⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 25

Chapter 25

 

—-

 

တခြားဟာတွေ ပြောမနေနဲ့တော့၊ လက်ရှိမှာ သူ ပန်းချီဆွဲရောင်းရင်တောင် လီထုန်ကျိုးကို ကောင်းကောင်း လုပ်ကျွေးထားနိုင်ပြီဖြစ်၏။

 

ကော်ကျင်းယွီက နာရီကို ကြည့်လိုက်ပြီး အစ်ကိုဝမ်းကွဲဖြစ်သူနှင့် ဆက်မပြောတော့ဘဲ အိပ်တော့မည်ဟု အတင်းလုပ်နေ၏။ ဂူယွီမှာ ပြောလို့မဝသေးသဖြင့် သူ့ကို တံခါးပေါက်အထိ လိုက်ပို့ရင်း ခပ်တိုးတိုး မေးလာသည်။

 

“ခုမှ ၁၁ နာရီကျော်ပဲ ရှိသေးတာကို… အရင်က မင်းလာတိုင်း ငါနဲ့ မိုးလင်းပေါက် ဂိမ်းဆော့ကြတာ မဟုတ်ဘူးလား…”

 

ကော်ကျင်းယွီက ပြုံးလျက် ဖြေလိုက်၏။

 

“အရင်ကနဲ့ ဘယ်တူတော့မလဲ… ကျွန်တော်က အခု လူကြီးဖြစ်နေပြီလေ…”

 

သူက အစ်ကိုဖြစ်သူကို လက်ပြနှုတ်ဆက်လိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားလေ၏။

 

အခန်းထဲတွင်တော့ လီထုန်ကျိုးက အိပ်ပျော်နေချေပြီ။

 

ကော်ကျင်းယွီက ခြေသံလက်သံကို တိတ်တိတ်လေးလုပ်ကာ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် ကုတင်ပေါ်တက်လှဲလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသော်ငြား ချက်ချင်းပင် ပြန်လည် ဝမ်းသာလာတော့၏။

 

သူနှင့် လီထုန်ကျိုး အခုလို အနီးကပ်ဆုံး ရှိနေရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ တစ်ဖက်လူ၏ ဘေးတွင် လှဲနေရုံမျှဖြင့် နောင်လာမည့် နေ့ရက်များကို မနေနိုင်မထိုင်နိုင် စိတ်ကူးယဉ်နေမိတော့သည်။

 

သူတို့က ဒီဇိုင်းတူ ခေါင်းအုံးတွေ ဝယ်ကြမည်၊ စောင်လေးတစ်ထည်ကို အတူတူခြုံကြမည်၊ ညဘက် လီထုန်ကျိုး စောင်ကန်ချလိုက်လျှင် သူက ဂရုတစိုက်ဖြင့် သေချာပြန်ခြုံပေးမည်…

 

ကော်ကျင်းယွီမှာ တွေးရင်းတွေးရင်းဖြင့် တဖြည်းဖြည်း အိပ်မောကျသွားလေတော့၏။

 

အိပ်ရာမဝင်ခင်က တွေးထားသည်များက လှပလွန်း၍လားမသိ၊ ညဘက် အိပ်မက်ကလည်း အလွန်ပင် ချိုမြိန်နေ၏။

 

သူက လီထုန်ကျိုးနှင့် လက်ချင်းချိတ်ကာ အိမ်ထောင်ပရိဘောဂများကို သွားရွေးနေသည်ဟု အိပ်မက်မက်နေလေသည်။

 

သူတို့က ထိုင်ခုံနှစ်လုံးကို ပိုရွေးလိုက်ပြီး လီထုန်ကျိုးက နောက်ပိုင်း သူငယ်ချင်းတွေလာလည်လျှင် ထိုင်လို့ရအောင်ဟု ပြောလာသဖြင့် ကော်ကျင်းယွီက စကားနှစ်ခွန်းမပြောဘဲ ချက်ချင်း သယ်လာခဲ့၏။

 

သို့သော် အိမ်သို့ရောက်ချိန်တွင် ထိုထိုင်ခုံများက အိမ်ရှိ အခြားအလှဆင်ထားမှုများနှင့် သိပ်မလိုက်ဖက်ကြောင်း တွေ့လိုက်ရသဖြင့် အလှဆင်ရန် တစ်ခုခု ဆွဲဖို့ စဉ်းစားနေစဉ်မှာပင် လီထုန်ကျိုးက သူ၏ အင်္ကျီလက်ကို ခပ်ဖွဖွလေး ဆွဲလိုက်လေသည်။

 

ကော်ကျင်းယွီက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ချိန်တွင် လီထုန်ကျိုးက သူ့အနားသို့ တိုးကပ်လာကာ စောင်ပါးလေးကို လာခြုံပေးနေသည်ကို မြင်လိုက်ရ၏။

 

သူက ခပ်ဟဟ ရယ်လိုက်ပြီး နှာသံလေးဖြင့် မေးလိုက်သည်။

 

“ဒီလောက်အစောကြီး နိုးနေပြီလား…”

 

လီထုန်ကျိုးက လှုပ်ရှားမှုကို ခပ်ဖွဖွလေးလုပ်လိုက်ပြီး ဖြေ၏။

 

“အင်း… ခုလေးတင် ထတာ…”

 

ကော်ကျင်းယွီက သမ်းဝေလိုက်ပြီး ထထိုင်လိုက်ချိန်မှသာ သူက လီထုန်ကျိုး၏ စောင်ကို ဆွဲယူကာ ခြုံထားပြီး သူ၏ စောင်ကတော့ တစ်ဝက်ခန့် ကြမ်းပြင်ပေါ် ပြုတ်ကျနေသည်ကို တွေ့လိုက်ရ၏။

 

ခုနက လီထုန်ကျိုး သူ့ကို ခြုံပေးနေသည်မှာ ထိုကျနေသည့် စောင်ပင်။ သူက ပါးကို ကုတ်လိုက်ပြီး အနည်းငယ် အားနာစွာဖြင့် မေးလိုက်သည်။

 

“မနေ့ညက ငါ မင်းစောင်ကို လုခြုံထားတာလား… နောက်တစ်ခါဆို ငါ့ကိုသာ တွန်းဖယ်ပစ်လိုက်ပါ… အအေးမပတ်ဘူးမလား…”

 

သူပြောလိုက်သည့် မည်သည့်စကားက လီထုန်ကျိုးကို သဘောကျသွားစေမှန်း မသိရသော်ငြား လီထုန်ကျိုးကမူ ကုတင်ဘေးတွင် ထိုင်ရင်း ခေါင်းခါပြလိုက်ကာ မျက်လုံးများထဲ၌ ကြည်လင်သော အပြုံးရိပ်လေးများ ကိန်းအောင်းနေလေ၏။

 

ကော်ကျင်းယွီက သူ့ကို လက်ဖက်ရွက်ခူးရန် ခေါ်သွားမည့်ကိစ္စကို မှတ်မိနေသေးသဖြင့် အိပ်ရာမှထကာ မျက်နှာသစ်၊ အဝတ်အစားလဲပြီးနောက် နှစ်ယောက်သား လက်ဖက်ခြံသို့ အတူထွက်လာခဲ့ကြသည်။

 

အဘွားဂူက သူတို့အတွက် ခြင်းတောင်းငယ်လေးများ ပြင်ဆင်ပေးထားသည်။

 

ကော်ကျင်းယွီက ခြင်းတောင်းကို ကျောတွင် ကန့်လန့်ဖြတ် လွယ်ထားပြီး လယ်ကန်သင်းရိုးပေါ်တွင် လျှောက်နေသည်မှာ အလွန်အမိုက်စား ဖြစ်လျက် နိုင်ငံတကာ မော်ဒယ်တစ်ယောက် လမ်းလျှောက်နေသည့်အလား အရှိန်အဝါများ ထွက်နေတော့၏။

 

လီထုန်ကျိုးကမူ အနောက်မှ လိုက်လာရင်း လက်ဖက်ရွက် ဘယ်လိုခူးရမည်ဆိုသည်ကို သူရှင်းပြနေသည်ကို နားထောင်လာခဲ့သည်။

 

တောင်ပိုင်းရှိ လက်ဖက်ခြံများနှင့် မတူဘဲ ဤနေရာရှိ မြေမျက်နှာပြင်မှာ ညီညာပြန့်ပြူးနေပြီး လက်ဖက်ပင်များက လူတစ်ဝက်ခန့် အရပ်ရှိပြီး စိမ်းလန်းစိုပြည်နေကြ၏။ ပြီးခဲ့သည့်ရက်များက မိုးရွာထားသဖြင့် လက်ဖက်ရွက်များမှာ ရေဆေးချထားသည့်အလား စိမ်းဖန့်ကာ အရောင်လက်နေလေသည်။

 

ကော်ကျင်းယွီက ရှင်းပြလိုက်၏။

 

“အပေါ်ဆုံးက အချွန်လေး တစ်ရွက်နှစ်ရွက်လောက် ခူးရင် ရပြီ… ကျန်တဲ့ အရွက်တွေက အကြီးကြီးတွေဆိုပေမယ့် နည်းနည်း ခါးတယ်… အခုက အချိန်သိပ်မကောင်းဘူး… နွေလက်ဖက်က နွေဦးလက်ဖက်လောက် အရသာ မကောင်းဘူးလေ…”

 

လီထုန်ကျိုးမှာ နားမလည်သဖြင့် မေးလာ၏။

 

“အခုချိန်ဆို ခူးလို့ မရဘူးလား…”

 

ကော်ကျင်းယွီက ရယ်လျက် ဖြေလိုက်သည်။

 

“ရာသီဥတု လေးပါးစလုံး ခူးလို့ရပါတယ်… မကြောက်ပါနဲ့… ဘာမှမဖြစ်ပါဘူး… လက်ဖက်က ရာသီလေးခု ခွဲထားတာမှာ နွေဦးလက်ဖက်နဲ့ ဆောင်းဦးလက်ဖက်က ပိုသောက်လို့ကောင်းတာ… နောက်ပိုင်း ငါတို့ အားတဲ့အချိန်ကျရင် နွေဦးပေါက်မှာလည်း လာကြတာပေါ့… ဒီမှာ ရက်နည်းနည်းလောက်နေပြီး ချက်ချင်းခူး၊ ချက်ချင်းလှော်၊ ချက်ချင်းသောက်ရတဲ့ အရသာကမှ တကယ်လန်းတာ…!”

 

လီထုန်ကျိုးက အံ့ဩစွာ မေးလိုက်၏။

 

“မင်းက လက်ဖက်လှော်တတ်တယ်လား…!”

 

ကော်ကျင်းယွီက သဘောကျသွားပြီး ဆိုသည်။

 

“ဒါပေါ့ မလှော်တတ်ဘူးပေါ့… အကုန်လုံးက ခူးပြီးရင် မြို့ထဲကို ပို့ကြတာလေ… အခုက စက်တွေနဲ့ပဲ လှော်ကြတာ… လူတွေလုပ်တာထက် အများကြီး ပိုသေချာပြီး မြန်လည်း ပိုမြန်တယ်…”

 

သူတို့နှစ်ယောက် ခြင်းတောင်း တစ်ဝက်ခန့်သာ ခူးရသေးချိန်တွင် ကော်ကျင်းယွီမှာ ပျင်းလာသဖြင့် အလုပ်ဆက်မလုပ်တော့ဘဲ လီထုန်ကျိုးကို ဆွဲကာ တောင်တက်ရန် ထွက်သွားလေတော့၏။

 

ဤနေရာတစ်ဝိုက်ရှိ တောင်ကုန်းလေးများမှာ အလွန်ပင် သာယာလှပပြီး တက်ရသည်မှာလည်း သိပ်မပင်ပန်းလှချေ။

 

ကော်ကျင်းယွီက လီထုန်ကျိုးကို ဆွဲ၍ လမ်းကျဉ်းလေးအတိုင်း တက်သွားရာ အစပိုင်းတွင် ကျောက်လှေကားထစ် အနည်းငယ် ရှိနေသော်လည်း နောက်ပိုင်းတွင် လူတွေနင်းထားသဖြင့် ဖြစ်ပေါ်လာသော လမ်းလေးများသာ ဖြစ်သွား၏။

 

တောင်ထိပ်သို့ ရောက်သောအခါ သစ်ပင်ရိပ်တစ်ခုကို ရှာ၍ ချောမွေ့နေသော ကျောက်တုံးပေါ်တွင် အတူထိုင်ကာ သူတို့ လလာခဲ့သည့် နေရာသို့ ပြန်လည်ငေးကြည့်လိုက်ကြသည်။

 

ထိုအခါမှသာ ဧကပေါင်းများစွာ ကျယ်ဝန်းလှသော လက်ဖက်ခြံကြီးများကို သပ်သပ်ရပ်ရပ် စိုက်ပျိုးထားသည်မှာ အစိမ်းရောင် စစ်တုရင်ကွက်လေးများအလား ထင်မှတ်ရကြောင်း တွေ့လိုက်ရတော့၏။

 

ခေါင်းပေါ်ရှိ သစ်ကိုင်းဖျားမှ ငှက်လေးများ၏ အော်သံက ကြည်လင်ပြတ်သားနေပြီး နှာခေါင်းဝတွင်လည်း သစ်ပင်များနှင့် မြေကြီး၏ရနံ့များကို ရနေ၏။

 

မြက်ခင်းစိမ်းရနံ့လေးနှင့် ဆင်တူသော်လည်း ထိုအရာထက် ပို၍ မွှေးပျံ့နေကာ တစ်ကိုယ်လုံးရှိ စိတ်အာရုံများ၊ နှလုံးသားများ အားလုံး ပွင့်လင်းသွားသည့်အလား ခံစားလိုက်ရသည်။

 

ကော်ကျင်းယွီက လက်ကို ဓာတ်ပုံဘောင်လေးပုံစံ လုပ်လိုက်ပြီး ကိုယ်နှစ်သက်သည့် ရှုခင်းများကို လိုက်ရှာနေကာ နောက်ဆုံးတွင် လီထုန်ကျိုး၏ ဘေးတိုက်မျက်နှာလေးကိုပါ ထိုဘောင်လေးထဲသို့ ထည့်သွင်းလိုက်ပြီးမှသာ ကျေနပ်စွာ ပြုံးလိုက်၏။

 

“တကယ် လှတာပဲ…”

 

လီထုန်ကျိုးက သူ့ကို လှည့်ကြည့်လိုက်ပြီး ဘောင်လုပ်ထားသည့် လက်ကို ဆွဲချလိုက်ကာ ပြောလာသည်။

 

“မဆော့နဲ့…”

 

သူက ပြောသာပြောလိုက်သော်လည်း လွှတ်မပေးခဲ့ချေ။

 

ကော်ကျင်းယွီကလည်း အလောတကြီး ရုန်းမထွက်ဘဲ လက်ကို ဖြည်းဖြည်းချင်း လှည့်ကာ လီထုန်ကျိုး၏ လက်နှင့် ဆုပ်ကိုင်ထားလိုက်တော့၏။

 

ကော်ကျင်းယွီက ပြောလာသည်။

 

“ငါ မနေ့ညက အိပ်မက်တစ်ခု မက်တယ်… အရမ်းကောင်းတဲ့ ကိစ္စလေးတစ်ခုကို မက်တာ…”

 

လီထုန်ကျိုးက တစ်ခဏမျှကြာမှ မေးလာသည်။

 

“ဘာအကြောင်းလဲ…”

 

ကော်ကျင်းယွီက ဤတစ်ကြိမ်တွင် ခေါင်းခါပြလိုက်ပြီး ဖွင့်မပြောတော့ဘဲ ပြုံးလျက်သာ ဆို၏။

 

“လျှို့ဝှက်ချက်!”

 

သူတို့ တောင်ပေါ်တွင် ခဏမျှ နေပြီးနောက် အေးအေးလူလူပင် တောင်အောက်သို့ ဆင်းကာ အိမ်ပြန်လာခဲ့ကြသည်။

 

အဘွားဂူက သူတို့၏ လက်ဖက်ရွက်များကို ယူကာ လှော်ရန် ပို့ပေးလိုက်၏။ အသိတွေ ဖြစ်နေသဖြင့် အတော်လေး မြန်ဆန်ကာ မနက်ခင်း တစ်ပိုင်းအတွင်းမှာပင် လှော်ပြီးသွားသဖြင့် ပြန်ပို့ပေးလာသည်။

 

လီထုန်ကျိုးက နေ့လယ်ပိုင်းတွင် ပြန်ရမည်ဖြစ်၍ ဤနေရာတွင် အကြာကြီး ဆက်မနေတော့ချေ။ အဘွားဂူက သူ့ကို အိမ်ရှိ လက်ဖက်ခြောက်ဘူးကြီး အချို့ကို ထည့်ပေးလိုက်ရင်း ပြော၏။

 

“ယူသွားလိုက်ကွယ်… အကုန်လုံးက ဒီနှစ်မှ ခူးထားတဲ့ နွေဦးလက်ဖက်တွေချည်းပဲ… လတ်ဆတ်နေသေးတယ်… အိမ်ပြန်ရောက်ရင် မိသားစုတွေကိုလည်း တိုက်လိုက်ဦး…”

 

သက်ကြီးရွယ်အိုက ပေးကမ်းသည်ဖြစ်၍ ငြင်းဆန်ရန် မသင့်တော်သဖြင့် လီထုန်ကျိုးက လှမ်းယူ၍ လေးလေးစားစား ကျေးဇူးတင်စကား ပြောလိုက်ရာ အဘွားဂူမှာ သူ့ကို ပို၍ပင် သဘောကျသွားတော့၏။

 

ကော်အဖေနှင့် ကော်အမေမှာ အလုပ်ဆင်းရဦးမည်ဖြစ်၍ ကွန်ပျူတာဝယ်ပြီးသည်နှင့် ပြန်ကြရမည်ဖြစ်သည်။

 

ကော်ကျင်းယွီက အဘွားအိုကို အဖော်လုပ်ပေးရန် အကြောင်းပြကာ ကျန်ရစ်ခဲ့ချင်သဖြင့် ကော်အမေမှာလည်း မတတ်နိုင်တော့ဘဲ ခေါင်းညိတ် သဘောတူလိုက်ရ၏။

 

သို့သော် ဤနေရာတွင် ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် အကြာကြီး ထပ်မံ မှာကြားနေသေးသည်။

 

လီထုန်ကျိုးက ကားဖြင့် အတူပြန်သွားလေ၏။ သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကော်ကျင်းယွီက အင်္ကျီလက်ကို ပင့်တင်ကာ ဂူယွီကို သွားရှာတော့သည်။

 

“အစ်ကို… သွားမယ်… အခုပဲ စလိုက်ကြစို့… ကျွန်တော် တစ်မိနစ်လေးတောင် ဆက်မစောင့်နိုင်တော့ဘူး!”

 

ဂူယွီမှာ အလွန်အမင်း ဝမ်းသာသွားပြီး အော်လေတော့၏။

 

“ငါ ကားတောင် အဆင်သင့် ပြင်ထားပြီးပြီ… မင်းရဲ့ ဒီစကားကိုပဲ စောင့်နေတာ!”

 

——-

 

ကော်ကျင်းယွီက ကျန်ရစ်ခဲ့ပြီး အစ်ကိုဖြစ်သူနှင့်အတူ တက္ကသိုလ်မြို့တော်ဘက်သို့ ရက်အနည်းငယ်ကြာအောင် ပြေးလွှားနေခဲ့၏။

 

ကျောင်းဖွင့်ချိန် အများစုမှာ စက်တင်ဘာလဆန်းပိုင်းတွင် သတ်မှတ်ထားသဖြင့် ဩဂုတ်လကုန်ပိုင်းတွင် ကျောင်းပြန်လာသူ အများဆုံးဖြစ်သည်။

 

ကြိုတင်ရောက်ရှိလာသော ကျောင်းသားသစ် အများအပြားမှာ မိဘများ၏ လိုက်ပါပို့ဆောင်မှုဖြင့် အထုပ်အပိုးကြီးငယ်များကို သယ်ဆောင်ကာ ကျောင်းသို့ သွားနေကြလေသည်။

 

ဂူယွီက ဒုတိယနှစ် တက်ရောက်နေသူဖြစ်ပြီး ကျောင်းသားသမဂ္ဂတွင် ကျင်လည်ခဲ့သည်မှာ အတန်ကြာပြီဖြစ်ရာ မိမိကျောင်းမှ ကျောင်းသားသစ် ကြိုဆိုရေးအဖွဲ့ဝင် အတော်များများကို သိကျွမ်းလေ၏။

 

ကော်ကျင်းယွီက သူ့နောက်သို့ လိုက်သွားရာ မနက်ခင်း တစ်ပိုင်းအတွင်းမှာပင် ‘လျှာပေါ်ဓားတင် စကားပြောကောင်းခြင်း’ ဆိုသည်မှာ မည်သို့သောအရာဖြစ်ကြောင်း ဂူယွီကို အသေအချာ သိမြင်သွားစေတော့သည်။

 

စကားလုံး တူညီသော်ငြား ဂူယွီက ပြောလျှင် အကူအညီတောင်းရသည့်အတွက် အားနာနေသည့်ပုံစံ ပေါက်နေသော်လည်း ကော်ကျင်းယွီထံမှ ထွက်လာချိန်တွင်မူ တစ်ဖက်လူများက အခွင့်အရေးကြီးတစ်ခု ရလိုက်သည့်အလား မျက်နှာများ အရောင်လက်သွားကာ ကော်ကျင်းယွီ နောက်သို့ တစ်ကောက်ကောက် လိုက်၍ အလုပ်လုပ်ပေးကြတော့၏။

 

 

Chapter 25 ended

 

 

 

 

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset