⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 31+32+33+34+35

Chapter 31

မူလက စားပွဲပေါ်တွင် ခဏတာမျှ မှောက်၍အနားယူရန်သာ ကြံရွယ်ခဲ့သော်လည်း၊ ကျန့်ချီ နောက်တစ်ကြိမ် မျက်လုံးဖွင့်ကြည့်သောအခါ၊ ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်သည် အနက်ရောင်ဖြင့် လုံးဝအစားထိုးခြင်းခံလိုက်ရပြီး၊ ခပ်ဖျော့ဖျော့ ကြယ်ရောင်များ ထွက်ပေါ်နေခဲ့ချေပြီ။

ကျန့်ချီသည် သူ၏တောင့်တင်းနေသော ကျောပြင်ကို ဆန့်တန်းလိုက်သောအခါမှ၊ သူ၏ကိုယ်ပေါ်တွင် အပေါ်ထပ်အင်္ကျီတစ်ထည်ကို မည်သည့်အချိန်က လွှမ်းခြုံပေးထားသည်ကို သတိပြုမိ၏။ ရင်ဘတ်ရှေ့တွင် ခရမ်းရောင်ကျောက်မျက်ပါသော ရင်ထိုးတံဆိပ်တစ်ခုကို ထိုးတပ်ထားသည်။

“မင်း နိုးပြီလား”

သူ၏ရှေ့စားပွဲတွင် ထိုင်နေသော ကျိဟွိုက်စစ်သည် ခေါင်းမော့ကာ ပြုံးပြ၏။ သူ၏ကိုယ်ပေါ်တွင် ရှပ်အင်္ကျီတစ်ထည်တည်းသာ ဝတ်ဆင်ထားသည်။ အိပ်ချင်မူးတူးဖြစ်နေသောကြောင့်လား မသိ၊ ကျန့်ချီသည် ကျိဟွိုက်စစ်၏ မျက်ဝန်းထဲမှ ဂရုစိုက်မှုကို ရင်ဆိုင်ရသောအခါ၊ သူ၏စိတ်ထဲတွင် ပြောမပြတတ်သော လေးလံမှုတစ်ခု အကြောင်းမဲ့ ဖြစ်ပေါ်လာခဲ့သည်။

ဇာတ်လမ်း၏အဆုံးသတ်တွင်၊ လူတိုင်းသည် ပြီးပြည့်စုံသည်ဟု ဆိုနိုင်သော နိဂုံးတစ်ခုကို ပိုင်ဆိုင်ခဲ့ကြ၏။ အဘယ်ကြောင့် ကျိဟွိုက်စစ်တစ်ယောက်တည်းသာ ဝမ်းနည်းဖွယ်ဇာတ်သိမ်းလမ်းသို့ လျှောက်လှမ်းခဲ့ရသနည်း။

ကျိဟွိုက်စစ်၏ ဘဝသည် စာအုပ်ထဲမှ ထိုကားမတော်တဆမှုကြောင့် လုံးဝပျက်စီးသွားတာမျိုး မဖြစ်သင့်ခဲ့ပေ။

ကျောင်းသားကောင်စီရွေးချယ်ပွဲ၏ အဖြေကို နှစ်ရက်ကြာပြီးနောက် အသိပေးကြော်ငြာသင်ပုန်းပေါ်တွင် ထုတ်ပြန်ကြေညာ၏။ ကျန့်ချီသည် ရပ်တန့်၍ နှစ်ပတ်ခန့် ရှာဖွေကြည့်သော်လည်း၊ ပါးလွှာသော နာမည်စာရင်းပေါ်တွင် ပိုင်ရှီယွီ၏ အမည်ကို မတွေ့ခဲ့ရပေ။

မျှော်လင့်ထားသည့်အတိုင်းပင်။

——–

နူးညံ့သောရေသည် ခန္ဓာကိုယ်ကို ပွေ့ဖက်ထားပြီး၊ မနက်ခင်းတစ်ခုလုံး၏ ပင်ပန်းနွမ်းနယ်မှုကို မောင်းထုတ်ပေး၏။

ဆရာကောင်းယန်သည် ယနေ့တွင် မရှိပေ။ အစားထိုးသင်ကြားပေးသော ဆရာသည် ကမ်းစပ်တွင် ကျောင်းသားတစ်စုနှင့် စကားစမြည်ပြောဆိုနေသည်။ ကျန့်ချီသည် ရှားရှားပါးပါး အေးအေးဆေးဆေးနေခွင့်ရသဖြင့်၊ သူ၏အောက်မှရေပြင်ကို ဖြည်းညှင်းစွာ ဖြတ်သန်းကူးခတ်ရင်း၊ ကျောပြင်ကို ထောက်ပံ့ထားသော ရေ၏ ပေါ့ပါးမှုကို ခံစားနေ၏။

အဆုံးသတ်ပြီးနောက် ရေချိုးအဝတ်လဲပြီးသောအခါ၊ ကျန့်ချီသည် အကျင့်အတိုင်း စောစောထွက်ခွာလာခဲ့သည်။ ရေကူးကန်မှ ထွက်လာစဉ်၊ ထောင့်ချိုးတစ်ခုတွင် လူတစ်ယောက်နှင့် ဆုံမိ၏။ သူ ရှောင်တိမ်းရန် ပြင်လိုက်စဉ်၊ တစ်ဖက်လူက လှုပ်ရှားလာပြီး သူ၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။

ကျန့်ချီသည် ခေါင်းမော့ကြည့်လိုက်ရာ၊ သူ၏ဦးနှောက်သည် စက္ကန့်အနည်းငယ်မျှ ဗလာဖြစ်သွား၏။

ဝမ်ချွမ်၏ စိုစွတ်နေသော ဆံပင်ရှည်များသည် သူ၏နောက်ကျောတွင် ဖားလျားကျနေပြီး၊ ပြစ်မျိုးမှဲ့မထင်သော မျက်နှာသွင်ပြင်သည် ထိုနေ့က မေ့လဲသွားစဉ်ကကဲ့သို့ပင် မျက်စိရှေ့တွင် ချဲ့ကားနေသည်။ စိုက်ကြည့်လာသော မျက်ဝန်းတစ်စုံသည် အေးစက်နေပြီး မည်သည့်ပိုလျှံသော စိတ်ခံစားမှုမျှ မမြင်တွေ့ရပေ။ ကျန့်ချီသည် အသက်ရှူအောင့်လိုက်ပြီး၊ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

“…ဘာကိစ္စများ ရှိလို့လဲ။”

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက်၊ ဝမ်ချွမ်၏ ပါးလွှာသော နှုတ်ခမ်းများသည် လှုပ်ရှားသွားပြီး စကားတစ်ခွန်း ထွက်ကျလာသည်။

“ဆရာကောင်းယန်က ငါ့ကို မင်းကိုပြောခိုင်းလိုက်တယ်။ ရေကူးပြိုင်ပွဲအတွက် စာရင်းပေးသွင်းတာက နှစ်ရက်နေရင် နောက်ဆုံးနေ့ပဲတဲ့။”

ထိုစကားသံသည် နားထဲတွင် ကျရောက်လာသောအခါ၊ ကျန့်ချီ၏ တင်းမာနေသော စိတ်သည် တဖြည်းဖြည်း ပြန်လည်ဖြေလျှော့သွားသည်။

“ငါ ဆရာကောင်းယန်ကို ပြိုင်ပွဲမဝင်ဘူးလို့ ပြောပြီးသွားပြီ။”

ဝမ်ချွမ်သည် စကားမဆိုပေ။ ကျန့်ချီသည် စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

“ငါ အရင်သွားလို့ရမလား။”

အဘယ်ကြောင့်မှန်းမသိ၊ ဝမ်ချွမ်နှင့် ရင်ဆိုင်ရသောအခါ ကျန့်ချီ၏ စိတ်ထဲတွင် အမည်မဖော်နိုင်သော စိတ်မလုံခြုံမှုတစ်ခု အမြဲရှိနေ၏။ ဖြစ်နိုင်သည်မှာ ထိုနေ့က ဝမ်ချွမ် သူ၏ကိုယ်ပေါ်တွင် မေ့လဲကျသွားသည့် မြင်ကွင်းနှင့် ဆေးပေးခန်းထဲမှ နားလည်မှုလွဲခြင်းတို့ကို မနေနိုင်ဘဲ ပြန်လည်သတိရနေသောကြောင့် ဖြစ်ပေမည်။ သို့သော် ကျန့်ချီ ဆက်လက်စဉ်းစားမနေခင်မှာပင်၊ ဝမ်ချွမ်က မေးသည်ကို ကြားလိုက်ရသည်။

“ဘာလို့ ပြိုင်ပွဲမဝင်တာလဲ။”

ကျန့်ချီသည် မိမိကိုယ်တိုင် ထင်ယောင်ထင်မှားဖြစ်သွားသည်ဟုပင် ထင်မှတ်သွား၏။ သူသည် ခဏတာမျှ ကြောင်ငေးသွားသည်။

“…စိတ်မဝင်စားလို့ပါ…”

ဝမ်ချွမ်သည် သူ၏မျက်လုံးများကို ခပ်ဖျော့ဖျော့ ဖွင့်လိုက်သည်။

“ငါက မင်း ငါ့ကို ရှောင်ချင်လို့ ငြင်းလိုက်တယ်လို့ ထင်နေတာ။”

ကျန့်ချီ၏ နားထင်စပ်သည် တစ်ချက် ပူခနဲဖြစ်သွား၏။ သူသည် သူ့မျက်စိရှေ့မှ ဝမ်ချွမ်ကို တစ်စုံတစ်ယောက်က လဲလှယ်သွားလေသလားဟုပင် သံသယဝင်သွားသည်။ ပြန်စဉ်းစားကြည့်လျှင်၊ သူတို့နှစ်ဦးကြားမှ စကားပြောဆိုမှုများသည် လက်ချိုးရေ၍ပင် ရ၏။ ဝမ်ချွမ်သည် အစဉ်အမြဲ အေးစက်စကားနည်းသူတစ်ဦး ဖြစ်ခဲ့သည်။ ရုတ်တရက်ဖြစ်ပေါ်လာသော ဤဂရုစိုက်မှုသည် ကျန့်ချီအား ကြိုတင်ပြင်ဆင်မှုမရှိစေခဲ့ပေ။ သို့သော် ‘ရှောင်တိမ်းခြင်း’ ဆိုသည်မှာ လုံးဝလိမ်ညာစကားတော့လည်း မဟုတ်ခဲ့ချေ။

သူ့အမူအရာက အဲ့ဒီလောက်တောင် သိသာနေလို့လား။

“မင်းကြောင့် မဟုတ်ပါဘူး။ တခြားကိစ္စမရှိရင် ငါ အရင်သွားတော့မယ်။”

ဝမ်ချွမ်သည် သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး၊ သူ၏မျက်ဝန်းအောက်ခြေတွင် အနည်းငယ်လေးနက်သော အရောင်တစ်စွန်းတစ်စ သန်းသွား၏။ သူသည် လမ်းဖယ်မပေးဘဲ၊ အသံတိုးတိုးဖြင့် စကားလုံးနှစ်လုံးကို ဆိုသည်။

“လိမ်းဆေး”

ကျန့်ချီသည် သူ့ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

“ဘာ… ဘာကိုလဲ။”

“ငါ မင်းဆီကနေ လိမ်းဆေးလာယူလို့ရတယ်လို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား။”

ဝမ်ချွမ်သည် ဤစကားကို ပြောသောအခါ သူ၏အသံနှင့် အမူအရာမှာ အေးစက်တင်းမာမနေခဲ့ပေ။ အကယ်၍သာ စကားထဲမှ အကြောင်းအရာကို လျစ်လျူရှုလိုက်မည်ဆိုလျှင်၊ ကျန့်ချီသည် မိမိကိုယ်တိုင် ဘာအမှားများလုပ်ခဲ့မိ၍ လက်တုံ့ပြန်ခြင်းခံနေရသည်ဟုပင် ထင်မှတ်သွားပေလိမ့်မည်။ သို့သော် နောက်ဆုံးတွင်မူ၊ ဤအရာအားလုံးသည် လိမ်းဆေးတစ်ဘူးအတွက်သာ ဖြစ်နေခဲ့သည်။

တစ်ခဏအတွင်း၊ ကျန့်ချီသည် ဆရာကောင်းယန်၏ စကားဆိုသည်မှာလည်း ဝမ်ချွမ် ဒီတိုင်းပြောလိုက်သော ဆင်ခြေတစ်ခုသာဖြစ်မည်ဟု သံသယဝင်သွား၏။ သူသည် ဤကိစ္စကို တစ်ကြိမ်ငြင်းပယ်ပြီးဖြစ်သလို၊ ဆရာကောင်းယန်သည်လည်း နောက်ပိုင်းတွင် ထပ်မံမပြောခဲ့ပေ။ သူနှင့် လုံးဝမရင်းနှီးသော ဝမ်ချွမ်ကို စကားပါးခိုင်းရန် အကြောင်းမရှိပေ။

အတွေးပေါင်းများစွာသည် စုစည်းသွား၏။ ကျန့်ချီသည် ရှင်းလင်းစွာ ထုတ်မပြောတော့ဘဲ၊ အိတ်ထဲမှ အမြဲဆောင်ထားသော လိမ်းဆေးကို ထုတ်ယူကာ ဝမ်ချွမ်ထံသို့ ကမ်းပေးလိုက်သည်။

“မင်း ယူသွားပြီး သုံးလိုက်ပါ။ ပြန်ပေးစရာမလိုတော့ဘူး။”

ဘာမှမတတ်နိုင်ပေ။ ဤစကားများကို အမှန်တကယ်ပင် သူသည် ယခင်က မသိနားမလည်ဘဲ ဝမ်ချွမ်ကို ပြောခဲ့ဖူးသည်ပင်။ ငြင်းဆန်ခြင်းဖြင့် သံသယဖြစ်ပွားစေမည့်အစား၊ ကျန့်ချီသည် လိမ်းဆေးတစ်ဘူးဖြင့် မိမိကိုယ်ကို သံသယကင်းရှင်းစေရန် ရွေးချယ်လိုက်၏။

“ငါ မင်းကို ပြန်ပေးမှာပါ။” ဝမ်ချွမ်က ဆိုသည်။

သူတို့သည် ဤနေရာတွင် ရပ်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ နောက်ထပ်မိနစ်အနည်းငယ်ကြာလျှင် ရေကူးကန်ထဲမှ လူများ ထွက်လာကြတော့မည်ဖြစ်သည်။ အကယ်၍ သူနှင့် ဝမ်ချွမ် စကားပြောနေသည်ကို မြင်သွားလျှင်၊ အတင်းအဖျင်းပြောခံရမည်မှာ မလွဲဧကန်ပင်။ ကျန့်ချီသည် ‘မလိုတော့ပါဘူး’ ဟူသော နောက်စကားတစ်ခွန်းကိုပင် မဆိုတော့ဘဲ၊ ထွက်ခွာရာလမ်းသို့ လျင်မြန်စွာ လျှောက်လှမ်းသွားတော့သည်။

ဝမ်ချွမ်၏ တည့်တည့်စိုက်ကြည့်နေသော အကြည့်ကို သူ သဘာဝအတိုင်းပင် သတိမထားမိခဲ့ပေ။

ဤသေးငယ်သော ကြားဖြတ်ဖြစ်စဉ်သည် ကျန့်ချီအား ယခင်ကကဲ့သို့ ရှုပ်ထွေးပွေလီမှုထဲသို့ နစ်မြောမသွားစေခဲ့ပေ။ ဖြစ်နိုင်သည်မှာ အတွေ့အကြုံများလွန်းသောကြောင့် သူသည် ရှုပ်ထွေးပွေလီသော စိတ်ခံစားချက်များကိုပင် မခံစားနိုင်တော့ခြင်း ဖြစ်မည်။ ဤအရာနှင့်စာလျှင်၊ သူ ပို၍ဂရုစိုက်သည်မှာ မနက်ဖြန်သည် စနေနေ့ဖြစ်သည်ဆိုခြင်းပင်။

လူသူကင်းမဲ့သော စင်္ကြံလမ်းတွင်၊ အဆုံးတစ်နေရာက စာသင်ခန်းထဲမှ စိတ်လှုပ်ရှားဖွယ်ရာ စန္ဒယားသံတစ်ခု ထွက်ပေါ်လာ၏။ ကျန့်ချီသည် တံခါးဝတွင် ခဏတာမျှ ချီတုံချီတုံဖြစ်နေစဉ်၊ မျက်စိရှေ့မှ တံခါးသည် အတွင်းဘက်မှ ရုတ်တရက် ဆွဲဖွင့်ခြင်းခံလိုက်ရသည်။ ရှောက်ဟန့်သည် တံခါးကိုမှီကာ ပျင်းရိစွာ ပြုံးပြသည်။

“မဝင်သေးဘူးလား။”

ကျန့်ချီသည် လိုက်ဝင်သွားရုံမှလွဲ၍ အခြားမရှိတော့ပေ။
အမှန်တကယ်တွင်၊ သူသည် ဤနေရာတွင် ဘာလုပ်ရမည်ကို လုံးဝနားမလည်ပေ။ ရှောက်ဟန့်သည် ဖြစ်နိုင်သည်မှာ ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန်အတွက် စိတ်ကြိုက်နင်းခြေနိုင်သော ကစားစရာတစ်ခုကို လိုချင်ရုံသာ ဖြစ်မည်။

ကျန့်ချီသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး၊ မဖြစ်မနေ စန္ဒယားဘေးသို့ လျှောက်သွားလိုက်သည်။

ရှောက်ဟန့်သည် ထိုင်ရာမှ သူ့အား အကဲခတ်ကြည့်လိုက်သည်။

“ဘာလို့ ဒီလောက် တောင့်တောင့်ကြီး ရပ်နေတာလဲ။ ငါက မင်းကို ပန်းပုရုပ်လုပ်ခိုင်းဖို့ ခေါ်ထားတာမဟုတ်ဘူး။”

ပြောရင်း သူသည် သူ၏လက်ချောင်းများကို ယမ်းပြလိုက်၏။ ကျန့်ချီသည် ခဏတာမျှ ချီတုံချီတုံဖြစ်နေစဉ်၊ နောက်တစ်စက္ကန့်တွင် ရှောက်ဟန့်က သူ့အား ထိုင်ခုံပေါ်သို့ ဆွဲခေါ်လိုက်သည်။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ တစ်ဖက်လူ၏ ရင်ဘတ်နှင့် ဆောင့်မိသွားသောအခါ၊ ကျန့်ချီသည် ကမန်းကတန်း မတ်မတ်ထိုင်လိုက်ပြီး၊ ဘေးသို့ အနည်းငယ် ရွှေ့လိုက်သည်။

“အရင်က စန္ဒယားတီးဖူးလား။”

ရှောက်ဟန့်သည် သူ၏သတိထားနေမှုကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ကျန့်ချီသည် အနည်းငယ် တောင့်တင်းစွာ ခေါင်းခါယမ်းလိုက်သည်။

“မတီးဖူးဘူး။”

“သင်ချင်လား။”

ရှောက်ဟန့်သည် စန္ဒယားကိုမှီကာ အနည်းငယ် နီးကပ်အောင်တိုးလိုက်ပြီး၊ သူ၏နှုတ်ခမ်းထောင့်များတွင် စိတ်ဝင်စားမှုအပြည့်ပါသော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

“တခြားဟာတွေက အရမ်းခက်တယ်။ ‘Twinkle Twinkle Little Star’ ကတော့ သင်ရလွယ်တယ်။ စမ်းကြည့်ချင်လား။”

ကျန့်ချီသည် သူ ယခင်တစ်ကြိမ်က နောက်ပြောင်ခဲ့သော စကားများသည် အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် မသေမချာဖြင့် ဆိုလိုက်သည်။

“မလိုတော့ပါဘူး။”

ရှောက်ဟန့်သည် ငြင်းပယ်ခြင်းကို လုံးဝနားမလည်သည့်အလားပင်။ သူသည် ကျန့်ချီ၏ လက်ကောက်ဝတ်ကို တိုက်ရိုက်ဆွဲယူလိုက်ပြီး၊ သူ၏လက်ချောင်းတစ်ချောင်းချင်းစီကို မှန်ကန်သော စန္ဒယားခလုတ်များပေါ်တွင် တင်ပေးလိုက်၏။ သူ၏လက်မောင်းသည် ကျန့်ချီ၏ ခန္ဓာကိုယ်ကို သဘာဝအတိုင်း ပတ်ခွေသွားပြီး၊ ကျယ်ပြန့်သော လက်ဖဝါးသည် လက်ဖမိုးကို ဖုံးအုပ်ကာ၊ ပထမဆုံးသော တေးသွားကို ဖိနှိပ်လိုက်သည်။

Chapter 31 ended

Chapter 32

လက်ဖမိုးနှစ်ခုသည် ကွာဟချက်မရှိဘဲ ထိကပ်နေ၏။ ကျန့်ချီသည် လက်ကိုပြန်ရုတ်သိမ်းချင်သော်လည်း၊ ရှောက်ဟန့်၏ အားကို မည်သို့မျှ မလွန်ဆန်နိုင်ခဲ့ပေ။ သူသည် အတင်းအကျပ် တေးသွားတစ်ခုပြီးတစ်ခုကို တီးခတ်နေရုံသာ တတ်နိုင်၏။ သူသည် အလွန်နီးကပ်နေသော ရှောက်ဟန့်၏ ခန္ဓာကိုယ်ကို ခံစားမိနေသည်။ သူ၏နောက်ကျောကို တင်းကျပ်စွာ ကပ်ထားသော ရင်ဘတ်သည် အသက်ရှူလိုက်တိုင်း ညင်သာစွာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး၊ နားရွက်ဖျားတွင် ပွတ်တိုက်နေသော လေပူများနှင့် ရှောက်ဟန့်၏ ကိုယ်ပိုင်သီးသန့်ရနံ့တို့လည်း ပါဝင်ပေသည်။

ကျန့်ချီသည် ယခင်က မည်သူနှင့်မျှ ဤမျှလောက် နီးကပ်စွာ မနေခဲ့ဖူးချေ။ သူ၏ကိုယ်ခန္ဓာပေါ်မှ ဆဲလ်တိုင်းသည် ငြင်းဆန်တွန်းလှန်နေကြ၏။ သူသည် ဘေးသို့ရှောင်တိမ်းချင်သော်လည်း၊ ရှောက်ဟန့်က သူ၏လက်ကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး၊ ပေါ့ပေါ့ပါးပါးနိုင်သော အသံထဲတွင် ခပ်ဖျော့ဖျော့နိမ့်ကျမှုတို့ ရောနှောပါဝင်နေသည်။

“အာရုံစိုက်လေ။”

သူ အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ ဘာများထူးခြားသွားမည်နည်း။ မည်သို့ပင်ဖြစ်စေ စန္ဒယားတီးနေသူမှာ သူမှမဟုတ်ဘဲ။

သီချင်းတစ်ပုဒ် ပြီးဆုံးသွားသောအခါ၊ ရှောက်ဟန့်သည် အားမရသေးသည့်ဟန်ဖြင့် နှုတ်ခမ်းကိုကွေးညွှတ်ကာ ပြုံးလိုက်သည်။

“နောက်တစ်ခေါက် ထပ်တီးကြမလား။”

ကျန့်ချီသည် ပူလောင်နေသော သူ၏လက်ကို ဆွဲထုတ်လိုက်ပြီး ဆိုသည်။

“မတီးတော့ဘူး။”

“တစ်ခေါက်တည်းတီးရုံနဲ့ ဘယ်လိုလုပ် တတ်မှာလဲ။”
ရှောက်ဟန့်က ဆက်ပြောသည်။
“ငါ လူတစ်ယောက်ကို စန္ဒယားတီးသင်ပေးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ မင်း မပျော်ဘူးလား။”

“ငါက ပျော်ရမှာလား။”

ကျန့်ချီသည် အမှန်တကယ်ပင် သည်းမခံနိုင်တော့ဘဲ၊ စကားလုံးတစ်လုံးချင်း ပြောလိုက်သည်။

“မင်း သင်ကြားပေးခြင်းနဲ့ အနိုင်ကျင့်နှောင့်ယှက်ခြင်းရဲ့ ကွာခြားချက်ကို အရင်ဆုံး သေသေချာချာ ခွဲခြားပေးလို့ရမလား။”

“ငါက အနိုင်ကျင့်နှောင့်ယှက်နေလို့လား”

ရှောက်ဟန့်သည် ပြုံးနေဆဲပင်။ သို့သော် ကျန့်ချီသည် ပြောမပြတတ်သော အန္တရာယ်တစ်ခုက ဖုံးလွှမ်းလာသည်ကို ခံစားလိုက်ရ၏။ သူ၏မြီးညှောင့်တွင် ထုံကျင်သော လျှပ်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ပင်။ သူသည် နောက်သို့မှီထိုင်လိုက်ပြီး…
“အရင်တစ်ခေါက်က မင်း တတ်နိုင်သမျှ လက်မပါဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”

“ငါ ပြောခဲ့လို့လား။”

ရှောက်ဟန့်သည် မျက်ခုံးပင့်လိုက်ပြီး၊ သူ၏အပြုံးတွင် ခပ်ဖျော့ဖျော့ကျီစယ်မှုတို့ ရောနှောပါဝင်နေသည်။

“ငါ ပြောခဲ့တာတော့ ဟုတ်တယ်။ ဒါပေမဲ့ ငါပြောခဲ့တာက ‘တတ်နိုင်သမျှ’ လို့လေ။ အခု ငါ နောင်တရသွားပြီ။”

ကျန့်ချီသည် ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဆွဲခေါ်ခြင်းခံလိုက်ရ၏။ သူ၏နောက်ကျောသည် စန္ဒယားခလုတ်များနှင့် ဆောင့်မိသွားပြီး၊ ရှုပ်ထွေးပွေလီသော စန္ဒယားသံများ ထွက်ပေါ်လာသည်။ ရှောက်ဟန့်သည် လက်တစ်ဖက်ဖြင့် ကျန့်ချီ၏ ခါးအောက်ပိုင်းကို ထိန်းကိုင်ထားပြီး၊ ယူနီဖောင်းကိုကျော်ဖြတ်ကာ ခဏတာမျှ ပွတ်သပ်လိုက်၏။ သူ၏ကိုယ်သည် ရှေ့သို့တိုးကပ်လာရာ နားရွက်ဖျားနှင့် ထိလုနီးပါးဖြစ်သွားသည်။

“ဒီလိုမျိုးကိုမှ အနိုင်ကျင့်နှောင့်ယှက်တယ်လို့ ခေါ်တာ။”

“ရှောက်ဟန့်၊ မင်း လွှတ်…”
အားပြုစရာနေရာမရှိတော့သော ကျန့်ချီသည် သူ၏ပခုံးကိုသာ တွန်းကန်ထားနိုင်ပြီး၊ တစ်ကိုယ်လုံး တောင့်တင်းစွာ ဆိုသည်။

“ငါ ရှိနေတယ်လေ။”

ရယ်သံသည် နားနားတွင် ထွက်ပေါ်လာ၏။
အားနည်းသော အနေအထားတွင် ရှိနေခြင်းသည် ကျန့်ချီ၏ စိတ်ထဲတွင် ရှက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။ သူသည် သူ၏အသံထဲမှ တုန်ယင်မှုကို အတင်းအကျပ်ထိန်းချုပ်ကာ မေးလိုက်သည်။

“ငါ မှတ်မိသလောက် မင်းက ပိုင်ရှီယွီနဲ့ အမြဲတမ်း အတူတူရှိနေတာမဟုတ်ဘူးလား။ ဘာလို့ အခု သူ့ကို သွားမရှာတာလဲ။”

“မင်း စိတ်ဆိုးနေတာလား။”

ရှောက်ဟန့်သည် တိုးတိုးလေး ရယ်မောလိုက်ပြီး၊ ကျန့်ချီ၏ဒေါသထွက်နေသော အမူအရာကို ကြည့်ရသည်မှာ အမှန်တကယ်ပင် စိတ်ဝင်စားစရာကောင်းသည်ဟု ထင်လာ၏။ သို့သော် အလွယ်တကူ ငြီးငွေ့သွားတတ်သည်… နှိုင်းယှဉ်ကြည့်လျှင်…

နွေးထွေးသော လက်ချောင်းထိပ်များသည် ကျန့်ချီ၏ မျက်နှာပေါ်သို့ ဖိချလိုက်ရာ၊ အားမှာ အနည်းငယ်လေးလံပြီး၊ ယားယံနေ၏။ စန္ဒယားသံထက်ပင် ပို၍နိမ့်ကျသော အသံက တိုးတိုးလေး ထွက်ပေါ်လာသည်။

“မင်းရဲ့ ဒီလိုမျိုး စိတ်ဆိုးပြီး မပြောရဲတဲ့ပုံစံလေးကို ကြည့်ရတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။”

နှစ်ခွအဓိပ္ပာယ်ပါသော စကားလုံးများသည် အလွန်ပေါပေါဆန်သော လိမ်ညာမှုတစ်ခုသာ ဖြစ်သည်။ ကျန့်ချီသည် ရှောက်ဟန့်၏ စိတ်ထဲတွင် အမှန်တကယ် ဘာတွေစဉ်းစားနေသည်ကို မခန့်မှန်းနိုင်ဘဲ၊ အားမတန်စွာ မေးလိုက်သည်။

“မင်း အရင်တုန်းက ငါ့ကို ပျင်းစရာကောင်းတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”

“ပျင်းစရာကောင်းတာတော့ ပျင်းစရာကောင်းတာပဲ။ ဒါပေမဲ့ လုံးဝ အသုံးမဝင်တာတော့လည်း မဟုတ်ဘူး။”

ပြောရင်း၊ ရှောက်ဟန့်၏ မျက်ဝန်းအောက်ခြေမှ အလင်းရောင်သည် တစ်ချက်မှိန်ကျသွား၏။ သူ၏လက်ချောင်းများသည် ကျန့်ချီ၏ ဆံပင်ကို သပ်တင်လိုက်ပြီး၊ သူ၏မျက်လုံးအောက်မှ အရေပြားကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ စိတ်ဝင်စားစရာ လျှို့ဝှက်ချက်တစ်ခုခုကို တွေ့ရှိသွားသည့်အလား၊ သူသည် တိုးတိုးလေး ဆိုသည်။

“မင်းရဲ့ဒီနေရာမှာ မှဲ့တစ်လုံးရှိတာကိုး။”

ဖြည်းညှင်းသော လှုပ်ရှားမှုတွင် ပြောမပြတတ်သော ရင်းနှီးကျီစယ်မှုတို့ ပါဝင်နေပြီး၊ ကျန့်ချီသည် ထိုအရေပြားတစ်ဝိုက်တွင် ပူလောင်လာသကဲ့သို့ ခံစားလိုက်ရ၏။

ရှောက်ဟန့်၏ မျက်ဝန်းထဲမှ ပိုင်ဆိုင်လိုစိတ်သည် အလွန်ပင် ရှင်းလင်းလှ၏။ သူ၏အပေါ်ဝတ်အင်္ကျီကို ချွတ်ကာ အတွင်းအပြင်မကျန် ထွင်းဖောက်မြင်နိုင်ရန် ကြိုးစားနေသည့်အလားပင်။ ကျန့်ချီသည် ရုတ်တရက် ထရပ်လိုက်ရာ၊ ထိုင်ခုံခြေထောက်များသည် ကြမ်းပြင်ပေါ်တွင် စူးရှသော အသံတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူသည် နောက်ကျောမှ ထေ့ငေါ့ရယ်မောသံကို လျစ်လျူရှုကာ လှည့်ထွက်သွား၏။

“မင်းကို မစတော့ပါဘူး။”
ရှောက်ဟန့်၏ အသံသည် ထွက်ပေါ်လာသည်။
“ပြန်လာခဲ့။ ငါ မင်းကို ပျော်စရာကောင်းတဲ့နေရာတစ်ခု ခေါ်သွားမယ်။”

——–

ဤသည်မှာ ကျန့်ချီအတွက် မိုးလ်မျှော်စင်သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာခြင်းဖြစ်ပြီး၊ ရှောက်ဟန့်၏ အတင်းအကျပ် ဆွဲခေါ်ခြင်းကို ခံခဲ့ရသည်။

“ရှောက်ဟန့်…မင်းပြောတော့ စန္ဒယားအခန်းမှာပဲ နေမယ်ဆိုရင် လုံလောက်ပြီဆို”

ကျန့်ချီသည် သူ၏စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းထားပြီး၊ ဦးနှောက်ကို လျင်မြန်စွာ အလုပ်လုပ်စေကာ ရှောက်ဟန့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ကောက်ဝတ်မှ ရုန်းထွက်ရန် ကြိုးစား၏။

“ငါ စိတ်ပြောင်းသွားပြီ။”

ရှောက်ဟန့်သည် ခေါင်းလှည့်ကာ၊ မျက်နှာမကောင်းသော ကျန့်ချီကို ပြုံးတစ်ဝက် မပြုံးတစ်ဝက်ဖြင့် ကြည့်သည်။

“ဘာလဲ၊ ငါနဲ့ အတူတူလမ်းလျှောက်ရတာ ရှက်စရာကောင်းလို့လား။”

ကျန့်ချီသည် သူ့ကို ‘ဟုတ်တယ်’ ဟု ပြောပြချင်နေခဲ့သည်။

ဤအချိန်တွင်၊ မျှော်စင်ထဲ၌ အပန်းဖြေရန် လာရောက်သော ကျောင်းသားများကို နေရာတိုင်းတွင် တွေ့မြင်နိုင်၏။ သူသည် ရှောက်ဟန့်နှင့် ပတ်သက်ဆက်နွယ်ခံရပြီး၊ ထိုလူအုပ်၏ ပြောဆိုစရာအကြောင်းအရာ ဖြစ်မလာချင်ပေ။

သို့သော် ရှောက်ဟန့်သည် အကျင့်ဖြစ်နေသည့်အလား၊ သို့မဟုတ် လုံးဝဂရုမစိုက်သည့်အလားပင်။ ကျန့်ချီ၏ စိတ်သည် မကြုံစဖူးသော အနိမ့်ဆုံးအမှတ်သို့ ကျဆင်းသွားပြီး၊ သူ၏ခေါင်းကို အလွန်နိမ့်ကျစွာ ငုံ့ထား၏။ သူ၏မျက်စိရှေ့မှ အလင်းရောင်သည် ရုတ်တရက် ကွယ်ပျောက်သွားပြီး၊ သူ၏ခေါင်းပေါ်သို့ နွေးထွေးမှုအငွေ့အသက်ကျန်နေသေးသော ကျောင်းဝတ်အပေါ်ထပ်အင်္ကျီတစ်ထည်ဖြင့် လွှမ်းခြုံခြင်းခံလိုက်ရသည်။ ကျန့်ချီသည် မသိစိတ်ဖြင့် ဖယ်ရှားရန် ကြိုးစားသော်လည်း၊ သူ၏လက်ကောက်ဝတ်သည် ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။

“တကယ်ပဲ ဒုက္ခများတာပဲ။”

ရှောက်ဟန့်သည် ညင်သာစွာ စုတ်သပ်လိုက်၏။ သူ၏အနည်းငယ်နိမ့်ကျသော အသံသည် ကျောင်းဝတ်အင်္ကျီကို ဖောက်ထွင်း၍ ထွက်ပေါ်လာသည်။

မျက်စိရှေ့မှ အရာအားလုံးသည် အမှောင်ထုဖြစ်သွား၏။ ကျန့်ချီသည် သူ၏ကိုယ်ပေါ်တွင် စုစည်းနေသော အကြည့်အနည်းငယ်ကို ခံစားမိပြီး၊ အပေါ်ထပ်အင်္ကျီကို ဖယ်ရှားချင်သော စိတ်ကူးကို ယာယီအားဖြင့် ဖျောက်ဖျက်လိုက်ရသည်။ ရှည်လျားသော စင်္ကြံလမ်းကို လျှောက်လှမ်းပြီးနောက်၊ ဓာတ်လှေကားစီးသောအခါ၊ ခြေဖဝါးအောက်မှ စကျင်ကျောက်ကြမ်းပြင်သည် ရှုပ်ထွေးသော ပန်းပွင့်များပါသော ကော်ဇောတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ရှောက်ဟန့်က သူ့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို သူ လုံးဝမသိခဲ့ပေ။

သူသည် တသမတ်တည်းသောအရှိန်ဖြင့် ရှေ့သို့ဆက်လျှောက်သွားရာ၊ သူ၏နဖူးသည် မာကျောသော နံရံတစ်ခုနှင့် ရုတ်တရက် ဆောင့်မိသွား၏။ နှစ်စက္ကန့်ကြာပြီးနောက်မှ၊ ထိုအရာသည် ရှောက်ဟန့်၏ နောက်ကျောဖြစ်ကြောင်း သတိပြုမိတော့သည်။ ကျန့်ချီသည် ရှောက်ဟန့်၏ ရယ်မောသံကို ကြားလိုက်ရပြီး၊ တံခါးဖွင့်သံနှင့်အတူ၊ သူ၏မျက်လုံးပေါ်မှ ကျောင်းဝတ်အပေါ်ထပ်အင်္ကျီသည် အောက်သို့ လျှောကျသွားသည်။ ရုတ်တရက်ဝင်လာသော အလင်းရောင်ကြောင့် သူသည် မျက်လုံးများကို အဆင်မပြေစွာ ပိတ်လိုက်ရပြီး၊ ခဏအကြာမှ မျက်စိရှေ့မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်ရတော့သည်။

ရှောက်ဟန့်သည် သူ့ရှေ့မှ အနက်ရောင်ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်ပြီး၊ မူလနေရာတွင်ပင် ရပ်နေသေးသော ကျန့်ချီကို နှုတ်ခမ်းကွေးညွှတ်ကာ ပြုံးလိုက်သည်။ သူသည် သူ၏မေးစေ့ကို မြှောက်ကာ ပြောလာသည်။

“ကြောက်လွန်းလို့ ကြောင်သွားတာလား။”

ကျန့်ချီသည် အမှန်တကယ်ပင် စက္ကန့်အနည်းငယ်မျှ မှင်သက်သွားခဲ့သည်။

အခန်းသည် အလွန်ကြီးမားပြီး၊ အနက်ရောင်နှင့် အဖြူရောင်ကို အဓိကထား၍ တန်ဆာဆင်ထား၏။ မျက်နှာကျက်တွင် အတွင်းပိုင်းမှ အဖြူရောင်မီးလုံးများ တပ်ဆင်ထားပြီး၊ နံရံပေါ်တွင် သရုပ်မဖော်ပန်းချီကားများ ချိတ်ဆွဲထားသည်။ သန့်ရှင်းတောက်ပြောင်သော မှန်ဗီရိုများသည် နံရံနှစ်ဖက်လုံးကို နေရာယူထားပြီး၊ အတွင်းထဲတွင် လေယာဉ်ပျံပုံစံငယ်အမျိုးမျိုးကို ခင်းကျင်းပြသထားသည်။

ဆိုဖာ၏ ညာဘက်တွင် ကျယ်ဝန်းသော ဘိလိယက်စားပွဲတစ်လုံး ရှိနေသေးပြီး၊ အတွင်းဘက်သို့ ဆက်သွားလျှင် အိပ်ခန်းတစ်ခုရှိသည်။ ထိုနေရာတွင် ဘားကောင်တာတစ်ခု၏ ထောင့်တစ်နေရာကို မထင်မရှား မြင်နေရပြီး၊ လှပစွာထုပ်ပိုးထားသော အရက်ပုလင်းများဖြင့် ပြည့်နှက်နေသည်။

ဤနေရာ၏ အပြင်အဆင်သည် လူတစ်ဦးတစ်ယောက်၏ နှစ်သက်မှုအတိုင်း အထူးတလည် တည်ဆောက်ထားသည်မှာ လုံးဝထင်ရှားလှ၏။ ကျန့်ချီသည် များများစားစားမစဉ်းစားဘဲ၊ ဤသည်မှာ ကိုယ်ပိုင်အပန်းဖြေခန်းကဲ့သို့သော အခန်းမျိုးဖြစ်မည်ဟု ခန့်မှန်းနိုင်ပေသည်။

သူသည် စိန့်စတန်ကျောင်းက အထူးအခွင့်အရေးရကျောင်းသားများအပေါ်တွင် ထားရှိသော စည်းမဲ့ကင်းမဲ့သည့် မျက်နှာသာပေးမှုများကို စောစောကတည်းက ကြုံတွေ့ဖူးပြီးဖြစ်သော်လည်း၊ မျက်စိရှေ့မှ အခန်းကို မြင်သောအခါ၊ ဤစနစ်အပေါ်တွင် နက်ရှိုင်းသော သံသယစိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အကြိမ်တိုင်းသည် သူ၏အသိဉာဏ်ကို အသစ်တစ်ဖန် ပြန်လည်ရေးထိုးနေသကဲ့သို့ပင်။

Chapter 32 ended

Chapter 33

“ဒီပုံစံငယ်တွေကို သဘောကျလား”

ရှောက်ဟန့်သည် မည်သည့်အချိန်က သူ၏နောက်သို့ ရောက်လာသည်မသိ၊ သူ၏အတွေးစများကို ဖြတ်တောက်လိုက်၏။ ကျန့်ချီသည် မိမိကိုယ်တိုင် မျက်စိရှေ့မှ ပြခန်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်ကို သတိပြုမိသွားသည်။ သူသည် အသံထွက်၍ ရှင်းပြမနေချင်တော့ဘဲ၊ မပီမသဖြင့် ‘အင်း’ ဟု တစ်ခွန်းသာ ဆိုလိုက်သည်။

ရှောက်ဟန့်က မေးသည်။
“ဘယ်တစ်ခုကို အကြိုက်ဆုံးလဲ။”

ကျန့်ချီသည် အဓိပ္ပာယ်မပါသော အကြည့်ဖြင့် သူ့အား တစ်ချက်ကြည့်လိုက်ပြီး၊ ထောင့်တွင်ချထားသော အဖြူရောင်ပုံစံငယ်တစ်ခုကို ကျပန်း လက်ညှိုးထိုးလိုက်၏။ သူသည် ရှောက်ဟန့်က ပုံမှန်အချိန်များတွင် ပုံစံငယ်များစုဆောင်းခြင်းကဲ့သို့သော ဝါသနာရှိလိမ့်မည်ဟု မြင်ယောင်ကြည့်ရန် ခက်ခဲလှပေသည်။ သို့သော် တစ်ဖက်လူ စန္ဒယားရှေ့တွင် ထိုင်နေသည့်ပုံစံကို ကိုယ်တိုင်မြင်တွေ့ပြီးနောက်တွင်မူ၊ ကျန့်ချီသည် ဤကဲ့သို့သော ကိစ္စရပ်များအတွက် အံ့ဩမနေတော့ပေ။

“အမြင်တော့ရှိသားပဲ။” ရှောက်ဟန့်က ပြုံးလိုက်သည်။
“ဒီတစ်ခုက ယွီဟွာထင်တိုက်ခန်းတစ်ဝက်စာ တန်တယ်။”

ကျန့်ချီသည် အထက်ပါ ‘အံ့ဩမနေတော့ဘူး’ ဟူသော စကားကို ပြန်ရုတ်သိမ်းရန် ဆုံးဖြတ်လိုက်သည်။

မူလက ထူးခြားမှုမရှိသော ပုံစံငယ်များသည် ရုတ်တရက်ပင် မျက်စိထဲတွင် ပို၍ကြည့်ကောင်းလာ၏။ ကျန့်ချီသည် စိတ်ထဲတွင် ချွမ်လင်းမြို့လယ်မှ ယွီဟွာထင်တိုက်ခန်းတစ်ဝက်စာ၏ ဈေးနှုန်းကို တွက်ချက်ကြည့်ရင်း၊ ချမ်းသာရခြင်းသည် အဘယ်ကြောင့် ဤမျှကောင်းသည်ကို သက်ပြင်းချမိသည်။ နှိုင်းယှဉ်ကြည့်လျှင်၊ အလားတူ ချမ်းသာသူတစ်ဦးဖြစ်သော ကျန်းယန်သည် စားသောက်ဆောင်တွင် ဆယ်ဂဏန်းတန်အစားအစာအတွက်ပင် မျက်နှာပျက်တတ်၏။ အကယ်၍သာ စကားစမြည်ပြောဆိုမှုတစ်ခုတွင် ကျန်းယန်၏အိမ်၌ တိုက်ခန်းဆယ်ဂဏန်းကျော်ထိ ပိုင်ဆိုင်ထားသည်ကို မတော်တဆ မသိလိုက်ရလျှင်၊ ကျန့်ချီသည် ကျန်းယန်က မူလက YC တစ်ယောက်ဖြစ်သည်ကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။

“တော်တော်ကြည့်ကောင်းတယ်။”
ကျန့်ချီသည် အနည်းငယ် စိတ်မပါ့တပါဖြင့် ချီးကျူးလိုက်၏။

ရှောက်ဟန့်သည် သူ၏နှုတ်ခမ်းထောင့်များကို အပေါ်သို့မြှောက်လိုက်ရာ  ညီညာသော သွားတန်းနှစ်တန်း ပေါ်လာသည်။ သူသည် အလွန်ပင် တောက်ပစွာ ပြုံးနေသဖြင့် အနည်းငယ် မျက်စိကျိန်းလှပေသည်။ သူ၏ရုပ်ရည်မှာ မူလကတည်းက အနည်းငယ် ရိုင်းစိုင်းသော အလှမျိုးရှိပြီး၊ ပုံမှန်အချိန်များတွင် အေးစက်သော သို့မဟုတ် ကျီစယ်သော အမူအရာကို ချိတ်ဆွဲထားလေ့ရှိ၏။ ကျန့်ချီသည် ရှောက်ဟန့် ဤကဲ့သို့ ဖြူစင်သည်ဟု ဆိုနိုင်လောက်သော အပြုံးမျိုးကို ပြုံးသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သကြားလုံးရထားသော ကလေးငယ်တစ်ဦးကဲ့သို့၊ သူ၏မျက်ဝန်းအောက်ခြေမှ ပျော်ရွှင်ကြည်နူးမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

အမှန်အတိုင်းဆိုရလျှင်၊ အနည်းငယ်တော့ မိုက်မဲပုံပေါ်၏။

“ဒီတစ်ခုကို ခန့်မှန်းကြည့်။”

ကျန့်ချီသည် သူ၏လက်ညှိုးညွှန်ရာဘက်သို့ ကြည့်လိုက်ပြီး၊ လိုက်လျောညီထွေစွာ မေးလိုက်သည်။
“တိုက်ခန်းတစ်ခန်းစာလား။”

ရှောက်ဟန့်က ဆိုသည်။
“မှားတယ်။ ဒီတစ်ခုက မဈေးကြီးဘူး။ ကားပါကင်နေရာတစ်ခုစာ ဈေးပဲရှိတယ်။”

ကျန့်ချီသည် ယွီဟွာထင်မှ ကားပါကင်နေရာ ဟုတ်မဟုတ်ကို ဆက်မမေးတော့ပေ။

ဤကလေးဆန်သော ‘မင်းမေး ငါခန့်မှန်း’ ကစားနည်းသည် အလွန်ပင် သဟဇာတဖြစ်စွာ ဆက်လက်ဖြစ်ပွားနေ၏။ ကျန့်ချီသည် တဖြည်းဖြည်း စည်းမျဉ်းကို နားလည်လာခဲ့သည်။

ရှောက်ဟန့်၏ စိတ်ဓာတ်သည် ဆိုးအောင်အလိုလိုက်ခံထားရသော သခင်လေးတစ်ဦးနှင့် တူ၏။ သူ့ကို နာခံရန်သာရှိပြီး၊ စကားတစ်လုံးတစ်ပါဒမျှ ဆန့်ကျင်ခွင့်မရှိပေ။ ကျန့်ချီက သင့်တော်သလို စူးစမ်းလိုစိတ်ကို ပြသလိုက်သည်နှင့်၊ ရှောက်ဟန့်၏ မျက်နှာပေါ်တွင် ယခင်က မိုးအုံ့နေသော အမူအရာကို လုံးဝမမြင်ရတော့ဘဲ၊ ပြုံးရွှင်စွာဖြင့် ပုံစံငယ်တစ်ခုချင်းစီ၏ နောက်ကွယ်မှ သမိုင်းကြောင်းကို ပြောပြနိုင်ပေသည်။

“ဒီတစ်ခုက ငါနဲ့ ငါ့အဘိုးနဲ့ ကိုယ်တိုင်ဆက်ထားတာ။”

ရှောက်ဟန့်သည် အလယ်မှ အပြာအနီရောင် ပလတ်စတစ်လေယာဉ်ပုံစံငယ်ကို ကိုင်မြှောက်ထား၏။ ဤစကားကို ပြောသောအခါ သူ၏အသံသည် မသိမသာ ပို၍တိုးညင်းသွားသည်။

“ဆယ်နှစ်သားလောက်က၊ ကုန်စုံဆိုင်ငယ်လေးကနေ ဝယ်ခဲ့တဲ့ အရုပ်ပုံစံငယ်ပဲ။ ဒီနေရာမှာ အပေါဆုံးတစ်ခုဖြစ်လောက်တယ်။ ဒါပေမဲ့ ငါ အမြဲတမ်း သိမ်းထားခဲ့တယ်။”

ကျန့်ချီသည် သူ၏စကားထဲမှ ရှားရှားပါးပါး နွေးထွေးမှုကို သတိပြုမိပြီး၊ မနေနိုင်ဘဲ မေးလိုက်သည်။
“ဒီလောက်ဈေးကြီးတဲ့ ပစ္စည်းတွေကို ဒီနေရာမှာ ထားထားတာ စိတ်မပူဘူးလား။”

“ဒီမှာက တစ်စိတ်တစ်ပိုင်းပဲရှိသေးတာ။”
ရှောက်ဟန့်သည် သူ၏ဆံပင်ကို သပ်တင်လိုက်ပြီး၊ စကားပြောရင်း ဘားကောင်တာဘက်သို့ လျှောက်သွားသည်။
“တချို့က အရမ်းကြီးလွန်းလို့ ယူလာလို့မရဘူး။ ဘယ်သူက ဒီထဲဝင်ပြီး ယူရဲမယ်လို့ မင်းထင်လို့လဲ။”

ရှင်းလင်းသော အမေးစကားတစ်ခုသာ ဖြစ်သော်လည်း၊ ကျန့်ချီသည် ရှောက်ဟန့်၏ စကားထဲမှ ရူးသွပ်လုနီးပါးဖြစ်သော ယုံကြည်မှုကို ကြားလိုက်ရ၏။ အမည်မဖော်နိုင်စွာပင်၊ သူသည် ယခင်ကလောက် စိတ်အနှောင့်အယှက်မဖြစ်တော့ပေ။

ကျန့်ချီသည် ခုနက ရှောက်ဟန့်က သူ့အား အတင်းအကျပ် ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်ကို မမေ့သေးပေ။ မျက်စိရှေ့မှ အရာအားလုံးသည် အလွန်ဆန်းသစ်နေသော်လည်း၊ သူသည် အမြန်ဆုံးပြန်သွားကာ ရှောက်ဟန့်၏ စောင့်ကြည့်နေသော အမြင်အာရုံမှ ရှောင်ရှားလိုစိတ် ပို၍ပြင်းပြနေ၏။

ဘားကောင်တာရှေ့တွင် ရပ်နေသော ရှောက်ဟန့်သည် ကျန့်ချီကို ကျောပေးထား၏။ သူ၏ချွတ်ထားသော ယူနီဖောင်းအပေါ်ထပ်အင်္ကျီသည် ဆိုဖာပေါ်တွင် ပစ်တင်ထားဆဲပင်။

အရက်ပုလင်းကို ဖွင့်လိုက်သောအခါ၊ သူ၏လက်မောင်းမှ အားစိုက်မှုသည် ရှပ်အင်္ကျီအောက်မှ ကြွက်သားအကွေးအကြောင်းများကို မသိမသာ ပေါ်လွင်စေသည်။ မူလက ဤနေရာမှ မည်သို့ထွက်ခွာသွားရမည်ကို စဉ်းစားနေသော ကျန့်ချီသည် အရက်ပုလင်းဖြင့် ရိုက်ခွဲပစ်ရန်ဟူသော ရွေးချယ်မှုကို တိတ်တဆိတ် ပယ်ဖျက်လိုက်၏။

သူ၏အကြည့်ကို အာရုံခံမိသည့်အလား၊ ရှောက်ဟန့်သည် လှည့်လာ၏။ သူ၏လက်ထဲတွင် ဖျော့တော့သော အဝါရောင်အရည်ထည့်ထားသော ဖန်ခွက်နှစ်ခွက်ကို ကိုင်ဆောင်ထားသည်။ သူသည် ထိုအထဲမှ တစ်ခွက်ကို ကျန့်ချီထံသို့ ကမ်းပေးလိုက်ပြီး၊ သူ၏နှုတ်ခမ်းများကို ညင်သာစွာ ကွေးညွှတ်လိုက်သည်။

“အရက်သောက်ဖူးလား။”

ကျန့်ချီသည် နှစ်စက္ကန့်မျှ ချီတုံချီတုံဖြစ်နေပြီးနောက်၊ လက်ဆန့်တန်းကာ လှမ်းယူလိုက်၏။ ရှောက်ဟန့်၏ စိုက်ကြည့်မှုအောက်တွင် သူသည် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။

ရှောက်ဟန့်သည် ဆိုဖာသို့ ပြန်သွားပြီး၊ ခွက်ထဲမှ အရက်ကို တစ်ငုံသောက်လိုက်သည်။
“ငါနဲ့ ခဏလောက် ထိုင်နေပေး။”

“သောက်ပြီးရင် ပြန်လို့ရပြီလား။”
ကျန့်ချီသည် အဖြေမပေးဘဲ၊ ငြင်းလည်းမငြင်းဘဲ၊ ထိုအရက်ခွက်ကို ကိုင်ကာ တည့်တည့်မေးလိုက်သည်။

ရှောက်ဟန့်သည် ဤဖြစ်နိုင်ခြေကို အလေးအနက် စဉ်းစားဟန်ပြုပြီး၊ ကျီစယ်စွာ ပြုံးလိုက်ကာ၊ စကားလုံးနှစ်လုံးကို ဖြည်းညှင်းစွာ ဆိုသည်။
“ရတယ်။”

ကောင်းပြီလေ။ သူ အချိန်အနည်းငယ်တော့ တောင့်ခံထားရမည်။နောက်ဆုံးတော့ ၎င်းက တစ်ငုံစာသာ ဖြစ်သည်။

ကျန့်ချီသည် အသက်ကိုပြင်းပြင်းရှူသွင်းကာ၊ မိမိကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအလွှာများစွာ ပြုလုပ်ပြီးနောက်၊ မျက်လုံးမှိတ်ကာ၊ ခေါင်းမော့၍ အတွင်းမှ အရည်များကို အကုန်မော့ချလိုက်၏။

အေးစက်သော အရက်သည် လည်ချောင်းကို ဖြတ်သန်းသွားပြီး၊ စက္ကန့်အနည်းငယ်အကြာတွင်၊ အတွင်းမှအပြင်သို့ ပူလောင်လာသည်။ သူ၏လည်ချောင်းထဲတွင် မီးတစ်စကို မွှေးလိုက်သကဲ့သို့၊ အစာအိမ်ထဲသို့ တည့်တည့် လောင်ကျွမ်းသွား၏။ ကျန့်ချီသည် ချောင်းအဆက်မပြတ်ဆိုးလာပြီး၊ သူ၏လက်ထဲမှ ဖန်ခွက်ကို မကိုင်နိုင်တော့ဘဲ၊ ကော်ဇောပေါ်သို့ လိမ့်ကျသွားသည်။ သူ၏မျက်စိရှေ့မှ အရာအားလုံးသည် ထိုအရက်ခွက်ကဲ့သို့ပင် ဝေဝါးသွား၏။ သူသည် ဤအရက်က ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“မင်းက အရူးလား!”
ရှောက်ဟန့်သည် လျှောက်လာပြီး သူ၏မေးစေ့ကို ဆွဲမော့လိုက်ပြီး သူ၏မျက်နှာသည် မင်ကဲ့သို့ မည်းမှောင်နေသည်။

“ငါ ခုနက မင်းကို အရက်သောက်ဖူးလားလို့ မေးခဲ့တယ်မဟုတ်ဘူးလား။ မင်း ဘယ်လိုလုပ် တစ်ခါတည်း အကုန်မော့ချရဲတာလဲ။ သေချင်နေတာလား။”

ကျန့်ချီသည် သူ၏မျက်လုံးများ အနည်းငယ်ပူလောင်လာသည်ကို ခံစားလိုက်ရ၏။ သူ မျက်တောင်ခတ်လိုက်ရာ၊ မျက်ရည်စအချို့ အမှန်တကယ်ပင် ကျဆင်းလာသည်။

“ငါ အရင်က ဘီယာသောက်ဖူးတယ်…”

ရှောက်ဟန့်သည် ဒေါသကြောင့် ရယ်မောလိုက်သည့်အလားပင်။ “မင်းက ဘီယာနဲ့ ဒါနဲ့ကို နှိုင်းယှဉ်နေတာလား။”

ကျန့်ချီသည် ပြန်လည်ချေပချင်သော်လည်း၊ ပူလောင်နေသော လည်ချောင်းက သူ့အား စကားများများမပြောနိုင်စေတော့ပေ။ တင်းကျပ်စွာ ပိတ်ထားသော တံခါးသည် ရုတ်တရက် ‘ဒုန်း’ ခနဲ အသံမြည်လာပြီး၊ နွေးထွေးသည့်အသံတစ်သံနှင့်အတူ နက်ရှိုင်းသော အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာသည်။

“ရှောက်ဟန့်…တံခါးဖွင့်! မဟုတ်ရင် ငါ တံခါးဖျက်ပြီး ဝင်လာခဲ့ရလိမ့်မယ်။”

ကျန့်ချီ ဘာဖြစ်သွားသည်ကို တုံ့ပြန်ရန် မစောင့်ဆိုင်းနိုင်ခင်မှာပင်၊ တံခါးသည် အပြင်ဘက်မှ အတင်းအကျပ် တွန်းဖွင့်ခြင်းခံလိုက်ရ၏။ တံခါးဝတွင် ရပ်နေသော ကျိဟွိုက်စစ်၏ အကြည့်သည် ကျန့်ချီ၏ မျက်ရည်စများ ချိတ်ဆွဲနေသော မျက်နှာပေါ်တွင် ရပ်တန့်သွားပြီး၊ ဘေးနားမှ မထီမဲ့မြင်ပြုနေသော ရှောက်ဟန့်ထံသို့ ရွှေ့သွားသည်။

သူ၏ချောမောသော မျက်ခုံးများပေါ်တွင် ပါးလွှာသော အမှောင်ရိပ်တစ်ခု ဖုံးလွှမ်းသွားပြီး၊ ပြောမပြတတ်သော ဖိအားပေးမှုတို့ ရောနှောပါဝင်နေသည်။၎င်းဖိအားတို့က သူ၏သွားများကြားမှ ညှစ်ထုတ်လိုက်သော တိုတောင်းသည့်စကားတစ်ခွန်းအဖြစ်သို့ ပြောင်းလဲသွားသည်၊

“အပေါ်ထပ်အင်္ကျီဝတ်။ ကိုယ့်ဘာသာကိုယ် ထွက်လာခဲ့။”

ရှောက်ဟန့်သည် ကျိဟွိုက်စစ်၏ စကားထဲမှ အေးစက်မှုကို လုံးဝသတိမထားမိသည့်အလားပင်။ သူ၏နှုတ်ခမ်းထောင့်များတွင် မပြောင်းလဲသော အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး၊ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ၊ လေသံကို ဆွဲငင်၍ ဆိုသည်။

“ဒုဥက္ကဋ္ဌက တော်တော်ဝင်စွက်ဖက်တာပဲ။ ဒီနေရာကလည်း ခင်ဗျားတို့ ကျောင်းသားကောင်စီရဲ့ နယ်မြေလား။”

“အဖွဲ့ဝင်တစ်ယောက်က မင်း လူခေါ်လာတာကို တွေ့လိုက်တယ်။ တစ်ဖက်လူက ကြည့်ရတာ ဆန္ဒမပါဘူးတဲ့။ ငါက အခြေအနေကို လာကြည့်ရုံသက်သက်ပဲ။”

ကျိဟွိုက်စစ်သည် တည်ငြိမ်စွာဖြင့် သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ရှောက်ဟန့်၊ ငါ မင်းကို အကြိမ်များစွာ သတိပေးပြီးပြီ။ ကျောင်းက မင်းရဲ့အိမ်မဟုတ်ဘူး။ မင်းကို ကြိုက်သလို ရိုင်းစိုင်းခွင့်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

Chapter 33 ended

Chapter 34

“ဟုတ်လို့လား။ ငါကြည့်ရတာတော့ မင်းကမှ ဒီနေရာကို ကိုယ့်ပိုင်နက်လို သဘောထားပြီး အေးအေးဆေးဆေး ဝင်ထွက်သွားလာနေတာပဲ။”

ရှောက်ဟန့်၏ အသံသည် ရုတ်ခြည်း အေးစက်သွား၏။ သူသည် တံခါးဘောင်ကိုမှီကာ၊ ဖိအားအပြည့်ဖြင့် ကျိဟွိုက်စစ်ကို ချဉ်းကပ်သွားသည်။

“ငါလည်း မင်းကို အကြိမ်များစွာ သတိပေးပြီးပြီ။ ငါ့ကိစ္စကို ဝင်မစွက်ဖက်နဲ့လို့”

အေးစက်စက် အကြည့်နှစ်ခုသည် လေထဲတွင် ဆုံမိသွား၏။ ကျိဟွိုက်စစ်သည် ရှောက်ဟန့်၏ ကိုယ်ပေါ်မှ ထုတ်လွှတ်နေသော အန္တရာယ်ကို လုံးဝဂရုမစိုက်ဘဲ၊ အတွင်းတွင် ရပ်နေသော ကျန့်ချီကို လှမ်းကြည့်လိုက်ရာ၊ တင်းမာနေသော သူ၏မျက်ခုံးများသည် ဖြည်းညှင်းစွာ နူးညံ့သွားပြီး၊ စိုးရိမ်ပူပန်မှုတို့ ထွက်ပေါ်လာသည်။

“ကျန့်ချီ၊ မင်း အဆင်ပြေရဲ့လား။”

ကျန့်ချီ၏ ဦးနှောက်သည် ထိုအရက်ခွက်ကြောင့် မူးဝေနေဆဲဖြစ်ပြီး၊ နောက်ကျစွာမှ ခေါင်းညိတ်ပြလိုက်၏။ ကျိဟွိုက်စစ်သည် ရှောက်ဟန့်ကို ကျော်ဖြတ်၍ အတွင်းသို့ ဝင်လာပြီး၊ သူ၏အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူကာ၊ ကျန့်ချီ၏ မျက်ဝန်းထောင့်မှ မျက်ရည်စများကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ရှည်လျားသော မျက်တောင်များက အောက်ခြေမှ အဓိပ္ပာယ်မရှင်းလင်းသော စိတ်ခံစားမှုများကို ဖုံးကွယ်ထား၏။ သူသည် ဒေါသထွက်နေသည်လား သို့မဟုတ် အခြားအရာတစ်ခုခုကို စဉ်းစားနေသည်လား ဆိုသည်ကို ပြောမပြတတ်ပေ။

ကျန့်ချီသည် ကျိဟွိုက်စစ်၏ အပြုအမူကို ငြိမ်သက်စွာ ခံယူနေ၏။ သူသည် မူလနေရာတွင် မလှုပ်မယှက်ရပ်နေပြီး၊ မည်သည့်ပြစ်တင်ဆုံးမမှု သို့မဟုတ် မေးမြန်းမှုကိုမဆို ကြားရတော့မည်ကို စောင့်ဆိုင်းနေစဉ်၊ ကျိဟွိုက်စစ်သည် သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး နွေးထွေးစွာ ဆိုသည်။

“ငါ မင်းကို ပြန်လိုက်ပို့မယ်။”

“သူက ငါခေါ်လာတဲ့လူ။ မင်း ခေါ်သွားချင်တိုင်း ခေါ်သွားလို့ရတယ်လို့ ထင်နေတာလား။”
ရှောက်ဟန့်၏ အနည်းငယ်ဒေါသထွက်နေသော အသံသည် နောက်ကျောမှ ထွက်ပေါ်လာသည်။

“သူက ဒီနေရာမှာ နေချင်တယ်လို့ မင်းထင်နေတာလား။”

ကျိဟွိုက်စစ်သည် ရှောက်ဟန့်၏အုံ့အုံ့မှိုင်းမှိုင်း မျက်နှာကို လှမ်းကြည့်လိုက်ပြီး၊ ရှားရှားပါးပါး လေသံမာမာဖြင့်၊ ရုံးသုံးစကားကဲ့သို့ ငြင်းဆန်၍မရသော အေးစက်မှုတို့ဖြင့် ပြောလိုက်သည်။

“ရှောက်ဟန့်၊ မင်း တစ်ခုတော့ ရှင်းရှင်းလင်းလင်း သိထားရမယ်။ ဒီနေရာမှာ၊ မင်းထက် ဒီလိုကိစ္စတွေလုပ်ဖို့ အခွင့်အာဏာပိုရှိတဲ့သူတွေ ရှိတယ်။ နားလည်လား။ မင်း မနက်ဖြန်မနက် ရှစ်နာရီမှာ ကျောင်းသားကောင်စီကို တစ်ခေါက်လာခဲ့ဖို့ သတိရလိုက်ဦး။”

ကျန့်ချီသည် ယခုအချိန်တွင် ရှောက်ဟန့်၏ မျက်နှာကို မကြည့်ရဲပေ။ သို့မဟုတ် ကြည့်စရာမလိုဘဲ၊ သူ၏နောက်ကျောတွင် စုစည်းနေသော ဖိအားပေးမှုအပြည့်ပါသည့် အကြည့်ကို ခံစားမိနေ၏။ ထိုအကြည့်သည် အဝတ်အစားများကို ဖောက်ထွင်းကာ သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး၊ ကျောရိုးမှစ၍ ထုံကျင်သွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်၊ နောက်ကျောမှ အသံကျယ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ တံခါးကို ကန်ကျောက်လိုက်သည့်အလားပင်။ ကျန့်ချီသည် မသိစိတ်ဖြင့် လှည့်ကြည့်ချင်သော်လည်း၊ နွေးထွေးသော လက်ဖဝါးတစ်ဖက်က သူ၏ဦးခေါင်းနောက်စေ့ကို ထိန်းကိုင်ထားလိုက်သည်။

“သူ ဖြေရှင်းလိမ့်မယ်။”

ကျိဟွိုက်စစ်က ဆိုသည်။
“အခု၊ မင်းက ငါ့ကို ဘာလို့ ရှောက်ဟန့်နဲ့အတူ ဒီနေရာကို ရောက်နေရတာလဲဆိုတာ ပြောပြသင့်တယ်။”

ကျိဟွိုက်စစ်၏ စကားသည် လေးလံခြင်းမရှိ၊ ပေါ့ပါးခြင်းမရှိဘဲ၊ လေပြေညင်းကဲ့သို့ နားနားတွင် ဖြတ်သန်းတိုက်ခတ်သွား၏။ ကျန့်ချီ၏ စိတ်ထဲတွင် အမည်မဖော်နိုင်သော စိုးရွံ့မှုတစ်ခု ဖြစ်ပေါ်လာပြီး၊ ဦးနှောက်သည်လည်း အရက်ရှိန်ကြောင့် ထုံထိုင်းနေသဖြင့်၊ မည်သည့်ဆင်ခြေကိုမျှ မစဉ်းစားနိုင်တော့ဘဲ၊ အသံတိုးတိုးဖြင့် ဆိုသည်။

“ရှောက်ဟန့်က မင်း ငါ့ကိုပေးတဲ့ စာအုပ်ကို ယူသွားလို့။”

“သူက အဲ့ဒါနဲ့ မင်းကို ခြိမ်းခြောက်တာလား။” ကျိဟွိုက်စစ်သည် ချက်ချင်းမေးလိုက်၏။

“အင်း။”

ရုတ်တရက်၊ ကျိဟွိုက်စစ်၏ မျက်ဝန်းအောက်ခြေမှ ရေခဲပြင်သည် နွေးဦးကာလရောက်သကဲ့သို့ အရည်ပျော်ကာ နွေးထွေးသော ရေအိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ ကျန့်ချီ၏ မျက်လုံးနှစ်လုံးကို စိုက်ကြည့်ကာ၊ အပြစ်တင်သည့် စိတ်ခံစားမှုတစ်စိုးတစ်စိမျှ မပါဝင်သော စကားဖြင့် ဆိုသည်။

“မင်း ဘာလို့ ငါ့ကို စောစောကတည်းက မပြောပြရတာလဲ။ ငါက ဒီလိုကိစ္စကြောင့် စိတ်ဆိုးမှာမဟုတ်ဘူး။ မင်း စိတ်ပူစရာမလိုဘူး။ မနက်ဖြန်ကျရင် ငါ ဒီကိစ္စကို ကောင်းကောင်းမွန်မွန် ဖြေရှင်းပေးမယ်။ အဲ့ဒီစာအုပ်အပါအဝင်ပေါ့။”

အမှန်တကယ်တွင် ကျန့်ချီသည် ကျိဟွိုက်စစ်က သူ့အား အပြစ်တင်မည်မဟုတ်ကြောင်း ရှင်းလင်းစွာ သိပေသည်။ ထို့ကြောင့်ပင်၊ သူသည် ကျိဟွိုက်စစ်ကို စိတ်မကောင်းဖြစ်စေနိုင်မည့် မည်သည့်ကိစ္စမျိုးကိုမဆို ပို၍ပင် မလုပ်ချင်တော့ခြင်း ဖြစ်သည်။

ကျန့်ချီသည် မိမိကိုယ်ကို သဘောကောင်းသော လူတစ်ယောက်မဟုတ်ဟု သရော်လိုက်၏။ ကျိဟွိုက်စစ်နှင့် ရင်ဆိုင်ရသောအခါ၊ ပြောရခက်သော စကားများစွာသည် မည်သို့မျှ ထုတ်ပြော၍မရ ဖြစ်သွားတတ်သည်။

နောက်ဆုံးတွင် အမှားမဖြစ်နိုင်သော စကားလုံးနှစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

“ကျေးဇူးတင်ပါတယ်။”

ကျန့်ချီသည် ကျိဟွိုက်စစ်၏ ဦးဆောင်မှုဖြင့် မိုးလ်မျှော်စင်မှ ထွက်ခွာလာခဲ့၏။ အဆောင်သို့ ပြန်ရောက်သောအခါ၊ မှောက်အိပ်လိုက်ရာမှ ဒုတိယနေ့မနက်သို့တိုင်အောင် အိပ်ပျော်သွားသည်။ သူ အမှတ်မထင် ဖုန်းကိုဖွင့်ကြည့်သောအခါ၊ ဖန်သားပြင်ပေါ်တွင် မနေ့ကပို့ထားသော သူငယ်ချင်းလျှောက်လွှာတစ်ခု ပေါ်လာ၏။ နာမည်မှာ ရိုးရှင်းသော ‘ရှောက်’ ဟူသော စာလုံးတစ်လုံးသာ ဖြစ်သည်။ ခေါင်းသုံးစရာမလိုဘဲ ထိုသူမှာ မည်သူဖြစ်သည်ကို သိနိုင်ပေသည်။

ထပ်ထည့်ရသည့်အကြောင်းပြချက်မှာလည်း တိုတောင်းသော စကားလုံးနှစ်လုံးသာ ဖြစ်သည် – ရှောက်ဟန့်၏ ထုံးစံအတိုင်းပင် : လက်ခံလိုက်။

ကျန့်ချီသည် မမြင်ချင်ယောင်ဆောင်ကာ၊ လက်ချောင်းကိုပွတ်ဆွဲ၍ မက်ဆေ့ချ်ကို ကျော်သွားလိုက်၏။ သူ၏ခေါင်းသည် အနည်းငယ်ကိုက်ခဲနေဆဲပင်။ထိုအရက်က မည်သည့်အရက်မျိုးဖြစ်သည်ကို မသိပေ။ သူ အိပ်ရာမှထကာ မျက်နှာသစ်ပြီးနောက် ဖုန်းကို ပြန်ဖွင့်ကြည့်သောအခါ၊ ဖန်သားပြင်ပေါ်တွင် သူငယ်ချင်းလျှောက်လွှာအသစ်တစ်ခု ထပ်မံရောက်ရှိနေပြန်သည်။

ရှောက် : ငါ မင်းမြင်တယ်ဆိုတာ သိတယ်။ လက်ခံလိုက်။

ရှောက် : တစ်မိနစ်အတွင်း လက်မခံရင်၊ ငါ မင်းကို လာရှာတော့မယ်။

ကျန့်ချီသည် သူ၏ရှောင်ပြေးလိုစိတ်ကို ရှောက်ဟန့်က အသေသတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူသည် စိတ်မပါ့တပါဖြင့် လျှောက်လွှာကို လက်ခံလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် ရှောက်ဟန့်ထံမှ မက်ဆေ့ချ်တစ်စောင် ရောက်လာသည်။

ရှောက် : နိုးပြီလား။

ကျန့်ချီသည် ပြန်မဖြေဘဲ၊ ဘယ်ဘက်သို့ ပွတ်ဆွဲကာ ရှောက်ဟန့်၏ HS စာမျက်နှာကို ဖွင့်လိုက်၏။

သူ၏ပရိုဖိုင်နောက်ခံပုံမှာ ကောင်းကင်ပြာတွင် ပျံဝဲနေသော လင်းယုန်ငှက်တစ်ကောင်ဖြစ်ပြီး၊ တင်ထားသော ပို့စ်များမှာ လက်ချိုးရေ၍ပင် ရ၏။ အများစုမှာ သတင်းများကို ပြန်လည်မျှဝေထားခြင်းဖြစ်ပြီး၊ အပန်းဖြေခန်းထဲမှ ဘိလိယက်စားပွဲ၊ စန္ဒယားနှင့် စားပွဲပေါ်တွင် တင်ထားသော အရက်များသာ ဖြစ်သည်။ တစ်ခါတစ်ရံ ပေါ်လာသော လက်မှလွဲ၍ ရှောက်ဟန့်သည် တစ်ခါမျှ ပေါ်မလာခဲ့ပေ။

ကွန်မန့်ပေါင်း တစ်ထောင်ကျော်တွင် ထက်ဝက်နီးပါးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး၊ အချို့စကားလုံးများမှာ ရှင်းလင်းစွာပင် မျက်စိထဲစွဲစေသည်။ နယ်ပယ်ထဲမှ နာမည်ကြီးပုဂ္ဂိုလ်များ၏ ပြန်လည်မျှဝေမှုများလည်း ရှိနေသေးပြီး၊ စာသားများဖြင့် ချီးကျူးထားသည်မှာ –

[ ဒါရိုက်တာရှောက်ရဲ့ သားဆိုတဲ့အတိုင်းပဲ။ ငယ်ရွယ်ပြီး ထူးချွန်တယ်]
နောက်တွင် လက်မတစ်ထောင်ပါ ထပ်ထည့်ထားသေး၏။

ကျန့်ချီသည် အာဟာရမရှိသော ဤဓာတ်ပုံအနည်းငယ်မှ ‘ငယ်ရွယ်ထူးချွန်’ ဟူသော စာလုံးများကို မည်သို့မည်ပုံ ကောက်ချက်ချနိုင်သည်ကို မြင်ယောင်ကြည့်ရန် ခက်ခဲလှ၏။

ရုတ်တရက် မက်ဆေ့ချ်အသစ်တစ်ခု ပေါ်လာသည် : မင်း ငါ့ဓာတ်ပုံတွေကို ကြည့်နေတာလား။

ကျန့်ချီသည် ပြန်ထွက်လိုက်ပြီး၊ ဖြည်းညှင်းစွာ မေးခွန်းသင်္ကေတတစ်ခုကို ရိုက်လိုက်သည်။

ရှောက် : နောက်ကွယ်မှာ ဝင်ကြည့်တဲ့သူတွေကို ကြည့်လို့ရတယ်။ မင်း ငါ့ပင်မစာမျက်နှာမှာ ငါးမိနစ်ကြာအောင် ရပ်တန့်နေခဲ့တာ။

HS ကို နှစ်လကြာအောင် သုံးစွဲခဲ့သော ကျန့်ချီသည် ဤကဲ့သို့သော လုပ်ဆောင်ချက်ရှိသည်ကို ပထမဆုံးအကြိမ် သိလိုက်ရ၏။ သူသည် အနည်းငယ် ရှက်သွားပြီး၊ မက်ဆေ့ချ်သည် လျင်မြန်စွာ ပျောက်ကွယ်သွားသည် : ကြည့်လို့မရဘူးလား။

ရှောက်ဟန့်က ပြန်စာပို့သည် : လူကိုယ်တိုင်က ဓာတ်ပုံထက် ပိုကြည့်ကောင်းတယ်။

ကျန့်ချီသည် (…) ဟူသော ချန်လှပ်သင်္ကေတတစ်ခုကို ပြန်စာပို့လိုက်ပြီး၊ ဤအချိန်တွင် သူ၏စိတ်အခြေအနေကို ဖော်ပြလိုက်၏။

ကြည့်ရသည်မှာ ရှောက်ဟန့်သည် မနေ့ကကိစ္စကြောင့် သူ့အပေါ် ဒေါသမထွက်နေပေ။ ကျိဟွိုက်စစ်က သူ့ကို ဘာတွေပြောလိုက်သည်ကို မသိချေ။

စိတ်ထဲကအတိုင်း၊ ကျန့်ချီသည် ဖိုရမ်ကို ဖွင့်လိုက်ပြီး၊ အပေါ်သို့ တစ်ပတ်မျှ ပွတ်ဆွဲကြည့်ရာ၊ ရှောက်ဟန့်နှင့်ပတ်သက်သော ပို့စ်တစ်ခုကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။ ၎င်းကို မနေ့က တင်ထားခြင်းဖြစ်သည်။

ခေါင်းစဉ် : မင်းသားလေးက သူ့ရဲ့အပန်းဖြေခန်းထဲကို လူတစ်ယောက်ခေါ်သွားတဲ့ပုံပဲ။ အဲ့ဒါဘယ်သူလဲဆိုတာ သိတဲ့သူရှိလား။ ငါနဲ့ ငါ့သူငယ်ချင်း ဆွေးနွေးနေတာ တစ်နေ့လုံးပဲ။ သူတို့ထွက်လာတာကို မတွေ့မိလိုက်ဘူး။ [ဓာတ်ပုံ][ဓာတ်ပုံ]

ပုံထဲမှ ခိုးကြောင်ခိုးဝှက်ရိုက်ထားပြီး မရှင်းလင်းပေ။ ရှောက်ဟန့်သည် ကျယ်ပြန့်သော ခြေလှမ်းများဖြင့် ရှေ့တွင် လျှောက်လှမ်းနေပြီး၊ ဝေဝါးသော ပုံရိပ်သည်ပင် သူ၏ချောမောသော ဘေးတိုက်မျက်နှာကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူ၏နောက်မှလူသည် သူ့ထက် အနည်းငယ်ပုပြီး၊ မျက်နှာကို ကျောင်းဝတ်အပေါ်ထပ်အင်္ကျီဖြင့် တင်းကျပ်စွာ ဖုံးအုပ်ထားသည်။ သူ၏ပိန်သွယ်သော နောက်ကျောကိုသာ သိနိုင်ပြီး၊ ရှောက်ဟန့်က သူ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ထားရာ၊ အနည်းငယ် အတင်းအကျပ်ပြုလုပ်နေသည့်ဟန်ပင်။

1L: ဘာလို့ မျက်နှာကို ဖုံးထားရတာလဲ။ ဒီလူ ဘယ်သူလဲဆိုတာ သိတဲ့သူရှိလား။

2L: သောက်ကျိုးနည်း၊ မင်းသားလေးရဲ့ ဒီအပြုအမူက နည်းနည်းတော့ မိုက်တယ်ဟ။

3L: ကျောင်းဝတ်အင်္ကျီက မင်းသားလေးဟာထင်တယ်။ အပေါ်မှာ BC ရင်ထိုးတံဆိပ်တောင် ချိတ်ထားသေးတယ်။ မဟုတ်မှလွဲရော နောက်ကလူကို တခြားသူတွေကို မမှတ်မိစေချင်လို့ တမင်သက်သက်လုပ်တာလား။

Chapter 34 ended

Chapter 35

4L: အမှန်အတိုင်းပြောရရင်၊ မင်းသားလေး ဒီလောက်ဂရုစိုက်တတ်တာကို ဒါပထမဆုံးအကြိမ် မြင်ဖူးတာပဲ။

5L: ဒီလူဘယ်သူလဲဆိုတာ ဘယ်သူမှ မမှတ်မိသေးဘူးလား။ မဟုတ်မှလွဲရော ပိုင်ရှီယွီများလား။ သူတို့ အရင်တစ်ခါက တော်တော်ရင်းနှီးနေကြတာကို ငါမှတ်မိနေတယ်။

6L: ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်း မင်းသားလေး ဒီရက်ပိုင်းအတွင်း ယွီယွီကို ဂရုစိုက်တာ မြင်ဖူးလို့လား။

7L: ယွီယွီ မဖြစ်နိုင်ဘူး။ သူက ဓာတ်ပုံထဲကလူထက် အများကြီး ပိန်တယ်။ တစ်ချက်ကြည့်ရုံနဲ့ မတူတာ သိသာတယ်။

8L: စိတ်အေးသွားပြီ။

9L: စိတ်အေးသွားပြီ။
……

78L: ဒါဆို အခုထိ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိသေးဘူးလား။

79L: ဒီလောက်ဝေဝါးနေတဲ့ နောက်ကျောပုံမျိုး၊ ငါလမ်းပေါ်ထွက်ရှာရင်ကို တစ်ပုံစံတည်း ဆယ်ယောက်လောက် ရှာလို့ရတယ်။

80L: စိန့်စတန်ကျောင်းရဲ့ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတစ်ခု ထပ်တိုးလို့ရပြန်ပြီ။ မင်းသားလေးက နောက်ဆုံးတော့ ဘယ်သူ့ကို သူ့ရဲ့အပန်းဖြေခန်းထဲ ခေါ်သွားခဲ့တာလဲ။

81L: ခန့်မှန်းနေစရာ ဘာလိုသေးလဲ။ ဘာပဲဖြစ်ဖြစ် ရောင်းကုန်တစ်ခုပဲလေ။ မကြာခင်မှာ ကစားပြီး ငြီးငွေ့သွားမှာပဲ။

ကျန့်ချီ၏ မငြိမ်မသက်ဖြစ်နေသော စိတ်သည် ယာယီအားဖြင့် တည်ငြိမ်သွား၏။ ရာပေါင်းများစွာသော မှတ်ချက်များကို နောက်ဆုံးအထိ ဖတ်ကြည့်သော်လည်း ဓာတ်ပုံထဲမှလူမှာ မည်သူဖြစ်သည်ကို မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပေ။

သူ၏ဖုန်းကို ပိတ်လိုက်စဉ်၊ အတွေးတစ်ခုသည် ဦးနှောက်ထဲတွင် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွား၏။ ထိုစဉ်က ကျိဟွိုက်စစ် တံခါးခေါက်သည့်လေသံမှာ ဖော်ရွေခြင်းမရှိခဲ့ပေ။

အတွင်းမှလူကို မြင်သောအခါ၊ သူ၏မျက်နှာပေါ်တွင် အေးစက်ခြင်းမှလွဲ၍ အံ့ဩသည့်အရိပ်အယောင်တစ်စိုးတစ်စိမျှ မရှိခဲ့ဘဲ၊ အတွင်းမှလူမှာ သူဖြစ်ကြောင်း အစကတည်းက သိနှင့်နေသည့်အလားပင်။

လူတိုင်းက မခန့်မှန်းနိုင်ခဲ့ပေ။ ကျိဟွိုက်စစ်က မည်သို့သိနိုင်မည်နည်း။

ကျန့်ချီသည် သူ၏ရင်ဘတ်ကိုဖိကာ၊ ဤထူးဆန်းသော အတွေးကို ဖယ်ထုတ်လိုက်၏။ ဖြစ်နိုင်သည်မှာ သူ အတွေးလွန်နေခြင်းသာ ဖြစ်ပေမည်။

သုံးပတ်ဆိုသည့်အချိန်သည် ကျန့်ချီထင်ထားသည်ထက် ပို၍မြန်ဆန်စွာ ကုန်ဆုံးသွား၏။ စာကြည့်တိုက်သည် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊ ကျန့်ချီသည်လည်း ကျိဟွိုက်စစ်၏ ရုံးခန်းမှ ပြောင်းရွှေ့ခဲ့သည်။ မထွက်ခွာမီ၊ ကျိဟွိုက်စစ်သည် သူ့အား ထူထဲသော စာအုပ်တစ်အုပ်ကို ပေးခဲ့သည် — ၎င်းမှာ ရှောက်ဟန့်ယူသွားခဲ့သော ‘ရှင်းခုံးမှတ်စုများ’ ပင်။

“နောက်ဆို ဘာကိစ္စပဲဖြစ်ဖြစ်၊ အရင်ဆုံး ငါ့ကို လာပြောဖို့ သတိရပါ။” ကျိဟွိုက်စစ်သည် သူ့အား နက်ရှိုင်းစွာ ကြည့်ရင်းဆိုသည်၊ “ဒါက ကျောင်းသားကောင်စီရဲ့ တာဝန်ဖြစ်သလို၊ ငါ့ရဲ့တာဝန်ဆိုလည်း ဟုတ်တယ်။”

နောက်ဆုံးစကားသည် နားထဲတွင် ညင်သာစွာ ကျရောက်လာပြီး၊ မထင်ရှားသော ထူးခြားမှုတစ်ခု ရောနှောပါဝင်နေသည်ကို ကျန့်ချီ ပြောမပြတတ်ခဲ့ပေ။ သူသည် ကျိဟွိုက်စစ်၏ လက်ထဲမှ စာအုပ်ကို လှမ်းယူလိုက်၏။

ရှောက်ဟန့်သည် သူ့အား စန္ဒယားအခန်းသို့ လာခိုင်းသည့်ကိစ္စကို ထပ်မံမပြောတော့ပေ။ ကျန့်ချီသည်လည်း မေ့ချင်ယောင်ဆောင်ကာ၊ နေရာတိုင်းတွင် ရှောက်ဟန့်နှင့်တွေ့နိုင်မည့် နေရာများကို ရှောင်တိမ်းခဲ့သည်။ အကယ်၍သာ စာပေအသင်းက မတက်မနေရသာ မဟုတ်ခဲ့လျှင်၊ သူသည် ပထမဆုံးအခွင့်အရေးမှာပင် အသင်းပြောင်းရန် လျှောက်လွှာတင်မည်မှာ သေချာ၏။ ထိုသို့ဖြစ်လင့်ကစား၊ ဖုန်းတုန်ခါလာချိန်တွင် ပေါ်လာသော မက်ဆေ့ချ်များကိုတော့ ရှောင်လွှဲ၍မရခဲ့ပေ။

ကျန့်ချီသည် လျစ်လျူရှုရန် နည်းလမ်းမရှိခဲ့ပေ။ ရှောက်ဟန့်ထံတွင် သူ့အား စာပြန်စေရန် နည်းလမ်းပေါင်း တစ်ရာမက ရှိ၏။ မျက်နှာချင်းဆိုင်တွေ့ရခြင်းနှင့် နှိုင်းယှဉ်လျှင်၊ ဤသို့ ဖန်သားပြင်ကိုကြားခံထားသော နည်းလမ်းသည် ထိုမျှလောက် လက်ခံရခက်ခဲခြင်း မရှိတော့ပေ။ ဖြစ်နိုင်သည်မှာ သူ၏ပြန်စာများသည် အလွန်စိတ်မပါ့တပါဖြစ်သောကြောင့်လော မသိ၊ ဤရက်ပိုင်းအတွင်း ရှောက်ဟန့် သူ့ထံသို့ ဆက်သွယ်သည့်အကြိမ်အရေအတွက်သည် တဖြည်းဖြည်း နည်းပါးလာခဲ့သည်။

“ပိုင်ရှုယွင် ပြန်လာတော့မှာလား။”

စားသောက်ဆောင်ထဲတွင်、 HS ဖတ်နေသော ကျန်းယန်သည် သူ၏အစားစားခြင်းကို ရပ်တန့်လိုက်ပြီး၊ ဖုန်းပေါ်မှ အကြောင်းအရာကို အံ့ဩစွာ ဖတ်လိုက်သည်။

“ဒီစာသင်နှစ်ဝက်တောင် မပြီးသေးဘူး။ သူက ဘာလို့ ဒီအချိန်ကြီးမှ ပြန်လာရတာလဲ။”

ထိုနာမည်သည် အမည်မဖော်နိုင်စွာ ရင်းနှီးနေသယောင်ပင်။ ကျန့်ချီသည် ခဏတာမျှ စဉ်းစားမရဖြစ်သွားပြီး၊ မေးလိုက်သည်။”ဘယ်သူပြန်လာမှာလဲ။”

“ပိုင်ရှုယွင်လေ။ ပိုင်မိသားစုရဲ့ အငယ်ဆုံးသား၊ BC လေးယောက်ထဲက တစ်ယောက်ပေါ့။”

ကျန်းယန်သည် အရှင်းလင်းဆုံးသော စကားလုံးများဖြင့် အတိကျဆုံးသော ရှင်းလင်းချက်ကို ပေး၏။

“သူက ကျန်းမာရေးမကောင်းဘူး။ မွေးရာပါ နှလုံးရောဂါရှိတယ်။ အရင်တုန်းကဆိုရင် သုံးရက်ခြားတစ်ခါလောက် ခွင့်ယူတတ်တယ်။ လွန်ခဲ့တဲ့ စာသင်နှစ်ဝက်ကတော့ တစ် semester လုံး ခွင့်ယူသွားခဲ့တာ။ အခုတော့ ကျန်းမာရေးကောင်းသွားလို့ ပြန်လာဖို့ ပြင်ဆင်နေလောက်ပြီ။”

ပိုင်ရှုယွင်…ကျောင်းခွင့်ယူခြင်း…နှလုံးရောဂါ…

ဤစကားလုံးများသည် အတူတကွ ဆက်စပ်သွားပြီး၊ မှတ်ဉာဏ်ကိုဖွင့်သော သော့တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျန့်ချီ၏ နှလုံးသည် ရုတ်တရက် အကြိမ်များစွာ ခုန်ပေါက်သွားပြီး၊ ခဏတာမျှ ကျန်းယန်၏ အသံကိုပင် မကြားနိုင်တော့ပေ။

သူ မေ့လုနီးပါးဖြစ်နေခဲ့သည်မှာ၊ ပိုင်ရှီယွီ၏ စစ်မှန်သောသရုပ်သည် သူနှင့်တူသော ပညာသင်ဆုရကျောင်းသားတစ်ဦးမဟုတ်ဘဲ၊ ပိုင်မိသားစုက ပြန်လည်ခေါ်ဆောင်ထားသော တရားမဝင်သော သားတစ်ယောက်ဖြစ်သည်ပင်။

စာအုပ်ထဲတွင် ပိုင်ရှီယွီ၏ အထက်တွင် အစ်ကိုနှစ်ယောက်ရှိကြောင်း ရှင်းလင်းစွာ ရေးသားထား၏။ အစ်ကိုကြီးသည် ကုမ္ပဏီကို ဆက်ခံပြီး၊ ဒုတိယအစ်ကိုမှာမူ ပိုင်မိသားစု၏ မူလအငယ်ဆုံးသားဖြစ်ကာ၊ ပိုင်ရှုယွင်ဟု အမည်ရသည်။

အကယ်၍ ဇာတ်လမ်းထဲမှ ‘ကျန့်ချီ’ သည် အရေးမပါသော ဇာတ်ကောင်တစ်ခုသာဖြစ်လျှင်၊ ပိုင်ရှုယွင်၏ တည်ရှိမှုသည် အန္တိမဗီလိန်ပင်။ သူသည် ပိုင်ရှီယွီကို အဆုံးစွန်အထိ မညှာမတာ နှိပ်စက်ခဲ့၏။ သူသည် ငယ်စဉ်ကတည်းက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသော သခင်လေးတစ်ဦးဖြစ်ပြီး၊ မွေးရာပါရောဂါကြောင့် လူတိုင်းက သူ့အား အချစ်ပိုခဲ့ကြသည်။ ပိုင်ရှီယွီ ပေါ်ပေါက်လာသည့်တိုင်အောင်ပင်။

ဖခင်ဖြစ်သူ ပိုင်ရှန့်ယင်းသည် အပြစ်ရှိစိတ်ကြောင့် ပိုင်ရှီယွီအပေါ် အထူးဂရုစိုက်မှုပြသခဲ့ပြီး၊ အစ်ကိုကြီး၏ သဘောထားသည်လည်း အစပိုင်းက အေးစက်ခြင်းမှ တိတ်တဆိတ် ဂရုစိုက်မှုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

အစဉ်အမြဲ မာနကြီးခဲ့သော ပိုင်ရှုယွင်သည် သူ၏ရောင်ဝါကို အလုခံလိုက်ရသည်ဟု ခံစားခဲ့ရပြီး၊ သူ၏စိတ်သည် အစွန်းတစ်ဖက်သို့ တဖြည်းဖြည်း တွန်းပို့ခြင်းခံလိုက်ရကာ၊ မနာလိုဝန်တိုမှု၏ တွန်းအားပေးမှုကြောင့် အစွန်းရောက်လမ်းသို့ လျှောက်လှမ်းသွားခဲ့သည်။

အရေးကြီးဆုံးအချက်တစ်ခုမှာ၊ ပိုင်ရှုယွင်သည် ရှောက်ဟန့်ကို သဘောကျသည်ဟူ၏။

ထိုအကြောင်းကို အတူတကွ စဉ်းစားမိသည့်အလား၊ ကျန်းယန်က ဆိုသည်။

“ငါ မှတ်မိတာ မမှားဘူးဆိုရင်၊ ပိုင်ရှုယွင်နဲ့ ရှောက်ဟန့်က မြင်းရုပ်ကလေးစီးဖော်စီးဖက် သူငယ်ချင်းတွေပဲ။ အရင်တုန်းက သူတို့နှစ်ယောက် အတူတူလမ်းလျှောက်နေတာကို အမြဲတွေ့ရတယ်။ သူတို့နှစ်ယောက်က အတွဲလို့တောင် ပြောတဲ့လူတွေ ရှိသေးတယ်။ ဒါပေမဲ့ ဘာပဲပြောပြော၊ လူတွေကတော့ ပြောကြတာပဲလေ။ ကြားဖူးရုံပါပဲ။”

ကျန့်ချီသည် ရှောက်ဟန့် ဤအချိန်အတောအတွင်း သူ့အား လာမရှာသည့်အကြောင်းရင်းကို မထင်မရှား နားလည်သွားခဲ့သည်။

ဖြစ်နိုင်သည်မှာ အလားတူပင် ဗီလိန်အမျိုးသားဇာတ်ပို့များ ဖြစ်သောကြောင့်လားမသိ၊ ကျန့်ချီသည် ဤတစ်ခါမျှမမြင်ဖူးသေးသော ပိုင်ရှုယွင်ကို မနှစ်မြို့ခြင်းမရှိခဲ့ပေ။ သူသည် ပို၍ကြာကြာနေနိုင်ပြီး၊ ရှောက်ဟန့်၏ အာရုံစိုက်မှုအားလုံးကို ဆွဲဆောင်သွားနိုင်လျှင် အကောင်းဆုံးပင်။

လမ်းတွင် အနည်းငယ်အချိန်ကြန့်ကြာသွားသဖြင့်၊ ကျန့်ချီ စာပေအသင်းသို့ ရောက်သောအခါ အဖွဲ့ဝင်များ အခြေခံအားဖြင့် စုံညီနေပြီဖြစ်သည်။ သူသည် အကျင့်အတိုင်း မိမိ၏နေရာသို့ လျှောက်သွားရာ၊ ခြေနှစ်လှမ်းမျှသာ လှမ်းရသေးသည်၊ သူ၏ထိုင်ခုံတွင် လူတစ်ယောက် ထိုင်နှင့်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

နောက်တွင်ရှိသော ရှောက်ဟန့်သည် မေးစေ့ကိုထောက်ထားပြီး၊ သူ၏အမူအရာမှာ အနည်းငယ် ပျင်းရိနေ၏။ ကျန့်ချီ၏ နေရာတွင် ထိုင်နေသော လူငယ်လေးသည် ရှောက်ဟန့်၏ ကိုယ်ပေါ်မှ ဖိအားပေးနေသော အငွေ့အသက်ကို လုံးဝမခံစားမိသည့်အလား၊ သူနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုနေသည်။ ကျန့်ချီသည် စိတ်ထဲတွင် နားလည်လိုက်ပြီး၊ အခြားနေရာလွတ်တစ်ခုကို ရှာဖွေရန် ကြံရွယ်လိုက်စဉ်၊ ရှောက်ဟန့်၏ အသံသည် သူ့အား ရုတ်တရက် ဆွဲခေါ်လိုက်သည်။

“ရောက်လာပြီးမှ ဘာလို့မထိုင်တာလဲ။”

ရှေ့မှ လူငယ်လေးသည် ရှောက်ဟန့်၏ နောက်သို့ လိုက်၍ ခေါင်းလှည့်လာ၏။ သူ၏ယူနီဖောင်းရှေ့တွင် လှပသော အနက်ရောင်ရင်ထိုးတံဆိပ်တစ်ခုကို တပ်ဆင်ထားသည်။

သူသည် အလွန်ပင် ချောမောလှပသော မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားပြီး၊ ဝမ်ချွမ်၏ ထက်ရှသော အလှနှင့်မတူ၊ ပိုင်ရှီယွီ၏ ဖြူစင်မှုနှင့်လည်း မတူပေ။ ပို၍ မိန်းမဆန်သော အလှမျိုးဖြစ်ပြီး၊ နှာတံနှင့် နှုတ်ခမ်းတို့မှာ သေးငယ်လှပစွာ တည်ရှိနေသည်။ သူ၏အသားအရေမှာ အနည်းငယ် ဖျားနာနေသကဲ့သို့ ဖြူဖျော့နေ၏။ သို့ဖြစ်လင့်ကစား၊ သူ၏ကျန့်ချီထံသို့ ဝေ့ဝဲကြည့်သော အကြည့်မှာ ညင်သာမှုတစ်စိုးတစ်စိမျှ မရှိဘဲ၊ သေးငယ်သော ဓားသွားတစ်ချောင်းကဲ့သို့၊ ကျန့်ချီကို ခေါင်းအစခြေအဆုံး အသေးစိတ် ကြည့်ရှုပြီးမှ သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“အာ့ဟန့်၊ သူက ဘယ်သူလဲ။”

သူ၏အသံမှာ သေးငယ်ပြီး၊ မွေးရာပါ မာနထောင်လွှားမှုနှင့် ကိုယ့်ကိုယ်ကိုယ်မှန်သည်ဟု ထင်မြင်မှုတို့ ပါဝင်နေသည်။

ကျန့်ချီသည် သူ့ကို မြင်မြင်ချင်းမှာပင်၊ မျက်စိရှေ့မှ ဤလူငယ်လေးမှာ မည်သူဖြစ်သည်ကို ခန့်မှန်းမိလိုက်သည်။ စာအုပ်ထဲတွင် ဖော်ပြထားသော ပိုင်ရှုယွင်နှင့် တစ်ပုံစံတည်းပင်။

ရှောက်ဟန့်သည် အဖြေမပေးဘဲ၊ အေးစက်စက်ဖြင့် ဆိုသည်။
“မင်းက သူ့နေရာကို ယူထားတာ။”

ပိုင်ရှုယွင်သည် ‘ဟွန်း’ ခနဲ တစ်ချက်မြည်အောင် နှာမှုတ်လိုက်ပြီး သူ၏လှပသော မျက်ခုံးများကို မြှောက်လိုက်သည်။

“ငါ ယူထားတော့ရော ဘာဖြစ်လဲ။ ဒီနေရာမှာ သူ့နာမည် ရေးထားတာမှ မဟုတ်တာ။ မဟုတ်ဘူးလား။ အိုး၊ မေ့တော့မလို့၊ မင်း နာမည်ဘယ်လိုခေါ်လဲ။”

Chapter 35 ended

 

အထက်တန်းစားယောကျ်ားလေးများကျောင်း

အထက်တန်းစားယောကျ်ားလေးများကျောင်း

Status: Ongoing Type: Author: Released: 2021 Native Language: Chinese

Description

 

အစပိုင်းမှာတော့ ဘာအတိတ်နိမိတ်မှ မပါတဲ့ အိပ်မက်တစ်ခုသာ ဖြစ်သည်။

 

အိပ်မက်ထဲက မြင်ကွင်းတွေက လက်တွေ့ဘဝနဲ့ တစ်ခုပြီးတစ်ခု ကိုက်ညီလာတဲ့အခါမှာတော့ ကျန့်ချီက သူဟာ danmeiဝတ္ထုစာအုပ်ထဲမှာ နေထိုင်နေတာကို သိလိုက်ရသည်။

 

စာအုပ်ထဲမှ ဇာတ်လိုက်က အပြစ်ကင်းစင်ပြီး အားနည်းသူဖြစ်ကာ အထက်တန်းစားယောကျ်ားလေးကျောင်းမှ ဝံပုလွေတွေကြားထဲ ဝန်းရံခံနေရပြီး နောက်ဆုံးမှာတော့ 1vN အတင်းအကြပ် အချစ်ဇာတ်လမ်းနဲ့ အဆုံးသတ်သွားခဲ့သည်။

 

(T/N: 1 vs N ဆိုတာက ဇာတ်လိုက်က တစ်ယောက်တည်းဖြစ်ပြီး ပါတနာက အများကြီးကိုပြောတာပါ)

 

ပြီးတော့ သူကိုယ်တိုင်ကတော့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ကို နေရာတိုင်းမှာ ချောက်ချပြီးနောက် ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရတဲ့ ဆိုးသွမ်းတဲ့ အမျိုးသား ဇာတ်ပို့ဖြစ်နေခဲ့သည်။

 

ဒါကို ကြိုတင်သိရှိသွားတဲ့ ကျန့်ချီဟာ ဇာတ်လိုက်ရဲ့ အချစ်ရေးကိစ္စတွေထဲ မဝင်ရောက်ဘဲ အထက်တန်းစားယောကျ်ားလေးကျောင်းမှာ ဘယ်သူမှ သတိမထားမိတဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့သည်။

 

ဒါပေမဲ့ သူ တခြားသူတွေကို စပြီး မနှောင့်ယှက်ပါဘဲနဲ့ကို ပြဿနာတွေက သူ့ဆီကို တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။

 

ဇာတ်ကွက်က ပျက်စီးမယ့်လမ်းကြောင်းဘက်ကို ဆက်ပြီး တိုးတက်လာတဲ့အခါမှာတော့ ကျန့်ချီက ဇာတ်လိုက်Gongတွေ သူ့ကို ကြည့်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေက နည်းနည်းလေး ကွဲပြားနေတယ်ဆိုတာကို နောက်ဆုံးမှာ တွေ့ရှိသွားခဲ့၏။

 

•••••••••••

Harem လေးပါ။ တော်တော်များများလည်း သိကြမှာပါ။

1 vs N ပါနော်။ gongက ငါးယောက်ထင်တယ်။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset