Chapter 62
နောက်ဆုံးစာသင်ပတ်၏ စာမေးပွဲအားလုံး ပြီးဆုံးသွားသည့်အခါ နှစ်သစ်ကူးအကပွဲသည်လည်း သတ်မှတ်ထားသည့်အတိုင်း ရောက်ရှိလာခဲ့သည်။
စိန့်စတန်ကျောင်းသည် အားလပ်ရက်မတိုင်မီ ပျော်ရွှင်မှုများဖြင့် လွှမ်းခြုံနေခဲ့ပြီး ဆရာများသည် မကြာမီ အားလပ်ရက်ရတော့မည့် ကျောင်းသားများကို အတန်းထဲတွင် စကားပြောခွင့်၊ အိပ်ခွင့်များပေးကာ နောက်ဆုံးရက်အနည်းငယ်ကို လွတ်လပ်ခွင့်ပေးထားခဲ့၏။
အကပွဲမစမီ နံနက်ခင်းတွင် ကျောင်းလုံးကျွတ်စည်းဝေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ကျောင်းအုပ်ကြီးနှင့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၏ နှစ်နာရီကြာ မိန့်ခွန်းပြောကြားမှုများအကြားတွင် သီချင်းဆိုခြင်းကဲ့သို့သော ဖျော်ဖြေရေးအစီအစဉ်အချို့ကို ရံဖန်ရံခါ ထည့်သွင်းထားသဖြင့် ငြီးငွေ့ဖွယ်ကောင်းလောက်အောင်တော့ မဆိုးလှပေ။
ရှန်းရှုထင် စင်ပေါ်သို့တက်လာသည့်အခါတွင် ပတ်ဝန်းကျင်မှလူများ၏ စိတ်အားထက်သန်စွာ အားပေးသံများကို ကျန့်ချီ ရှင်းလင်းစွာ ခံစားမိနိုင်၏။ ဘေးတွင်ထိုင်နေသော ကျန်းယန်သည် သူ့နားသို့ကပ်ကာ မှတ်ချက်ပေးလိုက်သည်။
“ဒီလိုကြည့်တော့ သူက တကယ့်မင်းသားလေးအတိုင်းပဲ”
ကျန့်ချီသည် ထိုခေါ်ဝေါ်ပုံကြောင့် မရယ်ဘဲမနေနိုင်ဖြစ်သွားပြီး စင်ပေါ်တွင် မိန့်ခွန်းပြောနေဆဲဖြစ်သော ရှန်းရှုထင်ကို ကြည့်ကာ တွေးလိုက်သည်။
“အရမ်းကိုက်ညီတယ်”
ကျန်းယန်က အနည်းငယ်မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောသည်။
“ပထမနှစ်ကတည်းက သူ့ကို HS မှာ မင်းသားလေးလို့ နာမည်ပြောင်ပေးကြတာ။ ရုပ်ရည်ကတော့ ကိုက်ညီပါတယ်၊ ဒါပေမဲ့ စိတ်ဓာတ်ကတော့ မင်းသားလေးရဲ့ မိထွေးဆိုးကြီးအတိုင်းပဲ။ ကြီးလာရင်တော့ ဒီနာမည်ပြောင်ကို ဘယ်သူမှခေါ်ရဲတော့မှာ မဟုတ်ဘူး”
ဤမျက်နှာဖြင့် စက်ဆုပ်ရွံရှာဖွယ်အမူအရာ ပြုလုပ်လိုက်သည့်ပုံစံကို ကျန့်ချီ အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးဖြစ်ရာ စိတ်ထဲတွင် မြင်ယောင်ကြည့်နိုင်ပေသည်။
ညနေစောင်းချိန်သို့ရောက်သည့်အခါ ချွမ်လင်ကျောင်းဝင်းထဲတွင် ညနေခင်းဝတ်စုံများဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့် လူငယ်များနှင့် လှပသည့်အမျိုးသမီးငယ်များ အဆက်မပြတ် ရပ်နားလာသော ကားများပေါ်မှ ဆင်းလာကြသည်။ မိန်းကလေးများ၏ သင်းပျံ့သော ရေမွှေးရနံ့နှင့် နူးညံ့သော ရယ်မောသံတို့သည် စိန့်စတန်ကျောင်းတော်ကြီးတစ်ခုလုံးကို တဖြည်းဖြည်းလွှမ်းခြုံသွား၏။ လူတိုင်း၏ ရင်ထဲတွင် အောင်းထားရသော ပျော်ရွှင်လိုစိတ်လေးများသည် သာယာငြိမ့်ညောင်းသော စန္ဒယားသံစဉ်များကြားတွင် ပိုးအိမ်ထဲမှ လိပ်ပြာလေးများ ပွင့်အန်ထွက်လာသကဲ့သို့ တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။
ကျန့်ချီသည် ဝတ်စုံအဖြူကို လဲလှယ်ဝတ်ဆင်လိုက်၏။ အပြင်ဘက်တွင် စောင့်နေသော ကျန်းယန်သည် အထူးတလည် ဆံပင်ပုံစံသွင်းထားပြီး သူ၏ဂျုံစေ့ရောင်အသားအရေသည် အဖြူရောင်ဖျော့ဖျော့ဝတ်စုံနှင့် ပို၍ပင် နေရောင်ခြည်ကဲ့သို့ တောက်ပကျန်းမာသောအသွင်ကို ဆောင်နေသည်။ သူသည် ခေါင်းငုံ့ကာ သော့ခတ်နေသော ကျန့်ချီကို ကြည့်လိုက်ပြီး အနည်းငယ်အံ့အားသင့်စွာဖြင့် ‘ဟင်’ ဟု အသံပြုလိုက်သည်။
“မင်း အဲ့ဒီညနေခင်းဝတ်စုံကို မဝတ်ဘူးလား”
ကျန့်ချီ၏ လက်ထဲမှလှုပ်ရှားမှုသည် တစ်ခဏမျှ ရပ်တန့်သွား၏။ သူသည် သော့ကို အိတ်ကပ်ထဲသို့ထည့်ကာ ခန်းမဆောင်ဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။
“မဝတ်ဘူး”
ထို့နောက် ဆက်လက်ရှင်းပြခြင်းမရှိတော့ပေ။
ကျန်းယန်သည် ဘာကိုဆိုလိုမှန်း နားမလည်နိုင်ဖြစ်ကာ နှာခေါင်းကိုပွတ်သပ်လိုက်၏။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်စဉ် သူ၏မျက်လုံးများက အရောင်တောက်သွားပြီး ရှေ့ဘက်သို့ လက်ပြကာ လှမ်းခေါ်လိုက်သည်။
“ဝမ်ချွမ်!”
ပတ်ဝန်းကျင်မှလူများ လှည့်ကြည့်လာကြသော်လည်း ကျန်းယန်သည် ဂရုမစိုက်ဘဲ လက်ဝှေ့ယမ်းပြနေဆဲဖြစ်ရာ ကျန့်ချီ၏အကြည့်များသည်လည်း မလွှဲမရှောင်သာ ထိုဘက်သို့ ဆွဲဆောင်သွားခြင်းခံလိုက်ရသည်။
ညနေစောင်းချိန်ဖြစ်သဖြင့် မီးခိုးရောင်သန်းနေသော ကောင်းကင်အောက်၊ ခန်းမဆောင်အပြင်ဘက်တွင် ရပ်နေသော ဝမ်ချွမ်သည် သာမန်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် ထိုနေရာတွင် ဘာမှမလုပ်ဘဲ ရပ်နေရုံမျှဖြင့် မိန်းကလေးအများအပြား၏ တီးတိုးစကားပြောဆိုခြင်းကို ခံနေရသည်။ သူသည် ပိုးသားကဲ့သို့နက်မှောင်သော ဆံပင်ရှည်များကို နောက်တွင်စုစည်းထားပြီး ပရမ်းပတာကျနေသော ဆံစအချို့က သူ၏ဖြူဖွေးသောမျက်နှာဘေးတွင် ဝဲကျနေ၏။
ကျန်းယန်၏အသံကိုကြား၍ ကျန့်ချီဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏တည်ငြိမ်သောအကြည့်များသည် အနည်းငယ်လှုပ်ခတ်သွားသည်။ ထိုလှုပ်ခတ်မှုက အလွန်သဲ့သဲ့မျှသာဖြစ်သဖြင့် ကျန့်ချီ သူ၏ရှေ့သို့ရောက်သွားသည့်အခါတွင် မည်သည့်ထူးခြားမှုကိုမှ မမြင်တွေ့နိုင်တော့ချေ။
ကျန်းယန်က ရှေ့သို့တိုးကာ နောက်ပြောင်လိုက်သည်။
“မင်းဘာလို့ အရင်မဝင်သွားတာလဲ။ ငါတို့ကို စောင့်နေတာတော့ မဟုတ်ပါဘူးနော်”
ဝမ်ချွမ်သည် ရှင်းမပြဘဲ ကျန့်ချီကို တစ်ချက်စိုက်ကြည့်လိုက်၏။ ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားသော သူ၏ခြေလှမ်းများသည် ပုံမှန်ထက် အနည်းငယ်နှေးကွေးနေသည်မှာ ဘေးမှလူကို စောင့်ဆိုင်းနေသကဲ့သို့ပင်။
“အဝတ်အစားက ကြည့်လို့ကောင်းတယ်”
လမ်းတစ်လျှောက်လုံး လျှောက်လှမ်းလာပြီးနောက်မှ ကျန့်ချီသည် နောက်ဆုံးစကားတစ်ခွန်းက သူ့အားပြောနေခြင်းဖြစ်ကြောင်း သတိပြုမိတော့သည်။ ယခုမှ ‘ကျေးဇူးတင်ပါတယ်’ ဟု ပြန်ပြောလျှင် အနည်းငယ် အဆင်မပြေဖြစ်သွားမည်စိုးသောကြောင့် ဘာပြောရမည်ကို စဉ်းစားနေစဉ်မှာပင် ကျန်းယန်၏အသံက သူ၏အတွေးများကို ဖြတ်တောက်လိုက်သည်။
“ကျန့်ချီ၊ မင်း ဟိုဘက်ကိုကြည့်လိုက်၊ ဆံပင်တိုနဲ့ အဝါရောင်ဂါဝန်ဝတ်ထားတဲ့ မိန်းကလေးလေ”
ကျန့်ချီသည် ညွှန်ပြရာသို့ ကြည့်လိုက်ရာ သူတို့၏ရှေ့ဘက်မလှမ်းမကမ်းတွင် ရပ်နေသော ဆံပင်ညှပ်ထားသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။
သူမသည် အဝါရောင်ဖျော့ဖျော့ဂါဝန်ကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်နှင့် လည်ပင်းမှ လက်ဝတ်ရတနာများသည် စိန်ရောင်ဖြင့် တလက်လက်တောက်ပနေသည်။
သူမ၏အပြုံးသည် ကြည်လင်တောက်ပလှ၏။ တစ်စုံတစ်ယောက်က သူမကိုကြည့်နေသည်ကို သတိပြုမိပုံရပြီး ကျန်းယန်ကိုင်ထားသော ဝိုင်ခွက်ဘက်သို့ ခေါင်းစောင်းကာ ပြုံးပြလိုက်ရာ သွားတန်းညီညီလေးများ ပေါ်ထွက်လာခဲ့သည်။
နေ့စဉ်နေ့တိုင်း ကျားကျားချင်းများကြားတွင် နေသားကျပြီးနောက် အမျိုးသမီးတစ်ဦး၏ ရေမွှေးရနံ့သည် ကျန့်ချီကို အနည်းငယ်အနေရခက်ပြီး စိတ်လှုပ်ရှားစေသော်လည်း ထိုထက်ပိုသည်မှာ နေသားမကျဖြစ်ခြင်းပင်။
ကျန်းယန်၏စိတ်သည် ထိုမိန်းကလေးထံသို့ ပါသွားပုံရပြီး သူမကို ခန့်ညားစွာ ပြန်လည်ပြုံးပြလိုက်သည်။ အမှန်တကယ်တွင် စိန့်စတန်ကျောင်းမှ ကျောင်းသားအများစုသည် ဝိုင်ခွက်များကို ကိုင်ဆောင်ကာ ကြီးမားသောခန်းမဆောင်ထဲတွင် လွတ်လပ်စွာ လှည့်လည်သွားလာရင်း လှပစွာပြင်ဆင်ထားသော မိန်းကလေးများနှင့် စကားစမြည်ပြောဆိုကာ အလိုက်သင့်ဖိတ်ခေါ်မှုများ ပြုလုပ်နေကြသည်။ အကကြမ်းပြင်ပေါ်တွင် လှပစွာကခုန်နေသော ပုံရိပ်ပေါင်းမည်မျှရှိသည်ကို ရေတွက်၍မရနိုင်ချေ။
ကျန်းယန်က တိုးညင်းစွာပြောသည်။
“အဲ့ဒီမိန်းကလေးကို ငါအရင်ကတွေ့ဖူးတယ်။ မနှစ်က HS မှာ သူကငါ့ကို add ခဲ့သေးတယ်။ ငါတို့ စကားအများကြီးပြောဖူးတယ်။ မင်းခဏစောင့်ဦး၊ ငါသွားပြီး နှုတ်ဆက်လိုက်ဦးမယ်”
ထို ‘ခဏစောင့်ဦး’ ဆိုသည်မှာ နောက်ဆက်တွဲမရှိတော့ဟု အဓိပ္ပာယ်ရပုံပင်။ ကျန့်ချီသည် ကျန်းယန်ကို ‘ကံကောင်းပါစေ’ ဟု မျက်လုံးဖြင့် အချက်ပြလိုက်၏။ သူသည် ဝိတ်တာတစ်ဦး၏ ဗန်းပေါ်မှ အနီရောင်ဖျော့ဖျော့အရည်များထည့်ထားသော ဖန်ခွက်တစ်ခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်မည်ပြုစဉ်မှာပင် ဘေးမှဝမ်ချွမ်က ထိုခွက်ကို လှမ်းယူလိုက်သည်။ သူ၏အေးစက်တည်ငြိမ်သောအသံတွင် သတိပေးဟန်ပါနေသည်။
“နည်းနည်းပဲသောက်”
ကျန့်ချီသည် ပါးစပ်ထဲမှ ခါးသက်သက်အရသာကို မြုံ့ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
“ငါက ဖျော်ရည်ထင်နေတာ။ တစ်ခါတလေ သောက်တာ ဘာဖြစ်လဲ၊ မနက်ဖြန်ဆို နှစ်သစ်ကူးပြီလေ၊ မင်းလည်း ပျော်ပျော်နေသင့်တယ်။ အဖွားလည်း အန္တရာယ်ကင်းသွားပြီပဲ။ မင်းအရမ်းစိတ်မပူနဲ့တော့”
ဝမ်ချွမ်သည် “အင်း” ဟုဆိုကာ အနည်းငယ်စိတ်ပြေလျော့သွားပုံရ၏။ သူ၏လက်ချောင်းများသည် ဖန်ခွက်အပြင်ဘက်နံရံကို ဖြည်းညင်းစွာ ပွတ်သပ်နေပြီး သူ၏ပါးလွှာသောနှုတ်ခမ်းတို့သည် ညင်သာစွာပွင့်ဟလာသည်။
“ကျန်းယန်ကပြောတယ်၊ မင်းတနင်္ဂနွေနေ့က ကျိဟွိုက်စစ်နဲ့ ကျောင်းအပြင်ထွက်သွားတယ်ဆို”
ဝမ်ချွမ်က ဤမေးခွန်းကို ရုတ်တရက်မေးလာမည်ဟု ကျန့်ချီမထင်ထားခဲ့ပေ။ သူသည် ခေါင်းညိတ်ပြလိုက်သည်။
“သူက ငါ့ကို ကိစ္စတစ်ခုနဲ့ရှာနေလို့”
ဝမ်ချွမ်သည် သူ၏အမေးကို ဆက်မဖြေဘဲ အေးဆေးစွာမေးလိုက်သည်။
“ဒီအဝတ်အစားက အသစ်လား။ ငါမမြင်ဖူးဘူး”
ကျန့်ချီသည် ခေတ္တမျှတွေဝေသွားပြီးနောက် ပြောလိုက်သည်။
“တခြားတစ်ယောက်ဆီက ငှားလာတာလို့ပဲ ဆိုပါတော့”
မည်သူ့ဆီကဟု တိတိကျကျမပြောသော်လည်း ဝမ်ချွမ်သည် ထိုသူကို မှန်းဆမိပုံရ၏။ သူသည် သူ၏အေးစက်သော နှုတ်ခမ်းထောင့်စွန်းကို ကွေးညွှတ်လိုက်ပြီး ဝိုင်ခွက်ကို ဘေးတွင်ချထားလိုက်သည်။ သူ၏လက်သည် ဘယ်ဘက်အိတ်ကပ်ထဲသို့ ဖြည်းညင်းစွာ ထိုးထည့်လိုက်ပြီး တစ်ခဏရပ်တန့်သွားကာ ကျန့်ချီကို တစ်စုံတစ်ခုပြောချင်ပုံရသည်။
“ငါ……”
ဘေးမှလူတစ်ဦး၏ အော်သံသည် ဝမ်ချွမ်၏စကားကို ဖြတ်တောက်လိုက်သလို ကျန့်ချီ၏အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။
“ရှောက်ဟန့် လာပြီ”
ဂီတသံသည် တစ်ခဏမျှ ရပ်တန့်သွားသကဲ့သို့ ခန်းမဆောင်တစ်ခုလုံးရှိ လူအားလုံး၏အကြည့်များသည် တံခါးမကြီးဆီသို့ စုပြုံရောက်ရှိသွားသည်။
ရှောက်ဟန့်သည် အနက်ရောင်အပွင့်ဖော်ဝတ်စုံကို ဝတ်ဆင်ထားပြီး အထည်သားသည် သူ၏ကြံ့ခိုင်သောရင်အုပ်နှင့် သန်မာသောခါးတို့ကို ပေါ်လွင်စေသည်။ ဝတ်စုံဘောင်းဘီအောက်မှ ခြေတံရှည်များသည် မဂ္ဂဇင်းထဲမှ ထွက်လာသကဲ့သို့ပင်။ သူ၏ရဲရဲနီသောဆံပင်ကို သပ်ရပ်စွာ နောက်သို့ဖြီးသင်ထားသဖြင့် မျက်လုံးနှင့်မျက်ခုံးတို့ကို ပို၍နက်ရှိုင်းစေသည်။ သူ၏နှုတ်ခမ်းစွန်းတွင် မဲ့ပြုံးတစ်ချက်ကို ချိတ်ဆွဲထားပြီး လူအများ၏အာရုံစိုက်မှုကို ခံရသည်မှာ နေသားကျနေပုံရ၏။
သူသည် ခြေလှမ်းမှန်မှန်ဖြင့် ခန်းမဆောင်အလယ်သို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
လူအများစုသည် ဝတ်စုံကို တရားဝင်ဆန်သောအသွင်ဖြင့် ဝတ်ဆင်ကြသော်လည်း ရှောက်ဟန့်တစ်ဦးတည်းသာလျှင် နောက်တစ်စက္ကန့်တွင် ကျောနောက်မှ သေနတ်တစ်လက်ထုတ်မည် သို့မဟုတ် လည်စည်းကိုဆွဲဖြဲကာ ရန်ဖြစ်မည်ဟု ထင်ရစေသည်။ သူဝတ်ဆင်ထားသော ဝတ်စုံသည် သူ့အတွက် တင်းကြပ်သော ချည်နှောင်မှုတစ်ခုအလားဖြစ်နေပြီး ရန်လိုကြမ်းတမ်းသော လူမိုက်အငွေ့အသက်တို့ကိုသာ ထုတ်လွှတ်နေတော့သည်။
ကျန့်ချီသည် ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံအချို့ကို ကြားနိုင်၏။ McCurryအမျိုးသမီးကျောင်းမှ မိန်းကလေးများပင်လျှင် ရှောက်ဟန့်၏အမည်ကို ကြောက်ရွံ့ခြင်းနှင့် စပ်စုခြင်းတို့ဖြင့် ဆွေးနွေးပြောဆိုနေကြသည်။ ထိုအမည်နှစ်လုံးသည် သူတို့၏အသိုင်းအဝိုင်းနှင့် မစိမ်းသက်သော်လည်း သူစိမ်းများဖြစ်ကြ၏။
ရုပ်ရည်သန့်စင်သော မိန်းကလေးတစ်ဦးသည် ဝိုင်ခွက်တစ်ခွက်ကိုကိုင်ကာ ငန်းဖြူကဲ့သို့ ဖြူဖွေးသောလည်တိုင်ကိုမော့၍ ရှောက်ဟန့်ရှိရာသို့ လျှောက်လှမ်းသွားသည်။ စကားတစ်ခွန်းမျှမပြောရသေးမီမှာပင် ရှောက်ဟန့်သည် သူမကို ကျော်ဖြတ်သွားခဲ့၏။
ထိန်းမနိုင်သိမ်းမရသော ရယ်သံများကြောင့် ထိုမိန်းကလေး၏ မူလက ယုံကြည်မှုအပြည့်ရှိသောမျက်နှာသည် နားရွက်ဖျားများအထိ နီရဲသွားပြီး ဂါဝန်စကိုမကာ ရှက်ရွံ့စွာထွက်ပြေးသွားသော ပုံရိပ်တစ်ခုကိုသာ ချန်ထားခဲ့သည်။
ဘေးမှလူတစ်ဦးက ရယ်မောလိုက်သည်။
“တကယ်ပဲ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာပဲ။ ရှောက်ဟန့်က အကဖိတ်ခေါ်တာကို ဘယ်တော့မှ လက်မခံဘူးဆိုတာ သူ မသိဘူးလား”
“သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲနေတာနေမှာပေါ့၊ အငြင်းခံရလိမ့်မယ်လို့ မထင်ထားဘူးထင်တယ်”
ဤလူများ၏အမြင်တွင် ရှောက်ဟန့်၏ လျစ်လျူရှုမှုသည် ဖြစ်သင့်ဖြစ်ထိုက်သောအရာဖြစ်ပြီး အစပြုခဲ့သော မိန်းကလေးကိုသာ အချို့က စပ်စုသော၊ အချို့က သနားသော အကြည့်များဖြင့် အကဲဖြတ်နေကြသည်။
ကျန့်ချီသည် ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ ရှောက်ဟန့်သည် သားကောင်ကို သတ်မှတ်လိုက်သော သားရဲတစ်ကောင်ကဲ့သို့ လူအုပ်ကိုဖြတ်ကျော်ကာ သူ့ထံသို့ တည့်တည့်မတ်မတ် လျှောက်လာနေသည်။
မီတာအနည်းငယ်အကွာတွင်ရှိနေသော်လည်း ကျန့်ချီသည် လည်ပင်းညှစ်ခံထားရသကဲ့သို့ အသက်ရှူကျပ်မှုကို ခံစားနေရပြီး မသိစိတ်ဖြင့် ဘေးမှလူ၏အနားသို့ အနည်းငယ်တိုးကပ်သွားမိသည်။ သို့သော် နောက်ကျသွားခဲ့ပြီဖြစ်၏။
ရှောက်ဟန့်၏ ဒေါသနှင့်မကျေနပ်မှုများပါဝင်သော အသံနိမ့်နှင့်အတူ မြေပြင်ပေါ်မှ ခြေသံများသည် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
“ငါပေးတဲ့ဝတ်စုံကို မင်းဘာလို့မဝတ်တာလဲ”
အကြည့်အနည်းငယ်က ဒီဘက်သို့ ရောက်လာပုံရ၏။ ခန်းမဆောင်က ကျယ်ဝန်းပြီး စန္ဒယားသံက ကျယ်လောင်နေသည်မှာ ကံကောင်းလှပေသည်။ ကျန့်ချီသည် ထိုအကြည့်များကိုရှောင်ရှားရန် ခေါင်းငုံ့လိုက်၏။ သူ၏ရင်ထဲမှ ပြန်လည်ခုခံလိုသော ဆူးချွန်များကို မျိုသိပ်ထားပြီးနောက် နောက်ဆုံးတွင် တိုးညင်းစွာသာ ပြန်ဖြေလိုက်သည်။
“မေ့သွားလို့”
အကြောင်းပြချက်က ယုတ္တိမတန်သော်လည်း ရှောက်ဟန့်၏အတွေးနောက်သို့ လိုက်ရန်မဖြစ်နိုင်ချေ။ သို့သော် ရှောက်ဟန့်သည် ဉာဏ်ကောင်းလွန်းလှ၏။ သူသည် ကျန့်ချီ၏ရှေ့တွင် ကာရပ်နေသော ဝမ်ချွမ်ကို ဖြတ်ကျော်ကြည့်လိုက်ပြီး မျက်လုံးကိုကျဉ်းမြောင်းကာ အေးစက်စက်ရယ်မောသံတစ်ခုနှင့်အတူ ပြောလိုက်သည်။
“တကယ့်ကို အံ့ဩစရာပဲ၊ ဒီထဲကို ခွေးတောင် ဝင်ခွင့်ပေးထားတာလား။ အဝတ်အစားက ဖုအိမ်တော်က ပေးလိုက်တာမလား။အဲဒါကြောင့်ကိုးးး ချဉ်စုတ်စုတ်အနံ့တွေ ဘာလို့ရနေပါလိမ့်လို့ အောက်မေ့နေတာ”
ဝမ်ချွမ်၏ ဘေးမှလက်သီးသည် တဖြည်းဖြည်းကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် တင်းမာနေသော ပန်းပုရုပ်တစ်ခုကဲ့သို့ဖြစ်နေပြီး ရှောက်ဟန့်၏ မထီမဲ့မြင်ပြုသော အကြည့်ကို စိုက်ကြည့်ရင်း တစ်ခွန်းမျှ ပြန်လည်ချေပခြင်းမရှိပေ။
Chapter 62 ended