⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 12

မယုံနိုင်စရာကောင်းသော တကယ့်တရားခံအစစ်

Chapter 12

မယုံနိုင်စရာကောင်းသော တကယ့်တရားခံအစစ်

 

=====

 

ရှောင်ကျင့်ယိက တွေးလေလေ ဒေါသထွက်လေလေ ဖြစ်နေသည်။ သူကိုယ်တိုင်ပင် တစ်ဖက်လူ၏ လက်ထဲမှ ဓားတစ်လက် ဖြစ်သွားလုနီးပါး ဖြစ်ခဲ့ရ၏။ သို့သော် ယခုအခါ နောက်ကွယ်မှ လူကို သူ ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။

 

ချိုးယွမ်လမ်းကြားတွင် ထိုကဲ့သို့သော နေရာကို ဖန်တီးကာ ကျန်ပင်းအား သူ၏ ဓားစာခံဖြစ်လာစေရန် ကြိုတင် အကွက်ချစီစဉ်နိုင်သူမှာ ဘယ်သူများလဲ?

 

သူတစ်ယောက်တည်း တွေးနေရုံဖြင့်တော့ ဤကိစ္စကို သေချာပေါက် နားလည်နိုင်မည် မဟုတ်ချေ။ ရှောင်ကျင့်ယိက မဲ့ယွီအား ရှန်းရှစ်ရွှီ၏ နေရပ်လိပ်စာကို စုံစမ်းခိုင်းလိုက်ပြီး ထိုအမှုစစ်ကျွမ်းကျင်သူထံ သွားရောက် တိုင်ပင်ဆွေးနွေးရန် စဉ်းစားလိုက်သည်။

 

ရှန်းရှစ်ရွှီက အမှုစစ်ရာတွင် အလွန်တော်သဖြင့် သူ ပြောပြလိုက်သည်နှင့် တရားခံအစစ်မှာ မည်သူဖြစ်ကြောင်းကိုများ သိနိုင်မလား!

 

ထိုအချိန်တွင် ရှန်းရှစ်ရွှီမှာ သူ ငှားရမ်းထားသော ခြံဝင်းငယ်လေးထဲရှိ ကွေ့ဟွာပင်အောက်တွင် ထိုင်ကာ သေရည်လေးသောက်ရင်း လင်းလက်နေသော လမင်းကြီးကို ခံစားကြည့်ရှုနေသည်။ သူ စိတ်ကြည်နူးနေချိန်၌ ရုတ်တရက် နံရံပေါ်မှနေ၍ အရိပ်မည်းတစ်ခုက ကျော်ခွဝင်လာခဲ့၏။

 

ရှန်းရှစ်ရွှီမှာ အလွန်လန့်သွားပြီး ကုလားထိုင်ပေါ်မှပင် လန်ကျမတတ် ဖြစ်သွားသည်။ ရှောင်ကျင့်ယိက သူ လန့်သွားသည်ကို မြင်သောအခါ စိတ်ထဲတွင် အားနာသွားမိ၏။

 

” ဘာမှမဖြစ်ဘူးမလား… အမှုက ပြဿနာအသစ် ထပ်ပေါ်လာလို့… တရားခံအစစ်က ကျန်ပင်း မဟုတ်ဘူး… ငါ မင်းဆီက အကြံဉာဏ်လာတောင်းတာ… ဒါပေမဲ့ တံခါးပိတ်ထားတာတွေ့လို့ ခြံစည်းရိုးကနေ ကျော်ဝင်လာလိုက်တာ… မင်း လန့်သွားလိမ့်မယ်လို့ မထင်ထားဘူး…”

 

ရှန်းရှစ်ရွှီမှာ သူခိုး ဝင်လာသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရှောင်ကျင့်ယိဖြစ်ကြောင်း သေချာမြင်လိုက်ရချိန်တွင်မှ သက်ပြင်းချနိုင်သွားသည်။

 

” ရပါတယ်… ဒါပေမဲ့ ခင်ဗျားပြောတဲ့ တရားခံအစစ်က ကျန်ပင်းမဟုတ်ဘူးဆိုတာက ဘယ်လိုဖြစ်တာလဲ…”

 

ရှန်းရှစ်ရွှီမှာ ရှောင်ကျင့်ယိ၏ စကားကြောင့် အလွန် သံသယဝင်သွား၏။

 

ရှောင်ကျင့်ယိက ကျန်ပင်းကို သွားဖမ်းစဉ်က ဖြစ်ခဲ့သမျှ အကြောင်းအရာများနှင့် ကျန်ပင်း၏ အနီးနားရှိ လူများကိုပါ စုံစမ်းပြီးဖြစ်သော်လည်း သံသယဖြစ်စရာ တစ်ခုမျှ မတွေ့ရကြောင်းကိုပါ ရှန်းရှစ်ရွှီအား ပြောပြလိုက်၏။

 

ရှောင်ကျင့်ယိ၏ စကားများကို နားထောင်ပြီးနောက် ရှန်းရှစ်ရွှီ၏ ခေါင်းထဲတွင် အတွေးသစ်တစ်ခု ပေါ်လာခဲ့သည်။

 

” ခင်ဗျားရဲ့ စုံစမ်းတဲ့ လမ်းကြောင်းက မှားနေတယ်လို့ ထင်တယ်… တစ်ယောက်ယောက်က တမင်သက်သက် အဲ့ဒီအိမ်ကို ကျန်ပင်း ဝယ်မိအောင် လုပ်ထားတာများ ဖြစ်နိုင်မလား…”

 

” ပြီးတော့ အရင်က သူ တိတ်တိတ်ပုန်း မယားငယ်ထားခဲ့တဲ့ မိန်းမကိုလည်း လူလွှတ်ပြီး စုံစမ်းကြည့်ရမယ်…”

 

” ဒါ့အပြင် အဲ့ဒီမြေအောက်နန်းတော်က သိပ်မကြီးပေမဲ့ နေ့ချင်းညချင်း တူးလို့ရတဲ့အရာတော့ မဟုတ်ဘူး… ပြီးတော့ အချိန်ကာလကလည်း မကိုက်ညီဘူးလေ…”

 

” ကျန်ပင်းက လွန်ခဲ့တဲ့ တစ်နှစ်ကမှ အဲ့ဒီအိမ်ကို ဝယ်ခဲ့တာ… ချောင်ရင်း ပျောက်သွားတာက နှစ်နှစ်ရှိပြီ… ဒါဆို လွန်ခဲ့တဲ့ နှစ်နှစ်က ဒီအိမ်ကြီးက ဘယ်သူ့လက်ထဲမှာ ရှိနေခဲ့တာလဲ…”

 

” ပြီးတော့ အရင်က သူတောင်းစားလေး ပြောခဲ့တဲ့ ဒီအိမ်က ရွှေသွားကြီးရဲ့ အိမ်ဆိုတာကလည်း… သေချာ ပြန်တွေးကြည့်ရင် ဒီအမှုက နေရာတိုင်းမှာ သံသယဖြစ်စရာတွေချည်းပဲ… ဆက်ပြီး အသေးစိတ် စုံစမ်းဖို့ လိုသေးတယ်… ကျန်ပင်း တိတ်တိတ်ပုန်းထားခဲ့တဲ့ မိန်းမကို ရှာရမယ်၊ ရွှေသွားကြီးကိုလည်း သေချာ စုံစမ်းရမယ်… ပြီးတော့ ဒီအိမ်က ကျန်ပင်းလက်ထဲ မရောက်ခင် ဘယ်သူ့ဆီမှာ ရှိခဲ့လဲဆိုတာပါ စုံစမ်းရမယ်…”

 

ရှောင်ကျင့်ယိက အကြောင်းအကျိုး ဆီလျော်စွာ ပြောဆိုနေသော ရှန်းရှစ်ရွှီကို ကြည့်ပြီး သူ့ထံ လာရောက်ခဲ့သည်မှာ တကယ်ကို မှန်ကန်ကြောင်း ခံစားလိုက်ရ၏။

 

” ကောင်းပြီ… ငါ အခုပဲ မဲ့ယွီကို သွားစုံစမ်းခိုင်းလိုက်မယ်… မနက်ဖြန် မနက်လောက်ဆို အဖြေထွက်လောက်တယ်… မင်း အရင် ကောင်းကောင်း အနားယူလိုက်… မနက်ဖြန်မှ မင်းဆီ ထပ်လာခဲ့မယ်…”

 

ရှန်းရှစ်ရွှီက ခေါင်းညိတ်ပြလိုက်သည်။ ရှောင်ကျင့်ယိက ထွက်သွားပြီးနောက် မဲ့ယွီအား ရှန်းရှစ်ရွှီ ပြောခဲ့သည့်အတိုင်း သွားရောက် စုံစမ်းရန် အမိန့်ပေးလိုက်၏။

 

ယနေ့ညတွင်ပါ အိပ်ရေးပျက်ရလိမ့်မည်ဟု မဲ့ယွီ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သို့သော် မနက်ဖြန် နေ့လယ်ဘက် ရရှိမည့် အားလပ်ရက်နှင့် ဤလအတွက် ပိုရမည့် လစာများကို တွေးမိတော့ အံကြိတ်၍သာ သွားရောက် စုံစမ်းရလေသည်။

 

သို့သော် ယခု ဤကဲ့သို့သော ဒုက္ခမျိုးကို သူတစ်ယောက်တည်း ခံစားရမည် မဟုတ်ပေ။ ရှောင်ကျင့်ယိ၏ အခြားသော ယုံကြည်ရသည့် လက်အောက်ငယ်သားဖြစ်ပြီး သူ၏ အချစ်ဆုံး ညီအစ်ကိုလည်းဖြစ်သော ပိုင်ဟယ်ကိုပါ ဆွဲခေါ်ကာ လူခွဲ၍ စုံစမ်းခိုင်းလိုက်၏။

 

ကျင်းဝမ်စံအိမ်၏ လစာများများရခြင်းမှာ ထိုမျှ လွယ်ကူသည်တော့ မဟုတ်ချေ။ ရှောင်ကျင့်ယိ၏ ယုံကြည်ရသော လူဖြစ်ရန်လည်း မလွယ်ကူပေ။ ကျင်းဝမ်စံအိမ်၏ အနက်နှင့် အဖြူ သေမင်းတမန်နှစ်ပါး ထွက်ပေါ်လာပြီဆိုလျှင် မည်မျှ အစွမ်းထက်ကြောင်းကို သိနိုင်ပေသည်။

 

နောက်တစ်နေ့တွင် ရှန်းရှစ်ရွှီ မနိုးသေးခင်မှာပင် ရှောင်ကျင့်ယိက မဲ့ယွီနှင့် ပိုင်ဟယ်တို့ ညတွင်းချင်း စုံစမ်းထားသော အချက်အလက်များကို ကိုင်ဆောင်ကာ သူ၏ ခြံဝင်းငယ်လေးထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

ရှောင်ကျင့်ယိက မထသေးသော ရှန်းရှစ်ရွှီကို ကြည့်ပြီး အလောတကြီး မနှိုးတော့ဘဲ သူကိုယ်တိုင် စုံစမ်းထားသော စာရွက်များကို ကိုင်ကာ မနေ့က ရှန်းရှစ်ရွှီ ထိုင်ခဲ့သော နေရာတွင် ထိုင်၍ ခေါင်းငုံ့ကာ စဉ်းစားနေလိုက်၏။

 

သူကိုယ်တိုင် အသုံးဝင်မည့် အချက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ချင်သောကြောင့် ဖြစ်သည်။

 

ရှန်းရှစ်ရွှီ အိပ်ရာမှ နိုးလာကာ အဝတ်အစားလဲပြီး မျက်နှာသစ်ရန် အပြင်သို့ ထွက်လာချိန်တွင် ရှောင်ကျင့်ယိ၏ မားမားမတ်မတ် ကျောပြင်ကြီးကို မြင်တွေ့လိုက်ရ၏။

 

” မင်းသား… ဘယ်လိုလုပ် ဒီလောက်စောစော ရောက်နေတာလဲ… အကုန် စုံစမ်းပြီးသွားပြီလား…”

 

ရှောင်ကျင့်ယိက တိုးတိုးလေး အသံပြုလိုက်ပြီး လက်ထဲရှိ စာရွက်များကို သူ့ထံသို့ ကမ်းပေးလိုက်သည်။ ရှန်းရှစ်ရွှီက မျက်နှာသစ်ရန်ပင် အချိန်မရတော့ဘဲ စာရွက်များကို အရင် ယူဖတ်ကြည့်လိုက်၏။

 

ကျန်ပင်း တိတ်တိတ်ပုန်းထားခဲ့သော မိန်းမမှာ ကျန်ပင်းနှင့် လမ်းခွဲပြီး မကြာမီမှာပင် လူအားလုံး၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ကြောင်း၊ စုံစမ်းချက်များအရ ထိုမိန်းမမှာ နှုတ်ပိတ်သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်းကို သိလိုက်ရသည်။ ထို့အပြင် ရွှေသွားကြီးမှာ ထိုအိမ်၏ ပိုင်ရှင်ဖြစ်သည်မှာ မှန်ကန်သော်လည်း လွန်ခဲ့သော နှစ်နှစ်ကဖြစ်၏။

 

ညသန်းခေါင်ယံအချိန်တွင် ပိုင်ဟယ်က ရွှေသွားကြီးကို ကုတင်ပေါ်မှ ဆွဲထူကာ ကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့သည်။ ရွှေသွားကြီးက သူသည် အခြားသူ၏ ငှားရမ်းခြင်းကို ခံရပြီး အိမ်ကို ဝယ်ပေးခဲ့ရခြင်းသာဖြစ်ပြီး သူ၏ နာမည်ဖြင့် မှတ်ပုံတင်ထားသော်လည်း သုံးစွဲခဲ့သော ငွေများမှာ သူ၏ ငွေများ လုံးဝ မဟုတ်ကြောင်း ထွက်ဆိုခဲ့သည်။

 

လွန်ခဲ့သော တစ်နှစ်က ကျန်ပင်းအား အိမ်ပြန်လည်ရောင်းချခဲ့ခြင်းကလည်း သူ့အား ငွေပေးကာ အိမ်ဝယ်ခိုင်းခဲ့သူ၏ ခိုင်းစေချက်အရသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

 

ထို့အပြင် ရွှေသွားကြီးအား ငွေပေးကာ အိမ်ဝယ်ခိုင်းခဲ့သူကို ၎င်းတို့ ရှာတွေ့ခဲ့ပြီးပြီဖြစ်ကာ ထိုသူမှာ ကျန်ဟူ ဖြစ်ပေသည်။

 

ဤကျန်ဟူဆိုသူမှာ ကျန်ပင်း၏ဖခင်၊ ကျန်ရှင်းပန်း၏ ဘေးတွင် အလုပ်အကျွေးပြုနေသော လူယုံတစ်ဦး ဖြစ်သည်။

 

ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိထံမှ ကျန်ဟူ၏ အထောက်အထားကို သိရှိပြီးနောက် သံသယရှိသူစာရင်းတွင် ကျန်ရှင်းပန်းအား ထည့်သွင်းလိုက်၏။

 

ရှန်းရှစ်ရွှီက ကျန်ဟူကို အထင်သေး၍ မဟုတ်ပေ။ ကျန်ဟူက သခင်အိမ်တွင် မည်မျှပင် မျက်နှာရနေပါစေ၊ ဆုကြေးငွေများ မည်မျှပင် ရရှိပါစေ အိမ်အောက်တွင် ဤမျှကြီးမားသော မြေအောက်နန်းတော်ကြီး တစ်ခုကို တူးဖော်နိုင်ရန် လုံလောက်သော ငွေကြေးအင်အား ရှိမည် မဟုတ်ချေ။

 

ထို့အပြင် ထိုမိန်းကလေးများ ဝတ်ဆင်အသုံးပြုသော အရာများနှင့် မိတ်ကပ်များမှာလည်း ငွေကြေးများစွာ ကုန်ကျနိုင်ပြီး၊ နောက်ဆုံး ငှားရမ်းထားသော လူမိုက်များ၏ လုပ်အားခကိုသာ တွက်ကြည့်မည်ဆိုလျှင်ပင် ကျန်ဟူအနေဖြင့် နောက်ထပ် နှစ်နှစ်ဆယ်ခန့် အလုပ်လုပ်လျှင်တောင် ပေးနိုင်မည် မဟုတ်ပေ။

 

ထို့ကြောင့် ရှန်းရှစ်ရွှီက ကျန်ဟူနှင့် ပတ်သက်နေသည့် ငွေကြေးနှင့် ဩဇာအာဏာရှိသော ကျန်ရှင်းပန်းကို သံသယဝင်လာခြင်း ဖြစ်သည်။ သို့သော် ဤလူမှာ လူအများ၏ စိတ်ထဲတွင် အဖြစ်နိုင်ဆုံး မဟုတ်သူ ဖြစ်နေ၏။

 

ကျန်ရှင်းပန်းသည် ခန်းနင်းမင်းသမီးကြီး၏ ခင်ပွန်းဖြစ်သည့်အပြင်၊ နိုင်ငံ့ဝန်ထမ်းရေးရာ ဝန်ကြီးဌာန၏ ဝန်ကြီးလည်း ဖြစ်သည်။ တာ့ချန်မင်းဆက်တွင် မင်းသမီး၏ ခင်ပွန်းများမှာ နန်းတွင်းအမတ်အဖြစ် တာဝန်မထမ်းဆောင်ရဟူသော စည်းမျဉ်းမရှိချေ။ ထို့အပြင် ဧကရာဇ်ဝူအန်း ထီးနန်းတက်စဉ်က အိမ်ရှေ့စံ၏ အသက်ကို ကိုယ်ကျိုးစွန့် ကယ်တင်ပေးခဲ့ဖူးသဖြင့် ကျန်ရှင်းပန်း၏ နန်းတွင်းရာထူးမှာ မနိမ့်ကျလှပေ။

 

သို့သော် ဤရက်ပိုင်းအတွင်း ကျန်းမာရေး မကောင်းသဖြင့် ညီလာခံ မတက်သည်မှာ လဝက်ကျော်ခန့် ရှိနေပြီဖြစ်ပြီး၊ ယခုအခါ မြို့ပြင်ရှိ ရေပူစမ်း စံအိမ်တွင် အနားယူ ကုသနေသည်။

 

လူတိုင်း၏ အမြင်တွင် ကျန်ရှင်းပန်းမှာ နူးညံ့ပြီး သဘောကောင်းသူ တစ်ဦးအဖြစ် မှတ်ယူထားကြ၏။ သူက ဇနီးနှင့် သားကို ချစ်ခင်ပြီး တစ်သက်လုံး မယားငယ် တစ်ယောက်မျှ မယူခဲ့သလို၊ ပျော်ပါးသည့် နေရာများသို့လည်း သွားလေ့မရှိချေ။

 

နေ့စဉ် ညီလာခံတက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းရေးရာ ဝန်ကြီးဌာနတွင် အလုပ်လုပ်ခြင်းများ မရှိပါက အိမ်ပြန်ကာ မင်းသမီးကြီးနှင့်အတူ အချိန်ဖြုန်းလေ့ရှိသည်။ ကျန်းမာရေး သိပ်မကောင်းသဖြင့် ခဏခဏ အနားယူရခြင်းမှလွဲ၍ အခြား အပြစ်ပြောစရာ မရှိပေ။

 

” မင်းသား… ကျွန်တော်တို့ ခဏနေ အမတ်ကြီးကျန် အနားယူနေတဲ့ စံအိမ်ကို တစ်ခေါက်လောက် သွားရအောင်… သရုပ်မှန်ကို ဖုံးကွယ်ပြီး လျှို့ဝှက်သွားကြတာပေါ့…”

 

ရှောင်ကျင့်ယိမှာ ပထမဆုံးအကြိမ်အဖြစ် ရှန်းရှစ်ရွှီကို မယုံကြည်ချင်ဖြစ်လာမိ၏။

 

တကယ်လို့ ကိစ္စတွေက ရှန်းရှစ်ရွှီ ခန့်မှန်းထားသလိုသာ အမှန်ဖြစ်နေခဲ့လျှင် ခန်းနင်းမင်းသမီးကြီး လက်ခံနိုင်မည် မဟုတ်ကြောင်းကို သူ စိုးရိမ်နေမိသည်။

 

” ကောင်းပြီ… မင်း သွားပြီး မျက်နှာသစ်လိုက်… ပြီးရင် မနက်စာစားပြီးတာနဲ့ ငါတို့ သွားကြတာပေါ့…”

 

ရှောင်ကျင့်ယိမှာ အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားမသိတတ်သူ မဟုတ်ချေ။ ခန်းနင်းမင်းသမီးကြီးကို စိုးရိမ်နေရုံဖြင့် မစုံစမ်းဘဲ မနေနိုင်ပေ။ တကယ်လို့ ရှန်းရှစ်ရွှီ ခန့်မှန်းထားသည့်အတိုင်း ကျန်ရှင်းပန်းကသာ လုပ်ခဲ့ခြင်းဖြစ်မည်ဆိုလျှင်…

 

၎င်းမှာ ခန်းနင်းမင်းသမီးကြီးအတွက်လည်း ကောင်းသောကိစ္စတစ်ခု ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ ဤမျှ ကြောက်စရာကောင်းသော ခေါင်းအုံးဖက် တစ်ယောက် ရှိနေလျှင် မည်သူကမှ ညတိုင်း အေးချမ်းစွာ အိပ်ပျော်နိုင်မည် မဟုတ်ချေ။

 

ရှောင်ရှစ်ထို ပြင်ဆင်ပေးသော နံနက်စာကို စားပြီးနောက် ရှောင်ကျင့်ယိက ရှန်းရှစ်ရွှီ ပြင်ဆင်ပေးသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ၎င်းတို့က တောတောင်ရေမြေကို ခံစားရန် ထွက်လာသော စာသင်သားနှစ်ဦးအဖြစ် ဟန်ဆောင်ကာ ကျန်ရှင်းပန်းရှိရာ စံအိမ်အနီးသို့ သွားရောက်ခဲ့ကြ၏။

 

ရှန်းရှစ်ရွှီတို့က တံခါးကို တိုက်ရိုက် သွားမခေါက်ဘဲ အရင်ကဲ့သို့ပင် ခြံစည်းရိုးပေါ်မှ ကျော်ခွကာ တိတ်တဆိတ် ဝင်ရောက်သွားခဲ့ကြသည်။

 

ရုတ်တရက် ဝင်ရောက်စစ်ဆေးခြင်း

ဖြစ်သောကြောင့် ကျန်ရှင်းပန်း၏ အမြီးကို ၎င်းတို့ အမှန်တကယ်ပင် ဖမ်းမိသွားခဲ့လေတော့သည်။

 

 

Chapter 12 ended

 

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset