Chapter 65
ကျန့်ချီသည် မသိစိတ်ဖြင့် လက်ပြန်ထောက်ကာ မြေကြီးပေါ်သို့ အားပြုလိုက်၏။ ကံကောင်းစွာဖြင့် အလွန်ဆိုးရွားစွာမလဲကျခဲ့ပေ။ ညဉ့်အမှောင် ကွယ်ပျောက်သွားပြီးနောက် ညအမှောင်ထဲတွင် ရှင်းလင်းစွာမမြင်ရသော်လည်း သူ၏လက်များနှင့် အဝတ်အစားများပေါ်တွင် ရွှံ့များနှင့် ကျောက်စရစ်ခဲများ ပေကျံသွားမည်ကို သူသိ၏။
အရင်က ကျိဟွိုက်စစ်ကို ပြန်ပေးမည်ဟု ကတိပေးထားသည်ကို တွေးမိသောအခါ ကျန့်ချီသည် စိုးရိမ်စိတ်ဖြင့် နာကျင်မှုကိုသည်းခံကာ အဝတ်အစားများ စုတ်ပြဲသွားခြင်းရှိမရှိ စစ်ဆေးကြည့်ရှုလိုက်သည်။ ရှန်းရှုထင်သည် သူတို့ကြားမှ တင်းမာသောအကွာအဝေးကို ဂရုမစိုက်တော့ဘဲ ရှေ့သို့တိုးလာကာ သူ့ကို ဘေးသို့ကြမ်းတမ်းစွာ ဆွဲဖယ်လိုက်ပြီး မြေပြင်ပေါ်မှ ကျိုးပဲ့နေသော ပန်းကိုင်းအချို့ကို ငုံ့ကြည့်နေသည်။
လဲကျသွားသည့်အခိုက်တွင် ကျန့်ချီသည် တစ်စုံတစ်ခုကို ဆွဲကိုင်ရန်သာ မသိစိတ်ဖြင့် ကြိုးစားခဲ့ပြီး ဘေးမှပန်းများကို ကျိုးပဲ့သွားစေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူသည် ရှန်းရှုထင်၏ နက်ရှိုင်းသောမျက်နှာအမူအရာကို ကြည့်ကာ တိုးညင်းစွာဆိုသည်။
“တောင်းပန်ပါတယ်၊ ငါ တမင်လုပ်တာမဟုတ်ပါဘူး”
ရှန်းရှုထင်သည် သူ့ကိုမကြည့်ဘဲ သူ၏အသံသည် လရောင်ကဲ့သို့ အေးစက်နေပြီး စကားလုံးတစ်လုံးချင်းစီက ထင်ရှားစွာ ထွက်ပေါ်လာသည်။
“ဒီ ‘Calda နှင်းဆီ’ ကို Borosကနေ လေယာဉ်နဲ့တင်သွင်းခဲ့တာ။ မင်းကျိုးသွားတဲ့ ဒီအကိုင်းနှစ်ကိုင်းက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်းသိလား”
ကျန့်ချီ၏နှလုံးသားထဲတွင် အေးစက်သောခံစားချက်တစ်ခု ဖြတ်ပြေးသွား၏။ သူလုံးဝမသိချင်ပေ။ သို့သော် အသံတိတ်ဖိအားပေးမှုက သူ့ကို အသက်ရှူရခက်ခဲစေသဖြင့် သတ္တိမွေးကာ မေးလိုက်သည်။
“ဘယ်လောက်လဲ”
ရှန်းရှုထင်က ပြောသည်။
“ဒီတစ်စည်းက Borosငွေ နှစ်သန်း၊ တရုတ်ငွေ ၁၇သန်းနဲ့ ညီမျှတယ်။ မင်းက နှစ်ကိုင်းချိုးလိုက်တာဆိုတော့ စုစုပေါင်း ငါးသန်းပဲ”
ကျန့်ချီသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှကြီးမားသော ငွေပမာဏကို မြင်ဖူးဖို့မပြောနှင့် ကြားပင်မကြားဖူးခဲ့ပေ။ သူ၏နှလုံးသားကို ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသကဲ့သို့ပင်။ ချွေးစေးများထွက်ကာ ပြင်းထန်သော ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူသာ စပ်စုစိတ်မကြီးခဲ့ရင်၊ ခုနက ပိုင်ရှီယွီကို အဆောင်ပြန်မပို့ခဲ့ရင်၊ ဒီနေရာမှာ ရှန်းရှုထင်နဲ့လည်း တွေ့မှာမဟုတ်သလို ဒီကံဆိုးမိုးမှောင်ကျမှုကလည်း သူ့ခေါင်းပေါ် ကျလာမှာမဟုတ်ဘူး။
ပိုင်ရှီယွီ……
‘ဂျိန်း’ ဟူသောအသံနှင့်အတူ ရှန်းရှုထင်၏ အော်ဟစ်တားမြစ်သံမတိုင်မီ ဦးနှောက်ထဲတွင် ဖြတ်ပြေးသွားသော မှတ်ဉာဏ်အပိုင်းအစသည် နောက်တစ်ကြိမ် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး နှလုံးခုန်သံများနှင့်အတူ တဒုတ်ဒုတ်ခုန်ပေါက်လာတော့သည်။
မူရင်းဝတ္ထုထဲတွင် ပိုင်ရှီယွီလည်း ပန်းခြံတစ်ခုထဲသို့ ဝင်ရောက်ခဲ့ဖူး၏။ ဝင်သွားစဉ် မတော်တဆ ပန်းပင်များကို နင်းမိခဲ့ရာ ပန်းခြံထဲမှ ရှန်းရှုထင်က တွေ့ရှိသွားခဲ့သည်။
ထိုအချိန်က ပိုင်ရှီယွီသည် ပိုင်ရှုယွင်နှင့် ကျောင်းသားအားလုံး၏ မျက်စိထဲမှ ဆူးငြောင့်ဖြစ်နေခဲ့သည်။ သူသည် အနိုင်ကျင့်ခံရပြီးနောက် စိတ်ဓာတ်ကျကာ ကျောင်းဝင်းထဲတွင် လမ်းပျောက်နေစဉ် မည်သူသိမည်နည်း၊ ရှန်းရှုထင်၏ ပန်းခြံထဲသို့ မှားယွင်းဝင်ရောက်ကာ ပန်းများကို ဖျက်ဆီးမိသွားခဲ့သည်။ ပိုင်ရှီယွီသည် တောင်းပန်သည့်အနေဖြင့် ရှန်းရှုထင်အား ပန်းခြံကို ကူညီပြုစုပေးမည်ဟု အဆိုပြုခဲ့၏။
ရှန်းရှုထင်သည် ပထမတွင် ငြင်းပယ်ခဲ့သော်လည်း ပိုင်ရှီယွီသည် နောက်နှစ်ရက်အကြာတွင် ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်ရှိလာခဲ့သည်။ ထို့နောက် နေ့တိုင်း ထိုသို့ပင်ဖြစ်၏။ ရှန်းရှုထင်သည် အစပိုင်းတွင် အေးစက်စွာဆက်ဆံခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအဖြစ်အပျက်အားလုံးကို ခွင့်ပြုခဲ့သည်။
အဲ့ဇာတ်ကွက်သည် အကပွဲမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ကျန့်ချီ မှတ်မိနေသော်လည်း သူသည် လမ်းချော်နေသောဇာတ်လမ်းထဲတွင် ဤဇာတ်ကွက်သည် ပျောက်ကွယ်သွားခဲ့ပြီဟု ထင်မှတ်ခဲ့သည်။ ဇာတ်ကွက်သည် နှောင့်နှေးစွာဖြစ်ပွားရုံသာမက သူ့ခေါင်းပေါ်သို့ပင် ပြန်လည်ကျရောက်လာလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။
ကျန့်ချီသည် ခုနက ရေပန်းဘေးတွင် ထိုင်နေသော ပိုင်ရှီယွီကို ပြန်လည်သတိရမိ၏။ အကယ်၍ သူသာ စိတ်လိုက်မာန်ပါဖြင့် ပိုင်ရှီယွီကို အဆောင်ပြန်ပြီး အနားယူရန် မပြောခဲ့လျှင် ပိုင်ရှီယွီသည် ဆက်လက်ရှေ့သို့လျှောက်လှမ်းလာပြီး ဤပန်းခြံထဲသို့ ဝင်ရောက်လာမည်မလား။ဇာတ်ကွက်သည် မှန်ကန်သောလူပေါ်တွင် ဖြစ်ပွားသွားမည်မဟုတ်လား။
ထိုအတွေးသည် ကျန့်ချီ၏နှလုံးသားကို အောက်သို့ထိုးကျသွားစေ၏။ တိမ်ပေါ်မှ ခြေချော်ကျကာ လမ်းပျောက်သွားသကဲ့သို့ပင်။ ရှန်းရှုထင်၏အသံ နောက်တစ်ကြိမ်ထွက်ပေါ်လာသည့်တိုင်အောင် သူသည် သတိမဝင်သေးပေ။ ထိုအသံတွင် ညှာတာမှုတစ်စိုးတစ်စိမျှမရှိချေ။
“လျော်ကြေးပေးမယ့်နည်းလမ်းကို စဉ်းစားပြီးပြီလား”
“ငါ……”
ကျန့်ချီသည် သူ၏ပခုံးပေါ်တွင် လေးလံသောကြွေးမြီတစ်ခု ဖိတင်လာသည်ကို ခံစားလိုက်ရပြီး စကားမပြောနိုင်ဖြစ်သွားသည်။
“ငါ့မှာ အဲ့ဒီလောက်ပိုက်ဆံမရှိဘူး”
အမှန်တကယ်တွင် သူသည် ရှန်းရှုထင်အား အဘယ်ကြောင့် ဤမျှတန်ဖိုးကြီးသောပန်းများကို အမိုးအကာမရှိသော ပန်းခြံထဲတွင် စိုက်ပျိုးထားရသနည်းဟု ပို၍မေးချင်နေ၏။ ကျောင်းဝင်းထဲတွင် လူအများအပြား သွားလာနေသည်ဖြစ်ရာ ခုနကကဲ့သို့ မတော်တဆမှုမျိုး ဖြစ်ပွားမည်ကို သူလုံးဝမစိုးရိမ်ဘူးလား။
သို့သော် ရှောက်ဟန့်ပင်လျှင် တိုက်ခန်းတစ်ဝက်စာတန်ဖိုးရှိသော မော်ဒယ်ကို မညှာမတာ ဖျက်ဆီးပစ်နိုင်သည်ဖြစ်ရာ BC တစ်ဦးဖြစ်သော ရှန်းရှုထင်က ကျောင်းထဲတွင် ကိုယ်ပိုင်ပန်းခြံတစ်ခု တည်ဆောက်ခြင်းသည် အလွန်အကျွံလုပ်ရပ်တစ်ခုဟု မထင်ရတော့ချေ။
ကျန့်ချီသည် မျှော်လင့်ချက်မဲ့သွား၏။ သူ၏တွေးခေါ်ပုံကပင် စိန့်စတန်ကျောင်း၏ ပုံစံခွက်ထဲသို့ တဖြည်းဖြည်း သွတ်သွင်းခံနေရသလိုပင်။
“ပိုက်ဆံမရှိရင် ငါးသန်းနဲ့ညီမျှတဲ့ ပစ္စည်းတစ်ခုခုကို ထုတ်ပေး”
