Chapter 51
နောက်ဆုံး ဇာတ်ဝင်ခန်းမှာ ခေါင်မိုးပေါ်တွင် ရိုက်ကူးခြင်း ဖြစ်၏။ လီယွီ၏ ကိုယ်ပေါ်တွင် ဝါယာကြိုးများ ချိတ်ဆက်ထားဆဲ ဖြစ်သဖြင့် ခေါင်မိုးပေါ်၌ မှောက်လျက်သား အနေအထားဖြင့် အောက်ဘက်သို့ လှမ်းအော်လိုက်ခြင်း ဖြစ်သည်။
ရိုက်ကွင်းမှ လူများသည် သူမ၏အသံကြောင့် လန့်ဖျပ်သွားကြသည်။ မုရှို့သည် ခေါင်မိုးပေါ်တွင် ဒူးထောက်လျက်သားဖြင့် မလှုပ်မယှက် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လှေကားထောင်သူကထောင်၊ ဝါယာကြိုးဖြုတ်သူကဖြုတ်ဖြင့် အပျာပျာ ဖြစ်ကုန်ကြတော့၏။ လူအုပ်ကြီးသည် မုရှို့ကို အောက်သို့ ဝိုင်းဝန်း သယ်ချပေးလိုက်ကြသည်။
မုရှို့သည် သူစိမ်းများစွာ၏ ထိတွေ့မှုကို ခံနေရသဖြင့် ရုန်းကန်ချင်နေသော်လည်း သွေးထွက်လွန်ထားသော ခန္ဓာကိုယ်မှာ အားနည်းနေပြီ ဖြစ်ရာ လူအများကြီး၏ ဖိအားကို မလွန်ဆန်နိုင်တော့ပေ။ သူသည် မျက်လုံးများကိုသာ မှိတ်ထားလိုက်ပြီး ရင်ထဲမှ အော့အန်ချင်စိတ်နှင့် မသက်မသာဖြစ်မှုများကို အံကြိတ်ကာ သည်းခံနေရလေသည်။
ဖေးလုလည်း လန့်ဖျပ်သွားပြီး လူအုပ်ကြားထဲသို့ အတင်းတိုးဝင်ကာ စိတ်ပူပင်စွာ မေးလိုက်သည်။
“ဘာဖြစ်သွားတာလဲ? ဘယ်နား ထိသွားတာလဲ?”
ရင်းနှီးသော အသံကို ကြားလိုက်ရမှ မုရှို့သည် ခေါင်းကို စောင်းငဲ့ကြည့်လာပြီး မျက်လုံးများကို ဖွင့်ကြည့်လာသည်။ သူ၏ အကြည့်များတွင် ဝမ်းနည်းအားငယ်မှု အရိပ်အယောင်များ ပါဝင်နေပြီး တိုးညှင်းစွာ ဖြေလေသည်။
“ခါး…”
ဖေးလု၏ အကြည့်သည် သူ၏ ခါးဆီသို့ ရောက်သွားသော်လည်း အနက်ရောင် ဝတ်စုံကြောင့် ဘာမှ မမြင်ရပေ။ ထို့ကြောင့် အပေါ်ဝတ်ရုံကို ချွတ်ပေးလိုက်ရသည်။
ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သဖြင့် ဒဏ်ရာကို သွားထိမိ၏။ မုရှို့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ညည်းသံသဲ့သဲ့ က ထွက်ပေါ်လာသည်။
အရောင်ရင့်သော အပေါ်ဝတ်ရုံကို ချွတ်လိုက်သောအခါ အထဲမှ အဖြူရောင် အတွင်းဝတ်ကို မြင်လိုက်ရသည်။ အဖြူရောင် အင်္ကျီသည် သွေးများဖြင့် ရဲရဲတောက်နေပြီ ဖြစ်သည်။ ဖေးလု၏ လက်များ တုန်ယင်သွားပြီး ခန္ဓာကိုယ်နှင့် ကပ်နေသော ဝတ်စုံကို ဆက်မထိရဲတော့ပေ။
မုရှို့သည် ဖေးလု၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်မှောင်ကို ရှုံ့ထားလေသည်။ သူ၏ မျက်နှာထားမှာ ရှားရှားပါးပါး အားငယ်နေသည့် ပုံစံပေါက်နေသည်။
“နာတယ်…”
“မကြောက်နဲ့နော်… လူနာတင်ကား လာနေပြီ… မကြာခင် ရောက်တော့မှာ”
ဖေးလုသည် သူ၏လက်ကို ပြန်လည် ဆုပ်ကိုင်ထားပေးပြီး ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။
အင်္ကျီပေါ်မှ သွေးကွက်များသည် ပိုမို များပြားလာသည်။ ဒဏ်ရာအခြေအနေကို မသိရသဖြင့် ဘယ်သူမှ အထဲက ဝတ်စုံကျပ်ကို မချွတ်ပေးရဲကြပေ။ အခုအခြေအနေကို ကြည့်ရသည်မှာ ကာကွယ်ရေးဝတ်စုံသည် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ ဝါယာကြိုးပြတ်ကာ ခန္ဓာကိုယ်ကို ရစ်ပတ်ရှမိသွားပုံ ရသည်။
ဒဏ်ရာ ဘယ်လောက်ကြီးလဲ၊ ဘယ်လောက် ပြင်းထန်လဲ ဆိုတာကို သူတို့ မသိနိုင်ကြပေ။ လူနာတင်ကား လာမည်ကိုသာ ထိုင်စောင့်နေရတော့၏။
ကံကောင်းသည်မှာ လူနာတင်ကား ရောက်လာသည်က မြန်ဆန်သည်။ ၁၀ မိနစ်ခန့် ကြာသောအခါ ဥဩသံ ဆွဲကာ လူနာတင်ကားသည် ရိုက်ကွင်းထဲသို့ တန်းဝင်လာတော့သည်။ အခြားလူများလည်း လမ်းဖယ်ပေးလိုက်ကြပြီး ဖေးလုသည် ဆေးအဖွဲ့နှင့် ပူးပေါင်းကာ မုရှို့ကို ထမ်းစင်ပေါ် တင်ပေးလိုက်သည်။ မုရှို့သည် တစ်လျှောက်လုံး ဖေးလု၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်မပေးပေ။
ဖေးလုလည်း ကားပေါ်သို့ အတူ လိုက်ပါသွားလိုက်သည်။ ယာဉ်ပေါ်ပါ ဆရာဝန်သည် မုရှို့ကို အရေးပေါ် ကုသမှုများ ပြုလုပ်ပေးနေသည်။ ဖေးလုသည် သွေးစွန်းနေသော အင်္ကျီကို ကြည့်ပြီး ရင်တုန်ပန်းတုန် ဖြစ်နေရ၏။
မုရှို့သည် သတိမေ့မြောသွားပြီ ဖြစ်သည်။ ကာကွယ်ရေးဝတ်စုံကို ကပ်ကြေးဖြင့် ညှပ်ထုတ်လိုက်သောအခါ ခါးမှ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီး ပေါ်လာတော့သည်။
၁၀ စင်တီမီတာခန့် ရှည်လျားသော ဒဏ်ရာကြီး ဖြစ်ပြီး အသားများ လန်ထွက်နေကာ သွေးများ တရဟော စီးကျနေလေသည်။ ကာကွယ်ရေးဝတ်စုံ၏ အတွင်းပိုင်း တစ်ခုလုံးသည် သွေးများဖြင့် ရွှဲနစ်နေ၏။ နောက်ဆုံး ဇာတ်ဝင်ခန်း ပြီးသည့်အထိ မလဲကျသွားအောင် သူ ဘယ်လောက်ကြာကြာ တောင့်ခံထားခဲ့ရမှန်း မသိနိုင်ပေ။
ဖေးလု မျက်ရည်ဝဲလာသည်။ ဇာတ်ဝင်ခန်း တစ်ခန်းအတွက်နှင့် အသက်ကိုတောင် မငဲ့ဘဲ ဒီလောက်ထိ အရူးထမည့်သူ ရှိလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
လူနာတင်ကားသည် ဆေးရုံသို့ ရောက်ရှိသွားပြီး မုရှို့ကို အရေးပေါ် ခွဲစိတ်ခန်းထဲသို့ တွန်းပို့လိုက်ကြသည်။ အနီရောင် မီးလုံး လင်းလာသောအခါ ဖေးလုသည် အပြင်ဘက်တွင် ဂနာမငြိမ်စွာ စောင့်ဆိုင်းနေရတော့၏။
မကြာမီမှာပင် ဖုန်းသည် အသက်လုသံကဲ့သို့ မြည်ဟီးလာသည်။ ဖုန်းခေါ်ဆိုသူမှာ ချူးဟုန် ဖြစ်လေသည်။
ဖေးလု ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ ချူးဟုန်၏ စက်သေနတ်ပစ်သကဲ့သို့ မေးခွန်းထုတ်သံများ ထွက်ပေါ်လာတော့သည်။
ဖေးလု နှာခေါင်းကို ရှုံ့လိုက်ပြီး အရေးကြီးသည့် မေးခွန်းများကိုသာ ရွေးဖြေလိုက်သည်။ မုရှို့က အရေးပေါ် ခွဲစိတ်ခန်းထဲတွင် ရှိနေသေးကြောင်း ပြောပြလိုက်တော့ ချူးဟုန်သည် မှာစရာရှိသည်များကို ကပျာကယာ မှာကြားပြီး ဆေးရုံသို့ ကားမောင်းထွက်လာလေတော့၏။
ဖေးလု အပြင်ဘက်တွင် ဘယ်လောက်ကြာကြာ စောင့်နေခဲ့ရမှန်း ကိုယ့်ကိုယ်ကိုယ်ပင် မသိတော့ပေ။ သန်းခေါင်ယံ ရောက်သည့်အချိန်မှသာ ခွဲစိတ်ခန်းမီး ပိတ်သွားခဲ့သည်။
မုရှို့ကို ကုတင်ဖြင့် တွန်းထုတ်လာကြသည်။ သူသည် သတိမရသေးပေ။ မျက်နှာပေါ်တွင် သွေးရောင်မရှိဘဲ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူနာပြုများသည် လူနာကို အခန်းထဲသို့ ပို့ဆောင်ပေးပြီး သတိထားရမည့် အချက်များကို မှာကြားကာ ထွက်ခွာသွားကြသည်။
ဖေးလုသည် ကုတင်ဘေးတွင် သနားစဖွယ် ထိုင်စောင့်နေသည်။ ခဏကြာသော် မုရှို့၏ နှုတ်ခမ်းများ ခြောက်သွေ့ပြီး အဖတ်လန်နေသည်ကို တွေ့ရသဖြင့် ရေနွေးသွားငှဲ့ကာ နှုတ်ခမ်းကို ရေဆွတ်ပေးလိုက်သည်။
သန်းခေါင်ကျော် အချိန်ရောက်မှ ချူးဟုန် ရောက်ရှိလာပြီး ဖေးလုနှင့်အတူ စောင့်ပေးလေသည်။
သူတို့နှစ်ဦးသည် မုရှို့၏အခြေအနေကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ ကံကောင်းသည်မှာ အရေပြား ပြတ်ရှရုံဒဏ်ရာသာ ဖြစ်ပြီး ဝါယာကြိုးသည် အသားကို လှီးဖြတ်သွားသော်လည်း အာရုံကြောနှင့် အရွတ်များကို မထိခိုက်ခဲ့ပေ။ အရေးပေါ် သွေးသွင်းပြီး ဒဏ်ရာကို ချုပ်လိုက်ရာ ယခုအခါ ဒဏ်ရာကျက်မည့် အချိန်ကိုသာ စောင့်ရတော့မည် ဖြစ်သည်။
ပြောရသည်မှာ လွယ်သော်လည်း ဒဏ်ရာက ခါးတွင် ဖြစ်နေသည်။ နောက်လအနည်းငယ်အထိ မုရှို့သည် အိမ်တွင်သာ အနားယူရမည် ဖြစ်ပြီး ပွဲလမ်းသဘင် အစီအစဉ်အားလုံးကို ရက်ရွှေ့ရတော့မည် ဖြစ်၏။ ဤသည်ကို သိသောကြောင့်ပင် မုရှို့သည် နောက်ဆုံး ဇာတ်ဝင်ခန်းကို ပြီးအောင် ရိုက်ကူးခဲ့ခြင်း ဖြစ်မည်။ အကယ်၍ မပြီးပြတ်ခဲ့လျှင် ရိုက်ကူးရေးအဖွဲ့သည် ဇာတ်သိမ်းခန်းအတွက် နောက်ထပ် လအနည်းငယ် ထပ်စောင့်ရဦးမည် ဖြစ်သည်။ ငွေကြေး ကုန်ကျစရိတ်များသော ရိုက်ကူးရေးအဖွဲ့အနေဖြင့် ထိုမျှလောက် အချိန်ကြာကြာ မစောင့်နိုင်ပေ။
သူတို့နှစ်ဦးသည် တလှည့်စီ စောင့်ရင်း တစ်ညလုံး ကုန်လွန်သွားခဲ့သည်။ ကံကောင်းသည်မှာ မုရှို့သည် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ဖျားနာခြင်း၊ ပိုးဝင်ခြင်း စသည့် လက္ခဏာဆိုးများ မပြခဲ့ပေ။
အားလုံးက ထိုသတင်းကို ကြားမှ သက်ပြင်းချနိုင်ကြတော့သည်။ အကယ်၍ မုရှို့သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် အားလုံး ပြဿနာတက်ကြတော့မည် ဖြစ်၏။
ထိုသို့ ဖြစ်လင့်ကစား အပြင်လောကတွင်တော့ ပွက်လောရိုက်နေပြီ ဖြစ်သည်။ မုရှို့၏ အခြေအနေမှာ အလွန် ဆိုးရွားခဲ့ပြီး လူနာတင်ကားဖြင့် ခေါ်ထုတ်သွားမှုသည်လည်း ကြီးကျယ်ခမ်းနားလွန်းခဲ့သည်။ ရိုက်ကူးရေးအဖွဲ့က ဖုံးကွယ်ထားချင်သော်လည်း ဖုံးကွယ်၍ မရတော့ပေ။ မကြာမီမှာပင် ရုပ်ရှင်မင်းသား မုရှို့ ရိုက်ကွင်း၌ ဒဏ်ရာအပြင်းအထန် ရရှိသွားသည့် သတင်းသည် ဖျော်ဖြေရေး သတင်းစာမျက်နှာများ၏ မျက်နှာဖုံးတွင် ပါလာခဲ့ပြီး Weibo ပေါ်တွင် ပရိသတ်များ အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြတော့သည်။
ချူးဟုန်သည် နောက်ဆက်တွဲ ကိစ္စရပ်များကို ဖြေရှင်းရန် အလုပ်ရှုပ်နေတော့သည်။ ချိန်းဆိုထားမှုများကို ရက်ရွှေ့ခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ရသလို တစ်ဖက်တွင်လည်း အခွင့်ကောင်းယူပြီး ကောလဟာလ လွှင့်မည့်သူများ မရှိစေရန် ပြည်သူ့ဆက်ဆံရေး (PR) အဖွဲ့နှင့် တိုင်ပင်ကာ သတင်းများကို ထိန်းချုပ်ရလေသည်။ သူမသည် ခြေထောက်နှင့် မြေကြီး မထိနိုင်လောက်အောင် အလုပ်ရှုပ်နေသဖြင့် ဖေးလုကိုသာ ဆေးရုံတွင် မုရှို့ကို ပြုစုရန် တာဝန်ပေးထားလိုက်ရသည်။
ထို့အပြင် Weibo ပေါ်မှ ပရိသတ်များကိုလည်း စိတ်အေးစေရန် သတင်းပေးရဦးမည်။
မုရှို့က နိုးလာပြီ ဖြစ်သည်။ သို့သော် သွေးထွက်လွန်ထားသဖြင့် နွမ်းနယ်နေပြီး စိတ်မကြည်မလင် ဖြစ်နေသည်။ ခါးတွင် ပတ်တီးထူထူကြီး ပတ်ထားရပြီး ကုတင်ပေါ်တွင် မှိုင်တွေတွေ လှဲနေလေသည်။
ဖေးလုသည် သူ့ကို ဆန်ပြုတ် တစ်ဇွန်း ခွံ့ကျွေးလိုက်သည်။ မုရှို့ ဖြည်းဖြည်းချင်း မျိုချပြီးသည်အထိ စောင့်ကာ နောက်တစ်ဇွန်း ထပ်ခွံ့ပေးသည်။
“အစ်မချူးဟုန်က ပြောတယ်… ခဏနေရင် ဓာတ်ပုံရိုက်ပြီး Weibo ပေါ် တင်ပေးလိုက်ပါဦးတဲ့။ မဟုတ်ရင် Fan တွေက စိတ်ပူပြီး ပွက်လောရိုက်နေကြလို့”
မုရှို့သည် နောက်ဆုံး ဆန်ပြုတ်တစ်ဇွန်းကို မျိုချလိုက်ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။ ပြီးနောက် ပြောလိုက်သည်က –
“အတူတူ ရိုက်မယ်”
“ဘာကို အတူတူ ရိုက်မှာလဲ?”
ဖေးလု ချက်ချင်း နားမလည်လိုက်ဘဲ ပြန်မေးမိသည်။
မုရှို့က သူ့ကို မကျေမနပ် ကြည့်လိုက်သည်။
“ဓာတ်ပုံလေ”
“ကျွန်တော့်ကို ရိုက်ပြီး ဘာလုပ်မလို့လဲ?”
ဖေးလု ရယ်ချင်သွားသည်။ မုရှို့သည် ဒဏ်ရာရပြီးနောက်ပိုင်း ကလေးဆန်လာသည်ဟု ခံစားမိ၏။
“ရိုက်ချင်လို့”
မုရှို့သည် နှာခေါင်းထဲမှ “ဟွန်း” ဟု အသံပြုကာ ဂျစ်တိုက်လေသည်။
ဖေးလု : … ခင်ဗျားက လူနာပဲ… ခင်ဗျား သဘောအတိုင်းပါပဲလေ…။
စိတ်ကြီးသော မင်းသားမုကို မလွန်ဆန်နိုင်တော့သဖြင့် ဖေးလုသည် ဖုန်းကို မြှောက်ကာ သူတို့နှစ်ဦးဘေးချင်းကပ်ပြီး Selfie ဆွဲလိုက်သည်။ ပုံမတင်ခင် ဖေးလု တစ်ချက် ပြန်ကြည့်လိုက်တော့ မုရှို့၏မျက်နှာက နည်းနည်း ဖြူဖပ်ဖြူရော် ဖြစ်နေသည်ကလွဲရင် ကျန်တာ အဆင်ပြေပါသည်။ ထွေထွေထူးထူး ပြင်ဆင်နေစရာ မလိုသဖြင့် မုရှို့၏ Weibo အကောင့်ထဲသို့ ဝင်ကာ စာရေးပြီး တင်ပေးလိုက်သည်။
[မင်္ဂလာပါ၊ ကျွန်တော်က မုရှို့ရဲ့ လက်ထောက်ပါ။ မုရှို့က အဆင်ပြေပါတယ်။ အခု ဆေးရုံမှာ အနားယူနေပါပြီ။ အားလုံးပဲ စိတ်မပူကြပါနဲ့နော်။ (ပုံ)]
ပွက်လောရိုက်နေသော Weibo သည် ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ ချက်ချင်း ငြိမ်သက်သွားသည်။
#မုရှို့ ဒဏ်ရာပြင်းထန်# ၊ #မုရှို့အတွက် ဆုတောင်းပေးကြပါ# စသည့် ခေါင်းစဉ်များသည် Weibo ၏ ထိပ်တန်း ရှာဖွေမှု စာရင်းတွင် ရောက်ရှိနေခဲ့သည်။ ဖေးလု၏ ပို့စ် တက်လာသည်နှင့် စိုးရိမ်ပူပန်ပြီး ဒေါသထွက်နေကြသော ပရိသတ်များသည် ရေထွက်ပေါက် ရှာတွေ့သွားသော ရေလှိုင်းလုံးကြီးများကဲ့သို့ ထိုပို့စ်အောက်သို့ ဝင်ရောက်လာကြတော့သည်။
[ငါ့ရဲ့မုကောကော… ရင်တွေ နာလိုက်တာ။ ဘာမှမဖြစ်လို့ တော်ပါသေးတယ် (လက်အုပ်ချီ)]
[အမြန်ဆုံး သက်သာပါစေနော်။ ဒါနဲ့… ဒါ မုကောကောရဲ့ ဘယ်နှယောက်မြောက် လက်ထောက်လဲ?]
[၅ ယောက်မြောက် ရှိပြီ ထင်တယ်။ ဓာတ်ပုံထဲက တစ်ယောက်က လက်ထောက်အသစ်လေးလား? ချစ်စရာလေးနော် (Doge)]
[ဟုတ်တယ်နော်… ချစ်စရာလေး။ နှစ်ယောက်သား ကြည့်ရတာ လိုက်ဖက်လိုက်တာ]
[……]
ဒီရေအလား တက်လာသော Comment များသည် ပို့စ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ဖေးလုသည် စိတ်ဝင်တစားဖြင့် Comment များကို ဖတ်နေသော်လည်း ခဏကြာသောအခါ လမ်းကြောင်းလွဲကုန်ကြသည့် Fan များ၏ စကားများကို ဖတ်မိပြီး လန့်ဖျပ်ကာ ဖုန်းပိတ်လိုက်ရသည်။
“မင်း ဘာကြည့်နေတာလဲ?”
မုရှို့က ရုတ်တရက် လှမ်းမေးလာတော့ ဖေးလုလည်း လန့်သွားသည်။ သူက ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး အပြစ်လုပ်ထားသူတစ်ယောက်လို ဖြေလိုက်သည်။
“ဘာ… ဘာမှ မဟုတ်ပါဘူး။ Comment တွေ လျှောက်ဖတ်နေတာပါ”
မုရှို့က သံသယ မဝင်ပေ။ သို့သော် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီး ဖေးလုကို တောင်းဆိုလိုက်သည်။
“ငါ ရေချိုးချင်တယ်”
“…”
ဖေးလု ပြတ်သားစွာ ငြင်းပစ်လိုက်သည်။
“မရဘူး… ခင်ဗျားမှာ ဒဏ်ရာနဲ့… ရေထိလို့ မဖြစ်ဘူး”
မုရှို့သည် မျက်နှာကြီး ပြိုတော့မတတ် မဲ့ကျသွားပြီး ဖေးလုကို မကျေမနပ် စိုက်ကြည့်နေလေသည်။ အရိုးကို တောင်းတာ မရလိုက်သည့် ခွေးကြီးတစ်ကောင်ကဲ့သို့ပင်… “ငါ မပျော်ဘူး” ဆိုသည့် အငွေ့အသက်များကို တစ်ကိုယ်လုံးမှ ထုတ်လွှတ်နေတော့၏။
ရေချိုးချင်တယ်…
“…”
ဖေးလုသည် သူ့ကို ခဏလောက် ကြည့်နေပြီးနောက် အရှုံးပေးလိုက်ရသည်။ ချိုး… ချိုး… ချိုးကြတာပေါ့ဗျာ… ကျေနပ်ပြီလား?
“ခဏစောင့်… ကျွန်တော် ရေနွေး သွားယူပြီး ရေပတ်တိုက်ပေးမယ်”
မုရှို့က တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ဖေးလုက သူ၏ ပါးစပ်ကို လက်ဖြင့် အမြန် လှမ်းပိတ်လိုက်ပြီး တည်ငြိမ်လေးနက်စွာ သတိပေးလိုက်သည်။
“စကားမပြောနဲ့တော့… မဟုတ်ရင် မလုပ်ပေးတော့ဘူးနော်”
နွေးထွေးသော လက်ဖဝါးလေးသည် နှုတ်ခမ်းပေါ်သို့ ဖိကပ်လာ၏။ မုရှို့ ကြောင်သွားပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ရောဂါထတတ်သော်လည်း ပုံမှန်အချိန်များတွင်မူ အကျိုးအကြောင်း နားလည်သူ ဖြစ်ပေသည်။
ဖေးလုသည် ကျေနပ်စွာဖြင့် လက်ပြန်ဖယ်လိုက်ပြီး ရေချိုးခန်းထဲသို့ ရေနွေးသွားယူလေသည်။
Chapter 51 ended