Chapter 11
ဓားစာခံ
====
ရှောင်ကျင့်ယိက ဧကရာဇ်ဝူအန်း၏ စကားကို ကြားပြီးနောက် ချက်ချင်း လှည့်ထွက်သွားကာ လူအနည်းငယ်ကို ခေါ်ဆောင်၍ ခန်းနင်းမင်းသမီးကြီး၏ စံအိမ်သို့ တိုက်ရိုက် သွားရောက်ခဲ့သည်။
ခန်းနင်းမင်းသမီးကြီးက သူ လာသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွား၏။
” ကျင့်ယိ… ဘယ်လိုလုပ် ရောက်လာတာလဲ… လာ… အရီးတော်နဲ့ အထဲဝင်ထိုင်ရအောင်… အရီးတော် မီးဖိုချောင်ကို မင်းအကြိုက်ဆုံး သိုးသားပြုတ်အိုး ချက်ခိုင်းလိုက်မယ်… ဒီနေ့ မပြန်နဲ့တော့၊ ဒီမှာပဲ တစ်ညအိပ်သွားလိုက်!”
ခန်းနင်းမင်းသမီးကြီးမှာ ဧကရာဇ်ဝူအန်း၏ ညီမအရင်းဖြစ်ပြီး၊ ဧကရာဇ်ဝူအန်း ထီးနန်းတက်စဉ်က အလွန် အင်တိုက်အားတိုက် ကူညီပေးခဲ့သူ ဖြစ်သည်။
ဧကရာဇ်ဝူအန်း၏ မင်းသား၊ မင်းသမီးများအပေါ်တွင်လည်း အလွန် ကောင်းမွန်စွာ ဆက်ဆံလေ့ရှိပြီး အထူးသဖြင့် ရှောင်ကျင့်ယိကိုဆိုလျှင် သားအရင်းတစ်ယောက်ကဲ့သို့ ချစ်ခင်ယုယသူ ဖြစ်၏။ ထို့ကြောင့် အိမ်ရှေ့စံနှင့် ရှောင်ကျင့်ယိတို့က ဤအရီးတော်အပေါ် အလွန် ရိုသေလေးစားကြသည်။
” အရီးတော်… ဒီနေ့တော့ အိပ်လို့ မဖြစ်လောက်ဘူး… ကျွန်တော် အခုလာတာ ကျန်ပင်းကို လာရှာတာ… ဒီရက်ပိုင်း ကျွန်တော် အမှုတစ်ခု စစ်နေတာ၊ ဒီနေ့မှ အဖြေထွက်လာတယ်… တရားခံက သူပဲ… ကျွန်တော် သူ့ကို လာခေါ်တာ…”
ခန်းနင်းမင်းသမီးကြီးမှာ ဤစကားကို ကြားလိုက်ရချိန်တွင် ခြေခေါက်လဲမတတ် ဖြစ်သွားသဖြင့် ရှောင်ကျင့်ယိက ချက်ချင်း လှမ်းဖမ်းထိန်းပေးလိုက်ရ၏။
” အရီးတော်… သတိထားပါဦး…”
ခန်းနင်းမင်းသမီးကြီးက သူ၏ လက်မောင်းကို ဆုပ်ကိုင်ကာ မယုံနိုင်စွာဖြင့် ထပ်မေးလိုက်သည်။
” မင်း စုံစမ်းတာများ မှားနေမလား… ရှောင်ပင်းက မင်းစစ်နေတဲ့ အမှုနဲ့ ဘယ်လိုလုပ် ပတ်သက်နေမှာလဲ… သူက မကောင်းတဲ့ အကျင့်စရိုက် တချို့ရှိပေမဲ့ လူတော့ လုံးဝ မသတ်ရဲပါဘူး!”
ရှောင်ကျင့်ယိကိုယ်တိုင် တာဝန်ယူ စစ်ဆေးနေသော အမှုမှာ သာမန်အမှု မဖြစ်နိုင်ဘဲ၊ အပေါ့ဆုံး ဆိုလျှင်ပင် လူ့အသက်နှင့် သက်ဆိုင်နေမည်ကို ခန်းနင်းမင်းသမီးကြီး သိထားပေသည်။
ရှောင်ကျင့်ယိကိုယ်တိုင်လည်း ယခင်က ဤကိစ္စကို ကျန်ပင်း လုပ်သည်ဟု မယုံကြည်ခဲ့ချေ။ ဤကောင်လေးက မည်မျှပင် ဆိုးသွမ်းနေပါစေ လူသေသည်အထိတော့ မလုပ်ရဲပေ။ အလွန်ဆုံး သာမန်ပြည်သူ မိန်းကလေးများကို အတင်းအဓမ္မ လုယူမည်၊ လူကို သေလုမျောပါး ရိုက်နှက်မည်၊ အခြားသော ဆိုးသွမ်းလူငယ်များနှင့် ပြဿနာရှာမည် စသည်တို့သာ လုပ်ရဲသူဖြစ်သည်။
သို့သော် နောက်ဆုံး သက်သေအထောက်အထား အားလုံးက ကျန်ပင်းထံသို့သာ ညွှန်ပြနေ၏။ ထိုအိမ်၏ ပိုင်ရှင်မှာ ကျန်ပင်းဖြစ်ပြီး၊ သူ ဖမ်းဆီးလာသော လူများ၏ ဖြောင့်ချက်များကလည်း ကျန်ပင်းကိုသာ ဖော်ထုတ်နေကြကာ၊ နစ်နာသူ မိန်းကလေးများကလည်း ကျန်ပင်းကို မြင်ဖူးသည်ဟု ဆိုကြသည်။
” အရီးတော်… ဘယ်လိုပဲဖြစ်ဖြစ် ညီလေးကို အရင် ပြန်ခေါ်လိုက်ပါ… ကျွန်တော် သူ့ကို ထပ်မံ မေးမြန်းကြည့်ပြီး သူများ လုပ်ကြံတာ ခံရတာလားဆိုတာ သေချာ စစ်ဆေးကြည့်ပါ့မယ်…”
ဒီရလဒ်က တခြားလူတွေ ကြိုတင်စီစဉ်ထားတာများလား?
ရှောင်ကျင့်ယိ အနည်းငယ် သံသယဝင်မိသွားသည်။ ဒါပေမဲ့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျန်ပင်းနဲ့ အရင်တွေ့ပြီးမှ ဆက်ပြောလို့ရမည်။
ခန်းနင်းမင်းသမီးကြီးက ကျန်ပင်းကို အမြန်ပြန်ခေါ်ရန် လူလွှတ်လိုက်၏။ ကျန်ပင်းမှာ အပြင်ဘက်ရှိ အပျော်စီးလှေပေါ်တွင် သူ၏ အပေါင်းအသင်းများနှင့်အတူ သေရည်သောက်ကာ ပျော်ပါးနေဆဲဖြစ်ပြီး၊ ခန်းနင်းမင်းသမီးကြီးက အိမ်သို့ အမြန်ပြန်လာရန် လောတိုက်နေသည်ကို ကြားလိုက်ရသဖြင့် စိတ်မရှည်စွာဖြင့် ပြန်လာခဲ့သည်။
သူက အိမ်ထဲဝင်ဝင်ချင်းပင် အော်ဟစ်လာခဲ့သည်။
” အမေ… ဒီအချိန်ကြီး ကျွန်တော့်ကို ဘာလို့ ပြန်ခေါ်ရတာလဲ… သူငယ်ချင်းတွေနဲ့ ပျော်နေတာကို!”
ကျန်ပင်းက အနီးသို့ ရောက်လာမှသာ သူ၏ အေးစက်စက် ဝမ်းကွဲအစ်ကိုကြီး ရုတ်တရက် ရောက်နေသည်ကို တွေ့လိုက်ရ၏။ ရှောင်ကျင့်ယိ ရှိနေသည်ကို မြင်လိုက်သည်နှင့် သူ၏ မျက်နှာပေါ်ရှိ စိတ်မရှည်မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ငုံးလေးတစ်ကောင်လို ကျုံ့ဝင်သွားတော့သည်။
” အစ်… အစ်ကိုကြီး… အစ်ကိုကြီးလည်း ရှိနေတာလား!”
ရှောင်ကျင့်ယိက သူ့ကို စကားပြန်မပြောဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
” ချိုးယွမ်လမ်းကြားမှာ ပိတ်လှောင်ခံထားရတဲ့ မိန်းကလေး တစ်အုပ်ကို တွေ့ခဲ့တယ်… အဲ့ဒီ မိန်းကလေးတွေနဲ့ သူတို့ကို စောင့်ကြည့်နေတဲ့လူတွေရဲ့ ဖြောင့်ချက်တွေအရ မင်းက သူတို့ကို ဖမ်းပြီး အဲ့ဒီမှာ ပိတ်လှောင်ထားတယ်တဲ့… ပြီးတော့ အဲ့ဒီမှာ လူတွေချထားပြီး တရားမဝင် ပြည့်တန်ဆာလုပ်ငန်း လုပ်နေတယ်လို့ ထွက်ဆိုထားတယ်!”
ချိုးယွမ်လမ်းကြားဆိုသည်ကို ကြားလိုက်ရချိန်တွင် ကျန်ပင်းမှာ အနည်းငယ် လိပ်ပြာမလုံ ဖြစ်သွား၏။ သူက အမှန်တကယ်ပင် ထိုနေရာတွင် တိတ်တိတ်ပုန်း မယားငယ်ထားရန် အိမ်တစ်လုံး ခိုးဝယ်ထားခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် သူ ထားခဲ့သော မယားငယ်ကို ရိုးအီသွားသဖြင့် ငွေတစ်ထုပ်ပေးကာ ရှင်းထုတ်လိုက်ပြီးနောက် ထိုအိမ်မှာ အမြဲတမ်း အလွတ်ဖြစ်နေခဲ့သည်။
သို့သော် ရှောင်ကျင့်ယိ၏ နောက်ဆက်တွဲ စကားများကို ကြားလိုက်ရချိန်တွင် သူ့တစ်ကိုယ်လုံး ကြောင်အသွားပြီးနောက်၊ ပြာပြာသလဲဖြင့် ရှောင်ကျင့်ယိ၏ လက်ကို ဆွဲကိုင်လိုက်၏။ ယခုအချိန်တွင် သူ့ကို ကြောက်ရွံ့နေရန်ပင် အချိန်မရတော့ဘဲ ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။
” ကျွန်တော် မလုပ်ပါဘူး အစ်ကိုကြီးရယ်!… ကျွန်တော် အဲ့ဒီလို ယုတ်မာတဲ့ အလုပ်မျိုး တကယ် မလုပ်ခဲ့ပါဘူး!… ချိုးယွမ်လမ်းကြားမှာ အိမ်တစ်လုံး ရှိတာတော့ ဟုတ်ပါတယ်… ဒါပေမဲ့ အဲ့ဒါက တိတ်တိတ်ပုန်း မယားငယ်ထားဖို့ ဝယ်ထားတာပါ… အဲ့ဒါကလည်း လွန်ခဲ့တဲ့ တစ်နှစ်က ကိစ္စပါ!… နောက်တော့ အဲ့ဒီမိန်းမကို ရိုးသွားလို့ မောင်းထုတ်လိုက်ပြီးကတည်းက ကျွန်တော် အဲ့ဒီကို ထပ်မသွားတော့ပါဘူး…”
ရှောင်ကျင့်ယိက သူ၏ ကြောက်လန့်တကြားဖြစ်နေသော ပုံစံမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း ကြည့်လိုက်သည်နှင့် သိနေ၏။
ဒါဆို သူတို့ စုံစမ်းတွေ့ရှိခဲ့တဲ့ အရာတွေ အားလုံးက တခြားလူတွေက အပြစ်ပုံချဖို့ လုပ်ကြံထားတာတွေများလား?
တကယ်လို့ အဲ့ဒီလိုသာဆိုရင်၊ တကယ့် နောက်ကွယ်က တရားခံက ကျန်ပင်းနဲ့ အတော်လေး ရင်းနှီးတဲ့လူ ဖြစ်ရမယ်။ ပထမဆုံးအနေနဲ့ သူ့ဘေးနားက အပေါင်းအသင်းတွေပဲ ဖြစ်ရမယ်။
တိတ်တိတ်ပုန်း မယားငယ်ထားသည့် ကိစ္စကို ကျန်ပင်းအနေဖြင့် အိမ်ကလူများကို လုံးဝ သိခွင့်ပေးရဲမည် မဟုတ်သော်လည်း၊ သူ၏ အကျင့်စရိုက်အရ သူ၏ သူငယ်ချင်းများကိုမူ သေချာပေါက် ကြွားလုံးထုတ်ခဲ့မည် ဖြစ်သည်။
” မင်း သူများ လုပ်ကြံတာ ခံရတယ်ဆိုတာ ငါ ယုံတယ်… ဒါပေမဲ့ ငါ စစ်ဆေးတာကို မင်း ပူးပေါင်းပါဝင်ပေးရမယ်… ငါ မေးမယ်… မင်း ချိုးယွမ်လမ်းကြားမှာ အိမ်ဝယ်ထားတာ ဘယ်သူတွေ သိလဲ… ဖုံးကွယ်ထားဖို့ မစဉ်းစားနဲ့… အခု မင်းအတွက် အရေးအကြီးဆုံးက မင်းအပေါ် ကျနေတဲ့ သံသယတွေကို ရှင်းထုတ်ပစ်ဖို့ပဲ…”
ကျန်ပင်းက ဘယ်လိုလုပ် ဖုံးကွယ်ရဲတော့မလဲ။ သူ့ရဲ့ ဒီအေးစက်စက် ဝမ်းကွဲအစ်ကိုကြီးကိုယ်တိုင် လာရှာပြီဆိုကတည်းက ဒါက သေချာပေါက် အမှုကြီးတစ်ခု ဖြစ်နေမှာပဲ။ နည်းနည်းလေး သတိလွတ်သွားတာနဲ့ အသက်ပါ ပျောက်သွားနိုင်တယ်။
ထိုအပေါင်းအသင်းများမှာ အတူတူ စားသောက်ပျော်ပါးရန်သာ ရှိကြပြီး တကယ်တမ်း ပြဿနာဖြစ်လာပါက အပြစ်လွှဲချရာတွင် ဘယ်သူ့ထက်မဆို ပိုတော်ကြသူများ ဖြစ်၏။
ရှောင်ကျင့်ယိက ကျန်ပင်း၏ပြောပြချက်များအတိုင်း လူတစ်ယောက်ချင်းစီကို သွားရောက် စုံစမ်းခိုင်းလိုက်သည်။ ထိုသူများ၏ အနီးရှိ အစေခံများမှအစ၊ သူတို့ ဤစကားကို ပြောစဉ်က အနီးတွင် ပြုစုပေးခဲ့သော ဖျော်ဖြေရေးမယ်များနှင့် အလှမယ်များကိုပါ တစ်ယောက်မကျန် စစ်ဆေးခဲ့သော်လည်း မည်သည့် ပြဿနာမျှ မတွေ့ရချေ။
ရှောင်ကျင့်ယိက လက်အောက်ငယ်သားများ၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ကျန်ပင်းကို စိတ်ပျက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
” မင်းကိုများ တစ်ယောက်ယောက်က အပြစ်ပုံချထားတာလားလို့ ငါ အစက တွေးခဲ့သေးတယ်… အခုကြည့်ရတာ မင်းက ငါ့ရှေ့မှာ လှည့်စားဖို့ ကြိုးစားနေတာပဲ…”
ကျန်ပင်းမှာ သူ၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူ့ကို နောက်ကွယ်က တရားခံဟု ထင်နေဆဲဖြစ်သဖြင့် ချက်ချင်းပင် ဒေါသထွက်သွား၏။
” ကျွန်တော် မဟုတ်ဘူး! တကယ် ကျွန်တော် မဟုတ်ပါဘူး… ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ရဲပါတယ်… ကျွန်တော်သာ တခြားလူတွေကို တရားမဝင် ပြည့်တန်ဆာလုပ်ဖို့ တကယ် အတင်းအကျပ် ခိုင်းစေခဲ့မယ်ဆိုရင်… ကျွန်တော် ကောင်းကောင်း မသေပါစေနဲ့၊ မိုးကြိုးပစ်ခံရပါစေ…”
” အစ်ကိုကြီး… ကျွန်တော်… ကျွန်တော် သူတို့နဲ့ မျက်နှာချင်းဆိုင် ရှင်းမယ်… ဘယ်ခွေးသူတောင်းစားကများ ငါ့ကို လုပ်ကြံရဲတာလဲဆိုတာ ကြည့်ရသေးတာပေါ့!”
သူ အရှုံးမပေးသေးသည်ကို မြင်သောအခါ ရှောင်ကျင့်ယိက သူ့ကို ခေါ်ဆောင်ကာ တရားလွှတ်တော်ချုပ်၏ အကျဉ်းထောင်သို့ သွားရောက်ပြီး ဖမ်းဆီးထားသော လူမိုက်များနှင့် မျက်နှာချင်းဆိုင် ရှင်းလင်းစေခဲ့သည်။
ဤသို့ မျက်နှာချင်းဆိုင် ရှင်းလင်းလိုက်မှသာ မူမမှန်သည်ကို တွေ့ရှိသွားကြ၏။ ထိုလူ နှစ်အုပ်စုမှာ တစ်ယောက်ကိုတစ်ယောက် လုံးဝ မသိကြချေ။
ရှောင်ကျင့်ယိက သူတို့ထဲမှ တစ်ယောက်၏ ကော်လာကို ဆွဲကိုင်ကာ ကျန်ပင်း၏ ရှေ့သို့ ခေါ်လာပြီး အေးစက်စက် အသံဖြင့် မေးလိုက်သည်။
” မင်းတို့ ဖြောင့်ချက်ပေးတုန်းက မင်းတို့ကို ငှားတဲ့လူက မင်းသမီးကြီးရဲ့သား ကျန်ပင်းဆို… အခု ငါကိုယ်တိုင် သူ့ကို မင်းတို့ရှေ့ ခေါ်လာပေးတော့ ဘာလို့ မသိဘူး ဖြစ်သွားရတာလဲ?”
” ထောင်စောင့်တွေက မင်းတို့အပေါ် အရမ်း ညှာတာလွန်းနေလို့လား… ငါကိုယ်တိုင် မင်းတို့ကို ပြုစုပေးစေချင်နေတာလား!”
ရှောင်ကျင့်ယိ၏ ဆွဲကိုင်ခြင်းကို ခံထားရသူမှာ ထိုဒဏ်ပေးမှုများကို ထပ်မံ မခံစားလိုတော့လို့ ငိုယိုအော်ဟစ်ကာ ပြောလိုက်၏။
” တကယ်ပါ… ကျွန်တော်တို့ ပြောတာတွေ အကုန်လုံး အမှန်တွေချည်းပါပဲ… ကျွန်တော်တို့ကို လာငှားတဲ့လူက သူကိုယ်တိုင် မင်းသမီးကြီးရဲ့သားလို့ ပြောခဲ့တာပါ…”
” ကျွန်တော်တို့ကလည်း မင်းသမီးကြီးရဲ့ သားကိုမှ မမြင်ဖူးတာ… ပြီးတော့ သူကလည်း မြင့်မြတ်တဲ့အသွင်အပြင်မျိုး ရှိနေတော့ သူက တကယ်ပဲ မင်းသမီးကြီးရဲ့သားလို့ ထင်ခဲ့တာပါ!”
ရှောင်ကျင့်ယိက သူ လိမ်ပြောနေသည့်ပုံ မပေါ်သည်ကို ကြည့်ပြီး၊ သူ့ရှေ့တွင် လိမ်ပြောရဲမည့် သတ္တိလည်း ရှိမည်မဟုတ်ဟု တွေးလိုက်မိသည်။ သို့သော် ယခုအခါ အရာအားလုံးက မူလအစသို့ ပြန်ရောက်သွားခဲ့ပြီ ဖြစ်၏။
ဒီကိစ္စနဲ့ ကျန်ပင်းနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုမှတော့၊ တကယ့် နောက်ကွယ်က တရားခံက ဘယ်သူများလဲ?
ရှောင်ကျင့်ယိက သံသယကင်းရှင်းသွားသော ကျန်ပင်းကို အရင် ပြန်လွှတ်လိုက်ပြီး၊ သူကိုယ်တိုင် အမှု၏ အစအဆုံးကို ဆက်လက် စဉ်းစားနေခဲ့သော်လည်း မည်သည့်နေရာတွင် မှားယွင်းနေကြောင်းကိုမူ လုံးဝ ရှာမတွေ့ခဲ့ချေ။
တကယ်လို့ ကျန်ပင်းသာ အသေအလဲ ငြင်းဆန်ပြီး တရားခံတွေနဲ့ မျက်နှာချင်းဆိုင် ရှင်းဖို့ အော်ဟစ်မနေခဲ့ဘူးဆိုရင်၊ သူ့ကို ခေါ်လာပြီး မျက်နှာချင်းဆိုင် ရှင်းဖို့ သူလည်း တွေးမိခဲ့မှာ မဟုတ်ဘူး။
အဲ့ဒီလိုသာဆိုရင် နော
က်ကွယ်က လူရဲ့ အကြံအစည်ထဲ တကယ်ကြီး သက်ဆင်းသွားပြီး ကျန်ပင်းက ဓားစာခံ ဖြစ်သွားတော့မှာပဲ!
Chapter 11 ended