Chapter 6
—-
ကော်အမေက ဒေါသတကြီး အော်ပြောလိုက်သည်။
“ဘယ်သူက နင့်ကို အဲ့ဒီအကြောင်း ပြောနေလို့လဲ… ရှောင်ကျိုးအိမ်မှာ သွားပုန်းနေရုံနဲ့ ကိစ္စပြတ်သွားပြီလို့ မထင်နဲ့… ငါက ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး နင့်အတွက် အိမ်တိုင်ရာရောက် ကျူရှင်ဆရာ ငှားပေးထားတာကို… နင်က တစ်ရက်တည်း သင်ပြီးတာနဲ့ အချောင်ခိုဖို့ လုပ်နေတာလား… ငါနဲ့ နင့်အဖေက ပိုက်ဆံရှာရတာ ပင်ပန်းတယ်လို့ တစ်ခွန်းမှ မညည်းခဲ့ဘူး… နင့်ကို စာလေး နည်းနည်း ပိုလုပ်ခိုင်းတာက ဘာလို့များ ဒီလောက်တောင် ခက်ခဲနေရတာလဲ… ခုနက ရှောင်ကျိုးရှေ့မှာမို့လို့ ငါ နင့်ကို မျက်နှာသာ ပေးထားခဲ့တာ… ဒီနေ့တော့ နင် ငါ့ကို သေချာပေါက် အဖြေပေးမှ ရမယ်… နင် တော်တော် အတင့်ရဲနေပြီပေါ့…!”
ကော်ကျင်းယွီက ခပ်ရေးရေးလောက်တော့ မှတ်မိနေသေး၏။
အဲ့ဒီနှစ်တွေတုန်းက သူ အထက်တန်း ကျောင်းစာညံ့လွန်းလို့ တက္ကသိုလ်ကျောင်းသား ကျူရှင်ဆရာတစ်ယောက် တကယ်ပဲ ငှားခဲ့ဖူးသည်။
သို့ပေမဲ့ အဲ့ဒီလူ သင်ပြတာကလည်း သာမန်လောက်သာ ဖြစ်ပြီး လအနည်းငယ်လောက် သင်ပြီးသွားသည့်တိုင်အောင် အမှတ်တွေက အောက်ဆုံးမှာပဲ ဖင်ကပ်နေတုန်းပင်။
နောက်ပိုင်း လီထုန်ကျိုးက သူ့ကို စာသင်ပေးမှသာ အမှတ်တွေက တက်လာခဲ့ခြင်း ဖြစ်၏။
ဒါပေမဲ့လည်း အဲ့ဒီအချိန်တုန်းက သူက လီထုန်ကျိုးနဲ့ ရည်းစား စဖြစ်ကာစမို့လို့ အတူတူပဲဖြစ်နေသည့် ပုံသေနည်းတွေက လီထုန်ကျိုး ပါးစပ်ကနေ ထွက်လာမှသာ ပိုပြီး နားထောင်လို့ကောင်းနေခဲ့တာ ဖြစ်သည်။
အများစုက ဟော်မုန်းတွေရဲ့ သက်ရောက်မှုကြောင့် ဖြစ်ပြီး ဟိုကျူရှင်ဆရာလေးကို အပြစ်တင်လို့တော့ မရပေ။
ကော်အမေက ဒေါသတကြီး စိုက်ကြည့်လာရာ ကော်ကျင်းယွီက ကမန်းကတန်း ကျောင်းလွယ်အိတ်ကို မြှောက်ကာ ပြောလိုက်၏။
“အမေ… သား ရှင်းပြတာကို နားထောင်ပါဦး… သား ထင်တာကလေ အဲ့ဒီကျူရှင်ဆရာ ငှားတာက အလကားပဲ…”
“ပေါက်ကရတွေ… ဘေးအိမ်က အဘွားဖန်ရဲ့ မြေးလေးတောင် ဉာဏ်မမီရင် သူများထက် ပိုကြိုးစားရမယ် ဆိုတာကို သိနေသေးတယ်…!”
“မဟုတ်ပါဘူး… သားက စာပိုလုပ်တာ မကောင်းဘူးလို့ ပြောနေတာ မဟုတ်ဘူး… လူစားလဲမလို့ပါ… လီထုန်ကျိုးဆိုရင် ဘယ်လိုလဲ အမေ… သူက ကျွန်တော်တို့ တစ်တန်းလုံးမှာ ပထမလေ… ပြည်နယ်အဆင့် သင်္ချာအိုလံပစ် ပြိုင်ပွဲမှာတောင် ဆုရထားတာ… ကွက်တိပဲ သူက သားရဲ့ အရှေ့ခုံမှာ ထိုင်တာဆိုတော့… သူ့ကို သားအတွက် စာသင်ပေးခိုင်းရင်ရော ဘယ်လိုလဲ…”
ကော်အမေက ကြက်မွှေးတံမြက်စည်းကို ကိုင်ထားသည်ဆိုသည်မှာလည်း အခြောက်တိုက် ခြိမ်းခြောက်ရုံ သက်သက်သာ ဖြစ်၏။
ကော်ကျင်းယွီက ဆိုးတော့ ဆိုးသော်လည်း ထိုပါးစပ်လေးဖြင့် နှစ်ခွန်းသုံးခွန်းလောက် ချွဲလိုက်သည်နှင့် သူမစိတ်က ပျော့သွားရစမြဲ ဖြစ်သည်။
ထို့ကြောင့် တွန့်ဆုတ်တွန့်ဆုတ်နှင့် မေးလိုက်၏။
“ရှောင်ကျိုးကရော သဘောတူပါ့မလား… သူကိုယ်တိုင်လည်း စာလုပ်ရတာနဲ့ အလုပ်များနေမှာကို…”
ကော်ကျင်းယွီက ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်သည်။
“သဘောတူပါတယ်…!”
“သူကိုယ်တိုင် ပြောတာလား…”
“သေချာတာပေါ့…! သူက မနက်ဖြန် မနက်စောစော လာခဲ့လို့တောင် ပြောလိုက်သေးတယ်…”
သူ့အတွက် ဖက်ထုပ် သွားပြုတ်ပေးဖို့ ဆိုသည်ကိုတော့ ချန်ထားခဲ့လိုက်၏။
ကော်အမေက သားဖြစ်သူ၏ ပညာရေးအတွက် အားကိုးစရာ ရသွားပြီဟု ကြားလိုက်ရသည့်အခါ မျက်နှာပေါ်တွင် အပြုံးရိပ်လေးတွေ ယှက်သန်းသွားတော့၏။
ကြက်မွှေးတံမြက်စည်းကို ချထားလိုက်ပြီး သူ့ကျောင်းလွယ်အိတ်ကို ကူယူပေးရင်း ပြောလိုက်သည်။
“မနက်ဖြန်ကျရင် လက်ဗလာနဲ့ မသွားနဲ့ဦး… သူ့အတွက် ပစ္စည်း တစ်ခုခု ယူသွား… သူတို့အိမ်မှာ လိုတာ မလိုတာက သီးသန့်ကိစ္စလေ… အမေတို့ဘက်က စေတနာတော့ ပြရမှာပေါ့… ကဲပါ… မင်းတို့နှစ်ယောက် ညဘက်က ဖြစ်သလိုပဲ စားခဲ့ကြမှာ သေချာတယ်… နင့်အဖေ ခေါက်ဆွဲပြုတ်ထားတယ်… သွားစားလိုက်ဦး…”
ကော်အမေက ကျောင်းလွယ်အိတ်ကို ကိုင်ကာ ဧည့်ခန်းထဲသို့ သွားပြီး အိမ်စာများကို သေသေချာချာ စစ်ဆေးနေတော့၏။
သူမက သားဖြစ်သူ၏ အမှတ်များနှင့် ပတ်သက်ပြီး တကယ်ကို စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။
ကော်ကျင်းယွီ၏ အဖေက မီးဖိုချောင်ထဲမှနေ၍ အခြေအနေကို အမြဲတမ်း အကဲခတ်နေခဲ့ခြင်း ဖြစ်၏။
သားအမိနှစ်ယောက် ပြေလည်သွားကြပြီဟု ကြားလိုက်ရမှသာ ခေါက်ဆွဲကို ကိုင်ကာ ထွက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
“ကျင်းယွီ… ဗိုက်ဆာနေပြီ မဟုတ်လား… သွား လက်မြန်မြန်ဆေးပြီး ခေါက်ဆွဲလာစား… ဒီနေ့ည အဖေ ရုံးဆင်းတော့ ဈေးထဲ ဖြတ်လာတုန်း ဝက်နံရိုးတွေ အတော်လေး လတ်ဆတ်နေတာ တွေ့လို့ ဝယ်လာတာ… အခုမှ ပြုတ်ပြီးကာစမို့လို့ အရသာ အရမ်းရှိတာ…”
ကော်ကျင်းယွီတို့အရွယ်က ဘယ်လောက်စားစား စားလို့ မဝနိုင်သည့် အရွယ်ဖြစ်ရာ ညဘက်က စားထားသည့် အကင်တွေကလည်း အကုန်နီးပါး ချေဖျက်ပြီးသွားလောက်ပြီ ဖြစ်၏။
ဝက်နံရိုးခေါက်ဆွဲ၏ မွှေးပျံ့သော အနံ့ကို ရလိုက်သည်နှင့် သွားရည်များ ကျလာတော့သည်။
သူ့အဖေ၏ ဟင်းချက်လက်ရာက ပြောစရာတောင် မလိုအောင် ကောင်းမွန်လှရာ သူက လက်ဆေးပြီးနောက် ထိုင်ကာ ခေါက်ဆွဲကို အားပါးတရ စားတော့၏။
ကော်အဖေက သူ့ရှေ့တွင် ထိုင်ကာ တိုးတိုးလေး စကားပြောနေသည်။
သူတို့အိမ်က အခြားအိမ်များနှင့် မတူပေ။
မိန်းမဖြစ်သူက အပြင်ထွက် အလုပ်လုပ်ပြီး ယောက်ျားဖြစ်သူက အိမ်မှုကိစ္စများကို ဦးစီး၏။
သူ့အဖေက တစ်သက်လုံး သာမန် ဝန်ထမ်းလေး တစ်ယောက်အဖြစ်သာ နေထိုင်ခဲ့ပြီး လူ့အဖွဲ့အစည်းနှင့် မိသားစုကို တည်တည်ငြိမ်ငြိမ်ဖြင့် အလုပ်အကျွေး ပြုခဲ့သူ ဖြစ်သည်။
ဒေါသလည်း အလွန်နည်းပြီး သဘောကောင်းလွန်းသည့် လူကြီးတစ်ယောက် ဖြစ်၏။
“သားလည်း ဒီလောက် ကြီးနေပြီပဲ… အမေ့ကို စိတ်ပူအောင် မလုပ်ပါနဲ့တော့… သူ အပြင်မှာ အလုပ်လုပ်ရတာလည်း ပင်ပန်းနေပြီ… ဝက်နံရိုး ထပ်ယူဦးမလား…”
ကော်ကျင်းယွီက ပန်းကန်ကို တွန်းပို့ပေးလိုက်ရာ ကော်အဖေက ဝမ်းသာအားရဖြင့် ဝက်နံရိုး အနည်းငယ်ကို သွားခပ်ထည့်ပေးလိုက်၏။
“စားလို့ကောင်းတယ် မဟုတ်လား… ဒီနေ့ ဝက်နံရိုးပြုတ်ထဲကို သစ်ကြံပိုးခေါက်နဲ့ တရုတ်နံနံပင် နည်းနည်း ထည့်ပြုတ်ထားတာ… သားအမေတောင် စားလို့ကောင်းတယ်လို့ ချီးကျူးသွားသေးတယ်…”
ကော်ကျင်းယွီက ပြန်ပြောလိုက်သည်။
“တကယ် မဆိုးဘူးပဲ… အဖေ… ဘာလို့ အခုထိ အေပရွန်ကို ဝတ်ထားတာလဲ…”
ကော်အဖေက အပြာရောင် ပန်းပွင့်သေးသေးလေးတွေ ပါသည့် အေပရွန့ကို ဝတ်ဆင်ထားလျက် ပြန်ဖြေ၏။
“သား စားပြီးရင် ပန်းကန်ဆေးဖို့ စောင့်နေတာလေ…”
ကော်ကျင်းယွီက ရယ်လိုက်ပြီး ခေါင်းငုံ့ကာ ခပ်မြန်မြန် နှစ်လုတ်သုံးလုတ်လောက် စားလိုက်သည်။
နောက်ဆုံးတွင် ဟင်းရည်ကိုပါ အကုန်သောက်လိုက်ပြီး ပန်းကန်ကို သူ့ဆီ တွန်းပို့ပေးလိုက်၏။
ကော်အဖေက ဝမ်းသာအားရဖြင့် ပန်းကန်သွားဆေးတော့သည်။ သီချင်းလေး တညီးညီးနှင့်ပေါ့။
မိသားစုဝင်တွေ အစားအများကြီး စားခြင်းက သူ့ဟင်းချက်လက်ရာကို ချီးကျူးလိုက်ခြင်းပင် ဖြစ်ရာ ရင်ထဲတွင် ကြည်နူးနေတော့၏။
ကော်ကျင်းယွီက ဧည့်ခန်းဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ့အမေက အိမ်စာတွေကို သေချာ စစ်ဆေးနေတုန်းပင်။
ဒါကိုတော့ သူ နည်းနည်းလေးမှ စိတ်မပူပေ။
အဟမ်း… သူက နောက်ဆုံးမှာ လီထုန်ကျိုးဆီကနေ အိမ်စာတွေကို ကူးချခဲ့တာဆိုတော့ လုံးဝ ပြဿနာ မရှိနိုင်ဘူးလေ။
သူက ဧည့်ခန်းဘက်ကို မသွားတော့ဘဲ မီးဖိုချောင် တံခါးဝတွင် ရပ်ကာ မေးလိုက်၏။
“အဖေ… ပြုတ်ထားတဲ့ ဝက်နံရိုးတွေ ကျန်သေးလား…”
“ကျန်တာပေါ့… ကျန်တာပေါ့…”
“အဲ့ဒါဆို မနက်ဖြန် မနက်ကျရင် သားကို ဘူးတစ်ဘူးလောက် ထည့်ပေးထား… လီထုန်ကျိုးကို သွားကျွေးမလို့…”
“အေး အေး…!”
—-
ကော်ကျင်းယွီက ညဘက် ကိုယ့်အခန်းထဲတွင် လှဲနေသော်လည်း ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။
သူ အိပ်ဖို့ သိပ်မရဲဖြစ်နေ၏။
ဒါက အိပ်မက်တစ်ခုများ ဖြစ်နေမလားဆိုပြီး ကြောက်နေမိသည်။ မျက်စိတစ်မှိတ်အတွင်းမှာတင် နိုးလာခဲ့မှာကို ကြောက်နေမိ၏။
နိုးလာသည့်အခါ သူ တစ်ယောက်တည်းသာ ဖြစ်နေပြီး လီထုန်ကျိုး ရှိမနေမှာကို အကြောက်ဆုံးပင်။
ကော်မိသားစုက (၆) လွှာတွင် နေထိုင်ကြပြီး အပြင်ဘက်က ကားလမ်းမကြီး ဖြစ်၏။
အသံလုံစနစ်က သိပ်မကောင်းလှသဖြင့် အပြင်ဘက် လမ်းမပေါ်မှ ကားများ ဖြတ်မောင်းသွားသည့် အသံများနှင့် တစ်ချက်တစ်ချက် ဖြတ်ပြေးသွားတတ်သည့် ကားမီးရောင်များကိုပါ မြင်တွေ့နိုင်လေသည်။
ကော်ကျင်းယွီက ထိုမှိန်ဖျော့ဖျော့ အလင်းရောင်လေးကို အားပြုကာ မျက်လုံးဖွင့်လျက် မျက်နှာကြက်ကို မိုးလင်းလုနီးပါးအထိ စိုက်ကြည့်နေခဲ့ပြီးနောက် အိပ်ချင်စိတ်ကို မတောင့်ခံနိုင်တော့မှသာ ခဏလောက် မှေးကနဲ ဖြစ်သွားတော့၏။
ထိုသို့ဖြစ်နေသည့်တိုင်အောင် နှိုးစက် မြည်မလာခင်မှာပင် စောပြီး နိုးလာခဲ့သည်။
ကော်ကျင်းယွီက ထလာပြီး မျက်နှာသစ်လိုက်၏။
ကျောင်းဝတ်စုံကို သေသေချာချာ ဝတ်ဆင်ကာ ကျောင်းလွယ်အိတ်ကို လွယ်ပြီး အိမ်အပြင်သို့ ထွက်လာခဲ့သည်။
ကော်အမေက သူ့ကို အော်ခေါ်လိုက်၏။
“ကျင်းယွီ… ဖြည်းဖြည်း သွားလေ… ရှောင်ကျိုး အိမ်အတွက် လက်ဆောင်ဘူး ယူသွားဦး…!”
ကော်ကျင်းယွီက လက်ရမ်းပြလိုက်ပြီး “မလိုတော့ဘူး” ဟု အော်ပြောကာ သူ့အမေ၏ အနောက်မှ လှမ်းခေါ်နေသည့် အသံများကို ဂရုမစိုက်တော့ဘဲ အောက်ထပ်သို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးဆင်းသွားတော့သည်။
သူက ဘတ်စ်ကားမှတ်တိုင်ကို ရှာတွေ့သွားပြီး ကျောင်းလွယ်အိတ်ကို လွယ်လျက် မှီကာ ခဏလောက် စောင့်နေလိုက်၏။
ဆယ်ကျော်သက် ကောင်လေး၏ အရပ်ရှည်ရှည် ခြေတံရှည်ရှည်နှင့် မတ်တပ်ရပ်နေပုံက အလွန်ကို လူအများ၏ အာရုံစိုက်ခြင်းကို ခံရစေသည်။
သို့သော်လည်း မနက်ခင်းတွင် ဘတ်စ်ကားက အလွန် ရှားပါးလှရာ သူ ထိုနေရာတွင် မိနစ်အနည်းငယ်လောက် စောင့်ပြီးသည်နှင့် စိတ်မရှည်နိုင်တော့ဘဲ လီထုန်ကျိုးတို့ ရပ်ကွက်ရှိရာဘက်သို့ လမ်းလျှောက်သွားတော့၏။
အစပိုင်းတွင်တော့ ခပ်ရွရွလေးသာ ပြေးသော်လည်း နောက်ပိုင်းတွင်တော့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးလွှားတော့သည်။
ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေး၏ ပြေးနှုန်းက အလွန် မြန်ဆန်လှပြီး ပခုံးပေါ်တွင် လွယ်ထားသည့် ကျောင်းလွယ်အိတ်က ကျောပြင်နှင့် ရိုက်ခတ်ကာ စည်းချက်ကျကျ မြည်ဟည်းနေ၏။
သူ့နှလုံးသားကလည်း ခြေလှမ်းများနှင့်အတူ လေထဲတွင် လွင့်မျောနေသကဲ့သို့ပင်။
လီထုန်ကျိုး၏ အိမ်တံခါးဝသို့ ရောက်ကာ တံခါးခေါက်ပြီး တစ်ဖက်လူကို မြင်လိုက်ရမှသာ ဂဏာမငြိမ်ဖြစ်နေသည့် နှလုံးသားလေးက မူလနေရာသို့ ပြန်ရောက်သွားပြီး လုံးဝကို စိတ်အေးသွားရတော့သည်။
သူ လာတာ စောလွန်းနေသဖြင့် လီထုန်ကျိုးက အိပ်ရေးမဝသေးဘဲ မျက်လုံးမဖွင့်တဖွင့်ဖြင့် သူ့နာမည်ကို ခေါ်လာ၏။
ကော်ကျင်းယွီက ရုတ်တရက် ရှေ့တိုးကာ သူ့ကို တစ်ချက် ဖက်လိုက်ပြီး သူ့နဖူးကို တစ်ဖက်လူ၏ ပခုံးပေါ်တွင် မှီတင်ထားလိုက်သည်။
လီထုန်ကျိုးက အနည်းငယ် အံ့သြသွားပြီး တိုးတိုးလေး မေးလာ၏။
“ကျင်းယွီ… ဘာဖြစ်လို့လဲ…”
ကော်ကျင်းယွီက ဗလုံးဗထွေးဖြင့် ပြန်ဖြေလိုက်သည်။
“ငါ ပြေးလာတာ… ကားမရှိလို့လေ…”
chapter 6 ended