Chapter 60
မလှမ်းမကမ်းတွင်ရှိသော လီယွီသည် ထိုလူနှစ်ယောက် အီစီကလီစီ ဖြစ်နေသည်ကို ကြည့်ပြီး သူ့ပန်းကန်ထဲမှ ဝက်လက်ပင် အရသာမရှိတော့ဟု ခံစားလိုက်ရသည်။ တစ်ယောက်က ထိုင်နေပြီး၊ တစ်ယောက်က ဒူးထောက်ကာ ပေါင်ပေါ်တွင် မေးတင်လျက် တစ်စုံတစ်ခုကို ပျော်ရွှင်စွာ ပြောဆိုနေသည်။ ထိုင်နေသူက ဒူးထောက်နေသူ၏ နှာခေါင်းလေးကို ဆွဲလိုက်၊ ပြုံးလိုက်၊ သစ်သီး ခွံ့ကျွေးလိုက်နှင့်…
Single လေးတွေကို သနားကြပါဦး!!
ပြောတော့ မင်းသားကြီးက သန့်ရှင်းရေး ကြောင်တယ်ဆို? ရေတောင် လက်အိတ်စွပ်ပြီး သောက်တဲ့လူက အခုကျတော့ ခက်ရင်းကို အတူတူ သုံးပြီး ပန်းပွင့်လေးလို ပြုံးဖြီးနေတယ်ပေါ့လေ?!
ရည်းစားရှိတာများ အထင်ကြီးစရာ မှတ်နေလား?
လီယွီသည် ဒေါသထွက်လွန်း၍ ဝက်လက်ကို ခက်ရင်းဖြင့် ထိုးစိုက်လိုက်ပြီး ပြန်ရောက်ရင် ရည်းစားရှာပြီး လူတိုင်းကို ပြန်ကြွားပစ်မယ်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
တခြားတစ်ဖက်တွင်မူ ဖေးလုသည် အသုပ်ပန်းကန်ကို သိမ်းဆည်းလိုက်ပြီး လှည့်ကြည့်လိုက်တော့ မုရှို့မှာ ပင်ပန်းလွန်း၍ အိပ်ပျော်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။
ဖေးလုသည် မုရှို့၏ဗိုက်ပေါ်သို့ စောင်ပါးလေး တစ်ထည် လွှမ်းပေးလိုက်ပြီး ပန်ကာကို လေအေးအေးလေးရအောင် လျှော့ပေးလိုက်သည်။ ပြီးနောက် ဘေးတွင် တိတ်ဆိတ်စွာ ထိုင်စောင့်ရင်း Weibo ပွတ်နေတော့သည်။
[မုရှို့ : ပင်ပန်းလို့ အိပ်ပျော်သွားပြီ။ (ပုံ)]
Weibo ပုံတွင် မုရှို့၏ အိပ်ပျော်နေသော မျက်နှာကို ရိုက်ထားခြင်း ဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကို ဝါးထားသည်။ ဓာတ်ပုံထဲတွင် မုရှို့၏ကောက်ကွေးနေသော ဆံပင်များနှင့် အနည်းငယ် နွမ်းနယ်နေသော မျက်နှာကိုသာ တွေ့မြင်ရသည်။
[… အမြဲတမ်း ရုတ်တရက် ကျွေးတဲ့ ခွေးစာကို ရှောင်လို့မရပါလား… အသည်းကျော်လေးရေ… သနားပါဦး]
[ဝါး… ငါ့ရဲ့မင်းသားက ရှယ်မိုက်တာပဲ… ဒီလောက် တောဆန်တဲ့ ဆံပင်ပုံစံနဲ့တောင် ကြည့်ကောင်းနေတုန်း]
[အသည်းကျော်လေး… မင်းယောက်ျား အိပ်နေတုန်း ခိုးရိုက်ရင် ညကျ အလုပ်ခံရလိမ့်မယ်နော် :)]
[ညကျ အလုပ်ခံရလိမ့်မယ် +1008611]
[……]
ဖေးလုသည် ပျော်ရွှင်စွာ Weibo ပွတ်နေပြီး ပြန်သတိဝင်လာချိန်တွင် ဘေးနားမှ မုရှို့မှာ နိုးနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ မုရှို့သည် သူ၏ဖုန်းကို နားလည်ရခက်သော အကြည့်ဖြင့် ကြည့်နေလေသည်။
ဖေးလုသည် လိပ်ပြာမလုံ ဖြစ်သွားပြီး ဖုန်းကို အနောက်သို့ ကမန်းကတန်း ဝှက်လိုက်သည်။
“နိုး… နိုးပြီလား…”
“အင်း”
မုရှို့၏မျက်ဝန်းများတွင် အပြုံးရိပ်များ သန်းနေသည်။သူသည် ဖေးလု၏အနားသို့ တိုးကပ်ပြီး နှစ်ယောက်တည်း ကြားရုံ လေသံဖြင့် ပြောလေသည်။
“ညကျမှ ဒီယောင်္ကျားက မင်းကို အသေဆော်မယ်…”
“…”
ဖေးလု၏မျက်နှာတစ်ခုလုံး ပေါက်ကွဲထွက်မတတ် နီရဲသွားသည်။ ကျောရိုးတစ်လျှောက် လျှပ်စီးကြောင်း ဖြတ်စီးသွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးလည်း တုန်တက်သွားသည်။ မုရှို့သည် သူ၏တုံ့ပြန်မှုလေးကို သဘောကျစွာ ကြည့်ပြီး နားသန်သီးလေးကို ဆွဲကာ ပြောလိုက်သည်။
“လိမ္မာတယ်… စောင့်နေနော်”
မုရှို့ ရိုက်ကွင်းထဲ ဝင်သွားသည်အထိ ဖေးလုရဲ့မျက်နှာပေါ်မှ အပူရှိန်က မကျသေးပေ။ ဖေးလုသည် ပါးကို တဖျောင်းဖျောင်း ရိုက်လိုက်ပြီး အခုထိ အပြောမခံနိုင်သေးသော ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတော့သည်။
……
ညဘက် ဟိုတယ်သို့ ပြန်ရောက်သောအခါ မုရှို့သည် သူ၏ကတိကို တကယ် တည်လေသည်။
မုရှို့၏ကြီးမားသော ခန္ဓာကိုယ်သည် ဖေးလုကို လွှမ်းမိုးထားသည်။ ကောက်ကွေးနေသော ဆံပင်များသည် ချွေးများဖြင့် စိုရွှဲနေပြီး နဖူးပေါ်တွင် ကပ်နေသည်မှာ ပို၍ပင် ဆွဲဆောင်မှု ရှိနေသည်။
ဖေးလုတစ်ယောက် ရင်တွေ တဒုန်းဒုန်း ခုန်နေလေသည်။ သူသည် လက်နှစ်ဖက်ဖြင့် မုရှို့၏လက်မောင်းကို တွန်းထားသော်လည်း အားမပါဘဲ ပျော့ခွေနေသဖြင့် “ငြင်းသလိုလို လက်ခံသလိုလို” ပုံစံ ဖြစ်နေတော့သည်။
“အသည်းလေး…”
မုရှို့၏အသံမှာ အက်ကွဲနေပြီး ဖေးလု၏ပါးပြင်ကို နှာခေါင်းဖြင့် ပွတ်သပ်လိုက်သည်။
“ယောင်္ကျားလို့ ခေါ်လိုက်… ဒါဆို မင်းကို ဖြည့်ဆည်းပေးမယ်”
ဖေးလု မျက်လုံးပြူးသွားပြီး မုရှို့ကို မျက်တောင်မခတ် ကြည့်နေမိသည်။ ထို့နောက် ညှို့ယူဖမ်းစားခံလိုက်ရသလို သူ့ပါးစပ်ကနေ အလိုအလျောက် ထွက်လာတော့သည်။
“… ယောင်္ကျား…”
မုရှို့၏မျက်လုံးများ အရောင်ပြောင်းသွားသည်။ သူသည် ဖေးလု၏မျက်ခုံးကြားကို ဖွဖွလေး နမ်းလိုက်ပြီး ချီးကျူးလိုက်သည်။
“လိမ္မာလိုက်တာ”
ထို့နောက်တွင်တော့ မုန်တိုင်းထန်သော တိုက်ပွဲ စတင်လေတော့သည်။
*******
မုရှို့ ရောက်ရှိလာသဖြင့် ရိုက်ကူးရေးအဖွဲ့၏ စွမ်းဆောင်ရည်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ နှစ်လအတွင်း ပထမပိုင်း ရိုက်ကူးရေး ပြီးစီးသွားပြီး ဒုတိယပိုင်းသို့ ကူးပြောင်းလာခဲ့သည်။
ဒုတိယပိုင်းသည် လုဖုန်း၏ပျက်စီးယိုယွင်းလာမှုနှင့် ရုန်းကန်ရမှုများ ဖြစ်သည်။ ဟောင်ကောင်၏ အမှောင်ဘက်ခြမ်းသည် သူ ထင်ထားသည်ထက် ပိုမို ညစ်ပတ်နေသည်။ လူငယ် ရဲသားလေးသည် စမ်းသပ်မှုပေါင်းများစွာကို ကြုံတွေ့ပြီးနောက် နောက်ဆုံးတွင် တုမိသားစုထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ရွှံ့နွံများနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။
ဖြူစင်သော နှလုံးသားသည် ညစ်ပေသွားပြီး ယုံကြည်ချက်များလည်း ပြိုလဲစပြုလာသည်။ အမှောင်ထုထဲတွင် ပိုမို နက်ရှိုင်းစွာ နစ်မွန်းလာပြီး လမ်းပျောက်နေချိန်တွင် ရဲတပ်ဖွဲ့နှင့် အဆက်အသွယ် ဖြတ်လိုက်တော့သည်။
ယခုအချိန်တွင် လုဖုန်းသည် ဟောင်ကောင်သို့ စရောက်လာသော လူငယ်လေး မဟုတ်တော့ပေ။ ပူးပေါင်းကြံစည်မှုများနှင့် သွေးစွန်းမှုများက သူ့ကို ရင့်ကျက်သော ယောင်္ကျားတစ်ယောက် ဖြစ်လာစေခဲ့သည်။ ကောက်ကွေးနေသော ဆံပင်များသည် ဖြောင့်စင်းသွားပြီး ခေါင်းလိမ်းဆီဖြင့် အနောက်သို့ သပ်ရပ်စွာ ဖီးသင်ထားသည်။
ဈေးကြီးသော ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ကျောကို မတ်မတ်ထားကာ လက်စွပ်ကို လှည့်ကစားနေသည့် ပုံစံသည် အုပ်စုကွဲနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ထက်ရှနေသည်။
၎င်းမှာ ထွက်ပေါက်မရှိတော့သော စွန့်စားရမှုကို ဖော်ပြနေ၏။
မုရှို့၏သရုပ်ဆောင်စွမ်းရည်မှာ အလွန် ကောင်းမွန်လှသည်။ ကင်မရာများ ဝိုင်းရံထားပြီး နောက်ခံကားချပ်များသာ ရှိနေလျှင်တောင် ပရိသတ်ကို ဇာတ်လမ်းထဲ ဆွဲခေါ်သွားနိုင်စွမ်း ရှိသည်။ ဥပမာ – ဖေးလု ဆိုပါစို့။
ဖေးလုသည် မုရှို့၏ပုံစံကို ကြည့်ပြီး ရင်နာလွန်း၍ သေလုမတတ် ဖြစ်နေသည်။ ရိုက်ကွင်းဖြစ်နေသည်ကိုသာ သတိမရလျှင် ပြေးဖက်ပြီး နှစ်သိမ့်ပေးမိမှာ သေချာသည်။
ထိုအချိန် ဘေးနားမှ အလိုက်ကမ်းဆိုးမသိသော တစ်ယောက်က ကပ်လာပြီး စကားစလေသည်။
“အယ်… ဝမ်စုရေ… မင်းက မင်းသားနဲ့ စေ့စပ်ပြီးပြီပဲ… ဘာလို့ ရိုက်ကွင်းလိုက်လာသေးတာလဲ? ဒါက လက်ထောက် အလုပ်လေ”
ထိုလူမှာ လာရစ်တာမှန်း သိသာလှသည်။ ဖေးလုသည် မျက်နှာထားကို ချက်ချင်း ပြင်လိုက်ပြီး မုရှို့၏မျက်နှာထားအတိုင်း အေးစက်စွာဖြင့် ထိုလူကို အပေါ်အောက် စုန်ဆန်ကြည့်လိုက်သည်။ ပြီးနောက် ညစ်ပတ်သော အရာကို မြင်လိုက်ရသကဲ့သို့ မျက်မှောင်ကြုတ်ကာ တခြားနေရာသို့ ရွှေ့သွားလိုက်သည်။
လာရစ်သူ : “…”
ဖေးလုသည် ထိုလူများနှင့် စကားပြောပြီး အချိန်ကုန် မခံချင်ပေ။ တိတ်ဆိတ်သော နေရာသို့ ပြောင်းရွှေ့ပြီး ကိုယ့်ယောင်္ကျားကိုသာ ဆက်လက် ငေးမောနေလိုက်သည်။
တစ်ဖက်တွင် ရှိနေသော ကျောက်ဝမ်သည် ဖေးလု၏ပုံစံကို ကြည့်ပြီး ရယ်လိုက်သည်။ သူမသည် သကြားရည် တစ်ပန်းကန်ကို ယူပြီး ဖေးလုကို ပေးလိုက်သည်။
“ဟိုလူက မင်းကို ဘာပြောသွားတာလဲ?”
ဖေးလုသည် လူရင်းကို မြင်လိုက်ရသဖြင့် ပြုံးပြလိုက်ပြီး သကြားရည်ကို ယူသောက်လိုက်သည်။
“ဘာပြောရမှာလဲ… သွေးထိုးတဲ့ စကားတွေပေါ့”
ကျောက်ဝမ်သည် မျက်နှာပျက်နေသော ထိုလူကို လှမ်းကြည့်လိုက်ပြီး ဖေးလုကို သတိပေးလိုက်သည်။
“သူက Flying Fish Entertainment ကပဲ… ဟိုရက်ပိုင်းက Flying Fish မင်းသမီးလော့ရှန်ရှန်နဲ့ တော်တော် ရင်းနှီးနေတာ တွေ့တယ်”
ဆိုလိုချင်တာကတော့ ရှင်းသည်။ မင်းရဲ့ပြိုင်ဘက်က လူလွှတ်ပြီး ပြဿနာရှာခိုင်းနေတာ… သတိထား။
သကြားရည်က ချိုမြိန်နေသဖြင့် ဖေးလု မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလိုက်သည်။
“ဂရုမစိုက်ပါဘူး… သူ ပြဿနာရှာရဲရင် မုရှို့က သူ့ကို ဆုံးမလိုက်မှာ”
“ဒါနဲ့… မမကျောက်ဝမ်… ဒီသကြားရည်က ဘယ်လိုလုပ်ရတာလဲ? သောက်လို့ ကောင်းလိုက်တာ”
မုရှို့က အချိုကြိုက်သည်။ ဖေးလုက မုရှို့ကို လုပ်ကျွေးချင်လို့ မေးလိုက်ခြင်း ဖြစ်သည်။
ကျောက်ဝမ်က ရယ်လိုက်သည်။
“ကြိုက်ရင် ပိုထည့်ပေးလိုက်မယ်လေ… ဟိုတယ်ကို ပြန်ယူသွားလိုက်”
ဖေးလုက မုရှို့ရှိရာဘက်သို့ မေးငေါ့ပြလိုက်သည်။
“မုရှို့အတွက် လုပ်ကျွေးမလို့… သူက သူများလုပ်တာ မစားဘူး”
ကျွန်တော် လုပ်တာပဲ စားတာလေ~
“…”
ကျောက်ဝမ်သည် ခွေးစာကို မနည်း မျိုချလိုက်ရပြီး အပြုံးတုကြီးဖြင့် ပြောလိုက်သည်။
“အေးပါ… ငါ ချက်နည်း ပို့ပေးလိုက်မယ်… လွယ်ပါတယ်”
“ကျေးဇူးပါ မမကျောက်ဝမ်”
……
ရိုက်ကူးရေး ပြီးဆုံးပြီး ဟိုတယ်သို့ ပြန်ရောက်သောအခါ မုရှို့သည် ဖေးလုကို ပွေ့ချီလိုက်သည်။
“လီယွီရဲ့လက်ထောက်နဲ့ ဘာတွေပြောပြီး သဘောကျနေတာလဲ?”
ဖေးလုသည် လိမ္မာစွာဖြင့် မုရှို့၏ခါးကို ခြေထောက်ဖြင့် ချိတ်လိုက်ပြီး နှာခေါင်းကို ကိုက်လိုက်သည်။
“ခင်ဗျား သဝန်တိုနေတာလား?”
“အင်း…”
မုရှို့သည် ဖေးလုကို နံရံတွင် ကပ်လိုက်ပြီး သူ့လက်ချောင်းများက အင်္ကျီအောက်သို့ တိုးဝင်သွားသည်။
ဖေးလုသည် ယားတတ်သော နေရာကို ကိုင်ခံလိုက်ရသဖြင့် ရယ်မောရင်း မျက်ရည်များပင် ထွက်လာသည်။သူသည် မုရှို့၏နားရွက်ကို ဆွဲပြီး ရုန်းကန်နေတော့သည်။
ရိုမန့်တစ်ဆန်နေသော လေထုကြီးမှာ ပျက်စီးသွားလေပြီ!
မုရှို့သည် အပြစ်ပေးသည့်အနေဖြင့် ဖေးလု၏တင်ပါးကို ညှစ်လိုက်သည်။ ပြီးနောက် ဆိုဖာပေါ်သို့ ပွေ့ချီသွားပြီး ပေါင်ပေါ် တင်ထားလိုက်သည်။ ဖေးလုသည် မုရှို့၏လည်ပင်းကို ဖက်ပြီး ရင်ခွင်ထဲတွင် ပျင်းရိစွာ မှီလိုက်သည်။
“စတာပါဗျာ… မမကျောက်ဝမ်ကို သကြားရည် လုပ်နည်း မေးနေတာပါ။ သူလုပ်တဲ့ သကြားရည်က သောက်လို့ အရမ်းကောင်းတယ်”
မုရှို့သည် ဖေးလုကို နမ်းလိုက်ပြီး ကပ်နေသော နှုတ်ခမ်းနှစ်လွှာကြားမှတဆင့် ဝါးတားတား ပြောလိုက်သည်။
“သကြားရည် စားစရာ မလိုပါဘူး… မင်းကို စားရင်ကို ရပြီ…”
ဘယ်သကြားရည်ကမှ မင်းလောက် မချိုဘူး…
++++++++
စက်တင်ဘာလလယ်သို့ ရောက်သောအခါ “လူဆိုး” ဇာတ်ကားသည် ပြီးခါနီးပြီ ဖြစ်သည်။ နောက်ဆုံး တစ်ပိုင်းသာ ရိုက်ကူးရန် ကျန်တော့သည်။
လုဖုန်း ဟောင်ကောင်သို့ ရောက်ရှိလာသည်မှာ ၅ နှစ် ရှိပြီ ဖြစ်သည်။ နုံအသော လူငယ်လေးမှ ယခုပုံစံ ဖြစ်လာသည်အထိ ပွတ်တိုက်ချောမွတ်ခြင်း ခံခဲ့ရသည်။ အမှောင်ထဲတွင် နစ်မွန်းနေသော်လည်း ပညာတတ်တစ်ယောက် ဖြစ်သဖြင့် အသိစိတ်က လက်မခံနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းနှင့် လုံးဝ ပျက်စီးယိုယွင်းပျက်စီးခြင်းအကြားတွင် နေ့စဉ် ရုန်းကန်နေရသည်။
ကျိချင်း ပေါ်လာခြင်းသည် သူ့အတွက် အပြောင်းအလဲ တစ်ခု ဖြစ်လာသည်။
လုဖုန်းနှင့်ကျိချင်းတို့၏ဇာတ်ဝင်ခန်းများတွင် ကျိချင်း ပါဝင်မှုသည် သိပ်မများလှပေ။ သို့သော် ကျိချင်း ပါဝင်လာသည့်အခန်းတိုင်းတွင် အရောင်အဆင်းများသည် နွေးထွေးတောက်ပနေပြီး မျှော်လင့်ချက် ရောင်ခြည်များ သမ်းနေလေ့ ရှိသည်။
ကျိချင်းသည် လုဖုန်းအတွက် ကယ်တင်ရှင်ဖြစ်သည်။
မိသားစု သံယောဇဉ်ဟု ပြောရအောင်လည်း ကျိချင်း၏နေရခက်သော အနေအထားနှင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် မိသားစုထက် ပို၍ နက်ရှိုင်းနေပြီး ချစ်သူရည်းစား အဆင့်သို့လည်း မရောက်သေးသော အနေအထား ဖြစ်သည်။ ထိုကဲ့သို့ ဝါးတားတား ခံစားချက်နှင့် ဝမ်းနည်းစရာ ဇာတ်သိမ်းတို့ ပေါင်းစပ်လိုက်သောအခါ လက်ရှိ ခေတ်မီသော အွန်လိုင်းခေတ်တွင် လူငယ်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။
မုရှို့နှင့်ဖေးလုသည် ကုလားထိုင်ရှည်ကြီး တစ်လုံးပေါ်တွင် အတူတူ ထိုင်ပြီး တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။ ရင်းနှီးသော အပြုအမူကို မလုပ်သော်လည်း သူတို့နှစ်ဦးကြားတွင် အခြားသူများ ဝင်ရောက်၍ မရနိုင်သော အတားအဆီး တစ်ခု ရှိနေသကဲ့သို့ ဖြစ်နေသည်။
ဒါရိုက်တာချန်ပင်းသည် ခဏလောက် တွန့်ဆုတ်စွာ စောင့်နေသော်လည်း သူတို့နှစ်ဦးက စကားစ ပြတ်မည့်ပုံ၊ မော့ကြည့်မည့်ပုံ မပေါ်သဖြင့် မျက်နှာပြောင်တိုက်ပြီး အနားသို့ သွားကာ ချောင်းဟန့်လိုက်ရသည်။
ထိုမှသာ နှစ်ယောက်သား မော့ကြည့်လာကြသည်။ ချန်ပင်းဖြစ်နေမှန်း သိလိုက်ရသဖြင့် မုရှို့၏သဘောထားမှာ နည်းနည်း ကောင်းသွားသည်။
“ဘာကိစ္စလဲ?”
ချန်ပင်းသည် နှာခေါင်းကို ပွတ်လိုက်ပြီး အားနာစွာ ပြောလေသည်။
“အခုလေးတင် ဖုန်းဝင်လာတယ်… ကျိချင်းနေရာမှာ ရိုက်မယ့်မင်းသားက ကားအက်ဆီးဒင့်ဖြစ်လို့တဲ့… အခု ဆေးရုံမှာ အရေးပေါ် ကုသနေရတယ်”
မုရှို့ မျက်မှောင်ကြုတ်လိုက်သည်။
“လူစားထိုးဖို့ ရှာပြီးပြီလား?”
“ဘယ်လွယ်မလဲကွာ…”
ချန်ပင်းသည် ခါးသက်သက် ပြုံးလိုက်သည်။
“ကျိချင်းရဲ့ကာရိုက်တာက ဖြူစင်ရမယ်… အသက်ငယ်ရမယ်။ အနုပညာလောကထဲ ကြာနေတဲ့သူတွေက အဲဒီလိုပုံစံမျိုး သရုပ်ဆောင်ဖို့က ခက်တယ်။ သရုပ်ဆောင်နိုင်တဲ့လူကျတော့လည်း အသက်ကြီးနေပြန်ရော”
ချန်ပင်းသည် သတင်းကြားကြားချင်း စိတ်ညစ်သွားခဲ့သည်။ ရုတ်တရက် အစားထိုးလို့ ရနိုင်မည့် လူတစ်ယောက်ကို သတိရသွားလို့သာ မျက်နှာပြောင်တိုက်ပြီး မုရှို့ဆီ ရောက်လာခြင်း ဖြစ်သည်။
“ချူးဟုန်ကို ရှာခိုင်းလိုက်မယ်… ကျန်တဲ့ အခန်းတွေ အရင်ရိုက်ထားလိုက်”
ချန်ပင်းသည် လက်သီးကို ဆုပ်ပြီး ချောင်းဟန့်လိုက်သည်။ သူသည် လိပ်ပြာမလုံ ဖြစ်နေသော်လည်း ထုတ်ပြောလိုက်သည်။
“တကယ်တော့… အဆင်ပြေမယ့်လူ တစ်ယောက်တော့ ရှိတယ်… မင်း သဘောတူမလား ဆိုတာပဲ ရှိတာ…”
Chapter 60 ended