Chapter 13
သစ္စာဖောက်သွားသော မင်းသမီး၏ခင်ပွန်း
====
မှောင်မိုက်တိတ်ဆိတ်နေသော စာကြည့်ဆောင်ထဲတွင်——
” ကိစ္စတွေ အကုန်လုံး သေချာ စီစဉ်ပြီးပြီမလား… ငါ့ဆီအထိ စုံစမ်းလို့ မရလာလောက်ပါဘူးနော်?”
ကျန်ရှင်းပန်းက မျက်လုံးမှေးကာ ကျန်ဟူအား ကြည့်လိုက်သည်။
ကျန်ဟူက မိမိ၏ ခြေဖျားကိုသာ ခေါင်းငုံ့ကြည့်ရင်း ပြန်ဖြေလိုက်၏။
” သခင်ကြီး စိတ်ချပါ… အရာအားလုံးကို သေချာ စီစဉ်ထားပြီးပါပြီ… ကျင်းဝမ်နဲ့ အသစ်ရောက်လာတဲ့ တရားလွှတ်တော်ချုပ် လက်ထောက်အမတ်တို့ တစ်ခုခုကို စုံစမ်းမိသွားရင်တောင်၊ ဒီသက်သေတွေ အကုန်လုံးက သခင်လေးဆီကိုပဲ ညွှန်ပြနေမှာပါ…”
” ဒီအပြစ်တွေကို သခင်လေးအပေါ် ပုံချလိုက်နိုင်ရင်၊ အချိန်တန်ရင် မင်းသမီးကြီးကို ဧကရာဇ်နဲ့ မိဖုရားခေါင်ကြီးရှေ့ သွားပြီး သနားစရာကောင်းအောင် ငိုခိုင်းလိုက်မယ်… ပြီးတော့ သခင်ကြီးကလည်း အတူလိုက်သွားပြီး အပြစ်ဝန်ခံတောင်းပန်လိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးရဲ့ အသက်ကိုတော့ ကယ်နိုင်မှာပါ…”
ရှောင်ကျင့်ယိနှင့် ရှန်းရှစ်ရွှီတို့မှာ တံခါးအပြင်ဘက်တွင် ပုန်းပြီး ထိုလူနှစ်ဦး၏ စကားများကို ခိုးနားထောင်နေကြသည်။ ကျန်ဟူ၏ စကားကို ကြားလိုက်ရချိန်တွင် ရှန်းရှစ်ရွှီမှာ မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိပြီး ရှောင်ကျင့်ယိအား မျက်လုံးဖြင့် မေးလိုက်၏။
” ကျွန်တော်နဲ့ ခင်ဗျားသာ ဝင်မပါခဲ့ရင်၊ အဆုံးသတ်က တကယ်ကြီး ကျန်ဟူပြောသလို အမှုကြီးကနေ အမှုငယ်ဖြစ်၊ အမှုငယ်ကနေ ဘာမှမဟုတ်တော့ဘဲ ပြီးသွားမှာလား!”
ရှောင်ကျင့်ယိက မဖြစ်နိုင်ကြောင်းကို မျက်လုံးဖြင့် ပြန်ဖြေချင်ခဲ့သော်လည်း၊ သေချာ ပြန်တွေးကြည့်လိုက်ချိန်တွင် သူသာ ဝင်မပါခဲ့လျှင်၊ ပြီးတော့ ရှန်းရှစ်ရွှီကိုပါ ဆွဲမသွင်းခဲ့လျှင်…
အခြားလူတစ်ဦးဦးသာ သွားရောက် စုံစမ်းမည်ဆိုပါက ဤအဆင့်အထိ လုံးဝ စုံစမ်းနိုင်မည် မဟုတ်ဘဲ လမ်းတစ်ဝက်တွင်ပင် ကျန်ရှင်းပန်း လွှတ်လိုက်သော လူများ၏ အာရုံလွှဲမှုကြောင့် အမှုအဆုံးအဖြတ် မှားယွင်းသွားနိုင်သည်။ ဤသို့ဆိုလျှင် ကျန်ရှင်းပန်း၏ အရိပ်အယောင်ပင် ထွက်ပေါ်လာတော့မည် မဟုတ်ချေ။
ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိထံမှ မည်သည့် တုံ့ပြန်မှုမျှ မရသည်ကို မြင်သောအခါ သူ ဘာပြောချင်သည်ကို နားလည်သွားသဖြင့် ဘာမှ ဆက်မမေးတော့ဘဲ အတွင်းမှ လူများ၏ စကားကို ဆက်လက် နားထောင်နေလိုက်၏။
ကျန်ရှင်းပန်းက သူ့အပေါ် စိတ်ချယုံကြည်နေဆဲ ဖြစ်သည်။
” ဒါဆိုလည်း ကောင်းပြီ… မင်း သွားပြီး သိမ်းဆည်းစရာရှိတာ သွားသိမ်းတော့… ခဏနေရင် ငါတို့ အိမ်တော်ကို ပြန်ကြမယ်… မနက်ဖြန်ကျရင် ကျင်းဝမ်က ဒီကိစ္စကို နံနက်ညီလာခံမှာ ပြောလာလောက်တယ်… ငါ ပြန်ပြီး ကြိုတင်ပြင်ဆင်ထားမှ ရမယ်…”
ယခုအချိန်မှာ လူနှင့်တကွ သက်သေပါ တစ်ပါတည်း ဖမ်းဆီးရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ရှန်းရှစ်ရွှီက တွေးလိုက်ပြီး ရှောင်ကျင့်ယိအား မျက်စိမှိတ်ပြကာ အထဲဝင်ဖမ်းရန် အချက်ပြလိုက်၏။
ရှောင်ကျင့်ယိက မတ်မတ်ရပ်ကာ အဝတ်အစားပေါ်ရှိ တွန့်ခေါက်နေမှုများကို သပ်ရပ်အောင် လုပ်လိုက်ပြီးနောက် စာကြည့်ဆောင်၏ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။ ကျန်ရှင်းပန်းက ရိုင်းစိုင်းသော အစေခံကို ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း မျက်နှာသေနှင့် ရှောင်ကျင့်ယိကို မြင်လိုက်ရမည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အလွန် လန့်သွားကာ အနောက်ရှိ ကုလားထိုင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားလေတော့သည်။
ရှောင်ကျင့်ယိ ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် ကျန်ရှင်းပန်း၏ စိတ်ထဲ၌ ခုခံချင်စိတ် အနည်းငယ်မျှပင် မဖြစ်ပေါ်လာတော့ချေ။ ရှောင်ကျင့်ယိအား ဖမ်းဆီးရန်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ပေ။
ယခင်က သူနှင့် ရင်းနှီးခဲ့သော ဦးလေးတော်စပ်သူ တစ်ဦးအနေဖြင့် ရှောင်ကျင့်ယိ၏ သိုင်းပညာ မည်မျှ အစွမ်းထက်ကြောင်းကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးခဲ့သည်။ ထို့ကြောင့် လူလွှတ်ကာ ရှောင်ကျင့်ယိကို ဖမ်းဆီးရန် မဆိုထားနှင့်၊ ထွက်ပြေးရန်ပင် စိတ်မကူးရဲတော့ချေ။
ကျန်ရှင်းပန်းမှာ စိတ်ပျက်အားငယ်နေသော မျက်နှာဖြင့် ရှောင်ကျင့်ယိ၏ နောက်မှ လိုက်ပါသွားခဲ့သည်။ ကျန်ဟူက ထိုလူနှစ်ဦး သူ့အား သတိမထားမိဟု ထင်ကာ နောက်ပေါက်မှနေ၍ တိတ်တဆိတ် ထွက်ပြေးရန် ပြင်လိုက်၏။
သူ လှည့်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ဒူးခေါင်းကို ခြေထောက်ဖြင့် အကန်ခံလိုက်ရသဖြင့် “ဖုန်း” ခနဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။
ကျန်ဟူက နာကျင်မှုကို အောင့်ခံကာ မတ်တတ်ရပ်လိုက်ပြီး၊ ခါးတစ်ဝက်ကိုင်းကာ ဒူးခေါင်းကို ဖိကိုင်ထားရင်း ဘယ်သူကများ သူ့ကို ကန်လိုက်တာလဲဆိုတာ သိဖို့ ခေါင်းမော့ကြည့်လိုက်၏။
ရှန်းရှစ်ရွှီက ရင်ဘတ်ပေါ် လက်ပိုက်ကာ သူ့ကို အေးစက်စက် ကြည့်နေသည်။ ကျန်ဟူမှာ ရှန်းရှစ်ရွှီကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်လည်း ရှောင်ကျင့်ယိနှင့်အတူ ပါလာခြင်းဖြစ်ကြောင်း၊ ထို့အပြင် တစ်ကြိမ်မြင်ရုံဖြင့် မေ့မရနိုင်လောက်အောင် ချောမောလွန်းသော ရုပ်ရည်သွင်ပြင်ကြောင့် သူ၏ အထောက်အထားကို ခန့်မှန်းမိသွား၏။
အသစ်ခန့်အပ်ခံထားရသော တရားလွှတ်တော်ချုပ် လက်ထောက်အမတ်—— ရှန်းရှစ်ရွှီ ပင်ဖြစ်သည်။ ဤတစ်ကြိမ်တော့ သူလည်း ပြေးလို့ မလွတ်နိုင်တော့ချေ။
ကျန်ရှင်းပန်း အဖမ်းခံရသည့် ကိစ္စကို ခန်းနင်းမင်းသမီးကြီးနှင့် ကျန်ပင်းတို့အား အသိမပေးခဲ့ချေ။ ရှောင်ကျင့်ယိက မနက်ဖြန် ချန်းချင်းနန်းဆောင်တွင် နံနက်ညီလာခံ လာတက်ရန်သာ လူလွှတ်၍ သတင်းစကား ပါးလိုက်သည်။
ရှန်းရှစ်ရွှီက တရားလွှတ်တော်ချုပ်သို့ ပြန်ရောက်သောအခါ ယခင် လက်ထောက်အမတ် ရေးသားခဲ့သော နန်းတော်သွင်းစာချွန်လွှာ အချို့ကို ယူကာ လေ့လာကြည့်ရှုလိုက်သည်။ စာချွန်လွှာ မည်သို့ ရေးသားရမည်ကို နားလည်သွားပြီးနောက် မှင်သွေးကာ ခရမ်းရောင်ဝါးရိုးတပ် စုတ်တံတစ်ချောင်းကို ကိုင်ယူလိုက်ပြီး စာချွန်လွှာအလွတ် တစ်အုပ်ကို ရှာကာ သွက်လက်စွာ ရေးသားလိုက်လေ၏။
ဒုတိယနေ့ နံနက်ညီလာခံတွင် ရှန်းရှစ်ရွှီက မနေ့ညကမှ လာပို့သွားသော အနီဖျော့ရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်လိုက်ပြီး သူ ညလုံးပေါက် ရေးသားထားသော စာချွန်လွှာကို ကိုင်ဆောင်ကာ ချန်းချင်းနန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
မိန်းမစိုး ချွမ်ရှီးက နံနက်ညီလာခံ စတင်ကြောင်း ကြေညာပြီးနောက် အမတ်များအနေဖြင့် တင်ပြစရာ ကိစ္စရှိပါက တင်ပြနိုင်ကြောင်း ပြောဆိုချိန်တွင်၊ ရှန်းရှစ်ရွှီက စာချွန်လွှာကို ကိုင်ဆောင်ကာ ရှေ့သို့ ထွက်လာခဲ့၏။
” အရှင်မင်းကြီးကို တင်ပြပါတယ်… ကျွန်တော်မျိုးမှာ တင်ပြစရာ ရှိပါတယ်… နိုင်ငံ့ဝန်ထမ်းရေးရာ ဝန်ကြီး ကျန်ရှင်းပန်းက သူ့ရဲ့ကိုယ်ပိုင် လောဘအတွက် မြေအောက်နန်းတော်တစ်ခု တည်ဆောက်ပြီး ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ပိတ်လှောင်ထားခဲ့ပါတယ်… သူတို့ကို တရားမဝင် ပြည့်တန်ဆာလုပ်ဖို့ အတင်းအကျပ် ခိုင်းစေပြီး ကိုယ်ကျိုးရှာခဲ့ပါတယ်… လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိန်းကလေးတစ်ယောက်က အစွမ်းကုန် ကြိုးစားပြီး ထွက်ပြေးလာနိုင်ခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားခဲ့ရပါတယ်…”
” ဒါ့အပြင် မိန်းကလေး အတော်များများ တစ်သက်လုံး ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားခဲ့ရသလို၊ နောက်ထပ် မိန်းကလေး ဆယ်ယောက်ကျော်လောက်လည်း စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်သွားခဲ့ရပါတယ်… ဒါက သူ ကိုယ်ကျိုးရှာခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ သေဆုံးဒဏ်ရာရခဲ့တဲ့ အခြား မိန်းကလေးတွေကို ထည့်မတွက်ထားရသေးပါဘူး…”
” ပြီးတော့ ကျွန်တော်မျိုးနဲ့ ကျင်းဝမ်မင်းသားတို့ အမှန်တရားကို လိုက်လံစုံစမ်းနေချိန်မှာ၊ သဲလွန်စတွေကို သူနဲ့ မင်းသမီးကြီးတို့ရဲ့ သားဖြစ်တဲ့ ကျန်ပင်းဆီ တမင်သက်သက် အပြစ်ပုံချဖို့ ကြိုးစားခဲ့ပါတယ်… ဒီပြစ်မှုတွေ အားလုံးက လူတွေကို ဒေါသထွက် ရွံရှာစေလောက်အောင် ဆိုးရွားလွန်းလှပါတယ်… အရှင်မင်းကြီးကိုယ်တိုင် အဆုံးအဖြတ်ပေးပါလို့ တောင်းဆိုပါတယ်…”
ရှန်းရှစ်ရွှီ၏ ဤစကားကြောင့် မူလက တိတ်ဆိတ်နေသော ညီလာခံမှာ ရုတ်တရက် ဆူညံသွားခဲ့သည်။ လူတိုင်းက ရှန်းရှစ်ရွှီ၏ စကားအပေါ် ဝိုင်းဝန်းကာ ကိုယ်ပိုင် အမြင်များကို ပြောဆိုနေကြပြီး အများစုမှာ ကျန်ရှင်းပန်းက ဤကဲ့သို့သော ကိစ္စမျိုးကို တကယ် လုပ်ခဲ့သည်ဟု မယုံကြည်နိုင်ကြချေ။
သို့သော် လွန်ခဲ့သော နှစ်ရက်က ၎င်းတို့ ရှန်းရှစ်ရွှီ၏ စိတ်တွင်းအသံများကို ကြားခဲ့ရသည်ကို တွေးမိချိန်တွင် မည်သူမျှ မေးခွန်းထုတ်ရန် မရဲကြတော့ပေ။
ကျန်ရှင်းပန်း၏ ကိစ္စကို ရှောင်ကျင့်ယိက မနေ့က မွန်းလွဲပိုင်းတွင် နန်းတော်သို့ ဝင်ကာ ဧကရာဇ်ဝူအန်းအား ပြောပြခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ရှန်းရှစ်ရွှီ ထပ်မံ ပြောဆိုသည်ကို ကြားလိုက်ရချိန်၌ သူ၏ ဒေါသများမှာ ပြေပျောက်မသွားနိုင်သေးချေ။
” ဒီကိစ္စကို တာ့ချန်မင်းဆက်ရဲ့ ဥပဒေအတိုင်း ကိုင်တွယ်ဖြေရှင်းမယ်… လူကုန်ကူးမှု၊ အတင်းအဓမ္မ ပြည့်တန်ဆာလုပ်ခိုင်းမှု၊ တော်ဝင်မိသားစုဝင်အပေါ် အပြစ်ပုံချ လုပ်ကြံမှု… ပြစ်မှုတွေ အားလုံး ပေါင်းလိုက်ရင် ဆောင်းဦးရာသီရောက်တာနဲ့ ခေါင်းဖြတ်ကွပ်မျက်ဖို့ အမိန့်ချမှတ်တယ်!”
ခန်းနင်းမင်းသမီးကြီးနှင့် ကျန်ပင်းတို့သည်လည်း ယခုအချိန်တွင် ညီလာခံခန်းမထဲ၌ ရှိနေကြသည်။ သားအမိနှစ်ယောက်မှာ ယခုအချိန်အထိ သတိမဝင်နိုင်သေးဘဲ ဧကရာဇ်ဝူအန်းက ကျန်ရှင်းပန်းအား သေဒဏ်ချမှတ်မည်ဟု ပြောလိုက်ချိန်မှသာ သူတို့နှစ်ဦး အသိဝင်လာကြတော့၏။
ခန်းနင်းမင်းသမီးကြီးက လုံးဝ မယုံကြည်နိုင်သော မျက်နှာဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်သည်။
” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!… ရှင်းပန်းက ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်ရက်မှာလဲ… ပြီးတော့ ပင်းအာကိုတောင် အပြစ်ပုံချတယ်တဲ့လား… ပင်းအာက သူ့ရဲ့ သားအရင်းလေ!… ကျားရိုင်းတွေကတောင် ကိုယ့်သားသမီးကို ပြန်မစားကြဘူး… သူက ဘယ်လိုလုပ် ဒီလို လုပ်ရက်နိုင်မှာလဲ!”
ရှန်းရှစ်ရွှီသည်လည်း ခန်းနင်းမင်းသမီးကြီး၏ ဤမေးခွန်းကို မဖြေနိုင်ချေ။ မနေ့က ရှောင်ကျင့်ယိက ကျန်ရှင်းပန်းကို စစ်ဆေးမေးမြန်းစဉ်က ဤမေးခွန်းကို မေးခဲ့သော်လည်း သူက သေသည့်တိုင်အောင် မဖြေခဲ့ပေ။
အရှေ့ပိုင်းမှ ကိစ္စများ အားလုံးကို ရှင်းလင်းစွာ ထွက်ဆိုခဲ့ပြီး၊ ကျန်ပင်း၏ အနီးတွင် လူများကို မည်သို့ နေရာချထားကာ ချိုးယွမ်လမ်းကြားရှိ အိမ်ကို ဝယ်ရန် မည်သို့ မြှူဆွယ်ခဲ့ကြောင်းကိုပင် ရှင်းလင်းစွာ ထွက်ဆိုခဲ့သည်။
ကျန်ပင်းအပေါ် အပြစ်ပုံချ လုပ်ကြံသည့် ကိစ္စကိုသာ သူက အတင်းအကျပ် ဆုပ်ကိုင်ထားပြီး၊ ကျန်ပင်း အမှားလုပ်လျှင်လည်း ခန်းနင်းမင်းသမီးကြီး ရှိနေသဖြင့် အသက်အန္တရာယ် မရှိနိုင်ကြောင်း၊ ထို့ကြောင့်သာ ကျန်ပင်းကို အစားထိုး အပြစ်ခံခိုင်းရန် စိတ်ကူးရခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့၏။
ဤသည်မှာ ကျန်ရှင်းပန်း၏ သားကိုချစ်သော ပုံရိပ်နှင့် လုံးဝ မကိုက်ညီချေ။ ထို့အပြင် သူ့တွင် ဤသားတစ်ယောက်သာ ရှိပြီး နောက်ဆုံးတွင် ကျန်ပင်း မသေလျှင်ပင် မိုင်သုံးထောင် အဝေးသို့ နယ်နှင်ဒဏ်ပေးခံရမည့် အဆုံးသတ်မျိုး ဖြစ်ပေမည်။
သူ ဘယ်လိုလုပ် ရက်စက်နိုင်မှာလဲ? အဲဒါကြောင့် ကျန်ရှင်းပန်းဆီမှာ သေချာပေါက် လျှို့ဝှက်ချက်တွေ ရှိနေသေးမှာပဲ!
လူတိုင်းက ထူးဆန်းနေသည်ဟု ခံစားနေရချိန်တွင် စနစ် 011 က ရုတ်တရက် ထွက်ပေါ်လာ၏။
【 အစ်ကို… ဒီကိစ္စ ဘယ်လိုဖြစ်တာလဲဆိုတာ ကျွန်တော် သိတယ်… ကျန်ရှင်းပန်းက မင်းသမီးကြီးကို သစ္စာဖောက်သွားတာ ကြာလှပြီ… သူ့မှာ ကျန်ပင်းဆိုတဲ့ သားတစ်ယောက်တည်း ရှိတာ မဟုတ်ဘူးဗျ… နောက်ထပ် သမီးတစ်ယောက်နဲ့ သားတစ်ယောက် ရှိသေးတယ်… ပြီးတော့ အဲ့ဒီကလေးနှစ်ယောက်ကို မင်းသမီးကြီးက မြင်လည်း မြင်ဖူးတယ်… 】
ခန်းနင်းမင်းသမီးကြီးမှာ ရှန်းရှစ်ရွှီ၏ စိတ်တွင်းအသံများကို ကြားရသည့် ကိစ္စကို မသိချေ။သူမသည် တစ်ခါမျှ မကြားဖူးသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပြီး၊ ပြောလာသည့် ကိစ္စကလည်း ဤမျှ ပေါက်ကွဲစေလောက်သည်အထိ အံ့သြစရာ ကောင်းနေသောကြောင့် တစ်ခဏမျှ ခံနိုင်ရည်မရှိတော့ဘဲ ကျန်ပင်း၏ ရင်ခွင်ထဲသို့ လဲကျသွားလေသည်။
ကျန်ပင်းသည်လည်း ကြောင်အသွားပြီး ညီလာခံခန်းမ၏ ပတ်ပတ်လည်ကို သတိထား၍ အကဲခတ်ကြည့်လိုက်သော်လည်း သံသယဖြစ်စရာ လူတစ်ဦးမျှ မတွေ့ရချေ။
သို့သော် ထိုအမတ်များ၏ မျက်နှာပေါ်တွင် ‘နောက်တစ်ခါ ထပ်လာပြန်ပြီ’ ဆိုသည့် အမူအရာမျိုး ဖြစ်နေကာ ဤအသံကို အရင်က ကြားဖူးခဲ့သည့်ပုံ ပေါက်နေသည်ကို သူ သတိပြုမိလိုက်၏။
သူ စဉ်းစား၍ မရသေးခင်မှာပင် စနစ် 011 ၏ အသံက ဆက်လက် ထွက်ပေါ်လာသည်။
【 ဒီကျန်ရှင်းပန်းက ခန်းနင်းမင်းသမီးကြီးရဲ့ကွယ်ရာမှာ အပြင်က မိန်းမတွေနဲ့ ဖောက်ပြန်နေတာ ကြာပြီ… ပြီးတော့ သူက အတော်သတ္တိကောင်းကောင်းနဲ့ သူ ဖောက်ပြန်နေတဲ့ မိန်းမနဲ့ အဲ့ဒီ
မိန်းမ မွေးပေးထားတဲ့ ကလေးကိုတောင် မင်းသမီးကြီးရဲ့ ရှေ့ကို ခေါ်လာခဲ့သေးတယ်… 】
Chapter 13 ended