Chapter 55
ဖေးလုသည် ခေါင်းပေါ်တွင် ထောင်ထနေသော ဆံပင်တစ်စုကို မနည်း ဖိချနေရသည်။ မုရှို့ကမူ သူ သတိမထားမိခင် ဖုန်းကို ထုတ်ကာ မှန်ထဲတွင် ပေါ်နေသော သူတို့နှစ်ယောက်ပုံကို ရိုက်ယူလိုက်သည်။
ဓာတ်ပုံထဲတွင် ကိုယ်လုံးသေးသေးလေးနှင့် လူငယ်လေးသည် ခေါင်းလေးစောင်းကာ ခေါင်းပေါ်မှ ဆံပင်တစ်စုကို စိတ်ပျက်လက်ပျက် ဆွဲဖိနေသည်။ သူ၏ ဘေးတွင်မူ အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးသည် သူ့ကို ကြင်နာစွာ ငေးကြည့်နေပြီး မျက်ဝန်းထဲတွင် သူကိုယ်တိုင်ပင် သတိမထားမိလိုက်သော နွေးထွေးမှုများ ပြည့်နှက်နေလေသည်။
ဖေးလု ပြန်မလှည့်လာခင် မုရှို့သည် ဖုန်းကို အိတ်ကပ်ထဲ အမြန် ပြန်ထည့်လိုက်သည်။ ပြီးနောက် ဖေးလု၏ လက်ကို ဖယ်ရှားလိုက်ပြီး စတိုင်လ်ဂျယ်လ်ကို ယူကာ ထောင်ထနေသော ခေါင်းဖွာဖွာလေးကို သပ်ရပ်သွားအောင် ပြုပြင်ပေးလိုက်သည်။
ဖေးလုသည် သပ်ရပ်သွားသော ဆံပင်များကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
“ကဲ… ပြီးပြီ… သွားကြမယ်”
သူဌေးဖြစ်သူက လက်ထောက်လေး ဆံပင်ပြင်တာကို စောင့်နေရသည်မှာ မသင့်တော်ဘူးဟု သူ လုံးဝ မတွေးမိပေ။ “သူဌေးကတော်” နေရာကို ဝင်ယူထားလိုက်ပြီဟုပင် ပြောရပေမည်။
နှစ်ယောက်သား အိမ်မှ ထွက်လာကြပြီး မုရှို့သည် ကားထုတ်ကာ “Flying Fish Entertainment” သို့ မောင်းထွက်လာခဲ့သည်။
Flying Fish Entertainment သည် ပြည်တွင်းတွင် ထိပ်တန်း စာရင်းဝင် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု ဖြစ်ပြီး အနုပညာလောကမှ နာမည်ကြီး အနုပညာရှင် တစ်ဝက်လောက်သည် သူတို့ ကုမ္ပဏီမှ ဖြစ်သည်။
မုရှို့သည်လည်း Flying Fish မှ အနုပညာရှင် တစ်ပိုင်းဟု ပြော၍ရသည်။ သူက Golden Scale Award ရပြီးကတည်းက မန်နေဂျာကို ခေါ်ပြီး ကိုယ်ပိုင် စတူဒီယို ထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် Flying Fish ၏ နောက်ကွယ်မှ သူဌေးက သူ့ကို သီးသန့်ခွဲထွက်ခွင့် မပြုသဖြင့် သူ၏ စတူဒီယိုကို Flying Fish လက်အောက်ခံအဖြစ် ချိတ်ဆက်ထားလိုက်ရခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေ Flying Fish တွင်လည်း သူ့ရှယ်ယာများ ပါဝင်နေသဖြင့် သီးသန့်ခွဲမထွက်ဘဲ နေခြင်းက အချို့သော ပါးစပ်သရမ်းသူများကို ပါးစပ်ပိတ်စေနိုင်လေသည်။
ထို့ကြောင့် မုရှို့သည် ဒီကိစ္စကို အကျယ်ချဲ့မနေတော့ပေ။
နာရီဝက် ကြာသောအခါ သူတို့နှစ်ဦး ရောက်ရှိလာကြသည်။
ကားပါကင်ထိုးပြီးနောက် ကိုယ်ပိုင်ဓာတ်လှေကားဖြင့် အပေါ်ဆုံးထပ်သို့ တက်လာခဲ့သည်။
အပေါ်ဆုံးထပ်သည် Flying Fish ၏ အထွေထွေ မန်နေဂျာ မုချီဝမ်၏ ရုံးခန်း ဖြစ်သည်။ မုရှို့ လာမည်ဟု ချူးဟုန် ပြောထားသဖြင့် မုချီဝမ်သည် မနက်စောစောကတည်းက တကူးတက စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ဖေးလုသည် မုရှို့၏ နောက်မှ ကပ်လိုက်လာသည်။ ခြေလှမ်း နှစ်လှမ်းလောက် လှမ်းမိရုံ ရှိသေးသည်၊ သိမ်မွေ့သော ရုပ်ရည်နှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် အပြုံးကြီးကြီးဖြင့် ထွက်ကြိုလာသည်ကို တွေ့လိုက်ရသည်။
“ရှောင်မု… ရောက်လာပြီလား။ ဒဏ်ရာကော သက်သာရဲ့လား? အိမ်ပြန်ပြီး ခဏလောက် ထပ်နားဦးမလား… သတင်းတွေ တွေ့တုန်းကဆို ဦးလေးမှာ လန့်ပြီး သေတော့မလို့…”
ထိုလူကြီးသည် မုရှို့နားတွင် တတွတ်တွတ် ပြောဆိုနေသည်။ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများမှာ ဟန်ဆောင်ထားခြင်း မဟုတ်ပေ။ ဖေးလု ကြည့်ရသလောက် ထိုလူကြီးသည် မုရှို့ကို ပခုံးပုတ်ချင်နေသော်လည်း တစ်စုံတစ်ခုကို စိုးရိမ်သဖြင့် မထိရဲဘဲ လက်ပြန်ရုတ်သွားသည်ကို အကြိမ်ကြိမ် တွေ့လိုက်ရသည်။
သူနှင့် ယှဉ်လျှင် မုရှို့၏ ပုံစံက အေးစက်လွန်းလှသည်။ သူက ခေါင်းတစ်ချက် ညိတ်ပြပြီး တည်ငြိမ်စွာ ပြောလေသည်။
“ကိစ္စမရှိတော့ပါဘူး”
မုချီဝမ်သည် မုရှို့၏ အေးစက်သော ဆက်ဆံပုံကို ယဉ်ပါးနေပြီ ဖြစ်သဖြင့် အပြုံးမပျက်ဘဲ ဧည့်ခန်းဘက်သို့ လမ်းပြခေါ်ဆောင်သွားသည်။
ဖေးလုလည်း ဘေးမှ လိုက်ပါသွားသည်။ သူတို့နှစ်ဦးက ထိုင်လိုက်သောအခါ ဖေးလုသည် တစ်ချက် စဉ်းစားလိုက်ပြီး မုရှို့၏ အနောက်တွင်သာ မတ်တတ်ရပ်နေလိုက်သည်။
မုချီဝမ်သည် သာမန် လက်ထောက်လေး တစ်ယောက်ကို ဂရုစိုက်မနေသော်လည်း မုရှို့ကမူ ချက်ချင်း သတိထားမိလိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ဘေးနားမှ နေရာလွတ်ကို ပုတ်ပြကာ ထိုင်ခိုင်းလိုက်သည်။
ဖေးလုသည် သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
အလုပ်ကိစ္စ ပြောနေတာလေ!
သို့သော် မုရှို့ကမူ မကျေနပ်ပေ။ တစ်ယောက်က ထိုင်၊ တစ်ယောက်က ရပ်နေရသည်မှာ တစ်ကမ္ဘာစီ ခြားနေသလို ခံစားရပြီး နေလို့မကောင်းပေ။
သူက အသံနိမ့်နိမ့်ဖြင့် ထပ်ပြောလိုက်သည်။
“ထိုင်”
ပြီးနောက် မျက်နှာလွှဲပြီး မုချီဝမ်နှင့် စကားဆက်ပြောနေသည်။ မုချီဝမ်သည် သူ၏ ရုတ်တရက် အပြုအမူကြောင့် နားမလည်နိုင် ဖြစ်သွားသော်လည်း အရေးကြီးကိစ္စ မဟုတ်သဖြင့် ခဏသာ အံ့သြသွားပြီး စကားဆက်ပြောနေလေသည်။
သူတို့နှစ်ဦး အလုပ်ကိစ္စ ပြောနေစဉ် ဖေးလုသည် ဘေးတွင် ငြိမ်သက်စွာ ထိုင်နေပြီး သူ့ကိုယ်သူ လေထဲတွင် ပျောက်ကွယ်သွားအောင် ကြိုးစားနေသည်။
တစ်နာရီခန့် ကြာသောအခါ သူတို့ ဆွေးနွေးပြီးသွားကြသည်။ ထိုအခါ မုရှို့သည် မတ်တတ်ထရပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဦးလေး ပြောတဲ့အတိုင်းပဲ လုပ်လိုက်ကြတာပေါ့… ကျွန်တော် ပြန်တော့မယ်”
သူ ဒီနေ့ လာရသည့် အကြောင်းအရင်းမှာ တစ်ချက်က မုချီဝမ် စိတ်အေးသွားအောင် မျက်နှာ လာပြခြင်း ဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ နှစ်ဝက်ပိုင်းတွင် ရိုက်ကူးမည့် ဇာတ်လမ်းတွဲ “လူဆိုး” အတွက် ဖြစ်သည်။
“လူဆိုး” ဇာတ်လမ်းသည် နာမည်ကြီး ဒါရိုက်တာ ချန်ပင်း၏ ၅ နှစ်ကြာမှ ပြန်လည် ရိုက်ကူးမည့် ဇာတ်ကားကြီး ဖြစ်သည်။ အတွင်းသတင်းများအရ ဇာတ်ညွှန်းတစ်ခုတည်းကိုပင် အကြိမ် ၂၀ ခန့် ပြင်ဆင်ခဲ့ပြီး ယမန်နှစ် နှစ်ကုန်ပိုင်းမှသာ အချောသတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ဒီဇာတ်ကားအတွက် သရုပ်ဆောင် ရွေးချယ်မည့် သတင်း ထွက်လာသည်နှင့် အနုပညာလောကမှ နာမည်ကြီး မင်းသားများစွာ စိတ်ဝင်စားသွားကြပြီး မင်းသားနေရာကို မျက်စောင်းထိုးနေကြသည်။
ဒါရိုက်တာချန်ပင်း၏ ရုပ်ရှင်များသည် နာမည်ကြီးသလို ဝင်ငွေလည်း ကောင်းသည်။ သူ၏ ယခင်ရုပ်ရှင်မှ မင်းသား မင်းသမီးများသည် ထိုဇာတ်ကားကြောင့်ပင် အောက်ခြေမှနေ၍ တစ်မုဟုတ်ချင်း နာမည်ကြီးသွားခဲ့ကြသည်။
မျက်မြင်ကိုယ်တွေ့ အခွင့်အရေးကြီး ဖြစ်သဖြင့် ဘယ်သူမဆို လိုချင်ကြသည်မှာ မဆန်းပေ။
သို့သော် အပြင်လူများ မသိသည်မှာ ဒါရိုက်တာချန်ပင်းသည် မုရှို့ကို မင်းသားနေရာအတွက် အစောကြီးကတည်းက လျာထားပြီးသား ဖြစ်သည်။
မင်းသားနေရာကို လုဖို့အတွက် မင်းသား အတော်များများက ဒါရိုက်တာချန်ပင်း၏ ရှေ့မှောက်တွင် မျက်နှာပြကြသလို သူတို့၏ နောက်ကွယ်မှ အဖွဲ့အစည်းများကလည်း အပြင်းအထန် ကြိုးစားနေကြသည်။ သူတို့က ဒါရိုက်တာ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်နေကြခြင်း ဖြစ်သည်။
Flying Fish ၏ ပြိုင်ဘက်ဟောင်း “Star Light Entertainment” သည်လည်း သူတို့၏ ထိပ်တန်းမင်းသားအတွက် အများကြီး ရင်းနှီးမြှုပ်နှံထားသည်။ ဒါရိုက်တာချန်ပင်း သဘောတူစေရန် ရိုက်ကူးရေးအဖွဲ့ကို ငွေကြေး အမြောက်အမြား မတည်ပေးထားသေးသည်။
ဒါရိုက်တာချန်ပင်းက တိကျသော အဖြေမပေးသေးသဖြင့် ဝူချင်းယီ(Star Light ၏ မင်းသား) သည် မင်းသားနေရာကို သူရပြီဟု ထင်မှတ်နေခဲ့သည်။ သို့သော် ရှည်လျားသော သရုပ်ဆောင် စာရင်း ထွက်လာသည့်အချိန်တွင် ထိပ်ဆုံးမှ မင်းသားနေရာ၌ မုရှို့၏ နာမည် ပါလာခဲ့သည်။
ဝူချင်းယီ၏ Anti-Fan များက ပျော်ရွှင်သွားကြပြီး ဝူချင်းယီ၏ Weibo အောက်တွင် ဝင်ရောက် လှောင်ပြောင်ကြရာ နှစ်ဖက် Fan များ အကြီးအကျယ် စကားနိုင်လုပွဲ ဖြစ်ကုန်ကြတော့သည်။
ဝူချင်းယီမှာ ဒေါသထွက်လွန်း၍ မျက်နှာကြီး ရွဲ့စောင်းသွားတော့သည်။
သူသည် မုရှို့၏ ဖိနှိပ်မှုကို ခံလာရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ဆုပေးပွဲများတွင် ဖြစ်စေ၊ အဆင့်သတ်မှတ်ချက်များတွင် ဖြစ်စေ မုရှို့သည် သူ့အထက်တွင် အမြဲ ရှိနေပြီး မိုးတိမ်မည်းကြီး တစ်ခုကဲ့သို့ သူ့ကို အသက်ရှူကျပ်စေခဲ့သည်။
ဒီတစ်ခေါက် ကုမ္ပဏီက ရင်းနှီးမြှုပ်နှံပေးထားပြီး မန်နေဂျာကလည်း အကြိမ်ကြိမ် စကားကမ်းလှမ်းထားသဖြင့် ဒါရိုက်တာချန်ပင်းဘက်က ငြင်းလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သည်။
ထိုအချိန်တွင် မုရှို့၏ ရိုက်ကွင်း၌ ဒဏ်ရာအပြင်းအထန် ရရှိသွားသည့် သတင်းက ထွက်လာခဲ့သည်။ ဒါသည် အိပ်ချင်နေသူကို ခေါင်းအုံး လာပေးသလိုပင်။ ဝူချင်းယီသည် ပျော်ရွှင်မှုကို မနည်း ထိန်းချုပ်ထားပြီး တရားဝင် ကြေညာချက်ကို စောင့်နေခဲ့သည်။
ဘယ်သူ ထင်မှာလဲ! ဒါရိုက်တာ ချန်ပင်းက Star Light Entertainment ကို စိတ်ဆိုးစေပြီး ရိုက်ကူးရေးအဖွဲ့ တစ်ခုလုံးကို ရပ်နားကာ မုရှို့ ဒဏ်ရာပျောက်သည်အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်တဲ့!!
Star Light Entertainment သည် ဒေါသထွက်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းလိုက်သည်။ ဒါရိုက်တာချန်ပင်း၏ ဇာတ်ကားသည် ဇာတ်ကားကြီး ဖြစ်သဖြင့် သရုပ်ဆောင်များမှအစ ရိုက်ကွင်းအဆုံး အကောင်းဆုံးကိုသာ သုံးထားသည်။ ထိုကဲ့သို့သော ရိုက်ကူးရေးအဖွဲ့ လည်ပတ်နိုင်ရန် ငွေကြေး အမြောက်အမြား လိုအပ်သည်။
Star Light Entertainment ၏ ရင်းနှီးမြှုပ်နှံမှုက အများဆုံး မဟုတ်သော်လည်း ရုတ်တရက် ရုပ်သိမ်းလိုက်ခြင်းကြောင့် ဘတ်ဂျက် လျော့နည်းသွားပြီး နောက်ပိုင်း ထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည်။ ဘတ်ဂျက် လျှော့ချမလား၊ ရင်းနှီးမြှုပ်နှံသူ အသစ် ရှာမလားဆိုတာကို ရွေးချယ်ရတော့မည်။
ထို့ကြောင့် ဒါရိုက်တာချန်ပင်းသည် Flying Fish Entertainment ကို ဆက်သွယ်လိုက်ခြင်း ဖြစ်သည်။
ဒါရိုက်တာချန်ပင်း၏ ဂုဏ်သတင်းကြောင့် ရင်းနှီးမြှုပ်နှံသူကို ရှာရန် မခက်ခဲပေ။ သို့သော် မိမိလူကို အတင်းထည့်ခြင်း၊ ဝင်ရောက် စွက်ဖက်ခြင်း မရှိမည့် ရင်းနှီးမြှုပ်နှံသူကို ရှာရန်မှာမူ ခက်ခဲလှသည်။
Flying Fish Entertainment သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ ငွေကြေး တောင့်တင်းပြီး မုရှို့ကလည်း မင်းသား ဖြစ်နေသည်။ အောင်မြင်မည့် အလားအလာရှိသော ရုပ်ရှင်ကို Flying Fish အနေဖြင့် ငြင်းပယ်စရာ အကြောင်း မရှိပေ။
မုချီဝမ်နှင့် မုရှို့တို့ ဆွေးနွေးသည့် အကြောင်းအရာမှာ Flying Fish Entertainment မှ ရင်းနှီးမြှုပ်နှံမည်လား၊ မုရှို့၏ ကိုယ်ပိုင်အမည်ဖြင့် ရင်းနှီးမြှုပ်နှံမည်လား ဆိုသည့် ကိစ္စဖြစ်သည်။
ဆွေးနွေးပြီးနောက် မုရှို့၏စတူဒီယိုနာမည်ဖြင့် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်ကြသည်။
ဒါသည် စတူဒီယိုကို လူသိရှင်ကြား မိတ်ဆက်ပေးရာ ရောက်သလို ကုမ္ပဏီဟောင်းနှင့် မတည့်ဘူးဆိုသည့် ကောလဟာလများကိုလည်း ချေဖျက်ပေးနိုင်မည့် အခွင့်အရေးကောင်း ဖြစ်သည်။
အလုပ်ကိစ္စ ပြီးသွားပြီ ဖြစ်သဖြင့် မုရှို့သည် ဆက်ပြောချင်သလိုလို ဖြစ်နေသော မုချီဝမ်၏ မျက်နှာကို လစ်လျူရှုကာ ဖေးလုကို ခေါ်ပြီး ပြန်ထွက်လာခဲ့သည်။
ကားပါကင်သို့ တန်းမသွားဘဲ ဖေးလုကို ကုမ္ပဏီအနှံ့ လိုက်ပြရန် ဆုံးဖြတ်လိုက်သည်။
ဓာတ်လှေကားသည် မြေညီထပ်တွင် ရပ်သွားသည်။ မုရှို့သည် အရင်ထွက်လိုက်ပြီး ဖေးလုက ညာဘက် အနောက်နားမှ ကပ်လိုက်လာသည်။
ဧည့်ခန်းမဆောင်တွင် လူအသွားအလာ များပြားပြီး အားလုံးမှာ ချောမောလှပသော လူငယ်လေးများ ဖြစ်ကြသည်။ ဖေးလုသည် မျက်လုံးကစားကာ လိုက်ကြည့်နေမိသည်။ တချို့ကို တီဗီထဲတွင် မြင်ဖူးသော်လည်း တချို့ကို မမြင်ဖူးပေ။ သို့သော် အားလုံးသည် ရုပ်ရည်သန့်ပြန့်ပြီး စတိုင်လ်ကျလှသည်။ Flying Fish ၏ မျက်နှာသစ်များ ဖြစ်လောက်သည်။
သို့သော် မျက်နှာသစ် ဖြစ်စေ၊ ဝါရင့် ဖြစ်စေ… မုရှို့ ပေါ်လာသည်နှင့် ခန်းမဆောင်တစ်ခုလုံး ၂ စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။
ချောမောလှပသော လူငယ်လေးများသည် မုရှို့ကို အလုအယက် နှုတ်ဆက်ကြသော်လည်း မုရှို့ကမူ တစ်ချက် ဝေ့ကြည့်လိုက်ပြီး သိတဲ့လူ မပါသဖြင့် ခေါင်းညိတ်ပြကာ ကောင်တာသို့ ဆက်သွားလိုက်သည်။
ဖေးလုလည်း နောက်မှ လိုက်သွားသည်။ မုရှို့က ဝန်ထမ်းကို ပြောလိုက်သည်။
“သူ့ကို လက်ဗွေ ယူပေးလိုက်… ငါ့ရုံးခန်းကပဲ”
ကောင်တာဝန်ထမ်း ကောင်မလေးသည် အံ့သြသွားသော်လည်း အပြုံးမပျက်ဘဲ ဖေးလု၏ လက်ဗွေကို လျင်မြန်စွာ မှတ်ပုံတင်ပေးလိုက်သည်။
ဖေးလုသည် ကျေးဇူးတင်စကား ပြောလိုက်ပြီး အမြီးလေး တစ်ချောင်းကဲ့သို့ မုရှို့၏ ဘေးနားသို့ ပြန်ကပ်သွားသည်။
လိမ္မာလိုက်တာမှ ပြောမနေနဲ့!
မုရှို့သည် စိတ်ထဲတွင် ကျေနပ်နေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာပင် ပြောလေသည်။
“ငါ့ရုံးခန်းက ၃၆ ထပ်မှာ… ခဏနေ လိုက်ပြမယ်”
ဖေးလု ခေါင်းညိတ်လိုက်သည်။ ရုံးခန်းကို လိုက်ပြသည်ဟုသာ ထင်နေသော်လည်း သူ မသိသည်မှာ မုရှို့၏ ရုံးခန်းကို ဘယ်သူမှ ဝင်ခွင့်မရှိခြင်းပင်။
ချူးဟုန် ဝင်ချင်ရင်တောင် မုရှို့ဆီက သော့တောင်းပြီးမှ ဝင်ရခြင်း ဖြစ်သည်။
၃၆ ထပ်ရှိ ရုံးခန်းတွင် ဖေးလုသည် ဒုတိယမြောက် လက်ဗွေ စာရင်းသွင်းခွင့်ရသူ ဖြစ်သည်။
ပထမလူကတော့ မုရှို့ပင်။
လက်ဗွေနှိပ်ပြီးနောက် မုရှို့သည် ဖေးလုကို အပြင်ဘက်သို့ လိုက်ပို့ပေးသည်။ Flying Fish Entertainment ၏ အဆောက်အဦးသည် ခမ်းနားထည်ဝါလှသည်။ အဆောက်အဦ နှစ်လုံးကို တွဲဆောက်ထားပြီး တစ်ဖက်က ရုံးခန်း၊ တစ်ဖက်က အနုပညာရှင်များ လေ့ကျင့်ရေး ကွင်းဖြစ်သည်။ အကလေ့ကျင့်ခန်း၊ အသံသွင်းခန်း စသည်ဖြင့် အစုံအလင် ရှိသည်။
တစ်ပတ် လှည့်ကြည့်ပြီးနောက် မုရှို့သည် သူ့အိမ်မွေးတိရစ္ဆာန်လေးကို သူ့နယ်မြေ (အိမ်) သို့ ပြန်ခေါ်သွားရန် စိတ်စောနေပြီ ဖြစ်သည်။ ပြန်ရန် ပြင်နေစဉ် တစ်စုံတစ်ယောက်က လှမ်းခေါ်လာသည်။
လော့ရှန်ရှန်သည် ခန္ဓာကိုယ်ကို လှုပ်ခါကာ လမ်းလျှောက်လာပြီး ရင်းနှီးစွာ နှုတ်ဆက်လေသည်။
“ဒဏ်ရာက သက်သာသွားပြီလား? အဆင်ပြေရဲ့လား?”
မုရှို့သည် မျက်နှာထား တင်းမာနေသော်လည်း မိန်းကလေးတစ်ယောက်ကို ရိုင်းပျသလို မဖြစ်စေရန် ပြန်ဖြေလိုက်သည်။
“ကောင်းသွားပါပြီ… ဂရုစိုက်ပေးလို့ ကျေးဇူးပါ”
လော့ရှန်ရှန် ပြုံးလိုက်သည်။ သူမက ဆံပင်ကို သပ်တင်လိုက်ပြီး ဆွဲဆောင်မှုရှိသော အမူအရာဖြင့် ပြောလေသည်။
“ငါက ဟိုရက်ပိုင်း ရိုက်ကွင်းမှာ ရှိနေလို့… ပြန်ရောက်မှ နင် ဒဏ်ရာရသွားတဲ့ သတင်းကို ကြားတာ။ နင် ဒီရက်ပိုင်း အားတယ်မလား? အပန်းဖြေလို့ ကောင်းတဲ့နေရာ တစ်နေရာ ငါ သိထားတယ်… အတူတူ သွားကြမလား?”
မုရှို့က ပြန်ချင်နေပြီ ဖြစ်သည်။သူက မျက်မှောင်ကြုတ်ကာ သူမ စကားဆုံးသည်အထိ စောင့်ပြီးနောက် အေးစက်စွာ ငြင်းလိုက်သည်။
“မလိုက်တော့ဘူး… ငါ့မှာ ကိစ္စရှိသေးတယ်”
ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
ဖေးလုသည် သူ့နောက်မှ လိုက်ပါသွားရင်း အနောက်သို့ ခိုးကြည့်လိုက်သည်။ လော့ရှန်ရှန်သည် ရှက်စိတ်ကြောင့် နှုတ်ခမ်းကို ကိုက်ထားသော်လည်း လှပနေဆဲပင်။
သို့သော် ဖေးလု၏ စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ သူမကို ကြည့်မရ ဖြစ်လာသည်။
Chapter 55 ended