ရှန်းရှုထင်သည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ သန့်ရှင်းသောလက်ကိုင်ပုဝါကိုထုတ်ပြီး သူ၏လက်ချောင်းများကို သုတ်လိုက်၏။ သူ၏အမူအရာသည် အေးစက်တည်ငြိမ်နေပြီး ခုနက ဒေါသအရိပ်အယောင်တစ်စိုးတစ်စိမျှပင်မရှိချေ။ ငါးသန်းဟုပြောလိုက်သည်မှာ ငါးကျပ်ဟုပြောလိုက်သကဲ့သို့ပင် ရိုးရှင်းလှ၏။ ကျန့်ချီသည် ရှန်းရှုထင်ဂရုစိုက်သည်မှာ ပိုက်ဆံမဟုတ်ကြောင်း ရှင်းလင်းစွာ သဘောပေါက်လိုက်သည်။ သူသည် အရှက်ခွဲလိုခြင်းသာဖြစ်ပြီး သူဒုက္ခရောက်နေသည်ကို ကြည့်ချင်နေခြင်းဖြစ်၏။
ဤအခိုက်အတန့်တွင် ကျန့်ချီသည် ပိုင်ရှီယွီကို သတိရမိ၏။ သူသည် ရှန်းရှုထင်ကဲ့သို့ စိတ်ခံစားချက်ကင်းမဲ့သောလူကိုပင် အချစ်တွင်းသို့ ကျဆင်းစေနိုင်ခဲ့သည်။ ဇာတ်လိုက်၏ကျော်ဇောမှုကြောင့်ဖြစ်စေ၊ မဖြစ်စေ၊ ဤအရည်အချင်းနှင့် ဇွဲလုံ့လသည်ပင် ကျန့်ချီအား လေးစားအံ့ဩစေရန် လုံလောက်ပေသည်။
“ဥက္ကဌရှန်း၊ မင်း ကိစ္စအချို့ကို အထင်လွဲနေတယ်လို့ ငါထင်တယ်”
ကျန့်ချီသည် ရှန်းရှုထင်၏မျက်လုံးများကို ကြည့်ကာ သူအမြဲတမ်းပြောချင်နေခဲ့သော စကားများကို ပြောချလိုက်သည်။
“ငါနဲ့ ကျိဟွိုက်စစ်က သူငယ်ချင်းတွေပါ၊ ဝမ်ချွမ်နဲ့လည်း ဒီလိုပဲ။ သူငယ်ချင်းအချင်းချင်း အပြန်အလှန်ကူညီကြတာ၊ သာမန်အတန်းဖော်တွေထက် ပိုရင်းနှီးကြတာက သဘာဝပါပဲ။ မင်းက ဒီအကြောင်းကြောင့် ငါ့ကို မကျေမနပ်ဖြစ်နေတာက မင်းလို BC တစ်ယောက်နဲ့ အတူရှိနေဖို့ အထူးကျောင်းသားတစ်ယောက်က မထိုက်တန်ဘူးလို့ ယူဆနေရုံသက်သက်ပဲ။ ဒီလိုမှမဟုတ်ရင် ငါနဲ့ ကျန်းယန် နေ့တိုင်းအတူတူရှိနေတာကို မင်း ဘာလို့မသင်္ကာမဖြစ်ရတာလဲ။ မင်းဘက်က အရင်ဆုံး ကြိုတင်ကောက်ချက်ချပြီး အထင်လွဲနေတာ၊ ဒါပေမဲ့ ကိစ္စတိုင်းမှာ သက်သေအထောက်အထားတော့ လိုအပ်တယ်”
ကျန့်ချီသည် စက္ကန့်အနည်းငယ်ရပ်တန့်လိုက်သည်။
“အဲ့ဒီနေ့က ငါ ရှောက်ဟန့်အဆောင်ကို သွားခဲ့တာက ခြိမ်းခြောက်ခံခဲ့ရလို့။ ဝမ်ချွမ်အဆောင်ကနေ ထွက်လာခဲ့တာက သူ့အိမ်က ကိစ္စတွေကြောင့်။ ငါနဲ့ ကျန်းယန် နှစ်ယောက်လုံး သူ့ကို သွားကြည့်ကြတာ။ နောက်ပိုင်းမှာ စာသင်ချိန်နီးလာလို့ ကျန်းယန်က အရင်ထွက်သွားပြီး ငါက ခဏအကြာမှ ထွက်လာခဲ့တာ။ မင်းမြင်ခဲ့တာက အဖြစ်အပျက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိသေးတယ်။ ခန့်မှန်းချက်တွေပေါ်မှာ အခြေခံပြီး ပြတ်ပြတ်သားသား အပြစ်တင်ဆုံးဖြတ်တာကတော့ မမျှတဘူးလို့တော့ ငါထင်တယ်”
