Chapter 28
—–
ကော်ကျင်းယွီက ရက်အနည်းငယ် ကြိုပြန်ရောက်လာသော်လည်း လီထုန်ကျိုးကို မတွေ့ရသေးဘဲ ကော်အမေ၏ အိမ်တွင် ဖမ်းချုပ်ကာ စာလုပ်ခိုင်းခြင်းကိုသာ ခံနေရ၏။
ဘယ်ဘက်နားထဲတွင် အမေဖြစ်သူ၏ တတွတ်တွတ် ဆူပူသံများရှိနေပြီး ညာဘက်နားထဲတွင်တော့ ကျူရှင်ဆရာ၏ ရူးသွပ်မတတ် စာသင်ပြနေသံများဖြင့် ပြည့်နှက်နေရာ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် တိုက်ခိုက်ခံနေရသည့်အလားပင်။
ကော်ကျင်းယွီက နားကို ကလော်လိုက်ပြီး ပြတ်ပြတ်သားသားပင် ပြောလိုက်၏။
“ဆရာလေး… ကျွန်တော် စာမကျက်ချင်တော့ဘူး… သင်္ချာပုစ္ဆာပဲ တွက်ပြပေးပါတော့…”
ကျူရှင်ဆရာက သူ ဤမျှ ပူးပေါင်းဆောင်ရွက်လာမည်ဟု ထင်မထားခဲ့သဖြင့် ချက်ချင်း ချီးကျူးလေတော့သည်။
“ဟုတ်တယ်… ဟုတ်တယ်… မေဂျာဘာသာရပ်ကို သင်တာ မမှားဘူး… ဆရာ ဒီဂျီဩမေတြီ ပုစ္ဆာကို ရှင်းပြမယ်…”
ကော်ကျင်းယွီမှာ အချိန်အတော်ကြာ နားထောင်ပြီးနောက် ခေါင်းပင် ကြီးသွားသလို ခံစားလိုက်ရပြီး ပုစ္ဆာအချို့ကို ဖြစ်သလို နားလည်သွားကာ အင်္ဂလိပ်စာကို ပြောင်း၍ လေ့လာလိုက်ပြန်၏။
ကျူရှင်ဆရာမှာ သူ၏ အသံထွက်ကို ကြားပြီး ကြက်သေ သေသွားတော့သည်။ မိမိရှေ့ရှိ ကျောင်းသား၏ အသံထွက်က သူ့ထက်ပင် ပို၍ ကောင်းမွန်နေသည် မဟုတ်လား!
ဤသည်ကပင် ကော်ကျင်းယွီ တမင်တကာ ထိန်းချုပ်ထား၍ ရလာသော ရလဒ်ဖြစ်လေ၏။
အရင်တုန်းက သူက နိုင်ငံခြားတွင် နှစ်နှစ်ခန့် နေခဲ့ဖူးသည် မဟုတ်လား။
နိုင်ငံခြားသို့ ရောက်ပြီးနောက် အခြားကျောင်းသားများနည်းတူ ပထမဆုံး သင်ယူရသည်မှာ ဈေးဝယ်ဟင်းချက်ခြင်းဖြစ်ပြီး ဘာသာစကားကိုလည်း စူပါမားကတ်များနှင့် အချိန်ပိုင်းအလုပ်လုပ်သည့် နေရာများတွင် လေ့ကျင့်ခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် အသိုင်းအဝိုင်းကလည်း မတူညီပေ။ ထိုစဉ်က သူနှင့် အခန်းတူနေသည့် ကောင်လေးမှာ ဒေသခံတစ်ယောက်ဖြစ်ပြီး သူ့ဟင်းချက်လက်ရာကို သဘောကျလွန်းသဖြင့် ဘယ်သွားသွား သူ့ကို အတင်းဆွဲခေါ်သွားတတ်၏။
ထိုသို့ဖြင့် လှုပ်ရှားမှုများတွင် ပါဝင်ရတာ များလာပြီး လူတွေနှင့် တွေ့လျှင် စကားပြောရသဖြင့် အင်္ဂလိပ်စာ မကောင်းချင်လျှင်တောင် ခက်ခဲလှပေသည်။
သို့သော် ကော်ကျင်းယွီက အကွက်ချန်ထားသေး၏။
ယခင်က သူသည် စာညံ့သဖြင့် အနုပညာကို သွားရောက်သင်ယူခဲ့ခြင်းဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ ပန်းချီကို တကယ် ဝါသနာပါ၍ သင်ယူချင်ခြင်းဖြစ်သည်။
အကယ်၍ သူ၏ အမှတ်များ ရုတ်တရက် ကောင်းလာပါက သူ၏ မိဘများက သူ့ကို အနုပညာတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ဆက်ဖြေခွင့်ပေးမည် မဟုတ်သည်မှာ သေချာလှသည်။
လူတိုင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်တပ်ကြီးတစ်ခုလုံး သစ်လုံးတံတားလေးတစ်ခုပေါ် ဖြတ်လျှောက်ရသလိုဟု တင်စားတတ်ကြပြီး အနုပညာဝင်ခွင့်စာမေးပွဲကတော့ ပို၍ပင် ဆိုးရွားလှကာ သံမဏိကြိုးပေါ် လမ်းလျှောက်ရသလိုဖြစ်ပြီး နည်းနည်းလေး ချော်သွားသည်နှင့် အကုန်လုံး ပျက်စီးသွားနိုင်လေသည်။
သာမန်မိသားစုများအနေဖြင့် မျှော်လင့်ချက် ရောင်ခြည်လေး တစ်မျှင်အတွက် မဟုတ်လျှင် ကိုယ့်ကလေးကို ထိုသို့သော ဒုက္ခမျိုး ဘယ်သူက ခံစားစေရက်မည်နည်း။
ကော်ကျင်းယွီက မိမိမိဘများ၏ ပင်ပန်းခက်ခဲမှုကို တွေးကာ စိတ်မကောင်းဖြစ်နေစဉ် အနုပညာတက္ကသိုလ်တွင် ခင်မင်ခဲ့ရသော ညီအစ်ကိုများကို သတိရသွားမိ၏။
ထိုငရှုပ်လေးများ၏ ဘဝက သူနှင့် လုံးဝကို ကွာခြားလှသည်။ ထိုသူများ၏ နောက်ကွယ်တွင် နာမည်ကြီး ပန်းချီဆရာ အဘိုးကိုယ်စီ ရှိကြပြီး ငယ်စဉ်ကတည်းက အနာဂတ် အနုပညာရှင်များအဖြစ် သတ်မှတ်ခံထားရကာ နှာခေါင်းများက ကောင်းကင်သို့ ထောင်နေပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ကြချေ။
ပြိုင်ပွဲအချို့တွင် ကော်ကျင်းယွီကို မရှုံးခဲ့လျှင် သူ့ကို မျက်လုံးထဲပင် ထည့်မည်မဟုတ်ပေ။ သို့သော် အနုပညာလုပ်သူများ၏ စိတ်ထားက ဖြူစင်သဖြင့် နောက်ပိုင်းနှစ်များတွင် သူတို့၏ ဆက်ဆံရေးက အတော်လေး အဆင်ပြေခဲ့ကာ အလုပ်ခွင်ဝင်ပြီးနောက်တွင်လည်း အဆက်အသွယ် အတော်လေး ရှိခဲ့ကြ၏။
ကျူရှင်ဆရာလေးက စားပွဲကို ခေါက်လိုက်သည်။
“ကျင်းယွီ… ဘာတွေ တွေးနေတာလဲ…”
ကော်ကျင်းယွီက ပြန်ဖြေလိုက်၏။
“တက္ကသိုလ်ကျောင်းသားဘဝကို တွေးနေတာ…”
ကျူရှင်ဆရာက ချက်ချင်း အခွင့်ကောင်းယူကာ စိတ်ဓာတ်ခွန်အား ပေးလေတော့သည်။
“မင်း သေချာကြိုးစားရင်… အနာဂတ်မှာ သေချာပေါက် တက္ကသိုလ် ဝင်ခွင့်ရမှာပါ… လာ… ဒီပုစ္ဆာကို ကြည့်… ဒါကို ရိုးရှင်းတဲ့ ကွက်လပ်ဖြည့် ပုစ္ဆာလေးလို့ မထင်လိုက်နဲ့… ဒါက မင်းရဲ့ အောင်မြင်မှုဆီ သွားမယ့် ပထမဆုံး လှေကားထစ်လေးပဲ… ဒါကို ဖြေနိုင်သွားတာနဲ့… မင်းက ခြေလှမ်းကြီး တစ်လှမ်း လှမ်းနိုင်သွားပြီ!”
ကော်ကျင်းယွီက ခေါင်းငုံ့ကာ ဖြေလိုက်ပြီးနောက် မေးလိုက်၏။
“ဆရာ… ဆရာက တက္ကသိုလ် ဘယ်နှစ်နှစ်မြောက် တက်နေတာလဲ…”
“ကျောင်းဖွင့်ရင် စတုတ္ထနှစ် (Final Year) ရောက်ပြီလေ!”
“ဖုန်းကတ် လုပ်မလား… ကျွန်တော့်ဆီမှာ China Mobile ရဲ့ M-Zone ပက်ကေ့ချ် ရှိတယ်… SMS တွေလည်း အများကြီးရတယ်… MMS လည်း ပို့လို့ရသေးတယ်… အလုပ်သင်ဆင်းဖို့ ပြင်နေတဲ့ စတုတ္ထနှစ် စီနီယာတွေနဲ့ဆို အကိုက်ပဲ… ဆရာ့ကို အထူးအနေနဲ့ ယွမ် ငါးယွမ် လျှော့ပေးမယ်… တစ်ကတ်လောက် ယူမလား…”
“……”
တကယ့် ကျူရှင်ဆရာတစ်ယောက်အနေဖြင့် လာရောက်စာသင်ပေးခြင်း ဖြစ်သော်လည်း ဤမျှ ပရော်ဖက်ရှင်နယ်ဆန်လှသော အရောင်းမြှင့်တင်မှုအောက်တွင် ဆရာလေးမှာ မခံနိုင်တော့ဘဲ ပိုက်ဆံထုတ်ကာ ကတ်တစ်ကတ် လုပ်လိုက်ရတော့သည်။ သူက မိမိရှေ့ရှိ ကျောင်းသားကို ကြည့်ကာ ပြောလိုက်၏။
“ကျင်းယွီ… မင်းကိုကြည့်ရတာ အထက်တန်းကျောင်းသားနဲ့ သိပ်မတူဘူး…”
ကော်ကျင်းယွီက သွားဖြဲပြကာ ရယ်လျက် ဖြေလိုက်သည်။
“ဆရာ ကျွန်တော့်ကို အနာဂတ် တက္ကသိုလ်ကျောင်းသားလို့ ခေါ်လို့လည်း ရပါတယ်…”
ဆရာလေးက လိုက်ရယ်လေ၏။
“မင်းမှာ ဒီလောက် ယုံကြည်မှုရှိတာ တော်တော်ကောင်းတယ်… ဘယ်တက္ကသိုလ်ကို ဝင်ခွင့်ဖြေဖို့ စိတ်ကူးထားလဲ…”
“ကြိုးစားကြည့်တာပေါ့… ချင်းဟွာတက္ကသိုလ်ကို ဝင်ခွင့်ရအောင် လုပ်ကြည့်မယ်…”
“……”
ကျူရှင်ဆရာလေးမှာ စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး အလုပ်ထွက်ချင်စိတ်ပင် ပေါက်လာတော့၏။
ကျောင်းမဖွင့်ခင် တစ်ရက်အလိုတွင် လီထုန်ကျိုးက လက်ဆောင်လာပြန်ပေး၏။
အရင်က သူ အဘွားဂူထံမှ လက်ဖက်ခြောက်များ အများကြီး ယူသွားခဲ့သဖြင့် သူ၏ မိသားစုက အပြန်အလှန်အနေဖြင့် ငှက်သိုက်ဘူး နှစ်ဘူးကို လာပေးခိုင်းခြင်းဖြစ်သည်။
ကော်ကျင်းယွီမှာ မူလက ထမင်းစားပွဲတွင် ခေါင်းငုံ့ကာ မေးခွန်းများ ဖြေနေသော်လည်း သူ့ကို မြင်လိုက်သည်နှင့် မျက်လုံးများ အရောင်လက်သွားတော့၏။
ကော်အမေက တံခါးဝတွင် သူ့ကို ဆီးကြိုကာ ပြုံးလျက် ပြောလာသည်။
“ရှောင်ကျိုး… နောက်ဆို သားလာရင် ရပါပြီ… ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ယူမလာပါနဲ့…”
“လုပ်သင့်လုပ်ထိုက်တာပါ… အရင်က ယူလာတဲ့ လက်ဖက်ခြောက်ကို အမေက သောက်လို့ အရမ်းကောင်းတယ်တဲ့… အဲ့ဒါ အန်တီ့ကို သေချာလေး လာကျေးဇူးတင်ခိုင်းလို့ပါ…”
လီထုန်ကျိုးက လက်ဆောင်ကို ချထားလိုက်ပြီး ကော်အမေနှင့် ယဉ်ယဉ်ကျေးကျေး စကားအနည်းငယ် ပြောပြီးနောက် ကော်ကျင်းယွီ ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။
ကော်အမေက စာတော်သည့် ကျောင်းသားများကို အထူးအခွင့်အရေး ပေးတတ်သဖြင့် ကော်ကျင်းယွီကို ဆယ်မိနစ်ခန့် နားခွင့်ပေးလိုက်ပြီး ကျူရှင်ဆရာကိုလည်း ခဏအနားယူခိုင်းလိုက်လေသည်။
လီထုန်ကျိုးက လျှောက်သွားကာ ကော်ကျင်းယွီ တွက်နေသည့် ပုစ္ဆာကို ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုးဖြင့် ရှင်းပြလေ၏။
ကော်ကျင်းယွီမှာ နားနားရှိ အသံလေးကြောင့် အရည်ပျော်လုမတတ် ဖြစ်သွားကာ အကြိမ်တော်တော်များများ သေချာမကြားလိုက်ရသဖြင့် ကြောင်အမ်းအမ်းဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
“ဟင်… နည်းနည်းလောက် ဖြည်းဖြည်းပြော… နောက်တစ်ခေါက်လောက် ပြန်ပြောပြ… ငါ မမီလိုက်ဘူး…”
လီထုန်ကျိုးက အရှိန်ကို လျှော့ချလိုက်ပြီး သူ့ကို နောက်တစ်ကြိမ် နူးညံ့သောအသံဖြင့် ပြန်လည်ရှင်းပြလေ၏။
ကိုယ်သဘောကျရသည့်သူ ဖြစ်နေ၍လားမသိ၊ ကော်ကျင်းယွီ၏ ပုစ္ဆာတွက်သည့် အရှိန်က အများကြီး မြန်လာကာ တက်ကြွမှုများလည်း ရှိလာပြီး နောက်ထပ် မေးခွန်းလွှာ နှစ်စုံလောက် ထပ်ဖြေချင်စိတ်ပင် ပေါက်လာတော့၏။
ဘေးနားရှိ ကျူရှင်ဆရာက မြင်သောအခါ အနားသို့ တိုးလာပြီး အနည်းငယ် ထပ်သင်ပေးရန် ပြင်လေ၏။
ဘာပဲဖြစ်ဖြစ် ကော်မိသားစုက ပေးသည့် ကျူရှင်ခက အတော်လေး များသည့်အပြင် ညစာတစ်နပ်ပါ ကျွေးသေးသည်။
ကော်မိသားစု၏ ဟင်းချက်လက်ရာက အလွန်ကောင်းမွန်လှသဖြင့် သူက မနေနိုင်ဘဲ ထမင်းနှစ်ပန်းကန် သုံးပန်းကန်ခန့် အမြဲတမ်း စားမိတတ်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ လီထုန်ကျိုးက သင်ပေးပြီး ကျူရှင်ဆရာက အကူအဖြစ်သာ နေရ၏။ ထိုသို့ ပူးပေါင်းလုပ်ဆောင်မှုအောက်တွင် ကော်ကျင်းယွီမှာ လျင်မြန်စွာပင် စာထဲသို့ နစ်မြောသွားပြီး ဉာဏ်ပွင့်လာတော့သည်။
လီထုန်ကျိုး၏ ချီးကျူးမှုကလည်း လက်တွေ့ကျလှ၏။ သူက ကိုယ်ကိုကိုင်းညွတ်ကာ ကော်ကျင်းယွီ၏ အက်ဆေးမေးခွန်းကြီး (ပုစ္ဆာကြီး) ကို လက်ဖြင့် ထောက်ကာ ပြောလိုက်သည်။
“ခဏနေရင် ငါ ဒါကို ပုံစံပြောင်းလိုက်မယ်… မင်းသာ အဖြေမှန်အောင် တွက်နိုင်ရင်… ငါ မင်းကို ဆုချမယ်…”
ကော်ကျင်းယွီမှာ ချက်ချင်းပင် အားတက်သွားတော့၏။
“ဘာဆုချမှာလဲ…”
လီထုန်ကျိုးက ပြန်ဖြေ၏။
“သန်ဘက်ခါ ကျောင်းဖွင့်ရင် ပေးမယ်…”
ကော်ကျင်းယွီမှာ ဤဆုအတွက် အားခဲကာ သင်္ချာပုစ္ဆာများကို အသေအလဲ တွက်လေတော့သည်။
ကော်မိသားစု၏ ညစာက ပုံမှန်ထက် နာရီဝက် နောက်ကျသွားသော်လည်း ကော်ကျင်းယွီ၏ ယနေ့ အိမ်စာများကမူ ပုံမှန်ထက် တစ်နာရီခွဲခန့် စော၍ ပြီးစီးသွားခဲ့ရာ တကယ့်ကို ဝမ်းသာစရာပင် ဖြစ်တော့၏။
Chapter 28 ended