Chapter 48
လူတွေ့ပြီးသွားတော့ မုရှို့က ရိုက်ကွင်းထဲ ချက်ချင်း ပြန်ဝင်သွားတယ်။ ဖေးလုက သူ့ရဲ့ ဖုန်းနဲ့ ပစ္စည်းတွေကို ပိုက်ပြီး ဘေးမှာ လိမ္မာစွာ ထိုင်စောင့်နေတယ်။
ချူးဟုန်က စိတ်မချဘူး။ သူမက ဖေးလုကို ဆွဲပြီး သတိထားရမယ့် အချက်တွေကို တတွတ်တွတ် မှာနေတယ်။ ပြီးတော့ မုရှို့ရဲ့ အချိန်ဇယားကို ပို့ပေးတယ်။
ဖေးလုက ခေါင်းတညိတ်ညိတ်နဲ့ အကုန် လက်ခံတယ်။ စိတ်ချပါလို့ ပြောလိုက်တယ်။
ချူးဟုန်ကတော့ ဘယ်လိုမှ စိတ်မချနိုင်ဘူး။ ဝမ်စုက သူမထက် ၂ နှစ် ငယ်တယ်။ စရိုက်က အေးဆေးပြီး စကားနည်းတယ်။ လုံးဝ ယဉ်ပါးတဲ့ သိုးငယ်လေးတစ်ကောင်လိုပဲ။
သိုးငယ်လေးကို ဝံပုလွေအသိုက်ထဲ ပစ်ထည့်လိုက်ရသလို ဖြစ်နေတော့ ဘယ်သူက စိတ်ချနိုင်မှာလဲ။
သူမက တကယ်တမ်း ဝမ်စုကို ဒီကို လွှတ်ချင်တာ မဟုတ်ဘူး။ဝမ်စုက သူမဆီလာပြီး အကူအညီ တောင်းလို့သာ။ ဒီဂျူနီယာလေးက မူလကတည်းက သတ္တိနည်းတာ။ မုရှို့သာ ၂ ခါလောက် ဟောက်လိုက်ရင် ဒီသိုးငယ်လေး ငိုသွားမှာကို စိုးရိမ်ရတယ်။
ချူးဟုန် ခဏ စဉ်းစားပြီးတော့ ဖေးလုကို ဘေးဆွဲခေါ်ပြီး တိုးတိုးလေး မှာလိုက်တယ်။
“မုရှို့က တခါတလေ စိတ်ကြီးတတ်တယ်။ သူ နင့်ကို ဒေါသထွက်ရင် စိတ်ထဲ မထားနဲ့။ လေလည်တာလို့ပဲ သဘောထားလိုက်။ ကြားလား?”
ဖေးလု သဘောကျပြီး ရယ်လိုက်တော့ မျက်လုံးလေးတွေ မှေးသွားတယ်။ သူက ချူးဟုန်ကို နှစ်သိမ့်တဲ့အနေနဲ့ ပခုံးပုတ်ပေးတယ်။
“အစ်မ စိတ်ချပါ။ ကျွန်တော် နားလည်ပါတယ်”
ချူးဟုန်က သူ ပြုံးဖြီးဖြီး လုပ်နေတာကို မြင်တော့ အဆင်မပြေ ဖြစ်မယ့်ပုံ မပေါ်ဘူး ဆိုပြီး သူမရဲ့ စိတ်နည်းနည်း အေးသွားတယ်။ မသွားခင် နောက်ထပ် ၂-၃ ခွန်း ထပ်မှာပြီးမှ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်၊ ၃ ခါလောက် ပြန်လှည့်ကြည့်လိုက်နဲ့ ထွက်သွားတော့တယ်။
ချူးဟုန် ထွက်သွားတာ သေချာမှ ဖေးလုက ရိုက်ကွင်းဘေး ပြန်လာပြီး ထိုင်စောင့်တယ်။ သူ လှည့်လိုက်တာနဲ့ မုရှို့က သူ့ကို မျက်စောင်းထိုးနေတာကို မြင်လိုက်ရတယ်။
“????”
ဖေးလု ပါးကို ကုတ်လိုက်ပြီး နားမလည်နိုင် ဖြစ်သွားတယ်။
“ငါ သူ့ကို ဘာလုပ်မိလို့လဲ? ရိုက်ကွင်းပေါ် ရောက်နေတာတောင် အချိန်လုပြီး ငါ့ကို မျက်စောင်းထိုးနေသေးတယ်?”
သူ ပွစိပွစိ ပြောလိုက်တယ်။ ချူးဟုန်က သူ့ရဲ့ စိတ်သဘောထားက မကောင်းဘူးလို့ ပြောထားတာကို သတိရပြီး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်လိုက်တယ်။ အဝတ်အစားနဲ့ ရေဘူးကို ပိုက်ပြီး ဘေးမှာ ငြိမ်ငြိမ်လေးသာ စောင့်နေလိုက်တယ်။
မုရှို့ ရိုက်နေတာက ရှေးခေတ်ကား။ သူက မင်းသား။ အခု ရိုက်နေတဲ့ အခန်းက ဒုတိယမင်းသမီးနဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့ အခန်း။
သူ သရုပ်ဆောင်တဲ့ သိုင်းလောက ခေါင်းဆောင် နဲ့ လီယွီ သရုပ်ဆောင်တဲ့ ဗီလိန်မတို့က ငယ်ချစ်တွေ။ နှစ်ယောက်သား အောက်ခြေကနေ ဒုက္ခသုက္ခတွေကို အတူတူကျော်ဖြတ်ပြီး အခုလက်ရှိ အဆင့်အတန်းထိ ရောက်လာကြတာ။ တစ်ယောက်က သိုင်းလောကရဲ့ ခေါင်းဆောင်၊ တစ်ယောက်က နံပါတ်တစ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်။
ငယ်ချစ်တွေ၊ ဂုဏ်ရည်တူတွေ။
ဒါပေမယ့် ခေါင်းဆောင်က လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်နေတုန်းမှာပဲ သူ့ရဲ့ ချစ်သူက မိစ္ဆာဂိုဏ်းနဲ့ ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေ ရှိနေတာကို ရုတ်တရက် သိလိုက်ရတယ်။
သက်သေအထောက်အထား အကုန်လုံးက သူမဘက်ကို ညွှန်ပြနေတယ်။ ခေါင်းဆောင်က အချစ်ကိစ္စကို ဘေးဖယ်ပြီး သူမနဲ့ မျက်နှာချင်းဆိုင် မေးခွန်းထုတ်ရတော့တယ်။
မုရှို့က အနက်ရောင် ဝတ်စုံကို ဝတ်ထားပြီး ဆံပင်နက်တွေကို ကျောက်စိမ်းသရဖူနဲ့ သပ်သပ်ရပ်ရပ် စည်းနှောင်ထားတယ်။ ဓားသွားလို မျက်ခုံးအောက်က မျက်ဝန်းတွေထဲမှာ နာကျင်မှုနဲ့ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေတယ်။ သူ့ကို တစ်လျှောက်လုံး အဖော်ပြုလာခဲ့တဲ့ ချစ်သူက မိစ္ဆာဂိုဏ်းရဲ့ သူလျှို ဖြစ်နေမယ်ဆိုတာကို မယုံကြည်နိုင်ဘူးဖြစ်နေတယ်။
“ငါ နောက်တစ်ခေါက် ထပ်မေးမယ်… တကယ်ပဲ မင်း လုပ်တာလား?”
လီယွီရဲ့ မျက်နှာက တည်ငြိမ်နေပြီး အနီရင့်ရောင် စကတ်အနားစတွေက လွင့်ပျံနေတယ်။ သူမက ပုစဉ်းရင်ကွဲလေးလို ခေါင်မိုးစွန်းပေါ်မှာ ရပ်နေပြီး မုရှိုကို အပေါ်စီးကနေ ငုံ့ကြည့်တယ်။
“ငါ လုပ်တော့ရော ဘာဖြစ်လဲ? မလုပ်တော့ရော ဘာဖြစ်လဲ?”
“ဒါဆို ဟုတ်နေတာပေါ့”
မုရှို့ရဲ့ နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးတစ်ခု ပေါ်လာတယ်။ ရင်းနှီးပေမယ့် စိမ်းသက်နေတဲ့ မျက်နှာကို ကြည့်ရင်း လွန်ခဲ့တဲ့ ရက်ပိုင်းက ဘာနဲ့တင်တောင်းရမလဲ မသိလို့ ကောင်လေးတစ်ယောက်လို ပြာယာခတ်နေခဲ့တဲ့ သူ့ကိုယ်သူ ပြန်မြင်ယောင်မိတယ်။
လက်တွေ့ဘဝက သူ့ရဲ့ ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သလိုပဲ။
လီယွီ မျက်လွှာချလိုက်တယ်။ သူမက မေးခွန်းထုတ်တဲ့ အကြည့်တွေကို ရှောင်ဖယ်လိုက်တယ်။
“တိုက်မယ်ဆိုလည်း တိုက်ကြတာပေါ့”
မုရှို့က ဓားကို ထောက်ပြီး ဖြည်းဖြည်းချင်း ထရပ်တယ်။ သူ့မျက်ခုံးကြားက ပျော့ညံ့မှုတွေကို ပြတ်သားမှုနဲ့ ဖုံးကွယ်လိုက်တယ်။မြေကြီးကို ခြေဖျားလေးနဲ့ ကန်လိုက်ပြီး ခေါင်မိုးပေါ် ခုန်တက်လိုက်တယ်။ ထက်ရှတဲ့ ဓားသွားနဲ့ လီယွီဆီ ချိန်ရွယ်လိုက်တယ်။
လီယွီ ကိုယ်ကို နည်းနည်း လှုပ်ရှားလိုက်တယ်။ ကျဉ်းမြောင်းတဲ့ မျက်ဝန်းတွေက ဓားသွားပေါ်မှာ ထင်ဟပ်နေတယ်။ အေးစက်တဲ့ ရေတွင်းလိုပဲ…
နှစ်ယောက်သား အဝေးကနေ ထိပ်တိုက် တွေ့နေကြတယ်။ ကောင်းကင်အစွန်းမှာ နေဝင်ချိန်ရဲ့ အနီရောင်က သွေးစက်တွေလိုပဲ။
“Cut!”
ဒါရိုက်တာက ရပ်တန့်သွားတဲ့ မြင်ကွင်း (Freeze Frame) ကို ကြည့်ကာ ကျေနပ်သွားပြီး ဒီတစ်ခါ အဆင်ပြေတယ်လို့ အချက်ပြလိုက်တယ်။
မုရှို့ ကြိုးဆွဲပေါ်ကနေ ဆင်းလာတော့ ဖေးလု အမြန်လေး ပြေးသွားလိုက်တယ်။ ဝန်ထမ်းတွေက သူ့ရဲ့ ကိရိယာတွေကို ဖြုတ်ပေးပြီးတာနဲ့ ဖေးလုက သူ့ရဲ့ ရှည်လျားတဲ့ ဝတ်ရုံစကို ဂရုတစိုက် မ,ပေးပြီး ဘေးက အနားယူတဲ့ နေရာကို တွဲခေါ်သွားတယ်။
မုရှို့က လက်တစ်ဖက်ကို ဖေးလုရဲ့ ပခုံးပေါ် တင်လိုက်တယ်။ သူက ဖေးလုထက် ခေါင်းတစ်လုံးခွဲလောက် ပိုမြင့်တယ်။သူ ခေါင်းနည်းနည်း ငုံ့လိုက်တာနဲ့ ဖေးလုရဲ့ ဆံပင်ကနေ သင်းပျံ့တဲ့ ခေါင်းလျှော်ရည်နံ့လေးကို ရလိုက်တယ်။
မုရှို့ရဲ့ အကြည့်တွေက ဝေဝါးနေပြီး ခန္ဓာကိုယ်တစ်ဝက်လောက်ကို ဖေးလုရဲ့ ကိုယ်ပေါ်မှာ မှီထားတယ်။ သူ့ရဲ့ နှာခေါင်းထိပ်လေးက ဖေးလုရဲ့ ခေါင်းပေါ်က ဆံပင်တွေကို မသိမသာ ပွတ်တိုက်သွားတယ်။
ဖေးလုကတော့ ဘာမှ မသိဘူး။ လူတစ်ယောက်လုံးကို မပြီး အနားယူတဲ့ နေရာက ထိုင်ခုံဆီ ခေါ်သွားဖို့ပဲ အာရုံရောက်နေတာ။ ရိုက်ကွင်းထဲက တခြားလူတွေက သူတို့နှစ်ယောက်ကို ကြည့်ပြီး မျက်လုံးပြူး မျက်စံပြူး ဖြစ်နေကြတာကိုတော့ သတိမထားမိလိုက်ဘူး။
အရင်က ပြောခဲ့သလိုပဲ။ မုရှို့မှာ အရမ်းအသန့်ကြိုက်တဲ့အစွဲအလမ်းရှိတယ်။
ဘယ်လောက်တောင် ပြင်းထန်လဲ ဆိုရင် တစ်စုံတစ်ယောက်က သူ့ကို နည်းနည်းလေး ထိလိုက်မိရင်တောင် ကိုယ့်ကိုယ်ကိုယ် အပေါ်အောက် ၁၀ ခေါက်လောက် ပြန်ဆေးကြောတဲ့အထိ ရောဂါရနေတဲ့ အဆင့်ပဲ။
ဒါကြောင့် သူက ဇာတ်ဝင်ခန်း တစ်ခန်း ရိုက်ပြီးတိုင်း ဒေါသတွေ အကြီးအကျယ် ထွက်နေတတ်တယ်။ အဲဒီအချိန်ဆိုရင် သူ့နားကို ဘယ်သူမှ မကပ်ရဲဘူး။ ကပ်သွားရင် သေဖို့ သွားရှာသလိုပဲလေ။
ရိုက်ကွင်း စခဲ့တာ ကြာပြီဆိုတော့ တခြားလူတွေက သူ့ရဲ့ ဒီအကျင့်ကို သိကြတယ်။ မသိတဲ့လူကတော့ အခုမှ ရောက်လာတဲ့ အသစ်လေး ဖေးလုပါပဲ။
ချူးဟုန်ကတော့ ဖေးလုကို သတိပေးခဲ့ပါသေးတယ်။ မုရှို့နဲ့ ကိုယ်ထိလက်ရောက် မဖြစ်စေနဲ့ ဆိုပြီးတော့။ ဒါပေမယ့် စောစောက အခြေအနေမှာ ဖေးလုက စိတ်ပူသွားပြီး ချက်ချင်း ဝင်တွဲလိုက်တာ။ ပြန်သတိရတဲ့ အချိန်ကျတော့ မုရှို့က သူ့ရဲ့ ပခုံးပေါ် ရောက်နေပြီ။
ဖေးလု လမ်းလျှောက်ရင်း တွေးနေမိတယ်။ မုရှို့ရဲ့ စိတ်ကြီးတယ် ဆိုတာကလည်း ချူးဟန် ပြောသလောက် မဆိုးပါဘူး။
မုရှို့ : “ဟွန်း”
မုရှို့ကို ထိုင်ခုံပေါ် ထိုင်ခိုင်းပြီးနောက် ဖေးလုက ရေသွားငှဲ့တယ်။ မုရှို့က အချိုကြိုက်တယ်။ ဖေးလုက မှတ်စုထဲက အတိုင်း ရေနွေးနွေး တစ်ခွက်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်၊ သမအောင် မွှေပြီး မုရှို့ကို ကမ်းပေးလိုက်တယ်။
မုရှို့က ဖေးလုရဲ့ ဖြူဝင်းနေတဲ့ လက်ချောင်းလေးတွေကို စက္ကန့် ၃၀ လောက် စိုက်ကြည့်နေတယ်။ ပြီးမှ အိတ်ထဲက အဖြူရောင် လက်အိတ်တစ်စုံကို ထုတ်ပြီး ဖြည်းဖြည်းချင်း စွပ်လိုက်တယ်။ ပြီးတော့မှ ခွက်ကို လှမ်းယူပြီး ယဉ်ကျေးသိမ်မွေ့စွာ တစ်ငုံ သောက်လိုက်တယ်။
“အချို နည်းတယ်”
ဖေးလု ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ မင်းသားမုရဲ့ တကယ့် ပုံစံအမှန်ကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် တွေ့လိုက်ရပြီ။
ရေသောက်တာတောင် လက်အိတ်စွပ်ရတယ်လား… ရူးနေတာလား?!
“နောက်တစ်ခါ ပျားရည် ထပ်ထည့်”
မင်းသားမုရဲ့ အကြည့်တွေက ဖေးလုကို ဖြတ်ခနဲ ကြည့်သွားတယ်။ ကုန်သွားတဲ့ ခွက်ကိုတော့ ဘေးက စားပွဲပုလေးပေါ် တင်လိုက်တယ်။
ဖေးလု : “… ဟုတ်ကဲ့”
ရိုက်ကွင်းက လူတွေကတော့ ပွက်လောရိုက်နေပြီ။
ဖေးလု ရေသွားငှဲ့ကတည်းက သူတို့တွေ တိတ်တိတ်လေး ချောင်းကြည့်နေကြတာ။ မုရှို့ရဲ့ ရှောင်ရန်ဆောင်ရန်တွေကို သူတို့ သိကြတယ်။အစက မသိရင်တောင် မုရှို့ရဲ့ ခွက်နှစ်လုံးကို ခွဲပစ်ပြီး လက်ထောက် နှစ်ယောက်ကို ဖြုတ်ပစ်လိုက်ကတည်းက သိသွားလောက်ကြပြီ။
မုရှို့က သူ့ရဲ့ ပစ္စည်းတွေကို သူများလာထိတာ အရမ်းမုန်းတယ်။ လက်ထောက်က ရေငှဲ့ပေးရင်တောင် ပိုးသတ်ထားတဲ့ လက်အိတ်ကို စွပ်ပြီးမှ သူ့ရဲ့ ခွက်ကို ကိုင်ရတာ။
အခု ရောက်လာတဲ့ လက်ထောက်အသစ်လေးက လက်အိတ် မစွပ်တာကို မပြောနဲ့၊ ခွက်ကို ဒီအတိုင်းကြီး ကိုင်ပြီး ပေးလိုက်တာ။
ဒါ သေလမ်းရှာတာ မဟုတ်ဘူးလား?
လီယွီရဲ့ လက်ထောက်က မြင်တော့ သွားသတိပေးမလို့ လုပ်သေးတယ်။ ဒါပေမယ့် လမ်းတစ်ဝက်မှာ တားခံလိုက်ရတယ်။ သူမက ဖေးလုကို သနားတဲ့ အကြည့်နဲ့ ကြည့်ပြီး လီယွီရဲ့ ဘေးကို ပြန်ဆုတ်သွားတယ်။
ဒီအကြောင်းတွေကို ဖေးလု မသိရှာဘူး။ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ဘေးက ခွက်ကို ယူပြီး နောက်ထပ် ရေတစ်ခွက် ထပ်ငှဲ့ပေးလိုက်တယ်။ ဒီတစ်ခါတော့ ပျားရည် နှစ်ဇွန်း ထည့်လိုက်တယ်။
မုရှို့က သူ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ပြီး သူ့လက်ချောင်းတွေနဲ့ ခွက်ရဲ့ ဘေးသားကို ပွတ်သပ်နေတယ်။
ဖေးလုက မသိနားမလည်စွာနဲ့ တိုက်တွန်းနေသေးတယ်။
“မုကောကော… ရေများများ သောက်နော်။ လည်ချောင်း ရှင်းအောင်လို့”
ရိုက်ကွင်းက လူများ : “…”
ဒီကောင်လေး သတ္တိကောင်းလိုက်တာ။ မသေတာ ကံကောင်းလို့ပဲ။
အဲဒီလိုနဲ့ ရိုက်ကွင်းက လူတွေအားလုံးရဲ့ ဗြောင်ကျကျရော၊ ခိုးကြောင်ခိုးဝှက်ပါ ကြည့်နေတဲ့ အကြည့်တွေအောက်မှာ မုရှို့က ရေခွက်ကို ယူလိုက်ပြီး… နောက်တစ်ငုံ ထပ်သောက်လိုက်တယ်။
ရိုက်ကွင်းက လူများ : (#Д)! (မျက်လုံးပြူး ပါးစပ်ဟ)
ဖေးလု : (^_^) (ပြုံးပြုံးလေး)
ရိုက်ကွင်းက လူတွေရဲ့ ဖေးလုကို ကြည့်တဲ့ အကြည့်တွေ ပြောင်းလဲသွားကြတယ်။ ဒီလက်ထောက်အသစ်လေးက ရိုးရိုးလေး မဟုတ်ဘူးပဲ!
ဖေးလု မသိလိုက်တဲ့ အချိန်မှာပဲ သူက ရိုက်ကွင်းမှာ အရေးပါအရာရောက်တဲ့ သူတစ်ယောက် ဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် ဒါတွေက နောက်မှ ဖြစ်လာမယ့် ကိစ္စတွေပါ။
လောလောဆယ်တော့ မုရှို့က ကုလားထိုင်ပေါ် တစ်ဝက် မှီထားတယ်။ မျက်ခုံးကြားမှာ ဖုံးကွယ်လို့ မရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေတယ်။
ဖေးလုက ခဏလောက် တွန့်ဆုတ်နေပြီးမှ ကိုယ်လုပ်တဲ့ အလုပ်အပေါ် မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ဓာတ်နဲ့ သတ္တိရှိရှိ မေးလိုက်တယ်။
“မုကောကော… ကျွန်တော် ပခုံး နှိပ်ပေးရမလား?”
မုရှို့က သူ့ရဲ့ နက်နဲတဲ့ မျက်ဝန်းတွေနဲ့ ဖေးလုကို ထပ်ပြီး အကဲခတ်ပြန်တယ်။
ဖေးလု လည်ပင်းမှာ အေးခနဲ ဖြစ်သွားသလို ခံစားရလို့ လက်နဲ့ စမ်းကြည့်လိုက်မိတယ်။ ပြီးတော့ မုရှို့ရဲ့ အဖြေကို ငတုံးလေးလို စောင့်နေလိုက်တယ်။
မုရှို့က ခဏလောက် တိတ်ဆိတ်နေပြီးမှ နောက်ကို နည်းနည်း ထပ်မှီလိုက်ပြီး ခြေလက်တွေကို လျှော့ချလိုက်တယ်။
“အင်း”
ရိုက်ကွင်းက လူများ : “… ဒါ မင်းသားအတု ဖြစ်မယ်”
ရူးနေတာလား?!
ဖေးလုက သူ့ရဲ့ နောက်ကျောဘက် ရောက်သွားတယ်။ သူ ငြိမ်နေတာကို တွေ့တော့ ပခုံးနဲ့ လည်ပင်းကြောတွေကို ဖွဖွလေး စပြီး နှိပ်ပေးလိုက်တယ်။
အေးမြပြီး နူးညံ့တဲ့ လက်ချောင်းလေးတွေက သူ့အရေပြားပေါ် ဖိနှိပ်လာတော့ စိမ်းသက်တဲ့ ခံစားချက်က ကျောရိုးကနေ တက်လာပြီး လည်ပင်းအထိ ယားကျိကျိနဲ့ ရောက်လာတယ်။ မုရှို့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီလို ထူးဆန်းတဲ့ ခံစားချက်ကို သူ သိပ်မရင်းနှီးဘူး။
သူ မျက်လုံးကို တစ်ဝက် မှေးထားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားပေမယ့် အသံတော့ မထွက်ဘူး။
“ဒီ အားအနေအထားက အဆင်ပြေလားဗျ?”
ဖေးလုက နှိပ်ရင်း တိုးတိုးလေး မေးတယ်။
“အင်း…”
ဖေးလုက ပိုပြီး ညင်ညင်သာသာလေး နှိပ်ပေးတယ်။ သေးသွယ်တဲ့ လက်ချောင်းလေးတွေရဲ့ အားက မပြင်းပေမယ့် လူကို ဈာန်ဝင်သွားစေတဲ့ ဆွဲဆောင်မှုမျိုး ရှိနေတယ်။
“နောက်တစ်ခန်း ပြင်မယ်!”
ဒါရိုက်တာရဲ့ အသံဩဩကြီးက စပီကာကနေ ထွက်ပေါ်လာတော့ မှေးနေတဲ့ မုရှို့ လန့်နိုးသွားတယ်။ သူ့ခေါင်းက အလိုအလျောက် နောက်လန်သွားပြီး ပါးပြင်က ဖေးလုရဲ့ အဝတ်လွတ်နေတဲ့ လက်မောင်းသားနဲ့ ပွတ်တိုက်မိသွားတယ်။
အရေပြားချင်း ပွတ်တိုက်မိတော့ သူ ကြက်သီးထသွားတယ်။လျှပ်စီးကြောင်း သေးသေးလေးက နားရွက်ဖျားထိ စီးဆင်းသွားသလိုပဲ။ မုရှို့ ချောင်းဟန့်လိုက်ပြီး ရှက်ရွံ့မှုကို ဖုံးကွယ်လိုက်တယ်။
“မင်းနာမည် ဝမ်စု?”
“ဟုတ်ပါတယ်”
ဖေးလုလည်း ဒါရိုက်တာရဲ့အသံကို ကြားလိုက်တော့ ခြေထောက်ပေါ်က စောင်ပါးလေးကို ခေါက်ပြီး ဘေးကို ဆုတ်လိုက်တယ်။
ဘေးမှာ စောင့်နေတဲ့ မိတ်ကပ်ဆရာတွေက ဝိုင်းအုံလာကြတယ်။ ဘရပ်ရှ်အမျိုးမျိုး ကိုယ်စီကိုင်ပြီး မုရှို့ကို မိတ်ကပ် ပြန်ပြင်ပေးကြတယ်။
မုရှို့ရဲ့ စောစောက ကြည်လင်နေတဲ့ မျက်နှာထားက ချက်ချင်း အေးစက်သွားကာ မျက်နှာတင်းပြီး တစ်ခွန်းမှ မပြောတော့ဘူး။
သူ မိတ်ကပ်ပြင်ပြီးတာနဲ့ ရိုက်ကွင်းက ပြန်ပြီး အလုပ်ရှုပ်သွားကြတယ်။
———-
မပြောပြတတ်တဲ့ အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ဖေးလုက ရိုက်ကွင်းမှာ ချက်ချင်းပဲ နေရာရသွားတယ်။
သူ့ရဲ့ မျက်နှာလေးက နူးညံ့ပြီး အန္တရာယ်ကင်းတဲ့ ပုံစံလေး။ စိတ်သဘောထားက ကောင်းပြီး ဟန်ဆောင်မှုလည်း ကင်းမဲ့တော့ ရိုက်ကွင်းက ဝန်ထမ်းတွေနဲ့ ခဏလေးအတွင်း ရင်းနှီးသွားတယ်။
အဲဒီအထဲမှာ လီယွီရဲ့ လက်ထောက် ကျောက်ဝမ်လည်း ပါတယ်။
ကျောက်ဝမ်က ဖေးလုထက် အသက်နည်းနည်း ကြီးတယ်။ တည်ငြိမ်ပြီး စေ့စပ်သေချာတဲ့ မိန်းကလေး။ လီယွီက နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်ပေမယ့် မုရှို့လောက်တော့ အဆင့်မမြင့်သေးဘူး။ ဒါပေမယ့် ရိုက်ကွင်းမှာတော့ နေရာတစ်ခု ရထားတယ်။ မင်းသမီး မန်ရှီးပြီးရင် သူမက မုရှို့နဲ့ အနီးကပ်ဆုံးပဲ။
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဖေးလုကို သတိပေးမလို့ လုပ်တာ သူမပဲ။ မန်ရှီးရဲ့ လက်ထောက်က တားလိုက်လို့သာ မလုပ်ဖြစ်လိုက်တာ။
ဖေးလုက ဘာမှမသိဘဲ ရယ်မောနေတာကို ကြည့်ပြီး ကျောက်ဝမ်က အရင်လက်ထောက်နှစ်ယောက်ရဲ့ သနားစရာ အဖြစ်တွေကို ပြန်တွေးမိတယ်။ ဖေးလုအတွက် ကံကောင်းလိုက်တာလို့ တွေးမိပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
“နင် ပြီးခဲ့တဲ့ တစ်ခေါက်က ကံကောင်းလို့နော်… နောက်ခါကျရင် အဲဒီလို မလုပ်နဲ့။ မင်းသားမုက သူ့ပစ္စည်းတွေကို သူများလာထိတာ အရမ်းမုန်းတယ်။ ရှေ့က လက်ထောက်နှစ်ယောက်က သတိမထားမိဘဲ မင်းသားမုရဲ့ ပစ္စည်းတွေကို သွားထိမိလို့ အထုတ်ခံလိုက်ရတာ”
အလုပ်ထုတ်ခံရတာက သိပ်ကိစ္စမရှိဘူး။ အဆိုးဆုံးကတော့ အဲဒီတုန်းက လက်ထောက်ကို အခန်းထဲကနေ ထမ်းထုတ်သွားရတာပဲ။
အပြင်ကလူတွေက ပစ္စည်းတွေ ရိုက်ခွဲသံနဲ့ ငိုယိုအော်ဟစ်သံတွေ သဲ့သဲ့ပဲ ကြားရတယ်။ အထဲက အသံတိတ်သွားလို့ ဒါရိုက်တာက လူခေါ်ပြီး ဝင်သွားတဲ့အချိန်မှာ လက်ထောက်က ကြမ်းပြင်ပေါ်မှာ သတိမေ့နေပြီ။
သွေးတွေတောင် ထွက်တယ်လို့ ကြားတယ်။
နောက်ပိုင်း ရိုက်ကွင်းထဲမှာ တိုးတိုးတိတ်တိတ် ကောလဟာလတွေ ထွက်လာတယ်။ မုရှို့မှာ ပြင်းထန်တဲ့ အကြမ်းဖက်လိုစိတ်ရှိတယ် ဆိုပြီးတော့ပေါ့။ ဒါပေမယ့် မုရှို့က အင်အားကြီးတော့ ပြဿနာဖြစ်ပြီးတာနဲ့ ဒါရိုက်တာက အပြင်ကို သတင်းမပေါက်ကြားစေနဲ့လို့ အမိန့်ထုတ်လိုက်တာ။ ဒါကြောင့် ဘယ်သူမှ ကျားပါးစပ်ကို မနှိုက်ရဲဘဲ ဒီကိစ္စကို စကားဝိုင်းဖွဲ့ မပြောရဲကြဘူး။
ကျောက်ဝမ်က ဖေးလုကို သတိပေးတာကလည်း လိုရင်းလောက်ပဲ ပြောတာ။ ပိုပြီးတော့ သူမလည်း မပြောရဲဘူး။
“ဟင်?”
ဖေးလု ကြောင်သွားတယ်။ ဟိုတယ်မှာ မုရှို့အတွက် အိပ်ရာခင်းပေး၊ အိတ်တွေ သိမ်းပေးတာကို ပြန်စဉ်းစားမိတယ်။ မုရှို့က ဘာမှ ထွေထွေထူးထူး မပြောပါဘူး။ အဲဒါကြောင့် သူမ ပြောတာကို သိပ်မယုံဘူး။
“ဟုတ်လို့လား… ကျွန်တော် ထင်တာကတော့ မုကောကောက ပေါင်းသင်းရတာ အဆင်ပြေပါတယ်”
ကျောက်ဝမ် : “…”
သူမက ဖေးလုကို သနားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ ဖေးလုက အနိုင်ကျင့်ခံရတာတောင် ဘာမှမဖြစ်သလို ဟန်ဆောင်နေတယ် ထင်ပြီး ပိုသနားသွားတယ်။
“အစ်မ နားလည်ပါတယ်။ နင် ဝမ်းနည်းစရာတွေ ကြုံရရင်လည်း စိတ်ထဲ မထားနဲ့နော်။ သည်းခံလိုက်ပါ… တို့လောကက ဒီလိုပါပဲ”
ဖေးလု : “???”
ကျောက်ဝမ်က သူ့ခေါင်းကို ကြင်နာစွာ ပုတ်ပေးပြီး “စိတ်ညစ်ရင် အစ်မဆီ လာခဲ့နော်… အစ်မ သစ်တော်သီးပေါင်း လုပ်ကျွေးမယ်” လို့ ပြောပြီး ထွက်သွားတယ်။
“နေ… နေပါဦး… မမကျောက်…”
ဖေးလု လှမ်းခေါ်လိုက်တယ်။ ဘာသဘောနဲ့ ပြောတာလဲ မေးချင်လို့။ ဒါပေမယ့် ကျောက်ဝမ်က လက်ကာပြပြီး အလျင်စလို ပြန်ထွက်သွားတယ်။
“…”
ဖေးလု နားမလည်နိုင်စွာနဲ့ ခေါင်းကုတ်လိုက်တယ်။ သေချာလည်း ဆက်မစဉ်းစားတော့ပါဘူး။ ဘေးမှာပဲ ထိုင်ပြီး မုရှို့ အလုပ်ပြီးမယ့် အချိန်ကို စောင့်နေလိုက်တယ်။
မုရှို့ ဒီနေ့ ရိုက်ရမယ့် အခန်းက သိပ်မများဘူး။ ရိုက်ရတာလည်း ချောမွေ့တယ်။ ဖေးလု ခဏပဲ စောင့်လိုက်ရတယ်။ ရိုက်ကူးရေး ပြီးသွားပြီ။
ဖေးလုက တောက်တောက် တောက်တောက်နဲ့ ပြေးသွားတယ်။ မုရှို့ရဲ့ လေးလံတဲ့ ဝတ်ရုံကြီးကို ကူချွတ်ပေးတယ်။ ပြီးတော့ လည်ပင်းကို နှစ်ချက်လောက် နှိပ်ပေးလိုက်တယ်။
“မုကောကော… ဟိုတယ် ပြန်ကြမလား?”
မုရှို့က ဖေးလုရဲ့ နှိပ်ပေးတတ်တဲ့ အကျင့်လေးကို ယဉ်ပါးနေပြီ။ ဘယ်နေရာ ညောင်းနေလဲ ဆိုတာတောင် ခေါင်းစောင်းပြီး ပြတတ်နေပြီ။
“အင်း”
ဖေးလုက ဝမ်းသာအားရ “ဟုတ်” လို့ ထူးလိုက်တယ်။ ပျော်ရွှင်နေတဲ့ သိုးပေါက်လေးအဖြစ် ပြောင်းလဲသွားပြီး ပစ္စည်းတွေ လိုက်သိမ်းတော့တယ်။
မုရှို့က ဖေးလုရဲ့ ပုံရိပ်ကို လိုက်ကြည့်နေတယ်။ လည်ပင်းပေါ်မှာ ကျန်ခဲ့တဲ့ နွေးထွေးမှုကို ခံစားရင်း ဘာရယ်မဟုတ် စိတ်မကြည်မလင် ဖြစ်သွားတယ်။
ဖေးလု ပစ္စည်းတွေ သိမ်းပြီးတာနဲ့ မုရှို့ရဲ့ရှေ့ ပြန်ရောက်လာတယ်။
“မုကောကော… ပြီးပြီ။ ပြန်ကြစို့”
မုရှို့က ဖေးလုရဲ့ ပြုံးနေတဲ့ မျက်နှာလေးကို ၃ စက္ကန့်လောက် စိုက်ကြည့်နေတယ်။ တင်းမာနေတဲ့ သူ့မျက်နှာထားက နည်းနည်းတော့ ပြေလျော့သွားတယ်။သူက မေးဆတ်ပြပြီး ရှေ့ကနေ ဦးဆောင် ထွက်သွားတယ်။
“သွားမယ်”
ဖေးလုက အိတ်တွေ ပိုက်ပြီး တောက်တောက် တောက်တောက်နဲ့ နောက်ကနေ လိုက်သွားလေတယ်။
…….
ဟိုတယ်ဆီ ပြန်ရောက်တော့ မုရှို့က ရေချိုးခန်း အရင်ဝင်တယ်။ ဒါက သူ အခန်းပြန်ရောက်တိုင်း မဖြစ်မနေ လုပ်တဲ့ ကိစ္စပဲ။
ဖေးလု အစတုန်းကတော့ တော်တော် အံ့သြမိတယ်။ နောက်ပိုင်း မြင်ပါများတော့လည်း ယဉ်သွားတယ်။ သူ့အတွက် တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ပြင်ဆင်ပေးတဲ့အခါ ပိုပြီး ဂရုစိုက်ပေးလိုက်တယ်။
ဒီလောက်ထိ သန့်ရှင်းရေး အစွဲအလမ်းကြီးနေမှတော့ ရောဂါက တော်တော် ဆိုးရွားနေပြီလို့ ပြောလို့ရတယ်။ လူမမာပဲလေ… ဂရုစိုက်ရမှာပေါ့။
မုရှို့ ရေချိုးနေတဲ့ချိန်မှာ ဖေးလုက ပစ္စည်းတွေကို နေရာတကျ ပြန်ထားပြီး မီးဖိုချောင်ထဲ ဝင်ကာ ထမင်းချက်တယ်။
အရင်ဆုံး လက်ကို စင်ကြယ်အောင် ဆေးပြီး ပိုးသတ်တယ်။ ပြီးမှ ရေခဲသေတ္တာထဲက ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေ ထုတ်ဆေးတယ်။ ဆန်ကို ရေ ၃ ထပ် ဆေးပြီး ထမင်းပေါင်းအိုးထဲ ထည့်တယ်။ ဟင်းသီးဟင်းရွက်တွေကို ဘေးဖယ်ထားတယ်။ ထမင်းကျက်ခါနီးမှ ရေနွေးပွက်ပွက်ဆူနဲ့ ပြုတ်၊ ဆားလေး နည်းနည်းဖြူးလိုက်ရင် ထမင်းတစ်နပ် ရပြီ။
မုရှို့ ရေချိုးခန်းက ထွက်လာတော့ ဖေးလုက ဆေးကြောသန့်စင်ထားတဲ့ ဟင်းရွက်ပြုတ်ကို ပန်းကန်ထဲ ထည့်ပြီး ထမင်းနဲ့အတူ စားပွဲပေါ် တင်ပေးလိုက်တယ်။
မုရှို့က အိမ်နေရင်း ဝတ်စုံလဲထားပြီး ရှည်လျားသန်မာတဲ့ လက်တွေမှာ ထုံးစံအတိုင်း အဖြူရောင် လက်အိတ် စွပ်ထားတယ်။ ပြီးတော့ တူကို ကောက်ကိုင်လိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာနဲ့… ဟင်းရွက်ပြုတ်ကို စတင် စားသုံးပါတော့တယ်။
Chapter 48 ended