⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 1

Chapter 1

[ ပြန်လည်ဆုံဆည်းခြင်း ]

 

—–

 

ကော်ကျင်းယွီက သူ့အမေကို မြေအောက်ခန်း ရှင်းလင်းရေး ကူလုပ်ပေးနေ၏။

 

သူ ဒီနှစ်ပိုင်းတွေမှာ စတူဒီယိုလေးတစ်ခု ဖွင့်ထားပြီး ပန်းချီပြခန်းလေးပါ တွဲလုပ်နေတာကြောင့် ပိုက်ဆံအတော်အသင့် ရှာနိုင်ခဲ့ကာ အိမ်က လူကြီးနှစ်ယောက်အတွက် အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်ပေးနိုင်ခဲ့သည်။

 

သို့ပေမဲ့ ကော်အဖေနှင့် ကော်အမေတို့က အသက်အရွယ်ရလာပြီဖြစ်ရာ အကျင့်ဟောင်းတွေကို မပြင်နိုင်ကြဘဲ ဘာလေးပဲဖြစ်ဖြစ် လွှင့်မပစ်ရက်ဘဲ သိမ်းထားတတ်ကြ၏။

 

မြေအောက်ခန်းထဲတွင် ပစ္စည်းအစုံအလင် ရှိနေပြီး တိုလီမိုလီလေးတွေကအစ သူ ကျောင်းတက်တုန်းက ဖတ်ခဲ့သည့် ကျောင်းသုံးစာအုပ်တွေအထိ ပါဝင်နေသည်။

 

ကော်အမေကတော့ တတွတ်တွတ်နှင့် ပြောနေတော့၏။

 

“ဒါတွေအကုန်လုံးက သား အထက်တန်းတုန်းက သုံးခဲ့တာတွေလေ… အချိန်တွေ ကုန်တာ တကယ် မြန်လွန်းတယ်… မျက်စိတစ်မှိတ်အတွင်းမှာတင် သားက ဒီလောက်တောင် ကြီးလာခဲ့ပြီပဲ… နောင်တစ်ချိန် ပြန်ကြည့်လို့ရအောင် သိမ်းထားတာကလည်း ကောင်းပါတယ်…”

 

ကော်ကျင်းယွီက အဘွားကြီး ပြောသည့်အတိုင်း အမျိုးအစားခွဲကာ သိမ်းဆည်းပေးလိုက်ရင်း ပါးစပ်ကလည်း မေးလိုက်သည်။

 

“အမေက ဒါတွေကို ဘယ်သူ့ကို ပြဖို့ သိမ်းထားတာလဲ…”

 

“အမေ ကြည့်ဖို့လေ… အမေ ကြည့်ရတာ အမှတ်တရဖြစ်စရာလေးတွေမို့လို့…”

 

“အမေ ဒီစာအုပ်တွေကို မဖြစ်မနေ သိမ်းထားချင်တယ်ဆိုရင်လည်း ရပါတယ်… ဒါပေမဲ့ ဒီစက္ကူဂျပ်ဖာဟောင်းကြီးတွေကိုတော့ သိမ်းထားပြီး ဘာလုပ်မလို့လဲ… သိတဲ့လူတွေက အမေတို့ နယ်ကနေ ယူလာတဲ့ အမှတ်တရပစ္စည်းတွေမှန်း သိပေမဲ့ မသိတဲ့လူတွေကကျ ကျွန်တော်ကပဲ မိဘကို မလုပ်ကျွေးလို့ အမေနဲ့ အဖေက အပြင်ထွက်ပြီး စက္ကူဖာတွေ လိုက်ကောက်နေတယ်လို့ ထင်သွားကြဦးမယ်…”

 

ကော်ကျင်းယွီက ပြောပြောဆိုဆိုနှင့် ဘေးနားက နှစ်ပေါက်နေပြီဖြစ်သော စက္ကူဂျပ်ဖာဟောင်းကြီးကို မ,ကာ နေရာရွှေ့ပေးရန် ပြင်လိုက်သည်။

 

ဂျပ်ဖာကြီးကပဲ အသက်ကြီးပြီး ဆွေးမြည့်နေပြီလား သို့မဟုတ် အထဲက ပစ္စည်းတွေကပဲ အရမ်း လေးနေတာလား မသိပေ။

 

ဝုန်းခနဲ အသံနှင့်အတူ ပစ္စည်းတွေက ကြမ်းပြင်ပေါ် ပြန့်ကျဲသွားတော့၏။

 

ကော်အမေက ‘အမလေး’ ဟု ရေရွတ်လိုက်ရင်း ကမန်းကတန်း သွားသိမ်းလေသည်။

 

ကော်ကျင်းယွီကလည်း အမြန် ထိုင်ချကာ လိုက်ကောက်ပေးနေစဉ် ပစ္စည်းတစ်ခုနှစ်ခုလောက်ကို ကောက်ကိုင်လိုက်ပြီးနောက် ထိုနေရာ၌ပင် ဆောင့်ကြောင့်ထိုင်လျက်သား ငြိမ်ကျသွားတော့၏။

 

သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်က စုန့်ခေတ်ကဗျာပေါင်းချုပ် စာအုပ်တစ်အုပ် ဖြစ်သည်။

 

ဖွင့်ကြည့်စရာမလိုဘဲ ထိုစာအုပ်၏ အဖုံးစာမျက်နှာပေါ်တွင် ဓာတ်ပုံစတစ်ကာလေး တစ်ပုံ ကပ်ထားကြောင်း သူ သိနေ၏။

 

ထိုပုံလေးက သူ အသက် (၁၇) နှစ်ပြည့် မွေးနေ့တုန်းက လီထုန်ကျိုးကို အတင်းဆွဲခေါ်ကာ ကျောင်းဘေးနားက ဈေးတန်းလေးထဲတွင် သွားရိုက်ခဲ့ခြင်း ဖြစ်သည်။

 

လီထုန်ကျိုးက ဓာတ်ပုံရိုက်ရသည်ကို မကြိုက်ပေ။

 

သူက ကင်မရာရှေ့ ရောက်သည်နှင့် သူ့ကိုယ်သူ သတိမထားမိဘဲ မျက်နှာကြီး တောင့်တင်းသွားတတ်သည်။

 

ကော်ကျင်းယွီကတော့ ထိုသို့မဟုတ်ပေ။

 

သူက ငယ်ငယ်လေးကတည်းက အပြုံးတွေနှင့် နေတတ်ပြီး ဆယ်ကျော်သက်အရွယ် ထိုမျက်နှာလေးက အထူးသဖြင့် ချောမောလှသည်။

 

လူတွေကို ခပ်ဝေးဝေးကနေ တွန်းထုတ်ထားတတ်သည့် လီထုန်ကျိုး၏ အေးစက်စက် အငွေ့အသက်မျိုးနှင့်မတူဘဲ သူက ဘယ်သူနှင့်မဆို ရင်းနှီးလွယ်ကာ ကျောင်းဆောင်တစ်ခုလုံးတွင် သူ့သူငယ်ချင်းတွေချည်းနှင့် ပြည့်နှက်နေ၏။

 

သို့ပေမဲ့ ကော်ကျင်းယွီက လီထုန်ကျိုးနှင့်ပဲ ကစားချင်သည်။

 

ဓာတ်ပုံစတစ်ကာ သွားရိုက်တုန်းကလည်း ထိုအတိုင်းပင် ဖြစ်၏။

 

သူက လီထုန်ကျိုးကို အတင်းဆွဲခေါ်သွားပြီး ဇာတ်တိုက်ကာ  အများကြီး ရိုက်ပြီးမှသာ လီထုန်ကျိုး ပြုံးနေသည့် ဒီပုံလေးတစ်ပုံကို ရွေးထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ပြုံးနေသည်ဟု ဆိုရသော်လည်း သူ့ခံစားချက်လေးကို ဖော်ပြသည့်အနေဖြင့် နှုတ်ခမ်းထောင့်စွန်းလေးကို မသိမသာ ကွေးတင်ထားရုံမျှသာ ဖြစ်၏။

 

လီထုန်ကျိုးက သူ့အပေါ်တွင် အလွန် အလိုလိုက်ပြီး စိတ်ရှည်သည်းခံကာ အမြဲတမ်း သူ့သဘောအတိုင်း လိုက်လျောပေးတတ်သည်။

 

ပြောတတ်သည့် စကားတွေကလည်း ခေါက်ရိုးကျိုးနေသည့် စကားခွန်းတွေပင် ဖြစ်၏။

 

“ငါက အကုန်အဆင်ပြေတယ်…”

 

“မင်း သဘောပဲလေ…”

 

“မင်း ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပေါ့…”

 

ကော်ကျင်းယွီက ထိုဖာထဲက ပစ္စည်းတွေကို တစ်ခုချင်းစီ သေချာစွာ သုတ်သင်ရှင်းလင်းပြီးနောက် တိတ်ဆိတ်စွာ ပြန်ထည့်ထားလိုက်သည်။

 

ဒီအထဲမှာ သူ လီထုန်ကျိုးကို ပေးခဲ့ဖူးသည့် ပစ္စည်းတွေ အကုန်လုံး ပါဝင်နေ၏။

 

မူလတန်းတုန်းက လက်တည့်စမ်းပြီး ပေးခဲ့သည့် တံဆိပ်ရင်ထိုးလေးကအစ တက္ကသိုလ်ရောက်လို့ နိုင်ငံခြားထွက်သည့်အခါ ဝယ်လာပေးခဲ့သော ရွှေချည်ထိုး နံရံကပ်ကော်ဇောလေးအဆုံး ဈေးကြီးသည်ဖြစ်စေ၊ ဈေးပေါသည်ဖြစ်စေ လီထုန်ကျိုးက အကုန်လုံးကို သေသေချာချာ သိမ်းဆည်းထားခဲ့သည်။

 

ထို့နောက် နေ့ကောင်းရက်သာ တစ်ရက်ကို ရွေးကာ ဒီဖာထဲထည့်ပြီး သူ့အိမ်ဆီကို မူလအတိုင်း စာတိုက်မှတစ်ဆင့် ပြန်ပို့ပေးခဲ့ခြင်း ဖြစ်၏။

 

ထိုအချိန်က သူက နိုင်ငံခြားမှာ ကျောင်းတက်နေချိန်ဖြစ်ရာ သူကိုယ်တိုင် ဒီဖာကြီးကို ဖွင့်ကြည့်ဖြစ်သည့်အချိန်မှာတော့ နှစ်ဝက်လောက်တောင် ကြာသွားခဲ့ပြီ ဖြစ်သည်။

 

သူတို့နှစ်ယောက်အတွက် အနာဂတ်တွေကို သူ အကုန်လုံး စီစဉ်ထားခဲ့ပြီး ဖြစ်နိုင်ချေရှိသမျှ အရာအားလုံးကိုလည်း တွေးထားခဲ့ပြီးဖြစ်သော်လည်း လီထုန်ကျိုး သူ့ကို ထားရစ်ခဲ့မည်ဟုတော့ တစ်ခါမျှ မတွေးထားခဲ့ဖူးပေ။

 

သူ လီထုန်ကျိုးကို နောက်ဆုံးအကြိမ် သွားကြည့်ခဲ့ရသည်က ခြောက်ကပ်နေသည့် သင်္ချိုင်းကုန်းလေးတစ်ခု၏ ထောင့်တစ်နေရာတွင် ဖြစ်သည်။

 

အဖြူရောင် ကျောက်တိုင်လေးပေါ်၌ (၁၉) နှစ်အရွယ်က သူ၏ ဓာတ်ပုံလေးကို ကပ်ထားလေ၏။

 

ကော်ကျင်းယွီက ခေါင်းငုံ့ကာ ပစ္စည်းတွေကို သေချာသိမ်းဆည်းလိုက်သည်။

 

သူက ဘာမှမပြောသော်လည်း ဘေးနားက ကော်အမေကတော့ သက်ပြင်းရှည်ကြီး ချလိုက်၏။

 

သူမက သန့်ရှင်းသော လက်ကိုင်ပဝါတစ်ထည် ယူလာကာ ပစ္စည်းတွေကို ကူညီသုတ်ပေးရင်း တိုးတိုးလေး ဖျောင်းဖျလိုက်သည်။

 

“ကျင်းယွီရယ်… သား စိတ်ထဲမှာ မလွှတ်ချနိုင်သေးဘူးဆိုတာကို အမေ သိပါတယ်… ဒါပေမဲ့လည်း လူက ထွက်သွားတာ နှစ်တွေတောင် အတော်ကြာနေပြီလေ… သား ဒီလိုမျိုး တစ်ယောက်တည်း နေနေတာကလည်း အဖြေမဟုတ်ဘူးလေ… မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် အနည်းဆုံးတော့ လူသစ်လေးတွေနဲ့ ရင်းနှီးအောင် လုပ်သင့်တယ်…”

 

“အမေ… ဆက်မပြောပါနဲ့တော့…”

 

အဘွားကြီးက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ မတ်တပ်ရပ်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

 

“ဒီလိုမှန်း သိခဲ့ရင်…သားတို့နှစ်ယောက်ကို စောစောစီးစီး ပေးပေါင်းလိုက်တာကမှ ကောင်းဦးမယ်… အနည်းဆုံးတော့ သူ့ကို ကူညီဖေးမပေးမယ့်သူ ရှိတာပေါ့… ဟူး… ရှောင်ကျိုးနဲ့ သူ့အမေကလည်း ကံဆိုးရှာပါတယ်… အဲ့လို လူယုတ်မာကြီးနဲ့ သွားဆုံရတယ်လို့…”

 

ကော်ကျင်းယွီက ဘာသံမှ ပြန်မထွက်တော့ဘဲ ထိုနေရာမှာပင် ပစ္စည်းတွေကို သေသေချာချာ လိုက်သုတ်နေသည်။

 

အကုန်လုံးကို တစ်ပတ်လည်အောင် သုတ်ပြီးသွားသည့်အခါ နောက်ဆုံးကျမှ လက်ဝါးအရွယ်အစားလောက်ရှိသည့် ပန်းပွင့်ပုံလေးတွေ ရိုက်နှိပ်ထားသော ဓာတ်ပုံအယ်လ်ဘမ်လေးကို ကောက်ကိုင်လိုက်၏။

 

ဒီဓာတ်ပုံအယ်လ်ဘမ်လေးက သူ တစ်ခါက ပွဲဈေးတန်းတွင် ကွင်းစွပ်ကစားရင်း နိုင်လာခဲ့တာ ဖြစ်သည်။

 

ပြီးတော့ လီထုန်ကျိုးကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်၏။

 

လီထုန်ကျိုးက ပစ္စည်းတွေကို မြတ်နိုးတတ်ပြီး ဘာပဲဖြစ်ဖြစ် သေသေချာချာ သိမ်းဆည်းထားတတ်သည်။

 

အယ်လ်ဘမ်လေး၏ အခွံလေးက အရောင်နည်းနည်း လွင့်နေသည်မှလွဲ၍ ထောင့်စွန်းလေးတွေကအစ နည်းနည်းလေးမှ ပွန်းပဲ့နေခြင်း မရှိပေ။

 

ပိုင်ရှင်ဖြစ်သူက သေသေချာချာကို ထိန်းသိမ်းထားခဲ့ပုံရသည်။

 

ကော်ကျင်းယွီက ဖွင့်ကြည့်လိုက်သည့်အခါ အများစုက သူ၏ တစ်ကိုယ်တော်ပုံတွေ ဖြစ်နေပြီး သူနှင့် လီထုန်ကျိုးတို့ တွဲရိုက်ထားသည့် ပုံလေးတွေလည်း ပါဝင်နေ၏။

 

သူ့လက်ချောင်းလေးတွေက ဓာတ်ပုံပေါ်သို့ ကျရောက်သွားသည်။

 

(၁၇) နှစ် (၁၈) နှစ် အရွယ် ဆယ်ကျော်သက်လေး၏ ရုပ်ဆင်းသွင်ပြင်က ချောမောခန့်ညားနေပြီး မျက်ဝန်းအရောင်လေးတွေကလည်း အလွန် ဖျော့တော့နေ၏။

 

ပါးလွှာသော နှုတ်ခမ်းလေးက အနည်းငယ် ကွေးတက်နေပြီး အပြုံးရိပ်လေးတစ်ခုကို ကွက်တိ ဖမ်းယူရိုက်ကူးထားနိုင်ခဲ့သည်။

 

ကော်ကျင်းယွီက အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ထိုဓာတ်ပုံလေးကို ထုတ်ယူကာ သူ့ကိုယ်ပိုင်အင်္ကျီအိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်သည်။

 

ရုတ်တရက်ကြီး အတိတ်က ပစ္စည်းဟောင်းတွေကို မြင်တွေ့လိုက်ရလို့ပဲလားတော့ မသိပေ။ ညဘက် အိပ်မက်ထဲတွင်တော့ ဆယ်ကျော်သက်အရွယ်က အမှတ်တရတွေက တသီတတန်းကြီး ပေါ်လာတော့၏။

 

ကော်ကျင်းယွီက အသိစိတ်တွေ လွတ်ထွက်နေသလိုမျိုး အလွန်ရှည်လျားသည့် အိပ်မက်တစ်ခုကို မက်နေခဲ့သည်။

 

အိုက်စပ်ပူလောင်လွန်းသော ထိုနွေရာသီဆီသို့ ပြန်ရောက်သွားသလိုပင်။

 

စာသင်ခန်းထဲရှိ မျက်နှာကြက်ပေါ်က ပန်ကာက ကျွိကျွိကျွာကျွာ အသံတွေမြည်လျက် အဆက်မပြတ် လည်ပတ်နေ၏။

 

ပြတင်းပေါက် အပြင်ဘက်ဆီမှ ပူနွေးသော လေပြေလေးက တစ်ချက်တစ်ချက် တိုက်ခတ်လာတတ်ပြီး ပိုများနေသည်ကတော့ ပုစဉ်းရင်ကွဲတွေ၏ အော်သံပင် ဖြစ်သည်။

 

တစ်ကောင်ပြီးတစ်ကောင် အော်နေကြရာ လူတွေကို အိပ်ငိုက်လာစေသည်အထိ ဆူညံလွန်းလှ၏။

 

ဆရာက ရှေ့ဆုံးမှာ ရပ်လျက် ကျောင်းသားတွေကို နိုးကြားလာစေရန်အတွက် ကျောက်သင်ပုန်းဖျက်နှင့် ကျောက်သင်ပုန်းကို အားပါးတရ ရိုက်လိုက်သည်။

 

“ဒီအချက်လေးကို ရှင်းရှင်းလင်းလင်း သဘောပေါက်ကြပြီလား… အရေးကြီးတဲ့ အချက်တွေကို မျဉ်းတားထားကြနော်… စာမေးပွဲမှာ ပါမှာမို့လို့… ကမ္ဘာ့မြေဗဟိုချက်နဲ့ အီကွေတာကြားက တည်နေရာဆက်စပ်မှုကို အခြေခံပြီး ကြည့်မယ်ဆိုရင်… ဆက်သွယ်ရေးမျဉ်းက အီကွေတာရဲ့ မြောက်ဘက်မှာ ရှိနေရင် နေရောင်က 23°26′N ကို တိုက်ရိုက် ကျရောက်နေတယ်လို့ ဆိုလိုတယ်… အဲ့ဒါဆို ကမ္ဘာကြီးက နေကိုလှည့်ပတ်တဲ့ လမ်းကြောင်းပေါ်မှာ နွေယဉ်စွန်းမှတ်ကို ရောက်နေတယ်လို့ သတ်မှတ်လို့ရတယ်… ဟယ်ရှန်ယန်…”

 

နောက်ဆုံးတန်းက အရပ်ရှည်ရှည် ကောင်လေးဖြစ်သူ ဟယ်ရှန်ယန်တစ်ယောက် ရုတ်တရက်ကြီး နာမည်ခေါ်ခံလိုက်ရသဖြင့် အိပ်ရေးမဝသေးသည့် မျက်နှာပေးနှင့်အတူ ဝုန်းခနဲ မတ်တပ်ရပ်လိုက်၏။

 

“ရှိပါတယ်…”

 

ထိုအခါ တစ်တန်းလုံးက ဝိုင်းရယ်ကြတော့သည်။

 

ပထဝီဝင်ဆရာက နှစ်ခါသုံးခါလောက် ဟောက်လိုက်မှသာ အတန်းထဲမှာ တိတ်ဆိတ်သွားတော့၏။

 

သူက မကျေမနပ် မျက်နှာထားနှင့် မေးလိုက်သည်။

 

“ခုနက ငါပြောတာတွေကို မင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရဲ့လား…”

 

“ရှင်းရှင်းလင်းလင်း ကြားလိုက်ပါတယ်…”

 

“ဒါဆို ငါ မင်းကို မေးမယ်… နေလမ်းကြောင်းနဲ့ အီကွေတာကြားက ထောင့်က ကြီးလာမယ်ဆိုရင်… နွေယဉ်စွန်းမှတ်ရက်မှာ ရှန်ဟိုင်းမြို့ရဲ့ မွန်းတည့်ချိန် နေရဲ့ အမြင့်က ဘယ်လိုဖြစ်သွားမလဲ…”

 

“ဗျာ…”

 

“ဗျာ မနေနဲ့… မေးတာကို ဖြေ…”

 

“အဲ့ဒါ… ကျွန်တော်လည်း ရှန်ဟိုင်းကိုမှ မရောက်ဖူးတာ ဆရာရဲ့…”

 

အတန်းထဲတွင် ထပ်မံ၍ ရယ်သံတွေ ဆူညံသွားပြန်သည်။

 

ကော်ကျင်းယွီက ထိုရယ်သံတွေကြောင့် လန့်နိုးသွား၏။

 

သူက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ဘေးလူတစ်ယောက်၏ ရှုထောင့်ကနေ တဖြည်းဖြည်းနှင့် ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။

 

အိပ်မက်လား လက်တွေ့လား ခွဲခြားမရတော့ဘဲ ခဏတာမျှ မှင်သက်သွားတော့သည်။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

၎င်းမှာ လီထုန်ကျိုး ဖြစ်သည်။

 

ထိုလူ၏ ကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်နေတတ်သည်။

 

ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ခပ်ရှည်ရှည် ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။

 

ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရသည်။ ကမန်းကတန်း မနိုင်မနင်း ဖြစ်မနေဘဲ အမြဲတမ်း ထူးချွန်ကျောင်းသားလေးတစ်ယောက်၏ အသွင်အပြင်မျိုး ရှိနေ၏။

 

ကော်ကျင်းယွီက ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။

 

ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

“လီထုန်ကျိုး…”

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။

 

ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို ဖွဖွလေး ဆုပ်ကိုင်လာခဲ့သည်။

 

ကော်ကျင်းယွီ၏ ရင်ထဲက အပူမီးတွေက တဖြည်းဖြည်း ငြိမ်းချမ်းသွားပြီး နှုတ်ခမ်းထောင့်စွန်းလေးက အပေါ်သို့ ကွေးတက်သွားသည်။

 

သူ ဒီလူကို စောင့်ဆိုင်းနေခဲ့တာ နှစ်တွေ အများကြီး ကြာခဲ့ပြီဖြစ်သော်လည်း တစ်ဖက်လူကို ဒီလောက်အထိ အစစ်အမှန်ကြီး ထိတွေ့ခွင့်ရမည့် အိပ်မက်မျိုး တစ်ခါမှ မမက်ခဲ့ဖူးပေ။

 

အကယ်၍ ဒါက အိပ်မက်သာဆိုလျှင် သေချာပေါက် အလှပဆုံး အိပ်မက်တစ်ခု ဖြစ်မည်ဖြစ်ပြီး သူ လုံးဝ နိုးထချင်မည် မဟုတ်တော့ပေ။

 

ပထဝီဝင်ဆရာက နာမည်တွေ ဆက်ခေါ်နေတုန်းပင်။

 

အခွင့်ကောင်းယူကာ နောက်ဆုံးတန်းက ခိုးအိပ်နေသည့် ကျောင်းသားအချို့ကို မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးလိုက်ရာ အတန်းထဲက အခြေအနေက နည်းနည်းတော့ ငြိမ်ကျသွား၏။

 

အတန်းထဲက ခုံအစီအစဉ်ကို အရပ်အနိမ့်အမြင့်ပေါ် မူတည်ပြီး စီထားခြင်း ဖြစ်သည်။

 

နောက်ဆုံးတန်းက ကောင်လေးတွေ တစ်တန်းလုံး မတ်တပ်ရပ်လိုက်ရသည့်အခါ အရပ်ရှည်ရှည် နေကြာပန်းကြီးတွေ တစ်တန်းလုံး စီတန်းနေသလိုပင်။

 

သို့သော်လည်း တစ်ယောက်ချင်းစီက ညှိုးနွမ်းနေကြပြီး မတ်တပ်ရပ်နေရသော်လည်း စာထဲ စိတ်မဝင်စားကြသည့်ပုံ ပေါက်နေ၏။

 

ပထဝီဝင်ဆရာက ခုနက မေးခွန်းကို နောက်တစ်ခေါက် ထပ်မေးလိုက်သည်။

 

ဒီတစ်ခါတော့ လီထုန်ကျိုး နာမည်ကို ခေါ်လိုက်၏။

 

လီထုန်ကျိုးက မတ်တပ်ရပ်လိုက်ပြီး ဖြေလိုက်သည်။

 

“ကြီးလာမယ်…”

 

ပထဝီဝင်ဆရာက အတန်းထဲက ထူးချွန်ကျောင်းသားကို ကြည့်လိုက်မှသာ မျက်နှာထားက အနည်းငယ် ပြန်ကောင်းသွားတော့၏။

 

ထို့နောက် လက်ရမ်းပြကာ ပြန်ထိုင်ခိုင်းလိုက်ပြီး စာဆက်သင်တော့သည်။

 

ကော်ကျင်းယွီက လက်တစ်ဖက်ဖြင့် မေးထောက်ထားရင်း အတန်းဆင်းခေါင်းလောင်းသံ မြည်လာသည့်အချိန်အထိ စောင့်နေလိုက်မှသာ အနည်းငယ် လက်တွေ့ကျကျ ခံစားလာရတော့၏။

 

အတန်းဆင်းသည်နှင့် အပြစ်ပေးခံထားရသူတွေက ချက်ချင်း တက်ကြွလာကြသည်။

 

ဟယ်ရှန်ယန်က မခံချင်သည့် မျက်နှာထားနှင့် ပြောလာ၏။

 

“ယွီကော… ခုနက ဆရာက ဘာလို့ မင်းကို မခေါ်ရတာလဲ… မင်းက ငါ့ထက်တောင် ပိုပြီး အိပ်မောကျနေတာကို…”

 

ကော်ကျင်းယွီက ခေါင်းစောင်းကာ သူ့ကို ကြည့်လိုက်သည်။

 

သူ ဘာမှမပြောရသေးခင်မှာတင် ဘေးနားက လူတွေက သူ့ကိုယ်စား ဝင်ဖြေပေးလိုက်ကြ၏။

 

“အပိုတွေ ပြောမနေနဲ့… ယွီကောမှာက ကူညီမယ့်လူ ရှိတယ်လေ… ဘယ်အချိန်ခေါ်ခေါ် အဖြေတွေက မှန်နေတာကိုး… မင်းကိုပဲ ခေါ်မှာပေါ့… သူ့ကို ဘယ်ခေါ်မလဲ…”

 

ကော်ကျင်းယွီက အရှေ့တန်းမှာ ထိုင်နေသည့် လီထုန်ကျိုးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ရယ်လိုက်သော်လည်း ဘာမှတော့ ပြန်မပြောပေ။

 

အတန်းထဲမှာ ပထမရသည့် စာဂျပိုး လီထုန်ကျိုးလို လူမျိုးက ကူညီပေးနေမှတော့ သူ မတ်တပ်ရပ်လိုက်သည်နှင့် အရှေ့တန်းက စာရွက်ပေါ်မှာ အဖြေတွေက အသင့်ရေးပြီးသား ဖြစ်နေပြီမို့လို့ ဖတ်ပြလိုက်ရုံသာ ဖြစ်၏။

 

ဟယ်ရှန်ယန်က တတွတ်တွတ် ဆက်ပြောနေတုန်းပင်။

 

“ငါကလည်း မင်း အဲ့လောက်တောင် အိပ်မောကျနေတာကို မြင်မှ စိတ်ချလက်ချ လိုက်အိပ်လိုက်တာပါဆို…”

 

ကော်ကျင်းယွီက သူ့ကို ဖွဖွလေး တစ်ချက်ကန်လိုက်ပြီး ရယ်လျက် ဆဲလိုက်သည်။

 

“သွားစမ်းပါ…”

 

လီထုန်ကျိုးက မတ်တပ်ရပ်ပြီး အပြင်ထွက်သွားရာ ကော်ကျင်းယွီက မြင်သည်နှင့် ကမန်းကတန်း နောက်ကနေ လိုက်သွားလိုက်သည်။

 

“ဘယ်သွားမလို့လဲ…”

 

လီထုန်ကျိုးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။

 

“တရုတ်စာဆရာမဆီ သွားမလို့… အိမ်စာစာအုပ်တွေ သွားသယ်မလို့လေ…”

 

ကော်ကျင်းယွီက ချက်ချင်းပင် သူ့ပခုံးပေါ် လက်တင်လိုက်ပြီး အတူတူ လိုက်သွားတော့၏။

 

“အတော်ပဲ… ငါ မင်းကို ကူသယ်ပေးမယ်… အတူတူ သွားကြတာပေါ့…”

 

လီထုန်ကျိုးက အနည်းငယ် အံ့သြသွားသည်။

 

စင်္ကြံလမ်းပေါ် ရောက်သည့်အခါတွင် သူ့ကို မနေနိုင်မထိုင်နိုင် ထပ်ကြည့်မိသွားပြီး စကားပြောဖို့ ဟန်ပြင်လိုက်ပေမဲ့ ပြန်မျိုချလိုက်၏။

 

ကော်ကျင်းယွီကလည်း သူ့ကို ကြည့်နေသော်လည်း စိတ်ခံစားချက်တွေကတော့ လုံးဝ ကွာခြားနေသည်။

 

သူ အခု လီထုန်ကျိုးကို သူ့မျက်စိရှေ့မှာတင် မြင်တွေ့နေရသည့်အခါ နှလုံးသားလေးက မထိန်းနိုင်မသိမ်းနိုင် တုန်ယင်လာတော့၏။

 

သေးငယ်သည့် လျှပ်စစ်စီးကြောင်းလေးတစ်ခုက နှိုးဆွပေးလိုက်သလိုမျိုး မျက်ရည်အိတ်လေးတွေဆီအထိ လာရောက် လှုံ့ဆော်နေသဖြင့် မျက်ဝန်းထဲတွင် တရစ်ဝဲဝဲ ဖြစ်လာသည့် မျက်ရည်စတွေကို ဖယ်ရှားနိုင်ရန်အတွက် အစွမ်းကုန် အောင့်ခံထားလိုက်ရသည်။

 

လီထုန်ကျိုးက ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် မနေနိုင်တော့ဘဲ တိုးတိုးလေး မေးလိုက်သည်။

 

“မင်း ဒီနှစ်ရက်အတွင်း တရုတ်စာဆရာမကို ရှောင်နေမယ်ဆို…”

 

ကော်ကျင်းယွီက ထူးဆန်းသွားသလို မေးလိုက်၏။

 

“ဘာလို့လဲ…”

 

လီထုန်ကျိုးက သူ့ကို ပိုပြီး ထူးဆန်းသလို ကြည့်လိုက်သည်။

 

“မင်း ပြီးခဲ့တဲ့အကြိမ်က (၇၂) မှတ်ပဲ ရခဲ့တာလေ…”

 

သူက ခဏလောက် စဉ်းစားလိုက်ပြီး ထပ်ဖြည့်ပြောလိုက်၏။

 

“စာမေးပွဲကျတာကို ပြောတာ…”

 

ကော်ကျင်းယွီ: “…”

 

ဒုက္ခပဲ…

 

သူ အထက်တန်းတုန်းက စာညံ့တဲ့ကောင်ဖြစ်ခဲ့တာကို မေ့သွားခဲ့တာပဲ…

 

chapter 1 ended

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset