[ Vol 1 – ဆင်းရဲသားရပ်ကွက်ထဲက ကိစ္စများ ]
Chapter 1
ချန်နော့တစ်ယောက် အပုပ်နံ့ကြောင့် လန့်နိုးလာခဲ့သည်။
တစ်စုံတစ်ယောက်က ပုပ်ပွနေသော အသားများ၊ ကြက်ဥပုပ်များနှင့် ဂေါ်ဖီထုပ်အကြွင်းအကျန်များကို ပလတ်စတစ်အိတ်အမည်းထဲ ထည့်ပိတ်ကာ နေပူထဲတွင် ဆယ်ရက်ခန့် လှန်းထားပြီးနောက် ၎င်း၏ နှာခေါင်းအောက်၌ ရုတ်တရက် လာဖွင့်လိုက်သည့်အလား နံစော်နေသည်။
သူ သတိလစ်မတတ် မွန်းကြပ်သွားပြီးနောက် နှာခေါင်းကို အမြန်ပိတ်၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ ကောင်းကင်ထက်ရှိ ရေခဲလင်ပန်းသဖွယ် လုံးဝန်းတောက်ပနေသော လမင်းကြီးကို မြင်လိုက်ရသည်။
ခေတ္တမျှ ကြောင်အသွားပြီးနောက် ချန်နော့က ငါးကြင်းတစ်ကောင်လို ချက်ချင်းကုန်းရုန်းထလိုက်ရာ အဆုံးအစမရှိ မြင့်မောက်နေသည့် အမှိုက်ပုံကြီးကို မြင်လိုက်ရသည်။ သူ လွှတ်လိုက်သော လက်မှာ သုံးစက္ကန့်ပင် မခံဘဲ နှာခေါင်းကို အမြန်ပြန်ပိတ်လိုက်ရသည်။
တစ်မိနစ်အတွင်းမှာပင် ချန်နော့က ရှုံ့မဲ့နေသော မျက်နှာဖြင့် ၎င်းကိုယ်တိုင် ကူးပြောင်းလာခဲ့ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အဓိကပြဿနာမှာ သူ ကားတိုက်မခံခဲ့ရသလို တောင်ပေါ်မှလည်း မကျ၊ ရေထဲလည်း မကျခဲ့ပေ။ ထို့ထက်ပို၍ တာဝန်မဲ့သော စာရေးဆရာများကို အပြစ်တင်သည့် အနှုတ်လက္ခဏာပြ ကွန်မန့်ရှည်ကြီးများလည်း မရေးခဲ့ဘဲ အဆင့်မြင့်သင်္ချာဆရာ၏ အိပ်မွေ့ချမှုအောက်တွင် ခဏတဖြုတ် အိပ်ပျော်သွားခဲ့ခြင်းသာ ဖြစ်သည်။
ငါ ဘယ်လိုလုပ်ပြီး ကူးပြောင်းလာတာလဲ…
သူ အလျင်အမြန် ခေါင်းငုံ့ကာ ယခုခန္ဓာကိုယ်ကို အကဲခတ်လိုက်သည်။ ညာဘက်လက်ပေါ်ရှိ ရင်းနှီးနေသော အမာရွတ်ငယ်လေးကို မြင်လိုက်ရချိန်တွင် သက်ပြင်းချနိုင်ခဲ့သည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ အရိုးအဆစ်များက သိသိသာသာ သေးငယ်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ လေ့ကျင့်ထားသော ကြွက်သားများလည်း ပျောက်ကွယ်သွားခဲ့သည်။ အသက် ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ် ပုံစံမျိုး ဖြစ်သွားပုံရပြီး ကိုယ်ပေါ်ရှိ တီရှပ်အဖြူနှင့် ဘောင်းဘီရှည်မှာ သိသိသာသာ ကြီးမားနေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ချန်နော့က ကျွတ်ကျလုဆဲဆဲဖြစ်နေသော ဘောင်းဘီကို ဆွဲတင်ရင်း ဤအမှိုက်ပုံကြီးမှ အရင်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
သူ အသက်ရှူသံကို ဖွဖွရှူကာ ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် တယိုင်တလဲ လျှောက်သွားခဲ့သည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် မခွဲခြားတတ်သလို ကောင်းကင်ပေါ်ရှိ ကြယ်များကိုလည်း တစ်လုံးမျှ မသိသောကြောင့် လမင်းကိုကြည့်၍သာ လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။
အနီးအနားတွင် ကြွက်များနှင့် ခွေးလေခွေးလွင့်များ မကြာခဏ ပြေးလွှားသွားလာနေကြသည်။ ချန်နော့က အမြဲတမ်း သတ္တိကောင်းသူဖြစ်သော်လည်း ယခုအခါ ရင်ထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် သူ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထောင်ထလာခဲ့သည်။
တစ်ခုခုက ငါ့ကို စိုက်ကြည့်နေတယ်…
ထိုအကြည့်မှာ ဆာလောင်နေသော တောခွေးတစ်ကောင်နှင့် တူပြီး သူ၏ ကျောပြင်ကို ချွေးစေးများပင် ထွက်လာစေသည်။
သူ အသက်ရှူသံကို နှေးစေကာ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ခြေလှမ်းများကို ပုံမှန်အတိုင်း ဆက်လျှောက်နေခဲ့သည်။ မျက်လုံးထောင့်မှ ဘယ်ညာသို့ အမြန်ဝေ့ကြည့်လိုက်ပြီးနောက် စွန့်ပစ်ထားသော သစ်သားတုတ်တစ်ချောင်းကို ဆွဲယူကာ ကိုယ်ရှေ့တွင် ကာကွယ်ထားရင်း အမြန်လှည့်ကြည့်လိုက်သည်။ သို့သော် နောက်ကွယ်တွင် မည်သည့်အရာမျှ ရှိမနေခဲ့ချေ။
ချန်နော့က သက်ပြင်းရှည်ကြီးတစ်ခု မှုတ်ထုတ်လိုက်ပြီး အနည်းငယ် စိတ်အေးသွားခဲ့သည်။ ယခုလေးတင် ထိုအရာက သူ၏ ထင်ယောင်ထင်မှားဖြစ်မှု သက်သက်သာ ဖြစ်မည်။
သို့သော် သူ စိတ်အေးသွားသည်နှင့် နောက်ကျောမှ လေတိုးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ အလိုအလျောက် ခေါင်းကိုစောင်းရှောင်လိုက်သော်လည်း နောက်စေ့ကို ပြင်းထန်စွာ အရိုက်ခံလိုက်ရဆဲပင်။ ‘ဒိုင်း’ ခနဲ အသံနှင့်အတူ အမှိုက်ပုံပေါ်သို့ မှောက်လျက် သူ လဲကျသွားခဲ့သည်။
သူ့ကို တိုက်ခိုက်သူမှာ မည်သူဖြစ်ကြောင်း သေချာမြင်ရရန် အစွမ်းကုန် ကြိုးစားကြည့်လိုက်ရာ မြေခွေးပေါက်လေးကဲ့သို့ စူးရှတောက်ပနေသော မြစိမ်းရောင် မျက်လုံးတစ်စုံနှင့် ရှုပ်ပွနေသော အနီရောင်ဆံပင်များကို ဝိုးတဝါး မြင်လိုက်ရသည်။ ခန္ဓာကိုယ်အနေအထားအရ အရပ်ပုသော ကောင်လေးတစ်ယောက် ဖြစ်ပုံရသည်။
လက်သေးသေးလေးတစ်စုံက သူ၏ ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိလာပြီး အထက်မှအောက်သို့ သေချာစွာ စမ်းသပ်ရှာဖွေလိုက်သည်။ မည်သည့်အရာမျှ မတွေ့သောအခါ သူ၏ အဝတ်အစားများကို စတင်ချွတ်ပစ်တော့သည်။
ချန်နော့က ရုန်းကန်ကာ သူ့ကို ခြေထောက်ဖြင့် တစ်ချက်ကန်ရန် ကြိုးစားလိုက်သော်လည်း တစ်ဖက်လူက သံတုတ်ဖြင့် ညာဘက်ဒူးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ သူ တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး ခြေထောက်တစ်ချောင်းလုံး ထုံကျင်သွားခဲ့သည်။
ထိုလက်ပိုင်ရှင်၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လှသည်။ တီရှပ်ကို ချွတ်ပစ်ပြီးနောက် အားကစားဖိနပ်ကို စတင်ချွတ်တော့သည်။ ဘောင်းဘီမှာ ကြီးနေသောကြောင့် ချွတ်ရသည့် အရှိန်မှာ ပို၍ပင် မြန်ဆန်နေသေးသည်။ ချန်နော့မှာ တစ်ဖက်လူ၏ ကြမ်းတမ်းသော လှုပ်ရှားမှုများကြောင့် တစ်ကိုယ်လုံး ရှေ့သို့ လျှောတိုက်သွားခဲ့သည်။ တစ်ဖက်လူက သူ၏ ခြေအိတ်နှင့် အတွင်းခံဘောင်းဘီကိုပင် မချန်ထားဘဲ အတွင်းခံဘောင်းဘီ၏ ရော်ဘာကြိုးကို ဆွဲကာ မဆိုင်းမတွ ချွတ်ချလိုက်သည်။
ချန်နော့က အဝတ်မပါသော ခြေတံနှစ်ချောင်းကို အားမရှိစွာ ရုန်းကန်နေသော်လည်း တစ်ဖက်လူက ၎င်း၏ လျှို့ဝှက်နေရာကို ရှင်းရှင်းလင်းလင်း မြင်သွားခဲ့သည်။
ဒါ… ဒါက အမလား…
ကောင်လေးက မယုံကြည်နိုင်စွာဖြင့် သေချာအကဲခတ်၍ အတည်ပြုလိုက်သည်။ ကြမ်းကြုတ်သော အစိမ်းရောင်မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားပြီး ခေတ္တမျှ ဘာလုပ်ရမှန်း မသိဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက အမတစ်ကောင်၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်ကို ဤမျှ အနီးကပ် မမြင်ဖူးသောကြောင့် ဖြစ်သည်။
သေချာကြည့်လိုက်လျှင် ဤအမ၏ ရှင်းလင်းနေသော မျက်နှာသွင်ပြင်မှာလည်း အလွန်ကြည့်ကောင်းနေသည်။ ဤမျှ ငယ်ရွယ်သော အမတစ်ကောင်က ဘာကြောင့် အမှိုက်ပုံတွင် တစ်ယောက်တည်း ရောက်နေရသလဲဆိုသည်ကို သူ အနည်းငယ် ထူးဆန်းနေမိသည်။
ချန်နော့၏ ခေါင်းမှာ လေးလံနေဆဲဖြစ်ပြီး မော့၍မရပေ။ မျက်စိရှေ့ရှိ အရာများမှာလည်း ဝေဝါးနေပြီး မျက်မှောင်ကြုတ်ကာ ညည်းညူနေရသည်။
ကောင်လေး၏ ကြောင်တောင်တောင်ဖြစ်နေသော မျက်လုံးများက နောက်ဆုံးတွင် လှုပ်ရှားလာပြီး လက်က ချန်နော့၏ ခြေသလုံးမှ အမြန်ခွာလိုက်သည်။ ချန်နော့၏ သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ ရုန်းကန်၍ ထိုင်ရန် ကြိုးစားနေပုံကို ကြည့်ရင်း သူ ရုတ်တရက် အနည်းငယ် စိုးရိမ်သွားခဲ့သည်။ သို့သော် သူ၏ လက်က အလိုအလျောက်ပင် ချန်နော့၏ နောက်စေ့ဆီသို့ ရိုက်ချလိုက်သည်။
လခွမ်းပဲ…
ချန်နော့သည် စိတ်ထဲမှ ဆဲရေးလိုက်ပြီး ချက်ချင်း သတိလစ်သွားခဲ့သည်။
စောက်ကျိုးနည်း ငါ ဘယ်လိုနေရာကို ကူးပြောင်းလာတာလဲ… ကလေးလေးတစ်ယောက်ကတောင် ဒီလောက် ရက်စက်နေရတာလား…
ချန်နော့ ထပ်မံသတိရလာချိန်တွင် သူ့ကို ထိုကောင်လေးက ကျောပိုးထားကြောင်း တွေ့လိုက်ရသည်။ တစ်ဖက်လူမှာ သူထက် ခေါင်းတစ်ဝက်ခန့် ပုမည်ဖြစ်ပြီး ထိုပခုံးလေးမှာ အမှန်တကယ်ပင် သနားစရာကောင်းလောက်အောင် သေးသွယ်နေသည်။ သို့သော် အရှိန်မှာကား အလွန်မြန်ဆန်ပြီး အားစိုက်ထုတ်နေရပုံ မပေါ်ပေ။
မီးခိုးရောင်သန်းနေသော ကောင်းကင်ယံတွင် မိုးသောက်လင်းရောင်ခြည်များ ပေါ်ထွက်လာပြီ ဖြစ်သည်။ ချန်နော့က သူ၏ အဝတ်အစားများ ပြန်ဝတ်ပေးခံထားရကြောင်း တွေ့လိုက်ရသည်။ သူ အိပ်မောကျနေဟန်ဆောင်ကာ မျက်လုံးကိုမှေး၍ ဤကလေး၏ မျက်နှာဘေးတစ်စောင်းကို အကဲခတ်လိုက်သည်။ မျက်နှာပေါ်တွင် ညစ်ပတ်နေသောကြောင့် ရုပ်အဆင်းသဏ္ဌာန်ကို လုံးဝ မမြင်ရသော်လည်း အသက် ဆယ်နှစ်ထက် မကျော်သေးကြောင်းကိုတော့ သေချာပေါက် အတည်ပြုနိုင်သည်။
ဆူညံသော အသံများလည်း တဖြည်းဖြည်း များပြားလာသည်။ ချန်နော့က မျက်လုံးထောင့်မှ ဘယ်ညာသို့ ဝေ့ကြည့်လိုက်ရာ ပတ်ဝန်းကျင်မှာ ဆင်းရဲသားရပ်ကွက်နှင့် ဆင်တူနေသည်။ ဤနေရာတွင် ပုသေးပြီး ပြည့်ကျပ်နေသော မြက်မိုးတဲများသာရှိပြီး ဖုန်တက်နေသော မျက်နှာနှင့် စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားများက ဝါးခြင်းတောင်းများ လွယ်ကာ ကျဉ်းမြောင်းသော မြေသားလမ်းပေါ်တွင် သွားလာနေကြသည်ကို မကြာခဏ မြင်တွေ့ရသည်။
၎င်းတို့၏ အဝတ်အစားများမှာ အလွန်ထူးဆန်းနေသည်။ တရုတ်ရှေးခေတ် မည်သည့်မင်းဆက်နှင့်မျှ မတူဘဲ အဝတ်အစားများမှာ အင်္ကျီလက်ရှည်၊ လက်တိုများ ပါဝင်ပြီး အွန်လိုင်းဂိမ်းများထဲရှိ အဝတ်အစားများနှင့် ပိုတူနေသည်။ အားလုံးမှာ စုတ်ပြတ်ညစ်ပတ်နေပြီး ဆံပင်များမှာလည်း အရောင်အသွေး စုံလင်လှသည်။
ဆယ်ကျော်သက်အရွယ် ကလေးအချို့က ဤကောင်လေးနှင့် စကားပြောနေကြသည်။ သူ၏ အမည်မှာ လျိုကွမ်ဖြစ်ပြီး စကားပြောဆိုသည့် လေသံမှာ အလွန်မောက်မာနေသည်။ ဤဆင်းရဲသားရပ်ကွက်တွင် သူက ကလေးခေါင်းဆောင်တစ်ယောက် ဖြစ်ပုံရသည်။ တစ်စုံတစ်ယောက်က ချန်နော့မှာ မည်သူဖြစ်ကြောင်း မေးမြန်းသောအခါ လျိုကွမ်က ပေါ့ပေါ့ဆဆပင် ပြောလိုက်သည်။
” ကောက်ရလာတာ… စကားနားမထောင်ရင် ပြုတ်စားပစ်မှာ…”
သူနှင့် စကားပြောနေသော ထိုကလေးမှာလည်း အံ့သြထိတ်လန့်သွားခြင်း မရှိဘဲ ဝမ်းသာအားရဖြင့် ပြောလာခဲ့သည်။
” မိုက်တယ် ကွမ်ကော… အသားပြုတ်ရင် ငါ့ကို ခွက်တစ်ဝက်လောက် ခွဲပေးလို့ရမလား… အသားမစားရတာ အရမ်းကြာနေပြီ…”
လျိုကွမ်က ဘာမျှမဖြစ်သကဲ့သို့ ပြုံးလိုက်သည်။ ဤသည်မှာ တန်ဖိုးကြီးမားသော အမတစ်ကောင်ဖြစ်ကြောင်း အခြားသူများကို သေချာပေါက် ပြောပြမည်မဟုတ်သလို သူ့ကို ပြုတ်စားမည်မှာလည်း ပို၍ပင် မဖြစ်နိုင်ပေ။ သူက ဇနီးအဖြစ် မွေးမြူထားချင်သေးသည်။
ချန်နော့မှာ ကြားပြီး ကြက်သီးထသွားခဲ့သည်။
စောက်ကျိုးနည်း… လူသားစားတဲ့ မျိုးနွယ်စုဆီ ကူးပြောင်းလာတာတော့ မဟုတ်ပါဘူးနော်… အဲဒါကြောင့် ဒီကလေးက ဒီလောက်ဝေးတဲ့နေရာကနေ ငါ့ကို ကျောပိုးပြီး ပြန်ခေါ်လာတာကိုး…
သူ အမှန်တကယ်ပင် ခြေကုန်သုတ်၍ ထွက်ပြေးချင်နေသည်။ သို့သော် ဤကလေး၏ အရှိန်နှင့် သိုင်းစွမ်းရည်မှာ အလွန်မြင့်မားလွန်းနေသည်။ သူ၏ ခြေထောက်မှာလည်း အပြင်းအထန် နာကျင်နေသေးသည်။ ထို့အပြင် ယခု အလွတ်ရုန်းပြေးမည်ဆိုလျှင် အခြားသူများက သူ့ကို အစားအစာအဖြစ် သတ်မှတ်သွားမှာလား။
နောက်ဆုံးတွင် အခြေအနေကို အရင်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လျိုကွမ်က နောက်ဆုံးတွင် အနည်းငယ်ကြီးမားသော မြက်မိုးတဲတစ်ခု၌ ရပ်တန့်လိုက်သည်။ သစ်သားတံခါးကို လက်တန်းပိတ်လိုက်ပြီး ချန်နော့ကို ပါးလွှာကာ ရှုပ်ပွနေသော ကုတင်ပေါ်တွင် ချထားလိုက်သည်။ သူ သေချာအကဲခတ်လိုက်ရာ ဤအမ၏ ဆံပင်အရောင်မှာ ရှားပါးသော အနက်ရောင်စစ်စစ်ဖြစ်ပြီး အသားအရေမှာ ကျန်းမာရေးကောင်းမွန်သော ဂျုံရောင်ဖျော့ဖျော့လေး ဖြစ်သည်။ ထိုဆံပင်တိုတိုလေးများမှာ နူးညံ့ပြီး ကျစ်လျစ်ကာ ကိုင်တွယ်ရသည်မှာ အလွန်ကောင်းမွန်မည်ဟု ခံစားရသဖြင့် မနေနိုင်ဘဲ အကြိမ်အနည်းငယ် ထပ်၍ ပွတ်သပ်လိုက်မိသည်။
ချန်နော့မှာ သူ၏ ပွတ်သပ်မှုကြောင့် ကြက်သီးများပင် ထလုမတတ် ဖြစ်သွားခဲ့သည်။
ဒီလူသားစားတဲ့ ကလေးက ငါ့ဆီမှာ အသားဘယ်နှပိဿာလောက် ရှိမလဲဆိုတာကို ချိန်ဆနေတာများလား…
သူက လျိုကွမ် အပြင်ထွက်သွားချိန်ကို စောင့်၍ အခွင့်အရေးရှာရန် မူလက ရည်ရွယ်ထားသော်လည်း တစ်ဖက်လူမှာ ကုတင်ခေါင်းရင်းတွင် မတ်တပ်ရပ်ကာ သူ၏ မျက်နှာကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။ စူးရှလွန်းသော ထိုအကြည့်ကြောင့် ချန်နော့၏ ဦးရေပြားများပင် ထုံကျင်သွားရသည်။
မူလက ကလေးတစ်ယောက်မျှသာ ဖြစ်သော်လည်း ဤကမ္ဘာသို့ သူ ရောက်ရှိလာသည့် တစ်နာရီကျော်အတွင်း အကဲဖြတ်မှုအရ လျိုကွမ်ကို သာမန်ကလေးတစ်ယောက်အဖြစ် သတ်မှတ်မိလျှင် သူက အရူးတစ်ယောက်သာ ဖြစ်လိမ့်မည်။
လျိုကွမ်က နောက်ဆုံးတွင် လှည့်ထွက်သွားခဲ့သည်။ ချန်နော့က သူ၏ တံခါးပိတ်သံကို ကြားလိုက်ရသည်နှင့် အမြန်ထိုင်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တဲအိမ်လေးထဲတွင် နံရံလေးဘက်မှလွဲ၍ ဘာမျှမရှိသောကြောင့် ဘာမှပြောစရာပင် မလိုတော့ပေ။ အိမ်ထဲတွင် မှောင်မိုက်နေပြီး လေများ တိုက်ခတ်နေကာ စိုစွတ်သော မှိုနံ့များ ရနေသည်။ ထောင့်တစ်နေရာတွင် ညစ်ပတ်ရှုပ်ပွနေသော အဝတ်အစား အနည်းငယ်ကို ချထားသည်။
သူ ဘောင်းဘီခြေသလုံးကို လှန်ကြည့်လိုက်ရာ တကယ်ပင် အရိုက်ခံထားရသော ဘယ်ဘက်ဒူးခေါင်းပေါ်တွင် ညိုမည်းနေသော ဒဏ်ရာအကြီးကြီးတစ်ခု ရှိနေသည်။ နောက်စေ့ကို စမ်းကြည့်လိုက်လျှင်လည်း နာကျင်နေပြီး အတွင်းဒဏ်ရာ ရသွားပြီဟု ခန့်မှန်းရသည်။
ချန်နော့က ဆဲရေးတိုင်းထွာရင်း ဒူးခေါင်းကို ပွတ်သပ်လိုက်သည်။ နာကျင်လွန်းသဖြင့် သွားဖြီးသွားကာ ထိုအဝတ်အစားများရှေ့သို့ တရွတ်တိုက် သွားလိုက်ပြီး သူ၏ အဝတ်အစားများကို အမြန်ချွတ်ပစ်လိုက်သည်။ သူ့ကို အရန်ရိက္ခာအဖြစ် သတ်မှတ်ထားသော ဤနေရာမှ သူ အမြန်ဆုံး ထွက်ခွာသွားရမည်။
လျိုကွမ်၏ အဝတ်အစားများမှာ သူ ဝတ်ဆင်ရန် အလွန်သေးငယ်နေပြီး အနံ့မှာလည်း အလွန်ဆိုးရွားနေသည်။ ချန်နော့က မျက်မှောင်ကြုတ်ကာ ဆံပင်များကို ရှုပ်ပွစေလိုက်ပြီး မျက်နှာပေါ်သို့ ဖုန်အနည်းငယ် သုတ်လိမ်းလိုက်ကာ မဆိုင်းမတွပင် တံခါးကိုတွန်းဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။
လမ်းပေါ်ရှိ မြက်မိုးတဲများမှာ တစ်စုတစ်ဝေးတည်း ဖြစ်နေပြီး လမ်းသွယ်များမှာလည်း ပင့်ကူအိမ်ကဲ့သို့ သိပ်သည်းရှုပ်ထွေးနေသည်။ ချန်နော့က ခေါင်းငုံ့ကာ ယိုင်နဲ့နဲ့ဖြင့် လမ်းသွယ်အနည်းငယ်ကို ဖြတ်သန်းသွားပြီး လူနည်းသော နေရာများဆီသို့ အလိုအလျောက် ဦးတည်သွားခဲ့သည်။ သို့သော် သူ၏ မျက်နှာမူရာလမ်းကြောင်း သိရှိမှုမှာ အလွန်ညံ့ဖျင်းလှပြီး ဤနေရာရှိ အိမ်များမှာလည်း ပုံစံတူနေသောကြောင့် အချိန်အတော်ကြာ လျှောက်သွားခဲ့သော်လည်း ခရီးသိပ်မတွင်ခဲ့ပေ။
အချိန်မကြာမီ နောက်ကွယ်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး ထိုဆူညံသံထဲတွင် ရင်းနှီးနေသော ကြည်လင်ကာ မောက်မာလှသည့် ကောင်လေး၏ အသံက ရောနှောနေသည်။ ထိုလေသံမှာ အလွန်ဒေါသထွက်နေပုံရသည်။
” သူ့ဆံပင်က အမည်းရောင်! အရှင်ဖမ်းဖို့ မှတ်ထားကြ… ငါ့ဘာသာငါ ကိုင်တွယ်မယ်!…”
ချန်နော့မှာ ကြားပြီး ကြောင်သွားကာ ခြေထောက်ကို တရွတ်တိုက်ဆွဲရင်း ပို၍မြန်မြန် ပြေးလေတော့သည်။
စောက်ကျိုးနည်း ရှေးဟောင်းလူ့အဖွဲ့အစည်းကြီးပါလား! အဖမ်းခံရရင်တော့ သေချာပေါက် အသားပြုတ်ဟင်းချို အလုပ်ခံရတော့မှာပဲ!
လျိုကွမ်မှာ ဒေါသထွက်လွန်း၍ အံကြိတ်ထားမိသည်။ သူ ခေတ္တမျှ စိတ်ပျော့သွားခဲ့မိသည်။ သူ ထိုအမကို ကြိုးဖြင့် တုပ်နှောင်ထားရန် နှမြောသွားခဲ့ပြီး သူ့အတွက် ရေနှင့် အစားအစာအချို့ကိုပင် ပြေးရှာပေးခဲ့သည်။ သို့သော် တစ်ဖက်လူက အခွင့်အရေးယူကာ ထွက်ပြေးသွားခဲ့သည်။
သူ ဒေါသတကြီးဖြင့် ဆုံးဖြတ်ချက် ချလိုက်သည်။ ဤအမက သူ၏ ဇနီးအဖြစ် လိမ္မာရေးခြားရှိစွာ နေမည်ဆိုလျှင် ထားလိုက်မည်။ နောင်တွင် ဤမျှ စကားနားမထောင်သေးလျှင် သူ့ကို ရောင်းစားပစ်မည်။ အမတစ်ကောင်ကို မှောင်ခိုဈေးကွက်သို့ ရောင်းချလျှင် အနည်းဆုံး စွမ်းအင်ဒင်္ဂါးပြား ငါးရာခန့် ရနိုင်ပြီး သူ့အတွက် အချိန်အတော်ကြာ သုံးစွဲရန် လုံလောက်နေပြီ ဖြစ်သည်။
ဆူညံသံများက တဖြည်းဖြည်း နီးကပ်လာပုံရသည်။ ချန်နော့က အသေအချာ မစဉ်းစားနိုင်တော့ဘဲ တံခါးတစ်ချပ်ကို တွန်းဖွင့်ကာ ပြေးဝင်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အထဲတွင် မည်သူမျှ ရှိမနေပေ။ ထို့ကြောင့် သူ တံခါးကို အမြန်ပိတ်လိုက်ပြီး ကုတင်အောက်သို့ ဝင်ရောက်ပုန်းအောင်းနေခဲ့သည်။
ကုတင်အောက်တွင် မည်မျှကြာအောင် တွားသွားနေခဲ့မိမှန်း မသိပေ။ အပြင်ဘက်မှ အသံများ တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။ ချန်နော့က သက်ပြင်းချလိုက်ပြီး ဤခိုလှုံရာအိမ်ကို စတင်အကဲခတ်လိုက်ရာ ထူးဆန်းသော နေရာကို ချက်ချင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။
ဤမြက်မိုးတဲမှာ ထပ်တူညီစွာ ဟောင်းနွမ်းနေသော်လည်း ဖုန်တစ်စက်မျှမရှိအောင် ရှင်းလင်းထားသည်။ ပစ္စည်းများမှာ ရိုးရှင်းသော်လည်း စနစ်တကျ စီစဉ်ထားပြီး လျိုကွမ်၏ ညစ်ပတ်ရှုပ်ပွနေသော မြက်မိုးတဲနှင့် သိသိသာသာ ကွာခြားနေသည်။
ဒီအိမ်ရဲ့ပိုင်ရှင်က မိန်းကလေး ဖြစ်ရမယ်… မဟုတ်ရင် ဒီလောက် သပ်ရပ်နေမှာ မဟုတ်ဘူး…
ဟောင်းနွမ်းနေသော သစ်သားတံခါးဆီမှ ‘ကျွိ’ ခနဲ လေးလံသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူရိပ်ပင် ထင်ဟပ်နိုင်လောက်အောင် တောက်ပနေသော သားရေဖိနပ်အမည်းရောင် အသေးတစ်စုံက အေးအေးဆေးဆေး ဝင်ရောက်လာသည်ကို ချန်နော့ မြင်လိုက်ရသည်။
ချန်နော့ အသက်အောင့်ထားလိုက်သည်။ ဖိနပ်ပိုင်ရှင်မှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အခြားတစ်ဖက်သို့ လျှောက်သွားသောအခါမှသာ သူ သက်ပြင်းချနိုင်ခဲ့သည်။
သို့သော် သူ၏ အာရုံကြောများ ပြန်လည်ပြေလျော့သွားချိန်တွင် ထိုဖိနပ်တစ်စုံက ကုတင်ဘေးသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
အိပ်ရာခင်းမှာ လှန်ခံလိုက်ရပြီး ကြီးမားသော အင်အားတစ်ခုက သူ၏ လည်ပင်းကို ဆွဲမလိုက်ရာ ချန်နော့၏ တစ်ကိုယ်လုံးမှာ အလိုအလျောက်ပင် ကုတင်အောက်မှ လွင့်စင်ထွက်သွားခဲ့သည်။ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ‘ဘုန်း’ ခနဲ လေးလံသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချန်နော့မှာ မူးဝေသွားအောင် ပြုတ်ကျသွားခဲ့သည်။ အေးစက်နေသော အရာတစ်ခုက သူ၏ လည်ပင်းတွင် ကပ်နေပြီး အရေပြားကို စူးဝင်ကာ နာကျင်စေသည်။
သူ အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ချိန်တွင် တည်ငြိမ်နေသော ရွှေရောင်မျက်လုံးတစ်စုံနှင့် အံကိုက်ဆုံတွေ့သွားခဲ့သည်။
Chapter 1 ended
အောက်က အသဲပုံလေး (vote) 20 ပြည့်ရင် နောက်တစ်ပိုင်း ချက်ချင်းtransပေးမယ်။