⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 63

Chapter 63

 

“ရှောက်ဟန့်”

 

ကျန့်ချီ၏ရင်ထဲတွင် ဒေါသများ ဆူပွက်လာခဲ့သည်။ ခုနက ခံစားခဲ့ရသော ဒေါသနှင့် ဆင်တူလှ၏။ သူသည် ဝမ်ချွမ်၏ရှေ့သို့ ခြေတစ်လှမ်းတိုးထွက်လိုက်ရာ သူ၏စကားသံသည် ဦးနှောက်ထက်ပို၍ လျင်မြန်နေခဲ့သည်။

 

“စကားမပြောတတ်ရင် ပါးစပ်ပိတ်ထား၊ ပြီးတော့ ဝမ်ချွမ်ကို မင်းတောင်းပန်လိုက်”

 

“မင်းက ငါ့ကို သူ့အတွက်တောင်းပန်ခိုင်းနေတာလား”

 

ထိုပြန်မေးလိုက်သော စကားတစ်ခွန်းတွင် မောက်မာမှုအပြည့်နှင့် တဖြည်းဖြည်းထလောင်လာသော ဒေါသတို့ ပါဝင်နေသည်။

 

ဤစကားသည် ရှောက်ဟန့်၏ဒေါသမီးကို လုံးဝမွှေးလိုက်သကဲ့သို့ပင်။ သူ၏အသံသည် တုန်ယင်လာ၏။ သူနှင့်ဝမ်ချွမ် ရပ်နေသောမြင်ကွင်းသည် အလွန်သိသာထင်ရှားနေပြီး လူအများအပြားက လှည့်ကြည့်နေကြပြီဖြစ်သည်။

 

တက်ကြွလှသော အက၊ အကကြမ်းပြင်ပေါ်မှ ချစ်ခင်ကြင်နာနေသော လူငယ်စုံတွဲများ၊ ဘေးမှ ဝိုင်ခွက်ကိုင်ကာ တီးတိုးစကားပြောရင်း စပ်စုနေသောလူများပင်။

 

ကျန့်ချီသည် နားထင်ကို ခေါင်းကိုက်စွာ နှိပ်နယ်လိုက်၏။ ကံကြမ္မာက သူ့ကို လှောင်ပြောင်ရယ်မောနေသလိုပင်၊ ရှောင်လွှဲလို့မရသော ဝံပုလွေတစ်ကောင်လို သူ့ကို ဝိုင်းထားတော့သည်။

 

သူသည် ရှောက်ဟန့်၏အလိုကိုလိုက်ကာ သူပေးသော အဝတ်အစားနှင့်နာရီကို ဝတ်ဆင်ပြီး ဤသခင်လေးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်၏။ သို့သော် အဘယ်ကြောင့်နည်း။

 

ရှောက်ဟန့်သည် အကျိုးသင့်အကြောင်းသင့်မရှိပေ။ အဘယ်ကြောင့် သူ၏အကျိုးသင့်အကြောင်းသင့်မရှိသော စကားများကို နားထောင်ရမည်နည်း။ ရှောက်ဟန့် သူ့အဆောင်သို့ အကြိမ်ကြိမ် လာရောက်ရန် ကြိုးစားခဲ့သည်ကို ပြန်တွေးမိတိုင်း ကျန့်ချီသည် မပျောက်ပျက်နိုင်သော စိတ်အနှောင့်အယှက်ဖြစ်မှုကို ခံစားရသည်။

 

ကျန့်ချီ စကားမပြောသည်ကိုမြင်သောအခါ ရှောက်ဟန့်သည် သူ၏လက်ကောက်ဝတ်ကို ဆွဲရန် လက်လှမ်းလိုက်ရာ ဝမ်ချွမ်က လမ်းတစ်ဝက်တွင် တားဆီးလိုက်သည်။

 

ပတ်ဝန်းကျင်မှလူများဆီမှ အာမေဋိတ်သံများထွက်ပေါ်လာပြီး မီးခိုးငွေ့များဖြင့် ပြည့်နှက်နေသော တိုက်ပွဲတစ်ခု မစတင်မီမှာပင် နူးညံ့သိမ်မွေ့သော အသံတစ်ခုက ကြားဖြတ်ဝင်ရောက်လာပြီး ထိုတင်းမာမှုကို ပြေလျော့စေခဲ့သည်။

 

“မင်းတို့အားလုံး ဒီမှာရပ်ပြီး ဘာလုပ်နေကြတာလဲ”

 

မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော ကျိဟွိုက်စစ်သည် လူအုပ်ထဲမှ ထွက်လာခဲ့သည်။ သူ၏ခြေလှမ်းများသည် တည်ငြိမ်ပြီး ခန့်ညားလှ၏။ ရင်ဘတ်တွင် အဖြူရောင်နှင်းဆီရင်ထိုးလေးတစ်ခုကို တပ်ဆင်ထားပြီး သူ၏အပြုံးကမူ ရှောက်ဟန့်၏ ခက်ထန်သောမျက်နှာကို မမြင်သည့်အလား မပြောင်းမလဲရှိနေသည်။

 

“မင်းက အမြဲတမ်း ဒီလိုပုံစံနဲ့ နှုတ်ဆက်တတ်တော့ ဝမ်ချွမ်က အထင်လွဲသွားတာ မဆန်းပါဘူး။ မင်းလက်ကို အရင်လွှတ်လိုက်ပါ၊ တခြားလူတွေကို လန့်အောင်မလုပ်နဲ့တော့”

 

ကျန့်ချီသည် ရှောက်ဟန့်၏အာရုံ ပြန့်လွင့်သွားသည့်အခိုက်တွင် သူ၏လက်ကို ဆွဲထုတ်လိုက်သည်။ ဘေးမှ ဝမ်ချွမ်၏ တိုးညင်းသောအသံကို ကြားလိုက်ရသည်။

 

“တောင်းပန်ပါတယ်၊ ဒီမှာလူအရမ်းများတော့ ငါတိုက်ရိုက်ဝင်မပါရဲဘူး။ မင်းဘာမှမဖြစ်ဘူးမလား”

 

“မဖြစ်ဘူး၊ မင်းစိတ်လိုက်မာန်ပါမလုပ်နဲ့”

 

ကျန့်ချီသည် သူ့အနေဖြင့် အရင်ကျေးဇူးတင်ရမည်လား သို့မဟုတ် အရင်တားဆီးရမည်လား မသိတော့ချေ။ ခေါင်းငုံ့ကြည့်လိုက်ရာ သူ၏လက်ကောက်ဝတ်သည် အမှန်ပင် နီရဲနေခဲ့သည်။

 

“ကျန့်ချီ”

 

ကျိဟွိုက်စစ်သည် ရှောက်ဟန့်ကို ဆက်ပြီးဂရုမစိုက်တော့ဘဲ ကျန့်ချီ၏မျက်လုံးများကို စိုက်ကြည့်ကာ ပြုံးပြလိုက်ရာ ထိုအပြုံးသည် ခုနကထက်ပို၍ နက်ရှိုင်းနေသည်။

 

“အဝတ်အစားက မင်းနဲ့တကယ်ပဲ လိုက်ဖက်တယ်”

 

ကျန့်ချီသည် အနည်းငယ် သတိမကပ်နိုင်ဖြစ်နေပြီး ရှောက်ဟန့်၏ မျက်လုံးထဲမှ အမူအရာပြောင်းလဲမှုကိုလည်း သတိမထားမိလိုက်ပေ။ သူက ပြန်ဖြေလိုက်သည်။

 

“ကျေးဇူးတင်ပါတယ်”

 

“ကျေးဇူးတင်တယ်ဆိုရင် အတူတူ ကကြမလား”

 

ဂီတသံစဉ်အသစ်တစ်ခု စတင်လာခဲ့သည်။ ကျိဟွိုက်စစ်သည် သူ၏နှုတ်ခမ်းထောင့်စွန်းကို ကွေးညွှတ်လိုက်ပြီး ကျန့်ချီဘက်သို့ ဖိတ်ခေါ်သော ညာလက်ကို ဆန့်တန်းပေးလိုက်သည်။ သူ၏ဟန်ပန်မှာ ခန့်ညားလှပြီး သူဖိတ်ခေါ်နေသူမှာ အခြားယောက်ျားတစ်ဦးဖြစ်သည်ကို မည်သူမျှ သတိထားမိပုံမရချေ။

 

ကျန့်ချီ၏နှလုံးသားကို တစ်စုံတစ်ခုက လာဆောင့်လိုက်သကဲ့သို့ပင်။ သူသည် ရှုပ်ထွေးအံ့ဩစွာဖြင့် ဤစကားကို အကြိမ်ကြိမ်အခါခါ ပြန်လည်စဉ်းစားပြီးမှ ကျိဟွိုက်စစ်သည် သူ၏မျက်လုံးများကို ကြည့်ကာ ဤဖိတ်ခေါ်မှုကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သေချာသွားတော့သည်။

 

သူ့ကို … ကဖို့ ဖိတ်ခေါ်နေတာလား?

 

လေထုသည် တင်းမာသွားသည့်အခိုက်တွင် ရှောက်ဟန့်၏ အန္တရာယ်အငွေ့အသက်များပါဝင်သော အသံသည် ဘေးမှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပြီး စကားလုံးတစ်လုံးချင်းကို ပြတ်သားစွာ ဆိုသည်။

 

“ငါ့ခွင့်ပြုချက်မရဘဲ မင်းဘယ်သူ့ရဲ့ဖိတ်ခေါ်မှုကိုမှ လက်ခံလို့မရဘူး”

 

အလွန်ပင် ဗိုလ်ကျလှပေသည်။

 

သူသည် နှုတ်ခမ်းကို ကွေးညွှတ်လိုက်ပြီး ကျန့်ချီကို စိုက်ကြည့်ကာ မေးလိုက်သည်။

 

“မင်းငါ့ရဲ့ ရင်ထိုးကို လက်ခံပြီးပြီပဲ၊ မဟုတ်ဘူးလား”

 

ဂီတသံက ဆက်လက်တီးခတ်နေသော်လည်း ကျန့်ချီသည် စက္ကန့်အနည်းငယ်မျှ နားမကြားဖြစ်သွားသလို ခံစားလိုက်ရသည်။

 

သူသည် နှုတ်ခမ်းကိုဟလိုက်သော်လည်း ပြောချင်သောစကားများသည် အဆုံးမရှိသော နှလုံးခုန်သံများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ မလိုမုန်းတီးမှုနှင့် အံ့အားသင့်မှုများ ရောယှက်နေသော အကြည့်များသည် သူ၏ကျောပေါ်သို့ စုပြုံကျရောက်နေပြီး ပတ်ဝန်းကျင်မှ လှုပ်ရှားသံတိုင်းသည် သူ၏အမည်ကို ရောယှက်ခေါ်ဝေါ်နေသကဲ့သို့ပင်။

 

ထင်ယောင်ထင်မှားဖြစ်ခြင်းလား သို့မဟုတ်……

 

ကျန့်ချီ ဆက်လက်မစဉ်းစားနိုင်တော့ပေ။

 

“ရှောက်ဟန့်”

 

ကျိဟွိုက်စစ်သည် တည်ငြိမ်သောအပြုံးကို ဆက်လက်ချိတ်ဆွဲထားဆဲဖြစ်၏။ သူ၏အသံသည် အေးစက်မှုများရောယှက်နေသော နွေဦးရာသီမှ မိုးစက်လေးများကဲ့သို့ နူးညံ့သော်လည်း ဖုံးကွယ်မရသော နက်ရှိုင်းမှုတစ်ခုပါဝင်နေသည်။

 

“ဒီလိုနောက်ပြောင်တာမျိုးတွေ ထပ်မလုပ်ပါနဲ့တော့၊ ကျန့်ချီကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ဒီညက ကျောင်းတွင်းအကပွဲတစ်ခုသာဖြစ်ပေမဲ့ ကျောင်းနှစ်ကျောင်းကလူတွေ ဒီမှာရှိနေကြတယ်။ ခုနကဖြစ်ခဲ့တဲ့ စကားများတာလေးတစ်ခုကို လူတချို့က ရှောက်ကော်မတီဝင်ရဲ့ နားထဲရောက်အောင်လုပ်တာမျိုးကို မင်းဖြစ်စေချင်မှာမဟုတ်ဘူးမလား”

 

“မင်းငါ့ကို ခြိမ်းခြောက်နေတာလား”

 

“မဟုတ်ပါဘူး၊ ငါကမင်းကို ကိုယ့်စိတ်ကိုနည်းနည်း ထိန်းချုပ်စေချင်တာပါ။ အစက မင်းကျောင်းမတက်ခင် ရှောက်ကော်မတီဝင်နဲ့ ငါတစ်ခါစကားပြောဖြစ်တယ်။ သူကငါ့ကို ကျောင်းထဲမှာ မင်းကိုဆုံးမပေးဖို့ပြောတယ်၊ သူ့မျက်နှာကို ထောက်ထားစရာမလိုဘူးတဲ့”

 

ရှောက်ဟန့်သည် မျက်လုံးကို မှေးလိုက်ရာ အန္တရာယ်အငွေ့အသက်တို့သည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

 

သူ၏ပတ်ဝန်းကျင်မှ စပ်စုနေသော ကျောင်းသားများသည် နောက်သို့ဆုတ်သွားကြပြီး အသက်ပင် ပြင်းပြင်းမရှူဝံ့ကြချေ။ ကျန့်ချီသည် ကျိဟွိုက်စစ်၏နောက်ဆုံးစကားအနည်းငယ်ကို ပြောသည်ကို နားထောင်ရင်း ရှောက်ဟန့်သည် အဘယ်ကြောင့် ဤသို့ ကျိဟွိုက်စစ်ကို မုန်းတီးနေရသော်လည်း ကျောင်းသားသမဂ္ဂ၏ အမိန့်ကို မလွန်ဆန်ဝံ့ရခြင်း၏အကြောင်းရင်းကို မထင်မရှား နားလည်သွားခဲ့သည်။

 

ရှောက်ဟန့်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပြီး အေးစက်သောစကားများကို ပြောတော့မည်အပြုတွင် လှည့်ပတ်တက်ရသော လှေကားထစ်များပေါ်မှ အေးစက်တည်ငြိမ်သော တားမြစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

 

“ဆူညံနေတာ တော်လောက်ကြပြီမဟုတ်ဘူးလား။”

 

ကျန့်ချီသည် မော့ကြည့်လိုက်ရာ ရှန်းရှုထင်၏ အေးစက်သောမျက်လုံးများနှင့် ဆုံမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

 

သူ၏မျက်လုံးများသည် တန်ဖိုးကြီးမြစိမ်းကျောက်များကဲ့သို့ပင် မည်သည့်စိတ်ခံစားချက်အရိပ်အယောင်မှ မပါဝင်ဘဲ အေးစက်နေ၏။ သူ၏တောင့်တင်းသောကိုယ်နေဟန်ထားသည် လှေကားလက်ရန်းပေါ်တွင် မှီထားပြီး ခေတ္တအကြာတွင် တည်ငြိမ်စွာ ဆင်းသက်လာခဲ့သည်။ ကျန့်ချီသည် မလွှဲမရှောင်သာ စိတ်ရှုပ်ထွေးသွားပြီး ပတ်ဝန်းကျင်မှ ကြည့်နေသောလူများလည်း အသက်ရှူအောင့်ထားလိုက်ကြသည်။

သူ၏ဦးနှောက်ထဲတွင် ကျန်းယန်၏စကားတစ်ခွန်း ရုတ်တရက်ပေါ်လာခဲ့သည်- ‘ကြည့်ရတာ တကယ့်မင်းသားလေးအတိုင်းပဲ’

 

“ရှန်းရှုထင်”

 

ကျိဟွိုက်စစ်၏ နှုတ်ခမ်းထောင့်မှ အကွေးအညွတ်သည် နူးညံ့သွားသည်။

 

“ဆောရီး… ငါ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းလိုက်မယ်။ မင်း အပေါ်အရင်တက်သွားနှင့်”

 

“ငါအကုန်လုံးကြားပြီးပြီ”

 

ရှန်းရှုထင်သည် ကြားသလိုမကြားသလိုဖြင့် ရှောက်ဟန့်နှင့် ဝမ်ချွမ်ကို ကျော်ဖြတ်ကြည့်လိုက်သည်။ သူ၏တည်ငြိမ်သောအကြည့်သည် နောက်ဆုံးတွင် ကျန့်ချီ၏မျက်နှာပေါ်သို့ ကျရောက်လာ၏။ သူ၏မျက်ခုံးတို့သည် အနည်းငယ်တွန့်ချိုးသွားပြီး အေးစက်သော စကားလုံးနှစ်လုံးကို ထုတ်ဖော်ပြောကြားလိုက်သည်။

 

“အပေါ်တက်ခဲ့”

 

စကားသံဆုံးသည့်အခိုက်တွင် ရှောက်ဟန့်၏မျက်နှာအမူအရာသည် အသိသာဆုံးပြောင်းလဲသွား၏။ သူသည် မဲ့ပြုံးပြုံးလိုက်ပြီး လျှပ်တပြက်ပေါ်လာသော ဒေါသကို ဖုံးကွယ်ကာ မထေ့တေ့တေ့လေသံဖြင့် ပြောသည်။

 

“ဥက္ကဌကြီးကတော့ တကယ့်ကို အစစအရာရာ ဝင်ပါနိုင်လွန်းတာပဲ။ ဒီလောက်သေးသေးမွှားမွှားကိစ္စလေးကိုတောင် အဖြစ်သည်းနေသေးတယ်။ ကျွန်တော်က ခုနက နောက်နေတာပါဗျာ။”

 

ထိုစကားကို မည်သူတစ်ဦးတစ်ယောက်မှ ယုံကြည်မည်မဟုတ်သလို ကျန့်ချီကိုပင် ရယ်ချင်သွားစေသည်။

 

ရှန်းရှုထင်သည် ရှောက်ဟန့်ကို တစ်ချက်မျှပင် မကြည့်ဘဲ ခုနကအမိန့်ကို ထပ်မံထုတ်ပြန်လိုက်သည်။

 

“အပေါ်တက်ခဲ့”

 

ကျန့်ချီသည် ထိုစကားကိုပြောပြီး လှည့်ထွက်ကာ အပေါ်ထပ်သို့တက်သွားသော ရှန်းရှုထင်ကို ကြည့်လိုက်သည်။ ခေတ္တမျှချီတုံချတုံဖြစ်နေစဉ် ဘေးမှကျိဟွိုက်စစ်သည် ဝင်မပြောဘဲ တိတ်ဆိတ်နေ၏။ ကျန့်ချီသည် ခေါင်းငုံ့လိုက်ပြီး ရှောက်ဟန့်၏ မီးတောက်မတတ်အကြည့်ကို ကျော်ဖြတ်ကာ ရှန်းရှုထင်၏ခြေရာနောက်သို့ လိုက်ပါသွားတော့သည်။

 

ရှန်းရှုထင် အဘယ်ကြောင့် ဤသို့ပြောသည်ဖြစ်စေ၊ သူဤနေရာမှ ထွက်ခွာသွားရန် အကြောင်းပြချက်တစ်ခု ပေးခဲ့သရွေ့ သူသည် ယခင်က မပျော်ရွှင်မှုများကို ခေတ္တမျှ လျစ်လျူရှုထားနိုင်ပေသည်။

 

ပတ်ဝန်းကျင်မှ အကြည့်များစွာသည် လမ်းတစ်လျှောက်လုံး လိုက်ပါလာခဲ့၏။ ကျန့်ချီသည် လေးလံသောခြေလှမ်းများဖြင့် လှေကားထစ်များပေါ်သို့ တက်လှမ်းသွားသည်။ ယနေ့ည ဖြစ်ပျက်ခဲ့သမျှသည် မကြာမီမှာပင် ဆီမီးဖြည့်စွက်ကာ စိန့်စတန်ကျောင်း၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွားတော့မည်ဟု သူကြိုတင်ခံစားမိနေသည်။

 

ဒုတိယထပ်သို့ရောက်သည့်အခါ အောက်ထပ်မှ အကဂီတသံနှင့် ရှောက်ဟန့်၏အကြည့်တို့မှ လုံးဝကင်းဝေးသွားခဲ့သည်။ ဆူညံသံများသည် တဖြည်းဖြည်းဝေးကွာသွားပြီး မှိန်ဖျော့ကာ နောက်ဆုံးတွင် လုံးဝမကြားရတော့ချေ။ ကျန့်ချီသည် တစ်လမ်းလုံးတင်းထားသော ခန္ဓာကိုယ်ကို ပြေလျော့လိုက်၏။ ရှန်းရှုထင်နှင့် သုံးလှမ်းအကွာတွင် နေရာယူထားပြီး ရှန်းရှုထင်ရပ်တန့်လိုက်သည့်အခါ သူလည်းရပ်တန့်လိုက်သည်။

 

ရှန်းရှုထင်က တစ်ခြမ်းစောင်းလှည့်လာပြီး လေဟာနယ်မှ တစ်နေရာကို စိုက်ကြည့်ရင်း ပြောသည်။

 

“မင်းက တကယ်ပဲ အရည်အချင်းရှိတာပဲ”

 

သူ၏တည်ငြိမ်သောစကားသံသည် ကျန့်ချီ၏အရိုးထဲထိ အေးစက်သွားစေသည်။

 

“ငါအရင်တစ်ခါက သတိပေးခဲ့တာကို မင်းတစ်ခွန်းမှ နားထဲထည့်မထားဘူးထင်တယ်”

 

“ငါ……”

 

“အဲ့ဒီစကားတွေကို ငါတစ်ခါပဲပြောမယ်၊ နားထောင်တာ၊ မထောင်တာက မင်းရဲ့ကိစ္စပဲ။ နောက်ပိုင်းမှာ ဘာပဲဖြစ်ဖြစ် မင်းနောင်တမရနဲ့။ ခုနကကိစ္စကို ငါဝင်မပါချင်ဘူး၊ ဒါပေမဲ့ မင်းဒီအကပွဲကို ဖျက်ဆီးတာမျိုး၊ မင်းလိုလူမျိုးက ကျောင်းရဲ့ပုံရိပ်ကို ညှိုးနွမ်းအောင်လုပ်တာမျိုးကို ငါခွင့်ပြုမှာမဟုတ်ဘူး၊ နားလည်ရဲ့လား”

 

ကျန့်ချီသည် စကားပြောချင်သော်လည်း ရပ်တန့်သွား၏။ ဤအထင်လွဲမှုများကို ရှင်းပြချင်သော်လည်း ရှန်းရှုထင်၏ သူ့အပေါ်အထင်လွဲမှုသည် အမြစ်တွယ်နေခဲ့ပြီဖြစ်၏။ ဤအချိန်၊ ဤနေရာတွင် စကားအနည်းငယ်ဖြင့် ရှင်းပြနိုင်မည်မဟုတ်ချေ။ နောက်ဆုံးတွင် သူသည် အားမတန်မာန်လျှော့စွာဖြင့်သာ ပြောနိုင်ခဲ့သည်။

 

“ဥက္ကဋ္ဌ အထင်လွဲနေပြီ၊ ငါ့မှာ အဲ့ဒီလိုရည်ရွယ်ချက် လုံးဝမရှိပါဘူး”

 

မထင်မှတ်ဘဲ ဤစကားသည် ရှန်းရှုထင်၏ မုန်းတီးမှုကို ပို၍ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ သူသည် နောက်သို့လှည့်လိုက်ရာ သူ၏မျက်လုံးများသည် မှောင်မိုက်တိတ်ဆိတ်သော စင်္ကြံလမ်းတွင် အေးစက်သောအလင်းတန်းတစ်ခုအဖြစ် ဖြတ်ပြေးသွား၏။

 

ကျန့်ချီသည် ရင်ထဲတွင် ထိတ်လန့်သွားရသည်။ ရှန်းရှုထင်၏ ပတ်ဝန်းကျင်မှ အရာအားလုံးအပေါ် လွှမ်းမိုးထားသော တင်းမာမှုနှင့် ဖိအားများသည် သူ၏ပုံမှန်အေးစက်မှုကို ကျော်လွန်သွားပြီး ရှောက်ဟန့်ထက်ပင် ပို၍ဆိုးရွားနေသကဲ့သို့ပင်။

 

“ငါအမုန်းဆုံးက လိမ်ပြောတဲ့လူပဲ”

 

Chapter 63 ended

 

အထက်တန်းစားယောကျ်ားလေးများကျောင်း

အထက်တန်းစားယောကျ်ားလေးများကျောင်း

Status: Ongoing Type: Author: Released: 2021 Native Language: Chinese

Description

 

အစပိုင်းမှာတော့ ဘာအတိတ်နိမိတ်မှ မပါတဲ့ အိပ်မက်တစ်ခုသာ ဖြစ်သည်။

 

အိပ်မက်ထဲက မြင်ကွင်းတွေက လက်တွေ့ဘဝနဲ့ တစ်ခုပြီးတစ်ခု ကိုက်ညီလာတဲ့အခါမှာတော့ ကျန့်ချီက သူဟာ danmeiဝတ္ထုစာအုပ်ထဲမှာ နေထိုင်နေတာကို သိလိုက်ရသည်။

 

စာအုပ်ထဲမှ ဇာတ်လိုက်က အပြစ်ကင်းစင်ပြီး အားနည်းသူဖြစ်ကာ အထက်တန်းစားယောကျ်ားလေးကျောင်းမှ ဝံပုလွေတွေကြားထဲ ဝန်းရံခံနေရပြီး နောက်ဆုံးမှာတော့ 1vN အတင်းအကြပ် အချစ်ဇာတ်လမ်းနဲ့ အဆုံးသတ်သွားခဲ့သည်။

 

(T/N: 1 vs N ဆိုတာက ဇာတ်လိုက်က တစ်ယောက်တည်းဖြစ်ပြီး ပါတနာက အများကြီးကိုပြောတာပါ)

 

ပြီးတော့ သူကိုယ်တိုင်ကတော့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ကို နေရာတိုင်းမှာ ချောက်ချပြီးနောက် ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရတဲ့ ဆိုးသွမ်းတဲ့ အမျိုးသား ဇာတ်ပို့ဖြစ်နေခဲ့သည်။

 

ဒါကို ကြိုတင်သိရှိသွားတဲ့ ကျန့်ချီဟာ ဇာတ်လိုက်ရဲ့ အချစ်ရေးကိစ္စတွေထဲ မဝင်ရောက်ဘဲ အထက်တန်းစားယောကျ်ားလေးကျောင်းမှာ ဘယ်သူမှ သတိမထားမိတဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့သည်။

 

ဒါပေမဲ့ သူ တခြားသူတွေကို စပြီး မနှောင့်ယှက်ပါဘဲနဲ့ကို ပြဿနာတွေက သူ့ဆီကို တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။

 

ဇာတ်ကွက်က ပျက်စီးမယ့်လမ်းကြောင်းဘက်ကို ဆက်ပြီး တိုးတက်လာတဲ့အခါမှာတော့ ကျန့်ချီက ဇာတ်လိုက်Gongတွေ သူ့ကို ကြည့်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေက နည်းနည်းလေး ကွဲပြားနေတယ်ဆိုတာကို နောက်ဆုံးမှာ တွေ့ရှိသွားခဲ့၏။

 

•••••••••••

Harem လေးပါ။ တော်တော်များများလည်း သိကြမှာပါ။

1 vs N ပါနော်။ gongက ငါးယောက်ထင်တယ်။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset