Chapter 55
“ငါ ဗိုက်ဆာတယ်”
ကျန့်ချီသည် ‘ငါနဲ့ဘာဆိုင်လဲ’ ဟု ပြန်ဖြေချင်စိတ် ပြင်းပြနေသော်လည်း၊ ဤသည်မှာ အသိပေးချက်တစ်ခုမျှသာ မဟုတ်ကြောင်း လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။ သူသည် ခေါင်းမော့ကာ ရှောက်ဟန့်၏လုပ်ပိုင်ခွင့်ရှိသည်ဟူသော အကြည့်နှင့် ရင်ဆိုင်လိုက်သည်။
ခဏအကြာတွင်၊ အနည်းငယ် အဓိပ္ပာယ်မရှိသော အတွေးတစ်ခုက သူ၏ဦးနှောက်ကို ပြည့်နှက်သွားစေခဲ့သည်။ ထင်ရှားသည်မှာ၊ ဤအတွေးသည် ရှောက်ဟန့်အတွက်မူ အနည်းငယ်မျှပင် အဓိပ္ပာယ်မရှိခြင်း မဟုတ်ပေ။
“ငါ့အတွက် ထမင်းတစ်နပ်ချက်ပေး။”
ရှောက်ဟန့်က ဆိုသည်။
“ချက်ပြီးရင် ငါ ဗီဒီယိုကို ဖျက်လိုက်မယ်။”
“ဘာ…”
ကျန့်ချီသည် သူကြားလိုက်သည်မှာ အမှားများလားဟု သံသယဝင်သွားမိသည်။
“ငါပြောတာ ငါဗိုက်ဆာတယ်လို့။”
ရှောက်ဟန့်သည် သူ၏နှုတ်ခမ်းထောင့်ကို ပင့်တင်လိုက်ပြီး၊ သူ့မျက်လုံးထဲတွင် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသော နက်ရှိုင်းမှုတစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ကျန့်ချီ၏ နားအနားမှ ဆံပင်တစ်မျှင်ကို မတော်တဆထိမိသလိုဖြင့် ပင့်တင်လိုက်ပြီး၊ သူ၏လက်ချောင်းထိပ်သည် ကျန့်ချီ၏ ဘယ်ဘက်မျက်လုံးအောက်မှ မှဲ့လေးကို ညင်သာစွာ ဖြတ်သန်းသွားသည်။ သူ၏အသံသည် အနည်းငယ်တုန်ယင်နေသည်။
“ထမင်းမချက်ချင်ဘူးဆိုရင်….အခြားဘာလုပ်ပေးမှာလဲ”
ကျန့်ချီသည် သူ၏မျက်နှာကို လွှဲဖယ်လိုက်ပြီး၊ မတည်ငြိမ်သော သူ၏အံသွားများကို ကြိတ်လိုက်ကာ၊ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး မေးလိုက်သည်။
“မင်း ဘာစားချင်လဲ။”
ရှောက်ဟန့်၏ နှုတ်ခမ်းထောင့်မှ အပြုံးသည် တဖြည်းဖြည်းကျယ်ပြန့်လာပြီး၊ မကောင်းကြံဟန်မတွေ့ရဘဲ၊ ကလေးဆန်စွာ ပျော်ရွှင်နေသည်နှင့်တူ၏။ သူသည် လက်ကိုဆန့်ကာ ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်ပြီး၊ သူ၏စိုစွတ်နေသော ဆံပင်နီများကို သပ်တင်လိုက်ကာ ‘ဟမ်’ ဟုအသံတစ်ချက်ပြုလိုက်သည်။
“လူလွှတ်ပြီး ဝယ်ခိုင်းဖို့ မေ့သွားတယ်။ မင်းကြည့်လိုက်၊ ဘယ်ဟာလတ်ဆတ်လဲ၊ အဲ့ဒါကိုသာချက်လိုက်၊ အဆိပ်တော့မထည့်နဲ့။”
အမှန်တကယ်တွင်၊ ကျန့်ချီသည် ဟင်းထဲသို့ ကြွက်သတ်ဆေးအချို့ထည့်ရန် အလွန်ပင်စဉ်းစားနေခဲ့သော်လည်း၊ ဤအတွေးသည် သိပ်လက်တွေ့မကျပေ။ ထိုသို့လုပ်ပြီးနောက်တွင် သူသည် ဤတိုက်ခန်းမှ အေးအေးဆေးဆေးထွက်သွားနိုင်မည်မဟုတ်ပေ။
ရေခဲသေတ္တာထဲတွင် ကြက်ဥတစ်ခြမ်း၊ မုန်ညင်းဖြူတစ်ပင်၊ ခရမ်းချဥ်သီးအနည်းငယ်နှင့် မည်မျှကြာအောင် ထားထားသည်မသိသော အေးခဲထားသည့်အသားတို့သာ ရှိနေခဲ့သည်။ ကျန့်ချီသည် မုန်ညင်းဖြူကို စဉ့်နီတုံးပေါ်တွင် တ ‘တောက်တောက်’ မြည်အောင် လှီးဖြတ်နေစဉ်၊ အဓိပ္ပာယ်မဲ့မှုနှင့် မိမိကိုယ်ကိုလှောင်ပြောင်လိုစိတ်တို့ကို ခံစားလိုက်ရသည်။
သူအခု ဘာလုပ်နေတာလဲ။ ရှောက်ဟန့်ရဲ့အဆောင်တွင် သူ့အတွက် ထမင်းချက်ပေးနေတာလား။
ဟင်းသီးဟင်းရွက်များလှီးဖြတ်ရသည်ထက်၊ ကျန့်ချီသည် ယခုအချိန်တွင် ရှောက်ဟန့်၏ ဦးနှောက်ကိုခွဲ၍ အတွင်းထဲတွင် အမှန်တကယ်တွင် ဘာတွေထည့်ထားသည်ကို ကြည့်ချင်စိတ် ပို၍ပြင်းပြနေခဲ့သည်။
“ကြည့်ရတာ မဆိုးပါဘူး။”
ရှောက်ဟန့်သည် မီးခိုးရောင်အိမ်နေဝတ်စုံသို့ လဲလှယ်ဝတ်ဆင်ထားပြီး၊ မည်သည့်အချိန်ကတည်းက ကျန့်ချီ၏ နောက်ကျောသို့ ရောက်နေသည်မသိ။ ဒယ်အိုးထဲမှ အသားစများနှင့် ခရမ်းချဥ်သီးများကို ကြည့်ရင်း အလေးအနက်ထားဟန်ဖြင့် မှတ်ချက်ပေးလိုက်သည်။ ထိုစကားထဲတွင် ငြိုငြင်ဟန်၊ နောက်ပြောင်ဟန်နှင့် အပြုံးတို့ ပါဝင်နေခဲ့သည်။
“မင်း တကယ်ပဲ ထမင်းချက်တတ်တာပဲ၊ ငါက မင်း ခုနက ဖြစ်ကတတ်ဆန်းပြောလိုက်တယ်ထင်နေတာ၊ ခေါက်ဆွဲခြောက်ပြုတ်ကျွေးပြီး ငါ့ကို ခြောက်ထုတ်မယ်လို့ ထင်နေခဲ့တာ။”
ကျန့်ချီသည် တစ်ချက်တန့်သွားပြီး နောင်တရစိတ်တစ်စွန်းတစ်စ ဖြစ်ပေါ်လာခဲ့သည်။
“မင်းဆီမှာ ခေါက်ဆွဲခြောက်ရှိလို့လား။”
ရှောက်ဟန့်သည် မီးဖိုခေါင်းတိုင်အပေါ်မှ ဗီရိုကို လက်ဖြင့်ဖွင့်လိုက်ရာ၊ ကျန့်ချီကို နောက်မှနေ၍ သိုင်းဖက်ထားသကဲ့သို့ ဖြစ်သွားသည်။ ဗီရိုတစ်ဝက်နီးပါးပြည့်နေသော ခေါက်ဆွဲခြောက်ထုပ်များကို ဖွင့်ပြလိုက်ပြီး၊ သူ၏ရင်ဘတ်သည် ရယ်သံတိုးတိုးနှင့်အတူ တုန်ခါသွားသည်။
“ဘာလဲ၊ ငါက ခေါက်ဆွဲခြောက်စားလို့မရဘူးလား။”
အလွန်အမင်းရင်းနှီးနေသော အနေအထားသည် ကျန့်ချီကို ရှောင်တိမ်းချင်စိတ်ဖြစ်ပေါ်စေသော်လည်း၊ သူ၏လက်ထဲမှ ဒယ်အိုးကို ကိုင်ထားသောကြောင့် နေရာမှာပင် တောင့်တင်းစွာ ရပ်နေခဲ့ရသည်။ ရှောက်ဟန့်သည် မသိကျိုးကျွန်ပြုဟန်ဖြင့်၊ သူ၏နောက်ကျောတွင် လက်ပိုက်ရပ်နေပြီး၊ ရံဖန်ရံခါတွင် ဂုဏ်ယူစွာဖြင့် မှတ်ချက်အနည်းငယ်ပေးနေခဲ့သည်။ ကျန့်ချီ၏ မျက်ခုံးများသည် တွန့်ကနဲဖြစ်သွားပြီး၊ အားလုံးကို လျစ်လျူရှုလိုက်သည်။
ဟင်းတစ်ခွက်၊ ဟင်းချိုတစ်ခွက်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ ကျန့်ချီသည် ဤသို့သော စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ရသည့် ထမင်းတစ်နပ်ကို တစ်ခါမျှမချက်ခဲ့ဖူးပေ။
ပုံမှန်အချိန်များတွင် ကျန့်ချိန်ချောင်သည် ညနက်သည်အထိ အလုပ်လုပ်ရသောအခါ၊ သူသည် မိမိဘာသာ ညစာချက်စားလေ့ရှိပြီး၊ ရံဖန်ရံခါ ပိုလျှံသွားလျှင် ကျန့်ချိန်ချောင်အတွက် အနည်းငယ်ချန်ထားပေးတတ်သည်။
သူ၏လက်ရာသည် သိပ်မကောင်းလှသော်လည်း၊ သာမန်အိမ်ချက်ဟင်းအရသာသည် အဆိပ်သင့်၍သေစေမည်မဟုတ်ပေ။ ယခုအချိန်တွင် သူသည် မိမိ၏ချက်ပြုတ်အတတ်ပညာ ညံ့ဖျင်းစေရန် ဆုတောင်းနေမိသည်။
အကောင်းဆုံးမှာ ရှောက်ဟန့် စားပြီးနောက် ရွံရှာသွားသည့်အမူအရာကို ကိုယ်တိုင်မျက်မြင်တွေ့မြင်လိုခြင်းပင်။
သို့သော် ဤမျှော်လင့်ချက်သည် အချည်းနှီးဖြစ်သွားရပေသည်။ ရှောက်ဟန့်သည် အားလုံးကိုစားသုံးပြီးနောက် ကြက်ဥဟင်းချိုကို တစ်ငုံသောက်လိုက်သည်။ သူ၏မျက်လုံးများကို တစ်ဝက်တစ်ပျက်မှေးမှိတ်ထားရာ အတွင်းမှစိတ်ခံစားချက်ကို မဖတ်နိုင်ခဲ့ပေ။ ခဏအကြာတွင်မှ ဖြည်းညင်းစွာ မှတ်ချက်ပေးသည်။
“စားလို့တော့ရသားပဲ။”
ကျန့်ချီသည် ဤသည်မှာ ချီးကျူးခြင်းလား ရှုတ်ချခြင်းလားကို မသဲကွဲခဲ့ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ ကိစ္စမရှိတော့ပေ။ သူသည် သတိပေးလိုက်သည်။
“ဗီဒီယို။”
ရှောက်ဟန့်သည် သူ၏ဖုန်းကိုထုတ်ယူလိုက်ပြီး၊ ကျန့်ချီ၏ ရင်ခွင်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။ သူသည် ခေါင်းပင်မော့ဘဲ လျှို့ဝှက်နံပါတ်တစ်တန်းကို ရွတ်ပြလိုက်သည်။
“ငါ့ဖုန်းနဲ့ မင်းဘာသာမင်းဖျက်လိုက်”
တစ်ခဏမျှ ကျန့်ချီသည် ရှောက်ဟန့်က သူ့ကို အလွန်အမင်းယုံကြည်နေသည်လား ဒါမှမဟုတ် ဖုန်းထဲတွင် အရေးကြီးသောအရာများ အမှန်တကယ်မရှိ၍လားဆိုတာကို မသိနိုင်တော့ပေ။ သူသည် galleryကို တိုက်ရိုက်ဖွင့်လိုက်ရာ၊ ပထမဆုံးအရာမှာ ထိုစောင့်ကြည့်ကင်မရာဗီဒီယိုပင် ဖြစ်၏။ ဖျက်ပစ်ကြောင်းအတည်ပြုပြီးနောက် သူသည် စကားတစ်ခွန်းထပ်မေးလိုက်သည်။
“မင်းမှာ copyရှိသေးလား။”
“မရှိဘူး။”
ရှောက်ဟန့်က ဆိုသည်။
“မင်းက ငါ့ကို ဒီလောက်တောင် မယုံကြည်တာလား။”
ဟုတ်တယ်လေ။
ဤအဖြေကို ကျန့်ချီသည် သူ၏စိတ်ထဲတွင် တိတ်တဆိတ်ရေရွတ်လိုက်သည်။
ဗီဒီယိုတစ်ခုကို ဖျက်ရန်အချိန်သည် တစ်အိုးစာပြုတ်ရန်အချိန်ထက်ပင် ပို၍မြန်ဆန်ခဲ့သည်။ ခုလေးတင်က ‘စားလို့ရသားပဲ’ ဟု မရေမရာဝန်ခံပြောဆိုလိုက်သော ရှောက်ဟန့်သည် ကျန့်ချီထံသို့ အကြည့်တစ်ချက် ပို့လိုက်၏။ ထိုအကြည့်ထဲတွင် တွေဝေတောင့်တင်းသွားသလိုဖြစ်သည့် စိတ်ခံစားချက်တစ်မျိုး ဖြတ်ပြေးသွားသော်လည်း၊ ၎င်းက အခြားမည်သည့်စိတ်ခံစားချက်ဖြစ်သည်ကိုမူ ပြောပြရန်ခက်ခဲလှသည်ပင်။
“ငါ မနက်ကတည်းက ဘာမှမစားရသေးဘူး၊ ဘယ်သူက မင်းကို ဒီလောက်နောက်ကျမှ လာခိုင်းလို့လဲ။”
ဘယ်အချိန်မှာထွက်သွားလို့ရမလဲဟု စဉ်းစားနေခဲ့သော ကျန့်ချီသည် ရှောက်ဟန့်၏ အနည်းငယ်ထူးခြားသော မျက်နှာအရောင်ကို သတိပြုမိသွားပြီး၊ သံသယဖြင့်မေးသည်။
“မင်း ဘာပြောလိုက်တာလဲ။”
ထိုစကားလုံးများတွင် ဆန်းကြယ်သော စွမ်းအင်တစ်မျိုးမျိုး ပါဝင်နေသည့်အလား ရှောက်ဟန်သည် သူ၏ နှုတ်ခမ်းထောင့်များကို တင်းတင်းစေ့လိုက်ပြီး မျက်ဝန်းများမှာလည်း သိသိသာသာ နက်ရှိုင်းသွားကာ တူကို ရပ်တန့်လိုက်သည်။ ပတ်ဝန်းကျင်လေထုမှာလည်း ရှင်းပြ၍မရနိုင်အောင် လေးလံလာပြီး ရှောက်ဟန် ဒေါသထွက်နေပုံရသည်ဟု ကျန်ချီက မထင်မရှား ခံစားလိုက်ရသည်။
ဘာလို့လဲ?
လူတစ်ယောက်က ဒေါသထွက်နေတဲ့အချိန်မှာတောင် ဘာလို့ ဒီလောက် အကျိုးအကြောင်းမဆီလျော်နိုင်ရတာလဲ။
အာ့ရှောက်ဆိုသည်မှာ အမွေးတွေကို ပွတ်သပ်ပေးလျှင် သဘောကျတတ်သည့် ခွေးကြီးတစ်ကောင်နှင့် တူသည်။ သူ ပျော်မြူးနေချိန်တွင် သွားဖြဲပြတတ်သော်လည်း လိမ္မာယဉ်ကျေးနေသည့်အခါတွင်တော့ လူ၏ခြေထောက်များကို လာရောက်ပွတ်သပ်နေတတ်သည်။
“ဘာပဲဖြစ်ဖြစ် ငါသွားတော့မယ်။”
ကျန့်ချီသည် ဤခရီးစဉ်၏ ရည်ရွယ်ချက်ကို ပြီးမြောက်အောင်မြင်ခဲ့ပြီး၊ အသိပေးစကားတစ်ခွန်းကို ချန်ထားရစ်ကာ၊ သူလာခဲ့သောလမ်းအတိုင်း ပြန်လှည့်ထွက်ခွာသွားခဲ့သည်။
ကုလားထိုင်သည် ကြမ်းပြင်ကိုပွတ်တိုက်သွားသော စူးရှသံထွက်ပေါ်လာပြီး၊ ရှောက်ဟန့်၏အသံသည် ခြေသံများနှင့်အတူ နောက်ကျောမှ လေးလံစွာထွက်ပေါ်လာခဲ့သည်။
“လက်ဆောင်ကို ပြန်ယူသွား။”
“ငါပြောပြီးသား …ငါမလိုချင်ဘူးလို့။”
ကျန့်ချီသည် ရှောက်ဟန့်နှင့် စကားပြောရသည်မှာ ဝမ်ချွမ်ကို စကားတစ်လုံးချင်းစီ ပြောပြရသည်ထက်ပင် ပို၍ပင်ပန်းကြောင်း တွေ့ရှိလိုက်ရသည်။သူ့ရဲ့နှလုံးသားထဲမှာ စည်းမျဉ်းတစ်ခုမှမရှိဘူး၊ အရာအားလုံးကို သူကပဲသတ်မှတ်ပြီး၊ သူကလွဲရင် တခြားသူအားလုံးက လိုက်နာရပြီး ငါပြောတာကို မင်းနားမလည်ဘူးလားဆိုသည့် ပုံစံမျိုးပင်။
သူသည် အခြားသူများနှင့် အငြင်းပွားရသည်ကို မုန်းတီး၏။ အဓိကအကြောင်းရင်းမှာ များသောအားဖြင့် တစ်ဖက်လူကို စကားနိုင်အောင် မပြောနိုင်သောကြောင့်ဖြစ်ပြီး၊ အငြင်းပွားခြင်းသည် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်သောကြောင့်လည်း ဖြစ်၏။ သို့သော် လူတချို့မှာမူ အငြင်းပွားခြင်းမှလွဲ၍ အခြားမည်သည့်နည်းလမ်းဖြင့်မျှ ပဋိပက္ခကို ဖြေရှင်း၍မရပေ၊ ဥပမာအားဖြင့် ရှောက်ဟန့်လိုလူမျိုးပင်။
ကျန့်ချီသည် စိတ်တည်ငြိမ်စွာဖြင့် ငြိမ်းချမ်းစွာထွက်ခွာသွားရန် ကြိုးစားတိုင်း၊ ရှောက်ဟန့်သည် စကားတစ်ခွန်းနှစ်ခွန်းဖြင့် သူ၏စိတ်တိုမှုကို အမြဲတစေ ဆွပေးနိုင်ခဲ့သည်။
“မင်း စဉ်းစားပြီးပြီလား။”
ရှောက်ဟန့်သည် လက်ဆောင်ဘူးထဲမှ ဖန်အဖုံးကို ထုတ်ယူလိုက်ရာ၊ ဖြူဖွေးသောလေယာဉ်ကိုယ်ထည်ပေါ်တွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။ သူသည် ကစားစရာကဲ့သို့ စက္ကန့်အနည်းငယ်မျှ လှုပ်ယမ်းကြည့်ပြီးနောက်၊ ခေါင်းမော့ကာ ကျန့်ချီကို ကြည့်လိုက်သည်။ သူ၏သာယာသောအသံတွင် နားမလည်နိုင်သော မြူတစ်စ ပါဝင်နေခဲ့သည်။
“မင်း တကယ်ပဲ မလိုချင်တာ သေချာလား။”
ကျန့်ချီသည် မကောင်းသောနိမိတ်တစ်ခုကို မထင်မရှားခံစားလိုက်ရပြီး၊ ဘာဖြစ်သည်ကို စဉ်းစားရန်အချိန်မရခင်မှာပင်၊ သူ၏ပါးစပ်သည် ဦးနှောက်ထက်ပို၍ မြန်ဆန်သွားသည်။
“ငါ မလိုချင်ဘူး။”
“ကောင်းပြီ။”
ရှောက်ဟန့်သည် နှုတ်ခမ်းကိုကွေး၍ ပြုံးလိုက်ပြီး၊ သူ၏မေးရိုးကြွက်သားများ ဖြည်းညင်းစွာ လှုပ်ရှားလာခဲ့သည်။ ကျန့်ချီ တားဆီးရန် အချိန်မမီခင်မှာပင်၊ ဖန်အဖုံးနှင့် အတွင်းမှပုံစံငယ်သည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး၊ အခန်းထဲတွင် ပျံ့လွင့်သွားသော ဖန်ကွဲစများနှင့်အတူ၊ တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ကျန့်ချီသည် တစ်ချက် မှင်သက်သွားပြီး၊ မေ့သွားခဲ့သည်။ ကြမ်းပြင်ပေါ်မှ မရေမတွက်နိုင်သော ဖန်ကွဲစများနှင့် အပိုင်းပိုင်းကျိုးပဲ့သွားသော ပုံစံငယ်ကို ကြည့်နေခဲ့သည်။ အချိန်အတော်ကြာမှ သူ၏အကြည့်သည် မျက်စိရှေ့မှ ရှောက်ဟန့်ထံသို့ ရွှေ့သွားခဲ့သည်။
နောင်တရခြင်းမရှိ၊ စိတ်လိုက်မာန်ပါလုပ်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမရှိဘဲ၊ အမှိုက်တစ်ခုကို အမှိုက်ပုံးထဲသို့ ပေါ့ပေါ့ဆဆပစ်ထည့်လိုက်သကဲ့သို့၊ လုပ်သင့်လုပ်ထိုက်သော တာဝန်တစ်ခုကို ပြီးမြောက်အောင်မြင်လိုက်သကဲ့သို့ပင်။
‘မင်း’ ဟူသော စကားတစ်လုံးသည် လည်ချောင်းထဲတွင် တစ်ဆို့နေခဲ့ပြီး၊ ကျန့်ချီသည် အသက်ပြင်းပြင်းရှူကာ သူ၏ခုန်ပေါက်နေသော နှလုံးခုန်နှုန်းကို ဖိနှိပ်ထားလိုက်သည်။ နောက်မှသတိပြုမိသောအခါ ဘေးဘီဝဲယာဘက်တွင် ဖန်ကွဲစများပြည့်နေပြီး၊ နောက်ဆုတ်ရန် ခြေချစရာနေရာပင်မရှိတော့ပေ။
“မင်း မလိုချင်မှတော့၊ သူက ဒီမှာရှိနေဖို့ တန်ဖိုးမရှိတော့ဘူး။”
ရှောက်ဟန့်သည် ထိုဖန်ကွဲစတစ်စကို နင်းချေလိုက်ပြီး၊ သူ၏ခြေလှမ်းများသည် တည်ငြိမ်ဖြည်းညင်းနေခဲ့သည်။ သူ၏မျက်လုံးအိမ်ထဲမှ အပြုံးသည် ကျန့်ချီ၏ရင်ထဲတွင် အေးစက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
”ကဲ ဘယ်လိုလဲ။ ဒီရလဒ်က ငါတို့နှစ်ယောက်လုံး လိုချင်တဲ့အတိုင်းပဲ မဟုတ်ဘူးလား။”
ဤသို့ပြောဆိုပုံသည် အလွန်ပင် ကြမ်းတမ်းလွန်းလှရာ ကျန့်ချီသည် ပြုံးပင် မပြုံးနိုင်တော့ပေ။ သူသည် ရှောက်ဟန့်၏ ရက်စက်မှုကို အထင်သေးလွန်းခဲ့သည်ပင်။ သူသည် စကားလုံးများကို ဖြည်းညင်းစွာဆိုလိုက်သည်။
”ငါမလိုချင်ဘူးလို့ပြောတာက ဖျက်ဆီးပစ်ရမယ်လို့ ပြောတာမဟုတ်ဘူး။ မင်း ဒီအတိုင်းပြန်ယူသွားလို့ရတာပဲကို။ ဘာလို့ ဒီလိုလုပ်ရတာလဲ။”
Chapter 55 ended