Chapter 50
မုရှို့ ရေချိုးပြီး ပြန်ထွက်လာတော့ ဖေးလုက ခေါက်ဆွဲ စားနေတုန်းပဲ။
ပန်းကန်ထဲက ဟင်းရည်တွေ ကုန်သွားပြီ။ ခြောက်ကပ်ကပ်နဲ့ အလုံးလိုက် ဖြစ်နေတဲ့ ခေါက်ဆွဲတွေပဲ ကျန်တော့တယ်။
“အဆင်မပြေဘူးလား?”
မုရှို့က ဖေးလုရဲ့ နောက်မှာ ရပ်လိုက်တယ်။ ခါးကို ကုန်းပြီး ပန်းကန်ထဲက ခေါက်ဆွဲတွေကို တူနဲ့ ထိုးကော်နေတဲ့ ဖေးလုကို ကြည့်တယ်။
ဖေးလု လက်ရပ်သွားတယ်။ ရင်ထဲက ဒေါသတွေကို မနည်း မျိုချပြီး မုသားစကား ပြောလိုက်ရတယ်။
“ဗိုက်ဝသွားလို့ပါ”
“ဝရင် သိမ်းလိုက်တော့။ အခန်းထဲမှာ လမ်းနည်းနည်း လျှောက်ပြီးမှ ရေသွားချိုး”
မုရှို့က ပြောရင်းနဲ့ နှာခေါင်းရှုံ့လိုက်တယ်။
“မင်းကိုယ်က အနံ့ နံတယ်”
“…”
ဖေးလု ဒေါသကို မနည်း အောင့်ထားရတယ်။ သူ ပြုံးပြုံးလေးပဲ ပြန်ပြောလိုက်တယ်။
“ခဏနေကျရင် အကြိမ်ရေများများ ရေဆေးလိုက်ပါ့မယ်”
“အင်း”
မုရှို့က အခန်းထဲမှာ တစ်ပတ်လောက် လမ်းလျှောက်လိုက်တယ်။ အခန်းထဲမှာ မပြယ်သေးတဲ့ အစားအသောက် အနံ့တွေကို ရလိုက်တော့ စောစောက ကြည်လင်နေတဲ့ မျက်နှာက ပြန်မည်းသွားပြန်ပြီ။
“မင်းရဲ့ အခန်းက နေလို့မရတော့ဘူး။ မနက်ဖြန် သန့်ရှင်းရေး ဝန်ဆောင်မှု ခေါ်ပြီး ပိုးသတ်ခိုင်းရမယ်”
ဖေးလု ပန်းကန်ကို ကိုင်ပြီး ဧည့်ခန်းအလယ်မှာ ကြောင်တောင်တောင် ရပ်နေမိတယ်။
“ဒါဆို… ကျွန်တော်က ညကျရင် ဘယ်မှာ အိပ်ရမှာလဲ?”
မုရှို့က ကြက်သီးထစရာ ကောင်းတဲ့ အကြည့်မျိုးနဲ့ ဖေးလုကို စိုက်ကြည့်ပြန်ပြီ။
“မင်း… သန့်သန့်ရှင်းရှင်း ဆေးကြောပြီးရင်… ညကျ ငါ့ရဲ့ အခန်းထဲ လာအိပ်”
သူ ပြောတာက ဖြည်းဖြည်းချင်းပဲ။ မျက်နှာထားကတော့ ရှုပ်ထွေးနေတယ်။ ဖေးလုကို ညစ်ပတ်နေတဲ့ အခန်းထဲ မအိပ်စေချင်ဘူး။ ဒါပေမယ့် သူ့ရဲ့ အခန်းထဲ အိပ်ခိုင်းရပြန်တော့လည်း စိတ်ရှုပ်နေပြန်ရော။
မုရှို့က ကိုယ့်ကိုယ်ကိုယ် မနည်း နားချရတယ်။ လက်ထောက်လေးက သန့်ရှင်းပါတယ်။ ကိုယ်လည်း သူ့ကို မမုန်းပါဘူး။ တစ်ညလောက် သည်းခံလိုက်ရင် ပြီးတာပဲလေ။
“ဪ…”
ဖေးလု ငိုမဲ့မဲ့နဲ့ ပန်းကန်တွေ သယ်ပြီး မီးဖိုချောင်ထဲ ဝင်သွားတယ်။ ဒီနေ့ ဘာကံဆိုးမိုးမှောင်ကျတာလဲ မသိဘူး။
………..
မီးဖိုချောင် သိမ်းပြီးတာနဲ့ ဖေးလုက မုရှို့ရဲ့ ရွံရှာတဲ့ အကြည့်အောက်မှာ ရေချိုးခန်းထဲ ဝင်လိုက်တယ်။
မုရှို့ စိတ်ချသွားအောင် ရေချိုးခန်းထဲမှာ တစ်နာရီခွဲလောက် အချိန်ဖြုန်းပြီးမှ ပြန်ထွက်လာခဲ့တယ်။
အသက်ရှူကျပ်ပြီး သေတော့မယ်!!!
အဖြူရောင် ရေချိုးသဘက် ပတ်ထားတဲ့ ဖေးလုက ရောင်းစားခံရဖို့ စောင့်နေတဲ့ သိုးပေါက်လေးလို တုန်တုန်ယင်ယင်နဲ့ ရေချိုးခန်းဝမှာ ရပ်ပြီး မုရှို့ရဲ့ စစ်ဆေးမှုကို ခံယူနေတယ်။
သူ့ရဲ့ အသားအရေက ဖြူဝင်းပြီး အရိုးအဆစ်လေးတွေက ပေါ်လွင်နေတယ်။ ရေချိုးခန်းထဲက ထွက်လာခါစမို့ ရေငွေ့တွေ ရစ်သိုင်းနေပြီး အန္တရာယ်ကင်းတဲ့ ချစ်စရာ ပုံစံလေး ဖြစ်နေတယ်။
မုရှို့က စမ်းသပ်တဲ့အနေနဲ့ အနားကပ်လာပြီး ဖေးလုနဲ့ မီတာဝက်လောက် အကွာမှာ ရပ်လိုက်တယ်။နောက်ပြီး နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်ပြီး အနံ့ခံတယ်။ သင်းပျံ့တဲ့ ရေချိုးဆပ်ပြာနံ့လေးကို သူ ရတယ်။ သူ့ကိုယ်ပေါ်က အနံ့နဲ့ အတူတူပဲ။
“ရပြီ”
မုရှို့ အရည်အသွေး ပြည့်မီကြောင်း တံဆိပ်တုံး ထုပေးလိုက်တယ်။
ဖေးလု စိတ်သက်သာရာရသွားပြီး အသက်ခိုးရှူလိုက်တယ်။ မုရှို့ရဲ့ နောက်ကနေ လိုက်ပြီး အခန်းထဲ ဝင်သွားလိုက်တယ်။
မုရှို့ရဲ့ အခန်းကလည်း လူလိုပဲ။ တစ်ခန်းလုံး အဖြူရောင်။ ပြီးတော့ ပိုးသတ်ထားပုံရတယ်။ ပိုးသတ်ဆေးနံ့ သဲ့သဲ့လေး ရနေတယ်။ ဖေးလုက ခြေဖျားထောက်ပြီး ဖြည်းဖြည်းချင်း လျှောက်တယ်။ အားစိုက်မိပြီး အဖြူရောင် ကော်ဇောပေါ်မှာ ခြေရာတွေ ထင်ကျန်ခဲ့မှာ စိုးလို့။
မုရှို့က ကုတင်ဘေးမှာ ထိုင်လိုက်ပြီး ကုတင်ရဲ့ အတွင်းဘက်ကို လက်ညှိုးထိုးပြတယ်။
“မင်း အတွင်းဘက်မှာ အိပ်”
ဖေးလုက ခြေချောင်းလေးတွေကို ကွေးလိုက်မိပြီး အားငယ်စွာနဲ့ ငြင်းတယ်။
“ကျွန်တော် ဆိုဖာပေါ် အိပ်လို့ ရပါတယ်”
သူက မြွေစိမ်း (ဆိုက်ကိုပတ်) နဲ့ အတူမအိပ်ချင်ဘူး။ ညသန်းခေါင်ကျ ဘယ်လိုသေသွားမလဲ မသိနိုင်ဘူးလေ!
မုရှို့က မကျေမနပ် မျက်မှောင်ကြုတ်တယ်။
“အအေးမိလိမ့်မယ်… တက်ခဲ့”
“…”
ဖေးလု ကြောက်သွားတယ်။သူက လိမ္မာစွာနဲ့ ရေချိုးသဘက် ချွတ်၊ ကုတင်ပေါ် တက်ပြီး စောင်ထဲ တိုးဝင်လိုက်တယ်။
မုရှို့က ကျေနပ်တဲ့ အကြည့်နဲ့ ကြည့်ပြီး စောင်လှန်ကာ ဖေးလုရဲ့ ဘေးမှာ ဝင်လှဲလိုက်တယ်။
လူငယ်လေးရဲ့ နွေးထွေးတဲ့ အသက်ရှူသံတွေကို ဘေးကနေ ကြားနေရတယ်။ ရွံရှာတာ၊ နေရခက်တာမျိုး မရှိဘူး။ မုရှို့ တွေးလိုက်တယ်။ ဒီကောင်လေးက တကယ်ပဲ မတူဘူး။
တကယ့်ကို သန့်ရှင်းပြီး ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးပဲ။
တစ်ညလုံး ဘာစကားမှ မရှိတော့ဘူး။
………
မုရှို့ အိပ်မက်တစ်ခု မက်တယ်။ အိပ်မက်က တော်တော်လေး နှစ်ခြိုက်စရာ ကောင်းတယ်။
အိပ်မက်ထဲမှာ သူက ဝါဂွမ်းတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုကို ရောက်နေတယ်။ နူးညံ့တဲ့ ဝါဂွမ်းတွေက မွှေးကြိုင်တဲ့ အနံ့လေးတွေ ထွက်နေတယ်။ပြီးတော့ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပျော့အိအိလေး ပွတ်တိုက်နေကြတယ်။
ဝါဂွမ်းတွေက နူးညံ့ပြီး မွှေးကြိုင်တယ်။ အရေပြားနဲ့ ပွတ်တိုက်မိတဲ့အခါ လျှပ်စီးကြောင်း သေးသေးလေးတွေ ဖြစ်ပေါ်ပြီး တစ်ကိုယ်လုံးကို ယားကျိကျိ ဖြစ်သွားစေတယ်။ မုရှို့က ငြင်းဆန်ချင်ပေမယ့် ထူးဆန်းတဲ့ ခံစားမှုအောက်မှာ သာယာမိသွားတယ်။ အဲ့နောက် ပိုပြီး နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားပြီး ရုန်းမထွက်နိုင်တော့ဘူး။
အိပ်မက်ထဲမှာ နေလို့ကောင်းလွန်းလို့ မုရှို့က ဝါဂွမ်းတွေကို ဖက်ထားပြီး မနိုးချင်တော့ဘူး။ နောက်ဆုံးတော့ ဝါဂွမ်းတုံးလေးက စပြီး တုန်ခါလာတယ်။
ဝါဂွမ်းက ထွက်ပြေးချင်နေတာလား? မုရှို့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ ဝါဂွမ်းကို ရိုက်ပုတ်ပြီး မကျေမနပ် ပြောလိုက်တယ်။
“မလှုပ်နဲ့”
ဝါဂွမ်းက တကယ်ပဲ ငြိမ်ကျသွားပြီး သူ့ရဲ့ ရင်ခွင်ထဲမှာ လိမ္မာစွာ နေနေတယ်။အဲဒါလေးက နူးညံ့ပြီး မွှေးကြိုင်နေတုန်းပဲ။
……….
မုရှို့က အိပ်လို့ကောင်းနေပေမယ့် ဖေးလုကတော့ ငိုချင်နေပြီ။ ဘယ်သူမဆို မနက်နိုးလာလို့ ကိုယ့်ကိုယ်ကိုယ် သူဌေးရဲ့ ရင်ခွင်ထဲ ရောက်နေပြီး အလံတင်အခမ်းအနားမှာ အတင်းအကျပ် ပါဝင်နေရတယ် ဆိုတာ သိလိုက်ရင် ပျော်နိုင်မှာ မဟုတ်ဘူး။
သူက အပြင်ဘက်ကို တိုးထွက်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် နှစ်ချက်လောက် လှုပ်ရုံရှိသေးတယ်၊ မုရှို့က ဖင်ကို ရိုက်လိုက်တယ်။ ပြောမပြတတ်တဲ့ ခံစားမှုကြောင့် ရှက်လွန်းလို့ သူ့မျက်နှာတွေ ရဲကုန်ပြီ။
တကယ့်ကို ကွန်ပလိန်း တက်ချင်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ ဖေးလုက အေးအေးဆေးဆေး အိပ်ပျော်နေတဲ့ မင်းသားမုကို ဒေါသတကြီး စိုက်ကြည့်ရင်း အဲ့လို တွေးနေမိတယ်။
——–
ပြတင်းပေါက် အပြင်ဘက်က နေရောင်ခြည် နွေးနွေးလေးတွေ ဖြာကျလာတယ်။ မုရှို့ရဲ့ မျက်လုံးတွေ လှုပ်ရှားလာပြီး ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တယ်။
မနေ့ညက သူ အကောင်းဆုံး အိပ်ပျော်ခဲ့တဲ့ ညတစ်ည ဖြစ်လောက်မယ်။ မုရှို့ သက်သောင့်သက်သာဖြစ်စွာ သက်ပြင်းချလိုက်တယ်။ပြီးတော့ အကျင့်ပါနေတဲ့အတိုင်း လက်ထောက်ပြီး ထထိုင်ဖို့ လုပ်လိုက်တယ် –
ထောက်လိုက်ပေမယ့်… မထနိုင်ဘူး?
မုရှို့ အခုမှ သတိထားမိတယ်။ သူ့လက်မောင်းပေါ်မှာ လေးလံတဲ့ အရာတစ်ခု ရှိနေတာကို။ ဖေးလုက သူ့ရဲ့ လက်မောင်းကို ဖက်ပြီး အိပ်မက်လှလှ မက်နေလေတယ်။ ဖြူဝင်းတဲ့ သူ့ပါးပြင်ပေါ်မှာ ပန်းရောင်သမ်းနေတယ်။
မုရှို့ အလိုအလျောက် ရပ်တန့်သွားတယ်။ သူ အသက်အောင့်ပြီး အိပ်ပျော်နေတဲ့ ဖေးလုကို ကြည့်နေမိတယ်။ ဒီလူက သူ့ရဲ့ ကုတင်ပေါ်မှာ အိပ်ရုံတင်မကဘူး၊ သူ့ရဲ့ ကိုယ်ပေါ်မှာပါ ကပ်နေတယ် ဆိုတာကို ရုတ်တရက် လက်မခံနိုင် ဖြစ်သွားတယ်။
အရင်တုန်းကသာဆိုရင် ဒါက သူ သည်းမခံနိုင်ဆုံး ကိစ္စပဲ။
ဒါပေမယ့် အခုတော့ အဲဒါတွေကို တွေးဖို့ စိတ်ကူးမရှိဘူး။ သူ့ရဲ့ အာရုံစူးစိုက်မှု အားလုံးက ဖေးလုရဲ့ အိပ်ရာထ ခေါင်းဖွာဖွာလေးဆီ ရောက်သွားတယ်။ အညိုဖျော့ရောင် ဆံပင်လေးတွေက နေရောင်အောက်မှာ တောက်ပနေတယ်။ ကြည့်ရတာ အမွေးပွ ဝါဂွမ်းတုံးလေးလိုပဲ…
အိပ်မက်ထဲက ဝါဂွမ်းတုံးလေးနဲ့ တူလိုက်တာ…
မုရှို့က ပြုစားခံလိုက်ရသလို လက်လှမ်းပြီး ဝါဂွမ်းတုံးလေးကို ထိကြည့်လိုက်တယ်။ ပြီးတော့ ချက်ချင်း ပြန်ရုတ်လိုက်တယ်။ ဘာမှမဖြစ်သလို ခဏနေပြီး ဖေးလု နိုးလာမယ့်ပုံ မပေါ်ဘူး ဆိုတာ သေချာမှ နောက်တစ်ခေါက် ထပ်ပြီး လက်လှမ်းလိုက်ပြန်တယ်…
ဒီတစ်ခေါက်တော့ ကြာကြာလေး ကိုင်ကြည့်လိုက်တယ်။
လက်ဖဝါး တစ်ခုလုံးနဲ့ နူးညံ့တဲ့ ဆံပင်တွေကို အုပ်ကိုင်လိုက်တယ်။ လက်ဖဝါးနဲ့ထိတွေ့လိုက်တော့ ယားကျိကျိ ခံစားမှုလေး ဖြစ်ပေါ်လာတယ်။ သူ မနေနိုင်တော့ဘဲ ပွတ်သပ်လိုက်တယ်။ နူးညံ့ပြီး ချောမွေ့တယ်။ ထင်ထားတာထက်တောင် ကိုင်လို့ကောင်းသေးတယ်။
မုရှို့က လက်ထဲက ကောင်းမွန်တဲ့ အထိအတွေ့ကို သာယာမိသွားတယ်။ ဖေးလုရဲ့ ခေါင်းကို အမွေးပွ အရုပ်လေးလို သဘောထားပြီး ပွတ်လိုက် သပ်လိုက် လုပ်နေတော့တာပဲ။ နောက်ဆုံးတော့… ဖေးလု နိုးလာပါလေရော။
“???”
ဖေးလု ကြောင်တောင်တောင်နဲ့ ပြန်ကြည့်တယ်။ ခေါင်းပေါ်က လက်ကြီးက အိပ်မက် မဟုတ်ဘူးပဲ။
မုရှို့က စိတ်ပါလက်ပါ လုပ်နေတုန်း သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေး နိုးသွားမှန်း သတိမထားမိလိုက်ဘူး။သိသွားတော့လည်း တည်ငြိမ်စွာ လက်ပြန်ရုတ်လိုက်တယ်။ အိမ်မွေးတိရစ္ဆာန်လေးရဲ့ ကြောင်တောင်တောင် အကြည့်နဲ့ ဆုံတော့ ရိုးသားစွာ ချီးကျူးလိုက်တယ်။
“ကိုင်လို့ ကောင်းတယ်… ငါ သဘောကျတယ်”
ဖေးလု : “?????”
မုရှို့က ပြောရင်းနဲ့ ခေါင်းကို ထပ်ပွတ်လိုက်သေးတယ်။
“မနက်ဖြန်… မင်း လာအိပ်လို့ ရတယ်”
ဒါက မင်းသားမုရဲ့ နှစ်၃၀နီးပါး ဘဝမှာ အမြင့်ဆုံး ပေးတဲ့ အထူးအခွင့်အရေး (VIP Treatment) ပဲ။
ဒါပေမယ့် ရုပ်ရှင်မင်းသားရဲ့ တွေးခေါ်ပုံကို သာမန်လူတွေ နားမလည်နိုင်ပါဘူး။ ဖေးလုရဲ့ မျက်လုံးထဲက ဝေဝါးမှုတွေ ပျောက်သွားပြီး မြွေစိမ်းတစ်ကောင်ကို ကြည့်သလို သနားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
မင်းသားကြီးရဲ့… ရောဂါက မသေးပါလား။
မုရှို့က ဆုချလိုက်ပေမယ့် အိမ်မွေးတိရစ္ဆာန်လေးဆီကနေ ချစ်စရာကောင်းတဲ့ အပြုံးလေးကို ပြန်မရလိုက်ဘူး။ သူက နှမြောတသနဲ့ လက်ချောင်းလေးတွေကို ပွတ်သပ်လိုက်တယ်။ လက်ဖျားမှာ ကျန်နေတဲ့ ကောင်းမွန်တဲ့ အထိအတွေ့ကို ပြန်ခံစားနေတာ။
“ငါ ရေအရင် သွားချိုးလိုက်ဦးမယ်”
အရသာခံပြီးတော့ မုရှို့က စောင်လှန်လိုက်တယ်။ ကြွက်သားအပြည့်နဲ့ ခန္ဓာကိုယ် ပေါ်ထွက်လာတယ်။ ဖေးလုက သူ့ဘောင်းဘီအရှေ့ဘက်မှာ မို့ဖောင်းပြီး ဖုထွက်နေတာကို အထင်းသား မြင်လိုက်ရတယ်။ မုရှို့ လှုပ်လိုက်တိုင်း အဲဒီအရာကြီးက လိုက်လှုပ်နေတယ်။ အရွယ်အစားက တော်တော် ကြီးမားတယ်။
ဖေးလု တံတွေးမြိုချလိုက်တယ်။ သူ ရုပ်ရှင်မင်းသားရဲ့ ပြောင်ပြောင်တင်းတင်း မျက်နှာပြောင်မှုကို အံ့သြမိတယ်။
“ဟို… ခင်ဗျား သွားရှင်းထုတ်လိုက်ဦးမလား?”
မုရှို့က ဖေးလုရဲ့ လက်ညှိုးညွှန်ရာကို ငုံ့ကြည့်လိုက်တယ်။ မျက်နှာမရဲဘူး၊ အသက်ရှူမမြန်ဘူး။ အကြည့်တွေက ရိုးသားဖြောင့်မတ်တယ်။ ရွံရှာတဲ့ ပုံစံတောင် ပေါက်နေသေးတယ်။
“ဂရုမစိုက်နဲ့… ခဏနေရင် ပြန်ကျသွားလိမ့်မယ်”
“…”
ဖေးလု ပြောမယ့်စကားတွေ ပြန်မြိုချလိုက်တယ်။
ခင်ဗျား သဘောပါပဲဗျာ။
………..
နှစ်ယောက်သား ပြင်ဆင်ပြီးတာနဲ့ ရိုက်ကွင်းကို ထွက်လာကြတယ်။
ရုပ်ရှင်တစ်ခုလုံးက ပြီးခါနီးနေပြီ။ ဒီနေ့ မုရှို့ ရိုက်ရမှာက တစ်ခန်းတည်းပဲ ရှိတယ်။ ဒါက သူ့ရဲ့ နောက်ဆုံး အခန်းပဲ။
မုရှို့က အဝတ်အစား လဲပြီးပြီ။ ဇာတ်ညွှန်းကို ကိုင်ပြီး ဘေးမှာ ဖြည်းဖြည်းချင်း ဖတ်နေတယ်။ သူ့ရဲ့ မျက်ခုံးတွေက တွန့်ချိုးနေပြီး နှုတ်ခမ်းကို စေ့ထားတယ်။ ဖေးလု ဒီရက်ပိုင်း အကဲခတ်မိသလောက် ဒါက ကိစ္စတစ်ခုကို အလေးအနက်ထား လုပ်ဆောင်နေတဲ့ မျက်နှာထားပဲ။
မုရှို့က သန့်ရှင်းရေး အစွဲအလမ်းကြီးပြီး အကြမ်းဖက်တတ်တဲ့သူ ဖြစ်ပေမယ့် သူက အလုပ်ကို လေးစားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ။
နေစောင်းသွားပြီး မိုးကုပ်စက်ဝိုင်းမှာ အနီရောင် သမ်းလာတဲ့ အချိန်ကျမှ မုရှို့ရဲ့ ဇာတ်သိမ်းခန်းကို စရိုက်တယ်။
မုရှို့က အနက်ရောင် ဝတ်စုံကို ဝတ်ထားတယ်။ အနားစတွေမှာ ရွှေရောင်ချည်တွေနဲ့ အနုစိတ် ထိုးထားတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ရွှေရောင်ချည်တွေက အနီရောင် သမ်းနေတယ်။ သူ့ရဲ့ လက်မောင်းတစ်ဖက်က ဘေးမှာ အားမရှိဘဲ တွဲကျနေတယ်။ ကျန်လက်တစ်ဖက်က ဓားကို ကိုင်ထားပြီး ဓားသွားက အရင်က ငယ်ချစ်ဟောင်းဆီ ချိန်ရွယ်ထားတယ်။
လှည့်ပတ်ပြီးတော့ နောက်ဆုံး သူတို့နှစ်ယောက် ရင်မဆိုင်ချင်ဆုံး အခြေအနေကို ရောက်လာခဲ့ပြီ။
တစ်ယောက်က ဖြောင့်မတ်တဲ့ ဂိုဏ်းပေါင်းစုံရဲ့ခေါင်းဆောင်၊ တစ်ယောက်က မိစ္ဆာဂိုဏ်းချုပ်။ သူတို့နှစ်ယောက်က ရန်သူ ဖြစ်ဖို့ ကံပါလာပြီးသား။
“မင်း လူတွေ အများကြီးကို သတ်ခဲ့တယ်။ ငါ မင်းကို ခွင့်မလွှတ်နိုင်ဘူး”
မုရှို့က သူမကို ကြည့်ပြီး ပြောတယ်။ ဒဏ်ရာရထားပေမယ့် အရှိန်အဝါက လွှမ်းမိုးထားတုန်းပဲ။
လီယွီက အနီရောင် ဝတ်စုံကို ဝတ်ထားတယ်။ ဆံပင်နက်တွေကို ယောကျ်ားလေးလို စုစည်းထားတယ်။ သူမဆီမှာ မိန်းကလေးဆန်တဲ့ နူးညံ့မှုတွေ မရှိတော့ဘူး။ အချိန်တွေက အရာရာကို ပြောင်းလဲပစ်လိုက်ပြီ။ ဘယ်သူမှ အရင်လို မဟုတ်တော့ဘူး။
“တိုက်မယ်ဆိုလည်း တိုက်လေ… ဘယ်သူသေမလဲ ကြည့်ကြတာပေါ့”
မုရှို့ စကား ဆက်မပြောတော့ဘူး။ လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ဓားနဲ့ ဝင်တိုက်တယ်။
ဓားရှည်ချင်း ထိခတ်သံတွေက လေထုထဲမှာ စူးရှစွာ မြည်ဟိန်းသွားတယ်။ သွေးရောင်လွှမ်းနေတဲ့ နေဝင်ချိန်အောက်မှာ ဝမ်းနည်းဖွယ်ရာနဲ့ သတ်ဖြတ်လိုစိတ်တွေပဲ ကျန်ရစ်တော့တယ်။
မင်းမသေရင် ငါသေမယ့် ပွဲ….
ဝေဟင်အလယ်မှာ နှစ်ယောက်သား ရွေ့လျား တိုက်ခိုက်နေကြတယ်။ ငွေရောင် ဓားသွားတွေက နေဝင်ရောင်ကို ပြန်ကန်နေတယ်။
သူတို့နှစ်ယောက်ရဲ့ နောက်ဆုံး တိုက်ခိုက်ခန်းတွေက များတယ်။ ဒါရိုက်တာက ဝမ်းနည်းစရာကောင်းပြီး လှပတဲ့ ပုံရိပ်ကို ရချင်လို့ ဒီလို နေဝင်ချိန် သွေးရောင်လွှမ်းတဲ့ ညနေခင်းကို ရအောင် ရက်အတော်ကြာ စောင့်ခဲ့ရတာ။
ဝေဟင်အလယ်မှာ နှစ်ယောက်သားရဲ့ လှုပ်ရှားမှုတွေ တဖြည်းဖြည်း နှေးကွေးလာကြတယ်။
မုရှို့က လက်တစ်ဖက် ဒဏ်ရာရထားပြီးသား။ သွေးတွေက အင်္ကျီလက်စကနေ စီးကျလာပြီး လက်နှစ်ဖက်လုံး ရဲရဲတောက်နေပြီ။ လီယွီလည်း သိပ်မထူးပါဘူး။ စည်းထားတဲ့ ဆံပင်တွေ ပြေကျကုန်ပြီး သွေးတွေ ချွေးတွေနဲ့ ကပ်နေတဲ့ မျက်နှာပေါ်မှာ ရှုပ်ပွနေတယ်။
နှစ်ယောက်သား အားကုန်နေကြပြီ။ ဒါပေမယ့် စိတ်ဆန္ဒတစ်ခုတည်းနဲ့ မလဲကျအောင် တောင့်ခံထားကြတယ်။
နေလုံးနီနီက အနောက်ဘက်မှာ ဝင်သွားပြီ။ ကောင်းကင်အစွန်းမှာ အနီရောင် တိမ်စလေး တစ်စပဲ ကျန်တော့တယ်။ သူတို့နှစ်ယောက် တပြိုင်နက်တည်း ခေါင်းမော့ကြည့်ကြတယ်။ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်တွေ အပြည့်ပဲ။
အပိုတွေ မလုပ်ဘဲ အရိုးရှင်းဆုံး လှုပ်ရှားမှုတွေနဲ့ နှစ်ယောက်သား တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတယ်။
ဓားသွားက ခန္ဓာကိုယ်ထဲ စိုက်ဝင်သွားပြီး လတ်ဆတ်တဲ့ သွေးနီရောင်တွေ စီးကျလာတယ်။ မုရှို့က ရုတ်တရက် တွဲကျသွားတဲ့ လီယွီရဲ့ လက်ကို ကြောင်တောင်တောင် ငေးကြည့်နေမိတယ်။
“ဘာလို့လဲ?”
လီယွီက အပြုံးဖျော့ဖျော့လေး ပြုံးလိုက်တယ်။ ငယ်ငယ်တုန်းကလိုပဲ သူ့ကို မျက်စိတစ်ဖက် မှိတ်ပြတယ်။ ဒါပေမယ့် အဖြေပြန်မပေးနိုင်တော့ဘူး။ သူမရဲ့ မျက်ဝန်းအိမ်တွေက အလင်းရောင် ပျောက်ကွယ်သွားပြီ။
ဘာလို့လဲ ဟုတ်လား?
ဘာလို့လဲဆိုတော့ ဆက်မရှင်သန်ချင်တော့လို့။
ပြီးတော့… နင် ငါ့ကို မေ့သွားမှာ စိုးလို့။
နောက်ဆုံးကျန်တဲ့ နေရောင်ခြည်လေးလည်း ပျောက်ကွယ်သွားပြီး ညနေဆည်းဆာက လွှမ်းမိုးလာတယ်။ လီယွီရဲ့ ခန္ဓာကိုယ်က အနောက်ကို လေးလံစွာ လဲကျသွားတယ်။ ခေါင်မိုးကြမ်းပြင်ပေါ် ပြုတ်ကျသံ အကျယ်ကြီး ကြားလိုက်ရတယ်။
“Cut!”
“ကောင်းတယ်! ဒီ Scene အောင်မြင်တယ်!”
ဒါရိုက်တာရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံက ထွက်ပေါ်လာတယ်။ ဇာတ်သိမ်းခန်းက သူ မျှော်မှန်းထားတာထက်တောင် ပိုကောင်းနေသေးတယ်။
ဒါပေမယ့် ၂ မိနစ်တောင် မပျော်လိုက်ရဘူး။ လဲကျနေတဲ့ လီယွီက ထအော်တော့တာပဲ။
“သူ ဒဏ်ရာရသွားပြီ! လူကို အမြန် ချပေးကြပါ!”
Chapter 50 ended