⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 2

Chapter 2

 

—-

 

ကော်ကျင်းယွီက တရုတ်စာဆရာမ၏ ရုံးခန်းအထိ လိုက်သွားသော်လည်း အထဲတော့ မဝင်ရဲဘဲ အပြင်မှာပဲ စောင့်နေလိုက်သည်။

 

သူက ဘေးနားက လီထုန်ကျိုး တံခါးခေါက်ပြီးနောက် ‘ခွင့်ပြုပါ’ ဟု အော်ပြောကာ အထဲဝင်သွားသည်ကို ကြည့်နေမိ၏။

 

ထိုလူ အထဲဝင်သွားပြီးနောက် အခြားဆရာတွေ၏ စားပွဲခုံတွေကို ကျော်ဖြတ်သွားကာ မျက်စိအောက်ကနေ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်တော့သည်။

 

သူ မကြည့်ဘဲ မနေနိုင်ပေ။

 

တစ်ချက်လေး ပိုကြည့်ရလျှင်တောင် သူ ကျေနပ်နေမိ၏။

 

ဆရာတစ်ယောက်က လက်တစ်ဖက်က လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က သင်ခန်းစာ မှတ်စုစာအုပ်ကို ကိုင်ကာ အပြင်ထွက်လာရာ ကော်ကျင်းယွီက ဘေးကို နည်းနည်း ဖယ်ပေးလိုက်သည်။

 

ထိုဆရာက တံခါးဝရောက်သည့်အခါ သူ့ကို မြင်သွားပြီး ခြေလှမ်းရပ်ကာ ပြောလိုက်၏။

 

“မင်းတို့အတန်းပိုင်က ထပ်ခေါ်ပြန်ပြီလား… ကော်ကျင်းယွီရယ်… မင်းတို့ အတန်းပိုင်ဆရာက နှလုံးသိပ်မကောင်းဘူးလေ… အသက်ကလည်း ကြီးနေပြီ… မင်း ခဏနေ အထဲဝင်သွားရင် အေးအေးဆေးဆေး တောင်းပန်လိုက်… ဆရာ့ကို ထပ်ပြီး အာခံမနေနဲ့ဦး… ဒါနဲ့ မင်းရဲ့ ဒီတစ်ခေါက် သမိုင်းအမှတ်ကလည်း နည်းနည်း အခြေအနေ ဆိုးတယ်နော်… အနိုင်နိုင် အောင်ရုံလေးပဲ ရထားတာ… နောက်တစ်ခါကျရင် ပိုကြိုးစားပြီး အမှတ်ကောင်းကောင်း ရအောင် ဖြေဦး…”

 

ကော်ကျင်းယွီတစ်ယောက် ရုတ်တရက်ကြီး ဆုံးမခံလိုက်ရသဖြင့် ဘာပြန်ပြောရမှန်း မသိဖြစ်သွား၏။

 

သူက မျက်စိရှေ့က အများကြီး ငယ်ရွယ်နေသေးသည့် ဆရာကို သေချာကြည့်ပြီးနောက် စမ်းတဝါးဝါးနှင့် မေးလိုက်သည်။

 

“ဆရာရှီလား…”

 

ဆရာက ရယ်လိုက်ပြီး ပြန်ပြော၏။

 

“ဘာလဲ… အတန်းနှစ်ချိန်လောက် မတွေ့ရုံနဲ့ မင်းက ငါ့ကိုတောင် မမှတ်မိတော့ဘူးလား…”

 

ကော်ကျင်းယွီက ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပြီး ကြိုးကြိုးစားစား စာလုပ်ပါ့မည်ဟု ကတိပေးလိုက်မှသာ ဆရာရှီကလည်း ခေါင်းညိတ်ပြပြီး ထွက်သွားတော့သည်။

 

သူက အတန်း၏ ဒု-အတန်းပိုင်ဖြစ်ပြီး ဓာတုဗေဒဆရာရှီ ဖြစ်၏။

 

အတန်းပိုင်အစစ်ကတော့ ပထဝီဝင်သင်သည့် ဆရာစုန်း ဖြစ်သည်။

 

ဆရာစုန်းကတော့ အတန်းပိုင်အကြီးဖြစ်ပြီး ကျောင်းသားတွေ၏ အမှတ်တွေကို အဓိကထား ကိုင်တွယ်သူ ဖြစ်၏။

 

ဆရာရှီကတော့ အသက်ငယ်သေးပြီး အခုမှ အသက် (၂၀) ကျော်ရုံလေးသာ ရှိသေးသည်။ သူ့ကို အတန်းပိုင်အငယ်ဟု ခေါ်ကြပြီး ကျောင်းသားတွေ၏ စည်းကမ်းပိုင်းနှင့် လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်နိုင်ရန် အဓိကထား စီစဉ်ပေးသူ ဖြစ်၏။

 

ကော်ကျင်းယွီက တကယ်ပဲ မမှတ်မိခဲ့ခြင်း ဖြစ်သည်။

 

ဆရာရှီက သူ မှတ်မိထားသည့်ပုံစံထက် အများကြီး ငယ်ရွယ်နေသည်မဟုတ်လား။

 

အခုချိန်မှာ ဆရာရှီက ကျောင်းပြီးတာ နှစ်နှစ်တောင် မပြည့်သေးသည့် လူငယ်လေးတစ်ယောက်သာ ဖြစ်ပြီး အားအင်တွေ ပြည့်ဝနေကာ ဘယ်ကျောင်းသားကို မြင်မြင် လမ်းပျောက်နေသည့် သိုးငယ်လေးတွေလို သဘောထားပြီး လမ်းမှန်ရောက်အောင် လက်ဆွဲခေါ်ချင်နေသည့်ပုံပင်။

 

ကျောင်းသားတွေ အားလုံးကို တိုးတက်စေချင်သည့် ဆန္ဒတွေ အပြည့်ရှိနေ၏။

 

ဆရာရှီ၏ မျက်လုံးထဲတွင်တော့ ကော်ကျင်းယွီက လမ်းပျောက်နေသည့် သိုးအုပ်ထဲက ခေါင်းဆောင်သိုးကြီး ဖြစ်နေသည်။

 

ဒီတစ်ကောင်ကို သေချာ ပဲ့ပြင်ဆုံးမနိုင်လိုက်လျှင် စကားနားမထောင်သည့် ကျန်သည့် သိုးမည်းလေးတွေလည်း အကုန်လုံး သူ့အလိုလို ခေါင်းငုံ့သွားကြလိမ့်မည်ဟု တွေးထားပုံရ၏။

 

ကော်ကျင်းယွီက သူ့နှာခေါင်းထိပ်လေးကို ပွတ်လိုက်သည်။

 

သူ လူ့အသိုင်းအဝိုင်းထဲ ဝင်ဆံ့အောင်မြင်နေသည့် လူကြီးတစ်ယောက်အဖြစ် နေလာခဲ့သည်မှာ နှစ်တွေ အတော်ကြာခဲ့ပြီဖြစ်ရာ ရုတ်တရက်ကြီး စာညံ့တဲ့ ကျောင်းသားတစ်ယောက်ဆိုသည့် အဖြစ်မှန်ကို ချက်ချင်း လက်မခံနိုင်သေးပေ။

 

သူ မှတ်မိသလောက်ဆိုလျှင် ဒုတိယနှစ်ရဲ့နှစ်ဝက်တွင် ဘာသာရပ်ရွေးချယ်ရာ၌ အနုပညာဘာသာရပ်ကို ရွေးချယ်ခဲ့သည်။

 

ထိုအချိန်က အိမ်ကလူတွေက သူ့ကို တက္ကသိုလ်ကောင်းကောင်းတစ်ခု တက်စေချင်ပြီး ကျောင်းပြီးလျှင် အလုပ်အကိုင် ကောင်းကောင်း ရစေချင်သည့် ရည်ရွယ်ချက်ဖြင့် ရွေးခိုင်းခဲ့ခြင်း ဖြစ်၏။

 

သူ့မှာလည်း ပန်းချီဆွဲသည့်ဘက်တွင် ပါရမီလေး နည်းနည်း ရှိနေသည်မဟုတ်လား။

 

သို့ပေမဲ့ သူ့၏ အနုပညာပါရမီက အတော်လေး မြင့်မားနေလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။

 

(၆) လလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက်မှာတော့ အနုပညာတက္ကသိုလ်ကို တန်းပြီး ဝင်ခွင့်ရသွားခဲ့သည်။

 

နောက်ပိုင်းမှာတော့ ကျောင်းသားဖလှယ်ရေး အစီအစဉ်ဖြင့် နိုင်ငံခြားကို သွားခွင့်ရခဲ့ပြီး စာညံ့သည့် ကျောင်းသားဘဝကနေ အောင်မြင်လာသူတစ်ယောက် ဖြစ်လာခဲ့၏။

 

ကော်ကျင်းယွီက နံရံကို မှီကာ လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး စင်္ကြံလမ်းပေါ် ဖြတ်သွားဖြတ်လာ လုပ်နေကြသည့် လူတွေကို မျက်လုံးလေး မှေးကာ ကြည့်ရင်း ရင်ထဲတွင် တသသ ဖြစ်နေမိသည်။

 

နောက်ပိုင်းတွင် သူ့ဓာတ်ပုံက ကျောင်း၏ ကြော်ငြာသင်ပုန်းပေါ်တွင် ထူးချွန်ကျောင်းသားဟောင်းတစ်ယောက်အနေဖြင့် ချိတ်ဆွဲခံခဲ့ရပြီး ကျောင်းအုပ်ကြီးကတောင် သူ့ကို ကျောင်းပြန်လာပြီး စကားပြောပေးဖို့ ဖိတ်ခေါ်ခဲ့ဖူး၏။

 

သူကလည်း ကျေးဇူးဆပ်သည့်အနေဖြင့် အခြားကျောင်းသားဟောင်းအချို့နှင့် ပေါင်းကာ အရှေ့ဘက် ကျောင်းဆောင်နံဘေးတွင် စာကြည့်တိုက် အဆောက်အအုံတစ်ခု လှူဒါန်းခဲ့သည်။

 

သို့ပေမဲ့ အခုအချိန်မှာတော့ ထိုနေရာလေးက မြေကွက်လပ်ကြီး ဖြစ်နေပြီး ကျောက်မီးသွေးပြာတွေ ခင်းထားသည့် အားကစားကွင်း၏ ထောင့်တစ်နေရာကိုသာ ခပ်ရေးရေး မြင်နေရ၏။

 

ထိုအပေါ်တွင် ရေးဆွဲထားသည့် ထုံးဖြူမျဉ်းတွေကတော့ အတော်လေး ရှင်းလင်းနေပြီး ကျောင်းသား နှစ်ယောက်သုံးယောက်လောက် ဖြတ်သွားနေသည်ကို မြင်နေရသည်။

 

လီထုန်ကျိုးက ဆရာ့ရုံးခန်းထဲကနေ မကြာခင် ပြန်ထွက်လာခဲ့သည်။

 

အိမ်စာစာအုပ်တွေအပြင် မေးခွန်းလွှာ တစ်ထပ်ကိုပါ ကိုင်လာ၏။

 

ကော်ကျင်းယွီက မြင်သည်နှင့် အမြန် ပြေးသွားကာ တချို့ကို ကူသယ်ပေးလိုက်ပြီး တိုးတိုးလေး စကားပြောလိုက်သည်။

 

လီထုန်ကျိုးက စိတ်အခြေအနေ ကောင်းနေပုံရပြီး ကော်ကျင်းယွီကလည်း ပြုံးလျက် မေးလိုက်၏။

 

“ဒီတစ်ခေါက် စာမေးပွဲ ကောင်းကောင်း ဖြေနိုင်ခဲ့တယ်ပေါ့…”

 

လီထုန်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။

 

ကော်ကျင်းယွီက ချီးကျူးလိုက်၏။

 

“မင်းက အမြဲတမ်း အမှတ်ကောင်းတာပဲလေ… ညနေ ကျောင်းဆင်းရင် အတူတူ ပြန်ကြမယ်… ငါ အကင် ဝယ်ကျွေးမယ်… ဘယ်လိုလဲ…”

 

လီထုန်ကျိုးက ခဏလောက် တွန့်ဆုတ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

 

ထို့နောက် ပြန်မေးလိုက်၏။

 

“မင်း ဟယ်ရှန်ယန်တို့နဲ့ ဘောလုံး သွားမကန်တော့ဘူးလား…”

 

“မသွားတော့ဘူး… ဘောလုံးကန်ရတာ ပျင်းစရာကြီး… ကျောင်းပေါက်ဝက လီတအကင်ဆိုင်ဆီ သွားစားကြမယ်လေ… သူတို့ဆိုင်က ကြက်အရိုးနုကင်နဲ့ ကြက်တောင်ပံအစပ်ကင်က စားလို့ကောင်းတယ်…”

 

“အင်း…”

 

ဒီတစ်ခါတော့ လီထုန်ကျိုးက ချက်ချင်း သဘောတူလိုက်ပြီး သူ့အသံလေးထဲတွင် ကိုယ်တိုင်တောင် သတိမထားမိသည့် တက်ကြွမှုလေးတွေ ပါဝင်နေ၏။

 

နောက်ထပ် တရုတ်စာအချိန်ရောက်သည့်အခါတွင်တော့ ကော်ကျင်းယွီတစ်ယောက် သူက စာညံ့သည့် ကျောင်းသားတစ်ယောက်ဆိုသည့် အဖြစ်မှန်ကို အတင်းအကျပ် လက်ခံလိုက်ရပြန်သည်။

 

ကော်ကျင်းယွီက သူ့ပါးလေးကို သူ ကုတ်လိုက်ပြီး မတ်တပ်ရပ် အပြစ်ပေးခံနေရရင်း မေးခွန်းလွှာပေါ်က အနီရောင် ‘၇၂’ မှတ်ကြီးကို ကြည့်ကာ မကျေမနပ် ဖြစ်နေမိ၏။

 

သူ အထက်တန်းတုန်းက စာ အဲ့လောက်တောင် ညံ့ခဲ့တာလား။

 

သူ လုံးဝ မမှတ်မိတော့ပေ။

 

အချိန်တွေ အများကြီး ကြာသွားပြီဖြစ်ရာ အထက်တန်းနှင့် ပတ်သက်သည့် အမှတ်တရတွေက မှုန်ဝါးနေသည်။ တတိယနှစ်တုန်းက နယ်က ပန်းချီသင်တန်းတွင် သွားရောက်လေ့ကျင့်ခဲ့ရသည်များနှင့် နောက်ဆုံး အနုပညာစာမေးပွဲ ဖြေဆိုပြီးနောက် အိမ်ကို ရောက်လာသည့် နာမည်ကြီး တက္ကသိုလ်တွေဆီက ဝင်ခွင့်စာတွေကိုသာ မှတ်မိတော့၏။

 

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုအချိန်က သူက အတော်လေး နာမည်ကြီးခဲ့သည်။

 

သူ့မိဘတွေက သူ ကျောင်းမဝင်နိုင်မှာကို စိုးရိမ်သဖြင့် ကျောင်းများများ ဖြေခိုင်းခဲ့ပြီး အချိန်ပေးနိုင်သမျှ ကျောင်းတိုင်းနီးပါးကို သွားရောက် ဖြေဆိုခဲ့ရ၏။

 

သူကိုယ်တိုင်ကလည်း ကြိုးစားခဲ့ရာ တခြားသူတွေက ကျောင်း (၅) ကျောင်း (၆) ကျောင်းလောက် ဝင်ခွင့်ရတာနဲ့တင် ကျေနပ်နေကြချိန်တွင် သူက တစ်ကျော့တည်းနဲ့ ကျောင်းပေါင်း (၂၀) ကျော်ဆီက အနုပညာဘာသာရပ်အတွက် ဝင်ခွင့်စာတွေကို ရရှိခဲ့သည်။

 

ထိုနှစ်ဝက်အတွင်းတွင် သူက ကျောင်းတစ်ကျောင်းလုံးတွင် နာမည်အကြီးဆုံး ဖြစ်သွားခဲ့ပြီး ကျောင်းအုပ်ကြီးကတောင် လူကိုယ်တိုင် လာရောက် ကြည့်ရှုခဲ့ရသည်အထိပင်။

 

ဘာပဲဖြစ်ဖြစ် သူက ချင်းဟွာ အနုပညာတက္ကသိုလ်၏ ဝင်ခွင့်လက်မှတ်ကိုတောင် ရထားသည်မဟုတ်လား။

 

ကျောင်းသင်ခန်းစာတွေမှာသာ အမှတ်နည်းနည်း ပိုရအောင် ကြိုးစားလိုက်လျှင် ကျောင်းအတွက် နာမည်ကြီး တက္ကသိုလ် ဝင်ခွင့်ရသည့် ရာခိုင်နှုန်းကို တကယ်ပဲ မြှင့်တင်ပေးနိုင်မည် ဖြစ်၏။

 

ထိုနှစ်တွေက သူ ချင်းဟွာတက္ကသိုလ်ကို ဝင်ခွင့်ရရန် အမှတ် အနည်းငယ်သာ လိုတော့သည်။

 

နောက်ဆုံးမှာတော့ လက်ပြနှုတ်ဆက်ခဲ့ရပြီး နောင်တအနည်းငယ်နှင့်အတူ နိုင်ငံ၏ အကောင်းဆုံး အနုပညာတက္ကသိုလ်ကိုသာ တက်ရောက်ခဲ့ရ၏။

 

တရုတ်စာဆရာမက ကျောက်သင်ပုန်းဖျက်နှင့် စားပွဲခုံကို ခပ်ပြင်းပြင်း ခေါက်လိုက်ပြီး ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။

 

“ကော်ကျင်းယွီ… ဒီလိုအမှတ်မျိုး ရထားတာကို… မင်းကိုယ်မင်း အပြစ်ရှိတယ်လို့ မခံစားရတဲ့အပြင်… မင်းကိုယ်တိုင် ဖြေထားတာ မဟုတ်တဲ့ရုပ်မျိုး လုပ်နေသေးတယ်ပေါ့… မင်းက ဆရာမ ဒေါသထွက်ပြီး သေသွားမှ ကျေနပ်မှာလား…”

 

“…”

 

ဒီအမှတ်တွေကို သူကိုယ်တိုင် ဖြေထားခဲ့တာပါဆိုသည်ကို သူ တကယ်ပဲ လက်မခံချင်ပေ။

 

ထိုနှစ်ဝက်အတွင်းက သူ ကြိုးစားခဲ့လို့ ချင်းဟွာတက္ကသိုလ်ကိုတောင် ရောက်လုနီးပါး ဖြစ်ခဲ့တာကိုး။

 

သို့ပေမဲ့ ဆရာမက အဲ့ဒီလို မေးလာသည့်အခါတွင်တော့ သူ အမြန် ခေါင်းငုံ့ကာ အမှားဝန်ခံလိုက်ရ၏။

 

သူတို့ကျောင်းက သာမန်ကျောင်းလေးတစ်ကျောင်းသာ ဖြစ်ပြီး သင်ကြားရေးပိုင်းက မြို့တွင်းမှာတော့ အဆင်ပြေသော်လည်း အခြားနေရာများနှင့် ယှဉ်လိုက်လျှင်တော့ အများကြီး နောက်ကျနေသေးသည်။

 

နှစ်စဉ် တက္ကသိုလ်ဝင်ခွင့်ရသည့် ကျောင်းသားတွေ အများကြီး ထွက်ပေါ်လာတာကလည်း ဆရာတွေ၏ ကြိုးကြိုးစားစား သင်ကြားမှုနှင့် တင်းကျပ်သည့် စည်းကမ်းတွေကြောင့်သာ ဖြစ်၏။

 

သူ့၏ စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်က လူကြီးတစ်ယောက် ဖြစ်နေပြီမို့လို့ ငယ်ငယ်တုန်းကလို ဆရာတွေကို အာခံပြီး ပြဿနာရှာသည့် ကျောင်းသားမျိုးတော့ မလုပ်တော့ပေ။

 

လူ့အသိုင်းအဝိုင်း၏ ရိုက်နှက်မှုတွေကို ခံရပြီးနောက်တွင်တော့ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမတွေ၏ စေတနာကို သူ အတော်လေး နားလည်လာခဲ့ပြီ ဖြစ်သည်။

 

ခေါင်းပြန်မော့ကြည့်လိုက်သည့်အခါ အရှေ့တန်းတွင် ထိုင်နေသည့် လီထုန်ကျိုးက သူ့အိမ်စာစာအုပ်လေးကို နောက်သို့ နည်းနည်း တွန်းပို့ပေးလိုက်သည်ကို မြင်လိုက်ရ၏။

 

အိမ်စာစာအုပ်ပေါ်တွင်တော့ အပြုံးမျက်နှာလေး တစ်ခု ရေးဆွဲထားသည်။

 

ကလေးတွေ ဆွဲသလိုမျိုး အလွန် ရိုးရှင်းသည့် ပုံလေး ဖြစ်၏။

 

မျက်လုံးတွေက မျဉ်းဖြောင့်နှစ်ကြောင်း ဖြစ်ပြီး ပါးစပ်ကတော့ ကွေးကွေးလေး ဖြစ်သည်။

 

ခေါင်းပုံလေးကိုတော့ အလွန် သေသပ်စွာ ဆွဲထားပြီး စက်ဝိုင်းဆွဲသည့် ကိရိယာနှင့် ဆွဲထားသလိုမျိုး အလွန် ဝိုင်းစက်နေ၏။

 

၎င်းက လီထုန်ကျိုးနှင့် တူလွန်းလှသည်။

 

တုံးအအနှင့် တည်ငြိမ်လွန်းသော်လည်း သူ့ကို ပျော်အောင် ထားဖို့တော့ အမြဲ ကြိုးစားပေးတတ်၏။

 

ကော်ကျင်းယွီက ရယ်လိုက်မိသော်လည်း သူ့နှုတ်ခမ်းထောင့်စွန်းလေးက ပြန်မကျသေးခင်မှာတင် တရုတ်စာဆရာမက သူ့နာမည်ကို ထပ်ခေါ်လိုက်ပြန်သည်။

 

ဒီတစ်ခါတော့ ဆရာမက တကယ်ပဲ ဒေါသထွက်လွန်းလို့ ငိုချင်လာပုံရ၏။

 

ပြဿနာရှာသည့် ကျောင်းသားတွေ၏ ခေါင်းဆောင် ကော်ကျင်းယွီက သူ့ကို တမင်သက်သက် ဆန့်ကျင်နေသည်ဟု ထင်သွားပုံရပြီး မျက်ရည်ဝဲလျက်နှင့် သူ့ကို အပြင်ထွက်ကာ မတ်တပ်ရပ် အပြစ်ပေးခံရန် ပြောလိုက်သည်။

 

ကော်ကျင်းယွီက ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။

 

“ဆရာမ… ဆရာမ… ကျွန်တော် မှားသွားပါတယ်… ကျွန်တော် တောင်းပန်ပါတယ်…”

 

ဆရာမလေးက တကယ် ငိုတော့မည်ဖြစ်ပြီး မျက်လုံးအစုံက နီရဲနေလျက် တံခါးပေါက်ကို လက်ညှိုးထိုးကာ ရှိုက်ကြီးတငင်နှင့် ပြောလိုက်သည်။

 

“မင်း… မင်း အပြင် ထွက်မှာလား… မထွက်ဘူးလား…”

 

“ထွက်ပါ့မယ်… ထွက်ပါ့မယ်…”

 

ကော်ကျင်းယွီက စာအုပ်ကို ကိုင်ကာ အပြင်ထွက်သွားတော့သည်။

 

သူ ခြေလှမ်းစလှမ်းသည်နှင့် ဟယ်ရှန်ယန်တို့ အုပ်စုကလည်း သူ့နောက်ကနေ လိုက်ထွက်ဖို့ ပြင်ကြ၏။

 

သူတို့ကတော့ ဒါကို သစ္စာရှိခြင်းဟု ထင်နေကြသော်လည်း ကော်ကျင်းယွီက လူကြီးတစ်ယောက် ဖြစ်နေပြီမဟုတ်လား။

 

သူတို့လို လူပျိုပေါက်လေးတွေလို စိတ်မျိုး ဘယ်ရှိတော့မည်နည်း။

 

တစ်ယောက်ကို တစ်ချက်စီ ကန်ကာ နောက်ပြန်လှည့်ခိုင်းပြီး အတန်းထဲမှာပဲ အေးအေးဆေးဆေး စာသင်ဖို့ ပြောလိုက်သည်။

 

တရုတ်စာဆရာမက အတန်းထဲက ကျောင်းသားတွေကို စာကျက်ခိုင်းသည့်အခါ သူလည်း တံခါးဝတွင် စာအုပ်ကို ကိုင်ကာ အသံကျယ်ကျယ်နှင့် လိုက်ဖတ်နေလိုက်၏။

 

သူက နောက်ပေါက်ကို တမင်ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး အတန်းထဲကို လှမ်းကြည့်သည့်အခါ လီထုန်ကျိုးကို ပိုပြီး မြင်ရအောင်လို့ ဖြစ်သည်။

 

လီထုန်ကျိုးကလည်း တစ်ချက်တစ်ချက် သူ့ကို လှည့်ကြည့်တတ်ပြီး အကြည့်ချင်း ဆုံသည့်အချိန်က အလွန်တိုတောင်းလှသည်။

 

တစ်စက္ကန့်လောက် ကြည့်ပြီးသည်နှင့် ခေါင်းပြန်ငုံ့ကာ စာဆက်လုပ်တော့၏။

 

သူ့မျက်နှာပေါ်က အမူအရာကတော့ အမြဲတမ်းလိုလို ခပ်တည်တည်ပဲ ဖြစ်ပြီး ဘာခံစားချက်မှ ဖတ်လို့မရပေ။

 

ကျောင်းဆင်းသည့်အချိန်ရောက်တော့ ကော်ကျင်းယွီက လီထုန်ကျိုးကို အတူတူ အကင်သွားစားရန် ခေါ်လိုက်သည်။

 

အထက်တန်းကျောင်းသားဘဝတွင် အမှတ်ရစရာ အကောင်းဆုံးအရာကို ပြပါဆိုလျှင် တောင်ပုံရာပုံ စာမေးပွဲမေးခွန်းလွှာတွေအပြင် ကျောင်းပေါက်ဝက လီတအကင်ဆိုင်ပဲ ဖြစ်လိမ့်မည်။

 

စတုရန်းဆယ်မီတာလောက်သာ ကျယ်သည့် ဆိုင်ခန်းလေးထဲတွင် အထဲကနေ အပြင်အထိ နေရာလွတ်ရှိသမျှ နေရာတိုင်း၌ စားပွဲပုလေးတွေနှင့် ခွေးခြေခုံလေးတွေကို ချထား၏။

 

သံပြားပန်းကန်ပေါ်တွင် ပလတ်စတစ်အိတ်လေး စွပ်ထားပြီး အသားကင်နှင့် အရွက်ကင်တွေကို အမြင့်ကြီး ထပ်ကာ ဆီတွေ တမြမြနှင့် လာချပေးတတ်သည်။

 

ဇီရာစေ့နှင့် ငရုတ်သီးနံ့တွေက မွှေးကြိုင်နေပြီး အဘိုးကြီး လီ၏ အော်သံကလည်း အလွန် ကျယ်လောင်လှသည်။

 

သူက တစ်ခုခုကို အော်လိုက်သည်နှင့် ဘေးနားက လူတွေကလည်း မနေနိုင်ဘဲ နောက်ထပ် အကင်တွေ ထပ်မှာကြတော့၏။

 

အစားအသောက်တွေကို မြင်လိုက်တာနဲ့တင် သွားရည်ကျလာစေသည်။

 

စားပွဲပုလေး တစ်လုံးကို ရှာပြီး ထိုင်လိုက်ပြီးနောက် ကော်ကျင်းယွီက အများကြီး တစ်ခါတည်း မှာလိုက်၏။

 

သူ့မှတ်ဉာဏ်တွေက ပိုပြီး ရှင်းလင်းလာသည်။

 

ဒီဆိုင်လေးက သူနှင့် လီထုန်ကျိုးတို့ အကြိမ်ပေါင်းများစွာ လာစားခဲ့ဖူးသည့် ဆိုင်လေးဖြစ်ပြီး အထဲဝင်လာတာနဲ့တင် ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်ကို ရရှိစေ၏။

 

လီထုန်ကျိုးက လက်ဖက်ရည်ကြမ်းနှင့် သူ့ရေခွက်ကို ဆေးပေးပြီး ရေတစ်ခွက် ငှဲ့ကာ သူ့ရှေ့ကို တွန်းပို့ပေးလာသည်။

 

——-

 

စာရေးသူ၏ အမှာစကား –

 

စာသင်ခန်းအပြင်ဘက်တွင် မတ်တပ်ရပ် အပြစ်ပေးခံရချိန်၌ –

 

အောင်မြင်နေသူကြီး ကော်ကျင်းယွီ : “ဘာ… ငါက စာဂျပိုး ကာရိုက်တာ မဟုတ်ဘဲ စာညံ့တဲ့ကောင် ဖြစ်နေတာလား…!”

 

စာသင်ခန်းထဲတွင် အလေးအနက် စာလုပ်နေသော လီထုန်ကျိုး : “သူက တကယ် ချစ်ဖို့ကောင်းတာပဲ…”

 

chapter 2 ended

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset