Chapter 45 : လက်တွေ့ကမ္ဘာ (Real World)
ဖေးလုရဲ့ ရုပ်အလောင်းကို ချွီလော့ချန် ကိုယ်တိုင် မီးသင်္ဂြိုဟ်ပေးခဲ့တယ်။ မီးတောက်တွေက အရာအားလုံးကို ဝါးမြိုသွားတယ်။ ဒီလောက်လူတစ်ယောက်လုံးက နောက်ဆုံးမှာတော့ ပြာတစ်ဆုပ်စာပဲ ကျန်ခဲ့တော့တယ်။
အရိုးပြာတွေကို ပြင်ဆင်ထားတဲ့ ကြွေပုလင်း အဖြူလေးထဲ ဂရုတစိုက် ထည့်လိုက်တယ်။ ချွီလော့ချန်က အရိုးပြာအိုးကို မြတ်မြတ်နိုးနိုး ပွေ့ပိုက်ပြီး ချွီအိမ်တော်ကို ပြန်လာခဲ့တယ်။
မဖွင့်တာ ကြာပြီဖြစ်တဲ့ တံခါးကြီးက ဖွင့်လိုက်တော့ လေးလံတဲ့ အသံကြီး မြည်လာတယ်။ ဖုန်မှုန့်ပါးပါးလေးတွေ ကျလာပြီး သူ့မျက်လုံးထဲ ဝင်ကုန်တယ်။
မှောင်မိုက်နေတဲ့ အိမ်ကြီးထဲမှာ ချွီမိသားစု ဘိုးဘေးစဉ်ဆက်ရဲ့ ဝိညာဉ်ပြားတွေ ရှိတယ်။ ချွီလော့ချန်ရဲ့ မိဘတွေ၊ ညီအစ်ကိုတွေ အကုန် ပါတယ်။ အခုတော့ ဖေးလုရဲ့ ဝိညာဉ်ပြားပါ ဝင်တိုးရတော့မယ်။
ဝိညာဉ်ပြားတွေက တန်းစီပြီး တိတ်ဆိတ်ခန့်ညားစွာ ရှိနေတယ်။ ချွီလော့ချန်က လက်ထဲက အသစ်ထုထားတဲ့ ဝိညာဉ်ပြားလေးကို နှမြောတသစွာ ပွတ်သပ်လိုက်တယ်။ သူ့မျက်လုံးတွေကို ခဏမှိတ်ပြီး သူ့ရဲ့မိဘတွေ ဘေးနားမှာ ဝိညာဥ်ပြားလေးကို ထားလိုက်တယ်။
ကြွေဖြူရောင် အရိုးပြာအိုးကို သေသေချာချာ သိမ်းဆည်းထားလိုက်တယ်။ ချွီလော့ချန်က ပြာမှုန့်တစ်ဆုပ်ကို ယူပြီး ဖန်ပုလင်း အသေးလေးထဲ ထည့်တယ်။ အဖုံးကို သေချာ ပိတ်ပြီး အနီရောင် ကြိုးလေးနဲ့ လည်ပင်းမှာ ဆွဲလိုက်တယ်။ ပုလင်းလေးက သူ့ရင်ဘတ်ပေါ်မှာ လေးလေးပင်ပင် ရှိနေတယ်။ ဖေးလု ဘယ်တုန်းကမှ မထွက်သွားခဲ့သလိုမျိုးပေါ့…
အားလုံးကို စီစဉ်နေရာချထားပြီးတဲ့နောက် တံခါးကြီးက တစ်ဖန် ပြန်ပိတ်သွားပြန်တယ်။ တံခါးဟလေးက ကျဉ်းသထက် ကျဉ်းလာပြီး နောက်ဆုံးတော့ လုံးဝ ပိတ်သွားတော့တယ်။ တံခါးရဲ့ အတွင်းနဲ့ အပြင်မှာ သက်ရှိနဲ့ သက်မဲ့ ကမ္ဘာနှစ်ခုအဖြစ် ပြတ်သားစွာ ကွဲပြားသွားခဲ့ပြီ။
ချွီလော့ချန်က အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ခြေမျက်စိထိ ရှည်တဲ့ ဆံပင်နက်ကြီးတွေကိုလည်း စုစည်းထားတယ်။ ဓားသွားလို မျက်ခုံးတန်းတွေနဲ့ မျက်ခုံးအောက်က စူးရှတဲ့ မျက်လုံးတွေကို ဖော်ပြထားတယ်။ အရင်တုန်းက လွှမ်းမိုးနေတဲ့ မိစ္ဆာအငွေ့အသက်တွေ ပျောက်ကွယ်သွားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့တဲ့ လူငယ်စစ်သူကြီးရဲ့ ပုံရိပ်နဲ့ ထပ်တူကျသွားတယ်။
ဆရာကြီးက တံခါးဝမှာ စောင့်နေတယ်။ ချွီလော့ချန်ရဲ့ ဝတ်စားဆင်ယင်မှုကို မြင်တော့ အံ့သြသွားပြီး မျက်ခုံးပင့်လိုက်မိတယ်။
“မင်း အနီရောင် မဝတ်တော့ဘူးလား?”
ဒီသရဲကြမ်းက ပုံမှန်ဆို အနီရောင်ပဲ ဝတ်နေကျ။ အခု အနက်ရောင် ပြောင်းဝတ်လိုက်တော့ ပိုပြီး ခန့်ညားလေးနက်တဲ့ ဖိအားတစ်မျိုးကို ပေးစွမ်းနေတယ်။
“မင်း ဘာလာလုပ်တာလဲ?”
(T/N: ဒီနေရာမှာ ‘မင်း’ လို့ သုံးလိုက်ပါတယ်။ ဟိုဘက်က အဘိုးကြီးဖြစ်နေပေမယ့် gongက သရဲဖြစ်နေတာ နှစ်ရာနဲ့ချီကြာနေပြီမိုလို့)
ချွီလော့ချန်ရဲ့ မျက်ဝန်းအောက်ခြေမှာ သတ်ဖြတ်လိုစိတ်တွေ ပြင်းထန်နေတယ်။ ဖေးလုရဲ့ ထွက်ခွာသွားမှုက ဆရာကြီးနဲ့ မဆိုင်ဘူး ဆိုတာ သိပေမယ့် လူဆိုတာ ကိုယ့်ဒေါသကို သူများဆီ ပုံချချင်တဲ့စိတ်ရှိတတ်တာပဲလေ။
ဆရာကြီးက ကြောက်လွန်းလို့ တုန်တက်သွားပြီး ချွီလော့ချန်နဲ့ ဝေးရာကို တိတ်တဆိတ် ဆုတ်သွားတယ်။ သူက လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
“ငါက သူ (ဖေးလု) မှာသွားတဲ့ စကားလေးကို လာပြောပြတာပါ”
ဒီစကားကို စောစောစီးစီး ပြောခဲ့သင့်တာ ကြာပြီ။ ဒါပေမယ့် အဲဒီတုန်းက အခြေအနေတွေက ရှုပ်ထွေးနေတာရော၊ ချွီလော့ချန်က သေမတတ် ခံစားနေရတာရောကြောင့် အခုမှ ပြောခွင့်ရတော့တာ။
ချွီလော့ချန်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆရာကြီးရဲ့ ရှေ့ကို ရောက်လာတယ်။ သူက လက်တစ်ဖက်တည်းနဲ့ ဆရာကြီးရဲ့ အင်္ကျီကော်လာကို ဆွဲမလိုက်တယ်။ လက်ကောက်ဝတ်မှာတော့ အကြောတွေက ထောင်ထနေတယ်။
“ပြော!”
ဆရာကြီးက ချွီလော့ချန်ရဲ့ ဒေါသတကြီး ဖြစ်နေတဲ့ မျက်လုံးတွေကို ကြည့်ပြီး သက်ပြင်းချတယ်။
“သူက မင်းကို ပြောခိုင်းလိုက်တယ်။ သူက မင်းရဲ့ ဘေးနားမှာ အမြဲ ရှိနေမှာပါတဲ့။ မင်း သူ့ကိုခေါ်ပြီး ဖုန်းမြို့ကို သွားလည်စေချင်တယ်တဲ့”
ချွီလော့ချန်ရဲ့ ရင်ထဲ တုန်လှုပ်သွားတယ်။ ကော်လာကို ဆုပ်ကိုင်ထားတဲ့ သူ့လက်ချောင်းတွေက အလိုအလျောက် ပြေလျော့သွားတယ်။ ဖုန်းမြို့ဆိုတာ နယ်စပ်မြို့လေး။ တိုင်းတစ်ပါးနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး စစ်ပွဲတွေ မကြာခဏ ဖြစ်တတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ့ရဲ့ ပထမဆုံး နိုင်ပွဲက… ဖုန်းမြို့မှာ ဖြစ်ခဲ့တာပဲ။
“ငါ သိပြီ… ကျေးဇူးပဲ”
ချွီလော့ချန် လှည့်ထွက်သွားတယ်။ လည်ပင်းမှာ ဆွဲထားတဲ့ ဖန်ပုလင်းလေးကို မသိမသာ သူ ပွတ်သပ်နေမိတယ်။
…….
ဆရာကြီးက နောက်ပိုင်း ချွီလော့ချန်ကို လုံးဝ မတွေ့ရတော့ဘူး။ ဒါပေမယ့် နယ်စပ်ဘက်က သတင်းတွေကိုတော့ ရံဖန်ရံခါ ကြားရတတ်တယ်။ အများစုကတော့ ကောလဟာလတွေပါပဲ။ ဒီနှစ်ပိုင်းတွေမှာ နယ်စပ်က သိပ်မအေးချမ်းဘူး။ ကြားတာတော့ ဖုန်းမြို့မှာ အနက်ရောင်ဝတ်ထားတဲ့ သူရဲကောင်းတစ်ယောက် ရုတ်တရက် ပေါ်လာပြီး တစ်ယောက်တည်းနဲ့ ကျူးကျော်လာတဲ့ ရန်သူတွေကို တိုက်ထုတ်လိုက်တယ် ဆိုပဲ…
ဆရာကြီးက လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ပုံပြောသူရဲ့ အနိမ့်အမြင့်ပါတဲ့ လေသံကို နားထောင်ကာ လက်ဖက်ရည် တစ်ငုံ သောက်လိုက်တယ်။
………..
ဖေးလုက အာဟာရအခန်းရဲ့ အဖုံးကို တွန်းဖွင့်လိုက်ပြီး လတ်ဆတ်တဲ့ လေတွေကို အငမ်းမရ ရှူရှိုက်လိုက်တယ်။ အေးစက်နေတဲ့ အာဟာရအရည်တွေကြောင့် ချမ်းလွန်းလို့ တုန်တောင် တုန်နေတယ်။
သူ အလျင်အမြန်ပဲ အပြင်ထွက်လိုက်ပြီး ဆိုဖာပေါ်က စောင်နွေးနွေးလေး တစ်ထည်ကို ဆွဲယူကာ ကိုယ့်ကိုယ်ကိုယ် အတင်း ပတ်ထားလိုက်တယ်။
666 က အမြီးလေး နှံ့ပြီး ဖေးလုရဲ့ ခြေထောက်နား ရောက်လာတယ်။ ခေါင်းလေး မော့ပြီး ထူးဆန်းသလိုလည်း ကြည့်တယ်။
“ဒီနေ့ အခန်းအပူချိန်က ၂၅ ဒီဂရီ ရှိတာ”
ဖေးလုက စောင်ပတ်ထားပြီး တုန်တုန်ယင်ယင် ဖြစ်နေတယ်။ အရိုးထဲထိ စိမ့်ဝင်နေတဲ့ အအေးဓာတ်ကြောင့် စကားပြောတာတောင် လျှာလေးနေတယ်။
“ဟ… ဟုတ်လား? ဒါပေမယ့် ငါ အရမ်းချမ်းတာပဲ…”
666 က ဖေးလုရဲ့ ခြေထောက်ကို ဖက်ပြီး မတ်တပ်ရပ်လိုက်တယ်။ လျှာလေး ထုတ်ပြီး ဖေးလုရဲ့ လက်ဖမိုးကို လျက်လိုက်တယ်။ နွေးနွေးလေးပဲ။
“မင်းရဲ့ ကိုယ်အပူချိန်က ပုံမှန်ပါပဲ။ ၃၆ ဒီဂရီ ရှိတယ်”
ဖေးလုက ကိုယ့်ကိုယ်ကိုယ် တင်းတင်းဖက်ပြီး ငိုမဲ့မဲ့ ဖြစ်နေတယ်။
“ဒါပေမယ့် ငါ တကယ် ချမ်းနေတာပါဆို”
666 က နောက်တစ်ခေါက် ထပ်လျက်လိုက်တယ်။ စာနာသနားစွာနဲ့ အကြံပေးတယ်။
“ရေနွေး သွားစိမ်လိုက်ပါလား?”
ဖေးလုလည်း တုန်တုန်ယင်ယင်နဲ့ စောင်ပတ်ပြီး ရေချိုးကန်ထဲ သွားစိမ်တော့တယ်။ ရေနွေးနွေးလေး အပြည့်ဖြည့်ထားတဲ့ ရေချိုးကန်ထဲ ရောက်မှပဲ တစ်ကိုယ်လုံးက အအေးဓာတ်တွေ ပြယ်သွားတော့တယ်။ ဖေးလုက ရေချိုးကန်ဘောင်ကို ခေါင်းမှီပြီး မျက်လုံးတွေက ဗလာကျင်းကာ ငေးငိုင်နေတယ်။
ပြန်နိုးလာကတည်းက စိတ်ထဲမှာ ဟာတာတာနဲ့ လက်တွေ့ဘဝကို ပြန်မရောက်သေးသလို ခံစားနေရတယ်။
အရေးကြီးတဲ့ အရာတစ်ခုခု ပျောက်ဆုံးနေသလိုပဲ။ ဒါပေမယ့် ဘာပျောက်သွားလဲဆိုတာကျတော့ သူ ပြောမပြတတ်ဘူး။
ငတုံးလေးလို ငေးငိုင်နေပြီးမှ ဖေးလုက ခန္ဓာကိုယ်ကို နှေးကွေးစွာ သုတ်လိုက်တယ်။ ရေချိုးသဘက်တောင် မပတ်နိုင်တော့ဘဲ ကိုယ်လုံးတီးနဲ့ စောင်ပုံထဲ တိုးဝင်သွားတော့တယ်။
ပင်ပန်းလိုက်တာ။
666 က ကုတင်ပေါ် ခုန်တက်လာပြီး ဖေးလုရဲ့ ခေါင်းဘေးမှာ ဝပ်နေတယ်။
ဖေးလုက ခေါင်းအုံးကို ပွတ်သပ်ရင်း ပြောတယ်။
“ဒီရက်ပိုင်း လက်ခံတဲ့ Mission နှစ်ခုလုံးက တော်တော် ပင်ပန်းတာပဲ”
“လောလောဆယ် Mission မလက်ခံတော့ဘူး… ငါ ကောင်းကောင်း အနားယူဦးမယ်”
666 က ဖေးလုကို ပွတ်သီးပွတ်သပ် လုပ်တယ်။ ပြီးခဲ့တဲ့ ကမ္ဘာနှစ်ခုက စိတ်ပင်ပန်းစရာ ကိစ္စတွေကို တွေးမိပြီး သဘောတူစွာ ခေါင်းညိတ်လိုက်တယ်။
“ငါ အကုန် ပယ်ဖျက်လိုက်ပါ့မယ်။ ကောင်းကောင်း အနားယူလိုက်ပါ”
…………
တစ်ချိန်တည်းမှာပဲ… တခြား အခန်းတစ်ခန်းထဲမှာ။
ကျင်းမင်ရဲ့မျက်လုံးတွေ ရုတ်တရက် ပွင့်လာတယ်။ ခေါင်းမှာ တပ်ထားတဲ့ စက်ကိရိယာတွေက “တီ တီ” နဲ့ မြည်နေတယ်။ အာဟာရအခန်းကို တွန်းဖွင့်ပြီး ထထိုင်လိုက်တယ်။ သူ့ရင်ဘတ်ထဲမှာ တစ်ဆို့ဆို့နဲ့ မွန်းကြပ်နေတယ်။
အသက်ပြင်းပြင်း နှစ်ချက်လောက် ရှူလိုက်ပြီး ဘာကြောင့်မှန်းမသိ ကျုံ့နေတဲ့ နှလုံးသားကို ဖိနှိပ်လိုက်တယ်။ ခဏကြာမှ ခေါင်းပေါ်က ချိတ်ဆက်ကိရိယာကို ဖြုတ်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်တယ်။
ရေချိုးပြီး ပြန်ထွက်လာတော့မှ စွဲကပ်နေတဲ့ ခံစားချက်ကြီးက နည်းနည်း ပါးသွားတော့တယ်။
ရေချိုးသဘက်ကို ခါးမှာ လျော့တိလျော့ရဲ ပတ်ထားတယ်။ ကြွက်သားအမြှောင်းမြှောင်း ထနေတဲ့ ဗိုက်သားတွေက အားအင်အပြည့် ရှိနေပြီး ခါးနှစ်ဖက်က အချိုင့်လိုင်းနှစ်ခုက ရေချိုးသဘက်ထဲထိ ရှည်လျားစွာ ဆင်းသက်သွားတယ်။
ကျင်းမင်က ပြတင်းပေါက်နားမှာ ပေါ့ပေါ့ပါးပါး ထိုင်လိုက်တယ်။ စားပွဲပေါ်မှာတော့ သူ့ရဲ့ ဆေးမှတ်တမ်းတွေကို ဖြန့်ခင်းထားတယ်။ သူက Terminalဘက်က ပြန်ပို့လိုက်တဲ့ ကုသမှု ရလဒ်တွေကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။
ကုသမှုက နှစ်ကြိမ်ဆက်တိုက် အဆင်ပြေတယ်။ ကုထုံးပညာရှင် ဝင်ရောက်လာတဲ့အချိန်မှာ သူ့ဘက်က ငြင်းဆန်တာ၊ တိုက်ခိုက်တာတွေ မရှိဘဲ Mission ကို အောင်မြင်စွာ ပြီးဆုံးစေခဲ့တယ်။
ဒါကြောင့် သူ့ရဲ့ ရောဂါအခြေအနေလည်း တည်ငြိမ်သွားတယ်။
တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးကတော့ နှလုံးထဲမှာ တစ်ဆို့ဆို့နဲ့ နေမထိထိုင်မသာ ဖြစ်နေတဲ့ ခံစားချက်ကြီးပဲ။
သူ Terminal ကိုကြည့်ပြီး ခဏလောက် စဉ်းစားနေတယ်။ ပြီးတော့ မက်ဆေ့ခ်ျ တစ်စောင် ရေးပြီး ပို့လိုက်တယ်။
“မနက်ဖြန်ည ၁၀ နာရီ ကပွဲကို ကုထုံးပညာရှင်ကို ဖိတ်လိုက်ပါ”
ဒုတိယဗိုလ်ချုပ်ဆီက စာပြန်တာ မြန်တယ်။ ကျင်းမင်က Terminal ကို ဘေးပစ်လိုက်ပြီး စောင်ထဲ ဝင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်။
တစ်ညလုံး ဘာစကားမှ မရှိတော့ဘူး။
…………
နောက်တစ်နေ့ မနက်။
ဖေးလုကို 666 ရဲ့ ဆူညံသံတွေက နှိုးလိုက်တယ်။ နဖူးကို ဖိပြီး ဆူညံနေတဲ့ 666 ကို ဖမ်းကာ စောင်ထဲ ဆွဲထည့်ပြီး ဖိထားကာ သတိပေးလိုက်တယ်။
“မဆူနဲ့!”
666 က ဂရုမစိုက်ဘဲ ဆက်အော်တယ်။
“ငါ ဘာသတင်း ရထားလဲ ကြည့်ပါဦး!”
ဖေးလု စိတ်ရှုပ်လာပြီး ဒေါသတကြီး ထထိုင်လိုက်တယ်။
“ထပ်ဆူရင် မင်းကို စက်ရုံဆီ ပြန်ပို့ပြီး သံရည်ကျိုခိုင်းလိုက်မယ်!”
666 က စိတ်လှုပ်ရှားစွာနဲ့ Terminal ကို ပါးစပ်နဲ့ ကိုက်ပြီး ဖေးလုရဲ့ မျက်နှာနား တိုးပေးတယ်။ သူ့စက်ရုပ်အသံမှာတောင် စိတ်လှုပ်ရှားတဲ့ လှိုင်းတွေ ပါနေတယ်။
“ပထမတပ်မတော်ရဲ့ ကပွဲတဲ့! မာရှယ်ကြီးကိုတောင် တွေ့ရနိုင်တယ်နော်~”
ဖေးလု ကြောင်သွားကာ ခေါင်းကုတ်ပြီး မေးလိုက်တယ်။
“ဘာကပွဲလဲ?”
666 က စိတ်လှုပ်ရှားနေတုန်းပဲ။
“ပထမတပ်မတော် ကပွဲလေ~”
ဖေးလု နားမလည်ဘူး။
“ပထမတပ်မတော် ကပွဲက ငါ့ကို ဖိတ်ပြီး ဘာလုပ်မှာလဲ? ကုထုံးပညာရှင် အကုန်လုံး သွားရမှာလား?”
666က အမြီးနှံ့လိုက်တယ်။
“မသိဘူးလေ ကိုယ့်လူရေ~”
ဖေးလုက သူ့ကို ယင်ကောင် မောင်းသလို မောင်းထုတ်လိုက်တယ်။
“သွား သွား… သေချာ စုံစမ်းပြီးမှ ပြန်လာခဲ့။ ငါ့ကို လာမနှောင့်ယှက်နဲ့။ အိပ်ဦးမယ်”
666 စိတ်ဆိုးသွားတယ်။ Terminal ကို ကိုက်ပြီး ဖေးလုရဲ့ မျက်နှာပေါ် ခုန်တက်ကာ ခြေထောက်နဲ့ နင်းချလိုက်တယ်။ ပြီးတော့ တန်းပြေးတော့တာပဲ။
ဖေးလု : “…”
………
ဖေးလုတစ်ယောက် နေ့လယ်ရောက်မှ အိပ်ရာကနေ ပြန်နိုးလာတယ်။ ဖေးလုက ကန်တင်းမှာ ထိုင်ပြီး ဖြည်းဖြည်းချင်း နေ့လယ်စာ စားနေတယ်။ 666 ကတော့ ဘေးနားမှာ ပွစိပွစိ လုပ်နေတယ်။
“ဒီတစ်ခေါက် ကပွဲကို ကုထုံးပညာရှင် အကုန်လုံး ဖိတ်စာရကြတယ်တဲ့။ ပုံမှန်ဆို ပထမတပ်မတော် အတွင်းရေး ကပွဲ ဆိုပေမယ့် ကုထုံးပညာရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အထူးတလည် ထည့်ဖိတ်တာတဲ့”
ဖေးလုက ပါးလုပ်ပလောင်းနဲ့ အသားဝါးရင်း ပြောတယ်။
“ဒါဆိုလည်း သွားကြတာပေါ့”
သူက ဒီလို လူမှုရေးပွဲတွေကို စိတ်မဝင်စားပေမယ့် တခြား ကုထုံးပညာရှင်တွေ အကုန်သွားကြမယ်ဆိုရင် သူ မသွားဘဲနေရင် သိပ်မကောင်းဘူးလေ။
Chapter 45 ended