⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 29

Chapter 29

 

—–

 

ကော်အမေက လီထုန်ကျိုးကို ထမင်းအတူတူစားသွားရန် နွေးထွေးစွာ ခေါ်သော်လည်း လီထုန်ကျိုးက ခေါင်းခါပြကာ ငြင်းလိုက်သည်။

 

“မစားတော့ဘူး အန်တီ… ကျွန်တော့်မှာ ကိစ္စလေး နည်းနည်းရှိသေးလို့… အိမ်ပြန်ရဦးမယ်…”

 

ကော်ကျင်းယွီကလည်း ထမင်းမစားရသေးဘဲ ထိုစကားကို ကြားသည်နှင့် ဖိနပ်ချက်ချင်းလဲကာ လီထုန်ကျိုးကို တွန်းထုတ်ရင်း အတူထွက်သွားလေ၏။

 

“အမေ… ကျွန်တော် သူ့ကို အောက်ထပ်ထိ လိုက်ပို့လိုက်ဦးမယ်… ခဏနေ ပြန်လာခဲ့မယ်နော်!”

 

ကော်အမေက အင်း ဟု အသံပြုကာ လွှတ်ပေးလိုက်သည်။

 

သို့သော် အတော်ကြာသည်အထိ ကော်ကျင်းယွီ ပြန်မလာသဖြင့် ဖုန်းဆက်ကြည့်ရာ ကော်ကျင်းယွီတစ်ယောက် လီထုန်ကျိုးအိမ်သို့ လိုက်လည်နေပြီဖြစ်ကြောင်း ကြားလိုက်ရ၏။

 

ကော်အမေမှာ အလွန်ဒေါသထွက်သွားပြီး ဖုန်းကြိုးထဲမှတစ်ဆင့် ဝင်သွားကာ ထိုငရှုပ်လေးကို ဆွဲထုတ်ပြီး ဆုံးမပစ်ချင်စိတ်များပင် ပေါက်သွားတော့သည်။

 

“ညဘက် စာသင်ရဦးမယ်လေ… နင့်ဆရာကို ဘယ်လိုလုပ်ခိုင်းမလို့လဲ!”

 

“အမေကလည်း သူ့ကိုပါ အားလပ်ရက်လေး ဘာလေး ပေးလိုက်ပါ… ဘာပဲဖြစ်ဖြစ် ကျွန်တော် မေးခွန်းတွေ အကုန်ဖြေပြီးသွားပြီလေ… အမှတ်ကလည်း အရင်ကထက် အမှတ်နှစ်ဆယ်လောက်တောင် ပိုများလာတာကို…”

 

“ကော်ကျင်းယွီ… နင် အခုချက်ချင်း ပြန်မလာရင်… ဒီနေ့ အိမ်ပေါက်ဝကို ဝင်ဖို့ မစဉ်းစားနဲ့တော့!”

 

“…ဟယ်လို… ဒီဘက်မှာ လိုင်းသိပ်မကောင်းဘူး… အမေ… ဘာပြောလိုက်တာလဲ… ဒီနေ့ အိမ်ပြန်လာစရာ မလိုတော့ဘူး ဟုတ်လား…”

 

“ကော်ကျင်းယွီ!”

 

“ကျေးဇူးပါ အမေ… အမေက အကောင်းဆုံးပဲ!”

 

လီထုန်ကျိုးက ဘေးနားရှိ ကော်ကျင်းယွီတစ်ယောက် ဖုန်းကို ပြတ်ပြတ်သားသား ချပစ်လိုက်သည်ကို ကြည့်ကာ တစ်ခဏမျှ တုံ့ဆိုင်းသွား၏။

 

“ဒီလိုလုပ်လို့ တကယ် အဆင်ပြေပါ့မလား…”

 

ကော်ကျင်းယွီက ဖြေလိုက်သည်။

 

“ဘာလို့ အဆင်မပြေရမှာလဲ… ငါ စာကို အသေအလဲ ကြိုးစားနေတာ လေးရက်တောင် ရှိနေပြီလေ… အရမ်းကို ပင်ပန်းနေပြီ… ပြောရရင် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံနေရသလိုပဲ…”

 

လီထုန်ကျိုးမှာ သူ့စကားကြောင့် ရယ်ချလိုက်မိ၏။

 

ကော်ကျင်းယွီက သူနှင့် ပခုံးချင်းယှဉ်လျှောက်လာရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

 

“လီထုန်ကျိုး… မင်း နေ့တိုင်း ဒီလိုချည်း စာလုပ်နေရတာ… မပင်ပန်းဘူးလား…”

 

လီထုန်ကျိုးက ပြန်ဖြေ၏။

 

“အကျင့်ပါနေပါပြီ…”

 

ကော်ကျင်းယွီက လမ်းလျှောက်ရင်း သူ့ကို ချီးကျူးလေ၏။

 

“မင်းလို လူမျိုးက အနာဂတ်မှာ သေချာပေါက် လူကြီးလူကောင်း ဖြစ်လာမှာ… အာရုံစိုက်နိုင်စွမ်းလည်း ကောင်းတယ်… အလုပ်လုပ်ရင်လည်း အရမ်းထိရောက်တယ်!”

 

သူက ခြေနှစ်လှမ်းခန့် လျှောက်ပြီးနောက် ထပ်မေးလိုက်သည်။

 

“… လီထုန်ကျိုး… ခုနက ငါ ပုစ္ဆာတွက်တာ မှန်ရင်… လက်ဆောင်တစ်ခု ပေးမယ်လို့ ပြောထားတယ်မလား… အခု ငါ မင်းနဲ့ အိမ်ကို လိုက်လာပြီဆိုတော့… အဲ့ဒါကို ကြိုပေးလို့ မရဘူးလား…”

 

လီထုန်ကျိုးက သူ့ကို ကြည့်လိုက်၏။

 

“မင်း လိုက်လာတာ… လက်ဆောင် လိုချင်လို့ပေါ့…”

 

ကော်ကျင်းယွီက ဆိုသည်။

 

“သေချာပေါက် မဟုတ်ရပါဘူး… ငါ မင်းကို လွမ်းလို့ လိုက်လာတာပါ…”

 

လီထုန်ကျိုးမှာ စိတ်ခံစားချက် အနည်းငယ် ပြန်ကောင်းသွားပြီး သူ့ကို အိမ်သို့ ခေါ်သွားလေ၏။

 

လီအိမ်တော်မှာ လူသူကင်းမဲ့ကာ တိတ်ဆိတ်နေပြီး ဧည့်ခန်းမီးလေးသာ ဖွင့်ထား၏။

 

ဧည့်ခန်းစားပွဲပေါ်တွင်တော့ လီထုန်ကျိုး၏အမေ ရေးထားခဲ့သော စာတိုလေးတစ်စောင် ရှိနေပြီး အရေးပေါ်ကိစ္စရှိ၍ ရုံးသို့ ပြန်သွားကြောင်းနှင့် အနည်းငယ် နောက်ကျမှ အိမ်ပြန်ရောက်မည်ဖြစ်ကြောင်း ရေးထားလေသည်။

 

လီထုန်ကျိုးကတော့ ရိုးအီနေပြီဖြစ်သဖြင့် ကော်ကျင်းယွီကို သူ၏ အိပ်ခန်းထဲသို့ ခေါ်သွားကာ မှန်တံခါးတပ်ထားသည့် စာအုပ်စင်ကို ဖွင့်၍ ဘူးတစ်ခုကို ယူကာ သူ့ထံ ကမ်းပေးလိုက်၏။

 

“ရော့… လက်ဆောင်!”

 

ကော်ကျင်းယွီမှာ လက်ယားနေပြီဖြစ်သဖြင့် မော့ကြည့်ကာ မေးလိုက်သည်။

 

“ဖောက်ကြည့်လို့ ရပြီလား…”

 

လီထုန်ကျိုးက ခေါင်းညိတ်ပြလိုက်ပြီး သူ ဖောက်နေသည်ကို ကြည့်ကာ မျက်နှာအမူအရာကို အသေအချာ အကဲခတ်နေမိ၏။

 

ကော်ကျင်းယွီ၏ မျက်လုံးများ အရောင်လက်သွားသည်ကို မြင်လိုက်ရမှသာ သက်ပြင်းချနိုင်သွားပြီး သူကိုယ်တိုင်လည်း နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားတော့သည်။

 

ကော်ကျင်းယွီက ထို ဆိုနီနားကြပ်လေးကို ကိုင်ထား၏။နားကြပ်လေးတွင် အနီရောင် မီးတောက်သင်္ကေတလေး ပါရှိပြီး နားထဲထည့်ရသည့် In-ear ပုံစံမျိုးဖြစ်ကာ အလွန်ပင် မိုက်လွန်းနေလေသည်။

 

ကော်ကျင်းယွီက လက်ထဲတွင် တစ်ခဏမျှ ဆော့ကစားကြည့်နေပြီးနောက် တီရှပ်ကို လှန်တင်ကာ နားကြပ်ကို အထဲသို့ သွင်းလိုက်၏။

 

လီထုန်ကျိုးမှာ မျှော်လင့်မထားဘဲ ဝင်းလက်နေသော ဝမ်းဗိုက်သားလေးကို တစ်ချက် မြင်လိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကော်ကျင်းယွီက နားကြပ်ကို တီရှပ်အင်္ကျီလက်ထဲမှတစ်ဆင့် အပြင်သို့ ထုတ်ယူလိုက်ကာ တစ်ဖက်ကို ကိုင်၍ နားထဲတပ်ရင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလေသည်။

 

“မဆိုးဘူး… ဒါဆိုရင် အတန်းထဲမှာ တိတ်တိတ်လေး သီချင်းနားထောင်ဖို့ တော်တော် အဆင်ပြေသွားပြီ!”

 

လီထုန်ကျိုးမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး သူ၏ နားကြပ်ကို ဆွဲဖြုတ်ရန် လုပ်လိုက်ရာ ကော်ကျင်းယွီက ချက်ချင်း ကာကွယ်လိုက်၏။

 

“ဟေ့… ဟေ့… ဘာလုပ်တာလဲ… သူများကို လက်ဆောင်ပေးပြီးမှ ပြန်လုလို့ ဘယ်ရမလဲ!”

 

“အတန်းထဲမှာ သီချင်းနားထောင်လို့ မရဘူးလေ…”

 

“အဲ့ဒါကို မင်းမှ နားမလည်တာ… နောက်စာသင်နှစ်ကျရင် ငါက အနုပညာ (ပန်းချီ) ယူမှာလေ… ပန်းချီဆွဲတဲ့ အချိန်ဆိုရင် အကုန်လုံး သီချင်းနားထောင်ကြတာပဲ!”

 

“…ပန်းချီဆွဲရင်း သီချင်းနားထောင်လို့ ရတယ်လား…”

 

“ဒါပေါ့… နေ့တိုင်း ခုနစ်နာရီ ရှစ်နာရီလောက် ထိုင်ဆွဲရတာ… အဲ့ဒီမှာ ထိုင်ပြီး ဘာစကားမှလည်း မပြောရဘူးဆိုတော့… သီချင်းနားထောင်တာက တစ်ခုတည်းသော ဖျော်ဖြေရေးပဲလေ…”

 

ကော်ကျင်းယွီက သူ့ကို နားကြပ်တစ်ဖက် ခွဲပေးလိုက်ပြီး အတူတူ စမ်းတပ်ကြည့်ကာ မျက်လုံးများ ကွေးကျသွားသည်အထိ ပြုံးလျက် ပြောလိုက်၏။

 

“အထိအတွေ့က မဆိုးဘူးပဲ… တကယ် နူးညံ့တယ်… စျေးလည်း သေးမှာ မဟုတ်ဘူးမလား… နောက်ပိုင်းကျရင် ဒီနားကြပ်တစ်ဖက်က မင်းအတွက် သီးသန့်ပဲ… မင်းတစ်ယောက်တည်းကိုပဲ ခွဲပြီး နားထောင်ခိုင်းမယ်…”

 

လီထုန်ကျိုးက မျက်လွှာချလိုက်ပြီး သူ၏ ရင်ဘတ်ကော်လာအောက်မှ ဝိုးတဝါး ပေါ်လွင်နေသော နားကြပ်ကြိုးလေးကို ကြည့်နေမိ၏။

 

အဝတ်အစားများ ခြားထားသဖြင့် ပုံသဏ္ဌာန် အကြမ်းဖျင်းလောက်သာ မြင်ရသည်။ နားကြပ်ကြိုးသည် ရင်ဘတ်မှတစ်ဆင့် ဝမ်းဗိုက်အောက်ဘက်သို့ တန်းဆင်းသွားကာ လူငယ်လေး၏ နုနယ်ပျိုမြစ်သော ခန္ဓာကိုယ်လေးပေါ်တွင် ကပ်လျက်ရှိနေလေသည်။

 

ကော်ကျင်းယွီမှာ လက်ဆောင်ရလိုက်သဖြင့် စိတ်ခံစားချက် အလွန်ကောင်းမွန်သွားပြီး လီထုန်ကျိုးနှင့် အတူထိုင်ကာ ထိုနားကြပ်လေးကို စမ်းသုံးကြည့်နေ၏။

 

လီထုန်ကျိုးက တေးအယ်လ်ဘမ်များ အတော်များများ စုဆောင်းထားလေသည်။

 

သူက CD စက်ကို ယူကာ ဖွင့်လိုက်ပြီး နှစ်ယောက်သား နားကြပ်တစ်ဖက်စီ တပ်ကာ အတူတူ နားထောင်နေကြ၏။

 

သူနားထောင်သည့် သီချင်းအမျိုးအစားက အတော်လေး စုံလင်လှပြီး ကော်ကျင်းယွီ၏အကြိုက်နှင့် တူညီနေသည်များလည်း အတော်များများ ပါဝင်နေသည်။

 

ကော်ကျင်းယွီက မျက်လုံးလေး မှိတ်ကာ နားထောင်နေရင်း ရုတ်တရက် သူ၏ စာအုပ်စင်ထဲရှိ အပြာနုရောင် အဖုံးမာစာအုပ်လေး တစ်အုပ်ကို တွေ့လိုက်ရ၏။

 

အဓိကက အရောင်လေးက အလွန်ပင် နုဖတ်ချစ်စရာကောင်းနေသဖြင့် လီထုန်ကျိုး၏ စာအုပ်စင်အပြည့် ရှိနေသည့် အခြားစာအုပ်များနှင့် သိပ်ပြီး လိုက်ဖက်မနေ၍ ဖြစ်သည်။

 

ကော်ကျင်းယွီက လက်ညှိုးထိုးပြကာ မေးလိုက်သည်။

 

“အဲ့ဒါက ဘာကြီးလဲ…”

 

လီထုန်ကျိုးက မျက်လုံးဝေ့ကြည့်လိုက်ပြီး ဖြေ၏။

 

“မင်း အလယ်တန်း ကျောင်းဆင်းတုန်းက ငါ့ကို လက်ဆောင်ပေးခဲ့တဲ့ အမှတ်တရစာအုပ်လေ…”

 

ကော်ကျင်းယွီမှာ စိတ်ဝင်စားသွားပြီး တောင်းယူကာ ကြည့်လိုက်၏။

 

ပထမဆုံး စာမျက်နှာကို လှန်လိုက်ချိန်တွင် ထင်သည့်အတိုင်းပင် “သူငယ်ချင်းကောင်း ထုန်ကျိုးသို့ အမှတ်တရ” ဟု ရေးထားပြီး လက်မှတ်ထိုးထားသည်က သူကိုယ်တိုင် ဖြစ်နေလေသည်။

 

သူက ယခင်က လီထုန်ကျိုးကို ဒါမျိုး လက်ဆောင်ပေးခဲ့ဖူးကြောင်းကိုပင် မမှတ်မိတော့ချေ။

 

ကော်ကျင်းယွီသည် အဖုံးမာစာအုပ်လေးကို ခပ်ဖွဖွ ပွတ်သပ်လိုက်ရာ ရင်ထဲတွင် ရုတ်တရက် အနည်းငယ် ဝမ်းနည်းသွားမိ၏။

 

ထိုနှစ်က လီထုန်ကျိုး စာတိုက်မှတစ်ဆင့် ပို့ပေးလိုက်သည့် အထုပ်ကြီးကို သူက အကြမ်းဖျင်းလောက်သာ လှန်လှောကြည့်ခဲ့ပြီး ဆက်မကြည့်ရဲတော့သဖြင့် အိမ်၏ မြေအောက်ခန်းထဲတွင်သာ အမြဲတမ်း သိမ်းထားခဲ့ခြင်း ဖြစ်သည်။

 

သူ လိုက်ရှာခဲ့ဖူးသည်။ လီထုန်ကျိုး၏ ခြေရာကောက်ကာ တစ်ပတ်လည်အောင် လိုက်ရှာခဲ့ပြီး မေးလို့ရမည့်သူ အကုန်လုံးကိုလည်း လိုက်မေးခဲ့ဖူး၏။

 

သို့သော် ရလဒ်က အလွန်နည်းပါးလှပြီး တစ်ခုတည်းသော အသေအချာ သိနိုင်သည့် အချက်ကတော့… လီထုန်ကျိုးဆိုသည့် ဒီလူက မရှိတော့ဘူး ဆိုတာပင်။

 

ကော်ကျင်းယွီက ထိုခံစားချက်ကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး စာမျက်နှာ အနည်းငယ်ကို လှန်ကာ အရင်က ရေးခဲ့သည့် အမှတ်တရစာလေးများကို စိတ်ဝင်တစားဖြင့် ကြည့်နေဟန် ဆောင်လိုက်၏။

 

သူကိုယ်တိုင် ရေးထားသည့် စာမျက်နှာက သဘာဝကျကျပင် အရှေ့ဆုံးတွင် ရှိနေပြီး အပေါ်မှ လက်ရေးများက မောက်မာထောင်လွှားနေသည့် ပုံစံမျိုး ပေါ်လွင်နေလေသည်။

 

ရာသီခွင်၊ သွေးအမျိုးအစားမှစ၍ ဘဝခံယူချက်များအထိ အကုန်လုံးက ‘ငါမှငါပဲ’ ဆိုသည့် ဟန်ပန်မျိုးတွေချည်းသာ။ သို့သော် ‘အနာဂတ် အိပ်မက်’ ဆိုသည့် နေရာလေးတွင်တော့ ကွက်လပ်ဖြစ်နေ၏။

 

ကော်ကျင်းယွီက စာမျက်နှာလှန်၍ ကြည့်လိုက်ရာ တကယ်ကို မရေးထားကြောင်း တွေ့လိုက်ရသဖြင့် မေးလိုက်သည်။

 

“ဘယ်လိုဖြစ်လို့ ငါတစ်ယောက်တည်း မရေးထားရတာလဲ…”

 

လီထုန်ကျိုးက ဖြေ၏။

 

“အဲ့ဒီတုန်းက မင်းက အလုပ်ရှုပ်တယ်ဆိုပြီး… ဘယ်လိုပဲဖြစ်ဖြစ် အထက်တန်းကိုလည်း တစ်ကျောင်းတည်း အတူတူတက်ပြီး အတန်းတစ်တန်းတည်း အတူတူနေရမှာပဲဟာကို… အဲ့ဒါကြောင့် မရေးချင်ဘူးလို့ ပြောခဲ့တယ်လေ…”

 

ကော်ကျင်းယွီ မှတ်မိသွားပြီ။ သူက ထိုအချိန်က ပျင်း၍ အချောင်ခိုခဲ့ခြင်းဖြစ်သည်။ သို့သော် အခုတော့ ထိုသို့ မတွေးတော့ပေ။

 

သူက လီထုန်ကျိုးထံမှ ဘောပင်ကို တောင်းယူလိုက်ပြီး စာကြောင်းအနည်းငယ်လောက် ရေးရန် စဉ်းစားနေလိုက်၏။

 

လီထုန်ကျိုးကလည်း အနားသို့ တိုးကပ်၍ လာကြည့်ရာ ကွက်တိပင် အနောက်စာမျက်နှာမှ ကျောင်းသားက သူ၏အိပ်မက်ကို “တရုတ်နိုင်ငံမှာ အချမ်းသာဆုံးသူဌေးကြီး ဖြစ်ရမယ်” ဟု ရေးထားသည်ကို မြင်လိုက်ရသဖြင့် လီထုန်ကျိုးက မေးလိုက်သည်။

 

“ကျင်းယွီ… မင်းက မင်းအစ်ကိုနဲ့ စီးပွားရေးတွေ ဘာတွေ လုပ်နေတာဆိုတော့… စီးပွားရေးသမားကြီး ဖြစ်ချင်လို့လား…”

 

ကော်ကျင်းယွီက ဖြေလိုက်၏။

 

“မဟုတ်ပါဘူး… ငါက ပိုက်ဆံလေး နည်းနည်းရှာပြီး… အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်ရုံပါ…”

 

အကောင်းဆုံးကတော့ ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူ အိမ်ငယ်လေးတစ်လုံး ဝယ်ချင်သည်။ အကြီးကြီး ဖြစ်နေစရာ မလိုပေ။

 

နှစ်ယောက်သား အချိန်အများစုကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး အချိန်အနည်းငယ်လောက်သာ စကားများရန်ဖြစ်ကြကာ ဆူဆူညံညံလေးဖြင့် တစ်ဘဝလုံးကို ကုန်ဆုံးချင်ခြင်းဖြစ်သည်။

 

ကော်ကျင်းယွီမှာ တွေးရင်းဖြင့် သာယာလွန်းလှသဖြင့် သူတစ်ယောက်တည်း အတော်ကြာအောင် ပြုံးရွှင်နေမိပြီးမှ ရုတ်တရက် တစ်ခုခုကို သတိရသွားကာ လှည့်မေးလိုက်၏။

 

“ဟေ့… မင်းက ဘာလို့ ငါ့ကို လာမထိန်းတာလဲ…”

 

 

Chapter 29 ended

 

 

 

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset