Chapter 7
—–
လီထုန်ကျိုးက ဧည့်ခန်းထဲရှိ နံရံကပ်နာရီကို မော့ကြည့်လိုက်ပြီး အသံက ပုံမှန်အတိုင်း ကြည်လင်နေ၏။
“၆ နာရီ ၂၀ မှာ ကားနှစ်စီး ရှိတယ်… မင်းအိမ် မျက်စောင်းထိုးဘက်မှာဆိုရင် ၂၅ လိုင်းကားကို ပြောင်းစီးလို့ရတယ်… ဒါပေမဲ့ ငါးမောင်းတော့ ပိုပေးရမယ်… တစ်ယွမ်ခွဲ ကျမှာ…”
ကော်ကျင်းယွီက ရယ်လိုက်ပြီး ခွေးပေါက်လေးတစ်ကောင်လို နဖူးပေါ်က ချွေးတွေအကုန်လုံးကို တစ်ဖက်လူ၏ ပခုံးပေါ်တွင် ပွတ်ဆွဲပစ်လိုက်၏။
“အေးပါ အေးပါ… မင်း မှတ်ဉာဏ်ကောင်းမှန်း သိပါတယ်ကွာ… တစ်မြို့လုံးက ဘတ်စ်ကားလိုင်းတွေရော အချိန်တွေရော အကုန် အလွတ်ရနေတာပဲကို…”
သူက အဲ့ဒီလို အနိုင်ကျင့်ပြီး ခေါင်းပြန်မော့ဖို့ လုပ်လိုက်ချိန်မှာပင် လီထုန်ကျိုးဆီမှ နောက်ကျနေသော ပွေ့ဖက်မှုတစ်ခုကို ရရှိလိုက်လေသည်။
လီထုန်ကျိုး၏ အသံက အတက်အကျ မရှိဘဲ တည်ငြိမ်စွာ ထွက်ပေါ်လာ၏။
“ငါ မင်းအိမ်နားကနေ စပြီး အလွတ်ကျက်ခဲ့တာ…”
လီထုန်ကျိုးက ကျက်ခဲ့သည်ဟု ဆိုလျှင် တကယ်ကို သေချာပေါက် ကျက်မှတ်ထားပြီး ခေါင်းထဲမှာ အသေအချာ မှတ်ထားခဲ့ခြင်းသာ ဖြစ်၏။
ကော်ကျင်းယွီ၏ နှလုံးသားက နောက်တစ်ကြိမ် ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာပြန်သည်။
သူ အရင်တုန်းက ဘယ်လိုလုပ်ပြီး သတိမထားမိခဲ့တာလဲ။
လီထုန်ကျိုးက တိတ်တိတ်လေးနဲ့ အများကြီး လုပ်ပေးထားခဲ့တာပဲ။
ဒီလူ့အနားမှာ ဖွက်ထားတဲ့ သကြားလုံးတွေ အများကြီး ရှိနေသလိုမျိုး သူ နည်းနည်းချင်းစီ သတိထားမိလာမှသာ အရသာက ဘယ်လောက်တောင် ချိုမြိန်သလဲဆိုတာကို သိလာရတော့၏။
ထိုပွေ့ဖက်မှုက အလွန် တိုတောင်းလှပြီး ယဉ်ကျေးမှုအရ တုံ့ပြန်လိုက်ခြင်းမျိုးနှင့် ပိုတူကာ ချက်ချင်းပင် ပြန်လွှတ်ပေးလိုက်လေသည်။
ကော်ကျင်းယွီက ရင်ထဲတွင် အပြည့်အဝ ကျေနပ်သွားပြီး ကျောင်းလွယ်အိတ်ကို ဆိုဖာပေါ် ပစ်ချကာ လက်မောင်းပင့်လျက် ဖက်ထုပ် သွားပြုတ်ပေးတော့၏။
လီထုန်ကျိုးက အဝတ်အစားလဲပြီးနောက် ပန်းကန်နှင့် တူကို ကိုင်ကာ ထမင်းစားပွဲရှေ့တွင် ထိုင်စောင့်နေလေသည်။
ဖက်ထုပ်ပြုတ်က အတော်လေး အောင်မြင်သွား၏။
ကော်ကျင်းယွီက အရသာပိုရှိစေရန် ရေညှိနှင့် ပုစွန်ခြောက်လေးများ နည်းနည်း ထည့်ထားလေသည်။
ဖက်ထုပ်က အခွံပါးပြီး အဆာများကာ တစ်ကိုက် ကိုက်လိုက်သည်နှင့် အရည်တွေက ပန်းထွက်လာတော့၏။
ဇွန်းဖြင့် ခပ်စားပြီးနောက် ဟင်းရည်တစ်ငုံလောက် သောက်လိုက်ပါက ဘယ်လောက်တောင် အရသာရှိသလဲဆိုတာ ပြောစရာပင် မလိုတော့ပေ။
လီထုန်ကျိုးက နှစ်ပန်းကန်တောင် စားလိုက်ပြီး ပုံမှန်ဆို သိပ်မစားတတ်သည့် ပုစွန်ခြောက်လေးများကိုပါ ဝါးစားသွားခဲ့လေသည်။
ကော်ကျင်းယွီက မြင်သည့်အခါ ပြောလိုက်၏။
“နောက်တစ်ခါကျရင် ကမာခြောက်လေးတွေ ဝယ်ထားရမယ်… ပုစွန်ခြောက် မထည့်တော့ဘူး…”
လီထုန်ကျိုးက ခေါင်းခါပြလိုက်သည်။
“မလိုပါဘူး… စားလို့ ကောင်းပါတယ်…”
ကော်ကျင်းယွီက သူ ပန်းကန်ထဲတွင် ပြောင်စင်နေအောင် စားထားသည်ကို မြင်လိုက်ရသဖြင့် သူ လိမ်ပြောနေခြင်း မဟုတ်မှန်း သိလိုက်ပြီး ဒီအစားအစာလေးကို ရင်ထဲမှာ တိတ်တဆိတ် မှတ်သားထားလိုက်၏။
လီထုန်ကျိုးက စားရတာ ကြိုက်တယ်ဆိုရင် နောက်ကျရင် သူ အများကြီး လုပ်ပေးမည်ပင်။
ပုစွန်ခြောက်က ကယ်လ်ဆီယမ် ဓာတ်ကို ဖြည့်တင်းပေးပြီး သူတို့က အရပ်ထွက်မည့် အရွယ်တွေမို့လို့ များများစားပေးတာ အမှားမရှိနိုင်ပေ။
သူတို့ နှစ်ယောက် အိမ်မှ အတူတူ ထွက်လာခဲ့ကြပြီး မနေ့က ဘတ်စ်ကားလိုင်းကိုပဲ စီးကာ ကျောင်းသို့ သွားကြလေသည်။
လီထုန်ကျိုးက အကျင့်ပါနေသည့်အတိုင်း သူတို့နှစ်ယောက်လုံး၏ ကျောင်းလွယ်အိတ်ကို လွယ်ထားပြီး လက်ကိုင်ကွင်းကို ဆွဲထားကာ ကော်ကျင်းယွီကို သူ့အရှေ့တွင် ကာကွယ်ပေးထားဆဲ ဖြစ်၏။
လီထုန်ကျိုး: “ကျင်းယွီ… မင်း လွယ်အိတ်ထဲမှာ ဘာတွေ ထည့်လာတာလဲ… နည်းနည်း လေးနေတယ်…”
ကော်ကျင်းယွီက တစ်ချက် စမ်းကြည့်လိုက်ပြီးမှ သတိရသွားလေသည်။
“ဒုက္ခပဲ… ငါ့အဖေ ထည့်ပေးလိုက်တဲ့ ဝက်နံရိုးတွေ… မနက်က မင်းကို ကျွေးဖို့ ထုတ်ဖို့ မေ့သွားတယ်…”
လီထုန်ကျိုးက ချက်ချင်းပင် ပြောလာ၏။
“ငါ ဝက်နံရိုး စားရတာ မကြိုက်ဘူး…”
ထို့နောက် ထပ်ဖြည့်ပြောလိုက်သည်။
“ငါက ဖက်ထုပ်လေးတွေကိုပဲ စားရတာ ကြိုက်တာ… အဲ့ဒါ ရှိရင် ရပြီ…”
ကော်ကျင်းယွီက သဘောကျသွားပြီး သူ့ကို စလိုက်၏။
“တကယ် မကြိုက်ဘူးလား… အစကတော့ ညဘက် မင်းအိမ်မှာ အိမ်စာလာလုပ်ရင် ဝက်နံရိုးခေါက်ဆွဲ လုပ်ကျွေးမလို့ တွေးထားတာ…”
လီထုန်ကျိုးက ဖြည်းဖြည်းမှန်မှန် ပြန်ပြောလာသည်။
“ညဘက်ကျရင်တော့ နည်းနည်း စားလို့ရတယ်လေ…”
ကော်ကျင်းယွီက အူတက်မတတ် ရယ်မောလိုက်ပြီး သူ့လက်မောင်းကို ပုတ်ကာ ပြောလိုက်၏။
“မင်းကို စနေတာပါကွာ… အကုန်လုံး မင်းအတွက် ချန်ထားပေးမှာပါ…”
ကျောင်းရောက်သည့်အခါ လီထုန်ကျိုးက ကိုယ်ပိုင်စာကျက်ချိန် စည်းကမ်းများကို ထိန်းသိမ်းနေပြီး ကော်ကျင်းယွီကတော့ ပေါ်တင်ကြီး အတန်းလစ်သွားတော့၏။
ပြန်လာသည့်အခါတွင် အင်္ကျီအိတ်ကပ် နှစ်ဖက်လုံးက ဖောင်းကားနေပြီး နောက်ပေါက်ကနေ တိတ်တဆိတ် ဝင်လာလေသည်။
ဟယ်ရှန်ယန်က ချက်ချင်းပင် စာအုပ်ဖြင့် မျက်နှာကို ကွယ်ကာ တိုးတိုးလေး မေးလိုက်၏။
“ယွီကော… မင်း ကျောင်းမုန့်ဈေးတန်းဆီ သွားတာလား… စားစရာ ဘာရှိလဲ… ငါ မနက်က အိပ်ရာထနောက်ကျလို့ ထမင်းတောင် မစားခဲ့ရဘူး…”
ကော်ကျင်းယွီက သူ့ကို ဘီစကွတ်တစ်ထုပ် ပေးလိုက်လေသည်။
ဟယ်ရှန်ယန်က ယူကာ ဂျွတ်ဂျွတ်မြည်အောင် ဝါးစားလိုက်၏။
သူက ကော်ကျင်းယွီ ဆွဲဆောင်မှုရှိသည့် အရောင်အသွေးများဖြင့် ထုပ်ပိုးထားသော နွားနို့ နှစ်ဘူးကို အံဆွဲထဲ ထည့်လိုက်သည်ကို မြင်သည့်အခါ တစ်ခုခုကို နားလည်သွားသလိုမျိုး မျက်စိမှိတ်ပြကာ ပြောလာသည်။
“အိုး… ငါ သိပြီ… မင်းက ဖန်ကျားလီ အကြိုက်ဆုံး စတော်ဘယ်ရီ ဒိန်ချဉ် ဝယ်လာတာ မဟုတ်လား… ခဏနေရင် သူ့ကို သွားပေးမလို့လား…”
ကော်ကျင်းယွီက ကြောင်အသွား၏။
“ဖန်ကျားလီ…?”
“ဟုတ်တယ်လေ… ယွီကောက အရင်တုန်းက သူ့ကို လှတယ်လို့တောင် ချီးကျူးခဲ့သေးတယ် မဟုတ်လား… မျက်လုံးပြူးပြူး နှာတံလုံးလုံးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ ဆိုပြီးလေ… မင်း သူ့ကို လိုက်မလို့ မဟုတ်လား…”
လီထုန်ကျိုးက စင်မြင့်ပေါ်မှ ဆင်းကာ နေရာသို့ ပြန်လာချိန်နှင့် အတိအကျ တိုက်ဆိုင်နေပြီး ထိုစကားကို ကြားလိုက်ရသဖြင့် သူတို့ဆီသို့ မော့ကြည့်လာ၏။
ကော်ကျင်းယွီ၏ နှလုံးသားက လည်ချောင်းဝအထိ ခုန်တက်လာတော့လေသည်။
ဟယ်ရှန်ယန်ဆိုတဲ့ အာလူးကောင်ကတော့ စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ဆက်ပြောနေပြီး ညီအစ်ကိုကောင်းကို ကူညီပေးမည့်ပုံစံဖြင့် သစ္စာရှိရှိ ပြောလာလေသည်။
“ယွီကော… ငါ မင်းကို ကူပြီး လိုက်ပေးမယ်…!”
ကော်ကျင်းယွီ: “မင်း သွားသေလိုက်…!”
“ဟင်… ဖန်ကျားလီကို မလိုက်ဘူးလား… ဒါဆို မင်းက ပြီးခဲ့တဲ့အကြိမ် ဘောလုံးကန်တုန်းက ရေလာပေးတဲ့ တစ်ယောက်ကို လိုက်ချင်တာလား…”
ကော်ကျင်းယွီတစ်ယောက် ဒေါသထွက်လွန်းလို့ သေတော့မလိုပင်။
ဟယ်ရှန်ယန်၏ခုံကို ခြေထောက်ဖြင့် တစ်ချက်လှမ်းကန်လိုက်မှသာ ငြိမ်ကျသွားတော့၏။
သို့ပေမဲ့ သူ့ပုံစံက နည်းနည်းတော့ မခံချင်ဖြစ်နေသည့်ပုံ ပေါက်နေလေသည်။
ကော်ကျင်းယွီက ဖန်ကျားလီဆိုတာ ဘယ်သူမှန်းတောင် မေ့နေခဲ့ပြီ ဖြစ်၏။
သူက ထိုကောင်မလေးနှင့် ပတ်သက်ပြီး နည်းနည်းလေးမှတောင် မှတ်မိမနေတော့ပေ။
အထူးသဖြင့် သူ့ကောင်လေးက သူ့အရှေ့မှာတင် ထိုင်နေတာမို့လို့ ကောလာဟလ သတင်းတွေ နည်းနည်းလေးမှ အထွက်မခံနိုင်ဘူးလေ။
အရှေ့တန်းက လီထုန်ကျိုးက ထိုနေရာတွင် တိတ်ဆိတ်စွာ စာဖတ်နေပြီး ပုံမှန်အတိုင်းပင် ဖြစ်၏။
ကော်ကျင်းယွီက မျက်နှာပူပူနှင့် တစ်ဖက်လူ၏ နောက်ကျောကို ဘောပင်ဖြင့် ဖွဖွလေး လှမ်းထိုးလိုက်သော်လည်း ဒီတစ်ကြိမ်တွင်တော့ သူ့ဆီသို့ လက်ချောင်းလေးတွေ ဆန့်ထွက်မလာတော့ပေ။
ဟယ်ရှန်ယန်က ဘေးနားတွင် ဘီစကွတ်ကို ဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေဆဲဖြစ်ရာ ကော်ကျင်းယွီက နားငြီးလာသဖြင့် သူ့ခုံကို တစ်ချက်ကန်လိုက်၏။
“ပိုက်ဆံပေး…!”
“ဘာ…”
“ဘီစကွတ်ဖိုးက နှစ်ယွမ်… အပြေးအလွှား သွားဝယ်ပေးရတဲ့ အခကြေးငွေက ယွမ်နှစ်ဆယ်…!”
ဟယ်ရှန်ယန်က ဘာမှထပ်မပြောတော့ဘဲ ပိုက်ဆံအိတ်တွေကို လိုက်ကောက်တော့၏။ သူ့ကိုယ်ပိုင်ကို ထုတ်ပေးရုံသာမက အနောက်နှစ်တန်းတွင် ထိုင်နေသည့် လူအားလုံးဆီက ပိုက်ဆံအိတ်တွေကိုပါ အကုန် တောင်းယူလိုက်လေသည်။
ထို့နောက် အဖြူရောင် ထမင်းစားကတ် တစ်ထပ်ကို သပ်သပ်ရပ်ရပ် စီကာ အင်္ကျီလက်ဖြင့် ပြောင်နေအောင် သုတ်ပြီး ကော်ကျင်းယွီ၏ မျက်စိရှေ့သို့ ရိုရိုသေသေ ကမ်းပေးလိူက်၏။
“ယွီကော… ရော့… ဒီအပတ်မှ ငွေသွင်းထားတာ… အကုန်လုံး ဒီထဲမှာ ရှိတယ်…”
သူတို့၏ အသံတွေက အနည်းငယ် ကျယ်လောင်နေသဖြင့် ဒီတစ်ကြိမ်တွင် လီထုန်ကျိုးဆီကနေ တုံ့ပြန်မှု ရလိုက်လေသည်။
သူက ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်လာပြီး မျက်ခုံးလေး အနည်းငယ် တွန့်ချိုးလျက် တိုးတိုးလေး ဖျောင်းဖျလာသည်။
“ကျင်းယွီ… ဒီလိုလုပ်တာ သိပ်မကောင်းဘူး… ကျောင်းစည်းကမ်းနဲ့ မညီဘူးလေ…”
ဟယ်ရှန်ယန်က မောက်မောက်မာမာဖြင့် ပြန်ပြောလိုက်သည်။
“မင်းက ဘာသိလို့လဲ… ဒါက ငါတို့တွေ ယွီကောကို ပူဇော်ပသတာကွ…!”
လီထုန်ကျိုးက နှုတ်ခမ်းကို စေ့ပိတ်လိုက်ပြီး ကော်ကျင်းယွီကို ကြည့်နေကာ သူတို့၏ လုပ်ရပ်ကို နည်းနည်းလေးမှ သဘောမတူပေ။
ကော်ကျင်းယွီ: “…”
ကော်ကျင်းယွီက မျက်လုံးကို မှိတ်လိုက်မိ၏။
သောက်ကျိုးနည်း လူပျိုပေါက်အရွယ်!
အဲ့ဒီအချိန်တုန်းက သူ ဘယ်လောက်တောင် လူမိုက်ယောင် ဖမ်းခဲ့လို့ ဒီလိုအခြေအနေမျိုးအထိ ဖြစ်လာရတာလဲ။
ငယ်ငယ်တုန်းက ကျူးလွန်ခဲ့တဲ့ အပြစ်တွေက အစောနဲ့အနှောင်း ပြန်ဆပ်ရမှာပဲလေ။
ထမင်းစားကတ် တစ်ထပ်ကြီးက မျက်စိရှေ့ ရောက်လာရာ ကော်ကျင်းယွီက ယူရမလို မယူရမလို ဖြစ်နေပြီး တကယ်ကို စိတ်ရှုပ်သွားရလေသည်။
သူက ဟယ်ရှန်ယန်၏လက်ကို ပုတ်ထုတ်လိုက်ပြီး ပြောလိုက်သည်။
“သွား သွား… ဘယ်က လာတာလဲ အဲ့ဒီကိုပဲ ပြန်သွားထားလိုက်… နောက်ကျရင်လည်း ပူဇော်ပသစရာ မလိုတော့ဘူး…!”
ဟယ်ရှန်ယန်က ကြောက်လန့်တကြား မျက်နှာပေးဖြင့် သတိထားကာ မေးလာ၏။
“ယွီကော… ငါတို့ ဘာများ မှားသွားလို့လဲ…”
ကော်ကျင်းယွီ: “…”
ကော်ကျင်းယွီ: “မင်းတို့ မမှားပါဘူး… ငါ မှားတာပါ…”
ဟယ်ရှန်ယန်က သူ့စကားကို ကြားလိုက်ရသည့်အခါ ပိုပြီးတောင် ပြန်မယူရဲတော့ပေ။
ကော်ကျင်းယွီက ခုံကို တစ်ချက်လှမ်းကန်လိုက်မှသာ သူ့မျက်နှာရိပ်မျက်နှာကဲကို သတိထားကြည့်ပြီး ထမင်းစားကတ်တွေကို တုန်တုန်ယင်ယင်ဖြင့် ပြန်သိမ်းသွားတော့၏။
ထိုမနက်ခင်းတစ်ခုလုံး စာသင်ခန်း၏ နောက်ဆုံး နှစ်တန်းမှ စာညံ့သည့် ကျောင်းသားတွေက အလွန် လိမ္မာနေကြပြီး ရှားရှားပါးပါး တိတ်ဆိတ်နေတော့လေသည်။
===
စာရေးသူ၏ အမှာစကား –
စာညံ့တဲ့ကောင် ဖြစ်ရတာထက် ပိုပြီး လန့်စရာကောင်းတာက… ငါ ငယ်ငယ်တုန်းက ကျောင်းရဲ့ လူမိုက်ခေါင်းဆောင်တောင် ဖြစ်ခဲ့ဖူးတာပဲ… (ကော် XX မှ)
chapter 7 ended