Chapter 2
ချန်နော့ ကြောင်အသွားပြီးမှသာ ဤမျက်လုံးပိုင်ရှင်မှာ အသက်ဆယ်နှစ်ဝန်းကျင်အရွယ် ယောကျာ်းလေးတစ်ယောက်ဖြစ်ကြောင်း သတိထားမိလိုက်သည်။
သူ့တွင် ပခုံးအထိရှည်သော ငွေရောင်ဆံပင်အဖြောင့်များရှိပြီး အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းကာ မျက်နှာသွင်ပြင်မှာ ချောမောလှပ၏။ ဤအကွာအဝေးမှနေ၍ အလွန်ရှည်လျားသော မျက်တောင်များကို ရှင်းလင်းစွာ မြင်နေရသည်။ ကောင်လေးဝတ်ဆင်ထားသော အဝတ်အစားများမှာ ဖာထေးထားသော်လည်း သန့်ရှင်းသပ်ရပ်နေ၏။
ကောင်လေး၏ မျက်နှာလေးမှာ အနည်းငယ် ဖောင်းမို့နေပြီး ကလေးဆန်မှုများ မပျောက်သေးသော်လည်း အသက်အရွယ်နှင့် လုံးဝမလိုက်ဖက်သော အေးစက်တည်ငြိမ်မှုများ ပါဝင်နေပေ၏။
လည်ပင်းသွေးကြောပေါ်တွင် ကပ်နေသော အေးစက်စူးရှသည့် ဓားမြှောင်ကိုသာ ထည့်မစဉ်းစားလျှင် ချန်နော့မှာ ဤမျှ သန့်ရှင်းပြီး လှပသော ကလေးတစ်ယောက်ကို အလွန်သဘောကျမိပေလိမ့်မည်။
” မင်းက ဘယ်သူလဲ…”
ထိုလှပသော ရွှေရောင်မျက်လုံးတစ်စုံက အနည်းငယ် မှေးကျဉ်းသွားပြီး ဓားမြှောင်ကို အနည်းငယ် ထပ်တိုးလိုက်၏။ ငွေရောင်ဆံပင်နှင့် ကောင်လေး၏ အသံမှာလည်း ကလေးတစ်ယောက်၏ သွက်လက်မှုမျိုး မရှိပေ။ ကြည်လင်သာယာသော်လည်း ကွန်ပျူတာမှ ပေါင်းစပ်ထုတ်လုပ်ထားသည့်အလား ခံစားချက်ကင်းမဲ့ကာ တောင့်တင်းနေသည်။
ချန်နော့သည် အကယ်၍ သူသာ ရိုးရိုးသားသား မဖြေဆိုလျှင် တစ်ဖက်လူ၏ ဓားမြှောင်က မဆိုင်းမတွပင် စိုက်ဝင်လာမည်ဖြစ်ကြောင်းကို အနည်းငယ်မျှပင် သံသယမဝင်မိချေ။ သူက လက်နှစ်ဖက်ကို အမြန်မြှောက်ကာ ရှင်းပြလိုက်သည်။
” ငါ တမင် ဝင်လာတာ မဟုတ်ပါဘူး… တစ်ယောက်ယောက်က ငါ့ကို လိုက်ဖမ်းနေလို့ပါ… ငါ အခုပဲ ထွက်သွားပါ့မယ်…”
ငွေရောင်ဆံပင်နှင့် ကောင်လေးက ဓားမြှောင်ကို ရုပ်သိမ်းလိုက်ပြီး အေးစက်စက် ပြောလိုက်၏။
” အခုချက်ချင်း ထွက်သွား…”
ထူးဆန်းသည်မှာ ချန်နော့က သူ၏ မျက်လုံးထဲမှ သတင်းစကားတစ်ခုကို လက်ခံရရှိလိုက်ခြင်း ဖြစ်သည်။ တစ်ဖက်လူက သူ့ကို မသတ်ချင်၍ မဟုတ်ဘဲ သူ၏ သွေးများက အခန်းကို ညစ်ပတ်သွားစေမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။
ချန်နော့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
တကယ်ပဲ ဒီထူးဆန်းတဲ့ကမ္ဘာမှာ ပုံမှန်ကလေးဆိုတာ မရှိဘူးပဲ… တစ်ယောက်ထက်တစ်ယောက် ပိုပြီး စိတ်မမှန်တဲ့သူတွေချည်းပဲ! ဒီနေရာမှာ လူတစ်ယောက်ကို သတ်ဖို့ဆိုတာ အရမ်းကို လွယ်ကူတဲ့ကိစ္စတစ်ခုလိုပဲ…
ချန်နော့တစ်ယောက် မနေနိုင်ဘဲ သူ့ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်မိ၏။ ဤငွေရောင်ဆံပင်နှင့် ရွှေရောင်မျက်လုံးပိုင်ရှင် ကောင်လေး၏ ရုပ်ရည်မှာ အမှန်တကယ်ပင် အနည်းငယ် လွန်ကဲစွာ လှပလွန်းနေသည်။ ထို့နောက် သူက တယိုင်တလဲဖြင့် တံခါးဆီသို့ လျှောက်သွားလိုက်၏။
သူ တံခါးကို အဟလေးဖွင့်၍ အပြင်သို့ တစ်ချက်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ အိမ်ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်ပြီး အရပ်လေးမျက်နှာသို့ ကြည့်ရှုနေသော လျိုကွမ်ကို အတိအကျ မြင်လိုက်ရသည်။ သုံးစက္ကန့်ခန့် ရပ်တန့်သွားပြီးနောက် ချန်နော့က ခေါင်းကို လှည့်ကာ နှုတ်ခမ်းကို တွန့်ကွေးလိုက်၏။
” ငါ ဒီမှာ ခဏလောက် ထပ်နေလို့ ရမလား…”
လေခွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် ချန်နော့က ခေါင်းကို စောင်းရှောင်လိုက်ရာ ထိုဓားမြှောင်က သူ၏ ခေါင်းနှင့် တစ်စင်တီမီတာခန့်သာ ကွာဝေးသော တံခါးပေါ်သို့ အတင်းအကျပ် စိုက်ဝင်သွားခဲ့ပြီး အပြင်ဘက်ရှိ ဓားအပိုင်းမှာ ရပ်တန့်မသွားဘဲ တုန်ခါနေသည်။ ငွေရောင်ဆံပင်နှင့် ကောင်လေးက မျက်နှာသေဖြင့် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လာ၏။
လခွမ်း! ဒီဆံငွေရောင်ကောင်က လျိုကွမ်ထက်တောင် ပိုကြောက်စရာကောင်းသေးတယ်!
ချန်နော့ခမျာ တောင့်တင်းစွာဖြင့် လှည့်ပြီး တံခါးကိုဖွင့်ကာ ခေါင်းငုံ့၍ လျိုကွမ်ကို ကျောပေးလျက် တတ်နိုင်သမျှ သဘာဝကျကျ လျှောက်ထွက်လာခဲ့သည်။
” ဟေး… ရပ်စမ်း!”
လျိုကွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူ လှည့်ကြည့်လိုက်သည်နှင့် ချန်နော့ကို မြင်လိုက်ရသည်။ တစ်ဖက်လူက အဝတ်အစားများ လဲလှယ်ထားသော်လည်း ခန္ဓာကိုယ်အရွယ်အစားနှင့် ဆံပင်အရောင်ကို ကြည့်၍ ဤသူမှာ သူ ကျောပိုးပြီး ပြန်ခေါ်လာခဲ့သော အမဖြစ်ကြောင်း တစ်ချက်တည်းဖြင့် သိရှိသွားခဲ့၏။
ချန်နော့က သေချာပေါက် ရပ်မည်မဟုတ်ဘဲ ဘာမျှမဖြစ်သကဲ့သို့ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
လျိုကွမ်မှာ ဒေါသထွက်လွန်း၍ အံကြိတ်ပြီး ခေါင်မိုးပေါ်မှ ခုန်ချလိုက်၏။ ခြေလှမ်းအနည်းငယ်ဖြင့် အပြေးအလွှား သွားကာ ချန်နော့၏ ပခုံးကို ဆွဲကိုင်လိုက်ပြီး အားပြင်းပြင်းဖြင့် သူ၏ ပခုံးပေါ်သို့ တင်ကာ ခြေလှမ်းကျဲကြီးများဖြင့် နောက်သို့ လှည့်ပြန်လာခဲ့သည်။
သူ၏ ပခုံးမှာ သေးသွယ်ပိန်လှီနေသော်လည်း အမှန်တကယ်တွင် နွားတစ်ကောင်ကဲ့သို့ အားအင်ကြီးမားလှ၏။
ချန်နော့၏ ဦးခေါင်းထဲသို့ သွေးများ စုပုံလာပြီး အစာအိမ်ထဲတွင်လည်း ကလိကလိဖြစ်ကာ မအီမသာဖြစ်လာသဖြင့် မနေနိုင်ဘဲ ပြောလိုက်သည်။
” ငါ့ကို အောက်ချပေး… ငါ့ဘာသာငါ လျှောက်မယ်…”
လျိုကွမ် ကြောင်သွားခဲ့သည်။ ဤအမက သူ့ကို စကားပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။ ထိုအသံမှာ ကြည်လင်သာယာသဖြင့် သူက ချန်နော့ကို အလိုလို အောက်သို့ ချပေးလိုက်ပြီး ဘေးမှနေ၍ ကျားတစ်ကောင်ကဲ့သို့ စောင့်ကြည့်ကာ ခြေရာထပ်မကွာ လိုက်ပါလာခဲ့သည်။
ချန်နော့က နာကျင်နေသော အစာအိမ်ကို ပွတ်သပ်လိုက်ပြီး တစ်ဖက်လူက သူ၏ စကားကို တကယ်ပင် နားထောင်ခဲ့သောကြောင့် အနည်းငယ် အံ့သြသွားခဲ့၏။ သူက လျိုကွမ်ကို တိတ်တဆိတ် အကဲခတ်လိုက်ပြီး တစ်ဖက်လူ၏ လက်ရှိအရပ်မှာ 140စင်တီမီတာ (လေးပေ ရှစ်လက်မခန့်) ထက် သေချာပေါက် မကျော်ကြောင်း အတည်ပြုလိုက်သည်။
သူက ယခု မည်သို့ပင်ဖြစ်စေ 165စင်တီမီတာ (ငါးပေ ငါးလက်မခန့်) ရှိနေပြီဖြစ်သည်။ သူ့ထက် ခေါင်းတစ်ဝက်ခန့် ပုသော ကလေးငယ်တစ်ယောက်ကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရသည်မှာ ရယ်စရာကောင်းသည်ဟု သူလည်း တွေးမိ၏။
သူက တစ်ခွန်းမျှ မဟဘဲ လျှောက်သွားနေခဲ့သည်။ ခြေထောက်က ယိုင်နဲ့နေသောကြောင့် အမြန်မလျှောက်နိုင်သဖြင့် လျိုကွမ်က ဝင်ရောက်တွဲကူပေးခဲ့ပြီး ခြေလှမ်းများကိုလည်း သိသိသာသာ နှေးပေးခဲ့၏။ ချန်နော့မှာ အတွေးများသွားခဲ့သည်။
ဒါက အရန်ရိက္ခာကို ဆက်ဆံတဲ့ အပြုအမူမျိုးနဲ့ မတူဘူးနော်…
သူလည်း စကားမပြောသလို လျိုကွမ်ကလည်း စကားမပြောဘဲ နှစ်ယောက်သားမှာ လျိုကွမ်၏ ဟောင်းနွမ်းနေသော မြက်မိုးတဲဆီသို့ အမြန်ပြန်ရောက်သွားခဲ့သည်။ ချန်နော့က သူ့ကိုယ်သူ အနစ်နာခံရန် အစီအစဉ်မရှိသောကြောင့် ကုတင်ဘေးသို့ တည့်မတ်စွာ လျှောက်သွားပြီး ထိုင်ချလိုက်၏။
ချန်နော့က မျက်စိရှေ့ရှိ ဆံပင်နီ၊ မျက်လုံးစိမ်းနှင့် ကလေးကို ကြည့်ကာ ချောင်းတစ်ချက်ဟန့်ပြီး ပြောလိုက်သည်။
” မင်း ငါ့ကို ဒီပြန်ခေါ်လာပြီး ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ…”
သူ ဤနေရာသို့ ရောက်လာသည်မှာလည်း နာရီအနည်းငယ် ကြာပြီဖြစ်ပြီး ဟိုလှည့်ဒီလှည့်လုပ်ရသဖြင့် ပင်ပန်းကာ ရေလည်းဆာနေ၏။ ကုတင်ခေါင်းရင်းရှိ တိမ်းစောင်းနေသော စားပွဲငယ်ပေါ်တွင် ရေတစ်ခွက် တင်ထားသည်ကို မြင်လိုက်ရသောကြောင့် မဆိုင်းမတွပင် ကောက်ယူ၍ သောက်လိုက်သည်။ ကြွေပန်းကန်ကြမ်းမှာ ပဲ့နေသော နေရာအနည်းငယ် ရှိသော်လည်း သန့်ရှင်းအောင် ဆေးကြောထားပြီး ရေ၏ အရသာမှာလည်း ချိုမြိန်ကာ အေးမြနေ၏။
သူ အားရပါးရ သောက်နေသည်ကို မြင်သောအခါ လျိုကွမ်၏ ရင်ထဲတွင်လည်း ထူးဆန်းသော ကျေနပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ယခုလေးတင် ဤအမက ခိုးထွက်ပြေးသွားခဲ့သည့် ကိစ္စကို သတိရသွားသောအခါ သူသည် ထပ်မံ၍ အလွန်ဒေါသထွက်လာပြီး ကုတင်ဘေးတွင် မတ်တပ်ရပ်လျက် ချန်နော့ကို အကြည့်ရိုင်းများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။
” ငါ မင်းကို ပြန်ခေါ်လာတာ ဇနီးအဖြစ် ထားဖို့ပဲ… မင်း စကားနားမထောင်ရင် နောက်ဆို မင်းကို ဒီမှာ ကြိုးနဲ့ချည်ထားမယ်!…”
ချန်နော့သည် ပါးစပ်ထဲမှ ရေများပင် ပန်းထွက်မတတ် ဖြစ်သွားပြီး နှုတ်ခမ်းထောင့်များလည်း အဆက်မပြတ် တွန့်ကွေးသွားခဲ့သည်။
တောင်ကြားရွာလေးထဲက ဆင်းရဲတဲ့ ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက ယူထားမယ့် ဇနီးလောင်းကို ရှာရင်တောင် ငါ့ကိုတော့ မရှာသင့်ဘူးမလား?
လခွမ်း! ဒီကလေးက မျက်စိကန်းနေတာလား ဒါမှမဟုတ် မျက်စိပဲ ကန်းနေတာလား? ပြီးတော့ ငါ့ရဲ့ ဘယ်နေရာက မိန်းမနဲ့ တူနေလို့လဲ? ငါ့မှာ ကလေးဆန်တဲ့ သွားစွယ်လေးတွေ ရှိနေပေမယ့် ဘယ်လိုကြည့်ကြည့် ယောက်ျားပီသပြီး တက်ကြွလန်းဆန်းနေတဲ့ ကောင်လေးတစ်ယောက်ပဲ မဟုတ်ဘူးလား… ဒါပေမယ့် အခုတော့ ခန္ဓာကိုယ်က ပြန်ငယ်သွားလို့ လူပျိုပေါက်အရွယ်ကို နောက်တစ်ကြိမ် ပြန်ဖြတ်သန်းရတော့မယ့်ပုံပဲ…
ဒါနဲ့နေပါဦး… ဒီကလေးက ငါ့ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း မြင်ဖူးထားတယ်မလား… သူက မိန်းကလေးနဲ့ ယောကျာ်းလေးရဲ့ ဖွဲ့စည်းပုံက မတူဘူးဆိုတာကို မသိတာလား…
ဒီလူသားစားတဲ့ မျိုးနွယ်စုမှာ အမျိုးသမီးတွေ အရမ်းရှားပါးလွန်းလို့ ငယ်ငယ်လေးကတည်းက မိန်းမရှာနေတာများလား… ငါက မိန်းမ မဟုတ်ဘူးဆိုတာကို ရှင်းပြလိုက်ရင် ဒါမှမဟုတ် ငြင်းလိုက်ရင်… ပြုတ်စားခံရမှာလား…
စိတ်ကူးယဉ်နေမိသောကြောင့် ချန်နော့၏ မျက်နှာအမူအရာမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေ၏။ လျိုကွမ်၏ အမြင်တွင်မူ ထိုအရာက အလွန်တရာ သဘောမတူလိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
လျိုကွမ်၏ စိတ်ထဲတွင် လေးလံသွားပြီး ချန်နော့ကို မျက်စောင်းထိုးကာ ဟန်လုပ်၍ ခက်ထန်စွာ စိုက်ကြည့်ရင်း ပြောလိုက်၏။
” မင်း သေသေချာချာ စကားနားထောင်မယ်ဆိုရင် ငါလည်း သေချာပေါက် မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ… မင်း စကားနားမထောင်ရင်တော့ ငါ ဘာလုပ်မယ်ဆိုတာက… ဟွန်းဟွန်း!…”
ဇနီးရလျှင် ဘာအကျိုးရှိမည်ကို သူလည်း မသိသော်လည်း အသင့်ဖြစ်နေသော ဇနီးတစ်ယောက် မျက်စိရှေ့တွင် ရှိနေသဖြင့် မယူဘဲနေလျှင် အလကားပင် ဖြစ်သွားပေမည်။
ထိုမြို့စားများနှင့် မှူးမတ်မျိုးနွယ်များမှလွဲ၍ သာမန်လူများကြား၊ အထူးသဖြင့် ၎င်းတို့၏ ဤဆင်းရဲသားရပ်ကွက်တွင် အထီးဆယ်ကောင်၌ ငါးကောင်မှာ ဇနီးရှာမရကြပေ။ ကျန်ရှိသော အများစုမှာလည်း အခြားသူများနှင့် ပေါင်း၍ ဇနီးတစ်ယောက်တည်းကိုသာ ယူကြရ၏။
လျိုကွမ်က သူ့ကိုယ်သူ ထိုကဲ့သို့ ဖြစ်စေရန် အစီအစဉ်မရှိပေ။ ၎င်းတို့၏ နေရာမှာ ထိုကြွယ်ဝချမ်းသာသော နေရာများကဲ့သို့ တရားဝင် လက်ထပ်ခြင်း စသည်တို့ကို ဂရုစိုက်လေ့မရှိချေ။ ဇနီးယူမည်ဆိုလျှင် အမြန်ယူရမည်၊ သို့မဟုတ်လျှင် အခြားသူများ လုယူသွားလိမ့်မည်ဟု အခြားသူများ၏ ပြောစကားကို သူ ငယ်စဉ်ကတည်းက ကြားဖူးခဲ့သည်။
ဤအမက မည်သည့်နေရာမှ လာသည်ဖြစ်စေ၊ စေ့စပ်ထားသည်ဖြစ်စေ မဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယခု သူ ကောက်ရထားသဖြင့် သူ၏ အပိုင်ပင် ဖြစ်၏။
ချန်နော့၏ တောက်ပနေသော မျက်လုံးနက်များက သူ့ကိုသာ ငေးကြည့်နေသည်ကို မြင်သောအခါ သူ အကြောင်းပြချက်မရှိဘဲ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူ အရမ်းကြမ်းတမ်းသွားသဖြင့် တစ်ဖက်လူ လန့်သွားမည်ကိုလည်း စိုးရိမ်မိသောကြောင့် လေသံကို အမြန်လျှော့ချလိုက်၏။
” မင်းလည်း မကြောက်ပါနဲ့… ဘယ်လိုပဲဖြစ်ဖြစ် မင်း ထပ်ပြီး ထွက်မပြေးသရွေ့ ငါ မင်းကို ဗိုက်ဝပြီး နွေးနွေးထွေးထွေး ဖြစ်အောင် သေချာပေါက် ထားမှာပါ…”
လျိုကွမ်က စကားကို နူးညံ့စွာ ပြောခဲ၏။ ဤနေရာသို့ ရောက်သောအခါ သူ၏ မျက်နှာမှာလည်း အနည်းငယ် ပူထူလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မျက်နှာပေါ်ရှိ ရွှံ့များက ထူထဲနေသောကြောင့် နီရဲနေသော သူ၏ ပါးပြင်ကို တစ်ဖက်လူက မမြင်ရပေ။
ချန်နော့မှာ အဆက်မပြတ် ဆွံ့အလျက်ရှိ၏။ သူ၏ ဆယ့်ကိုးနှစ်တာ ဘဝတွင် တစ်နေ့နေ့၌ ကောင်မလေးတစ်ယောက်အား ” မင်း ငါ့မိန်းမ လုပ်ပါလား ” ဟု အာဏာရှင်ဆန်ဆန် ပြောနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်ဖူးသည်။ သို့သော် ယခုမူ 140cmပင် မပြည့်သေးသော ကလေးတစ်ယောက်က သူ့အား အာဏာရှင်ဆန်ဆန် လာပြောနေ၏။
ဤပေါက်ကရပြောနေသော ကလေးဆိုးကို ပါးချည်းသာ ရိုက်လွှတ်လိုက်ချင်သော်လည်း ဉာဏ်ပညာက သူ့အား ယခုအချိန်တွင် Yes,I do ဟု ပြောခြင်းက ပိုကောင်းကြောင်း သတိပေးနေသည်။ ထို့ကြောင့် ချန်နော့က လျိုကွမ်ကို အလွန်တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်၏။
” အင်း… သိပြီ… ငါ ဗိုက်ဆာနေပြီ…”
မည်သို့ပင်ဖြစ်စေ နာမည်ခံဇနီး ဖြစ်ရခြင်းက အရန်ရိက္ခာ ဖြစ်ရခြင်းထက် ပိုကောင်းပေမည်။
” …အို…”
ချန်နော့ထံမှ ဤမျှ တည်ငြိမ်သော တုံ့ပြန်မှုကို ရလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် လျိုကွမ်မှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။
ဒါပေမယ့် ဇနီးကို အငတ်ထားတဲ့ အထီးက ခင်ပွန်းကောင်း မဟုတ်ဘူး…
လျိုကွမ်က အိပ်မက်မက်နေသကဲ့သို့ ယခင်က ရှာဖွေထားသော အစားအစာများကို ယူဆောင်လာကာ စားပွဲပေါ်တွင် တင်လိုက်၏။
ထိုအစားအစာမှာ မာကြောခြောက်သွေ့နေသော မန်ထို (ပေါက်စီအလွတ်) တစ်ပန်းကန် ဖြစ်သည်။ ချန်နော့က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဤနေရာတွင် အစားအစာများကို ရွေးချယ်၍ မရကြောင်း သိထားသောကြောင့် တစ်လုံးကို ယူကာ အားပါးတရ ကိုက်စားလိုက်ပြီး နောက်တစ်လုံးကို လျိုကွမ်ဆီသို့ အလွယ်တကူ ပစ်ပေးလိုက်၏။
လျိုကွမ်မှာ ၎င်းကို ဖမ်းမိသောအခါ ကြောင်သွားခဲ့သည်။ သို့သော် သူလည်း နေ့စဉ် ဗိုက်ပြည့်အောင် မစားရသဖြင့် ယခုအချိန်တွင် မဆိုင်းမတွပင် အားရပါးရ စားသောက်လိုက်သည်။ ထိုမန်ထိုခြောက်ကို နှစ်ချက်သုံးချက်မျှ ကိုက်ပြီးသည်နှင့် ဗိုက်ထဲသို့ မျိုချလိုက်ပြီး ပါးစပ်တစ်ခုလုံးလည်း ဖောင်းကားနေတော့၏။
ထိုမန်ထိုခြောက်မှာ အလွန်မာကြောလွန်းသဖြင့် ချန်နော့က တစ်ဝက်ခန့်သာ စားပြီးနောက် ကျန်ရှိနေသည်များကို စားပွဲပေါ်တွင် တင်ထားလိုက်သည်။ လျိုကွမ်က ကျန်ရှိနေသော မန်ထိုများကို ကြည့်ကာ တံတွေးမျိုချလိုက်ပြီး အနည်းငယ် မကျေမနပ် ဖြစ်သွား၏။ ဤအမက အစားနည်းလွန်းလှသည်။
ချန်နော့က သူ့ကို ကြည့်လိုက်သည်နှင့် သူ ဗိုက်ဆာနေသေးကြောင်း သိလိုက်သဖြင့် ပန်းကန်ကို တွန်းပေးလိုက်၏။
” ငါ စားလို့ပြီးပြီ… ကျန်တာတွေ မင်းပဲ စားလိုက်တော့…”
လျိုကွမ်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အသက်ရှူပင် မရပ်ဘဲ ကျန်ရှိနေသည်များအားလုံးကို အငမ်းမရ စားသောက်လိုက်သည်။
ချန်နော့က မျက်မှောင်ကြုတ်ကာ သူ့ကို ဂရုမစိုက်တော့ပေ။ ကိုယ်ပေါ်ရှိ အဝတ်အစားများက အမှန်တကယ်ပင် နံစော်လွန်းနေ၏။ သို့သော် သူ၏ မူလအဝတ်အစားများမှာ ကြီးလွန်းနေသဖြင့် အဆင်မပြေလှချေ။ သူက လျိုကွမ်ကို မေးလိုက်သည်။
” မင်းဆီမှာ အပ်နဲ့ အပ်ချည် ရှိလား…”
လျိုကွမ်က သူ့ကို သတိဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးအိမ်ရှိ မြက်မိုးတဲသို့ သွားကာ ကတ်ကြေးနှင့် အပ်ချည်ကို ငှားရမ်းခဲ့ပြီး မကြာမီ ပြန်ရောက်လာခဲ့၏။ ချန်နော့က သူ၏ ဘောင်းဘီခါး နှစ်ဖက်စလုံးကို အပ်ဖြင့် အနည်းငယ် ချုပ်လိုက်သည်။ သူလည်း မလုပ်တတ်သဖြင့် မိမိလက်ကိုပင် ထိုးမိလုနီးပါး ဖြစ်သွားခဲ့၏။
အဝတ်အစားများကို မနည်းပြင်ဆင်ပြီးနောက် ချန်နော့က ကိုယ်ပေါ်ရှိ ညစ်ပတ်နံစော်နေသော အဝတ်အစားများကို အလျင်စလို ချွတ်ပစ်လိုက်ပြီး ဝတ်လစ်စလစ်ဖြစ်နေသော ခြေတံရှည်နှစ်ချောင်းကို ဆန့်ထုတ်ကာ ဘောင်းဘီကို သွက်လက်စွာ ဝတ်ဆင်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ကျွတ်မကျတော့ပေ။
လျိုကွမ်ခမျာ သူ့ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိပြီး ဒေါသထွက်လွန်းသဖြင့် မိမိလျှာကိုပင် ကိုက်မိလုနီးပါး ဖြစ်သွားခဲ့၏။
” မင်း… မင်းလို အမမျိုးက အရမ်းကို အရှက်မဲ့လွန်းတယ်! ငါ မင်းကို သတိပေးလိုက်မယ်… တခြားလူတွေရှေ့မှာ အဝတ်အစားချွတ်တာကို ခွင့်မပြုဘူး! ပြီးတော့ မင်းက အမဆိုတာကို တခြားလူတွေကို ပြောပြတာကိုလည်း ခွင့်မပြုဘူး!…”
‘အမ’ ဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ ချန်နော့၏ မျက်နှာအမူအရာမှာ လုံးဝ ပျက်ယွင်းသွားခဲ့သည်။
လခွမ်း!… ဒီကမ္ဘာရဲ့ မိန်းမနဲ့ ယောကျာ်းကို ခေါ်တဲ့ အခေါ်အဝေါ်တွေက တကယ်ပဲ လူကို သေအောင် လန့်စေတာပဲ!
အရပ်ပုသော လျိုကွမ်၏ ကြမ်းတမ်းသွက်လက်နေသော ပုံစံလေးကို သူ ရယ်ချင်စိတ်ဖြင့် ကြည့်လိုက်၏။ အခုတော့ သူက ပုံမှန်ကလေးတစ်ယောက်နဲ့ တူသွားပြီ…
သူက ရယ်ချင်စိတ်ကို အောင့်ထား၍ တီရှပ်ကို ဝတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် လျိုကွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
” ငါ့နာမည်က ချန်နော့… ဒီနေရာက ဘယ်နေရာလဲ…”
လျိုကွမ် ခေတ္တမျှ ကြောင်သွားပြီး အနာဂတ်ဇနီး၏ အမည်ကို စိတ်ထဲမှ ရွတ်ဆိုကြည့်လိုက်ရာ မဆိုးလှကြောင်း တွေးမိ၏။ ချန်နော့ကို ဇနီးအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် သူက လုံးဝ ဖုံးကွယ်မထားဘဲ အကုန်ပြောပြလိုက်သည်။ သို့သော် သူက စကားပြောသွက်သော်လည်း အသက်ငယ်ရွယ်သေးသဖြင့် ဖော်ပြနိုင်စွမ်းမှာ အကန့်အသတ်ရှိပြီး ချန်နော့မှာ ကြားရလေလေ ပို၍ ခေါင်းကိုက်လာလေလေ ဖြစ်၏။
ဤကမ္ဘာတွင် နိုင်ငံဟူ၍ မရှိဘဲ မရေမတွက်နိုင်သော မြို့များအဖြစ်သာ ခွဲခြားထားပြီး မြို့စားများမှာ ဧကရာဇ်များနှင့် တူညီသည်။
ဒေသအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုများမှာ မတူညီကြသော်လည်း ဤဆင်းရဲသားရပ်ကွက်မှာ အရင်းအမြစ် အရှားပါးဆုံးနှင့် အဆင်းရဲဆုံး နေရာများထဲမှ တစ်ခုဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။ ၎င်းတို့သည် ‘လျောင်ကျိ’ ဟူသော မြို့၏ နယ်စပ်ဒေသတွင် ပါဝင်သည်။ ဒေသနှစ်ခုနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကုန်သွယ်ရေးလမ်းကြောင်းနှင့် နီးကပ်နေသောကြောင့် မိုင်ရာနှင့်ချီသော ပတ်ဝန်းကျင်တွင် အမြဲတမ်း တိုက်ပွဲများ ဖြစ်ပွားလေ့ရှိ၏။
လျိုကွမ်က ဤနေရာအထိ ပြောပြီးနောက် မျက်လုံးကို စွေကာ ချန်နော့ကို ကြည့်ရင်း ပြောလိုက်သည်။
” ဒီလို အခြေခံအကျဆုံး အရာတွေကိုတောင် မသိဘူးဆိုတော့ မင်းက မှူးမတ်အိမ်ကနေ ထွက်ပြေးလာတဲ့ အစေခံကောင်လေး မဟုတ်လား…”
မှူးမတ်များက ရွေးချယ်ထားသော ရုပ်ရည်လှပသည့် အမအချို့ကို ငယ်စဉ်ကတည်းက ကျဉ်းမြောင်းသော ဥယျာဉ်များထဲတွင် သီးသန့်မွေးမြူထားပြီး သူတို့ကို ပျော်ပါးရန်အတွက် အသုံးပြုကြကြောင်းကို ဆင်းရဲသားရပ်ကွက်ရှိ သက်ကြီးရွယ်အိုများ ပြောသည်ကို သူ ကြားဖူးခဲ့၏။
ချန်နော့မှာ ဗဟုသုတ အလွန်နည်းပါးပြီး အသက်လည်း ငယ်ရွယ်သေးသဖြင့် မှူးမတ်များ၏ ကုန်သွယ်ရေး ယာဉ်တန်းမှ ထွက်ပြေးလာသူ ဖြစ်ဖို့များသည်။ မည်သို့ပင်ဖြစ်စေ ဤဆင်းရဲသားရပ်ကွက်တွင် လူစုံရောနှောနေပြီး ပတ်ဝန်းကျင်ရှိ တောတောင်များမှာ ဆင်းရဲနွမ်းပါးသော်လည်း မြေမျက်နှာသွင်ပြင်အရ အန္တရာယ်များသောကြောင့် အခြားသူများ လာရောက်ရှာဖွေမည်ကို သူ မကြောက်ပေ။
အစေခံကောင်လေးဆိုသည်မှာ မည်သည်ကို ဆိုလိုမှန်း မသိသော်လည်း ချန်နော့က အလွန်ပညာသားပါပါဖြင့် တိတ်ဆိတ်နေရန် ရွေးချယ်လိုက်၏။
လျိုကွမ်က သူ ဝန်ခံလိုက်သည်ဟု ထင်သွားခဲ့ပြီး သူ၏ မကောင်းသော အတိတ်ကို ပြန်လည်အမှတ်ရသွားစေသည်ဟု တွေးကာ အတန်ကြာမှ ချန်နော့၏ လက်ခုံကို အယောင်ယောင်အမှားမှားဖြင့် ပုတ်ပြီး ပြောလိုက်သည်။
” မင်း စိတ်မပူပါနဲ့… နောက်ဆို ငါ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ…”
Chapter 2 ended