Chapter 59
လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းယန်၏ စကားများကြောင့် ဤတစ်နှစ်တာသည် ကုန်ဆုံးလုနီးပါးဖြစ်နေပြီကို ကျန့်ချီ ရုတ်တရက် သတိပြုမိသွား၏။ စိန့်စတန်ကျောင်းသို့ ပထမဆုံးရောက်စဉ်က သူသည် ပြက္ခဒိန်ကိုကြည့်ကာ ကျန်ရှိနေသေးသောအချိန်များကို ရေတွက်နေတတ်သေးသည်။
ယခုတော့ မျက်စိတစ်မှိတ်အတွင်းမှာပင် စိန့်စတန်ကျောင်း၏ သူ၏ပထမဆုံး စာသင်နှစ်ဝက်သည် အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ နှစ်သစ်ကူးအကပွဲပြီးလျှင် နှစ်သစ်ကူးအားလပ်ရက်ဖြစ်ပေရာ အိမ်ပြန်ရတော့မည်ဟူသော အတွေးကြောင့် ကျန့်ချီသည် တောင်လိုပုံနေသော စာမေးပွဲများနှင့် assessment များအတွက်ပင် စိတ်ညစ်ညူးခြင်း၊ စိတ်တိုခြင်းများ မရှိတော့ချေ။
နှစ်ကုန်ပိုင်းဖြစ်သောကြောင့် ကျောင်းသားသမဂ္ဂသည် အထူးသဖြင့် အလုပ်များနေပုံရ၏။ ကျန်းယန်သည် ကျောင်းသားသမဂ္ဂမှ သူငယ်ချင်းတစ်ယောက်နှင့် သိကျွမ်းရာ တစ်ခါက ထမင်းစားဆောင်တွင် တွေ့ဆုံစဉ် ထိုသူငယ်ချင်းက ဤအချိန်အတောအတွင်း နှစ်သစ်ကူးအကပွဲအတွက် ပြင်ဆင်နေရသဖြင့် နေ့တိုင်း စိုးရိမ်ပူပန်စိတ်ဖြင့် နိုးထနေရကြောင်း၊ အစည်းအဝေးပေါင်းမည်မျှ လုပ်ခဲ့ရသည်မသိကြောင်း ညည်းညူပြခဲ့သည်။ ထို့အပြင် ရှန်းရှုထင်ကလည်း အလွန်တင်းကျပ်လွန်းလှ၏။ လက်အောက်မှ အဖွဲ့ဝင်များမှာ မညည်းညူဝံ့ကြချေ။ ကျိဟွိုက်စစ် ရှိမနေသည့်အခါမျိုးတွင် တစ်စုံတစ်ယောက်က ဝင်ပြောပေးမှသာ ရှန်းရှုထင်သည် ရံဖန်ရံခါ လေသံအနည်းငယ် လျှော့တတ်သည်ဟူ၏။
ကျန့်ချီသည် ကျိဟွိုက်စစ်နှင့် မတွေ့ဖြစ်သည်မှာ အတန်ကြာပြီဖြစ်သော်လည်း စကားပြောဆိုမှုများကမူ မပြတ်ခဲ့ချေ။ ကျိဟွိုက်စစ်သည် ကျောင်းသားသမဂ္ဂတွင် ဖြစ်ပျက်နေသည်များကို မကြာခဏ ပြောပြတတ်ပြီး တစ်ခါတစ်ရံ ဓာတ်ပုံများပင် ရိုက်ပို့ပေးတတ်၏။ ကျန့်ချီသည် အဖွဲ့ဝင်တစ်ဦးမဟုတ်သော်လည်း ကျောင်းသားသမဂ္ဂ၏ အတွင်းရေးကိစ္စများကို တဖြည်းဖြည်း ရှင်းလင်းစွာ သိရှိလာခဲ့ရာ ကျင်းပတော့မည့် အကပွဲ၏ တိုးတက်မှုအခြေအနေများလည်း ပါဝင်ပေသည်။
ကျိဟွိုက်စစ်: [ခဏနေရင် အစည်းအဝေးထပ်လုပ်ရဦးမယ်။]
ထိုစာနှင့်အတူ ဓာတ်ပုံတစ်ပုံပါလာပြီး ထိုပုံမှာ အခုလေးတင် ရိုက်ထားပုံရ၏။ ကျောင်းသားသမဂ္ဂအစည်းအဝေးခန်းမထဲတွင် လူမစုံသေးဘဲ ရှန်းရှုထင်၏ မျက်နှာတစ်ခြမ်းသာ မှန်ထဲတွင် မြင်နေရသည်။ သူသည် ဘောင်မဲ့မျက်မှန်တစ်လက်ကို တပ်ဆင်ထားရာ ထိုမျက်မှန်က သူ၏မြင့်မားသော နှာတံပေါ်တွင် တင်ရှိနေ၏။ အချက်အလက်များကို ငုံ့ကြည့်နေသော သူ၏အကြည့်များသည် ယခင်အတိုင်းပင် အေးစက်တင်းမာလှသည်။ ကျန့်ချီသည် ကျန်းယန်၏ သူငယ်ချင်း ညည်းညူသွားသည်ကို သတိရကာ မေးလိုက်သည်။
[ အကပွဲကိစ္စတွေ အခုထိ အတည်မပြုနိုင်သေးဘူးလား။]
ကျိဟွိုက်စစ်: [အခြေခံအားဖြင့်တော့ သဘောထားကွဲလွဲမှု မရှိတော့ဘူး။ ဒါပေမယ့် ရှန်းရှုထင်က အလုပ်လုပ်တာ အရမ်းသတိကြီးတော့ အရေးကြီးတဲ့ကိစ္စဆို အနည်းဆုံး သုံးခါလောက် ပြန်စစ်ဆေးပြီးမှ အတည်ပြုတာ။ ဒီနေ့က နောက်ဆုံးအစည်းအဝေးပဲ။ ကျန်တဲ့အလုပ်တွေကို တခြားဌာနတွေကို လွှဲပေးလိုက်ရင် ငါနည်းနည်း အနားယူလို့ရပြီ ^_^]
နောက်ဆုံးစကားမှ ခံစားချက်ကို မြင်ယောင်ကြည့်ရင်း ကျန့်ချီ၏စိတ်ထဲတွင် ကျိဟွိုက်စစ်၏ အပြုံးသည် အကြောင်းမဲ့ ပေါ်လာခဲ့၏။ ထိုနှစ်ခုစလုံးတွင် ထူးဆန်းသော တူညီမှုတစ်ခုရှိနေသည်ဟု ခံစားရသဖြင့် ထိုပုံရိပ်ကို သူ၏ခေါင်းထဲမှ ဖယ်ထုတ်လိုက်သည်။
.
[ ဒီလောက်ကြာအောင် ပင်ပန်းထားမှတော့ မင်းလည်း အနားယူသင့်တာပေါ့။]
ကျိဟွိုက်စစ်:[ ခဏနေရင် ကျောင်းသားသမဂ္ဂကို လာခဲ့မလား။]
တစ်စုံတစ်ခုကို မေးရန်ကြံရွယ်နေသော ကျန့်ချီသည် နောက်ထပ်ရောက်လာသော စာတစ်စောင်ကို မြင်လိုက်ရသည်။
[မင်းအရင်က ပြောဖူးတဲ့ ဝတ္ထုရဲ့ အင်္ဂလိပ်မူရင်းကို ငါရှာတွေ့ထားတယ်၊ လာကြည့်မလား။]
ကျန့်ချီသည် သူ၏မေးခွန်းကို ဖျက်လိုက်ပြီး ‘ကောင်းပြီ’ ဟု စာတစ်စောင်ပြန်ပို့လိုက်သည်။ အရင်က စိမ်းသက်သော အခြေအနေနှင့်မတူဘဲ ကျန့်ချီသည် ယခုအခါ ကျိဟွိုက်စစ်၏ ရုံးခန်းသို့ အကျွမ်းတဝင် လျှောက်လှမ်းသွားလာနိုင်နေပြီဖြစ်၏။ လမ်းတွင် အဖွဲ့ဝင်အချို့နှင့်တွေ့လျှင်ပင် သူ့အား နှုတ်ဆက်သူများရှိနေသည်။ ကျိဟွိုက်စစ်၏ ထိုအချိန်က post ကြောင့်လားမသိ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် သူ့အကြောင်းကို ဘာမှဆွေးနွေးပြောဆိုခြင်းမရှိကြတော့ပေ။ အနည်းဆုံးတော့ အပေါ်ယံအားဖြင့် ထိုသို့ဖြစ်၏။
ကျိဟွိုက်စစ်၏ ရုံးခန်းသို့ရောက်သည့်အခါ သင်းပျံ့သော ပန်းရနံ့ကို ရှူရှိုက်မိတိုင်း ကျန့်ချီသည် ပြောမပြတတ်အောင် သက်သောင့်သက်သာဖြစ်မှုကို ခံစားရလေ့ရှိ၏။ အလွန်ရိုးရှင်းသော စကားစမြည်ပြောဆိုမှုများပင် အချိန်အကြာကြီး ပြောဆိုနိုင်သည်အထိဖြစ်၏။ ကျိဟွိုက်စစ်သည် ကျန့်ချီ ခွက်ထဲမှလက်ဖက်ရည်ကို သောက်လိုက်သည်ကိုမြင်လျှင် လက်ဖက်ရည်အနည်းငယ် ထပ်ဖြည့်ပေးကာ မေး၏။
“ကျန့်ချီ၊ မင်း ဒီပိတ်ရက် အချိန်ရှိလား”
ရုတ်တရက်ပြောင်းလဲသွားသော စကားခေါင်းစဉ်ကြောင့် ကျန့်ချီတစ်ယောက် ကြောင်အမ်းသွား၏။ သူ၏စာပြန်ကျက်မှုများက ပြီးစီးလုနီးပြီဖြစ်ပြီး ပေးပို့ရမည့် assessment များအားလုံးလည်း ပိတ်ရက်မတိုင်မီ ပြီးနိုင်မည်ဖြစ်သောကြောင့် ပြန်ဖြေလိုက်သည်။
“အချိန်ရှိပါတယ်၊ ဘာဖြစ်လို့လဲ”
“မကြာခင် အကပွဲရောက်တော့မယ်မလား။ ငါဝတ်စုံတစ်စုံ ရွေးချင်လို့”
ကျိဟွိုက်စစ်သည် သူ၏နှုတ်ခမ်းထောင့်စွန်းကို ကွေးညွှတ်လိုက်ကာ ဆိုသည်။
“ငါနဲ့အတူတူ လိုက်ခဲ့ပေးလို့ရမလား”
‘ရတယ်’ ဟုပြောလိုက်လျှင် ထူးဆန်းနေမည်ဟု ထင်ရပြီး ‘မရဘူး’ ဟုပြောပြန်လျှင်လည်း ကတ်သီးကတ်သတ်နိုင်လွန်းရာ ကျန့်ချီသည် ခေတ္တမျှ ချီတုံချတုံဖြစ်သွားသည်။
“ငါ့အမြင်က မင်းလောက်ကောင်းမှာမဟုတ်ဘူး၊ မင်းကို အကူအညီမဖြစ်ဘဲ အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့”
“လူတစ်ယောက်ထက် နှစ်ယောက်ဆိုတော့ အကြံဉာဏ်ပိုရတာပေါ့။ မင်းက မကြည့်ရသေးဘဲနဲ့ ငါ့အမြင်က ပိုကောင်းတယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ”
ကျိဟွိုက်စစ်သည် နွေးထွေးသောလေသံဖြင့် မေးခွန်းပြန်ထုတ်ကာ ပြဿနာကို ကျန့်ချီထံသို့ ကျွမ်းကျင်စွာ ပြန်လည်လွှဲပေးတတ်လေ့ရှိသည်။
ဤတောင်းဆိုမှုသည် မဖွယ်မရာတောင်းဆိုမှုတစ်ခု မဟုတ်သည့်အပြင် တူညီသောလူတစ်ဦးထံမှ ဒုတိယအကြိမ် ဖိတ်ခေါ်ခြင်းဖြစ်သောကြောင့် ကျန့်ချီသည် ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ မေးလိုက်ရ၏။
“စနေနေ့လား တနင်္ဂနွေနေ့လား”
“ဘယ်နေ့ဖြစ်ဖြစ်ရတယ်။ မင်းအဆင်ပြေတဲ့နေ့ သွားကြတာပေါ့”။
“ဒါဆို တနင်္ဂနွေနေ့လုပ်ရအောင်”
“ရမလား”
ကျိဟွိုက်စစ်၏ မျက်ဝန်းထဲမှ အပြုံးသည် အနည်းငယ်နက်ရှိုင်းသွားပြီး သူ၏အသံမှာမူ ဖြည်းညင်းသက်သာစွာဖြင့်….
“ရတာပေါ့၊ အရင်တစ်ခါကလိုပဲ ငါမင်းကို လာခေါ်မယ်”
စာအုပ်ကိုပိုက်ကာ ရုံးခန်းမှထွက်လာပြီးနောက် ကျန့်ချီသည် တံခါးကိုပိတ်ကာ အောက်ထပ်ဆင်းရန်ပြင်လိုက်၏။ လှည့်လိုက်သည့်အခိုက်တွင် မလှမ်းမကမ်း၌ရှိနေသော ရှန်းရှုထင်နှင့် မမျှော်လင့်ဘဲ ဆုံမိလေသည်။ သူသည် ဤဘက်သို့ လျှောက်လာနေခြင်းလား သို့မဟုတ် ထိုနေရာတွင် စောင့်နေခြင်းလား ကျန့်ချီမသိပေ။ သူ၏ကိုယ်နေဟန်ထားသည် အရိပ်တစ်ခုကဲ့သို့ မလှုပ်မယှက်ရှိနေ၏။
ကျန့်ချီသည် လမ်းကြောင်းပြောင်းပြီး ထွက်သွားရန် စဉ်းစားမိသော်လည်း အောက်ထပ်သို့သွားမည့် ဓာတ်လှေကားက ရှန်းရှုထင်၏ ဘေးမှာပင်ရှိနေသည်။ မတတ်သာသည့်အဆုံး သူသည် သတ္တိမွေးကာ ရှေ့သို့ဆက်လျှောက်သွားရတော့သည်။
ကျန့်ချီသည် ရှန်းရှုထင်နှင့် မျက်လုံးချင်းဆုံခြင်းကို ရှောင်ရှားရန် ခေါင်းငုံ့လိုက်ပြီး အောက်ဆင်းမည့် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်၏။ နံပါတ်များ ပြောင်းလဲသွားသည်ကို ကြည့်နေစဉ်မှာပင် အေးစက်သောလေသံတစ်ခုသည် သူ့နားထဲသို့ စကားလုံးတစ်လုံးချင်း ထိုးဖောက်ဝင်ရောက်လာကာ တိတ်ဆိတ်ငြိမ်သက်နေသော လေထုကို ဖြိုခွင်းလိုက်သည်။
“ကိုယ်လိုချင်တာကို ရပြီးမှတော့ ဟိုစပ်စပ် ဒီစပ်စပ် မလုပ်သင့်တော့ဘူး”
သူ့ဦးနှောက်သည် စက္ကန့်အနည်းငယ်မျှ ဗလာဖြစ်သွား၏။ ကျန့်ချီသည် ဟာလာဟင်းလင်းဖြစ်နေသော ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရှန်းရှုထင်၏ မကျေနပ်မှုများပါဝင်သော ထို ‘ဟိုစပ်စပ် ဒီစပ်စပ်’ ဆိုသည့်စကားသည် သူ့အားရည်ညွှန်းပြောဆိုနေခြင်းဖြစ်ကြောင်း သေချာသွားမှ စက္ကန့်အနည်းငယ်မျှ ချီတုံချတုံဖြစ်ကာ ပြောလိုက်သည်။
“တောင်းပန်ပါတယ်၊ ငါ ကောင်းကောင်းမကြားလိုက်လို့ပါ”
အကယ်၍ မျက်လုံးအကြည့်များသာ အရာဝတ္ထုအဖြစ်ပုံဖော်နိုင်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်သည် ရှန်းရှုထင်ထံမှလာသော ဓားသွားများဖြင့် ပြည့်နှက်နေလောက်ပြီဖြစ်၏။
ရှန်းရှုထင်သည် ယခင်အတိုင်းပင် အကွာအဝေးတစ်ခုမှ ကျန့်ချီကို အေးစက်စွာ စိုက်ကြည့်နေသည်မှာ နောက်တစ်ချက်ပိုကြည့်လျှင်ပင် စိတ်ပျက်ဖွယ်ကောင်းသည်ဟု ထင်နေပုံရ၏။
“မင်း ရှောက်ဟန့်နဲ့ ဝမ်ချွမ်တို့ရဲ့ အိပ်ဆောင်ထဲက ထွက်လာတာကို ငါမြင်လိုက်တယ်။ မင်းရဲ့ မူလပစ်မှတ်က ဘယ်သူပဲဖြစ်ဖြစ်၊ ကျိဟွိုက်စစ်က မင်းအတွက် ဒီလောက်အများကြီးလုပ်ပေးထားတာ၊ အရမ်းလောဘမကြီးနဲ့။ နောက်ဆုံးမှာ ဘာမှမရှိဘဲ ဖြစ်သွားမှာကို သတိထား”
ကျန့်ချီ၏စိတ်ထဲတွင် မေးခွန်းတစ်ခု ဖြည်းညင်းစွာ ပေါ်ပေါက်လာခဲ့၏။ သူနားလည်သလိုလို၊ နားမလည်သလိုလိုပင်။
ရှန်းရှုထင်က တည်ငြိမ်သောခြေလှမ်းများဖြင့် ထွက်ခွာသွားပြီး ဓာတ်လှေကား အောက်ဆုံးထပ်သို့ ရောက်သွားသည့်အခါမှသာ ကျန့်ချီသည် ခုနကစကားများ၏ အဓိပ္ပာယ်ကို သဘောပေါက်နားလည်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် စကားမပြောနိုင်လောက်အောင် ဆွံ့အကာ အမည်မသိသော အားမလိုအားမရဖြစ်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့၏။ ရယ်လည်းရယ်ချင်သော်လည်း ဘယ်ကစရယ်ရမည်ကိုမသိချေ။
ဒီလိုကိုး… ရှန်းရှုထင်က…ငါ့ကို ဒီလိုမြင်နေခဲ့တာပါလား။
တနင်္ဂနွေနေ့ နံနက်ခင်းတွင် ကျန့်ချီသည် ကျိဟွိုက်စစ်က အရင်တစ်ခါကဲ့သို့ ကားဒရိုင်ဘာကို ကြိုလွှတ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ကျောင်းဂိတ်ဝတွင် ရပ်ထားသောကား၏ တံခါးကို ဒရိုင်ဘာက ကြိုဖွင့်ပေးလိုက်သည့်အခါ နောက်ခန်းတွင်ထိုင်နေသူမှာ သာမန်အဝတ်အစားဝတ်ဆင်ထားသော ကျိဟွိုက်စစ်ဖြစ်နေ၏။ သူ၏ဒူးပေါ်တွင် ဖွင့်ထားသော စာအုပ်တစ်အုပ်ကို တင်ထားပြီး ကျန့်ချီလာနေသည်ကို အသံကြားသည့်အခါ မျက်လုံးများကိုမြှင့်ကာ သူ့အားကြည့်၍ ပြုံးပြလိုက်သည်။
“မောနင်း၊ ကျန့်ချီ”။
ကျန့်ချီသည် အမည်မသိ စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရပြီး ခါးကိုကိုင်းကာ နောက်ခန်းသို့ ဝင်ထိုင်လိုက်ပြီးမှ “မောနင်း” ဟု ပြန်ပြောရန် သတိရတော့သည်။
“မနက်စာ စားပြီးပြီလား”
ကျိဟွိုက်စစ်သည် သူ၏လက်ထဲမှစာအုပ်ကိုပိတ်ကာ ဘေးတွင်ချလိုက်ပြီး ….
“ကားထဲမှာ စားစရာနည်းနည်း ပြင်ထားတယ်၊ ငါလည်း မနက်စာမစားရသေးဘူး၊ အတူတူစားမလား”
ကျန့်ချီသည် မူလက မနက်စာ ကြိုတင်ဝယ်လာရန် စီစဉ်ထားသော်လည်း ထမင်းစားဆောင်က စောလွန်းသဖြင့် မဖွင့်သေးချေ။ ကျိဟွိုက်စစ်၏ စကားကိုကြားသောအခါ သူသည် အလိုက်သင့်ခေါင်းညိတ်လိုက်၏။ ကျိဟွိုက်စစ်သည် ကားဘေးမှခလုတ်ကိုနှိပ်လိုက်ရာ အလယ်မှ ကားတွင်းရေခဲသေတ္တာသည် အလိုအလျောက်ပွင့်လာပြီး အတွင်း၌ နို့နှင့် လှပစွာပြုလုပ်ထားသော ကိတ်မုန့်ငယ်များ ထည့်ထားသည်ကို တွေ့ရ၏။
ကျန့်ချီသည် TVထဲတွင် အလားတူမြင်ကွင်းမျိုးကို မြင်ဖူးသော်လည်း အတွင်း၌ ဝိုင်ပုလင်းများ ထည့်ထားလေ့ရှိသည်။ သူကမူ နွားနို့က ဝိုင်ပုလင်းများထက် ပို၍လိုက်ဖက်သည်ဟု တွေးမိ၏။
ကားသည် အလွန်ငြိမ်သက်စွာ မောင်းနှင်နေသည်။ နောက်ခန်းတွင်ထိုင်နေသော ကျန့်ချီသည် ကိတ်မုန့်ငယ်တစ်ဖဲ့ကို ခပ်ယူလိုက်ပြီး သာမန်ထိုင်ခုံပေါ်တွင် ထိုင်နေသကဲ့သို့ ဘီးများမြေပြင်နှင့် ပွတ်တိုက်သွားသော တုန်ခါမှုကို လုံးဝမခံစားရချေ။ ပြတင်းပေါက်အပြင်ဘက်မှ လျင်မြန်စွာဖြတ်ကျော်သွားသော သစ်တောများနှင့် သစ်ကိုင်းများကို ကြည့်ရင်း ပထမဆုံးအကြိမ်ကဲ့သို့ပင် စိတ်လှုပ်ရှားနေမိသည်။
Chapter 59 ended