[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ]
Intro
ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။
(T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ)
သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။
မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။
ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။
ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။
ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။
ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။
ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။
ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။
ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။
သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။
သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။
အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ?
Intro ended