⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 60

Chapter 60

 

ဆောင်းရာသီသို့ ရောက်လာခဲ့ပြီဖြစ်၏။ ဤသည် ကျန့်ချီ ချွမ်လင်မြို့တွင် ပထမဆုံးအကြိမ် ဖြတ်သန်းရသော ဆောင်းရာသီဖြစ်ပေသည်။ ယွင်ချန်မြို့သည် ရာသီလေးခုလုံး နွေးထွေးသဖြင့် ဆောင်းရာသီသည်ပင် ဆောင်းရာသီနှင့်မတူချေ။ ချွမ်လင်မြို့မှာမူ ထိုသို့ စိတ်ကောင်းနှလုံးကောင်းမရှိပေ။ ဤရက်ပိုင်းများတွင် ကျန့်ချီသည် နံနက်ခင်းနိုးထတိုင်း အအေးဒဏ်ကြောင့် တစ်ချက်တုန်တက်သွားလေ့ရှိသည်။ ကံကောင်းသည်မှာ ဆောင်းဦးနှင့်ဆောင်းရာသီကျောင်းဝတ်စုံသည် ပို၍နွေးထွေးပုံရခြင်းပင်။

 

“ဒီနှစ်ဆောင်းမှာ နှင်းကျပါ့မလားမသိဘူး”

 

ကျိဟွိုက်စစ်သည် ကျန့်ချီ၏အတွေးများကို ဖတ်နိုင်သည့်အလား သူ၏နူးညံ့သောအသံသည် ဘေးမှထွက်ပေါ်လာခဲ့သည်။ ကျန့်ချီသည် သတိပြန်ဝင်လာပြီး ပြတင်းပေါက်အပြင်ဘက်သို့ စိုက်ကြည့်နေသော သူ၏အကြည့်များကို ရွှေ့လိုက်မှ မိမိမှာ ယဉ်ကျေးမှုမရှိရာကျနေသည်ဟု ခံစားမိ၏။ သူသည် ကျိဟွိုက်စစ်၏ ကားကိုစီးနေသော်လည်း သူ၏အာရုံက အပြင်ဘက်သို့သာ ရောက်နေခဲ့သည်။

 

“ချွမ်လင်မှာ နှင်းမကြာခဏကျတယ်လို့ ငါ ကြားဖူးတယ်။ ဒီနှစ်လည်း ကျလောက်မှာပါ”

 

“ဖြစ်နိုင်တယ်၊ ဒါပေမဲ့ နှင်းကျတဲ့အချိန်ရောက်ရင် ကျောင်းပိတ်ရက်ဖြစ်နေလောက်ပြီ။ ကျောင်းထဲမှာ နှင်းကျတဲ့ရှုခင်းကို ကြည့်ခွင့်ရမှာမဟုတ်တော့ဘူး”

 

ကျိဟွိုက်စစ်၏ စကားထဲတွင် သဲ့သဲ့မျှသော နှမြောမှုတစ်ခုပါဝင်နေ၏။ ကျန့်ချီသည် ထိုနှမြောမှုက မည်သည့်အရာအတွက်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမသိချေ။ အိမ်ကလူများနှင့်အတူ နှင်းကျသည်ကို ကြည့်ရခြင်းက ပိုမကောင်းပေဘူးလား။ ကားအပြင်ဘက်မှ ရှုခင်းများသည် လူသူကင်းမဲ့သော သစ်တောမှသည် စည်ကားသောမြို့ပြသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

 

ပိတ်ရက်ဖြစ်သော ချွမ်လင်မြို့လယ်သည် လှုပ်ရှားသွားလာနေသော လူများဖြင့် ပြည့်နှက်နေပြီး တန်းစီပေါက်နေသော တိုက်တာအဆောက်အအုံများနှင့် ဇိမ်ခံပစ္စည်းကြော်ငြာများ ပြသထားသော ဆိုင်းဘုတ်ကြီးများက အထင်ရှားဆုံးသော သက်သေပင်ဖြစ်၏။ ကျန့်ချီသည် သူတို့၏ပန်းတိုင်သို့ မကြာမီရောက်ရှိတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ကားသည် တည်ငြိမ်စွာ ရှေ့သို့ဆက်လက်မောင်းနှင်နေဆဲဖြစ်ကာ ခုနက မြင်ခဲ့ရသော တိုက်တာမြင့်ကြီးများကို မမြင်နိုင်တော့သည်အထိပင်။

 

ကျန့်ချီသည် ထူးဆန်းသည်ဟု ခံစားလာရသော်လည်း မေးမြန်းလိုက်ပါက ယဉ်ကျေးမှုမရှိရာကျမည်စိုးသောကြောင့် ဘာမှမပြောဘဲနေလိုက်သည်။ ကားသည် နာရီဝက်ခန့် ဆက်လက်မောင်းနှင်လာခဲ့ပြီးနောက် ကားအပြင်ဘက်တွင် လူအများအပြားအရွယ်အစားရှိသော ရေပန်းပုထုတစ်ခု ပေါ်ထွက်လာခဲ့၏။ သူတို့ရှေ့တည့်တည့်မှ သံပန်းတံခါးကြီးသည် ဘေးတစ်ဖက်တစ်ချက်စီသို့ ဖြည်းညင်းစွာ ပွင့်ဟသွားပြီး လမ်းဘေးဝဲယာမှ စိမ်းစိုသောသစ်ပင်များနှင့် ရှေ့မျက်နှာစာမှ ထူးခြားသောဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသော အဆောက်အအုံကို မြင်လိုက်ရသည့်အခါ ကျန့်ချီသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို နောက်ဆုံးတွင် သတိပြုမိသွားတော့သည်။

 

“ငါတို့ ဘယ်သွားနေကြတာလဲ”။

 

ကျိဟွိုက်စစ်သည် သူ့ဘက်သို့ ခေါင်းစောင်းကာ ပြုံးပြလိုက်ပြီး ….

 

“ငါ့အိမ်လေ”

 

ထိုစကားလုံးနှစ်လုံးကို ကြားလိုက်သည့်အခိုက်တွင် ကျန့်ချီသည် သူနားကြားမှားသည်ဟု ထင်လိုက်မိသည်။ ထိုစကားဝိုင်းကို သူ၏ဦးနှောက်ထဲတွင် အကြိမ်အနည်းငယ် ပြန်လည်ရစ်ကြည့်ပြီးမှ ကျိဟွိုက်စစ်ပြောလိုက်သည်မှာ ‘ငါ့အိမ်လေ’ ဖြစ်ကြောင်း သေချာသွားတော့သည်။

 

ဝတ်စုံသွားရွေးမယ်လို့ ပြောထားတာမဟုတ်ဘူးလား။

ကုန်တိုက် ဒါမှမဟုတ် စတိုးဆိုင်ကို အရင်သွားရမှာ မဟုတ်ဘူးလား။ ဒီလိုကူးပြောင်းမှုက သာမန်ထက် လွန်ကဲလွန်းနေတယ် မဟုတ်ဘူးလား။

 

ကျန့်ချီ၏မျက်နှာပေါ်မှ ရှုပ်ထွေးအံ့ဩမှုနှင့် နားမလည်နိုင်မှုတို့က သိသာလွန်းသောကြောင့်ပင်လားမသိ၊ ကျိဟွိုက်စစ်သည် မရယ်ဘဲမနေနိုင်တော့ဘဲ ရှင်းပြသည်။

 

“ငါက လူရှုပ်တဲ့ဆိုင်တွေကို သွားရတာ မကြိုက်ဘူး။ ပုံမှန်ဆိုရင် အဝတ်အစားတွေကို အိမ်ကို တိုက်ရိုက်ပို့ခိုင်းပြီးမှ တစ်ထည်ချင်းစီကနေ ပြန်ရွေးတာ။ ဒီလိုလုပ်တာက ပိုအဆင်ပြေပြီး ရွေးချယ်စရာလည်း ပိုများတယ်”

 

“ပြောရရင်တော့…”

 

ကျိဟွိုက်စစ်၏ အပြုံးထဲတွင် သဲ့သဲ့မျှသော စစ်မှန်သည့် တောင်းပန်မှုအရိပ်အယောင်တစ်ခု ပါဝင်နေသည်။

 

“တောင်းပန်ပါတယ်၊ ငါမင်းကို ကြိုပြောထားသင့်တာ။ မင်းအတွက် အရမ်းရုတ်တရက်နိုင်သွားတယ်လို့ ခံစားရရင် ငါကားသမားကို CBD ဘက်ကို ကားပြန်လှည့်ခိုင်းလို့ရတယ်၊ သိပ်မဝေးပါဘူး”

 

ဤသို့သော နောက်ဆုတ်ပေးမှုက ကျန့်ချီကို အားနာသွားစေသည်။ ကားသည် ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ရာ ယခုမှ ကားပြန်လှည့်ခိုင်းလျှင် အလွန်အလုပ်ရှုပ်ပေမည်။ ထို့အပြင် သူတို့သွားမည်မှာ ကျိဟွိုက်စစ်၏ အိမ်ဖြစ်ပြီး အိမ်ရှင်ကိုယ်တိုင်က ဖိတ်ခေါ်နေသည်ကို သူငြင်းပယ်လိုက်လျှင် အလွန်ယဉ်ကျေးမှုမရှိရာ ကျပေလိမ့်မည်။

 

“ကိစ္စမရှိပါဘူး၊ ငါကနည်းနည်းအံ့ဩသွားလို့ပါ”

 

ကျန့်ချီက ထပ်ပြောလိုက်သည်။

 

“ငါဒီလိုမျိုး ဘာမှမပြောဘဲ လိုက်လာတာ၊ မင်းရဲ့မိသားစုဝင်တွေက စိတ်ဆိုးမှာမဟုတ်ဘူးလား”

 

“သူတို့ စိတ်မဆိုးပါဘူး”

 

ကျိဟွိုက်စစ်၏ မျက်ဝန်းထဲတွင် နှစ်သိမ့်အားပေးသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

 

“စိတ်မပူပါနဲ့၊ သူတို့က ပေါင်းသင်းဆက်ဆံရ လွယ်ကူတဲ့သူတွေပါ”

 

ကျန့်ချီသည် အကြောင်းမဲ့ ပို၍စိတ်လှုပ်ရှားလာခဲ့သည်။

ကားပေါ်မှဆင်းလိုက်သည့်အခါ မျက်စိရှေ့တွင် စိမ်းစိုသောသစ်ပင်များဖြင့် ဝန်းရံထားသော ကိုယ်ပိုင်ခြံဝင်းတစ်ခုကို မြင်တွေ့ရ၏။ တံခါးမကြီးရှေ့တွင် ကြည်လင်သော ရေကန်ငယ်တစ်ခုရှိပြီး တောင်အတုအောက်မှ ရွှေငါးများသည် ရေထဲမှ တစ်ချက်တစ်ချက် ခုန်ထွက်လာကြရာ ကျန့်ချီအား နွေဦးပေါက်ဥယျာဉ်တစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေသည်။

 

အိမ်သည် လေးထပ်မြင့်ပြီး ကျယ်ဝန်းခန့်ညားသော တရုတ်ရိုးရာဟန်ဖြင့် တည်ဆောက်ထား၏။ လက်အိတ်အဖြူဝတ်ဆင်ထားသော အိမ်တော်ထိန်းသည် တံခါးမကြီးကို ဆွဲဖွင့်ပေးလိုက်ရာ သူ၏မျက်ဝန်းထောင့်မှ အရေးအကြောင်းများသည် အပြုံးနှင့်အတူ ပို၍နက်ရှိုင်းသွားသည်။

 

“သခင်လေး သူငယ်ချင်းကို ကစားဖို့ခေါ်လာတာလား”

 

ကျိဟွိုက်စစ်က ရယ်မောလိုက်သည်။

 

“သူ့နာမည်က ကျန့်ချီ၊ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ကျန့်ချီ… ဒါက အိမ်က အိမ်တော်ထိန်း ဦးလေးကျန်း၊ မင်းသူ့ကို ဦးလေးကျန်းလို့ခေါ်လို့ရတယ်”

 

ဦးလေးကျန်းသည် ကျန့်ချီအား လေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။

 

“သခင်လေးကျန့်”

 

ကျန့်ချီသည် သူ့ဘဝတွင် ပထမဆုံးအကြိမ် ‘သခင်လေး’ ဟု အခေါ်ခံရခြင်းဖြစ်ရာ တစ်ခဏမျှ ကြောင်အသွားပြီးနောက် အလျင်အမြန်ဆိုလိုက်၏။

 

“ကျွန်တော့်ကို ကျန့်ချီလို့ပဲခေါ်ပါ”

 

ထိုစကားလုံးနှစ်လုံးသည် ကျိဟွိုက်စစ်ကို ခေါ်ဝေါ်ရန်အတွက်ဆိုလျှင် အမှားအယွင်းမရှိသော်လည်း သူ့အပေါ်တွင်မူ အနည်းငယ် မအပ်စပ်သလိုဖြစ်နေသည်။ ကျန့်ချီသည် တစ်စုံတစ်ယောက်က အခြားသူတစ်ဦးကို ‘သခင်လေး’ ဟု ရိုသေကိုင်းရှိုင်းစွာ ခေါ်ဝေါ်သည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။ စိတ်ကူးထဲကလို ကသိကအောက်မဖြစ်လှသည်မှာ ကျိဟွိုက်စစ်ကိုယ်တိုင်က ထိုခေါ်ဝေါ်မှုနှင့် ထိုက်တန်သောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။

 

“ဒါဆို သူခေါ်ခိုင်းတဲ့အတိုင်းပဲ ထားလိုက်ပါ”

 

ကျိဟွိုက်စစ်၏ နှုတ်ခမ်းထောင့်တို့သည် ကွေးညွှတ်သွားသည်။

 

“ပထမဆုံးအကြိမ်ဆိုတော့ နည်းနည်းတော့ အသားမကျဖြစ်နေမှာပေါ့”

 

အိမ်တော်ထိန်းသည် သူ၏ခေါ်ဝေါ်ပုံကို ပြောင်းလိုက်ပြီး ကျိဟွိုက်စစ် ခုလေးတင်ချွတ်လိုက်သော အပေါ်ဝတ်အင်္ကျီကို လှမ်းယူလိုက်၏။ ကျိဟွိုက်စစ်သည် သူ၏ရှပ်အင်္ကျီအပေါ်ဆုံးကြယ်သီးကို ဖြုတ်လိုက်ရင်း မေးသည်။

 

“အဖေ အိမ်မှာရှိလား”

 

“သခင်ကြီးက မနက်အစောကြီးကတည်းက စာကြည့်ခန်းထဲမှာပါ၊ သခင်မကြီးကတော့ ခုနကမှထွက်သွားပါတယ်၊ အခြားသခင်မကြီးတွေနဲ့ နေ့လယ်လက်ဖက်ရည်သောက်ဖို့ ချိန်းထားလို့ပါ”

 

“ကျွန်တော်သိပြီ”

 

ကျိဟွိုက်စစ်သည် နောက်ပြန်လှည့်ကာ တံခါးဝတွင် ရပ်နေသော ကျန့်ချီကို ပြုံးပြလိုက်ပြီး ခုနက အိမ်တော်ထိန်းနှင့် စကားပြောစဉ်က ကင်းကွာနေသော ယဉ်ကျေးသိမ်မွေ့မှုမှသည် ပို၍ရင်းနှီးနွေးထွေးသော အသွင်သို့ ပြောင်းလဲသွားသည်။

 

“လာလေ၊ မင်းကို အထဲလိုက်ပြမယ်၊ အဝတ်အစားတွေလည်း ရောက်နေလောက်ပြီ။ မင်းပင်ပန်းတယ်လို့ထင်ရင် ခဏနေမှ ငါနဲ့အတူတူရွေးပေးပေါ့။ ဦးလေးကျန်း၊ ခဏနေရင် မီးဖိုချောင်ထဲက လက်ဖက်ရည်နဲ့ မုန့်နည်းနည်းပို့ခိုင်းလိုက်ပါ”

 

ဦးလေးကျန်းသည် “ဟုတ်ကဲ့” ဟု တစ်ခွန်းဆိုကာ အဝတ်ကိုချိတ်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။

 

ဤသည် ကျန့်ချီ ပထမဆုံးအကြိမ် ဤမျှကြီးမားသော အိမ်တစ်လုံးထဲသို့ ဝင်ရောက်ဖူးခြင်းဖြစ်၏။ ယခင်က သူနှင့် ကျန့်ချိန်ချောင် နေထိုင်ခဲ့သော တိုက်ခန်းသည် သူတို့အတွက် မသေးငယ်လှပေ။ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းဖြင့် လုံလောက်သည်ထက်ပင် ပိုသေး၏။ သို့သော် မျက်စိရှေ့မှ အိမ်နှင့်နှိုင်းယှဉ်လိုက်လျှင် ထောင့်တစ်နေရာစာလောက်သာ ဝယ်နိုင်မည်ဟု ခန့်မှန်းရသည်။

 

ကျန့်ချီသည် အချို့သောလူများ၏ အိမ်အပေါ်ထားသော လိုအပ်ချက်မှာ နေထိုင်ရန်သက်သက်မျှသာ မဟုတ်ဘဲ အလှအပဆိုင်ရာ ရှုမြင်မှုနှင့် တန်ဖိုးထားမှုတို့ ပိုမိုပါဝင်သည်ကို ယခုမှပင် သိရှိနားလည်တော့သည်။ သို့တိုင်အောင် သူသည် အမြင်အာရုံပိုင်းဆိုင်ရာ ထိတ်လန့်တုန်လှုပ်မှုကို အမှန်တကယ် ခံစားလိုက်ရသည်။

 

ဓာတ်လှေကားသည် တတိယထပ်သို့ ရောက်သည့်အခါ ကျိဟွိုက်စစ်သည် ကျန့်ချီကို အိပ်ခန်းထဲမှ အဝတ်လဲခန်းဆီသို့ ခေါ်ဆောင်သွား၏။ မျက်နှာသုံးဘက်နှင့် မျက်နှာကြက်အထိမြင့်သော မှန်ဗီရိုများ၊ ဘေးတွင် သပ်ရပ်စွာချိတ်ဆွဲထားသော ဝတ်စုံပြည့်အမျိုးမျိုးဖြင့် ပြည့်နေသည့် ရွှေ့ပြောင်းနိုင်သောစင်များ ရှိနေသည်။ ကျန့်ချီသည် ဝင်္ကပါကဲ့သို့သော အပြင်အဆင်ကြောင့် မူးဝေသွားခဲ့ရာ မျက်စိရှေ့မှ မြင်ကွင်းကိုမြင်ရသည့်အခါ အစပိုင်းကလောက် အံ့အားမသင့်တော့ဘဲ ရေရွတ်မိ၏။

 

“ဒီလောက်များတဲ့အဝတ်အစားတွေ တကယ်ပဲ ဝတ်လို့ကုန်လို့လား”

 

“ဘယ်ကုန်ပါ့မလဲ”

 

ကျိဟွိုက်စစ်သည် ဤအကြောင်းကို ပြောသည့်အခါ အနည်းငယ် အားမလိုအားမရဖြစ်နေပုံရ၏။ သူသည် အဝတ်စင်ဆီသို့ လျှောက်သွားကာ ဝတ်စုံများကို ရွေးနေရင်း ပြော၏။

 

“အမေက အရင်က ပူးပေါင်းခဲ့တဲ့ brand တွေကို အခုထိ သူ့အတွက် အဝတ်အစားတွေ ပုံမှန်ပို့ပေးခိုင်းတုန်းပဲ။ ငါ့အတွက် မလိုတော့ဘူးလို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးတယ်။ ဒါမဲ့လည်း အိမ်ပြန်ရောက်တိုင်း ဗီရိုထဲမှာ ငါတစ်ခါမှမမြင်ဖူးတဲ့ အဝတ်အစားအသစ်တွေ အမြဲတိုးနေတာပဲ။ အဲ့ဒါတွေ ဒီအတိုင်းထားထားရတာ အခုထိပဲ။ တကယ်တမ်း ငါပုံမှန်ဝတ်ဖြစ်တာက ဗီရိုတစ်ဝက်စာလောက်ပဲရှိတာ၊ ကျန်တာတွေကို ဘယ်လိုလုပ်ရမှန်းမသိဘူး”

 

ဤစကားများကို အခြားသူတစ်ဦးကသာ ပြောမည်ဆိုလျှင် မမြင်နိုင်သော ကြွားဝါမှုတစ်ခုဟု ထင်ရနိုင်ပေသည်။ ကျိဟွိုက်စစ် ပြောသည့်အခါတွင်မူ သူ၏အားမလိုအားမရဖြစ်မှုနှင့် စိတ်ခံစားမှုတို့က အလွန်စစ်မှန်ပြီး သဘာဝကျလှရာ ကျန့်ချီသည် ထိုပစ္စည်းများအပေါ် သူ၏ပေါ့ပါးသော သဘောထားကို ခံစားသိရှိနိုင်၏။

 

တစ်ခါတစ်ရံ သူနားမလည်နိုင်ဖြစ်ရသည်။ ရှောက်ဟန့်၊ ရှန်းရှုထင်တို့ကဲ့သို့သော လူများသာလျှင် သာမန်လူများ၏ အမြင်ထဲမှာ အာဏာရှိပြီး ဩဇာကြီးမားသော ပုံရိပ်နှင့် ကိုက်ညီသည်ဟု ထင်ရ၏ — ရှေးကျသော စိတ်နေစိတ်ထား၊ မာနကြီးသော ဟန်ပန်နှင့် ရက်စက်သော လုပ်ရပ်များထိပင်။

 

သူတို့နှင့်နှိုင်းယှဉ်လျှင် ကျိဟွိုက်စစ်သည် ကျောင်းထဲမှ ‘ထူးခြားသူ’ တစ်ဦးနှင့် ပိုတူ၏။ သူသည် အခြားသူများနှင့် သိသာစွာကွဲပြားသော်လည်း လူတိုင်း၏လေးစားမှုကိုမူ ရရှိထားဆဲဖြစ်၏။ သူသည် ‘အထက်တန်းလွှာတို့၏ ပုခက်’ ဟုခေါ်သော စိန့်စတန်ကျောင်းက မွေးထုတ်လိုက်သည့် အောင်မြင်သောကိုယ်စားလှယ်တစ်ဦးဟု အမည်တွင်ကောင်းတွင်နိုင်သော်လည်း လူအများစု မေ့လျော့နေသည်မှာ ယဉ်ကျေးသိမ်မွေ့ခြင်း၊ နှိမ့်ချခြင်း၊ လှပသပ်ရပ်ခြင်းတို့သည် မူလကတည်းက အထက်တန်းလွှာပညာရေး၏ အခြေခံအကျဆုံးစည်းမျဉ်းများသာဖြစ်ပြီး ရှားပါးသော အရည်အသွေးများဟု ဆိုနိုင်မည်မဟုတ်ခြင်းပင်။

 

စိန့်စတန်ကျောင်းမှ ကျောင်းသားအများစု၏ အပြုအမူများကြားတွင် ဤသို့သော အရည်အသွေးများသည် အလွန်တရာ တန်ဖိုးရှိလာခဲ့သည်။

 

“ဒီဝတ်စုံ ဘယ်လိုနေလဲ”

 

ကျိဟွိုက်စစ်၏ အသံသည် ကျန့်ချီကို လက်တွေ့ကမ္ဘာသို့ ပြန်လည်ဆွဲခေါ်ခဲ့၏။ သူသည် ရှုပ်ထွေးသောပန်းခက်ပန်းနွယ်များမပါသည့် သာမန်ဟုထင်ရသော ဝတ်စုံအဖြူတစ်စုံကို ကိုင်ထားသည်။ ကျန့်ချီသည် ကျိဟွိုက်စစ် ဂီတခန်းမကြီးတွင် ဖျော်ဖြေခဲ့စဉ်က မြင်ကွင်းကို ပြန်လည်သတိရမိ၏။ ထိုစဉ်က သူသည် အဖြူရောင်ဖဲပြားဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။

 

“မင်း အဖြူရောင်ကို အရမ်းကြိုက်တဲ့ပုံပဲ၊ တခြားအရောင်တွေ မစမ်းကြည့်တော့ဘူးလား”

 

“ဟုတ်လို့လား”

 

ကျိဟွိုက်စစ်သည် အနည်းငယ်တွေဝေစွာဖြင့် မျက်ခုံးပင့်လိုက်ပြီး ထိုဝတ်စုံအဖြူကို မေးစေ့ဖြင့်ပွတ်ကာ အကဲဖြတ်နေပြီးမှ ရယ်လိုက်ကာ ပြန်ချထားလိုက်သည်။

 

“ဟုတ်လောက်တယ်၊ ငါကိုယ်တိုင်တောင် သတိမထားမိဘူး။ အကြိမ်တိုင်း ငါက အရောင်ဖျော့တဲ့အဝတ်အစားတွေကိုပဲ အရင်ဆုံးယူမိလေ့ရှိတယ်၊ အရောင်ရင့်တာတွေကို သိပ်မစမ်းဖြစ်ဘူး”

 

ကျန့်ချီသည် ဒီတစ်ခေါက်လာရသည့် သူ၏တာဝန်ကို သတိရကာ ကျွမ်းကျင်မှုမရှိသော မျက်လုံးများဖြင့် မျက်စိရှေ့မှ တောက်ပလှသော ဝတ်စုံများကို ဝေ့ကြည့်လိုက်ရာ မျက်စိပင်ကျိန်းသွား၏။ သူသည် အလယ်မှ ဝတ်စုံတစ်စုံကို မဝံ့မရဲ ညွှန်ပြလိုက်သည်။

 

“မင်း ဒီတစ်ထည်ကို စမ်းကြည့်မလား”

 

မီးခိုးရောင်ရင့်ရင့် သုံးထပ်ဝတ်စုံ၏ အတွင်း၌ ရှပ်အနက်ရောင်ဖြစ်သည်။ ကျိဟွိုက်စစ်သည် ထိုဝတ်စုံကို ထုတ်ယူလိုက်ပြီး ကျန့်ချီဘက်သို့လှည့်ကာ ပြုံးပြလိုက်ပြီး ပုံမှန်ထက် အနည်းငယ်ပို၍ နောက်ပြောင်သောလေသံဖြင့်…

 

“ဒါဆို မင်းရဲ့အမြင်ကိုပဲ ကြည့်ကြသေးတာပေါ့”

 

ကျိဟွိုက်စစ်သည် အဝတ်အစားလဲရန် ဝင်သွားပြီး အိမ်အကူမိန်းကလေးတစ်ဦးက ပန်းလက်ဖက်ရည်နှစ်ခွက်နှင့် လှပသော ကွတ်ကီးများကို လာချပေးသည်။ ကျန့်ချီသည် ပန်းလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရာ ကျိဟွိုက်စစ်၏ရုံးခန်းထဲမှ လက်ဖက်ရည်နှင့် အရသာတူနေ၏။

 

လက်ဖက်ရည်ခွက်ကို ချရန်ပြင်လိုက်စဉ်မှာပင် ကျိဟွိုက်စစ်သည် အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ ကျန့်ချီသည် ခေါင်းမော့ကြည့်လိုက်ရာ မလွှဲမရှောင်သာ ကြက်သေသေသွားခဲ့ရသည်။

 

ခွက်သည်ပင် သူ၏လက်ထဲတွင်ရှိနေဆဲဖြစ်ပြီး ပြန်ချထားရန် မေ့လျော့သွားတော့သည်။

 

မီးခိုးရင့်ရောင်သည် အခြားသူများအပေါ်တွင် လေးလံလွန်းနိုင်သော်လည်း ကျိဟွိုက်စစ်၏ ခန္ဓာကိုယ်ပေါ်တွင်မူ ထိုသို့မဖြစ်ချေ။ သူ၏ကိုယ်နေဟန်ထားသည် ကျစ်လျစ်တောင့်တင်းပြီး ပုံမှန်အတိုင်းပင် မာနကြီးဟန်မဆောင်သော တြိဂံပုံစံဖြစ်၏။

 

ညီညာစွာဖြတ်ညှပ်ထားသော ဝတ်စုံသည် သူ၏ခါးကို တင်းတင်းကြပ်ကြပ် ပတ်ထားသဖြင့် သွယ်လျသောခါးစည်းကြောင်းကို ပေါ်လွင်စေသည်။ အပေါ်ဝတ်အင်္ကျီအောက်မှ အနက်ရောင်ရှပ်အင်္ကျီသည် နက်ရှိုင်းသောအရောင်အသွေးကို ထင်ဟပ်စေပြီး အပေါ်ဆုံးကြယ်သီးတစ်လုံးကို ဖြုတ်ထားရာ ဖြူဖွေးသောညှပ်ရိုးနှင့် သွယ်လျသောမေးရိုးတို့ကို မြင်တွေ့နေရသဖြင့် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်ကို အဆုံးစွန်အထိ ထုတ်လွှတ်နေတော့သည်။

 

ကျိဟွိုက်စစ်သည် သူ၏ရင်ဘတ်မှ နက်ခ်တိုင်ကို ညှိနေရင်း ကျန့်ချီ၏အကြည့်ကို သတိပြုမိသွားရာ သူ၏ပါးလွှာသောနှုတ်ခမ်းတို့သည် ကွေးညွှတ်သွားပြီး မျက်ဝန်းထောင့်တို့သည် အနည်းငယ်မြင့်တက်ကာ အသံမှာ ပုံမှန်ထက် အနည်းငယ်နိမ့်ကျသွားသည်။

 

“ကြည့်လို့ကောင်းလား”

 

​ကျန့်ချီသည် ကျိဟွိုက်စစ် သူ၏ရှေ့သို့ ရောက်လာသည်ကို ထိုအခါမှ သတိပြုမိတော့၏။ အနီးကပ်စိုက်ကြည့်နေသည့် အခြေအနေတွင် သူသည် လက်ဖက်ရည်ခွက်ကို ပြန်ချထားရန် နောက်ဆုံးတွင် သတိရကာ သူ၏အသက်ရှူနှုန်းကို နှေးလိုက်ပြီး…

 

“အရမ်းကြည့်လို့ကောင်းတယ်”

 

​ဤသို့ပြုံးလိုက်သော ကျိဟွိုက်စစ်ထံတွင် ယခင်က နူးညံ့သိမ်မွေ့သော အငွေ့အသက်များ လျော့နည်းနေပြီး သာမန်အချိန်များတွင် မရှိတတ်သော… အန္တရာယ်အရိပ်အယောင်တစ်ခု ထွက်ပေါ်နေသလိုပင်။

 

Chapter 60 ended

အထက်တန်းစားယောကျ်ားလေးများကျောင်း

အထက်တန်းစားယောကျ်ားလေးများကျောင်း

Status: Ongoing Type: Author: Released: 2021 Native Language: Chinese

Description

 

အစပိုင်းမှာတော့ ဘာအတိတ်နိမိတ်မှ မပါတဲ့ အိပ်မက်တစ်ခုသာ ဖြစ်သည်။

 

အိပ်မက်ထဲက မြင်ကွင်းတွေက လက်တွေ့ဘဝနဲ့ တစ်ခုပြီးတစ်ခု ကိုက်ညီလာတဲ့အခါမှာတော့ ကျန့်ချီက သူဟာ danmeiဝတ္ထုစာအုပ်ထဲမှာ နေထိုင်နေတာကို သိလိုက်ရသည်။

 

စာအုပ်ထဲမှ ဇာတ်လိုက်က အပြစ်ကင်းစင်ပြီး အားနည်းသူဖြစ်ကာ အထက်တန်းစားယောကျ်ားလေးကျောင်းမှ ဝံပုလွေတွေကြားထဲ ဝန်းရံခံနေရပြီး နောက်ဆုံးမှာတော့ 1vN အတင်းအကြပ် အချစ်ဇာတ်လမ်းနဲ့ အဆုံးသတ်သွားခဲ့သည်။

 

(T/N: 1 vs N ဆိုတာက ဇာတ်လိုက်က တစ်ယောက်တည်းဖြစ်ပြီး ပါတနာက အများကြီးကိုပြောတာပါ)

 

ပြီးတော့ သူကိုယ်တိုင်ကတော့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ကို နေရာတိုင်းမှာ ချောက်ချပြီးနောက် ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရတဲ့ ဆိုးသွမ်းတဲ့ အမျိုးသား ဇာတ်ပို့ဖြစ်နေခဲ့သည်။

 

ဒါကို ကြိုတင်သိရှိသွားတဲ့ ကျန့်ချီဟာ ဇာတ်လိုက်ရဲ့ အချစ်ရေးကိစ္စတွေထဲ မဝင်ရောက်ဘဲ အထက်တန်းစားယောကျ်ားလေးကျောင်းမှာ ဘယ်သူမှ သတိမထားမိတဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့သည်။

 

ဒါပေမဲ့ သူ တခြားသူတွေကို စပြီး မနှောင့်ယှက်ပါဘဲနဲ့ကို ပြဿနာတွေက သူ့ဆီကို တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။

 

ဇာတ်ကွက်က ပျက်စီးမယ့်လမ်းကြောင်းဘက်ကို ဆက်ပြီး တိုးတက်လာတဲ့အခါမှာတော့ ကျန့်ချီက ဇာတ်လိုက်Gongတွေ သူ့ကို ကြည့်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေက နည်းနည်းလေး ကွဲပြားနေတယ်ဆိုတာကို နောက်ဆုံးမှာ တွေ့ရှိသွားခဲ့၏။

 

•••••••••••

Harem လေးပါ။ တော်တော်များများလည်း သိကြမှာပါ။

1 vs N ပါနော်။ gongက ငါးယောက်ထင်တယ်။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset