Chapter 50
“မင်း ငါ ဒီလိုလုပ်တာ မကြိုက်ဘူးလား။”
ဝမ်ချွမ်သည် သူ၏ထူထဲရှည်လျားသော မျက်တောင်များကို ပင့်မော့လိုက်သည်။သူ၏နှုတ်ခမ်းများသည် တင်းတင်းစေ့ထားပြီး၊ သူ မကျေမနပ်ဖြစ်နေသလား သို့မဟုတ် စိတ်ပျက်နေသလားကို မခွဲခြားနိုင်ခဲ့ပေ။ သူ၏မျက်လုံးများသည် ကျောက်မျက်ရတနာများကဲ့သို့ ဖျော့တော့သော အလင်းရောင်ဖြင့် တောက်ပနေပြီး၊ ဤလှပလွန်း၍ အမှန်တကယ်ဟုမထင်ရသော မျက်နှာပေါ်တွင် အသက်ဝင်မှုအရိပ်အယောင်တစ်ခုကို ချန်ထားရစ်ခဲ့သည်။
ကျန့်ချီသည် ဤသို့တည့်တည့်စိုက်ကြည့်ခြင်းကို ခံနိုင်ရည်ရှိရန် ခက်ခဲလှ၏။ ယခင်က အဝေးတစ်နေရာမှ အကြည့်ကိုပင် ရင်သပ်ရှုမောဖွယ်ဖြစ်ခဲ့ရာ၊ ဤသို့ အနီးကပ်မျက်လုံးချင်းဆုံကြည့်ခြင်းကို မဆိုထားနှင့်တော့။ တစ်ခဏမျှ သူ၏စကားလုံးများ ပျောက်ဆုံးသွားခဲ့သည်။ ဝမ်ချွမ်က ဆက်ပြောသည်ကို ကြားလိုက်ရသည်။
“အရင်က ငါ မွေးစားမိဘတွေအိမ်မှာနေတုန်းက နေ့တိုင်း ဒီအလုပ်တွေလုပ်ရတယ်၊ ဒါက အတင်းအကျပ်လုပ်ရတာမဟုတ်ပါဘူး။”
ကျန့်ချီသည် သူ၏စကားထဲမှ အဓိပ္ပာယ်ကို နားလည်လိုက်ပြီး၊ ‘မွေးစားမိဘများ’ ဟူသော စကားလုံးများကို ကြားလိုက်ရသောအခါ သူ၏နှလုံးသားသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ သူသည် စာအုပ်ထဲမှ ဝမ်ချွမ်၏ နောက်ကြောင်းရာဇဝင်ကို ပြန်လည်စဉ်းစားရန် ကြိုးစားသော်လည်း၊ ထိုအရာများသည် သိပ်မကောင်းလှသော အမှတ်တရများဖြစ်မည်မှာ သေချာသလောက်ပင် ရှိ၏။
သူသည် ဝမ်ချွမ်၏ အတိတ်ကို ဆက်လက်တူးဆွရန် မလိုလားတော့ဘဲ၊ စကားလမ်းကြောင်းလွှဲလိုက်သည်။
“ငါက အဲ့ဒီအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ဘူး၊ မင်းက အရမ်းကောင်းလွန်းနေလို့၊ ငါက လက်ခံရတာ အားနာလို့ပါ။”
“ငါတော့ အဲ့လိုမထင်ဘူး။”
ဝမ်ချွမ်သည် သန့်ရှင်းရေးလုပ်ထားသော အမှိုက်များကို စနစ်တကျထုပ်ပိုးလိုက်ပြီး၊ ထရပ်ကာ ကုလားထိုင်ကို နေရာတကျပြန်ရွှေ့လိုက်သည်။ သူသည် ခေါင်းငုံ့ကာ တုံ့ပြန်မှုမရှိသေးသော ကျန့်ချီကို ကြည့်ပြီး မေးလိုက်သည်။
“ဆက်နားဦးမလား၊ ဒါမှမဟုတ် အတူတူသွားမလား။”
သူသည် ယခင်စကားကို အသာလေးကျော်ဖြတ်သွားခဲ့ရာ၊ ကျန့်ချီ၌လည်း ဆက်လက်ငြင်းဆန်ရန် အကြောင်းမရှိတော့ပေ။ သူသည် ထရပ်ကာ နောက်အတန်းချိန်အတွက် လိုအပ်သော စာအုပ်များနှင့် ကွန်ပျူတာကို ထည့်လိုက်ပြီး ဝမ်ချွမ်ကို ဆိုလိုက်သည်။
“သွားကြစို့။”
အမှန်တကယ်တွင် မနက်ခင်းနိုးလာကတည်းက ကျန့်ချီ၌ ပြောမပြတတ်သော ခံစားချက်တစ်ခု အမြဲရှိနေခဲ့သည်။ သူသည် ခုလေးတင် ဝမ်ချွမ်ကို မေးလိုက်စဉ်က အမှန်တကယ် ပို၍သိချင်သည်မှာ ဝမ်ချွမ် မနေ့ညက လာခဲ့သလားဆိုတာပင်။
မည်သည့်သက်သေအထောက်အထားမျှ မရှိသော်လည်း၊ ကျန့်ချီသည် မနေ့ညက တစ်စုံတစ်ယောက် အဆောင်သို့ လာရောက်ခဲ့ပြီး၊ သူ့ကိုစောင်ခြုံပေးကာ နဖူးကိုသုတ်ပေးခဲ့သည်ဟု နားမလည်နိုင်စွာ ယုံကြည်နေခဲ့သည်။ ဤမပီမပြင်ခံစားချက်သည် သူမျက်လုံးဖွင့်သည့်တိုင်အောင် လိုက်ပါလာခဲ့သည်။
ထင်ယောင်ထင်မှားဖြစ်ခြင်းလား။
“ကျန့်ချီ၊ မနေ့က ဘာတွေဖြစ်ခဲ့တာလဲ။ ဝမ်ချွမ်က မနက်ကတောင် ဆရာဖုန်းဆီမှာ မင်းအတွက် ခွင့်လာတိုင်ပေးသွားတယ်။”
တကယ်တမ်း စိတ်ဓာတ် ပြိုလဲသွားတာနှင့်နှိုင်းယှဉ်လျှင်၊ မနေ့ကသည် သူ၏စိတ်ကို အမှန်တကယ် စက်ဆုပ်ရွံရှာစေခဲ့ရုံမှလွဲ၍ အခြားမည်သည့်ခံစားချက်မျှမရှိခဲ့၊ သို့မဟုတ် ရှိချင်စိတ်မရှိခဲ့ခြင်းပင် ဖြစ်၏။
သူသည် HS ကို ဖွင့်လိုက်၏။ ကျန်းယန်ပြောထားသလိုမျိုး လူတွေက မဆင်မခြင်လျှောက်ရေးကြမှာ မဟုတ်လောက်ဘူးဆိုပေမယ့် ကိုယ်တိုင်ဝင်ကြည့်လိုက်တာက ပိုပြီးစိတ်ချရသည်ဟု သူ ယူဆသည်ပင်။ ကျန့်ချီ၏ အကြည့်သည် မက်ဆေ့ချ်စာရင်းမှ အပေါ်ဆုံးစာကြောင်းတစ်ကြောင်းပေါ်တွင် ရုတ်တရက် ရပ်တန့်သွား၏။ ကျိဟွိုက်စစ်၏ နာမည်ဘေးတွင် ထင်ရှားသော အနီစက်တစ်ခု တွဲလောင်းခိုနေခဲ့သည်။
ကျိဟွိုက်စစ်: ရှုထင်က မင်းပြန်သွားပြီလို့ ငါ့ကိုပြောတယ်။အဆင်ပြေရဲ့လား။ ညဘက် ကောင်းကောင်းအနားယူဦး။
နောက်ဆုံးမက်ဆေ့ချ်မှာ မနက်ပိုင်းက ပို့ထားခြင်းဖြစ်၏။
ကျိဟွိုက်စစ်: နည်းနည်းသက်သာသွားပြီလား။
ဤmessageနှစ်စောင်ကို မြင်လိုက်ရသောအခါ၊ မနေ့က ပြတ်တောက်သွားခဲ့သော မှတ်ဉာဏ်များသည် တဖွဲဖွဲပြန်လည်ဝင်ရောက်လာခဲ့သည်။
ရှန်းရှုထင်ပေါ်လာပြီးနောက်၊ အအေးမိခြင်းကြောင့်ဖြစ်သော ခေါင်းမူးဝေဒနာသည် ကျိဟွိုက်စစ်ထံသို့ messageတစ်စောင်ပို့ခဲ့သည်ကို သူ့အား တိုက်ရိုက်မေ့သွားစေခဲ့သည်။ အပေါ်မှ စကားပြောမှတ်တမ်းကို ပြန်ကြည့်ရင်း၊ ကျန့်ချီသည် ကျိဟွိုက်စစ်အပေါ်တွင် ထူးဆန်းသော မျက်နှာပူမှုကို ခံစားလိုက်ရသည်။
သူစဉ်းစားလိုက်ပြီး ပြန်စာပို့လိုက်သည်: တောင်းပန်ပါတယ်၊ မနေ့က ငါနဲ့ ဥက္ကဋ္ဌ ရှန်း ကျောင်းသားကောင်စီကို သွားခဲ့ရလို့၊ အဲ့ဒီမှာ မင်းကိုစောင့်နေဖို့ မေ့သွားတယ်။
ကျိဟွိုက်စစ်၏messageသည် နောက်တစ်စက္ကန့်မှာပင် ဝင်လာခဲ့သည်: ကိစ္စမရှိပါဘူး၊ မင်း အအေးမိတာ သက်သာရဲ့လား။
ကျန့်ချီ : သက်သာလာပါတယ်။
ကျိဟွိုက်စစ်: ဒါဆို တော်သေးတာပေါ့၊ မနက်ဖြန်ည မင်းမလာနိုင်မှာကို ငါစိုးရိမ်နေတာ။
ကျန့်ချီသည် ဤစကားကို နှစ်ကြိမ်တိုင်တိုင် ပြန်ဖတ်ကြည့်ပြီး၊ မသေမချာဖြစ်ကာ မေးလိုက်သည်: မနက်ဖြန်ညမှာ ဘာကိစ္စများရှိလို့လဲ။
ကျိဟွိုက်စစ်: ငါ မင်းကိုပြောစရာကိစ္စတစ်ခုရှိတယ်။
ကျန့်ချီက သံသယဖြင့်မေးသည်: အခုပြောလို့မရဘူးလား။
ကျိဟွိုက်စစ် ပြန်ဖြေသည်: မနက်ဖြန်ညအထိ စောင့်မှဖြစ်မယ်။
နောက်တွင် ရင်းနှီးသော ကြယ်စင်ပြုံးမျက်နှာပုံလေးတစ်ခု ပါလာခဲ့သည်။
ဤသို့သောအဖြေမရှိသော ခံစားချက်သည် မဆိုးဟုဆိုနိုင်၏။ ကျန့်ချီသည် ခဏမျှရပ်တန့်နေပြီးနောက် ‘ကောင်းပြီ’ ဟု တစ်လုံးတည်းပြန်ပို့လိုက်သည်။
သူသည် မနက်ဖြန်ညမှ ပြောနိုင်မည့်ကိစ္စသည် အမှန်တကယ်တွင် ဘာဖြစ်မည်ကို အနည်းငယ် စူးစမ်းချင်စိတ်ရှိသည်ကို မငြင်းနိုင်ခဲ့ပေ။ ကျန့်ချီသိသည်မှာ၊ အဖြေသည် မည်သို့ပင်ဖြစ်စေ၊ ကျိဟွိုက်စစ်သည် သူ့ကို စိတ်ပျက်စေမည်မဟုတ်ဟူ၍ပင်။
မသိလိုက်မသိဘာသာပင်၊ သူသည် ကျိဟွိုက်စစ်ကို အလွန်အမင်း ယုံကြည်နေမိပြီဖြစ်၏။
ရံဖန်ရံခါ စာကြည့်တိုက်တွင် ညနက်သည်အထိ စာကျက်ခြင်းမှလွဲ၍၊ ကျန့်ချီသည် စိန့်စတန်ကျောင်းတော်၏ ညပိုင်းကျောင်းဝင်းထဲတွင် လျှောက်သွားလေ့မရှိပေ။ သူ၏လက်ထဲမှ အိမ်စာများပြီးဆုံးသွားသောအခါ၊ သူသည် ကျိဟွိုက်စစ်၏ ထိုmessageကို သတိရသွားပြီး၊ စာကြည့်တိုက်မှထွက်ကာ အဆောင်နှင့် ဆန့်ကျင်ဘက်လမ်းကြောင်းသို့ လျှောက်လှမ်းသွားခဲ့သည်။
ကျောင်းသားကောင်စီသို့သွားသော လမ်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး၊ မပီမပြင်ဖြစ်သော လေတိုးသံအချို့ကိုသာ ကြားနေရသည်။ ထိုလေထဲတွင် ဒီဇင်ဘာလအစပိုင်း၏ အအေးဓာတ်တို့ ပါဝင်နေခဲ့သည်။ ကျန့်ချီသည် ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး၊ လှေကားထစ်များတက်သောအခါ မထင်ရှားသော တေးသံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ အကွာအဝေးနီးကပ်လာသည်နှင့်အမျှ၊ ထိုတေးသံသည် ရှင်းလင်းပြတ်သားစွာ နားဝင်ပီယံဖြစ်လာခဲ့သည်။
ကျန့်ချီသည် ခြေလှမ်းကို နှေးလိုက်ပြီး၊ ကျိဟွိုက်စစ်၏ တံခါးဆိုင်းဘုတ်ချိတ်ထားသော တစ်ဝက်တစ်ပျက်ပွင့်နေသည့် တံခါးကို ဖြတ်လျှောက်သွားခဲ့သည်။ အခန်းထဲတွင် ပြတင်းပေါက်ကို အနည်းငယ်ဖွင့်ထားကာ လေပြေတစ်ချက်တိုးဝှေ့လာသောအခါ အဖြူရောင်လိုက်ကာစသည် အနည်းငယ် လွင့်ပျံသွားခဲ့သည်။ ကျိဟွိုက်စစ်၏ အရိပ်သည် ပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး၊ သူ၏ပခုံးပေါ်တွင် တယောတစ်လက် တင်ထား၏။ ကျန့်ချီဝင်လာသည့်အခိုက်တွင် တေးသံသည် ရုတ်တရက် ရပ်တန့်သွားပြီး၊ သူသည် မျက်လုံးများကိုပင့်ကာ ကျန့်ချီကို ကြည့်၍ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“မင်္ဂလာညချမ်းလေးပါ”
ကျန့်ချီ၏ အရိပ်သည် နေရာမှာပင် တောင့်တင်းသွားပြီး၊ တစ်ခဏမျှ သူအိပ်မက်ကမ္ဘာထဲသို့ မှားယွင်းဝင်ရောက်လာသည်ဟု သံသယဝင်သွားခဲ့သည်။ သူ၏လည်ချောင်းသည် အနည်းငယ် ကျဉ်းကျပ်လာခဲ့သည်။
“မင်း မနေ့က ငါ့ကိုပြောမယ့်ကိစ္စက…”
“မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ကျန့်ချီ။”
ကျိဟွိုက်စစ်သည် သူ့ကို စိုက်ကြည့်ရင်း၊ သူ၏အပြုံးထဲတွင် အနည်းငယ် မတတ်သာဟန်နှင့် သနားဟန်တို့ ရောနှောနေခဲ့သည်။
“မင်း ကိုယ့်မွေးနေ့ကိုယ်တောင် မေ့နေတာတော့ မဟုတ်ဘူးမလား။”
အမှန်တကယ်တွင် ကျန့်ချီမမေ့ခဲ့ပေ။ သူသည် ဘယ်တုန်းကမှ မွေးနေ့မကျင်းပခဲ့ဖူးပေ။ နှစ်စဉ်နှစ်တိုင်း ဤနေ့သည် သူ၏အတွက် အခြားသော ၃၆၄ ရက်နှင့် ဘာမျှမခြားနားခဲ့ပေ။ ယနေ့ညတွင် ကျိဟွိုက်စစ်၏ ပါးစပ်မှ ဤစကားကို ကြားရလိမ့်မည်ဟု သူလုံးဝမတွေးထင်ခဲ့မိပေ။
တိုတောင်းသော စကားလုံးလေးလုံးသည် သူစိမ်းဆန်သော်လည်း ရင်ထဲသို့ နွေးထွေးစွာ စိမ့်ဝင်သွားခဲ့သည်။
ကျိဟွိုက်စစ်သည် အနည်းငယ်ပြုံးလိုက်ပြီး၊ သူ၏မေးစေ့ကို ပင့်တင်ကာ၊ ညာလက်ထဲမှ ဘိုးတံကို ကြိုးပေါ်သို့ ညင်သာစွာတင်လိုက်ပြီး၊ လေးနက်နူးညံ့စွာ ဆိုသည်။
“ဒီညက မင်းအတွက် သီးသန့်ဖျော်ဖြေပွဲတစ်ခုပဲ။”
တယောသံထွက်ပေါ်လာသည့်အခိုက်တွင်၊ ကျန့်ချီသည် သူ၏နားထဲမှ အသံတစ်သံ တဖြည်းဖြည်းရှင်းလင်းလာသည်ကို ကြားလိုက်ရ၏။ တဒိတ်ဒိတ်နှင့်၊ သူ၏ကိုယ်ပိုင်နှလုံးခုန်သံကဲ့သို့ပင်။
ကျိဟွိုက်စစ်၏ တယောသံသည် သူပြသသော ပုံစံနှင့် လုံးဝမတူညီပေ။ နူးညံ့သော အပေါ်ယံအခွံဖြင့် ဖုံးအုပ်ထားသော်လည်း၊ တေးသွားတိုင်းတွင် အတွင်းမှထွက်ပေါ်လာသော ပြတ်သားမှုနှင့် ခွန်အားတို့ ရောနှောပါဝင်နေခဲ့သည်။
တေးဂီတကို နားမလည်ဆုံးသောသူပင်လျှင် ကျန့်ချီကဲ့သို့ နားထောင်ရင်း နစ်မျောသွားပေမည်။ သူ့ကို တေးဂီတကမ္ဘာထဲသို့ ဆွဲခေါ်သွားသည်မှာ ကျွမ်းကျင်သော တယောအတတ်ပညာမဟုတ်ဘဲ၊ သူ၏စိတ်ခံစားချက်အားလုံးကို နှစ်မြှုပ်ထားသော ကျိဟွိုက်စစ်ပင် ဖြစ်၏။
တွေဝေငေးမောနေစဉ်မှာပင်၊ ကျန့်ချီသည် သူ ဂီတပွဲခန်းမကြီး၏ ပရိသတ်ထိုင်ခုံအလယ်တွင် ထိုင်နေသည်ဟု ခံစားလိုက်ရ၏။ ကြီးမားသော ဂီတဖျော်ဖြေပွဲခန်းမကြီးတွင် သူသာ တစ်ဦးတည်းသော ပရိသတ်ဖြစ်နေခဲ့သည်။ စင်မြင့်ပေါ်မှ ကျိဟွိုက်စစ်သည် မီးရောင်အောက်တွင် မားမားမတ်မတ်ရပ်နေပြီး၊ သူ၏ရှည်လျားသော အရိပ်သည် ဆွဲဆန့်ထားသကဲ့သို့ပင်။
သူသည် မျက်လုံးများကို တစ်ဝက်တစ်ပျက်မှေးမှိတ်ထားပြီး၊ သူ၏မျက်တောင်များသည် တေးသွားအလိုက် ညင်သာစွာ လှုပ်ခတ်နေသည်။ စင်မြင့်ပေါ်တွင်ရှိနေသော သူသည် မီးရောင်များထက်ပင် ပို၍တောက်ပသော တည်ရှိမှုတစ်ခုဖြစ်၏။ တေးတစ်ပုဒ်ပြီးဆုံးသောအခါ၊ ဘိုးတံသည် လေထဲတွင် ဖြည်းညင်းစွာ ရပ်တန့်သွားပြီး၊ ကျိဟွိုက်စစ်သည် သူ၏အကြည့်ကို ပရိသတ်ထိုင်ခုံထဲမှ ကျန့်ချီထံသို့ ပို့လိုက်ကာ၊ အပြုံးတစ်ခုကို လွှတ်တင်လိုက်သည်။
သူ၏လက်ကို ရင်ဘတ်ပေါ်တင်ပြီး၊ ခါးကိုင်းကာ ခန့်ညားသော အလေးပြုခြင်းတစ်ခုကို ပြုလုပ်လိုက်သည်။
ကျန့်ချီသည် နောက်ကျမှ သတိပြန်ဝင်လာပြီး လက်ခုပ်တီးလိုက်သည်။
ကျိဟွိုက်စစ်သည် ‘ဟား’ ခနဲ ရယ်မောလိုက်ပြီး၊ သူ၏လက်မောင်းကို အောက်သို့ချကာ၊ တယောကို စားပွဲပေါ်မှ တယောဘူးထဲသို့ ညင်သာစွာ ပြန်ထည့်လိုက်သည်။
“ဒီတေးသွားကို ကြိုက်ရဲ့လား။”
“အရမ်းကောင်းတယ်။”
ကျန့်ချီသည် သူ၏စကားလုံးရှားပါးမှုအပေါ် အနည်းငယ် ရှက်ရွံ့မိသွားပြီး၊ ပြောပြီးနောက် ထပ်မေးလိုက်သည်။
“ဒီတေးသွားနာမည်က ဘာလဲဟင်။”
“ရှူးဘတ်ရဲ့ ညတေးသံ။”
ကျိဟွိုက်စစ်သည် လှည့်လာပြီး၊ သူ၏မျက်လုံးအိမ်ထဲတွင် အပြုံးရေးရေးလေးတစ်ခု ပါဝင်နေသည်။
“ညဘက်မှာ ဆူညံတဲ့တေးသွားတွေကို တီးခတ်လို့မကောင်းဘူး၊ တခြားသူတွေ အနားယူတာကို အနှောင့်အယှက်ဖြစ်သွားနိုင်တယ်။ မင်း တခြားတေးသွားတွေကို စိတ်ဝင်စားရင်၊ နောက်ပိုင်း ငါ သင်ပေးလို့ရပါတယ်။”
ကျန့်ချီသည် ခေါင်းခါလိုက်သည်။
“ငါ ဂီတကို နားမလည်ဘူးရယ်၊ မင်းတီးခတ်တဲ့ တေးသွားတိုင်းက အရမ်းကောင်းပါတယ်။”
“မင်းဆီက ဒီစကားကို ကြားရရင်ပဲ ငါ့ရဲ့ဒီညအတွက် ရည်မှန်းချက်က ပြည့်သွားပြီလို့ ဆိုရမှာပဲ”
“ရည်မှန်းချက်?”
“မွေးနေ့မှာ ပျော်ရွှင်ရမှာပေါ့၊ ဟုတ်တယ်မလား။”
ကျိဟွိုက်စစ်၏ အသံသည် စီးဆင်းနေသောရေကဲ့သို့ သာယာညင်သာလှ၏။
“ငါ ပုံမှန်အချိန်တွေမှာ မင်းပြုံးတာကို သိပ်မမြင်ရဘူး။ ကျန့်ချီ၊ တကယ်တော့ မင်းပြုံးလိုက်ရင် အရမ်းကြည့်ကောင်းတယ်၊ မင်း ပိုပြီးပြုံးသင့်တယ်။”
လိင်တူတစ်ယောက်၏ ပါးစပ်မှ ဤသို့သောချီးကျူးစကားကို ကြားရသည်မှာ အနည်းငယ်ထူးဆန်းနေသော်လည်း၊ ကျိဟွိုက်စစ်၏ အမူအရာနှင့် လေသံသည် သဘာဝကျပြီး နွေးထွေးကာ အပြစ်ပြောစရာမရှိအောင်ပင် ဖြစ်၏။ ခုလေးတင် ပြီးဆုံးသွားခဲ့သော တေးဂီတထဲတွင်၊ ပြတင်းပေါက်အပြင်ဘက်မှ မထင်မရှားလရောင်ခြည်ထဲတွင်၊ ကျန့်ချီသည် အလိုအလျောက်ပင် စိတ်ပြေလျော့သွားပြီး၊ ကျိဟွိုက်စစ်ကို ဖျော့တော့သော၊ စစ်မှန်သော အပြုံးတစ်ပွင့်ဖြင့် ပြုံးပြလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ငါ အရမ်းပျော်ပါတယ်။”
Chapter 50 ended