Chapter 22
ဒဏ်ရာရခြင်းနှင့် ရင်လေးရခြင်း
*****
လုဖေးဟွမ်က ဖန်ကတော်ထံသို့ ပေးပို့သောစာထဲတွင် လကုန်မှ ပြန်ရောက်မည်ဟု ရေးထား၏။
သို့သော် တကယ်တမ်းတွင်မူ သူက ကိုယ်ရံတော်အနည်းငယ်ကိုခေါ်ကာ နေ့ရောညပါ ခရီးနှင်လာခဲ့ခြင်းဖြစ်သည်။
အကြောင်းရင်းမှာ သူ၏ချစ်ရသူ မင်လန်လေးကို စောစောစီးစီး တွေ့ချင်ကာ သူ့ကို အံ့အားသင့်အောင် လုပ်ချင်သောကြောင့် ဖြစ်၏။
သို့သော် အံ့အားသင့်စရာက ထိတ်လန့်စရာအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း။
သူ အိမ်နောက်ဖေးသို့ မရောက်ခင်မှာပင် မီးတောက်များ ကောင်းကင်သို့ ထိုးတက်နေသည်ကို မြင်လိုက်ရ၏။
နေရာကို ခန့်မှန်းကြည့်လိုက်သည့်အခါ ချန်မင်နေထိုင်သည့် ခြံဝင်းဖြစ်နေသည်။
သူ၏ရင်ထဲတွင် တုန်ခါသွားပြီး မကောင်းသောကြိုတင်ခံစားမှုတစ်ခုက လွှမ်းမိုးလာကာ ရူးမတတ် ဖြစ်သွားတော့၏။
သူက တစ်သက်တာတွင် အမြန်ဆုံးအရှိန်ဖြင့် ထိုခြံဝင်းတံခါးဝသို့ ရောက်အောင် ပြေးသွားခဲ့သည်။
လူအုပ်ကြားထဲတွင် ချန်မင်၏အရိပ်အယောင်ကို မတွေ့ရသဖြင့် အစေခံတစ်ယောက်ကိုင်ထားသော ရေပုံးကို လုယူကာ ခေါင်းပေါ်မှ လောင်းချလိုက်၏။
ထို့နောက် စိုရွှဲနေသောအင်္ကျီလက်ဖြင့် ပါးစပ်နှင့် နှာခေါင်းကိုအုပ်ကာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ခြံဝင်းထဲသို့ ပြေးဝင်သွားတော့သည်။
ထိုတံခါးကို ကန်ဖွင့်လိုက်သည်နှင့် အပူလှိုင်းများက သူ့ကို မျက်လုံးပင် ဖွင့်မရအောင် ရိုက်ခတ်လာ၏။
မြေကြီးပေါ်တွင် လူတစ်ယောက် လဲနေသည်ကို ဝိုးတဝါးမြင်လိုက်ရကာ ထိုလူ၏ခြေထောက်ကို တစ်ခုခုက ဖိထားသကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် လုဖေးဟွမ်က အလောတကြီး ထိုအရာကို ကန်ထုတ်လိုက်ပြီး ထိုလူကို ရင်ခွင်ထဲပွေ့ချီကာ အပြင်သို့ ပြေးထွက်လာခဲ့၏။
သူ အိပ်ခန်းတံခါးမှ ထွက်လိုက်သည့်အချိန်မှာပင် အိမ်တစ်လုံးလုံး ပြိုကျသွားသည်။
သူ၏အနောက်တွင် ပြင်းထန်သောမီးတောက်ကြီးတစ်ခု ထတောက်ကာ “ဝုန်း” ဟူသောအသံကြီး ထွက်ပေါ်လာတော့၏။
လုဖေးဟွမ်က လူကို ရင်ခွင်ထဲတွင် လုံခြုံစွာဖက်ထားပြီး အိမ်တော်ထိန်းကို အော်ဟစ်လိုက်သည်။
“သမားတော် သွားခေါ်! သမားတော်ကြီးလျိုကို သွားပင့်ခဲ့!”
အိမ်တော်ထိန်းက မျက်နှာတစ်ခုလုံး မည်းတူးနေပြီး ဆံပင်များမှပင် အခိုးအငွေ့များထွက်နေကာ အင်္ကျီများလည်း မီးလောင်ထားသဖြင့် စုတ်ပြတ်သတ်နေသောလူတစ်ယောက်ကို မြင်လိုက်ရ၏။
သူ၏ရင်ခွင်ထဲရှိလူမှာလည်း ကောင်းမွန်သောအသားအရေ တစ်စက်မျှမကျန်တော့သဖြင့် အိမ်တော်ထိန်းသည် လန့်လွန်း၍ ကြောင်အမ်းနေသည်။
လုဖေးဟွမ်က ဒေါသထွက်ပြီး အော်ရန်ပြင်လိုက်ချိန်တွင် လူတစ်ယောက်က လျှောက်လာခဲ့၏။
“စစ်သူကြီး မစိုးရိမ်ပါနဲ့! ယွမ်ရဲ သွားခေါ်နေပါပြီ…”
ထိုလူက လုကျန်းထင်၏ဆရာ ကျောက်ချုံးဖြစ်၏။
သူက အပြင်အင်္ကျီကို ချွတ်ကာ လုဖေးဟွမ်၏ရင်ခွင်ထဲရှိ ချန်မင်၏ကိုယ်ပေါ်သို့ ခပ်ဖွဖွလေး လွှမ်းခြုံပေးလိုက်ပြီး ပြောလိုက်သည်။
“စစ်သူကြီးရဲ့ အခန်းကို အရင် သွားကြတာပေါ့…”
လုဖေးဟွမ်က သူ့ကို ပွေ့ချီပြီး မိမိ၏အိပ်ခန်းသို့ အလောတကြီးသွားကာ ချန်မင်ကို ကုတင်ပေါ်တွင် ချလိုက်သည်နှင့် သမားတော်ကြီးလျိုကလည်း ရောက်လာခဲ့၏။
ချန်မင်က နိုးလာပြီးနောက် အခန်းထဲရှိရေကို လက်ကိုင်ပဝါပေါ် လောင်းချကာ ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားခဲ့သည်။
ထို့ကြောင့် အခိုးအငွေ့များ သိပ်မရှူမိခဲ့ဘဲ လေအလုံအလောက်မရသဖြင့် သတိလစ်သွားခြင်းသာ ဖြစ်၏။
လတ်ဆတ်သောလေကို ရှူရှိုက်ရပြီး သမားတော်ကြီးလျိုကလည်း အပ်စိုက်ပေးလိုက်သဖြင့် သတိပြန်ရလာခဲ့ပြီဖြစ်သည်။
သို့သော် အဆိုးရွားဆုံးမှာ ခြေကျင်းဝတ်မှ ဒဏ်ရာနှင့် ကျောပြင်မှ မီးလောင်ဒဏ်ရာများ ဖြစ်၏။
လုဖေးဟွမ်က လူတိုင်းကို အပြင်ထွက်ခိုင်းလိုက်သော်လည်း လုကျန်းထင်က မသွားဘဲ ပြောလိုက်သည်။
“ကျွန်တော် ဦးလေးကို စောင့်ကြည့်ပေးမယ်…”
လုဖေးဟွမ်က သူ့ကို ပါး တစ်ချက်ရိုက်ချလိုက်ပြီး အေးစက်စက် ရယ်မောလိုက်၏။
“မင်းက ဘာအခွင့်အရေးနဲ့ ကြည့်မှာလဲ! မင်း ကြည့်နေရုံနဲ့ သူ ပြန်ကောင်းလာမှာလား… ဒါနဲ့ စောစောက မင်း ရပ်ကြည့်နေတုန်းကလည်း သူ့ကို မကယ်နိုင်ခဲ့ပါလား… မင်းက တကယ် အသုံးမကျတဲ့ကောင်ပဲ! ဒီမှာ လာပြီး မျက်စိအနောက်မခံနဲ့!”
လုကျန်းထင်မှာ ပါး အရိုက်ခံလိုက်ရသဖြင့် ပါးတစ်ဖက်လုံး ဖောင်းကားလာ၏။
ချန်မင်က အားနည်းနေသော်လည်း ခြင်ထောင်ကို ဖြတ်၍ကြည့်ရင်း သနားသွားကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။
“ခင်ဗျား ထင်အာကို ဘာလို့ ရိုက်တာလဲ… ထင်အာ… လိမ္မာတယ်… မင်းအဖေ ပြောတဲ့အတိုင်း နားထောင်လိုက်ပါ… ဦးလေး ဘာမှ မဖြစ်ပါဘူး… မင်း အရင် ထွက်သွားလိုက်နော်…”
လုကျန်းထင်က သူ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း အပြင်ထွက်သွားတော့၏။
လုဖေးဟွမ်၏ရင်ထဲတွင် လှိုင်းထန်နေသည်။
ချန်မင်၏ ဤကဲ့သို့သနားစရာကောင်းသောအခြေအနေကို မြင်တွေ့ရချိန်တွင် ဒေါသမပြေနိုင်သေးဘဲ မျက်နှာထားက အလွန်ဆိုးရွားနေ၏။
သမားတော်ကြီးလျိုက ပြောလိုက်သည်။
“စစ်သူကြီးလည်း အရင် ထွက်သွားလိုက်ပါ… ဒီမှာ ကျွန်တော် ဦးလေးကို ကုသပေးလိုက်ပါ့မယ်… ကိုယ်တိုင်လည်း အင်္ကျီ သွားလဲလိုက်ပါဦး…”
လုဖေးဟွမ်က မထွက်သွားချင်သော်လည်း ကျောက်ချုံးစောစောကပြောခဲ့သော တရားခံကို ဖမ်းမိပြီဆိုသည့်စကားကို တွေးမိပြီး ခဏစဉ်းစားကာ အရင်ထွက်သွားရန် ဆုံးဖြတ်လိုက်၏။
သူက ကုတင်ဘေးသို့ လျှောက်သွားပြီး ချန်မင်၏လက်ကို ကိုင်ကာ ပြောလိုက်သည်။
“မင်လန်… ကိုယ် ပြန်လာတဲ့အချိန်ကို စောင့်နေနော်…”
ချန်မင်က သူ့ထက်ပင် ပိုမိုတည်ငြိမ်နေပြီး ပူစပ်ပူလောင်ဖြစ်နေသောနာကျင်မှုကို အောင့်ခံကာ သူ့ကို ပြုံးပြလိုက်၏။
“အင်း…”
လုဖေးဟွမ်က ခြံဝင်းထဲသို့ မီးငြိမ်းသတ်ရန် အရင်ပြေးဝင်သွားချိန်တွင် ယွမ်ရဲက လူတစ်ယောက်ယောက် ဒဏ်ရာရနိုင်ကြောင်း သိသဖြင့် သမားတော်ကြီးလျိုကို သွားပင့်ခဲ့သည်။
ကျောက်ချုံးနှင့် အခြားလူအချို့ကမူ ပုန်းကွယ်နေသော လုယိုချိုက်ကို တွေ့လိုက်ရ၏။
သူ၏မျက်နှာပေါ်တွင် ထိတ်လန့်နေသည့်အရိပ်အယောင်များ ပါဝင်နေသဖြင့် သံသယဝင်ကာ သူ့ကို အရင်ဖမ်းထားခဲ့ကြခြင်းဖြစ်သည်။
လုဖေးဟွမ်က အင်္ကျီလဲလိုက်သော်လည်း ရေချိုးရန် စိတ်မပါသဖြင့် မျက်နှာပေါ်ရှိအမည်းကွက်များကိုသာ ရေဆွတ်လိုက်၏။
ဆံပင်ကို အနည်းငယ် သပ်ရပ်အောင်လုပ်လိုက်ကာ ဧည့်ခန်းသို့ ရောက်လာချိန်တွင် ယခင်ကကဲ့သို့ပင် ရဲရင့်တည်ကြည်ပြီး ဩဇာကြီးမားသည့်ပုံစံ ဖြစ်နေဆဲဖြစ်သည်။
စစ်သူကြီးအိမ်တော်မှ လူတိုင်းက စောစောကတည်းက စုံညီနေကြပြီဖြစ်၏။
ဖန်ကတော်နှင့် ယောင်ကတော်တို့က အောက်ဘက်ရှိကုလားထိုင်များပေါ်တွင် ထိုင်နေကြကာ ကျန်သူများက ခန်းမထဲတွင် ရပ်နေကြသည်။
လုကျန်းခန်းမှာ အိပ်ရေးမဝသေးသဖြင့် ပျင်းရိစွာ သမ်းဝေနေ၏။
လုဖေးဟွမ်က ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး လူတိုင်း၏မျက်နှာကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
သူ၏အကြည့်များက အလွန်စူးရှလွန်းသဖြင့် အပြစ်မရှိသူများပင်လျှင် သူ့ကို ကြည့်ပြီး လန့်ကာ ခေါင်းငုံ့သွားကြ၏။
လုကျန်းထင်တစ်ယောက်တည်းသာ မျက်နှာထားသေတေတေဖြင့် သူ၏အကြည့်ကို မရှောင်လွှဲခဲ့ပေ။
လုဖေးဟွမ်က ပြောလိုက်၏။
“အိမ်တော်ထိန်း… ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မင်း သိလား…”
အိမ်တော်ထိန်းက ချွေးသုတ်ရင်း ရှေ့ထွက်လာသည်။
“သခင်ကြီး… ကျောက်ချုံးတို့က တရားခံကို ဖမ်းမိထားပါတယ်… နောက်ဖေးတံခါးစောင့် လုယိုချိုက်ပါ… သူ့ဆီကနေ မီးခြစ်ကို ရှာတွေ့ခဲ့ပြီး သူ့အင်္ကျီပေါ်မှာလည်း ထင်းရူးဆီတွေ ပေနေပါတယ်… စောစောက သူ့ကို တစ်ချက်ရိုက်လိုက်တာ သူ အကုန် ဝန်ခံသွားပါပြီ…”
ယောင်ကတော်က ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်နှာထားပြောင်းသွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာ၏။
လုဖေးဟွမ်က မေးလိုက်သည်။
“သူ ဘာတွေ ဝန်ခံသွားလဲ…”
“သူ ဝန်ခံတာက… ဒုတိယသခင်မခိုင်းလို့ မီးရှို့တာပါတဲ့…”
ယောင်ကတော်က ထိုစကားကို ကြားလိုက်ရချိန်တွင် ကမန်းကတမ်း မတ်တတ်ရပ်လိုက်ပြီး အော်ဟစ်လိုက်၏။
“သူ လျှောက်ပြောနေတာ! ကျွန်မ… ကျွန်မ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်နိုင်မှာလဲ! သခင်ကြီး… ကျွန်မ မသိပါဘူး… လုယိုချိုက်ဆိုတာ ဘယ်သူမှန်းတောင် ကျွန်မ မသိပါဘူး… ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို ဖော်ထုတ်ပေးပါ!”
လုဖေးဟွမ်က သူမကို အေးစက်စက် စူးစိုက်ကြည့်နေပြီးနောက် နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့်အပြုံးတစ်ခု ပေါ်လာသည်။
“မင်းက သူ ဘယ်သူလဲဆိုတာ မသိဘူးပေါ့!”
ယောင်ကတော်မှာ သူ၏အကြည့်ကြောင့် လန့်သွားပြီး စကားများ ထစ်အသွား၏။
“ကျွန်မ… ကျွန်မ မသိဘူး…”
လုဖေးဟွမ်က အေးစက်စက် ရယ်မောလိုက်သည်။
“မင်း သူနဲ့ အိပ်လာတာ ဆယ်နှစ်ကျော်နေပြီကို သူ ဘယ်သူလဲ မသိဘူးပေါ့ အိမ်တော်ထိန်း၊ ကျောက်ချုံး… သူတို့နှစ်ယောက်ရဲ့အခန်းထဲမှာ သက်သေခံပစ္စည်းတွေ ဘာရှိလဲ သွားရှာကြ… ပြီးတော့ လုယိုချိုက်ရဲ့ဝန်ခံချက်ကိုလည်း ရေးပြီး သူ့ကို လက်မှတ်ထိုးခိုင်းလိုက်… ပြီးရင် အစိုးရရုံးကို ပို့ပြီး သေချာစစ်ဆေးခိုင်းလိုက်…အိမ်ရှင်မနဲ့ အစေခံ ဖောက်ပြန်ပြီး လူမိသွားလို့ လူသတ်ဖို့ မီးရှို့တာ ဘယ်လိုအပြစ်ပေးမလဲဆိုတာ ကြည့်ရသေးတာပေါ့… တကယ်လို့ အပြစ်ပေးတာ ပေါ့နေပြီး ငါ့စိတ်တိုင်းမကျဘူးဆိုရင် ငါ ကိုယ်တိုင် အစိုးရရုံးကို တစ်ခေါက် သွားလိုက်မယ်”
သူက စကားလုံးတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်း ပြောနေပြီး မျက်လုံးများက ယောင်ကတော်ကို စူးစိုက်ကြည့်နေ၏။
သူ စကားတောင် မဆုံးသေးခင်မှာပင် ယောင်ကတော်က တစ်ကိုယ်လုံး ပျော့ခွေသွားပြီး မျက်နှာများ နှင်းကဲ့သို့ ဖြူရော်သွားသည်။
လုဖေးဟွမ် ထွက်သွားမည်ကို မြင်သောအခါ သူမက အလျင်အမြန် အော်ဟစ်လိုက်၏။
“သခင်ကြီး အသက်ချမ်းသာပေးပါ! သခင်ကြီး အသက်ချမ်းသာပေးပါ!”
လုဖေးဟွမ်က အေးစက်စက် ရယ်မောလိုက်သည်။
“အသက်ချမ်းသာပေးရမယ်?… မင်း ဘယ်သူ့ကို သွားထိလိုက်လဲဆိုတာ မင်း သိလား! သူသာ တစ်ခုခုဖြစ်သွားရင် မင်းတင် မကဘူး… မင်းရဲ့မိသားစုကိုပါ ငါ အလွတ်မပေးဘူး! ဒီနှစ်တွေအတောအတွင်း ငါ ကျွေးမွေးထားတာတွေအတွက် အခု ပြန်ဆပ်ရမယ့်အချိန် ရောက်ပြီပေါ့…”
ယောင်ကတော်က သူ၏အေးစက်စက်မျက်နှာထားကို ကြည့်ရင်း ရင်ထဲတွင် အလွန်ထိတ်လန့်သွားပြီး မျှော်လင့်ချက်များ ကင်းမဲ့သွားတော့၏။
သူမက လုဖေးဟွမ်ကို အလွန်ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်ခဲ့သည်။
အိမ်တော်မှ ငွေများကို သူမမိသားစုထံ တိတ်တဆိတ်ပေးပို့ခြင်း၊ အစေခံနှင့် ဖောက်ပြန်ခြင်းတို့ကို လုဖေးဟွမ် မသိဟု ထင်ထားခဲ့၏။
ယခုမှသာ လုဖေးဟွမ်က အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ သိနေကြောင်း သိလိုက်ရသည်။
သူက အရေးမစိုက်၍သာ ဝင်မပါခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရ၏။
ငွေကြေးဖြစ်စေ၊ သူမကိုယ်တိုင်ဖြစ်စေ လုဖေးဟွမ်၏ရင်ထဲတွင် နေရာ မရှိခဲ့ပေ။
သူ၏ရင်ထဲတွင် ထိုလူတစ်ယောက်တည်းသာ ရှိပြီး… ထိုလူတစ်ယောက်တည်းသာ ရှိ၏။
ယောင်ကတော်က ယခုခေတ်တွင် အိမ်ရှင်မနှင့် အစေခံ ဖောက်ပြန်ခြင်းက ကြီးလေးသောအပြစ်ဖြစ်ကြောင်း သိသည်။
ဤတစ်ချက်တည်းနှင့်ပင် သေချာပေါက် သေဒဏ် ကျခံရမည်ဖြစ်ကာ… တကယ်လို့ တမင်သက်သက် လူသတ်ရန် ကြံစည်မှုပါ ထပ်ပေါင်းလိုက်မည်ဆိုလျှင်…
ယောင်ကတော်က မြေကြီးပေါ်တွင် မှောက်လျက် အပြင်းအထန် ငိုကြွေးနေပြီး ရင်ထဲတွင် အလွန်နောင်တရနေသော်လည်း အခြေအနေက ပြန်လည်ကုစား၍ မရနိုင်တော့ပေ။
ယောင်ကတော်ကို အပြစ်ပေးခြင်းက စကားတစ်ခွန်းတည်းနှင့် ပြီးသွားသဖြင့် လုဖေးဟွမ်က ဂရုမစိုက်တော့ဘဲ သူ ဂရုစိုက်သောလူက ယခု ကုတင်ပေါ်တွင် မှောက်လျက် လဲနေပြီဖြစ်၏။
သူ၏ကျောပြင်တွင် ဆေးထည့်ထားပြီးပြီဖြစ်သော်လည်း ကြည့်ရသည်မှာ သနားစရာကောင်းနေဆဲဖြစ်သည်။
အဆိုးရွားဆုံးနေရာမှာ ညာဘက်ဖနောင့်ဖြစ်ပြီး ပြုတ်ကျလာသော ခေါင်မိုးတန်းနှင့် တည့်တည့်ထိသွား၏။
ထိုခေါင်မိုးတန်းက မီးလောင်နေသဖြင့် ထိုနေရာရှိအသားများအားလုံး မီးကျွမ်းသွားတော့သည်။
သမားတော်ကြီးလျိုက ဆေးသေတ္တာကို သိမ်းလိုက်သည်။ အစေခံမလေးက ရေထည့်လာကာ သူ့ကို လက်ဆေးခိုင်းလိုက်၏။
သူက လက်ဆေးပြီးနောက် လုဖေးဟွမ် အနည်းငယ်စိတ်မရှည်တော့သည်ကို မြင်မှသာ ပြောလိုက်သည်။
“သူ့ကျောပြင်က မီးလောင်ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး… နေ့တိုင်း ဆေးလိမ်းပေးရင် လဝက်လောက်ဆို အသားနု ပြန်တက်လာမှာပါ… အမာရွတ် နည်းနည်း ကျန်ခဲ့ရုံပါပဲ… ဖနောင့်ကတော့ နည်းနည်း ဆိုးတယ်… အဲဒီက အကြောတွေ မီးလောင်သွားလို့… ဒဏ်ရာ ကျက်သွားရင်တောင် နောက်ဆို လမ်းလျှောက်ရင် နည်းနည်း ထော့နဲ့ထော့နဲ့ ဖြစ်သွားလိမ့်မယ်…”
“သူ့အဆုတ်ထဲကို အခိုးအငွေ့တွေ သိပ်အများကြီး မဝင်သွားပေမယ့်… ကာကွယ်ထားတာ ပိုကောင်းပါတယ်… ကျွန်တော် မနက်ဖြန် ဆေးတချို့ ပို့ခိုင်းလိုက်ပါ့မယ်… တစ်နေ့ သုံးကြိမ် သောက်ရပါမယ်… သုံးရက် သောက်ရင် လုံလောက်ပါပြီ…”
လုဖေးဟွမ်က မျက်မှောင်ကို တင်းကျပ်စွာကြုတ်လိုက်ပြီး မျက်လုံးထဲတွင် အလွန်စိုးရိမ်နေသည့် အရိပ်အယောင်များ ပါဝင်နေ၏။
“မင်လန်က ဒီအကြောင်းကို သိလား…”
သမားတော်ကြီးလျိုက ပြောလိုက်သည်။
“သူလည်း ဆေးပညာ နားလည်တာဆိုတော့… သေချာပေါက် သိမှာပါ…”
လုဖေးဟွမ်၏ရင်ထဲတွင် မီးလောင်နေသကဲ့သို့ ခံစားရပြီး ဒေါသလည်းထွက်၊ ရင်လည်းနာနေ၏။
ယောင်ကတော်နှင့် လုယိုချိုက်ကို သွားရောက်ရိုက်နှက်ချင်စိတ်များ ပေါက်နေသဖြင့် နဖူးမှ သွေးကြောများပင် ထောင်တက်လာသည်။
ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေပြီး ရုတ်တရက် ထပ်မေးလိုက်၏။
“သမားတော်ကြီးလျို… ကျွန်တော် ဆေးတစ်မျိုး ထပ်တောင်းချင်သေးတယ်…”
လုဖေးဟွမ်က အိပ်ခန်းထဲသို့ ဝင်သွားသည့်အခါ ချန်မင်က တစ်ဝက်မှိတ်ထားသောမျက်လုံးများကို ဖွင့်ကာ သူ့ကို စူးစိုက်ကြည့်နေသည်။
လုဖေးဟွမ်က ထိုနေရာတွင် အတော်ကြာအောင် ရပ်နေပြီး မျက်လုံးထဲတွင် သနားစိတ်နှင့် မိမိကိုယ်ကိုအပြစ်တင်စိတ်များ ပြည့်နှက်နေ၏။
ထို့ကြောင့် ချန်မင်က သူ့ထံသို့ လက်လှမ်းပြလိုက်ပြီး အက်ကွဲနေဆဲဖြစ်သော အသံဖြင့် ပြောလိုက်သည်။
“ဖေးဟွမ်… ဒီလာ…”
လုဖေးဟွမ်က ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည့်အခါ သူ၏ကျောပြင်တစ်ခုလုံးတွင် ဆေးများ လိမ်းကျံထားသည်ကို တွေ့ရ၏။
ကောင်းမွန်သောအသားအရေ တစ်စက်မျှ မကျန်တော့သည်ကို မြင်သောအခါ သူ မကြည့်ရက်တော့ဘဲ အလောတကြီး မျက်နှာလွှဲလိုက်သည်။
ချန်မင်က တိုးတိုးလေး ရယ်မောလိုက်၏။
“ကျွန်တော် ရုပ်ဆိုးသွားလို့ ရွံသွားတာလား…”
“မင်း လျှောက်မပြောနဲ့!”
လုဖေးဟွမ်က သွားကို တင်းတင်းကြိတ်လိုက်ပြီး မျက်လုံးထဲတွင် အေးစက်စက်အရိပ်အယောင်များ ပါဝင်နေကာ အလွန်ကြောက်စရာကောင်းသည့်ပုံစံ ဖြစ်နေသည်။
ချန်မင်၏မျက်နှာကို သူ သုတ်ပေးခဲ့သော်လည်း သိပ်မသန့်စင်ခဲ့ပေ။
လုဖေးဟွမ်က သူသည် သန့်ရှင်းမှုကို ကြိုက်နှစ်သက်သူဖြစ်ကြောင်း သိသဖြင့် အစေခံကို ရေယူခိုင်းလိုက်၏။
ထို့နောက် သူကိုယ်တိုင် ပဝါဖြင့် သူ၏ကိုယ်ပေါ်ရှိအညစ်အကြေးများကို တစ်ခုချင်းစီ သုတ်သင်ပေးလိုက်သည်။
ထိုအသားများ မီးကျွမ်းနေသောခြေထောက်ကို မြင်လိုက်ရချိန်တွင် စစ်မြေပြင်၌ ရန်သူပေါင်း မြောက်မြားစွာကို သတ်ဖြတ်ခဲ့သောအမျိုးသား၏ရင်ထဲတွင် ပြင်းထန်စွာ တုန်ခါသွား၏။ လက်ချောင်းများပင် အနည်းငယ်တုန်ယင်လာကာ ထိုပဝါကိုပင် မကိုင်နိုင်တော့အောင် ဖြစ်သွားတော့သည်။
ချန်မင်က သူ၏ထူးခြားမှုကို သတိထားမိသွားပြီး လက်လှမ်းကာ သူ၏လက်ကို ကိုင်၍ တိုးတိုးလေး ပြောလိုက်၏။
“ဖေးဟွမ်… ကျွန်တော့်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်…”
လုဖေးဟွမ်မှာ တုတ်ဖြင့် အားပါပါ ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ရင်ထဲတွင် ဖော်ပြ၍ မရနိုင်လောက်အောင် နာကျင်သွားသည်။
သူက ချန်မင်၏ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ကာ မိမိကိုယ်ကိုအပြစ်တင်စိတ်များ ထပ်မံ ထွက်ပေါ်လာခဲ့၏။
သူက တကယ်တော့ ယောင်ကတော်၏ပြဿနာများကို စောစောကတည်းက သိထားခဲ့သော်လည်း ဂရုမစိုက်ခဲ့ခြင်းမှာ အရေးမပါသောကြောင့် ဖြစ်သည်။
ငွေအနည်းငယ်ကို သူ ဂရုမစိုက်သလို ယောင်ကတော်က အစေခံနှင့် ဖောက်ပြန်နေသည်ကိုလည်း သူ ဂရုမစိုက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ချန်ယင်းနှင့် တစ်ကြိမ်ချစ်တင်းနှီးနှောခဲ့ပြီးနောက် ချန်မင်နှင့် မပတ်သက်ခင်အချိန်အထိ သူက အခြားမည်သူ့ကိုမျှ မထိတွေ့ခဲ့ပေ။
နောက်ပိုင်း ဤနှစ်များအတွင်းတွင်လည်း ချန်မင်မှလွဲ၍ အခြားမည်သူနှင့်မျှ ရင်းနှီးသောအထိအတွေ့ မရှိခဲ့ပေ။
သူက တရားသေ တွေးခေါ်တတ်သူမဟုတ်ပေ။ မိမိမပေးစွမ်းနိုင်သောအရာကို အခြားသူ သွားပေးသည်ကိုလည်း သူ ဂရုမစိုက်သောကြောင့် မိမိ၏ဇနီးက အခြားအမျိုးသားတစ်ယောက်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိနေသည်ကိုလည်း မျက်စိတစ်ဖက် မှိတ်ထားပေးခဲ့ခြင်း ဖြစ်၏။
သို့သော် သူ၏ဤကဲ့သို့သောလွှတ်ထားမှုက သူအချစ်ရဆုံးလူကို သေတွင်းထဲသို့ တွန်းပို့သလို ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ၏မျက်နှာပေါ်ရှိ မိမိကိုယ်ကိုအပြစ်တင်နေသည့်အရိပ်အယောင်များက အလွန်သိသာလွန်း၏။
ထို့ကြောင့် ချန်မင်က မိမိစကားမှားသွားကြောင်း ယခုမှသာ သတိထားမိလိုက်ပြီး ရင်ထဲတွင် အလွန်ရှုပ်ထွေးသွားသည်။
သို့သော် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ကာ တိုးတိုးလေး ပြောလိုက်၏။
“ဖေးဟွမ်… ကျွန်တော် နည်းနည်း နာနေတယ်… ခင်ဗျား ကျွန်တော့်ကို မချော့တော့ဘူးလား…”
လုဖေးဟွမ် သတိပြန်ဝင်လာပြီး သူ့ကို စူးစိုက်ကြည့်လိုက်သည်။
ချန်မင်က နူးညံ့သောအပြုံးတစ်ခုကို ပြသလိုက်ပြီး ရှားရှားပါးပါး ချွဲနွဲ့သည့်အရိပ်အယောင်အနည်းငယ်ဖြင့် ပြောလိုက်၏။
“ကျွန်တော့်ကို နမ်းပါဦး…”
Chapter 22 ended