Chapter 6
အဆင့်မြင့် သင်္ချာစာမေးပွဲမှာ နံနက်ခင်း ပထမဆုံးအချိန်တွင် ဖြစ်သည်။ ကျောင်းသားများသည် အိပ်ချင်မူးတူးဖြစ်နေကြပြီး မျက်နှာများမှာ မကြည်မလင် ဖြစ်နေကြသည်။
ကျန့်ချီသည် သူ့ရှေ့သို့ရောက်လာသော စာရွက်ကိုယူ၍ မေးခွန်းများကို အရင်ဆုံးတစ်ချက်ကြည့်ပြီး ခက်ခဲသောမေးခွန်းမှ လွယ်ကူသောမေးခွန်းများသို့ အစဉ်လိုက် စတင်ဖြေဆိုသည်။ စာရွက်များပြန်မစုမီ ဆယ်မိနစ်အလိုတွင် မေးခွန်းအားလုံးကို ပြီးအောင် ဖြေဆိုခဲ့သည်။
“ကျန့်ချီ၊ ဒါပြီးရင် ကလပ်လှုပ်ရှားမှုမလား။ မင်း ဘယ်ကလပ်မှာ စာရင်းသွင်းထားလဲ?”
အတန်းပြီးသွားသောအခါ ကျန်းယန်က သူ့ထံသို့ စိတ်အားထက်သန်စွာဖြင့် စကားလာပြောသည်။
“တင်းနစ်ကလပ်နဲ့ ပြေးခုန်ပစ်ကလပ်က ဥက္ကဋ္ဌတွေက ငါ့ရဲ့ အခင်ဆုံးသူငယ်ချင်းတွေလေ။ မင်းသာ အဲဒီကလပ်နှစ်ခုထဲက ရွေးရင် သူတို့ကို မင်းကိုကောင်းကောင်းဂရုစိုက်ပေးဖို့ ငါပြောပေးမယ်။ ဒါပေမဲ့ မင်းက သင်္ချာသုတေသနအသင်းလိုမျိုး တစ်ခုခုကို စိတ်ဝင်စားတယ်ဆိုရင်တော့ ငါဘာမှမတတ်နိုင်ဘူး”
ကျန့်ချီသည် ကလပ်များသို့မသွားမီ မှတ်စုစာအုပ်များနှင့် ကျောင်းသုံးစာအုပ်များကို အဆောင်သို့ပြန်ထားရန် စီစဉ်ခဲ့သည်။ အပြန်လမ်းကိုတွက်ချက်ပြီးနောက် သူက ပြန်ဖြေလိုက်သည်။
“ငါ စာပေအသင်းမှာ စာရင်းသွင်းခဲ့တာ”
ထိုအဖြေကို မမျှော်လင့်ထားသောကြောင့် ကျန်းယန်သည် မျက်ခုံးများ ပင့်တက်သွားသည်။ သူက နောက်ပြောင်လိုက်သည်။
“မင်းက သိပ္ပံကလပ်တစ်ခုကို ရွေးလိမ့်မယ်လို့ ငါထင်ထားတာ။ စာကြမ်းပိုးက ဘာသာရပ်တစ်ခုတည်းကိုပဲ အစွဲမထားဘူးပေါ့”
“သိပ္ပံဘာသာရပ်တွေကို အများကြီးရွေးထားပြီးသားဆိုတော့ ကျောင်းပြင်ပလှုပ်ရှားမှုတွေကိုလည်း သိပ္ပံဘာသာရပ်တွေချည်းပဲ မဖြစ်စေချင်ဘူး” ကျန့်ချီက ပြုံးလိုက်သည်။
“စာသင်တာတောင်မှ မျှတမှုရှိဖို့ လိုတယ်”
“အဲ့ဒါ အဓိပ္ပါယ်ရှိသလိုပဲ”
အဆောင်ကို ပြန်ရောက်သောအခါ သူသည် ဝေ့အန်းနှင့် တိုက်မိလေသည်။ ဝေ့အန်းသည်လည်း ပစ္စည်းများကို လာထားခြင်းဖြစ်သည်။ ကျန့်ချီသည် စကားလည်းမပြော၊ ခေါင်းလည်းမမော့သည်ကို မြင်သောအခါ သူသည် ကျန့်ချီအား လုံးဝလျစ်လျူရှုလိုက်လေသည်။
ဒါက ကျန့်ချီကို စိတ်ပျက်စေသည်။ ဖြစ်နိုင်လျှင် ကျောင်းပထမအပတ်မှာပင် သူ၏အခန်းဖော်နှင့် ဆက်ဆံရေး တင်းမာမှုမရှိချင်ပေ။ သို့သော်လည်း ဝေ့အန်း မနေ့ညက ပြောခဲ့သော စကားများကိုလည်း သူသဘောမတူနိုင်ပေ။ ဖြစ်နိုင်သည်မှာ တစ်ဦးကိုတစ်ဦး အနှောင့်အယှက်မပေးဘဲ နေခြင်းက အကောင်းဆုံးရလဒ် ဖြစ်နိုင်သည်။
စာပေအသင်း၏ နာမည်ကျော်ကြားမှုမှာ မျှော်လင့်ထားသည်ထက် ပိုမိုများပြားသည်။ ကျန့်ချီ ဝင်သွားသောအခါ ထိုမျှလောက် လူစည်ကားနေလိမ့်မည်ဟု မထင်မှတ်ထားပေ။
သူသည် လွတ်နေသော ထိုင်ခုံများကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတန်းမှ ဒုတိယမြောက်တန်းတွင် ဝင်ထိုင်လိုက်သည်။ ဥက္ကဋ္ဌသည် စင်မြင့်ပေါ်တွင် မိန့်ခွန်းပြောနေပြီး သူကိုင်ထားသော ကဗျာစာအုပ်ကို မိတ်ဆက်နေသည်။ ကျန့်ချီ ဝင်သွားသည်နှင့် သူ့ဘေးနားမှ တစ်စုံတစ်ဦးက တိုးတိုးလေးပြောနေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
“ရှောက်ဟန့် ဒီနေ့ လာမှာလားမသိဘူးနော်?”
“ဘယ်သူသိမှာလဲ” နောက်တစ်ဦးကပြောသည်။
“စာပေကလပ်က အရမ်းပျင်းဖို့ကောင်းတယ်၊ ရှောက်ဟန့်သာ ဒီမှာမရှိရင် ဘယ်သူက ဒီလိုပျင်းစရာကောင်းတဲ့ကလပ်မှာ စာရင်းသွင်းမှာလဲ?”
ထိုစကားများကြောင့် ကျန့်ချီသည် စာပေအသင်း အဘယ်ကြောင့် ရေပန်းစားလာသည်ကို အကြမ်းဖျင်းနားလည်ခဲ့သည်။ ၎င်းကို နာမည်ကျော်တစ်ဦး၏ သြဇာလွှမ်းမိုးမှုဟု သတ်မှတ်နိုင်သည်။
ဥက္ကဋ္ဌသည် ကဗျာစာအုပ်ကို ဖွင့်ပြီး လည်ချောင်းရှင်းကာ ကောက်နုတ်ချက်များကို ဖတ်ပြသည်။ သူ၏အသံမှာ ကြည်လင်ပြတ်သားပြီး စာလုံးတစ်လုံးချင်းစီတိုင်းတွင် ခံစားချက်အပြည့်ပါနေသည်။ ယင်းက ကျန့်ချီကို သတင်းကြေညာသူများကို သတိရစေသည်။
”သက်ဝင်လှုပ်ရှားနေသော တက်ကြွမှုအားလုံးကို ငါလေ့လာကြည့်သောအခါ၊ သူတို့၏အလှကို ထိန်းသိမ်းထားနိုင်သည်မှာ ခဏတာမျှသာဖြစ်၏၊ စကြဝဠာ၏စင်မြင့်သည် လှည့်ကွက်အချို့ကိုသာ ကစားပြပြီး၊ အမှောင်ထဲတွင် ဘုရားသခင်၏ ကြယ်များက အမှောင်ထဲမှနေ၍ ဆွဲငင်ထားလေ၏…”
အလုပ်ကြိုးစားသော ဥက္ကဋ္ဌသည် အဖွဲ့ဝင်များ၏ အာရုံစိုက်မှုကို မရရှိခဲ့သည်မှာ ဝမ်းနည်းစရာပင်။ သူတို့အားလုံးသည် မလှမ်းမကမ်းရှိ တံခါးဝကိုသာ အာရုံစိုက်နေကြသည်။ ရှောက်ဟန့်သည် နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လည်ပင်းက ကြယ်သီးနှစ်ခုကို ဖြုတ်ထားသည်။ ကုတ်အင်္ကျီကို ပခုံးပေါ်တွင် လွှားထားသော ပေါ့ပေါ့ပါးပါးဟန်ပန်မှာ သူ၏ အနီရောင်ဆံပင်ကဲ့သို့ပင် အလွန်မျက်စိဖမ်းစားနေသည်။
သူသည် ကဗျာဖတ်သံများအကြားမှ ဝင်လာခဲ့ပုံမှာ ကျက်သရေရှိခြင်းနှင့် မောက်မာခြင်းတို့ ပေါင်းစပ်ထားသလိုပင်။ ကျန့်ချီတွင် မကောင်းသောသတိပေးချက်တစ်ခုရှိသည်။ ထိုလူ၏ပေါ့ပေါ့ပါးပါးအကြည့်က ကျန့်ချီကိုဖြတ်သွားသောအခါ ကျန့်ချီသည် သူ၏နိမိတ်မှာ လက်တွေ့ဖြစ်လာကြောင်း သိလိုက်သည်။
ရှောက်ဟန့်သည် သူ၏ နှုတ်ခမ်းထောင့်ကို မြှင့်လိုက်ပြီး ကျန့်ချီ၏နောက်ဘက်ရှိ ထိုင်ခုံကိုဆွဲထုတ်ကာ အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။ သူ့ဘေးတွင် စကားပြောနေသည့် လူနှစ်ဦးက ဝိုင်းဖွဲ့လာကြသည်။ သူတို့၏အသံများမှာ ဥက္ကဋ္ဌ၏ ကဗျာဖတ်သံကိုပင် လွှမ်းမိုးသွားသည်။
သူ၏လက်နှစ်ချောင်းကြားရှိ ဘောပင်သည် ပုံမှန်အရှိန်ဖြင့် လည်နေပြီး ကျန့်ချီသည် အာရုံစိုက်ရန် သူ့ကိုယ်သူ အတင်းအကျပ်ကြိုးစားရသည်။ ထိုလှုပ်ရှားမှုမှာ သူစိတ်တိုသောအခါ မကြာခဏ ပြုလုပ်လေ့ရှိသော အပြုအမူတစ်ခုဖြစ်သည်။
“ရှောက်ဟန့်၊ မင်း ဒီမြင်းစီးပြိုင်ပွဲမှာ ဝင်ပြိုင်မှာလား” ယောကျ်ားတစ်ဦး၏ အလွန်နူးညံ့ပြီး မြှောက်ပင့်သော အသံကို ကျန့်ချီကြားလိုက်သည်။ “မင်း ဝင်ပြိုင်ရမယ်နော်၊ လူတိုင်းက မင်းအတွက် လာကြတာ၊ ချန်ပီယံဆုကို မင်းထက်ပိုပြီး ထိုက်တန်တဲ့သူ မရှိဘူး”
“နောက်မှ ပြောကြတာပေါ့” ရှောက်ဟန့်က အလေးအနက်မထားဘဲ ပြောလိုက်သည်။ ဖြစ်နိုင်သည်မှာ သူ၏ထူးခြားပြီး ဆွဲဆောင်မှုရှိသော အသံကြောင့် သူ၏လေသံက လူများကို ပျင်းရိသလို ခံစားရစေသည်။ သို့သော်လည်း ကျန့်ချီက သူ၏ဖုံးကွယ်ထားသော စိတ်မရှည်မှုကို ကြားနိုင်ခဲ့သည်။
စင်မြင့်ပေါ်မှ ဥက္ကဋ္ဌသည် နောက်ဆုံးတွင် ကဗျာဖတ်ခြင်းကို အဆုံးသတ်ခဲ့သည်။ သူသည် ဆက်မဖတ်ရခြင်းကြောင့် မကျေနပ်ပုံ ပေါက်နေသည်။ “ငါ့မှာ စုစုပေါင်းစာအုပ်ဆယ်အုပ်ရှိတယ်။ စာကြည့်တိုက်မှာ ဘာသာပြန်တွေလည်း အများကြီးရှိပါသေးတယ်၊ လိုချင်တဲ့ဘယ်သူမဆို လက်ထောင်နိုင်ပါတယ်။ ဒီတစ်ကြိမ်ရဲ့ခေါင်းစဉ်ကတော့ ကဗျာပါ”
ကျန့်ချီသည် ငိုက်မျဉ်းနေသော အဖွဲ့ဝင်များကို လှည့်ကြည့်လိုက်သည်။ သူသည် ဥက္ကဋ္ဌ၏ စိတ်အားထက်သန်မှုကို မဖျက်ဆီးလိုခဲ့ပေ။ သူ လက်ထောင်ကာ မေးလိုက်သည်။
“တစ်အုပ်လောက်ရနိုင်မလား?”
“ရတာပေါ့!”
ကျန့်ချီသည် စိတ်အားထက်သန်သော ဥက္ကဋ္ဌထံမှ ကဗျာစာအုပ်တစ်အုပ်ကို ယူလိုက်သည်။ တကယ်တော့ သူသည် ကဗျာကို သိပ်စိတ်မဝင်စားတာကြောင့် စာမျက်နှာအနည်းငယ်ကိုသာ ကျပန်းလှန်ကြည့်လိုက်သည်။ ထို့နောက် အံ့သြစရာကောင်းလောက်အောင် အသံတစ်ခုက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။
“မင်း နားလည်လား?”
နောက်လှည့်မကြည့်ဘဲနဲ့ ကျန့်ချီသည် ရှောက်ဟန့်ထံမှ မေးမြန်းမှုဖြစ်ကြောင်း သိလိုက်သည်။
သူသည် စာမျက်နှာလှန်နေသည်ကို ရပ်လိုက်ပြီး ‘နောက်ဆုံးတော့ လာပြီ’ ဟူ၍ စိတ်ပေါ့သွားသလို ခံစားလိုက်ရသည်။
“ငါ နားမလည်ပါဘူး၊ ဒီနောက်ကွယ်က ပုံပြင်ကို နားလည်ပြီးရင်တော့ နားလည်နိုင်မယ်ထင်တယ်”
သူ၏နားနားမှ ရယ်သံသဲ့သဲ့တစ်ခု ထွက်ပေါ်လာပြီး မသိမသာ မထီမဲ့မြင်ပြုသံနှင့် ရောနှောနေခဲ့ရာ ထိုနေ့က ‘ထွက်သွား’ ဟူသော စကားကြောင့် ခံစားခဲ့ရသည့် စော်ကားခံရမှုမျိုးကို ကျန့်ချီအား ပြန်လည်ခံစားရစေခဲ့သည်။ ရှောက်ဟန့်က “နောင်ဆို သူများကိစ္စတွေမှာ ဝင်မပါနဲ့” ဟု ဆို၏။
ကျန့်ချီသည် ကဗျာစာအုပ်ကို ပိတ်လိုက်သည်။ ဤအတင်းအကြပ်ပြောဆိုသော လေသံကြောင့် အနည်းငယ်အကူအညီမဲ့သလို ခံစားရသည်။ ထို့နောက် ကျိဟွိုက်စစ်၏ ‘သူ့အကျင့်က အဲဒီလိုပဲ’ ဟူသော စကားကို သတိရပြီး တတ်နိုင်သမျှ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းအထင်လွဲနေတာ၊ အဲဒီနေ့က ငါကူညီပေးရုံတင်”
“မင်းရဲ့ကြင်နာမှုကို ငါက ချီးကျူးပေးရမှာလား?”
ကျန့်ချီသည် သူ၏ စကားကို အဓိပ္ပာယ်လွဲမှားစွာ ထင်မြင်မှုကြောင့် စကားပင်မပြောနိုင်တော့ပေ။
ရှောက်ဟန့်သည် သူ၏စကားများကို အလေးပေးပြောဆိုလိုက်ရာ သူ၏ထွက်သက်သည် လေနှင့်အတူ ကျန့်ချီ၏လည်ကုတ်နောက်သို့ လိုက်ပါလာသကဲ့သို့ ထင်ရပြီး အနည်းငယ် ယားယံစေကာ အဓိပ္ပာယ်ပါသော သတိပေးချက်တစ်ခုနှင့်အတူ ပါလာခဲ့၏။ “မင်းရဲ့အသုံးမဝင်တဲ့ ကြင်နာမှုကို သိမ်းထားဖို့ မှတ်ထား၊ မင်းက သူနဲ့အတူတူပဲဆိုတာ နားလည်ရဲ့လား”
၎င်းသည် အထက်မှ အမိန့်ပေးနေသကဲ့သို့ပင်။
ကျန့်ချီသည် ခေါင်းကိုလှည့်လိုက်ရာ သူတို့တစ်ယောက်ကိုတစ်ယောက် အနီးကပ် ရှင်းလင်းစွာ မြင်နိုင်ခဲ့၏။ သူသည် ရှောက်ဟန့်၏မျက်လုံးထဲတွင် မိမိကိုယ်ကို မြင်နိုင်သည့်အပြင် အခြားတစ်ဖက်မှ ဘယ်ဘက်မျက်ခုံးရိုးပေါ်ရှိ သေးသွယ်သော အမာရွတ်တစ်ခုကိုလည်း မြင်နိုင်ပေသည်။ ရှောက်ဟန့်သည် သူ၏မျက်ခွံများကို ပျင်းရိစွာ ပင့်တင်လိုက်ရာ သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်နေစဉ် သူ၏မျက်ဆံများသည် အနက်ရောင်ရင်ထိုးမှ ထုတ်လွှတ်သော မှိန်ဖျော့ဖျော့အလင်းတန်းကဲ့သို့ နက်မှောင်တောက်ပနေ၏။
အချို့လူများသည် မည်မျှပင်ဆိုးရွားစွာ ပြုမူသည်ဖြစ်စေ သူတို့၏ မွေးရာပါ မြင့်မြတ်မှုနှင့် မာနကို ဖျောက်ဖျက်၍ မရနိုင်ပေ။ သူတို့၏ ဟန်ပန်များသည် အလှူပေးနေသကဲ့သို့ ဖြစ်ကာ သူတို့သည် ‘မင်းကို လျစ်လျူရှုထားတာက သူတို့ရဲ့ အကြီးမားဆုံး ခွင့်လွှတ်မှုပဲ’ ဟု ပြောနေသကဲ့သို့ ဖြစ်နေသည်။
ကျန်းယန်က စကားလုံးကောင်းကောင်းပြောခဲ့တာပဲ။ အမြင့်စားသဘောထားနဲ့ အဆင့်နိမ့်စရိုက်။
“မင်းကိုယ်တိုင် သူ့ကို ပြောလို့ရတယ်” ကျန့်ချီက အကြံပြုသည်။ “တကယ်တော့ ငါနဲ့ ပိုင်ရှီယွီတို့က သိပ်မရင်းနှီးကြဘူး။ ငါတို့က တစ်ရက်တည်းကျောင်းပြောင်းလာတာမို့လို့ စကားနည်းနည်းပြောဖူးတာ”
ရှောက်ဟန့်၏ မှိန်ဖျော့သော အပြုံးက ‘ငါမယုံဘူး’ ဟူသော စကားလေးလုံးကို ဖော်ပြနေသည်။ သူသည် ကျန့်ချီနှင့် နောက်ထပ် အဓိပ္ပာယ်မရှိသောစကားများကို ပြောရန် ပျင်းရိနေပုံရသည်။ ထို့နောက် သက်သောင့်သက်သာရှိသော အနေအထားကို ရှာပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သူ့ဘေးနားမှ လူသည် တစ်ခုခုထပ်ပြောချင်သော်လည်း ရှောက်ဟန့်၏ အကြည့်တစ်ချက်ကြောင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားသည်။
ကျန့်ချီသည် မနေနိုင်ဘဲ ရယ်မိသွားသည်။ postထဲက ခေါင်းစဉ်သည် အလွန်သင့်လျော်သည်ဟု သူခံစားလိုက်ရသည်။ သူတို့သည် အမှန်ပင် စိတ်မတည်ငြိမ်သော မင်းသားနှင့် ငုံးနဲ့တူသော အမတ်များကဲ့သို့ ဆင်တူနေသည်။
ကျန့်ချီသည် “ကဗျာ” စာအုပ်ကို ပြန်ယူလာခဲ့သည်။ ပျင်းစရာကောင်းသော စီးပွားရေးပညာကို လေ့လာပြီးနောက် ကဗျာဖတ်ခြင်းမှ ပျော်ရွှင်မှုများ ရရှိနိုင်မည်ဖြစ်သည်။
စာကြည့်တိုက်သည် တစ်ရက်လျှင် ၂၄ နာရီလုံးဖွင့်သည်။ ကျန့်ချီသည် ပြန်မသွားချင်ဘဲ ဝေ့အန်းနှင့် အဆင်မပြေဖြစ်မှာစိုးတာကြောင့် သူ၏အိမ်စာများကို ပြီးအောင်လုပ်ရန်နှင့် ငှားထားသော စီးပွားရေးစာအုပ်များကို ခဏဖတ်ရန်အတွက် စာကြည့်တိုက်တွင် နေခဲ့သည်။ သူပြန်လာသောအခါ ညဉ့်နက်နေပြီဖြစ်သည်။
သူသည် HS ကိုဖွင့်လိုက်ပြီး လွန်ခဲ့သော နာရီအနည်းငယ်က ကျန်းယန်ပို့ထားသော သူငယ်ချင်းဖွဲ့ရန် တောင်းဆိုချက်ကို တွေ့သောအခါ လက်ခံလိုက်သည်။
နောက်တစ်စက္ကန့်တွင် ကျန်းယန်က စာတစ်စောင်ပို့လိုက်သည်။
‘မင်း ဘာလို့ အခုမှတွေ့တာလဲ? ငါ့မှာ မင်းကိုပြောစရာရှိတယ်’
ကျန့်ချီသည် ရပ်ပြီးစာရိုက်လိုက်သည်။
‘ဘာကိစ္စလဲ?’
ကျန်းယန်: ‘မင်း စာပေကလပ်ကို ရွေးလိုက်တယ်မလား? မနက်က မင်းကိုပြောဖို့ မေ့သွားတယ်။ ရှောက်ဟန့်လည်း အဲဒီမှာရှိတယ်။ သူက အာဃာတကြီးတဲ့လူတစ်ယောက်၊ မင်းဝေးဝေးနေဖို့ မှတ်ထားပါ။ သူက စာပေကလပ်ကို အိပ်ဖို့အတွက်ပဲသွားတယ်လို့ ငါကြားထားတော့ ဘာမှတော့မဖြစ်လောက်ပါဘူး’
ကျန့်ချီက တစ်ခုခုဖြစ်ပြီးသွားပြီ လို့တွေးလိုက်သည်။ သို့သော်လည်း ကျန်းယန်ကို ပြန်ဖြေလိုက်သည်။
‘ငါသိပြီ၊ မင်းလည်းစောစောနားလိုက်တော့’
ထိုစာကို ပို့ပြီးနောက် ကျန့်ချီသည် သူ၏ဖုန်းကို ပိတ်လိုက်ပြီး အဆောင်သို့ ဆက်လျှောက်သွားသည်။
ဆောင်းဦးညတွင် အပူချိန် ကွာခြားချက်များပြီး သူ၏ပါးပြင်ကို တိုက်ခတ်လာသောလေသည် အနည်းငယ်အေးမြနေသည်။ သူရပ်လိုက်ပြီး အမှောင်ထဲတွင် သစ်ကိုင်းနှင့် သစ်ရွက်များ ပွတ်တိုက်နေသံကို ကြားလိုက်ရသည်။ ခဏအကြာတွင် ၎င်းသည် နောက်ထပ် တည်ငြိမ်သော ခြေသံတစ်ခုနှင့် ဖြည်းဖြည်းချင်း ထပ်နေကြောင်း သူ သတိထားမိလိုက်သည်။
ခြေတစ်လှမ်းချင်း အဝေးမှအနီးသို့ ရောက်လာသည်။
ကျန့်ချီသည် မလှမ်းမကမ်းမှ စင်္ကြံကို တည်ငြိမ်စွာကြည့်လိုက်တော့ အမှောင်ရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရိပ်ကို ညဘက်တွင် ကောင်းကောင်းမမြင်ရပေ။
ကျောင်းလမ်း၏ ဘေးနှစ်ဖက်ရှိ လမ်းမီးများသည် မြေပြင်ပေါ်သို့ မှိန်ဖျော့သော အလင်းရောင်ကို ကျရောက်စေသည်။ ထိုအမှောင်ရိပ်သည် မီးလုံးအောက်သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး နောက်ဆုံးတွင် မျက်နှာတစ်ခုလုံး ပေါ်လာသည်။
ကျန့်ချီ၏ နှလုံးမှာ မထင်မှတ်ဘဲ နှစ်ချက်ခုန်သွားသည်။
ဝမ်ချွမ်သည် ကျောင်းဝတ်စုံဝတ်မထားပေ။ အနက်ရောင်ဆွယ်တာနှင့် ဘောင်းဘီရှည်က သူ၏ခန္ဓာကိုယ်ကို အလွန်သွယ်လျစေသည်။ နောက်ကျောတွင် ကျောပိုးအိတ်အကြီးကြီးတစ်ခုကို လွယ်ထားပြီး သူ၏ရှည်လျားသောဆံပင်ကို ခေါင်းနောက်တွင် စည်းထားသည်။ သူသည် ကျန့်ချီကို မြင်သောအခါ သူ၏အေးစက်သော မျက်လုံးများတွင် မည်သည့်အတက်အကျမျှမရှိပေ။ သူ၏ရှေ့တွင် ပေါ်လာသောသူသည် ပုံမှန်အရှိန်ဖြင့် သူ့ကို တိုက်ခတ်သွားသော လေညင်းတစ်ခုသာဖြစ်သည်ဟု ထင်ရသည်။
ခဏတာအတွင်း ကျန့်ချီသည် ဓာတုဗေဒအတန်းတွင် ဝမ်ချွမ်၏ ကိုယ်ပေါ်ရှိ သွေးနံ့ကဲ့သို့သော အရာများနှင့် ဒီအချိန်မှာ ဘာကြောင့် အဆောင်မှထွက်သွားပြီး အပြင်ပုံစံဝတ်ထားသလဲကို တွေးလိုက်မိသည်။
ကျန့်ချီ လှည့်ကြည့်လိုက်သောအခါ ဝမ်ချွမ်သည် ကျောင်းဂိတ်သို့ လျှောက်သွားနေကြောင်း သိလိုက်ပြီး ထိုလူကို တားလိုက်သည်။
“ညဘက်မှာ ကျောင်းသားတွေကို ခွင့်ပြုချက်မရှိဘဲ ကျောင်းပြင်ပကို ထွက်ခွင့်မပြုဘူးဆိုတာ ငါမှတ်မိတယ်”
အသံမကျယ်သော်လည်း တိတ်ဆိတ်သော ညတွင် လုံလောက်သည်ထက်ပို၏။
ဝမ်ချွမ်သည် ခဏရပ်သွားသည်။ ထို့နောက် သူ၏စကားများကို လျစ်လျူရှုကာ ညအမှောင်ထဲသို့ ပျောက်ကွယ်သွားသည်။
Chapter 6 ended
Chapter 7
ကျန့်ချီတစ်ယောက် အိပ်မက်ရှည်ကြီးတစ်ခုကို မက်နေရသလိုပင်။ သူ့ဝိဉာဉ်သည် မဖော်ပြနိုင်သောစွမ်းအားတစ်ခုဖြင့် သူ၏ရုပ်ခန္ဓာကိုယ်ထဲမှ ကြွတက်သွားခဲ့ပြီး ခွဲထွက်သွားတော့သည်။ အိပ်မက်ထဲမှ အံ့ဩမှင်သက်နေသော သူ၏ပုံသဏ္ဍာန်ကို သူပြန်မြင်နေရပြီး တိတ်ဆိတ်နေသည့် အိပ်ခန်းနှင့် ပုံရိပ်များစွာ ရောယှက်နေသည်ကို တစ်ခုချင်းစီ ပြန်လည်မြင်ယောင်လာ၏။
“ကျန့်ချီ၊ ကျန့်ချီ။”
ကျန့်ချီသတိပြန်ဝင်လာမိသည်။ ကျန်းယန်သည်လည်း စင်ပေါ်က ယန်ကျန့်ကို လှမ်းကြည့်လိုက်ရင်း သူ့အနားသို့ တိုးကပ်သွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“မင်း ညက ကောင်းကောင်းမအိပ်ပျော်ဘူးလား။”
“အင်း နည်းနည်း အိပ်မရဖြစ်နေလို့။”
“မင်း စာအရမ်းလုပ်လွန်းလို့ နေမှာပေါ့”
ကျန်းယန်တစ်ယောက် အတွေ့အကြုံရှိစွာဖြင့် သတိပေးလိုက်၏။ “ကျောင်းမှာ ကိုယ်လက်လှုပ်ရှားလုပ်ရတဲ့အချိန်က ငိုက်လို့ အကောင်းဆုံးအချိန်ပဲ။ အခုချိန် မျက်လုံးလေးများ ယောင်ပြီး မှိတ်ထားမိရင် ကျန့်ကောဆီ မိသွားလိမ့်မယ်။”
ကျန့်ချီပြုံးကာ ပြန်ဖြေဖို့ ပြင်လိုက်စဉ် စင်ပေါ်ရှိ ယန်ကျန့်က စားပွဲကို ခပ်ကျယ်ကျယ်ခေါက်လိုက်သည်။ သူ့အသံကျယ်ကျယ်ကြောင့် ပြောလိုက်သည်မှာ သူ့မေးပေါ်ရှိ မုတ်ဆိတ်ငုတ်တိုများပင် တုန်သွားလေ၏။ “ကျန်းယန်၊ ဒီလက်တွေ့စမ်းသပ်မှုမှာ ဘယ်သဘောတရားတွေ သုံးထားလဲ ပြောစမ်း။”
ကျန်းယန်သည် ခေါင်းကိုမော့ကာ မတ်တပ်ထရပ်လိုက်ပြီး အချိန်အကြာကြီးတွေးနေသော်လည်း အဖြေကို ထုတ်မပြောနိုင်ခဲ့ပေ။ ကျန့်ချီက သူ့အသံကိုနှိမ့်ကာ အဖြေကို တိုးတိုးလေးပြောပြနေသည်။ ကျန်းယန် မဖြေရသေးမီမှာပင် ယန်ကျန့်က စိတ်ပျက်လက်ပျက်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်ပြီး “ထားတော့ ထိုင်ထိုင်။ နောက်တစ်ခါ အတန်းထဲက ကျောင်းသားတွေကို အနှောင့်အယှက်လိုက်မပေးနဲ့။ သူများကိုလည်း မင်းအတွက် အဖြေကူဖြေပေးဖို့ ဂျီမကျနဲ့။”
“ဟုတ်ကဲ့ ဆရာယန်” ကျန်းယန်တစ်ယောက် ကံကောင်းထောက်မစွာဖြင့် မျက်နှာအရည်ထူတတ်သူဖြစ်ရာ ခပ်ပြုံးပြုံးဖြင့် ထိုင်လိုက်ပြီးနောက် ကျန့်ချီကို လှည့်ကြည့်ကာ မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး “ကျေးဇူးပဲ ညီကို” ဟု ပြောလိုက်သည်။
ကျန့်ချီက ‘ကိစ္စမရှိပါဘူး’ ဟု ပြန်ဖြေလိုက်စဉ် တစ်စုံတစ်ခု သူ့စိတ်ထဲတွင် ရုတ်ချည်းပေါ်လာတော့၏။ အတန်းချိန်ဝင်နေရင်းမှ တိတ်တဆိတ် ခေါင်းလှည့်ကြည့်လိုက်ရာ ဝမ်ချွမ်ရှိနေကျနေရာသည် ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တမန်ညက ထူးဆန်းသောအိပ်မက်သည် ဝမ်ချွမ် ကျောင်းထဲမှ တစ်ယောက်တည်း ထွက်သွားသည်ကို မတော်တဆတွေ့လိုက်ရခြင်းကြောင့် စွဲပြီးမက်တာ ဖြစ်နိုင်သည်ဟု ယူဆရ၏။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက် မဟုတ်သော်လည်း ကျန့်ချီစိတ်ကို အနည်းငယ်တည်ငြိမ်စေခဲ့ပြီး ဆက်၍ငိုက်မနေတော့ပေ။
အတန်းပြီးနောက် ကျန့်ချီနှင့် ကျန်းယန်တို့ နောက်အတန်းတက်ရမည့် အခန်းသို့အတူတူ လမ်းလျှောက်လာကြသည်။ ကျန့်ချီစိတ်ထဲ ခဏမျှ တွေးတောလိုက်ပြီးမှ နောက်ဆုံးတွင် သူ ညကတည်းက မေးချင်နေခဲ့သည့်မေးခွန်းကို ထုတ်မေးလိုက်သည်။ “ကျောင်းက ကျောင်းသားတွေကို တစ်ယောက်တည်း အပြင်ထွက်ခွင့်ပြုလား။”
ကျန်းယန်တစ်ယောက် မျက်ဆံများပင်ပြူးသွားပြီး ထွက်ခွာရန်ပင် မေ့သွားတော့မတတ်ပင်။ “ကျောင်းက ထွက်ဖို့လား။ ဒါက အရမ်း အလုပ်ရှုပ်တယ်။ ကျောင်းသားကောင်စီကနေ အရင်ဆုံး ခွင့်ပြုချက်ယူရမယ်၊ ပြီးရင် ကျောင်းရုံးခန်းကို သွားပြီး လျှောက်လွှာပုံစံထပ်ရမယ်၊ ပြီးရင်တော့ ကျောင်းက မင်းရဲ့ မိသားစုကိုလည်း ဆက်သွယ်လိမ့်မယ်… တိုတိုပြောရရင် အရမ်းရှုပ်ထွေးတယ်။”
ကျန့်ချီ ချက်ချင်း ရှင်းရှင်းလင်းလင်း နားလည်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ရင်ထဲက ရှုပ်ထွေးမှုများလည်း အနည်းငယ်ပို၍ ကျယ်ပြန့်လာပြန်၏။ ကျန်းယန်က ဝမ်ချွမ်အကြောင်း သိမသိ သူ အသေချာ မမှန်းရဲပေ။ ဝမ်ချွမ်တစ်ယောက်တည်းထွက်သွားသည်ကို မြင်လိုက်ရသည်ဟု ထုတ်ပြောလိုက်မိလျှင် သူ ဝမ်ချွမ်ကို ဖော်ကောင်လုပ်သလို ဖြစ်သွားလိမ့်မည်။
ကျန်းယန်က ပါးစပ်ဖွာပြီး ဟိုဟိုဒီဒီ လျှောက်မပြောတတ်ကြောင်း သူ ယုံကြည်သော်လည်း ဝမ်ချွမ်က ညသန်းခေါင်မှ တိတ်တဆိတ်ထွက်ခွာရန် ရွေးချယ်ခဲ့သည်ဖြစ်၍ လူအများကြီးကို သိစေချင်မည်မဟုတ်ပေ။
“ဒါနဲ့ မင်း ဘာလို့ အဲဒါကိုမေးတာလဲ။” ကျန်းယန်သည် ထိုမေးခွန်းနှင့် ပတ်သက်၍ အတော်လေး စဉ်းစားနေမိဆဲပင်။ “တစ်ခုခုဖြစ်လို့လား။”
“မဟုတ်ပါဘူး၊ ဒီတိုင်းပဲ စူးစမ်းကြည့်ရုံပါ။” ကျန့်ချီထရပ်လိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်။ “ငါ အတန်းထဲရောက်နေပြီ၊ ထမင်းစားခန်းမှာ တွေ့ကြမယ်။”
“အိုကေ၊ နောက်မှတွေ့မယ်။”
ကျန့်ချီ ကျန်းယန်နှင့် သူငယ်ချင်းဖြစ်ရခြင်းမှ အကြိုက်ဆုံးအချက်မှာ ကျန်းယန်သည် အတင်းအဖျင်းပြောတတ်သော်လည်း သူ့စည်းနှင့်သူရှိသည်ပင်။
စိန့်စတန်ကျောင်းတွင် တနင်္လာနှင့် သောကြာနေ့ ညနေ ၃ နာရီသည် ကျောင်းသားများ၏ ကာယအချိန်ဖြစ်သည်။ ကျောင်းစည်းကမ်းအရ ကျောင်းသားတစ်ဦးစီသည် အားကစားနှစ်မျိုးကို ရွေးချယ်ရမည်ဖြစ်သည်။
ကျန့်ချီသည် ရေကူးခြင်းနှင့် ဓားရေးပြခြင်းကို ရွေးချယ်ခဲ့၏။ ယွင်ချန်မြို့နယ်သည် ပင်လယ်ပြင်နှင့် နီးသည်။ သူနှင့် ကျန့်ချိန်ချောင်တို့သည် ငယ်စဉ်ကတည်းက ပင်လယ်ထဲတွင် ရေကူးလေ့ရှိသောကြောင့် ရေကူးကျွမ်းကျင်သည်။ ဓားရေးပြခြင်းမှာမူ အရွေးနည်းသော အားကစားများထဲမှ အနားယူရန်လွယ်ကူသော အားကစားတစ်ခုဖြစ်သည်။
စာကျက်ခြင်းက သူ့အားသာချက်ဖြစ်ပါက အားကစားသည် သူ့အားနည်းချက် ဖြစ်ပေလိမ့်မည်။ ကျောင်းစတက်ကတည်းက ကာယပညာသည် ကျန့်ချီအတွက် ဘာသာရပ်အားလုံးထဲတွင် အခက်ခဲဆုံးဖြစ်ခဲ့သည်။ သူသည် အရပ်မပုသည့်အပြင် ဆယ်ကျော်သက်အရွယ်နှင့်လိုက်ဖက်သည့် ပုံမှန်ခန္ဓာကိုယ်ရှိသော်လည်း လှုပ်ရှားမှုဆဲလ်များမပါဘဲ မွေးဖွားလာခဲ့ပုံရသည်။ ဖြစ်နိုင်သည်မှာ သူ ချွေးထွက်ခြင်းကို မကြိုက်သောကြောင့်ဟုလည်း ဆိုနိုင်သည်။ ကာယပညာသည် သူ့ပညာရေးလမ်းကြောင်းတလျှောက် ထုတ်ပယ်စာရင်းထဲ၌ အမြဲနံပါတ်တစ်ဖြစ်နေခဲ့၏။
ကျောင်းတွင် ရေကူးကန်နှစ်ကန်ရှိသည်။ မိုးလုံလေလုံနှင့် မိုးလုံလေလုံမဟုတ်သည့် ရေကူးကန်ဖြစ်သည်။ သူ ပုံမှန်လေ့ကျင့်ရန်အတွက် ရွေးချယ်ထားသော ရေကူးကန်မှာ မိုးလုံလေလုံသည့်ကန်ဖြစ်၏။ ကျန့်ချီရောက်သွားသောအခါ ရေကူးဘောင်းဘီအတိုများဝတ်ထားသော ယောက်ျားလေးများစွာ ရေကန်ဘေးတွင် စုဝေးနေကြပြီး အဝတ်လဲခန်းထဲတွင်လည်း လူအနည်းငယ်က အဝတ်အစားများ လဲနေကြရင်း စကားစမြည်ပြောနေကြသည်။
ကျန့်ချီသည်လည်း သော့ခတ်ထားသော သူ့ကိုယ်ပိုင်ဗီဒိုကို ဖွင့်လိုက်သည်။ သူ အင်္ကျီကို လဲနေချိန်တွင် သူ့ပတ်ဝန်းကျင်မှ ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်ကို သတိထားမိလိုက်၏။ စက္ကန့်အနည်းငယ်ကြာသည်နှင့် အသံတစ်သံမှ မကြားရတော့ပေ။
သူလည်း တံခါးဘက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ တိတိကျကျ ပြောရလျှင် တံခါးမှ ဝင်လာသောဝမ်ချွမ်ကို မြင်လိုက်ရ၏။ သူ၏ ထိုချောမောလွန်းသော မျက်နှာထားမှာ အေးစက်နေဆဲပင်။ ကျန့်ချီနှင့် ရုတ်ချည်း တိတ်ဆိတ်သွားသော လူအုပ်ကို ကျော်ဖြတ်ပြီး ဝမ်ချွမ်က သူ့ဗီဒိုဆီသို့ လျှောက်သွားကာ ကျောင်းယူနီဖောင်းအင်္ကျီကို ချွတ်ချလိုက်သည်။
ကျန့်ချီကို အံ့အားသင့်စေသည်မှာ ဝမ်ချွမ်တွင် သူ၏မျက်နှာအသွင်အပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ကြွက်သားများရှိနေခြင်းပင်။ သူ့ရင်ဘတ်တစ်လျှောက်တွင် ရင်အုပ်ကြွက်သားများရှိနေပြီး ခါးအောက်ပိုင်းတွင်လည်း သိုဝှက်ထားသော ခါးလျစ်ကြောများဖြင့် သွယ်လျနေသည်။ သို့သော်လည်း ကျန့်ချီ၏အာရုံကို အမှန်တကယ်ဖမ်းစားလိုက်သည်မှာ သူ့ခန္ဓာကိုယ်ပေါ်မှ ထူထဲနေသော ဒဏ်ရာများနှင့် အညိုအမဲကွက်များဖြစ်ပြီး ထိုဒဏ်ရာများသည် ကြွက်သားတိုင်းကို ဖုံးလွှမ်းနေသည်ပင်။
အချို့နေရာများဆိုလျှင် ညကမှ အသစ်စက်စက် ထပ်ရထားသလိုပင် နီရဲနေသည်ကို တွေ့ရသည်။
ညကလား…။
ဝမ်ချွမ်က တစ်ခုခုကို သတိပြုမိလိုက်သကဲ့သို့ ကျန့်ချီ၏ မျက်ဝန်းများရှိရာကို ပစ်မှတ်တစ်ခုသဖွယ် စိုက်ကြည့်လိုက်ရာ ကျန့်ချီတစ်ယောက်ချက်ချင်း အကြည့်လွှဲရန် အချိန်မရလိုက်ပေ။
ကျန့်ချီသည် ဝမ်ချွမ်၏ ထိုမျက်ဝန်းများကို ဒုတိယအကြိမ် စူးစမ်းကြည့်ရှုမိခြင်းဖြစ်၏။ သေချာသည်မှာ ထိုမျက်ဝန်းများသည် အေးစက်စက် သွေးအေးသတ္တဝါများ၏ မျက်လုံးများနှင့်တူပြီး ခြောက်ခြားစေသောအသွင်နှင့် သေစေနိုင်သော အဆိပ်များ ထုတ်လွှတ်နေသည်။
ကျန့်ချီသည် ထိုအခြေအနေကို ဖြိုခွဲရန် တစ်ခုခုပြောသင့်သည်ဟု တွေးလိုက်သည်။ သို့သော် ညကမှ လျစ်လျူရှုခံခဲ့ရသည့် စကားလုံးများကို ပြန်တွေးမိပြီး စက္ကန့်အနည်းငယ်မျှ တွန့်ဆုတ်သွားကာ တိတ်ဆိတ်စွာပင် သူ့အကြည့်များကို ရုပ်သိမ်းလိုက်တော့သည်။
သူသည် ကျန်းယန်၏ ‘လူထူးဆန်း’ ဟူသော စကားကို သတိရသွားသည်။ ထိုလူထူးဆန်းက နှောင့်ယှက်ခံရသည်ကို မကြိုက်ပေ။ ထို့ကြောင့် သူ့ကိုယ်သူ အမုန်းခံရအောင် မလုပ်သင့်ပေ။
“ကောင်းပြီ၊ သွေးပူလေ့ကျင့်ခန်းပြီးပြီ” နည်းပြက ဝီစီမှုတ်ပြီး လူတိုင်းကို ပြောလိုက်သည်။ “ပထမဆုံး မီတာ400 ကူးရမယ်။ ပထမတန်းကလူတွေ အရင်လာ၊ ပြီးရင် ရေကူးကန်ထဲမှာ လွတ်လွတ်လပ်လပ် ရေကူးလို့ရတယ်။ ပြိုင်လမ်းထဲကိုတော့ မဝင်ကူးမိဖို့ သတိထားကြဦး။”
ကျန့်ချီသည် နောက်ဆုံးအုပ်စုတွင် ပါဝင်သောကြောင့် အတန်ကြာစောင့်ဆိုင်းရသည့် လုပ်ငန်းစဉ်သည် အနည်းငယ် ပျင်းရိဖွယ်ကောင်းလှသည်။ ကျန်းယန်က တင်းနစ်ကို ရွေးချယ်ခဲ့သည်။ သူဘေးမှာ စကားပြောမည့်အဖော် မရှိနေသောကြောင့် သူသည် သွေးပူလေ့ကျင့်ခန်းများကိုသာ ထပ်တလဲလဲလုပ်နေရပြီး ရေကူးကန်ပတ်လည်ရှိ လူများကို တချက်တချက် စောင့်ကြည့်နေလိုက်၏။
ခပ်ဝဝ ကောင်လေးတစ်ယောက်သည် ရေကူးနေရင်း လမ်းတစ်ဝက်တွင် ပျင်းရိလာပုံရသည်။ နည်းပြကလည်း တဝီဝီဖြင့် ဝီစီမှုတ်ပြီး အဆက်မပြတ် တိုက်တွန်းနေ၏။ အဝတ်လဲခန်းတွင် ခုနက စကားပြောနေသည့်လူအနည်းငယ်သည် ဆက်လက်လေပေါနေကြသည်။ သူတို့စကားဝိုင်းထဲတွင် မြင်းစီးပြိုင်ပွဲအကြောင်း ပြောနေသံ ထွက်လာရာ ကျန့်ချီသည် စာပေကလပ်တွင် ရှောက်ဟန့်နှင့်တခြားနှစ်ယောက် ပြောနေကြသည်ကို ပြန်သတိရသွားသည်။
အကြည့်လွှဲလိုက်ရာ သူ့လိုပင် တစ်ယောက်တည်း စောင့်ဆိုင်းနေသော ဝမ်ချွမ်သည် တဖက်သို့ မျက်နှာမူလျက်ရှိပြီး သူ့ဆံပင်ရှည်များသည် ကျောပြင်တွင် ပြန့်ကြဲနေတော့သည်။ သူ့ကျောပြင်သည် ဖြူဖွေးရှင်းသန့်နေပြီး သန်မာကြံ့ခိုင်ပုံရကာ ပြောင်ရှင်းနေသည်။ မိန်းကလေးတစ်ဦး၏ နူးညံ့မှုနှင့် ယောက်ျားတစ်ဦး၏ သန်မာမှုတို့သည် သူ့ကျောပြင်ကျယ်တွင် ရောယှက်ပေါင်းစပ်နေပုံရသည်။ ကျန့်ချီလည်း ခပ်ကြာကြာ စိုက်ကြည့်နေမိတော့သည်။ လူတိုင်း အလှအပကို နှစ်သက်ကြသည်။ သူသည် အဖြောင့်ဖြစ်သော်လည်း ယောက်ျားအချင်းချင်း ဝမ်ချွမ်၏ကိုယ်လုံးကို လေးစားသည့်စိတ်ကို မတားဆီးနိုင်ခဲ့ပေ။
ဝီစီသံထွက်ပေါ်လာပြီး လူတိုင်း သတိမထားမိလိုက်ခင်မှာပင် ဝမ်ချွမ် ရေထဲသို့ ထိုးဆင်းသွားသည်။
သူ့လက်မောင်းများသည် လိပ်ပြာများကဲ့သို့ လျင်မြန်စွာ ကူးခတ်နေရာ လှိုင်းလုံးများသည်ပင် လှပပြီး တိကျသည့် ကွေးညွှတ်မှုများဖြင့် ထွက်ပေါ်လာ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း သူသည် ဝေးဝေးလံလံ ရောက်နေပြီဖြစ်သည်။ သူ၏လိပ်ပြာဖျံရိုးများသည် ရေကူးကန်ထဲ ရောက်နေသည့်တိုင် အသက်ရှူရန်ပြန်တက်လာတိုင်း သိသိသာသာ ပေါ်လွင်နေသည်။ သူ့လက်မောင်းများ ရေလှိုင်းများကို ရိုက်ခတ်လိုက်သည့်အခါတိုင်း သူ၏ကြွက်သားများ တင်းမာသွားပုံရသည်။
ကျန့်ချီသည် သူ့ပတ်ဝန်းကျင်တွင် စကားပြောသံမရှိတော့ကြောင်း သတိပြုမိသွားပြီး ထိုလေပေါနေသူများသည် ဝမ်ချွမ်၏ ဘယ်လက်ဖြင့် ရေကူးကန်၏ကမ်းကိုထိသွားသည်အထိ ကူးခတ်သွားသည်ကို အသက်ရှူဖို့ပင်မေ့လျော့နေကြသည်အထိ မျက်စိမလွှဲတမ်း စိုက်ကြည့်နေကြသည်။ နည်းပြပင် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ဘဲ အချိန်မှတ်စက်ကို နှိပ်လိုက်သည်။ “၄ မိနစ်နဲ့ ၁၂ စက္ကန့်၊ ပြီးခဲ့တဲ့တစ်ခေါက်ကထက် ပိုတိုးတက်လာတယ်။”
ဝမ်ချွမ်သည် စိုစွတ်နေသောဆံသားများကို နဖူးမှ သပ်ဖယ်လိုက်သည့်တိုင် သူပျော်နေသလား၊ စိတ်ဆိုးနေသလားဆိုတာကို မခန့်မှန်းနိုင်ကြပေ။ လက်မောင်းနှစ်ဖက်ကို အားပြုပြီး ရေကူးကန်မှ ထွက်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများတစ်လျှောက် ရေစက်များက မြေပြင်ပေါ်သို့ စီးကျလာကာ ရေပွက်ငယ်တစ်ခု ဖြစ်ပေါ်လာစေသည်။
နည်းပြက ဝီစီကို ထပ်မှုတ်လိုက်သည်။ ယခုတစ်ကြိမ်တွင် ကျန့်ချီသည် အာရုံစိုက်ကာ အားလုံးနှင့်အတူ ရေထဲသို့ ထိုးဆင်းသွားသည်။ ရေကူးပြီးနောက် ကျန့်ချီသည် သူ့ဝင်သက်ထွက်သက်ကို ချိန်ညှိပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူက ပထမဆုံးရောက်ခဲ့သည်ပင်။
“ကောင်းတယ်” ဆရာသည် ကျန့်ချီ၏ ရေကူးစွမ်းရည်ကို အနည်းငယ်အံ့သြသွားပုံရသည်။ “မင်း အရင်က လေ့ကျင့်ဖူးလား။”
ကျန့်ချီက “ကျွန်တော့်မိသားစုက ပင်လယ်နားမှာနေတော့ မကြာခဏ ရေထဲဆင်းဖြစ်ပါတယ်” ဟု ဖြေလိုက်သည်။
မီတာ ၄၀၀ ကူးခတ်ပြီးနောက် ကျန်အချိန်များသည် ရေကန်ထဲတွင် လွတ်လွတ်လပ်လပ် ရေကူး၍ရသည်။ ကျန့်ချီသည် အချိန်အတော်ကြာအောင် လေ့ကျင့်ခန်းမလုပ်ဖြစ်ခဲ့သောကြောင့် အကြိမ်အနည်းငယ်မျှ ထပ်ကူးပြီးမှ အဝတ်လဲခန်းသို့ ပြန်လာပြီး ရေချိုးလိုက်သည်။
သူသည် သူ့ခါးတွင် ရေချိုးသဘက်ကို ပတ်ထားပြီး သူ့ဆံပင်များကို သုတ်နေလျက် တစ်ယောက်တည်း ရေချိုးခန်းမှ ထွက်လာသည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ ဝမ်ချွမ်သည် သူ့ဘက်သို့ လျှောက်လာသည်ကို တွေ့ရသည်။
ကျန့်ချီသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ အရှိန်ကို လျှော့လိုက်မိသည်။ အရင်လိုပဲ လျစ်လျူရှုထားသင့်သလား သို့မဟုတ် တခြားနည်းဖြင့် တုံ့ပြန်သင့်သလားဆိုတာ သူမသိပေ။
ဝမ်ချွမ်သည် ရေကူးကန်သို့ အသွားအပြန်တစ်ခေါက်သာ ရေကူးပြီးနောက် ကမ်းပေါ်တွင် နားနေသည်ကို သူ သတိထားမိခဲ့သည်။ သူ့ကြည့်ရတာ အနည်းငယ် ပင်ပန်းနေပုံရသည်။ ၎င်းသည် ဒဏ်ရာများ ကြောင့် သို့မဟုတ် အခြားအကြောင်းများကြောင့် ဖြစ်နိုင်သည်။
ကျန့်ချီ ထိုအကြောင်းကို စဉ်းစားရင်း ဘေးသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ၏ မျက်လုံးများက တဖက်၏ ခန္ဓာကိုယ်ပေါ်ရှိ အညိုအမဲဒဏ်ရာပေါ်တွင် ခဏတာ ရပ်တန့်သွားသည်။ သူအတန်ကြာ စဉ်းစားပြီးနောက် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူ့ကိုတားလိုက်၏။
“မင်းဒဏ်ရာ အဆင်ပြေရဲ့လား” ကျန့်ချီ ထုတ်မေးလိုက်မိသည်။
“ငါ့အိတ်ထဲမှာ လိမ်းဆေးပါတယ်”
နှစ်ပေါင်းများစွာ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရသောကြောင့် ကျန့်ချိန်ချောင်၏ ခါးသည် သိပ်မကောင်းတော့ပေ။ သူသည် အိမ်တွင် ချော်လဲတိုင်းသုံးရန် လိမ်းဆေးကို အမြဲဆောင်ထားတတ်ပြီး ကျန့်ချီမထွက်ခွာခင်ကလည်း သူ့အိတ်ထဲတွင် အများအပြား ထည့်ပေးလိုက်၏။
ကျန့်ချီသည် သူရေကူးစဉ် ကြွက်သားများ တင်းမာမှု မဖြစ်စေရန် ထိုဆေးကို ယူလာခဲ့ခြင်းဖြစ်သော်လည်း ဝမ်ချွမ်က သူ့ထက် ပိုလိုအပ်နေသည်ဟု ခံစားရသည်။
ဝမ်ချွမ်က သူ့ကို ပြန်ကြည့်လိုက်စဉ် သူ့မျက်လုံးများက အေးစက်နေကာ သူ့စိတ်အခြေအနေက ပျော်ရွှင်နေသလား၊ စိတ်ဆိုးနေသလားဆိုတာ မခန့်မှန်းနိုင်ခဲ့ပေ။ “မလိုဘူး။”
ကျန့်ချီသည် ထပ်ငြင်းခံရခြင်းကြောင့် ရှက်ရွံ့ခြင်းမရှိပေ သို့မဟုတ် ထိုအဖြေကို ကြားရန် သူအသင့်ဖြစ်နေခဲ့သည်ဟု ဆိုရမည်။
သူသည် ဝမ်ချွမ်ကို သတိထားမိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအချိန်တွင် မပြောပါက တစ်ဖက်လူက တခြားအရာတစ်ခုဟု ထင်မြင်သွားနိုင်သည်။
“လိုအပ်ရင် ငါ့ဆီက ယူလို့ရတယ်” ဟုကျန့်ချီ က ထပ်ပြောလိုက်သည်။ “ဒါမှမဟုတ် ဆေးပေးခန်းကို သွားလိုက်ပါလား။”
ဝမ်ချွမ်က အဖြေပြန်မပေးဘဲ သူ့ကို ကျော်သွားကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ခဏအကြာတွင် ရေကျသံများ ထွက်ပေါ်လာသည်။
စာရေးသူမှာ ပြောစရာရှိပါသည် –
ဝမ်ချွမ် : သူက ငါ့အာရုံကို ဖမ်းစားချင်နေတာပဲ။
ကျန့်အဖြောင့်ချီ : ?
Chapter 7 ended
Chapter 8 အတင်းအဖျင်းများ
နှစ်ရက်ကြာပြီးနောက် နံနက်ခင်းတွင် အဆင့်မြင့်သင်္ချာ စာမေးပွဲရလဒ်များ ထွက်ပေါ်လာပြီး၊ ကျန့်ချီ သည် အတန်းမစမီကပင် စိတ်မသက်မသာ ဖြစ်လာသည်။
သူ၏အမှတ်များအတွက် စိုးရိမ်ပူပန်ခြင်းမှာ ရှားသော်လည်း၊ ဤသည်မှာ စိန့်စတန်၏ စာမေးပွဲတွင် သူပထမဆုံးပါဝင်ခြင်းဖြစ်သောကြောင့် အခြားသူများ၏ စွမ်းဆောင်ရည်ကို မသိသေးသရွေ့ သူပေါ့ပေါ့တန်တန် နေ၍မရပေ။
ဆရာဝမ်ယောင်သယ်တွင် ကျဲပါးသောမီးခိုးရောင်ဆံပင်များ ရှိပြီး သူ၏ ပိုလိုရှပ်အင်္ကျီအောက်ပိုင်းကို ထူထဲသော ခါးပတ်ထဲသို့ ထည့်ထားတတ်သည်။ သူသည် လည်ချောင်းကို ရှင်းလိုက်ပြီး အောက်ခြေမှ အပေါ်သို့ ဖတ်ပြလိုက်သည်။
“…တတိယနေရာ ချန်ကျောက်ဟွေ့၊ ဒုတိယနေရာ ဝေ့အန်း၊ ပထမနေရာ” ဝမ်ယောင်သယ် သည် ထိုအချိန်တွင် ရပ်တန့်လိုက်ပြီး အတန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်သည်၊
“ပထမနေရာ- ကျန့်ချီ။ ဒါက ငါတို့အတန်းအတွက် တစ်ကျောင်းလုံးရဲ့ အဆင့်မြင့်သင်္ချာစာမေးပွဲမှာ နေရာနှစ်နေရာကို ရယူနိုင်တာ ပထမဆုံးအကြိမ်ပဲ။ အရမ်းကောင်းပါတယ်။ အားလုံး ချန်ကျောက်ဟွေ့ နဲ့ ကျန့်ချီ ကို လက်ခုပ်တီးပြီး အားပေးကြပါ၊ အထူးသဖြင့် ကျန့်ချီ ကိုပေါ့။ ဒီလိုကောင်းမွန်တဲ့ ရလဒ်ကို အတန်းအတွက် သူ ပထမဆုံး စာမေးပွဲဖြေဆိုချိန်မှာ ရရှိခဲ့တာပဲ။”
လက်ခုပ်သံများ ထွက်ပေါ်လာသည်။ တချို့က ပျင်းရိစွာ၊ တချို့က အလေးအနက်ထားပြီး၊ အများစုမှာတော့ နောက်ဆုံးတန်းတွင် ထိုင်နေသည့် ကျန့်ချီဆီသို့ အာရုံစိုက်လာကြ၏။
ဤသည်မှာ ကျန့်ချီ ကို ခဏတာ စိတ်မသက်မသာ ဖြစ်စေခဲ့သော်လည်း သူ သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။
သူသည် စာမေးပွဲစာရွက်ကို အတန်းဖော်တစ်ဦးဆီမှ ယူလိုက်ရာ သေးငယ်သော အမှားတစ်ခုကြောင့် နှစ်မှတ် နုတ်ယူခံထားရသည်ကို တွေ့လိုက်ရသည်။ တတိယနေရာရရှိသော ချန်ကျောက်ဟွေ့ သည် လေးမှတ် နုတ်ခံရသည်ဟု ကျန့်ချီ ကြားသိရသဖြင့် ထိပ်ဆုံးသုံးနေရာ၏ အမှတ်များသည် တစ်မှတ်စီ လျော့သွားသည်ဟု ထင်ရသည်။ ပေါ့ပေါ့တန်တန် သဘောထားရန်မှာ စောလွန်းနေသေး၏။
ဝမ်ယောင်သယ်သည် စာမေးပွဲစာရွက်ကို ရှင်းပြပြီးနောက် ခေါင်းလောင်းမြည်လာသည်။ စီးပွားရေးပညာ အတန်းသို့ သွားရာလမ်းတွင် ကျန့်ချီသည် စင်္ကြံ၌ ချဉ်းကပ်လာသောဝေ့အန်းနှင့် တွေ့ဆုံခဲ့သည်။ သူ၏ မနှစ်မြို့ဖွယ်မျက်နှာကို အဝေးမှပင် မြင်နိုင်၏။
နှုတ်ဆက်ရမလား မနှုတ်ဆက်ရဘူးလားဟု သူတွေဝေနေချိန်တွင် ဝေ့အန်းမှာ ရုတ်တရက် ခေါင်းမော့လာသည်။ ကျန့်ချီသည် အလိုအလျောက် ပြုံးလိုက်သော်လည်း ဝေ့အန်းမှာ တစ်စုံတစ်ရာဖြင့် ထိုးနှက်ခံလိုက်ရသကဲ့သို့ ခေါင်းငုံ့ကာ လျှောက်သွားပြီး သူဖြတ်သွားစဉ်၌ သူ့ပခုံးကို ပြင်းထန်စွာ တိုက်သွား၏။
ကျန်းချီသည် ဤအရာကို မထင်ထားသောကြောင့် နှစ်လှမ်းလောက် တိမ်းစောင်းသွားပြီး အံ့သြရမလား၊ ဒေါသထွက်ရမလား မသိဘဲ စက္ကန့်အနည်းငယ်ကြာ ငြိမ်သက်သွားသည်-လူလေးယောက် ဘေးချင်းယှဉ်လျှောက်နိုင်လောက်အောင် ကျယ်ဝန်းသောစင်္ကြံတွင် လူတစ်ဦးကို ရှောင်ကွင်းသွားရန် မဖြစ်နိုင်သည် မဟုတ်ပေ။
သူသည် အခြားသူများကို မကောင်းသောရည်ရွယ်ချက်ဖြင့် ထင်မြင်ယူဆချင်စိတ် မရှိခဲ့သော်လည်း၊ ဝေ့အန်း၏ပြီးခဲ့သည့်အကြိမ်က ပြင်းထန်သောစကားကြောင့် ကျန့်ချီအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု မသင်္ကာဘဲနေရန် ခက်ခဲသည်။
“ကျန့်ချီ၊ ဒီမနက် ဘာဖြစ်သွားတယ်ဆိုတာ မင်း လုံးဝမသိလောက်ဘူး။”
နေ့လယ်စာစားချိန်အတွင်း ကျန်းယန်သည် အစာစားဖို့ပင် အချိန်မရှိဘဲ အတင်းအဖျင်းများကို ပြောဆိုနေသည်-
“ဝေ့အန်းက သင်္ချာအတန်းထဲမှာ အရမ်းရှက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ကြုံခဲ့တယ်တဲ့။ သူ့ပတ်ပတ်လည်မှာ လူတွေအများကြီးရှိပေမဲ့ ဘယ်သူမှ သူ့ကို မကူညီခဲ့ကြဘူး။ သူတို့အားလုံး ပျော်ရွှင်နေကြတယ်လို့ ငါထင်တာပဲ။ ဟုတ်သားပဲ၊ ဝေ့အန်းက အထူးကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျောင်းမှာ နာမည်ကျော်တစ်ယောက် ဖြစ်တယ်ဆိုတာ မင်းကိုပြောဖို့ ငါမေ့နေခဲ့တာ။”
ကျန့်ချီ ပြောသည်၊ “ငါ သူ့ကို သိပါတယ်၊ သူက ငါ့ရဲ့အခန်းဖော်လေ။”
ဤသည်မှာ ကျန်းယန်၏ အပြုံးကို မျက်နှာတွင် ရုတ်တရက် ရပ်တန့်သွားစေပြီး သူပြောလိုက်သော စကားလုံးများကို ပြန်မျိုချချင်သော ရှက်ရွံ့သည့် အမူအရာမှာ ကျန့်ချီကို ရယ်မောစေခဲ့၏။ သူ၏စိတ်နှလုံးသည်လည်း နွေးထွေးလာသည်၊ “ရပါတယ်၊ ပြောပါ။ ငါ သူ့နဲ့ မရင်းနှီးပါဘူး။”
“ကောင်းတာပေါ့” ကျန်းယန်က သက်ပြင်းကြီးစွာချလိုက်ပြီး မနှစ်မြို့ဖွယ်ရာ မှတ်ဉာဏ်အချို့ကို သတိရနေသကဲ့သို့ နဖူးကိုတွန့်ချိုးကာ သတိပေးလိုက်သည်၊
“မင်းလည်း နောင်မှာ သူ့ကိုသိပ်မခင်ဖို့ သတိရထားပါ။ သူက အထူးကျောင်းဝင်ခွင့်ရသူတွေထဲမှာ… မဟုတ်ဘူး၊ အထူးကျောင်းဝင်ခွင့်ထဲမှာတင် မဟုတ်ဘူး၊ တစ်ကျောင်းလုံးမှာ သူ့ရဲ့ဂုဏ်သတင်းက အရမ်းဆိုးတယ်။ အထက်တန်းပထမနှစ်စကတည်းက အထူးကျောင်းဝင်ခွင့်ရသူအသိုင်းအဝိုင်းထဲမှာ ဂိုဏ်းဖွဲ့ခဲ့တယ်လေ။ လူအုပ်စုလိုက်က သံသယရှိသူတွေချည်းပဲ။ တစ်နည်းအားဖြင့် သူတို့က ချမ်းသာတဲ့သူတွေကို မုန်းတီးတယ်။ လူတန်းစားခွဲခြားမှုကို ဆန့်ကျင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး ပြဿနာတွေ အများကြီး ရှာခဲ့တာ။ မူလကတော့ ပြဿနာသေးသေးလေးတွေပဲလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ရှောက်ဟန့်ကို သွားစိန်ခေါ်မိပြီးတော့…”
ကျန်းချီသည် ထိတ်လန့်သွားပြီး “အဖွဲ့ဖွဲ့ခဲ့တယ်?”
“ဟုတ်တယ်!”
ကျန်းယန်သည် ထိုမြင်ကွင်းကို ပြန်အမှတ်ရပြီး ခေါင်းခါမိသည်။ “ပြီးတော့ အဲဒီအဖွဲ့လေးက ချက်ချင်း ဖျက်သိမ်းခံရပြီး တချို့ပြဿနာဖြစ်ခဲ့တဲ့သူတွေကို ကျောင်းကနေ ထုတ်ပစ်ဖို့ အမိန့်ပေးခံလိုက်ရတယ်။ ဝေ့အန်းကတော့ သူ့ရဲ့အမှတ်ကောင်းလို့သာ ဆက်နေနိုင်ခဲ့တာ၊ ပြီးတော့အမှားတွေကို အခြားသူတွေအပေါ် ပုံချလိုက်တာကြောင့် ကျောင်းကနေ အထုတ်မခံခဲ့ရဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ထျန်းချီယဲ့ ဘာဖြစ်သွားတယ်ဆိုတာ မင်းသိလား?။ ငါ မင်းကိုပြောပြတဲ့ ICU ကို ပို့ခံခဲ့ရတဲ့ အထူးကျောင်းသားပေါ့။ ရှောက်ဟန့်အကြောင်း ကောလိပ်ဖိုရမ်နဲ့ HS မှာ ကောလာဟလတွေ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖြန့်ခဲ့လို့ နောက်ဆုံးမှာ အရိုက်ခံရပြီး ကျောင်းကနေ ထွက်ခဲ့ရတာ။ သူလည်း အဲဒီအဖွဲ့ရဲ့အဖွဲ့ဝင် ဖြစ်ခဲ့တာပဲ။”
ပိန်ပိန်ပါးပါးနှင့် သာမန်ပုံပေါက်သော ဝေ့အန်းတွင် ဤကဲ့သို့အတိတ်မျိုး ရှိခဲ့သည်ဆိုတာကို စိတ်ကူးဖို့ ခက်ခဲလှ၏။ ကျန့်ချီအတွက် ဤအချက်အလက်များကို နားလည်ရန် မိနစ်ဝက်ခန့် အချိန်ယူခဲ့ရသည်၊ “ရှောက်ဟန့် နဲ့ သူ ဘယ်လို စပြီး ပြဿနာဖြစ်ခဲ့တာလဲ?”
“အင်းးး….” ကျန်းယန်သည် ဘေးဘီသို့ ဝေ့ကြည့်ပြီး ရှေ့ကိုကိုင်းလာကာ အသံကို နှိမ့်လိုက်၏။
“ရှောက်ဟန့်ရဲ့အဖေက နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်တစ်ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရေးအတိုင်ပင်ခံညီလာခံ (CPPCC) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ပြီးတော့ တော်လှန်ရေးသမိုင်းနောက်ခံလည်း ရှိတယ်၊ ဒါကြောင့် တခြားသူတွေက သူ့ကို ‘မင်းသား’ လို့ တိတ်တိတ်လေးခေါ်ကြတာ။ တကယ်တော့ ဒါက ချဲ့ကားပြောတာ မဟုတ်ဘူး။ အဲဒီတုန်းက ဝေ့အန်းရဲ့အဖွဲ့ကလည်း သူ့အဖေက အကျင့်ပျက်ခြစားတယ်၊ပြည်သူကို ခေါင်းပုံဖြတ်တယ်ဆိုပြီး ကောလာဟလတွေ ဖြန့်ခဲ့တာ။ ဒါက နှုတ်နဲ့ပဲ ပြောတဲ့ ကောလာဟလ ဖြစ်ပြီး သက်သေရှာဖို့က ခက်တယ်။ ဒီလိုမျိုး နိုင်ငံရေးကောလာဟလတွေက သာမန်ကောလာဟလ မဟုတ်ဘူး၊ ဒါကြောင့် အဲဒီအုပ်စုရဲ့ အဆုံးသတ်က ကြောက်စရာကောင်းခဲ့တယ်လေ။”
“ရှောက်ဟန့်ရဲ့အဖေ…”
“ရှူး၊ အဲဒါကိုမပြောနဲ့” ကျန်းယန်သည် စိုးရိမ်တကြီး ပြောလိုက်၏။ “ရှောက်ဟန့်က သူ့မိဘအကြောင်းကို လူတွေပြောတာ အမုန်းဆုံးပဲ။ ကျောင်းမှာ သူ့ကို လိုအပ်လို့ အလိုလိုက်ချင်တဲ့သူတွေလည်း ရှိတယ်။ သူတို့က မင်း ရှောက်ဟန့်အကြောင်းပြောတာကို ကြားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်။”
ကျန့်ချီသည် ခေါင်းညိတ်ပြီး စကားလမ်းကြောင်းကို သင့်လျော်စွာ ပြောင်းလိုက်၏။ “ခုနက မင်း ငါ့ကို ဘာပြောချင်တာလဲ?။ ဝေ့အန်းဘာဖြစ်သွားတာလဲ?”
ဤမေးခွန်းမှာ ကျန်းယန်အား ရှုပ်ထွေးမှုတွေအားလုံးကို ခဏမေ့သွားစေပြီး ခုနက စိတ်ဝင်စားစရာကောင်းသည့်ပုံပြင်ကို ဆက်ပြောရန် သူ့ကို တွန်းအားပေးစေ၏။ သူက စိတ်ဝင်တစားနှင့် ပြောလိုက်သည်-
“အဆင့်မြင့်သင်္ချာ စာမေးပွဲက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ မဟုတ်လား?။ အင်း၊ မနက်မှာ ရလဒ်တွေ ထွက်လာတယ်။ ဝေ့အန်းက ပထမနေရာမှာ မပါဘူး။ သူ့ရဲ့အဆင့်ကို သိလိုက်ရတဲ့အချိန်က ရယ်စရာကောင်းလောက်တဲ့သူ့မျက်နှာကြီးကို မင်း မြင်လိုက်သင့်တာ။ မည်းမည်းစိမ်းစိမ်းနဲ့။ အရမ်းရယ်ရတယ်”
ကျန်းယန် ဤသို့ပြောသည့်အခါ သူ့မျက်နှာတွင် စိတ်သက်သာရာရသည့်ဒေါသဆိုသော စကားလုံးနှစ်လုံးကို ရေးထားသည့်နှယ်။
“ဒီအတန်းမှာ သူက အမြဲ ပထမရနေကြ၊ ပြီးတော့ နေ့တိုင်း စာကိုပဲ တစ်စိုက်မတ်မတ် ကြိုးစားတယ်၊ အမှတ်ကို သူ့ဘဝလို သဘောထားတာ။ ဒုတိယနေရာက သူ့ရဲ့ ကြွပ်ဆတ်တဲ့စိတ်ကို ချေမှုန်းပစ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?။ ကျန့်ချီ၊ ဒီတစ်ခါ မင်းကို တကယ်ပဲ ကျေးဇူးတင်ချင်တယ်၊ နောက်ဆုံးတော့ ငါ သူပျက်စီးသွားတာကို မြင်ရပြီ။ မင်းသိလား၊ ငါ အထက်တန်းပထမနှစ်တုန်းက သူတို့ရဲ့ အဖွဲ့ငယ်လေးကြောင့် ဒေါသထွက်ခဲ့ရတာ။ ငြိမ်းချမ်းရေးက အဖိုးအထိုက်ဆုံးအရာဖြစ်ပြီး ပြဿနာတွေကို နည်းစေတယ်လို့ ငါ့အဖေကသာ အမြဲဆုံးမ,မနေဘူးဆိုရင် ငါ သူ့ကို ရိုက်ပစ်မိမှာ။”
စင်္ကြံ၌ မတော်တဆ တိုက်မိသွားသည့်အကြောင်းရင်းကို ကျန့်ချီ နောက်ဆုံးတွင် နားလည်သွားပြီး ရုတ်တရက် အားမလိုအားမရဖြစ်ကာ သက်ပြင်းချလိုက်သည်။
အမှတ်ကြောင့် စိတ်ဓာတ်ကျနေတဲ့သူတွေကို သူ မမြင်ဖူးသည် မဟုတ်သော်လည်း၊ အမှတ်ကြောင့် တစ်စုံတစ်ယောက်မှာ သူ့ကို ရန်လိုခြင်း သို့မဟုတ် လက်စားချေခြင်း ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
အနာဂတ်တွင် ဝေ့အန်းနှင့်တစ်နှစ်ခန့် အတူတူနေရမည်ဟု တွေးလိုက်သည့်အခါ အဆောင်၏အနာဂတ်ငြိမ်းချမ်းရေးအတွက် သူ စတင်စိုးရိမ်လာခဲ့ပြီပင်။
“ကျန့်ချီ!”
ကျန်းယန်နှင့် နှုတ်ဆက်ပြီးနောက် ကျန့်ချီသည် ကန်တင်းမှမထွက်ခွာမီ ဤအသံဖြင့် ရပ်တန့်ခံလိုက်ရသည်။
သိပ်မဝေးသောနေရာမှ ပိုင်ရှီယွီသည် သူ့ကို လက်ပြကာ ပြေးလာ၏။ ကျန့်ချီသည် နေရာတွင် ရပ်လိုက်ရသည်။ သူ၏ပတ်ဝန်းကျင်မှ လူအချို့သည် ပိုင်ရှီယွီကို ပေါ်ပေါ်ထင်ထင် ကြည့်နေကြပြီး တိုးတိုးတိတ်တိတ် တစ်စုံတစ်ခုကို ပြောနေကြသည်ကို သူသတိထားမိလိုက်ပြီး စကားအနည်းငယ်ကိုလည်း ကြားလိုက်ရ၏။
“ဒီအထူးကျောင်းသားက ရှောက်ဟန့်ကို ကပ်တွယ်နေတဲ့အပြင်၊ အတန်းထဲမှာ ဝမ်ချွမ်ကိုပါ ဖြားယောင်းဖို့ ကြိုးစားသေးတယ်။ အရမ်းကို မျက်နှာပြောင်တိုက်တာပဲ၊ သူ့ရဲ့ နောက်ခံအခြေအနေကိုတောင် မကြည့်ဘူး၊ ဒါမှမဟုတ် BC တွေရဲ့အဆင့်အတန်းက ဘယ်လိုမျိုးလဲဆိုတာကိုတောင် မကြည့်ဘူး။”
“ဒီလိုလုပ်ရင် BC တွေရဲ့ အာရုံစိုက်မှုကို တကယ်ရလိမ့်မယ်လို့ သူ ထင်နေတာလား? အချစ်ဇာတ်လမ်းတွေ ကြည့်ရင်းနဲ့ ဦးနှောက်သေသွားတာလား မသိဘူး။”
ထို့နောက် ရယ်သံများပေါ်ထွက်လာသည်။
ကျန့်ချီ၏နားထဲတွင် ထိုမကောင်းသော အတင်းအဖျင်းများ ရစ်ဝဲနေ၏။ ဆွေးနွေးခံနေရသူသည် သူမဟုတ်သော်လည်း စိတ်ထဲတွင် စိတ်မသက်မသာဖြစ်ကာ ဝင်ရောက်တားမြစ်ချင်စိတ် ပေါ်ပေါက်လာသည်။
သို့သော်လည်း သူလုပ်ဆောင်ရန် အချိန်မရသေးမီတွင် ပိုင်ရှီယွီက သူ့ရှေ့သို့ ရောက်လာခဲ့ပြီဖြစ်၏။ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများက မဖုံးကွယ်နိုင်ဘဲ အသက်ရှူသံများပင် ပြင်းထန်နေသေးသည်။ “ငါ ခုနက အတန်းဖော်တစ်ယောက်ဆီကနေ မင်း အဆင့်မြင့်သင်္ချာစာမေးပွဲမှာ ပထမရတယ်လို့ ကြားလိုက်တယ်၊ ဂုဏ်ယူပါတယ် ကျန့်ချီ။”
ကျန့်ချီသည် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်သည်။ ထိုကဲ့သို့ ပွင့်လင်းသော ချီးကျူးမှုကြောင့် သူအနည်းငယ် စိတ်မသက်မသာ ဖြစ်သော်လည်း သူသည် ညင်သာစွာပြုံးလိုက်၏ “ကျေးဇူးတင်ပါတယ်၊ မင်းမှာ ဘာကိစ္စရှိလို့လဲ?”
“ငါ မင်းကို ဂုဏ်ပြုချင်ရုံသက်သက်ပါ၊ ပြီးတော့… နောက်အတန်းချိန်မှာ အချိန်ရရင် ငါ့ကို သင်္ချာကူညီပေးနိုင်မလား?” ဟု ပိုင်ရှီယွီသည် အလျင်အမြန် ထပ်ပြောလိုက်၏၊
“မရရင်လည်း ကိစ္စမရှိပါဘူး။ ငါက မင်း တကယ်တော်တယ်လို့ ထင်လို့ပါ၊ မင်းနဲ့အတူ စာလုပ်ရင် ငါ ပိုမြန်မြန်တိုးတက်လာနိုင်မှာ သေချာတယ်။ နောက်တစ်ခါလည်း ဒီလိုကောင်းမွန်တဲ့ အမှတ်တွေ ရနိုင်မယ်လို့ မျှော်လင့်တယ်။”
ကျန့်ချီသည် ချက်ချင်း သဘောမတူသေးပေ။ သူသည် ယခုနက ပိုင်ရှီယွီအပေါ် ထိုလူများ၏ မနှစ်မြို့ဖွယ်ရာမှတ်ချက်များကို ပြန်သတိရပြီး သူ၏မျက်လုံးများက ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သည်။ သူ မှတ်မိတာသာ မှန်ကန်မည်ဆိုလျှင် ကျောင်းလမ်းပေါ်တွင် ပိုင်ရှီယွီကို သူမြင်သည့်အခါတိုင်း တစ်ဖက်လူသည် အမြဲတမ်း တစ်ယောက်တည်းဖြစ်နေသည်မှာ တိုက်ခိုက်ခံရသည့်နှယ်။ လူတိုင်းက သူ့ကို ဝိုင်းပယ်ထားသကဲ့သို့ ဖြစ်နေသည်။
“ကောင်းပြီလေ” ကျန့်ချီသည် သူ၏အတွေးများကို ရုပ်သိမ်းပြီး ခေါင်းညိတ်လိုက်သည်၊ “ငါ့မှာ နောက်အတန်းချိန်မရှိတော့ဘူး၊ စာကြည့်တိုက်သွားဖို့ စီစဉ်ထားတာ”
ဤသည်မှာ သူ၏ကြင်နာစိတ်ကြောင့်မဟုတ်သလို၊ သနားစိတ်ဟုလည်း ခေါ်မရပေ။ ကျန့်ချီသည် အစောကမြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏မူလတန်းကျောင်းတက်စဥ်က အဖြစ်အပျက်များကို သတိရသွားခဲ့ခြင်းပင်။
တကယ်တမ်းတွင် သူသည်လည်း ဝေ့အန်းနှင့်နည်းနည်းဆင်တူခဲ့ဖူး၏။ အမြဲတမ်း စာအုပ်ပုံထဲမှာသာ ခေါင်းစိုက်နေပြီး တခြားအရာတွေကို လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် သူ၏ပတ်ဝန်းကျင်ရှိပြဿနာများ ပြင်းထန်လာသည့်အချိန်မှ သတိထားမိသည့်အခါ အရမ်းနောက်ကျသွားခဲ့ပြီပင်။
ထိုလူတွေမှာ သူ့ကို ‘စာဂျပိုး’ဟု ကွယ်ရာတွင် နာမည်ပြောင်ပေးခဲ့ကြသည်။ သူ စာလုပ်နေရင်း သူတို့က ရုတ်တရက်ပခုံးကိုပုတ်ပြီး သူလှည့်ကြည့်လိုက်ချိန်တွင် လူအုပ်ကြီးတစ်စုက သူ့ကို စိုက်ကြည့်ပြီး ရယ်မောနေသည်ကို မြင်ရပေမည်။ ကန်တင်းမှာ သူ့ကို တန်းစီနေရင်း ဖြတ်ကျော်သွားပြီး ‘ကျန့်ချီ၊ မင်း စိတ်မဆိုးဘူးမလား?’ ဟုမေးခဲ့ကြသည်။
ဤသို့အဖြစ်အပျက်များမှာ ဆက်ဖြစ်ရင်းဖြစ်နေခဲ့၏။
ထိုအချိန်မှစ၍ ကျန့်ချီသည် သူ၏တည်ရှိမှုကို မည်သို့လျှော့ချရမည်ကို သင်ယူခဲ့သည်။ အခြားသူများ၏ အဖယ်ခံရခြင်းထက် သူသည် ဖောက်ထွင်းမြင်ရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ပဏာမခြေလှမ်းယူကာ ရွေးချယ်ခဲ့သည်။ တကယ်တမ်းတွင် ဤသည်မှာကောင်းသောအကြံမဟုတ်သော်ငြား သူသည် ဖြည်းဖြည်းချင်း ကြီးပြင်းလာခဲ့ပြီး ယခုလက်ရှိ ကျန့်ချီဖြစ်လာခဲ့၏။
(T/N: ရှိပေမယ့် မရှိသလိုဖြစ်တည်မှုမျိုး)
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို စတင်စကားပြောရန် သို့မဟုတ် အပြုံးတစ်ခု ပြသဖို့ ဆန္ဒရှိခဲ့လျှင်၊ သူသည် ဤကဲ့သို့ ငြင်းပယ်ခံရခြင်းကို ရှောင်ရှားရန် ရွေးချယ်ခဲ့မှာမဟုတ်ဘဲ ယခုကဲ့သို့ အေးစက်ပြီးတိတ်ဆိတ်သည့်သူမျိုး ဖြစ်လာမည် မဟုတ်ပေဟု တစ်ခါတလေ တွေးမိ၏။
ပိုင်ရှီယွီသည် ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး သူ၏ပါးပြင်နှစ်ဖက်ပေါ်တွင် ပါးချိုင့်နှစ်ခု ထွက်ပေါ်လာသည်။ “ကျေးဇူးတင်ပါတယ် ကျန့်ချီ၊ မင်းက အရမ်းကြင်နာတတ်တာပဲ!”
ကျန့်ချီသည် ဘာမှ မရှင်းပြဘဲ စာကြည့်တိုက်ဘက်သို့ လျှောက်သွားသည်။ သူ၏နှလုံးသားမှာ ရုတ်တရက် အနည်းငယ် ပိုမြန်မြန်ခုန်လာ၏။ သူသည် လူနည်းသောလူအုပ်ကြီးကို လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ သူပဲ အထင်အမြင်မှားခြင်းလားဟု တွေးတောမိသည်။
Chapter 8 ended
Chapter – 9
နေ့လယ်စာစားချိန်တွင် စာကြည့်တိုက်သည် ဖွင့်ထား၏၊ ကန်တင်းမှလာလျှင် သင်ကြားရေးအဆောက်အဦးနှစ်ခုကို ဖြတ်ကျော်ရပေမည်။ ကျန့်ချီသည် မှိန်ဖျော့စွာမြင်နိုင်သော အာရုံစိုက်မှုများကို တတ်နိုင်သမျှ လျစ်လျူရှုထားစဉ် သူ၏ဘေးမှ ပိုင်ရှီယွီ၏ စပ်စုစွာ မေးမြန်းခြင်းကို ကြားလိုက်ရ၏။ “ကျန့်ချီ မင်းဘယ်အတန်းကို ရွေးလိုက်တာလဲ? ငါ စာသင်ခန်းထဲမှာ မင်းကို မတွေ့ဘူး”
ကျန့်ချီက သူ၏သင်တန်းရွေးချယ်မှုကို ပြောပြလိုက်ပြီး “မင်းရော ဘယ်လိုလဲ?”
ပိုင်ရှီယွီက ရှက်ရွံ့စွာဖြင့် “ငါက စာပေရသ၊ ဒရာမာ၊ ဇီဝဗေဒနဲ့ သင်္ချာဘာသာရပ်ကို ရွေးခဲ့တာ ၊ ငါ့ကို မရယ်နဲ့နော် ငါ့ရဲ့သိပ္ပံပညာက အရမ်းဆိုးတယ် အဲဒါကြောင့် ကိုယ့်ကိုကိုယ် နှိပ်စက်တဲ့ဘာသာရပ်တွေကို မရွေးနိုင်ဘူး ကြည့်ရတာ ငါတို့အတန်းတွေကမထပ်ဘူးပဲ နှမြောစရာပဲ”
ကျန့်ချီသည် သူက ကျိုးနွံနေသည်ဟု ထင်လိုက်မိ၏၊ သူသာ သိပ္ပံဘာသာရပ်တွင် မတော်ပါက အလွန်တင်းကျပ်သော စိန့်စတန်ကောလိပ်သို့ ဝင်ခွင့်ရမည် မဟုတ်ပေ။
“ကိစ္စမရှိပါဘူး၊ ငါဆို ဝိဇ္ဇာဘာသာရပ်တွေမှာ မတော်ဘူး၊ ဘာသာရပ်တစ်ခုခုမှာ လိုအပ်ချက်တွေရှိနေတာက ပုံမှန်ပါပဲ”
”မင်းက ငါ့ကို နှစ်သိမ့်နေမှန်း ငါသိပါတယ်…”
“ပိုင်ရှီယွီ! ပိုင်ရှီယွီ!”
အော်သံနှစ်ခုက အနောက်ဘက်မှထွက်လာပြီး ပိုင်ရှီယွီ၏ မပြီးသေးသောစကားကို နှောင့်ယှက်လိုက်သည်။
ကျန့်ချီ လှည့်ကြည့်လိုက်ရာ မရင်းနှီးသည့်အထူးကျောင်းသားနှစ်ယောက်ကို တွေ့လိုက်ရပြီး ပိုင်ရှိယွီနှင့်သိပုံပေါ်၏။
“ငါ့ကိုခေါ်တာလား?” ပိုင်ရှီယွီက အံ့အားသင့်သွားပြီး မျက်တောင်နှစ်ကြိမ်ခန့် ခတ်လိုက်ကာ “တစ်ခုခုဖြစ်လို့လား?”
အထူးကျောင်းသားက ခြောက်သွေ့စွာခေါင်းညိတ်ပြပြီး သူ့အသံက တုံ့ဆိုင်းစွာနှင့် သိပ်မချောမွေ့ဘဲ “ငါတို့က ဇီဝဗေဒ အတန်းကို အတူတူတက်နေတာလေ မင်းမှတ်မိလား? ငါ့နာမည်က ချန်ဝေ့ပါ ဆရာဖုန့်က မင်းကို ပြောစရာတစ်ခုခုရှိလို့တဲ့ ငါ့ကိုလာပြီး ရုံးခန်းကိုခေါ်သွားခိုင်းတယ်”
“အခုလား? ဒါပေမယ့် နေ့လည်စာစားချိန်က ပြီးခါနီးပြီ” ပိုင်ရှီယွီက မဝံ့မရဲနှင့်ပြောသည်။
ချန်ဝေ့က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး “သိပ်မကြာပါဘူး စိတ်မပူပါနဲ့”
သူက ဘာဖြစ်တာလဲမပြောပေ။ သူသည် အလျင်လိုနေပုံရပြီး မျက်လုံးတွေက ရှောင်လွှဲနေ၏။ သို့သော် အထူးကျောင်းသားများအပေါ် ယုံကြည်မှုကြောင့် ပိုင်ရှီယွီက အများကြီးမတွေးဘဲ ‘ကောင်းပြီ’ ဟုဖြေပြီး ကျန့်ချီကို တောင်းပန်စကားဆိုလိုက်၏။
“ဇီဝဗေဒရုံးခန်းက ဒီနေရာနဲ့အရမ်းနီးတာကို ငါမှတ်မိတယ် ကျန့်ချီ မင်းငါနဲ့အဖော်လိုက်ခဲ့လို့ရမလား? ဒါမှမဟုတ် မင်း စာကြည့်တိုက်ကို အရင်သွားပြီး ငါနောက်မှလာရှာမယ်လေ”
ကျန့်ချီသည် အမှန်တော့ ပိုင်ရှီယွီအား ဤမူမမှန်ပုံပေါ်ပုံသည့် အထူးကျောင်းသားကို မေးခွန်းတွေ ပိုမေးတာက ပိုကောင်းမည်ဟု သတိပေးချင်ပေမယ့် တစ်ဖက်သူရှေ့တွင်တော့ ပြတ်ပြတ်သားသား မပြောနိုင်ခဲ့ပေ။
“ငါမင်းနဲ့လိုက်မယ်”
သူဤသို့ပြောပြီး ချန်ဝေ့ဆီသို့ လှည့်ကြည့်လိုက်ရာ သေချာသည်မှာ တစ်ဖက်လူ၏မျက်လုံးများတွင် ထိတ်လန့်တကြားဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
တစ်ခုခုကိုဖုံးကွယ်ထားတာဖြစ်မယ် ဟု ကျန့်ချီတွေးလိုက်သည်။
“မင်း ရှေ့ကသွားပါ”
“ကောင်းပြီ…ကောင်းပြီ”
ပိုင်ရှီယွီသည် ချန်ဝေ့၏ထူးဆန်းမှုကို လုံးဝသတိမထားမိဘဲ ကျန့်ချီအား ကျေးဇူးတင်စွာပြုံးလျက် “ကျေးဇူးတင်ပါတယ် ငါမင်းကိုထပ်ပြီးဒုက္ခပေးရတော့မယ်”
ဇီဝဗေဒရုံးခန်းသည် ဘေးဘက်ရှိ Thales အဆောက်အအုံတွင်ရှိသည်။ ချန်ဝေ့သည် သူ့အတွေးတွေထဲ နစ်မြောနေပုံရပြီး သူ့ခြေလှမ်းများက တဖြေးဖြေးနှေးလာသည်။ သူ သင်ကြားရေးအဆောက်အဦးမှ ထွက်လာသောအခါ ရုတ်တရက် ခေါင်းကိုလှည့်၍ ပိုင်ရှီယွီကို တစ်ချက်ကြည့်လိုက်၏။
’ဗွမ်း’ ဟူသောအသံနှင့်အတူ ရေများပက်ကျလာသည့်အခါ သူ၏မျက်လုံးထဲမှ ရှုပ်ထွေးသော စိတ်ခံစားချက်များကို ဖမ်းဆုပ်ရန် ကျန့်ချီအတွက် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ သူ၏တစ်ကိုယ်လုံး စိုရွှဲသွားပြီး ရေခဲတိုက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ တုန်ရီသွားသည် – ဤသည်မှာ သူ စိတ်ကူးထားခဲ့သည့်အရာ မဟုတ်ပေ၊ ခေါင်းမှခြေဖျားအထိ ရေဇလုံတစ်လုံးနှင့် အလောင်းခံရခြင်းပင်။ ချဉ်စူးစူးအစားအစာကဲ့သို့သော အနံ့တစ်ခုသည် သူ၏နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ၏အဝတ်အစားများနှင့် ဆံပင်တွင် ကပ်ငြိကာ သူ့ကို အစာအိမ်ထဲမှ ပျို့အန်ချင်လာစေခဲ့သည်။
အနောက်ကပိုင်ရှီယွီဆီမှ အာမေဋိတ်အသံတစ်ခုထွက်လာသည်။ ကျန့်ချီသည် စက္ကန့်အနည်းငယ်ကြာအောင် မတ်တပ်ရပ်လိုက်ပြီး စိုစွတ်နေသောမျက်နှာကို လက်နှင့်သုတ်လိုက်သည်။ အဝါရောင်ရင်ထိုးများတပ်ထားသော ကောင်လေးအနည်းငယ်သည် လှေကားထစ်ပြတင်းပေါက်မှ ရပ်ကြည့်နေကြပြီး အနည်းငယ်သနားစရာကောင်းသော မျက်နှာထားဖြင့် ပခုံးတွန့်ပြကြကာ တောင်းပန်ခြင်းမရှိသော အပြုံးဖြင့်…
“ဆောရီး လူမှားပြီးလောင်းလိုက်မိတာ”
“ကျန့်ချီ မင်းအဆင်ပြေရဲ့လား?”
ပိုင်ရှီယွီသည် အနောက်မှလိုက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်က အညစ်အကြေးများကို အင်္ကျီလက်နှင့်သုတ်လိုက်ကာ ပွဲကြည့်နေသည့်လူတွေဆီကို မော့ကြည့်လိုက်ပြီး အသံတုန်တုန်ရင်ရင်ဖြင့် …
“လူကိုအရမ်းကြီး အနိုင်ကျင့်မနေနဲ့ မင်းတို့မှာကိစ္စရှိရင် ငါ့ဆီတစ်ယောက်တည်းလာလေ ငါ့သူငယ်ချင်းတွေကိုမနှိပ်စက်နဲ့ ဒါက ငါ့ကို အညံ့ခံစေမယ်ထင်လား? ရှောက်ဟန့်ကို ပြောလိုက် ဒါက လုံးဝမဖြစ်နိုင်ဘူး”
”မင်း ကြားလိုက်လား။ သူက ရှောက်ဟန့်ကို သတိပေးမလို့တဲ့” ရယ်စရာတစ်ခုကြားလိုက်ရသကဲ့သို့ အပေါ်မှ ရယ်မောသံတစ်ချက် ထွက်ပေါ်လာ၏။ ရယ်သံများကြားတွင် မည်သူက လှောင်ပြောင်သရော်သလို ပြောလိုက်သည်ကို သူ မသိခဲ့ပေ။
“တောင်းပန်ပါတယ်ကွာ ငါတို့ မင်းကို နားလည်မှုလွဲစေခဲ့ပြီ။ ငါတို့က မင်းရဲ့သူငယ်ချင်းကို အနိုင်ကျင့်ဖို့ စိတ်မဝင်စားဘူး။ တိတိကျကျပြောရရင် မင်းကြောင့်သာ သူ စိုရွှဲသွားရတာ”
ကျန့်ချီက နောက်ထပ်ဆူပူတော့မည့် ပိုင်ရှိီယွီကို ဖမ်းဆွဲလိုက်ပြီး အသက်ပြင်းပြင်းရှူကာ အတင်းပြုံးပြ၍ “ထားလိုက်ပါ ငါအဆင်ပြေပါတယ် ငါ သန့်စင်ခန်းထဲ အရင်သွားလိုက်ဦးမယ် အဝတ်အစားလဲချင်တယ်”
ပိုင်ရှီယွီသည် လူအုပ်စုကို စူးစူးစိုက်စိုက်ကြည့်ပြီး ကျန့်ချီကိုကြည့်ကာ သူ့မျက်လုံးများထဲမှ မီးတောက်များကို တဖြည်းဖြည်းထိန်း၍ နီရဲသောမျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။
ချန့်ဝေဟူသော အထူးကျောင်းသားမှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။ ကျန့်ချီက နောက်တစ်ကြိမ် ပြတင်းပေါက်မှန်၏ ရောင်ပြန်ဟပ်မှုအောက်တွင် ဟာသပြုလုပ်နေသော သို့မဟုတ် နှစ်ထောင်းအားရ ဖြစ်နေသောမျက်နှာများကို တစ်ချက်ကြည့်လိုက်ရာ သူတို့ ဘေးနားတွင်ရှိနေသော မှုန်ဝါးဝါးပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုသူသည် ရှောက်ဟန့်ပင်။
သူသည် ထိုနေရာတွင် အချိန်ပြည့်ထိုင်နေခဲ့ပြီး မရပ်တန့်ပေးခဲ့သလို ပြောင်လှောင်မှုများတွင်လည်း မပါဝင်ခဲ့ပေ၊ မိမိနှင့်မသက်ဆိုင်သကဲ့သို့ ဘေးမှရပ်ကြည့်နေသူတစ်ဦးလိုပင်။ ရေအေးတစ်ပုံး သူ၏ခေါင်းပေါ်သို့ လောင်းချခံရပြီးနောက် ရှောက်ဟန့်သည် ပေါ့ပေါ့ပါးပါးအပြုံးဖြင့် သူ့ကို ကြည့်နေခဲ့သည်။
ပိုင်ရှီယွီသာ အရင်ထွက်လာခဲ့လျှင် သူသည် ပို၍ စိတ်ဝင်စားဖွယ်ကောင်းစွာ ရယ်မောကောင်းရယ်မောပေမည်။
…
ကျန့်ချီသည် သူ့စိတ်ထဲရှိမငြိမ်မသက်မှုကို မျိုသိပ်ထားသည်။ ရှောင်လွှဲခြင်းမူဝါဒသည် အသုံးမဝင်ကြောင်း ပထမဆုံးအကြိမ်အဖြစ် သူခံစားခဲ့ရသည်။ ယခု သူသည် ရှောက်ဟန့်ကို အမှန်ပင် မျက်နှာကိုထိုးကြိတ်ပြီး အရှက်ရစေသည့်ခံစားချက်ကို ခံစားလိုက်စေချင်သည်။
လမ်းတစ်လျှောက်တွင် မျက်လုံးများ၏ နှစ်သတ်ခြင်းခံခဲ့ကြသည်။
ကျန့်ချီသည် သူ ယခု အလွန်သနားစရာကောင်းသော အခြေအနေတွင် ရှိနေမှန်း သိပြီး လူအုပ်၏အာရုံစိုက်မှုကို ခံရသည့်ခံစားချက်ကို မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်၏။ လက်ရှိအခြေအနေသည် သက်သက်အာရုံစိုက်ခံရခြင်းထက် ပိုဆိုးရွား၏။ သူတို့သည် သနားနေကြသလို ရယ်မောနေကြသည်။ ယနေ့မြင်ကွင်းသည် မကြာမီ အတင်းအဖျင်းဖြစ်သွားပြီး လူတိုင်း၏နားထဲသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ခန့်မှန်းရသည်။
ကံကောင်းထောက်မစွာ သန့်စင်ခန်းထဲတွင် တစ်ယောက်မှမရှိသောကြောင့် ကျန့်ချီ သူ့ခံစားချက်များကို ဘေးဖယ်ထားပြီး သူ့ယူနီဖောင်းကိုချွတ်ကာ အညစ်အကြေးများကို ဖယ်ထုတ်ရန် ဘေဇင်ဘေး၌ ရပ်လိုက်သည်။
အဝတ်အစားများက ဝတ်၍မရတော့ပေ။ ယခုဆေးကြောလိုက်ရင်တောင် တစ်ညတည်းနှင့်မခြောက်ပေ။ မနက်ဖြန်ကျ အတန်းတက်ရဦးမည်။ ‘ရေဆိုးဖြင့် ပက်ခံရခြင်း’ ထက် ပိုမိုကောင်းမွန်သော အကြောင်းပြချက်ဖြင့် တန်ပြန်အရေးယူမှုတစ်ရပ်ကို ချမှတ်ရမည်ဖြစ်သည်။
ကျန့်ချီ၏တိတ်ဆိတ်မှုသည် ပိုင်ရှီယွီ၏မျက်လုံးထဲသို့ ကျရောက်သွားပြီး အခြားအဓိပ္ပါယ်များကို လွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုစေခဲ့သည်။ သူက ခုနက မငိုသေးပေမယ့် အခုတော့ ငိုခြင်းက ပိုက်ဆံမကုန်သကဲ့သို့ မျက်ရည်များကျလာသည်။ သူက ကျန့်ချီ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး …
“တောင်းပန်ပါတယ် အခုက ငါ့အမှားပါ မင်းကိုနာကျင်စေခဲ့တာ ဒီလူတွေအကုန်လုံးက ငါ့အတွက်လာတာ သူတို့က ငါ့ကို ဟာသလုပ်ချင်နေတာ ငါက မင်းကို ပါဝင်စေခဲ့တဲ့သူပဲ”
ပိုင်ရှီယွီက ဤစာကြောင်းကို ထပ်ခါထပ်ခါပြောပြီး မျက်ရည်များ ပိုကျလာသည်။ ကျန့်ချီက သက်ပြင်းချလိုက်ပြီး သူ့လက်ထဲက အဝတ်အစားတွေကိုချလိုက်ကာ သူ့ကို နှစ်သိမ့်ပေးလိုက်၏။
“ငါ အဆင်ပြေပါတယ်။ အဝတ်တွေ နည်းနည်းညစ်ပတ်သွားတာပဲ ရှိတာပါ။ နောက်ကျရင် သတိထားပြီး တခြားသူတွေရဲ့စကားကို အလွယ်တကူမယုံနဲ့”
ပိုင်ရှီယွီက သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်သည်။ သူသည် ဘယ်ဘက်နှင့်ညာဖက်သို့ အတန်ကြာအောင် ပြေးလွှားသွားပြီး သူ၏စိတ်အားထက်သန်မှုကိုပြသရန် လုပ်ဆောင်ချက်များဖြင့် ကူညီလိုက်သည်။
သို့ပေမယ့် ဤသည်က ကောင်းသောအကြံမဟုတ်မှန်း သိသာသည်။ ကျန့်ချီသည် သူအလျင်လိုနေသည်ဟု ခံစားမိပြီး အခြေအနေက အကျိုးမယုတ်ခင်မှာ “ငါ့ဘာသာငါလုပ်လိုက်မယ် မင်းအရင်ပြန်သွားနှင့် ကျူရှင်သင်ဖို့က နောက်တစ်ခါကျမှ ဆွေးနွေးကြမယ်” ဟု ပြောလိုက်သည်။
“ငါ…” ပိုင်ရှီယွီ၏မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာပြန်သည်။ သူက ကျန့်ချီကို ခဏလောက်ကြည့်ပြီး တစ်ခုခုကိုတွေးမိကာ စကားတစ်ခွန်းမှမပြောဘဲ သန့်စင်ခန်းထဲက လှည့်ထွက်သွားသည်။
ကျန့်ချီက သူ့ကို တားရန်အချိန်မရှိချေ။ အနည်းငယ် စိတ်မသက်မသာခံစားရသော်လည်း သူ့လက်ထဲတွင် ရှုပ်ယှက်ခတ်နေသဖြင့် မနေနိုင်တော့ပေ။
အဝတ်အစားများက စိုရွှဲနေပြီး အနံ့ကတော့ စေးကပ်နေဆဲပင်။ သူ အောက်ကိုငုံ့ပြီး ဘောင်းဘီကိုချွတ်လိုက်သည်။ သူ အညစ်အကြေးများကို ဖယ်ထုတ်နေချိန်မှာပဲ သန့်စင်ခန်းတံခါးက ရုတ်တရက်ပွင့်သွားပြီး ပိုင်ရှီယွီ ဝင်လာရုံတင်မကဘဲ နောက်မှလူလည်းပါလာသည်။
“ကျန့်ချီ?”
ကျိဟွိုက်စစ်သည် သူ့လက်ထဲတွင် စောင်တစ်ထည်ကိုကိုင်ထားပြီး သူ့ကိုမြင်ကတည်းက မျက်မှောင်ကြုတ်နေခဲ့သည်။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး လေးနက်မှုအရိပ်အမြွက်ဖြင့် မေးလာသည်- “ဒါက ဘယ်သူလုပ်တာလဲ?”
ကျန့်ချီ အာရုံမစုစည်းနိုင်ခင်မှာ အနောက်ဘက်မှ ပိုင်ရှီယွီက ငိုသံဖြင့် ပြောလိုက်သည်။ “အဲဒါ ရှောက်ဟန့်တို့အဖွဲ့ပါ သူတို့ရဲ့ပစ်မှတ်ကငါပါ။ကျန့်ချီက ငါကြောင့်ဒုက္ခရောက်သွားတာ။ ဒုဥက္ကဌ တစ်ခုခုဖြစ်ရင် မင်းဆီလာလို့ရတယ်လို့ ပြောထားတယ်လေ။ အခု ဘာလုပ်သင့်လဲ?”
“အခု သွားပြီး ရေချိုးလိုက်၊ ဒီလိုဝတ်ထားရင် အအေးမိလိမ့်မယ်” ကျိဟွိုက်စစ်က စိုစွတ်နေသော ကျန့်ချီကိုကြည့်လိုက်ပြီး သူ့ခြေထောက်များကို ဖြတ်သွားသည့်အခါ မျက်လုံးများက စက္ကန့်အနည်းငယ်ရပ်တန့်သွားပြီး “PC ဧည့်ခန်းက အပေါ်ထပ်မှာပဲ အဲဒီမှာ ရေချိုးခန်းနဲ့ လဲဖို့အဝတ်အစားရှိတယ် ငါ မင်းကို ခေါ်သွားပေးမယ်”
“မလိုပါဘူး” ကျန့်ချီသည် သူ့ရှေ့က အခြေအနေကိုနားလည်ပြီး ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ ယခုတော့ သူ ကောင်းကောင်းအနားယူပြီး နောက်ထပ်မသိတဲ့ဒုက္ခတွေကိုရှောင်ဖို့ အိပ်ဆောင်ကိုပြန်သွားချင်နေပြီ။ ကျိဟွိုက်စစ်သည် စိတ်ကောင်းစေတနာကောင်းရှိကြောင်း သူသိသော်လည်း အခြားလူများကို ရင်ဆိုင်ရန် စွမ်းအင်ပို၍ မသုံးစွဲနိုင်တော့ချေ။
“ကျန့်ချီ…”
“တကယ် မလိုပါဘူး အဆင်ပြေပါတယ်”
ကျန့်ချီသည် ကျိဟွိုက်စစ်၏မျက်လုံးများထဲရှိ နက်နဲသော အဓိပ္ပါယ်ကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူ့အဝတ်အစားများကို ၀တ်လိုက်သည်နှင့် အဝတ်က သူ့အရေပြားနှင့်ကပ်သွားသောအခါ အေးသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း ကျိဟွိုက်စစ်အား ပြုံးပြလိုက်သေးသည်။ သူ့မျက်လုံးအောက်ရှိမှဲ့က အသက်ဝင်လာပြီး…
“ဒါက ငါ့အတွက်စောင်လား? ကျေးဇူးတင်ပါတယ်။ ငါ အရင်သွားလိုက်ဦးမယ်။ တခြားကိစ္စတွေ နောက်မှဆက်ပြောကြတာပေါ့”
ကျိဟွိုက်စစ်သည် ရပ်နေဆဲပင်။ ကျန့်ချီသည် သူ၏လက်ထဲမှ စောင်ကို ယူလိုက်ရာ သူ၏ကိုယ်ပေါ်မှ ဂန္ဓမာပန်းရနံ့ သင်းသင်းလေးကို ရရှိလိုက်ပြီး ထိုအနံ့သည် သူ၏နှလုံးသားထဲမှ မောပန်းနွမ်းနယ်မှုကို ဖြည်းညှင်းစွာ ပြေလျော့စေခဲ့သည်။
သန့်စင်ခန်းထဲက မထွက်မချင်း ကျန့်ချီသည် သူ့နောက်ကျောက ကျိဟွိုက်စစ်၏အကြည့်ကို ခံစားမိနေဆဲပင်။ သူ့တွင် အဓိပ္ပါယ်မရှိသော အတွေးတစ်ခု ဝင်လာခဲ့သည် – သူတစ်ခုခုဖြစ်သွားတိုင်း ပိုင်ရှီယွီ၊ ကျိဟွိုက်စစ် သို့မဟုတ် ရှောက်ဟန့်ဟာ အနားမှာ အမြဲရှိနေတတ်ပုံရလေသည်။
တစ်ခုခုတော့ မှားနေသည်၊ ပြောမပြနိုင်သော ထူးဆန်းမှုတစ်ခု ရှိနေသော်လည်း ကျန့်ချီသည် တကယ်ပင် မောပန်းနေခဲ့ပြီ ဖြစ်၏။ ယခု သူသည် သူ၏ကိုယ်ပေါ်မှ အနံ့ဆိုးများကို အမြန်ဆုံး ဆေးကြောပစ်ချင်ပြီး မနက်ဖြန် ကျောင်းယူနီဖောင်းပြဿနာကို မည်သို့ဖြေရှင်းရမည်ကို စဉ်းစားချင်နေခဲ့သည်။
Chapter – 9 ended
Chapter 10
ကျန့်ချီ အိပ်မက်မက်နေပြန်သည်။ ဤတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်သည် သစ်ရွက်ဓားပေါ်တွင် စီးလျက် ကောင်းကင်ယံသို့ ပျံဝဲနေပုံရကာ စိန့်စတန်ကောလိပ်တစ်ခုလုံးကို မြင်နိုင်လောက်သည်အထိ အမြင့်တွင် ရှိနေကာ အရာအားလုံးကို မြင်တွေ့နေရလေသည်။
လက်တွေ့တွင်ဖြစ်ပျက်ခဲ့သည့်အတိုင်း အသေးစိတ်အချက်အလက်တိုင်းသည် ရှင်းလင်းပြတ်သားနေလေသည်။ ဒီမှာရှိသမျှ မြက်ပင်တိုင်း၊ သစ်ပင်တိုင်း၊ ဖြတ်သွားသမျှ လူတိုင်းနှင့် သူအပါအဝင်ပင် ဖြစ်သည်။
သစ်ရွက်ဓားသည် လေထဲတွင် လွင့်မြောနိုင်သည့် ဖော့ဂုဏ်သတ္တိပျောက်ကွယ်သွားကာ ကျန့်ချီသည် လေထဲတွင် ရပ်နေသကဲ့သို့ ချက်ချင်းပြုတ်ကျလာလေသည်။
လေများ သူ့နားတွင် ဖြတ်တိုက်ခတ်သွားကာ ခေါင်းလောင်းသံနှင့်အတူ alarmမြည်လာလေသည်။ သူသည် ကုတင်ပေါ်တွင် သူ့မူလကိုယ်ဟန်အနေအထားအတိုင်း ရှိနေတုန်းပင် ဖြစ်သည်။အချိန်အတော်ကြာမှ ထိုအသံက သူ့အိပ်မက်ထဲက အသံမဟုတ်ဘဲ အိပ်ရာဘေးရှိ သူ့ဖုန်းမှ ထွက်လာသောအသံဖြစ်ကြောင်း သိလာလေသည်။
“……ဟေး?”
“ကျန့်ချီ?၊ အဆင်ပြေရဲ့လား? မနေ့က မင်းရေပက်ခံရတယ်လို့ ငါကြားတယ်။ အဲ့ဒါ အကုန်လုံးက ပိုင်ရှီယွီကြောင့်ပဲ၊ သူက သူကိုယ်သူ သတ်သေတာ မလုံလောက်လို့ မင်းကိုပါ ဆွဲချချင်နေတာ!”
ဖုန်းထဲက ကျန်းယန်၏ ဒေါသနှင့် စိုးရိမ်သော အသံက သူ့ဆီ ပျံ့နှံ့သွားကာ ငိုက်မျဉ်းခြင်းကို ချက်ချင်း ပြေပျောက်သွားစေလေသည်။
ကျန့်ချီသည် သူ့ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ရင်း နာကျင်နေသည့် မျက်ခွံတွေကို ပွတ်လိုက်ကာ ပြောလိုက်သည်။
“ငါ အဆင်ပြေပါတယ် ဒါပေမယ့် ယူနီဖောင်းတော့ မဝတ်နိုင်…”
အသံသည် ပြောရင်းတန်းလန်းဖြင့် ပျောက်သွားကာ ကျန့်ချီသည် ကုတင်ဘေးတွင် ချိတ်ထားသည့် အသစ်စက်စက် ဝတ်စုံနှင့် ယူနီဖောင်းကို ကြည့်ကာ အနည်းငယ် လန့်သွားသည်။ ခဏလောက် သူ ထင်ယောင်ထင်မှားဖြစ်သွားသလား သို့မဟုတ် မနိုးသေးတာလား ဟုပင် သံသယဖြစ်မိသွားလေသည်။
ခဏလောက် တုန့်ဆုတ်နေပြီးမှ သူ့အရင်ရှပ်အင်္ကျီအတိုင်း ဆိုဒ်အတိအကျတူသည့် ထိုရှပ်အင်္ကျီကို ယူလိုက်လေသည်။
သူ့နား,နားမှာ ကျယ်လောင်စွာ အော်နေသေးသည့် ကျန်းယန်ကြောင့်သာ မဟုတ်ရင် မနေ့က ဖြစ်ခဲ့သည့်အရာများကို အိမ်မက်ဟုပင် ထင်မိလောက်သည်။
“ကျန့်ချီ၊ ကျန့်ချီ မင်း ဘာပြောလိုက်တာလဲ?”
” ဘာမှ မဟုတ်ပါဘူး”
သူ့အသိစိတ်ပြန်ဝင်လာသော ကျန့်ချီသည် ယူနီဖောင်းကို ချကာ ကျန်းယန်ကို နှစ်သိမ့်လိုက်သည်။
” မင်း စိတ်ပူစရာ မလိုပါဘူး။ ငါ အဆင်ပြေပါတယ်။ ငါ အတန်းထဲရောက်မှ ပြောပြမယ်”
” မင်း တကယ် အဆင်ပြေလို့လား? ငါ့ကို မလိမ်နဲ့နော်။ မင်း အဆင်မပြေရင် နားဖို့ တောင်းဆိုလိုက်။ မင်းရဲ့ ကျောင်းခေါ်ချိန်က ၁၀၀% အပြည့်ပဲ။ ဒီနေ့ တစ်ရက်နားလို့ ဘာမှ မဖြစ်ဘူး”
ကျန့်ချီ ပြန်ပြောလိုက်လေသည်။
“ရပါတယ်။ ငါ အဆင်ပြေတယ်။ မင်း စကားဆက်ပြောနေရင် နောက်မိနစ်နှစ်ဆယ်နေရင် တက်ရမယ့် အတန်းကို မင်း လွတ်သွားလိမ့်မယ်”
ကျန်းယန်သည် စကားပြောနေသည်ကို ရပ်ပြီး ဖုန်းကိုချကာ အမြန်စလုပ်တော့လေသည်။ ကျန့်ချီသည် ဖုန်းကို ဘေး၌ ချလိုက်သည်။ မိနစ်အနည်းငယ်ကြာသောအခါ ဖုန်းတုန်ခါလာသော်လည်း သူ ကြည့်ဖို့ အာရုံမရှိပေ။
ရေချိုးခန်း၏ တံခါးလော့ခ်သည် အသံမြည်သွားကာ အခုလေးတင် ရေချိုးပြီးသည့် ဝေ့အန်းထွက်လာလေသည်။ သူ၏ ထူပိန်းသည့် မျက်မှန်အောက်ရှိ မျက်လုံးတွေသည် သနားမှုနှင့် စကားနာထိုးလိုမှုတို့ ရောနှောနေကာ ” ဘယ်သူက ငါ သတိပေးတာကို မင်းကို နားမထောင်ဘဲ နေခိုင်းလို့လဲ? မင်းနဲ့ တန်တယ်” ဟူ၍ ပြောနေဟန် ရှိသည်။
ကျန့်ချီသည် သူ့ကို စကားမပြောချင်သဖြင့် ဒီတိုင်း မေးလိုက်လေသည်။
“ဒီ ယူနီဖောင်းကို ဘယ်သူပို့လိုက်လဲ သိလား”
ထိုစကားတွင် မှော်စွမ်းအားတချို့ ရှိဟန်တူသည်။ ဝံ့ကြွားနေဟန်ပေါ်သည့် သူ့မျက်နှာအား ချက်ချင်း အရုပ်ဆိုးသွားစေလေသည်။ သူ စကားတစ်ခွန်းသာ ပြန်ပြောလာသည်။
“ကျောင်းသားကောင်စီက လူတွေ”
ကျန့်ချီသည် ခဏကြာမှ နားလည်သွားကာ ပြောမပြနိုင်လောက်အောင် အံ့ဩသွားလေသည်။
သူ မနေ့က ကျိဟွိုက်စစ်၏ ကြင်နာမှုကို ငြင်းလိုက်သော်လည်း တစ်ဖက်လူ၏ လက်ဆောင်ကို သူ တခြားနည်းဖြင့် ရရှိခဲ့လေသည်။ သူ မတတ်နိုင်ဘဲ အပြစ်ရှိသလို ခံစားလိုက်ရကာ ပိုပြီး နွေးထွေးသွားသလိုလည်း ခံစားလိုက်ရလေသည်။
သူ ရေချိုးခန်းထဲသို့ ဝင်သွားကာ ကွက်တိကျနေသော ယူနီဖောင်းကို လဲ၍ သူ့မျက်နှာကို ရေဖြင့် သစ်ကာ သဘက်နှင့် သုတ်လိုက်သည်။သူ့လက်များ၏ လှုပ်ရှားမှုများသည် သတိမမူမိဘဲ ရပ်တန့်သွားလေသည်။ သူ့ကိုယ်သူ မှန်ထဲသို့ ပြန်ကြည့်လိုက်သောအခါ ဝေဝါးနေသောပုံရိပ်တစ်ချို့ သူ့ရှေတွင် ပေါ်လာလေသည်။
၎င်းမှာ မနေ့ညက အိမ်မက်ပင်။ သူသည် အရင်ကအိမ်မက် မက်ခဲလေသည်။ သို့သော် ယခုရက်ပိုင်းအတွင်း သူ ထူးဆန်းသည့်အရာများကို အိမ်မက် မက်နေလေသည်။
သူ နိုးထလာတိုင်း အိမ်မက်၏ အကြောင်းအရာကို မမှတ်မိသော်လည်း ပုံမှန်မဟုတ်သည့် တိုးတက်မှုတစ်ခုသည် သူ့အား အဆင်မပြေဖြစ်စေလေသည်။
——
“ကျန့်ချီ မင်း မျက်နှာ မကောင်းဘူးနော်”
ကျန်းဟန်က သူ့ကို တွေ့သည်နှင့် ပြောလာလေသည်။
” မင်း နေ့လယ်စာစားချိန်ကျ ကျောင်းဆေးခန်းသွားချင်လား”
ကျန့်ချီ ငြင်းချင်ခဲ့သော်လည်း ထိုအိမ်မက်က သူ့စိတ်ထဲတွင် ပေါ်ထွက်လာကာ သူ့အား ထိတ်လန့်စရာတစ်ခုခုကို သတိပေးနေဟန်ရှိသည်။ သူ သူ့နားထင်ကို ဖိကာ တွေးရင်း ပြောလိုက်သည်။
“သွားလိုက်မယ်”
စိတ်ပညာဘာသာရပ်တွင် ပြီးခဲ့သည့်အပတ်က အိပ်မက်များနှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ပညာကြားက ဆက်စပ်မှုကို ပြောပြခဲ့၏။ ဖရွိုက်က အိပ်မက်များသည် ဖိနှိပ်ထားသော သတိစိတ်၏ အကြောင်းအရာများဖြစ်ပြီး ရုပ်ဖျက်၍ တင်ပြခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့သည်။
[ T/N note- ဖရွိုက်ဆိုတာ စိတ်ပညာရှင်တစ်ဦးပါ ]
ကျန့်ချီသည် သူ့နှလုံးသားထဲမှ အစိတ်အပိုင်းတွေက ဘာများဖြစ်နေသလဲ ဆိုသည်အား ဖော်ထုတ်လိုကာ သူ အဖြေကို ရနိုင်မည် ဟု မျှော်လင့်နေလေသည်။
ကျောင်းဆေးခန်းကို သွားသည့် လမ်း၌ သူ့အား မျက်လုံးအချို့က စိုက်ကြည့်နေကြကာ သူ၏ ကံမကောင်းမှုအား တီဗီရှိုးကောင်းတစ်ခုကဲ့သို့ ကြည့်ရင်း အတင်းပြောနေကြခြင်းသည် သူ့အား မသက်မသာခံစားရစေလေသည်။
သူ ရှေ့ကိုပဲ ကြည့်ကာ တစ်ယောက်ချင်းစီကို လျစ်လျူရှုလိုက်လေသည်။ ကျန်းယန်သည် သူ့ကို အဖော်ပြုကာလိုက်ပေးချင်ခဲ့သော်လည်း သူ အခန်းအပြင်ထွက်တာနဲ့ ကျန်းယန်ကို တင်းနစ်အဖွဲ့ဉက္ကဌက ခေါ်သွားသဖြင့် သူ တစ်ယောက်တည်း လာရခြင်း ဖြစ်လေသည်။
“မင်း ခန္ဒာကိုယ်မှာ တစ်ခုခု အဆင်မပြေဖြစ်နေတာ ရှိလား?”
ကျောင်းဆရာဝန်သည် မမျှော်လင့်ထားစွာပင် ငယ်ရွယ်ကာ အဖြူရောင်ဓာတ်ခွဲခန်းကုတ်ကို ဝတ်ထား၍ သူ့တံဆိပ်ပေါ်တွင် “ချင်ကျောက်”ဟူသော စာလုံးရှိလေသည်။သူ့နှာတံပေါ်တွင်ရွှေဘောင်ခတ်ထားသည့် မျက်မှန်ရှိကာ သူ၏ ဖီးနစ်မျက်လုံးများက ကျန့်ချီပေါ်ကျရောက်လာသောအခါ သူ့ကို အရာဝတ္ထုတစ်ခုလို အစုန်အဆန်အကြည့်ခံနေသလိုပင် ခံစားလိုက်ရသည်။သူ သတိမမူမိဘဲ ခါးကို မတ်လိုက်မိလေသည်။
” အခုတလော ကျွန်တော် ထူးဆန်းတာတွေ အိမ်မက်မက်နေတယ်”
သူ စကားကို ခပ်ဖြေးဖြေး တစ်လုံးချင်း သေသေချာချာပြောပြလိုက်သည်။
“ကျွန်တော် အရင်က အိမ်မက်မက်တာ ရှားတယ် ဒါပေမဲ့ ဒီကိုရောက်လာမှ စမက်တော့တာပဲ”
” မင်း အိမ်မက်ကို ပြောပြပေးလို့ရမလား?”
ချင်ကျောက်က သူ့အား မေးလိုက်သည်။
ကျန့်ချီ တွေဝေသွားပုံပေါ်ကာ ထိုထူးဆန်းသော သဘာဝဖြစ်စဉ်အား မည်သို့ ရှင်းပြရမလဲ မသိချေ။
” ကျွန်တော် မမှတ်မိဘူး”
” မမှတ်မိဘူး?”
ချင်ကျောက်၏ မျက်မှန်အောက်များ မျက်လုံးများသည် သူ့အား မော့ကြည့်လာကာ မရင်းနှီးသည့် လေထုအား ထုတ်လွှတ်လျက်ရှိသည်။ သူ့လက်များကို စားပွဲပေါ် တင်လိုက်လေသည်။
“အိမ်မက် မက်တာက ဆိုးတဲ့ အရာတစ်ခု မဟုတ်ဘူး။ အဲ့ဒါက မင်းရဲ့ ဦးနှောက်က မင်းကို အနားယူဖို့ အချက်ပြချက်တစ်ခု ပေးတဲ့သဘောမျိုးပဲ။ မင်းကိုယ်မင်း ဖိအားတွေ ပေးမိနေလို့လည်း ဖြစ်မှာပေါ့”
“ဒါပေမဲ့ အဲ့ဒါ သာမန်အိမ်မက်တွေလိုမှ မဟုတ်တာ”
ကျန့်ချီသတိမထားမိဘဲ ဆက်ပြောလိုက်လေသည်။
“အဲ့ဒါက…”
“ဘယ်လိုမျိုးလဲ?”
“ဖြစ်ရပ်မှန်”
ချင်ကျောက်သည် ထူးမခြားနားစွာ ပြုံးလိုက်သည်။
” မင်းက မင်းအိမ်မက်ထဲမှာ ဘာဖြစ်ခဲ့လဲ လုံးဝ မမှတ်မိဘူးလေ”
တစ်ဖက်လူ၏ ဂရုမစိုက်သည့် အပြုအမူသည် ကျန့်ချီအား စိတ်ရှုပ်စေလေသည်။ သို့သော် အံ့ဩစရာတော့ မဟုတ်ချေ။ ကြည့်ရသည်မှာ သူ၏ သံသယတွေကို ဖြေရှင်းရန် ကျောင်းဆရာဝန်ကို အားကိုး၍ ရပုံ မပေါ်ချေ။ ထို့ကြောင့် သူ စကားလွှဲလိုက်လေသည်။
” ခင်ဗျားမှာ ကောင်းကောင်းအိပ်ပျော်စေတဲ့ ဆေးတစ်ခုခုရှိလား? အိပ်ဆေးလိုမျိုးပဲ ဖြစ်ဖြစ်?”
“ငါ မင်းကို ဆေးတော့ ပေးနိုင်ပါတယ်”
ချင်ကျောက်သည် မတ်တပ်ရပ်ကာ ဆေးသိုလှောင်ထားသည့် ဗီဒိုကို ဖွင့်လိုက်သည်။
“ဒါပေမဲ့…”
“ဒါပေမဲ့?”
ချင်ကျောက်သည် သူ့ကို မဖြေပေ။ ထို့နောက် သူ့အသံနှင့် လှုပ်ရှားမှုတို့ကို ရပ်တန့်လိုက်သည်။ ၎င်းသည် သူ၏လုပ်ငန်းဆောင်တာကို ပြီးဆုံးသွားသော စက်တစ်လုံးကဲ့သို့ဖြစ်ပြီး သူ၏သက်ရှိအငွေ့အသက်ကို ၀.၀၁ စက္ကန့်မျှ ဖျောက်ဖျက်လိုက်သည့်အလားပင်။
ကျန့်ချီ သူ့မျက်လုံးတွေကို ထပ်ကြည့်မိသောအခါ သူ့ရှေ့မှ ကျောင်းဆရာဝန်သည် ခုနက လူနှင့် ကွဲပြားနေကြောင်း ထိန့်လန့်စွာ သတိပြုမိသွားလေသည်။
ချင်ကျောက်သည် တစ်ပတ်လှည့်ကာ သူ့ခန္ဓာကိုယ်ပေါ်မှ ကုတ်အင်္ကျီအဖြူကို စိတ်ဝင်တစားထိရင်း ပြန်လှည့်လာလေသည်။ ထို့နောက် သစ်သားစားပွဲအား လက်ညှိုးဖြင့် ခေါက်ရင်း ကျန့်ချီဆီသို့ “ဒါ..ဒါ့..” ဟူသည် အသံနှင့်အတူ ချဉ်းကပ်လာလေသည်။
ကျန့်ချီ နောက်သို့ မဆုတ်ခင်မှာတင် ချင်ကျောက်သည် သူ့ပေါ် ကိုင်းလာကာ သူ့လည်ချောင်းမှ ခပ်တိုးတိုးရယ်သံတစ်ခု ထွက်လာလေသည်။ သူ့အသံသည် နူးညံ့ကာ တိုးလျလှလေသည်။
“ဒါပေမဲ့ ငါ့မှာ မင်းကို ကောင်းကောင်းအိပ်ပျော်စေဖို့ ပိုကောင်းတဲ့ နည်းရှိတယ်”
ကျန့်ချီသာ ထိုအချိန်တွင် သတိရှိနေပါက ချက်ချင်းပင် “မလိုပါဘူး ကျေးဇူးပါ” ဟု ပြောမည် ဖြစ်သည်။
သို့သော် ချင်ကျောက်၏ လက်များက သူ့နဖူးအား အုပ်ကိုင်လိုက်တော့ သူ့ရှေ့မှ ကမ္ဘာကြီးသည် လည်သွားဟန် တူသည်။ အလင်းတွေ အရိပ်တွေတစ်ခုနှင့် တစ်ခုထပ်ရင်း နောက်ဆုံး၌ သူ အသိစိတ်ကင်းမဲ့သွားတော့သည်။
Chapter 10 ended