ချက်ကို ဆွဲကိုင်ပြီး ရူးမိုက်စွာ တိုက်ခိုက်ကြတော့သည်။ “သေနာကောင် Gay” ၊ “Gay တွေ သေလိုက်” စသဖြင့် ဆဲဆိုမှုများ ရှိလာသော်လည်း လျင်မြန်စွာ ကြီးထွားလာသော မုစု CP Fan များ၏ အင်အားအောက်တွင် ပျောက်ကွယ်သွားရလေသည်။
တရားဝင် “သကြားလုံး”ကို ချကျွေးလိုက်ပြီ ဖြစ်သဖြင့် မုစု CP Fan များသည် ပျော်ရွှင်စွာဖြင့် အောင်ပွဲခံနေကြတော့သည်။
ဖေးလုသည် Weibo ကို ကြည့်ရင်း ကျေနပ်နေပြီး ထိပ်ဆုံးမှ ဆုတောင်းပေးသော Comment များကို တစ်ခုချင်း လိုက်ပြီး Like ပေးလိုက်သည်။
မုရှို့သည် ဝရန်တာတွင် ဖုန်းပြောနေသည်။ ဖုန်းတစ်ဖက်ခြမ်းမှ မုချီဝမ်က တစ်ခုခု ပြောချင်နေသော်လည်း မုရှို့ ဆက်နားမထောင်ချင်တော့ဘဲ ဖုန်းချလိုက်သည်။
မုချီဝမ်က သူ့အပေါ် ဘယ်လောက် ကောင်းကောင်း၊ စိတ်ကတော့ မုမိသားစုဘက်မှာပဲ ရှိသည်။
မုရှို့သည် ချူးဟုန်ကို ဖုန်းဆက်လိုက်ပြန်သည်။ သူ့နာမည်အောက်တွင် ချူးဟုန်၏ မောင်ဝမ်းကွဲ နာမည်ခံပြီး လည်ပတ်နေသော PR Team (ပြည်သူ့ဆက်ဆံရေးအဖွဲ့) တစ်ခု ရှိသေးသည်။ အခုချိန်က သူတို့ကို သုံးရမည့် အချိန်ပဲ။
ချူးဟုန် အကြောင်းကြားလိုက်သည်နှင့် PR Team သည် လျင်မြန်စွာ လှုပ်ရှားတော့သည်။
အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော သတင်းဆောင်းပါးများကို ဖြုတ်ချလိုက်ပြီး၊ ပြန်လည်မျှဝေထားသော Media များကလည်း Weibo ပို့စ်များကို ဖျက်လိုက်ကြသည်။ #မုရှို့နှင့် လော့ရှန်ရှန်# ဆိုသော ခေါင်းစဉ် နေရာတွင် #မုရှို့ ချစ်သူကို တရားဝင် ချပြ# ၊ #မုရှို့၏အသည်းကျော်လေး# ဆိုသော ခေါင်းစဉ်များ ရောက်ရှိလာပြီး မုရှို့နှင့် ဖေးလု၏ အကြောင်းအရာများက ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။
ရေတပ်အမြောက်အမြားကို အသုံးပြုပြီး မကောင်းသော အသံများကို ဖိနှိပ်လိုက်သည်။ သာမန် အသုံးပြုသူများကလည်း သတင်းကြားပြီး ရောက်လာကြကာ ဝိုင်းဝန်း ကူညီကြသဖြင့် မကောင်းသတင်းများ ပျောက်ကွယ်သွားတော့သည်။
ညနေ ရောက်သောအခါ Weibo ပေါ်တွင် လော့ရှန်ရှန်နှင့် ပတ်သက်သော အကြောင်းအရာများ မရှိတော့ဘဲ မုစု CP သတင်းများဖြင့်သာ ပြည့်နှက်သွားတော့သည်။
မုရှို့၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် အားလုံး မျက်လုံးပြူးကုန်ကြသည်။ Fan အများစုက သူ့ကို “အချစ်အတွက် ဒေါသထွက်သွားသော သူရဲကောင်း” ဟု စနောက်နေကြသည်။
ဖေးလုလည်း ခိုးကြည့်ရင်း ရင်ထဲတွင် ပျော်ရွှင်နေမိသည်။
မုရှို့သည် ဖေးလု၏ အမြီးလေး ထောင်နေသည်ကို မြင်လိုက်ရမှ သူ့မျက်နှာပေါ်ရှိ အေးစက်မှုများ ပျောက်ကွယ်သွားပြီး နွေးထွေးသော အပြုံးတစ်ခု ပေါ်လာတော့သည်။
******
နောက်တစ်နေ့တွင် မုရှို့သည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဒီတစ်ခေါက်တွင် ဖေးလုသည် သူ့ဘေးတွင် “ချစ်သူ” အဖြစ် ရပ်တည်နေသည်။
သတင်းထောက်များသည် ကင်မရာများကို မီးပွင့်မတတ် ရိုက်နေကြပြီး ဖလက်ရှ်မီးရောင်များက မျက်စိပင် ကျိန်းစရာ ကောင်းလှသည်။
မုရှို့သည် ဖေးလု၏ လက်ကို ဆုပ်ကိုင်ထားပြီး ခါးကို မတ်မတ်ထားကာ ရပ်နေသည်။ ကြည့်ရသည်မှာ အေးစက်သော မင်းသားကြီး ပုံစံအတိုင်းပင်။ သို့သော် ဖေးလုကို လှည့်ကြည့်လိုက်သည့် အချိန်လေးတွင်မှ သူ့မျက်နှာထားသည် ရေခဲများ အရည်ပျော်ကျသွားသလို နူးညံ့သွားလေသည်။
မုရှို့သည် လက်ကို ဆန့်တန်းကာ ဆူညံနေသော မီဒီယာများကို ငြိမ်သက်စေလိုက်သည်။ သူသည် တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလေသည်။
“ဒီပွဲကို လုပ်ရတာ ကိစ္စနှစ်ခုကို ကြေညာချင်လို့ပါ”
အားလုံးသည် အသက်အောင့်ပြီး နားစွင့်နေကြသည်။
“ပထမ တစ်ချက်…”
သူသည် သူတို့နှစ်ဦး တွဲထားသော လက်ကို မြှောက်ပြလိုက်သည်။
“ဝမ်စုကသာ ကျွန်တော့်ရဲ့ ချစ်သူပါ။ နောက်နောင်ကျရင် အခြေအမြစ်မရှိတဲ့ ကောလဟာလတွေ ထပ်မကြားချင်တော့ပါဘူး”
မနေ့က Weibo ရှင်းလင်းရေး လုပ်ရပ်က သူ့သဘောထားကို ပြသပြီး ဖြစ်သည်။
ကင်မရာ ရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ မုရှို့သည် ဖေးလု၏ လက်ကို နှစ်သိမ့်သလို ဖျစ်ညှစ်လိုက်ပြီး ဆက်ပြောသည်။
“ဒုတိယ တစ်ချက်… ‘မုရှို့ စတူဒီယို’ ကို တည်ထောင်လိုက်ပါပြီ။ ကျွန်တော်နဲ့ Flying Fish Entertainment နဲ့ ဘာပတ်သက်မှုမှ မရှိတော့ပါဘူး”
ခန်းမတစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။ နောက်ကွယ်တွင် ဒီလို သတင်းကြီး ရှိနေလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။ ဖလက်ရှ်မီးများ တဖျပ်ဖျပ် လက်နေစဉ် မုရှို့သည် ဖေးလု၏ လက်ကို ဆွဲပြီး ခန်းမထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။
အပြင်လူတွေ ဘယ်လို ထင်ကြေးပေးမလဲ ဆိုတာကိုတော့ သူ ဂရုမစိုက်နိုင်တော့ပေ။
Chapter 57 ended