⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 30

Chapter 30

 

——

 

“ဘာ…”

 

“ငါ ပြည်နယ်မြို့တော်မှာ ကွန်ပျူတာ သွားရောင်းတဲ့ ကိစ္စလေ…”

 

လီထုန်ကျိုးက အံ့အားသင့်စွာ မေးလာ၏။

 

“ဘာလို့ ထိန်းရမှာလဲ… မင်းက စာသင်တာကလွဲရင် ကျန်တဲ့ အများကြီးကို တော်တော်လေး ကောင်းကောင်း လုပ်နိုင်တာပဲကို…”

 

“ဟင်…”

 

လီထုန်ကျိုးက သေချာ ဥပမာပေးကာ သူ့ကို ကြည့်ရင်း ပြောလာသည်။

 

“မင်း မင်းအစ်ကိုနဲ့ အလုပ်လုပ်တဲ့အခါ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း တော်တော်ကောင်းတယ်… အတန်းထဲမှာ လှုပ်ရှားမှုတွေ ရှိရင်လည်း ဦးဆောင်နိုင်စွမ်း ကောင်းတယ်… နောက်ပြီး အတန်းထဲက ကျောက်သင်ပုန်းစာစောင်ကိုလည်း မင်းပဲ လုပ်တာလေ… ပြီးခဲ့တဲ့တစ်ခေါက်ကတောင် ထူးချွန်ဆု ရခဲ့သေးတယ်… ငါကတော့ မင်း တော်တော်ကောင်းတယ်လို့ ထင်တယ်… အမှတ်တွေက လူတစ်ယောက်ကို အကဲဖြတ်တဲ့ တစ်ခုတည်းသော စံနှုန်းမှ မဟုတ်တာ… ကျင်းယွီ… မင်းက တကယ်ကို တော်နေပါပြီ… အခုလောလောဆယ် ကိုယ်ဝါသနာပါတဲ့ အရာကို မတွေ့သေးတာပဲ ရှိတာ…”

 

ကော်ကျင်းယွီက ပြုံးလျက် မေးလိုက်၏။

 

“ငါ့ကို အဲ့လောက်တောင် ယုံတာလား…”

 

လီထုန်ကျိုးက ခေါင်းညိတ်ပြကာ ဖြေလေသည်။

 

“ယုံတယ်…”

 

ကော်ကျင်းယွီက သူ့လက်ကို ထိထားရင်း ထိုနေရာတွင် ထိုင်နေစဉ် ရုတ်တရက် တစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်သွားတော့၏။

 

ဤကမ္ဘာပေါ်တွင် သူ့ကို ဤမျှ အလိုလိုက်မည့်သူ နောက်ထပ် ရှိတော့မည် မဟုတ်သလို၊ သူ့အကြောင်းကို ဤမျှ နားလည်ပေးမည့်သူလည်း ရှိတော့မည် မဟုတ်ချေ၊ သူ့ကိုယ်သူ သိသည်ထက်ပင် ပို၍ ရှင်းလင်းစွာ သိနေသေး၏။

 

ဤလူသာ ရှိနေသရွေ့၊ သူ၏ နောက်ကွယ်တွင် ထောက်တိုင်အဖြစ် ရှိနေပေးမည်မှန်း သိနေသရွေ့ သူဟာ အပြင်လောကတွင် ရောင်စုံအိပ်မက်များကို စိတ်ကြိုက် မက်ခွင့်ရှိနေပြီး လှည့်ကြည့်လိုက်သည်နှင့် ဤလူကို ချက်ချင်း ပြန်လည် ပွေ့ဖက်နိုင်ကာ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အခိုင်မာဆုံးသော မြေပြင်ပေါ်သို့ နင်းထားနိုင်မည် ဖြစ်သည်။

 

ထိုကဲ့သို့ ရောင်စုံဖြာကာ ရှုပ်ထွေးလှသည့် အသိုင်းအဝိုင်းထဲတွင် သူ လွင့်မျောနေခဲ့သည်မှာ ကြာမြင့်ခဲ့ချေပြီ။ လူတိုင်းက သူ့ကို လီထုန်ကျိုး မရှိတော့လည်း သူကိုယ်တိုင် ရပ်တည်နိုင်သေးကြောင်း၊ သူ့ကိုယ်ပိုင် ဘဝကို ဖြတ်သန်းနိုင်သေးကြောင်း ပြောခဲ့ကြ၏။

 

သူ ကြိုးစားကြည့်ခဲ့သော်လည်း… လုံးဝ မဖြစ်နိုင်ခဲ့ပေ။

 

သူနှင့် လီထုန်ကျိုးက အလယ်တန်း၊ အထက်တန်းတို့ကို အတူတကွ ဖြတ်သန်းခဲ့ကြပြီး ဘာမှနားမလည်သေးသည့် လူငယ်ဘဝကတည်းက ကိုယ့်အိပ်မက်ကိုယ် စတင်လိုက်လံ ဖမ်းဆုပ်ခဲ့ကြခြင်း ဖြစ်သည်။

 

ကော်ကျင်းယွီကတော့ သူတို့ ကနဦး ကတိ​ပေးထားခဲ့သည့် ပုံစံအတိုင်း ဖြစ်လာခဲ့သော်ငြား လီထုန်ကျိုးကတော့ ဖြစ်မလာခဲ့ချေ။ သူ၏ အချိန်များက အသက် ၁၉ နှစ်အရွယ် နွေရာသီလေးတွင် ရပ်တန့်သွားခဲ့ပြီး ထာဝရ လူငယ်လေးတစ်ယောက်အဖြစ် ကျန်ရစ်ခဲ့တော့၏။

 

ထိုစဉ်က တက္ကသိုလ် အတူတူ ဝင်ခွင့်ဖြေမည်ဟု ကတိထားခဲ့ကြပြီး အတူတူ စွန့်စားခန်းတွေ ဖွင့်မည်ဟု ကတိပေးခဲ့ကြသမျှ အရာအားလုံးက လက်လှမ်းမမီနိုင်သော အရာများ ဖြစ်သွားခဲ့သည်—— လူတစ်ယောက်တည်း… လုံးဝ မလုပ်နိုင်သည့် အရာများသာ ဖြစ်သွားခဲ့လေ၏။

 

ကော်ကျင်းယွီက အမှတ်တရစာအုပ်ကို ယူကာ အကောင်းဆုံး ဆုတောင်းစကား တစ်ကြောင်းကို လေးလေးနက်နက် ချရေးလိုက်၏။

 

သူက အလှပဆုံးသော ဆုတောင်းများအားလုံးကို ရေးချလိုက်ပြီး နောက်ဆုံး စာလုံးအနည်းငယ်ကိုတော့ ပို၍ပင် အလေးအနက်ထား ရေးသားလိုက်သည်။

 

“…အနာဂတ်ခရီး ဖြောင့်ဖြူးသာယာပြီး… မျှော်လင့်ချက်တွေ အပြည့်နဲ့ တောက်ပပါစေ…”

 

သူ မမြင်တွေ့ခဲ့ဖူးသော ထိုအနာဂတ်ကို… သူ မြင်တွေ့ချင်မိသည်။

 

လီထုန်ကျိုး၏ အိမ်တွင် ခဏမျှ နေပြီးနောက် ကော်ကျင်းယွီ ပြန်လာခဲ့၏။

 

သူက အိမ်ကို နောက်ပြောင်ပြီး နှုတ်ဖြင့်သာ ပြောခဲ့ခြင်းဖြစ်ရာ တကယ်ကြီး အိမ်မပြန်ဘဲ အိပ်လိုက်မည်ဆိုလျှင် ကော်အမေကိုယ်တိုင် လာဖမ်းခေါ်သွားမည်ကို ကြောက်ရသေးသည်။

 

ကော်ကျင်းယွီ ပြန်ခါနီးတွင် လီထုန်ကျိုး၏ မိဘများ အတူတူပြန်လာသည်နှင့် ကွက်တိ ဆုံလိုက်၏။ လီထုန်ကျိုး၏ အဖေ လီချင့်ချန်က ဝင်လာပြီးနောက် သူ့ကို မြင်သောအခါ ဘေးနားရှိ လီထုန်ကျိုးဘက်သို့ လှည့်ကြည့်ကာ မေးလာသည်။

 

“ရှောင်ကျိုး… မင်းသူငယ်ချင်းလား…”

 

လီထုန်ကျိုးက ပြန်ဖြေ၏။

 

“ဟုတ်ကဲ့…”

 

လီချင့်ချန်ကတော့ ယဉ်ယဉ်ကျေးကျေးဖြင့် စကားနှစ်ခွန်းသုံးခွန်းခန့် ပြောလာသော်ငြား သူကိုယ်တိုင်က လုပ်ငန်းခွင်တွင် ရာထူးကြီးကြီး ယူထားရသူဖြစ်၍ စကားပြောဆိုရာတွင် အမြဲတမ်း အထက်စီးမှ အမိန့်ပေးတတ်သည့် လေသံမျိုး ပါနေတတ်၏။

 

ထိုနေရာတွင် ထိုင်ကာ ဖိနပ်လဲသည်ကိုပင် ဇနီးဖြစ်သူအား ယူလာပေးခိုင်းပြီး ကျန်းမင်ကလည်း ရိုးအီနေပြီဖြစ်သည့်ပုံစံဖြင့် ဖိနပ်လာချပေးလေသည်။

 

ခင်ပွန်းဖြစ်သူ၏ ရှေ့တွင် သူမက စကားပြောရာ၌ ပို၍ သတိထားနေရပုံပေါ်ကာ ခင်ပွန်းဖြစ်သူ၏ လိုအပ်ချက်များကို အမြဲ သတိထားနေပြီး လက်ဖက်ရည်ငှဲ့ပေး၊ ရေတိုက်ဖြင့် အလုပ်ရှုပ်နေတော့၏။

 

လီထုန်ကျိုးက ဝင်ကူညီမည်လုပ်သော်လည်း ကျန်းမင်က ခွင့်မပြုချေ။

 

ကော်ကျင်းယွီမှာ မြင်ရသည်မှာ ရင်ထဲတွင် သိပ်မကောင်းလှပေ။

 

သူက လီထုန်ကျိုး၏ အဖေအပေါ် လုံးဝ အမြင်မကြည်ချေ။

 

ထိုနှစ်က လီထုန်ကျိုး ဒုက္ခရောက်သွားကြောင်း သိသိချင်း သူက အပြေးအလွှား ပြန်လာပြီး ပထမဆုံး လီချင့်ချန်တို့ဇနီးမောင်နှံကို သွားရှာခဲ့သည်။

 

ကျန်းမင်မှာ ငိုရုံသာ ငိုနေပြီး ဆေးရုံပင် တက်လိုက်ရကာ စိတ်ကျန်းမာရေးဆေးရုံသို့လည်း အကြိမ်ကြိမ် သွားရောက်ပြသခဲ့ရ၏။

 

အချိန်အတော်ကြာပြီးနောက်တွင် အလုပ်သို့ပင် ဆက်မသွားနိုင်တော့ဘဲ ဂိုဒေါင်စောင့်သည့် ရာထူးသို့ ချထားခံလိုက်ရရာ ယင်းကပင် လုပ်ငန်းခွင်မှ အထူး ကူညီစောင့်ရှောက်ပေးမှုဖြစ်နေပြီ ဖြစ်သည်။

 

လီချင့်ချန်ဆိုသည့် ထိုလူယုတ်မာကတော့ သားလည်းဆုံး၊ မိန်းမကလည်း ရူးလုမတတ် ဖြစ်နေချိန်တွင် နောက်နှစ် နွေဦးပေါက်၌ပင် ငယ်ရွယ်လှပသည့် မိန်းမငယ်လေး တစ်ယောက်ကို ထပ်ယူကာ ကလေးတစ်ယောက် ထပ်မွေးလိုက်သေး၏။

 

လအနည်းငယ်မျှ အချိန်အတွင်းမှာပင် ထိုလူက ဘာမှမဖြစ်ခဲ့သည့်အလား သူ၏ ကိုယ်ပိုင်ဘဝကို ဆက်လက် ဖြတ်သန်းသွားခဲ့လေ၏။

 

သေသွားသည့်သူက သူနှင့် လုံးဝ ပတ်သက်မှုမရှိသည့် လူတစ်ယောက်အလားပင်။

 

ဆိုဖာပေါ်တွင် ထိုင်ကာ ဇနီးသည်၏ ပြုစုယုယမှုကို ခံယူနေခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်အရာဟု သတ်မှတ်ထားသော ထိုယောကျာ်းကို ကြည့်ရင်း ကော်ကျင်းယွီ၏ မျက်နှာထားက သဘာဝကျကျပင် အဆင်မပြေလှချေ။

 

ယခင်ကတော့ ဘာမှမတတ်နိုင်ခဲ့သော်လည်း အခုတော့ မတူတော့ပေ။ သူ့ထံတွင် အချိန်နှစ်နှစ်ခန့် ကျန်ရှိနေသေးရာ တစ်ချို့သော ကိစ္စရပ်များကို ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်ပေလိမ့်မည်။

 

ထို့အပြင် သူ့ရင်ထဲတွင်လည်း လီထုန်ကျိုး သေဆုံးရခြင်းက လီချင့်ချန်နှင့် ပတ်သက်နေမည်ဟု အမြဲတမ်း သံသယဝင်နေခဲ့သည်။

 

တိုက်ရိုက် ပတ်သက်မှု မရှိလျှင်တောင် အနည်းအကျဉ်းတော့ ဆက်စပ်မှု ရှိနေမည်သာ။

 

လီထုန်ကျိုး ပတ်သက်ဆက်နွှယ်နေသည့် လူများဆို၍ လက်ချိုးရေလို့ရလောက်အောင် နည်းပါးလှပြီး ကျောင်းနှင့် ကျောင်းနေဖက် သူငယ်ချင်းများထံ သူ မေး၍ရနိုင်သမျှ အကုန်မေးပြီးပြီ ဖြစ်သည်။ အိမ်မှလူများကိုသာ သူ ပါးစပ်ဟအောင် မလုပ်နိုင်ခဲ့သဖြင့် ဘာစကားမှ မေးမရခဲ့ခြင်း ဖြစ်၏။

 

လီချင့်ချန်က ဆိုဖာပေါ်တွင် ထိုင်ရင်း ကော်ကျင်းယွီကို စကားအနည်းငယ် မေးလာရာ ကော်ကျင်းယွီကလည်း မရှောင်ဖယ်တော့ဘဲ သူဘာမေးမေး အကုန်ပြန်ဖြေပြီး တမင်တကာ သူ့ကို ဒေါသထွက်အောင် လုပ်လေတော့သည်။

 

“မင်္ဂလာပါ ဦးလေး… ကျွန်တော်က လီထုန်ကျိုးရဲ့ သူငယ်ချင်းပါ… ဟုတ်ပါတယ်… သူ ခဏခဏ ပြောပြနေတဲ့ ကော်ကျင်းယွီပါပဲ…”

 

“ကျွန်တော့် မိဘတွေကတော့ သာမန် ဝန်ထမ်းတွေပါပဲ… ပုံမှန်ဆို သိပ်မများပါဘူး… အိမ်ကတော့ ရီဖူလမ်းဘက်က ရပ်ကွက်ဟောင်းလေးထဲမှာပါ…”

 

“အမှတ်လား… အမှတ်ကတော့ သိပ်မကောင်းဘူး… နောက်ဆုံးကနေ ရေတွက်ရတာမျိုးလေ…!”

 

စကားနှစ်ခွန်း သုံးခွန်းခန့် မေးပြီးနောက် လီချင့်ချန်၏ ဆက်ဆံပုံက ပြောင်းလဲသွားပြီး ခုနကလောက် ယဉ်ကျေးမနေတော့ပေ။ သူက ဆိုဖာပေါ်တွင် ထိုင်ရင်း မျက်မှောင်ကျုံ့ကာ လီထုန်ကျိုးအား အမိန့်ပေးလေတော့၏။

 

“ရှောင်ကျိုး… မင်းသူငယ်ချင်းကို သွားလိုက်ပို့လိုက်ဦး… ခဏနေ အခန်းထဲ ပြန်ဝင်ပြီး စာပြန်လုပ်ရဦးမယ်… အထက်တန်းကျောင်းသား ဖြစ်နေပြီ… ကိုယ့်ဘာသာ ကြပ်ကြပ်မတ်မတ် လုပ်ရမယ်ဆိုတာ သိတယ်မလား…”

 

ကော်ကျင်းယွီကလည်း သူနှင့် တစ်ခန်းတည်း အတူရှိနေရသည်ကို သည်းမခံနိုင်တော့ပေ။ သူက ယခင်က လီချင့်ချန်ဆိုသည့် လူနှင့် အဆက်အဆံ လုပ်ဖူးထားသဖြင့် သူ ဘယ်လောက် ဟန်ဆောင်ကောင်းကြောင်း သိထားရာ ထိုစကားကို ကြားသည်နှင့် ချက်ချင်း ထွက်လာခဲ့လေ၏။

 

လီထုန်ကျိုးက သူ့ကို အပြင်ဘက်သို့ လိုက်ပို့ပေးသည်။ လမ်းတွင် သူ၏ မျက်နှာရိပ်မျက်နှာကဲကို လိုက်ကြည့်နေပြီး တစ်ခုခု ပြောရန် တုံ့ဆိုင်းနေ၏။

 

ကော်ကျင်းယွီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အရင်ဆုံး စကားစလိုက်သည်။

 

“မင်း ငါ့ကို လာနှစ်သိမ့်ပေးနေစရာ မလိုဘူး… ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး… ငါက မင်းအဖေကို ကြည့်မရတာပဲ ရှိတာ…”

 

“ငါ သူ့ကိုယ်စား မင်းကို တောင်းပန်ပါတယ်…”

 

ကော်ကျင်းယွီက သူ့ကို ခပ်တိုးတိုး မေးလိုက်၏။

 

“မင်းက ဘာလို့ တောင်းပန်နေရမှာလဲ… သူ့ဆက်ဆံပုံ မကောင်းတာက မင်းနဲ့ ဘာဆိုင်လို့လဲ… သူ အိမ်မှာ မင်းနဲ့ အန်တီ့ကို လက်ပါပြီး ရိုက်ဖူးလား…”

 

လီထုန်ကျိုးက ခေါင်းခါပြလိုက်ပြီး ဖြေ၏။

 

“ဟင့်အင်း…”

 

ကော်ကျင်းယွီက ပြောလိုက်သည်။

 

“မရှိရင် တော်သေးတာပေါ့… ငါ မင်းကို ပြောမယ်… မင်းအဖေဘက်က အကြမ်းဖက်လာရင် မင်း ချက်ချင်း ရဲတိုင်လိုက်… စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ရင်လည်း မရဘူးနော်… ကြားလား… တစ်ခါတလေ စကားတစ်ခွန်းနှစ်ခွန်းကလည်း လူတစ်ယောက်ကို သေစေနိုင်တယ်…”

 

သူက ခေါင်းမော့ကာ လီထုန်ကျိုး၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူက ခေါင်းညိတ် သဘောတူလိုက်ကာ ဘာမှ ပုံမှန်မဟုတ်သည့် အမူအရာ မရှိသည်ကို မြင်မှသာ အနည်းငယ် စိတ်အေးသွားတော့၏။

 

“မင်း ပုံမှန်ဆိုရင်လည်း အန်တီနဲ့ စကားများများ ပြောပေး… သူမ့ရင်ထဲမှာ တစ်ခုခု ဖြစ်နေရင်တောင် ပြောပြလို့ရမယ့်သူ ရှိတာပေါ့… အဲ့တော့ ကူပြီး အကြံပေးလို့လည်း ရတာပေါ့…”

 

“အေးပါ… ငါ မှတ်ထားပါ့မယ်… အမေ အိမ်မှာရှိတဲ့ အချိန်ကျရင် ငါ သေချာ မေးကြည့်လိုက်မယ်…”

 

ထိုအခါမှသာ လီထုန်ကျိုး၏ အမေမှာ အိမ်တွင် ရှိသည့်အချိန် နည်းပါးလှကြောင်း ကော်ကျင်းယွီ သတိရသွား၏။

 

ကျန်းမင်က မိန်းမကောင်း တစ်ယောက်ဖြစ်ပြီး အလုပ်ကို ကြိုးစားပမ်းစား လုပ်ကိုင်ကာ မိသားစုနှင့် အလုပ်ကို အတတ်နိုင်ဆုံး မျှတအောင် ထိန်းကျောင်းနေရသဖြင့် မလွယ်ကူလှပေ။

 

 

Chaapter 30 ended

 

 

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

ငယ်ရွယ်မှုဆီသို့ ပြန်သွားခြင်း

Status: Ongoing Type: Author: Released: 2020

Description

 

ဇူလိုင်လ၏ ချွေးတပြိုက်ပြိုက်ကျလောက်အောင် အိုက်စပ်ပူလောင်လှသော ရာသီဥတုကြီးထဲတွင် လူတွေ ပြည့်ကျပ်ညပ်နေသော စာသင်ခန်းကြီးထဲက ကျောင်းသားများသည် ဆက်တိုက်ဆိုသလို စာမေးပွဲဆိုသည့် ဖိအားများအောက်၌ အသက်ပင် ဝဝမရှူရဲကြရှာချေ။

 

ကော်ကျင်းယွီတစ်ယောက် ချွေးစေးလေးတွေ ပြန်နေလျက်ကနေ မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာ ထိုင်နေသည့် ကျောပြင်လေးကို မြင်လိုက်ရ၏။

 

ထိုကျောပြင်လေးက အမြဲတမ်း မတ်မတ်လေး ဖြစ်သည်။ ကျောင်းဝတ်စုံအောက်က ရှပ်အင်္ကျီဖြူလေးဆီမှ ဆပ်ပြာနံ့ သင်းသင်းလေးက ရနေတတ်ပြီး ဆံပင်စလေးတွေကလည်း သပ်သပ်ရပ်ရပ် ရှိလှသည်။ ထို့ပြင် စာရေးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် တည်ငြိမ်သော ခဲတံခြစ်သံ တရှပ်ရှပ်ကိုလည်း ကြားနေရ၏။

 

ကော်ကျင်းယွီသည် ရင်ထဲက အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး ရယ်သံလွင်လွင်လေးနဲ့အတူ သူ့ရှေ့ကလူကို ဘောပင်နဲ့ နှစ်ချက်လောက် ဖွဖွလေး ထိုးလိုက်သည်။ ထို့နောက် တိုးတိုးလေး ခေါ်လိုက်၏။

 

"လီထုန်ကျိုး..."

 

ရှေ့ကလူက ခဏလောက် တန့်သွားသည်။ ဘာသံမှ ထွက်မလာသော်လည်း လက်တစ်ဖက်ကိုတော့ သူ့နောက်ကျောဘက်ဆီ ဆန့်ထုတ်ပေးလာ၏။

 

ကော်ကျင်းယွီက စားပွဲခုံပေါ် မှောက်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးလေးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်သည့်အခါ တစ်ဖက်လူက သူ့လက်လေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်လာခဲ့သည်။

 

ဆယ်ကျော်သက်အရွယ်ရဲ့ ပြင်းပြတဲ့ အချစ်တွေကြားမှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသူပါပဲ...

 

****

 

တိတ်ဆိတ်ပြီး အစွဲအလမ်းကြီးတဲ့ ကုန်း X တက်ကြွရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော ရှို့

 

=====

     

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset