Chapter 26
——
တကယ်ပြောတာ… ဦးဆောင်မယ့်သူ တစ်ယောက်ရှိတာနဲ့တင် ရလဒ်က သိသိသာသာကို ကွာခြားသွားတော့၏။
လူပျိုပေါက် ကောင်လေးတစ်သိုက်က ကျောင်းသားသစ်များကို ပစ္စည်းကူသယ်ပေးရင်း တက်တက်ကြွကြွ လိုက်ပို့ပေးကြရာ အဆောင်သုံးဆောင်လောက် ပတ်ပြီးချိန်တွင်တော့ ကော်ကျင်းယွီတို့အဖွဲ့သည် China Mobile ဖုန်းကတ် အကတ်နှစ်ဆယ်၊ သုံးဆယ်ခန့်နှင့် ကွန်ပျူတာတစ်လုံး ရောင်းလိုက်ရလေ၏။
ဂူယွီမှာ ဘောက်ချာဖြတ်ပေးချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေသဖြင့် လက်များပင် တုန်ယင်နေတော့သည်။
ကော်ကျင်းယွီက ကျောင်းတစ်ကျောင်းတည်းနှင့် ရောင့်ရဲမနေချေ။ ကျောင်းသားသစ်ကြိုဆိုရေး နေရာတွင် ခဏနားကာ ရေသောက်နေသည့် အချိန်လေးအတွင်းမှာပင် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးဌာနမှ လူတစ်ယောက်နှင့် ခင်မင်သွားလေ၏။ ထိုလူနှင့် စကားနှစ်ခွန်းသုံးခွန်းခန့် ပြောပြီးနောက် ဂူယွီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“အစ်ကို… ကျွန်တော် ဌာနမှူးချန်နဲ့ ဘေးနားက စက်မှုတက္ကသိုလ်ဘက် ခဏသွားလိုက်ဦးမယ်… ချက်ချင်း ပြန်လာခဲ့မယ်…”
ဂူယွီက စာရင်းမှတ်လို့ ပြီးရုံရှိသေးသဖြင့် လှည့်ကာ မေးလိုက်၏။
“ငါလည်း မင်းနဲ့ အတူတူ လိုက်ခဲ့ရမလား…”
ကော်ကျင်းယွီက ပြုံးလျက် ဖြေလိုက်သည်။
“မလိုပါဘူး… ခေါ်သွားမယ့်သူ ရှိတယ်… အစ်ကို ဒီဘက်မှာပဲ သေချာကြည့်ထားပြီး… သူတို့ကို စိတ်ဓာတ်ခွန်အားလေး ဘာလေး ပေးလိုက်ဦး…”
“အေးပါ!”
ဂူယွီက ကျောင်းထဲတွင် လူခေါ်ကာ နေ့တစ်ဝက်ခန့် ကျောင်းသားသစ်ကြိုဆိုရေး လုပ်နေခဲ့၏။ သို့သော် ကံကောင်းခြင်းများက မနက်ပိုင်းတွင် ကုန်သွားသည်လားမသိ၊ နေ့လယ်ပိုင်းတွင်မူ လူအများစုက နားထောင်ပြီးနောက် သူ၏ လိပ်စာကတ်ကိုသာ ယူထားကြပြီး နောက်မှ ပြန်ဆက်သွယ်မည်ဟုသာ ပြောကြကာ ချက်ချင်း အော်ဒါမတင်ကြချေ။
ဂူယွီကလည်း စိတ်ဓာတ်မကျပေ။ ကြုံတုန်း ဖုန်းကတ်တွေ အများကြီး ထပ်ရောင်းလိုက်ရသေးသည် မဟုတ်လား။
ညနေစောင်းချိန်သို့ ရောက်သောအခါ ဂူယွီတို့အဖွဲ့ ကျောင်းသားသစ် ကြိုဆိုရေးနေရာသို့ ပြန်လာခဲ့ကြရာ ပေါင်းစပ်ထားသော စားပွဲရှည်ကြီးပေါ်တွင် ရေသန့်ဘူး နှစ်ဖာ တင်ထားသည်ကို တွေ့လိုက်ရ၏။
ဘူးခွံများပေါ်တွင် အေးစက်နေသော ရေပေါက်လေးများ တွယ်ကပ်နေပြီး ကော်ကျင်းယွီက ထိုနေရာတွင် ရပ်ကာ လူအချို့နှင့် ရယ်မောပြောဆိုနေလေသည်။ သူတို့လာသည်ကို မြင်သောအခါ လက်လှမ်းပြကာ ခေါ်လိုက်၏။
“အစ်ကို… လာ… လာ… ခုနက ပြန်အလာ ရေဝယ်လာခဲ့တယ်… အားလုံးပဲ ပင်ပန်းနေကြပြီမလား… ထိုင်ပြီး ခဏနားကြဦး!”
ကော်ကျင်းယွီက ရုပ်ရည်သန့်သန့်၊ အပြုံးချိုချိုနှင့်ဖြစ်ပြီး ပါးစပ်မှလည်း ပင်ပန်းသွားပြီဟု တတွတ်တွတ်ပြောကာ ရေသန့်ဘူးများ ကမ်းပေးရင်း အားလုံးနှင့် ပြုံးရွှင်စွာ စကားပြောနေ၏။
သူက မှတ်ဉာဏ်ကောင်းလှသဖြင့် တစ်ခါသာ မြင်ဖူးသူကိုပင် နာမည်မှတ်မိနေတတ်ရာ မည်သူကမှ သူ့ကို အပြစ်မဆိုရက်ကြချေ။
ဂူယွီ၏ သူငယ်ချင်းများမှာ ဤကောင်လေးကို အလွန်ပင် သဘောကျနေကြတော့သည်။ ထိုင်ခုံ မလောက်သဖြင့် လူတစ်ယောက်က နောက်ပြောင်ကာ ပြောလာ၏။
“ကျင်းယွီ… လာ… အစ်ကို့ပေါင်ပေါ် လာထိုင်!”
ကော်ကျင်းယွီက ငြင်းလိုက်သည်။
“မထိုင်တော့ဘူး… ကျွန်တော် ခုနက အကြာကြီး ထိုင်ထားတာဆိုတော့… မတ်တပ်ရပ်ပြီးပဲ နားလိုက်တော့မယ်…”
သူ၏ ဘေးနားရှိ လူအချို့မှာ စက်မှုတက္ကသိုလ်ဘက်မှ လာကြသူများဖြစ်၏။ ကော်ကျင်းယွီက အစ်ကိုဖြစ်သူထံမှ ကြိုရေးထားသည့် ကြော်ငြာစာရွက်အချို့နှင့် ဘောက်ချာအချို့ကို တောင်းယူကာ ကမ်းပေးရင်း ပြောလိုက်သည်။
“ကျွန်တော်တို့ ကျောင်းမှာ ကွန်ပျူတာဝယ်မယ့်သူ ဒီလောက်များမယ်လို့ မထင်ထားဘူး… ဘောက်ချာတောင် လောက်အောင် မယူလာမိဘူး… ဒီလိုလုပ်… အများကြီးဝယ်တာဆိုတော့… အုပ်စုလိုက်ဝယ်တဲ့ Group Buy ဈေးနဲ့ပဲ တွက်ပေးလိုက်မယ်…”
“အုပ်စုလိုက်ဝယ်တာ…?”
“ဟုတ်တယ်လေ… အုပ်စုလိုက် စုဝယ်တာဆိုတော့… ဈေးပိုသက်သာတာပေါ့… ကျွန်တော် ၅ ရာခိုင်နှုန်း ထပ်လျှော့ပေးလိုက်မယ်!”
စက်မှုတက္ကသိုလ်မှ လူများမှာ အနည်းငယ် အံ့အားသင့် ဝမ်းသာသွားကြ၏။ ဘာပဲဖြစ်ဖြစ် ယွမ်ထောင်ဂဏန်းတန်သည့် ကွန်ပျူတာကို ဤလျှော့ဈေးဖြင့် တွက်လိုက်လျှင် ယွမ်ရာဂဏန်းလောက် သက်သာသွားမည် မဟုတ်လား။
ဘောက်ချာကို ယူလိုက်သူက ထပ်မံ အတည်ပြု မေးမြန်းလာ၏။
“တကယ်ပဲ ဝယ်ပြီး သုံးရက်အတွင်း ပြန်လဲခွင့်၊ ပြန်အမ်းခွင့် ရှိတာလား…”
ကော်ကျင်းယွီက ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေါ့… ဆိုင်က ဟိုမှာ ဖွင့်ထားတာလေ… တစ်ရက်နှစ်ရက်လေး အရောင်းအဝယ် လုပ်တာမှ မဟုတ်တာ… စိတ်ချပါ… နောက်ပြီး တပ်ဆင်ပေးမယ့် ဆရာတွေလည်း အိမ်တိုင်ရာရောက် လာတပ်ပေးမှာ… အဲ့ဒီအချိန်ကျရင် စနစ်ပြန်တင်တဲ့ System ခွေ နည်းနည်းပါ ယူလာခိုင်းပြီး… အစ်ကိုတို့ အပိုထားလို့ရအောင် ပေးခဲ့မယ်လေ…”
မျက်နှာချင်းဆိုင်ရှိ ကောင်လေးက ရယ်မောရင်း ပြောလာ၏။
“ဒါမိုက်တယ်… အဲ့ဒါဆိုလည်း အားမနာတော့ဘူးနော်… ကျင်းယွီ… ကျေးဇူးပဲကွာ!”
“ညီအစ်ကို ကျောင်းတွေပဲဟာကို… ကျွန်တော့်အစ်ကို ပြောတာကြားတယ်… အရင်ကလည်း ဘတ်စကက်ဘောပွဲတွေ အတူတူ ခဏခဏ လုပ်ကြသေးတယ်ဆို… အသေးအမွှား ကိစ္စလေးပါ… အားနာမနေပါနဲ့!”
ကော်ကျင်းယွီက လက်ခါပြလိုက်၏။ ထိုစကားပြောဟန်က သူကိုယ်တိုင်လည်း ဤတက္ကသိုလ်ကျောင်းသားများထဲမှ တစ်ယောက်ဖြစ်နေသည့်အလား အလွန်ပင် ရင်းနှီးဖော်ရွေလွန်းလှ၏။
လူတွေ ထွက်သွားသည်အထိ စောင့်ပြီးမှသာ ဂူယွီက တိတ်တိတ်လေး ကပ်မေးလေသည်။
“ကျင်းယွီ… မင်း ခုနက စက်မှုတက္ကသိုလ်ဘက်မှာ အော်ဒါ ဘယ်နှခု ရခဲ့လဲ…”
“မနည်းစုလိုက်ရတာ… ၁၅ ခုလောက်တော့ ရတယ်…”
“…ဖုန်းကတ်လား…”
“ဘယ်ကသာ… ကွန်ပျူတာပေါ့!”
ဂူယွီ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အက်ကွဲလုမတတ် ဖြစ်သွားပြီး အသံပင် မထွက်နိုင်တော့လောက်အောင် အံ့ဩသွားကာ မေးလေ၏။
“တ… တကယ်လား…!”
ကော်ကျင်းယွီမှာ သဘောကျသွားပြီး ပြန်ဖြေသည်။
“တကယ်ပေါ့… ဟိုဘက်မှာက ကျောင်းသားသစ် နည်းတယ်… သူတို့ရဲ့ ကျောင်းသားသစ်ကြိုဆိုရေး နေရာကို တစ်ပတ်လောက် လျှောက်ကြည့်လိုက်တာ… ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား တော်တော်များများက ဝယ်ချင်နေကြတာ… ဒီနေ့တော့ နည်းနည်း နည်းကောင်းနည်းလိမ့်မယ်… ဒါပေမဲ့ သူတို့နဲ့ သေချာပြောထားခဲ့တယ်… နောက်ရက်တွေ ကျောင်းဖွင့်လို့ လူများလာရင်… ကျွန်တော်တို့အတွက် ကူပြီး ကြော်ငြာပေးကြလိမ့်မယ်…”
ဂူယွီမှာ မယုံနိုင်သေးသည့် ရုပ်ပေါက်နေဆဲပင်။
ကော်ကျင်းယွီက လက်ထဲရှိ ရေသန့်ကို အကုန်သောက်လိုက်ပြီး ဘူးခွံကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ကာ မေးလိုက်၏။
“အစ်ကို… လက်ထဲမှာ ပိုက်ဆံပါလား…”
ဂူယွီက အိတ်ကပ်ထဲရှိ ပိုက်ဆံများကို ချက်ချင်း ထုတ်ပေးလိုက်ရာ အကြွေစေ့များပါ ပေါင်းလိုက်လျှင် ယွမ်တစ်ရာကျော်ခန့် ရှိလေသည်။
ကော်ကျင်းယွီက ရယ်လျက် ပြောလိုက်၏။
“ကျွန်တော့်ကို ပေးပြီး ဘာလုပ်မလို့လဲ… ကျွန်တော်က အစ်ကို့ကို ပိုက်ဆံ ကြိုပြင်ထားခိုင်းတာ… ခဏနေ အလုပ်သိမ်းရင်… အားလုံးနဲ့ ရင်းနှီးမှုရအောင် သွားလုပ်လိုက်ဦးလို့…”
ဂူယွီက ငတုံးလေးလို ပြန်ပြောသည်။
“ငါတို့က ညီအစ်ကိုတွေလို ခင်တာလေ… လက်ဆောင်ပေးစရာ မလိုပါဘူး…”
ကော်ကျင်းယွီက ဆို၏။
“ကျွန်တော့်တို့ တရုတ်လူမျိုးတွေရဲ့ သံယောဇဉ်က ဒီလောက်လေးနဲ့ ပြီးစလွယ် လုပ်လို့ရမလား… ဒီပိုက်ဆံကို ယူသွားပြီး… နီးစပ်ရာ စားသောက်ဆိုင်လေး တစ်ဆိုင်မှာ ထမင်းတစ်ဝိုင်းလောက် သွားမှာထားလိုက်… အကုန်လုံး စုပြီး ထမင်းအတူတူ သွားစားကြတာပေါ့…”
ဂူယွီက စကားနားထောင်သူပီပီ သူပြောသည့်အတိုင်း သွားလုပ်လေတော့သည်။
တကယ်ပြောရမည်ဆိုလျှင် အစားအသောက် မျှဝေစားသောက်ခြင်းက ဆက်ဆံရေးကို ပိုမိုရင်းနှီးစေရန် အလွယ်ကူဆုံး နည်းလမ်းပင်။
ထမင်းတစ်နပ် စားပြီးချိန်တွင် ဂူယွီမှာ သူတို့ ညီအစ်ကိုတစ်သိုက်၏ သံယောဇဉ်များ ပိုမို ခိုင်မာလာသည်ဟု ခံစားလိုက်ရ၏။
ထမင်းစားနေစဉ်အတွင်း ကော်ကျင်းယွီက ကပျာကယာ သုံးလေးလုတ်ခန့်သာ စားလိုက်ပြီးနောက် ဖုန်းကိုသာ အမြဲတမ်း ငုံ့ကြည့်နေကာ ဖုန်းတစ်ခု သွားဖြေလိုက်သေးသည်။
အပြန်လမ်းရောက်ချိန်တွင် ဂူယွီက သူ ကားပေါ်တွင် ဖုန်းပြောနေသည်ကို ကြားလိုက်ရ၏။
သူ၏ အသံက အလွန် စိတ်ရှည်သည်းခံနေသည့်ပုံစံ ပေါက်နေသဖြင့် အစပိုင်းတွင် ကောင်မလေးတစ်ယောက်က ခေါ်သည်ဟု ထင်လိုက်မိသော်လည်း နောက်ပိုင်းတွင်တော့ မဟုတ်မှန်း သဘောပေါက်သွား၏။ အကြောင်းမှာ ညီဖြစ်သူကလည်း ချွဲနွဲ့နေသည်ကို ကြားလိုက်ရသောကြောင့်ပင်။
ဘယ်က ရည်းစားတွေကများ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချွဲနေကြမှာလဲ။
“…တကယ်ပြောတာ… အရမ်းကို ပင်ပန်းနေတာ… ငါလျှောက်လာရတာ စနီကာဖိနပ်တောင် ကျွတ်ထွက်တော့မယ်… ဟုတ်ပါတယ်… အိမ်စာလုပ်ဖို့က ခြေထောက် မလိုပါဘူး… ဒါပေမဲ့ ငါက ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေပြီလေ… အဲ့ဒါကိုတောင် မင်းက စာလုပ်ဖို့ တိုက်တွန်းနေသေးတာလား…”
ကော်ကျင်းယွီက အင်္ကျီကော်လာကို ဆွဲဟကာ ယပ်ခတ်နေရင်း ပြောလေ၏။ နေ့ခင်းက ဦးဆောင်သူတစ်ယောက်၏ ပုံစံမျိုး လုံးဝ မရှိတော့ဘဲ အသံကို တမင်တကာ အားလျော့နေသည့်ပုံစံ လုပ်ကာ ပြောလိုက်သည်။
“ငါသာ နေမကောင်းဖြစ်သွားရင်… မင်းကို လာပြုစုခိုင်းမှာနော်…”
ဖုန်းဟိုဘက်မှ ခပ်ဩဩ ရယ်သံလေး ထွက်လာ၏။
“မင်းကိုယ်မင်း ဧကရာဇ်ကြီးများ မှတ်နေလား…”
ကော်ကျင်းယွီက မဆုတ်မနစ် ပြန်ပြောလိုက်သည်။
“ငါတို့ ၈၀ ခုနှစ်အလွန် မျိုးဆက်… တစ်ဦးတည်းသော ကလေးတွေဆိုတာ… သတင်းစာ၊ ဂျာနယ် မျက်နှာဖုံးတွေမှာ တရားဝင် သတ်မှတ်ခံထားရတဲ့ ‘ဧကရာဇ်ပေါက်စလေးတွေ’ ကွ!”
ဂူယွီမှာ အရှေ့မှနေ၍ နားထောင်ရင်း သဘောကျသွားကာ ဖူးခနဲ ရယ်ချလိုက်မိ၏။
ကော်ကျင်းယွီက ဟိုဘက်မှ လူနှင့် စကားနှစ်ခွန်း သုံးခွန်းခန့် ဆက်ပြောပြီးနောက် ဖုန်းချလိုက်လေသည်။
ဂူယွီက အလျင်စလို မေးလိုက်၏။
“ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ…”
“လီထုန်ကျိုးလေ… ကျွန်တော့်ကို စာလုပ်ဖို့ လာဆော်ဩနေတာ…”
“တော်တော် ကောင်းတာပဲ… မင်းသူငယ်ချင်းက တကယ် မိုက်တယ်… အဒေါ် သဘောအကျဆုံး စာတော်တဲ့ ကျောင်းသားပုံစံနဲ့ အတိအကျပဲ… အခုတောင် အဝေးကနေ ထိန်းချုပ်နေပြီ!”
ကော်ကျင်းယွီက ဤဘက်တွင် ဆယ်ရက်ခန့် နေထိုင်ခဲ့ပြီး စဉ်းစားမိသမျှကို အတတ်နိုင်ဆုံး စီစဉ်ပေးခဲ့၏။
ဂူယွီကိုလည်း သင်ပြပေးခဲ့ရာ အတွေ့အကြုံမရှိသေးသည့် လူသစ်လေး ဂူယွီမှာ တဖြည်းဖြည်းနှင့် အသားကျလာတော့သည်။
ဂူယွီက အနည်းငယ် ရှက်တတ်ပြီး အနေအေးသော်လည်း ဦးလေးဂူထံမှ စီးပွားရေးအမြင် အနည်းငယ်တော့ အမွေရထားသဖြင့် ရက်အနည်းငယ် အကြာတွင်တော့ လုပ်တတ်ကိုင်တတ်လာတော့၏။
Chapter 26 ended