အကယ်၍ ရှေ့မှလူသည် ရှောက်ဟန့်ဖြစ်ပါက ကျန့်ချီသည် ရှင်းပြရန် စိတ်ရှည်သည်းခံနိုင်မည်မဟုတ်ပေ။ သို့သော် ရှန်းရှုထင်သည် ကျိဟွိုက်စစ်၏ သူငယ်ချင်းဖြစ်သောကြောင့် ရှောက်ဟန့်ကဲ့သို့ ကုရာနတ္ထိဆေးမရှိသောအခြေအနေသို့ မရောက်သေးဟု သူပို၍ယုံကြည်လို၏။ ပို၍အရေးကြီးသည်မှာ ရှန်းရှုထင်သည် ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်ပြီး တစ်နှစ်ပတ်လုံး ရှန်းရှုထင်၏ ပစ်မှတ်ထားခြင်းကို ခံရမည်ကို သူလုံးဝမလိုလားပေ။
သူ၏စကားသံ တဖြည်းဖြည်းတိုးလျှသွားပြီး နောက်ဆုံးစာလုံးသည် လေထဲတွင် ပျောက်ကွယ်သွားသည့်အခါ ရှန်းရှုထင်၏မျက်နှာတွင် နောက်ဆုံးတွင် ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာခဲ့၏။ သူ၏အမှောင်ထဲမှ ခွဲခြားမရနိုင်သော မျက်ဝန်းများသည် နက်ရှိုင်းသွားပြီး အေးစက်စွာဆိုသည်။
“ရှောက်ဟန့်နဲ့ ဝမ်ချွမ်ရဲ့ ရန်ပွဲအားလုံး… မင်းနဲ့ပတ်သက်နေတယ်ဆိုတာကိုတော့ မင်းမငြင်းနိုင်ဘူးမလား”
ထိုစွပ်စွဲချက်သည် ကျန့်ချီ၏မျက်ခုံးများကို တွန့်ချိုးသွားစေပြီး စိတ်ပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေသည်။
“ငါ ရန်ပွဲမှာမပါဝင်ခဲ့ဘူး၊ ရန်လည်းမဖြစ်ခဲ့ဘူး။ ဒီလိုဆိုရင်တောင် အမှားလုပ်တဲ့သူလို့ သတ်မှတ်လို့ရသေးလို့လား”
ရှန်းရှုထင်က သူ၏စကားကို ဖြတ်ပြောသည်။
“ငါ ကျိဟွိုက်စစ်ကို သိတာနှစ်ပေါင်းများစွာကြာပြီ။ သူက သာမန်လူတစ်ယောက်ကို ဒီလောက်အလေးထားမှာမဟုတ်ဘူး။ မင်းမှာ တကယ်ပဲ ဘာထူးခြားချက်ရှိနေလို့လဲ”
“ဥက္ကဌရှန်း၊ မင်းလည်း သာမန်လူတစ်ယောက်ပါပဲ”
ထိုစကားသုံးလုံးသည် ကျန့်ချီကို အနည်းငယ်မကျေမနပ်ဖြစ်စေ၏။ သူသည် သူ၏လက်မောင်းကိုချလိုက်ပြီး တည်ငြိမ်သောအသံသည် ညအမှောင်တွင် ထွက်ပေါ်လာသည်။
“လူတိုင်းက အိုခြင်း၊ နာခြင်း၊ သေခြင်းကို ကြုံတွေ့ရမှာပါပဲ။ တခြားသူတွေက မင်းကို ရေခဲတုံးစက်ရုပ်တစ်ရုပ်နဲ့တူတယ်လို့ ပြောကြပေမဲ့ အဲ့နောက်ပြောင်မှုက မင်းကို အသက်မကြီး၊ မနာမကျန်း မဖြစ်အောင် မလုပ်ပေးနိုင်ဘူး။ နောက်ထပ်သန်းတစ်ထောင်ရှိရင်တောင် မလုပ်ပေးနိုင်ဘူး။ မင်းလည်း မင်းပြောတဲ့ ‘သာမန်လူ’ တွေထဲက တစ်ယောက်ပဲ။ မွေးဖွားလာမှုနဲ့ အသွင်အပြင်က အားသာချက်တွေဖြစ်ပေမဲ့ တခြားသူတွေကို နှိမ့်ချဖို့အတွက် လက်နက်တစ်ခု မဖြစ်သင့်ဘူး။ ဒီအမှန်တရားတွေကို ဥက္ကဌဖြစ်တဲ့မင်းက ငါ့လိုအထူးကျောင်းသားတစ်ယောက်ထက် ပိုပြီးနားလည်သင့်တယ်။”
နောက်ဆုံးစကားတွင် သရော်လှောင်ပြောင်မှုအနည်းငယ် ရောယှက်နေ၏။ အတန်ကြာတိတ်ဆိတ်နေပြီးနောက် ရှန်းရှုထင်၏မျက်ဝန်းထဲမှ အမှောင်ရောင်တွင် မမြင်နိုင်သော လှုပ်ခတ်မှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်စွန်းသည် တွန့်ချိုးသွားပြီး ရယ်မောခြင်းနှင့် သရော်ခြင်းတို့ ရောယှက်နေသကဲ့သို့ပင်။ ခုနက ဖိအားပေးနိုင်သော အရှိန်အဝါသည် အနည်းငယ်လျော့ကျသွား၏။
ကျန့်ချီ၏ဘေးမှ ဖြတ်လျှောက်သွားသည့်အခါတွင် သူသည် အထက်စီးမှ အေးစက်သောမာနကို ဆက်လက်ထိန်းသိမ်းထားပြီး သူ၏ပါးလွှာသောနှုတ်ခမ်းတို့သည် ဖွင့်ဟကာ အဓိပ္ပာယ်မရှိသော စကားတစ်ခွန်းကို ချန်ထားခဲ့သည်။
“ငါနဲ့မင်းက မတူဘူး”
ကျန့်ချီ နောက်ပြန်လှည့်လိုက်သည့်အခါ ရှန်းရှုထင်၏ ကျောပြင်သည် ညအမှောင်ထုထဲသို့ တဖြည်းဖြည်းပျော်ဝင်ကာ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ခုနက ငါးသန်းကိစ္စကို ထပ်မံပြောဆိုခြင်းမရှိတော့ပေ။
“ကျန့်ချီ”
ကျန့်ချီ ခေါင်းမော့လိုက်၏။ ခန်းမဆောင်မှလာသော အလင်းရောင်ကိုအမှီပြုကာ ဝင်္ကပါကဲ့သို့သော ကျောင်းဝင်းထဲမှ ထွက်လာခဲ့သည့်ဝမ်ချွမ်၏ ပုံရိပ်သည် မှုန်ဝါးသောညအမှောင်ကိုဖြတ်ကျော်ကာ သူ၏ရှေ့သို့ရောက်လာခဲ့၏။ သူ၏မျက်နှာပေါ်မှ လျှပ်တပြက်ပေါ်လာသော စိုးရိမ်ပူပန်မှုသည် ကျန့်ချီဘာမှမဖြစ်ကြောင်း သေချာသွားမှ ဖုံးကွယ်သွားပြီး တစ်လမ်းလုံးတင်းထားသော စိတ်တို့ကို လျှော့ချလိုက်သည်။
“မင်းဘယ်ရောက်သွားတာလဲ။ ငါမင်းကို ရှာမတွေ့ဘူး”
ကျန့်ချီက ပြောသည်။
“ခုနက နောက်ဘက်ကို တစ်ပတ်ပတ်ပြီး လေညှင်းခံထွက်သွားတာ။ အကပွဲက ပြီးတော့မယ်မလား”
“အင်း”
ဝမ်ချွမ်၏ မင်ကဲ့သို့နက်မှောင်သော မျက်ဝန်းထဲတွင် မရှင်းလင်းသော အလင်းရောင်များ လှည့်ပတ်နေပြီး ပြောချင်သောစကားများစွာကို ဖုံးကွယ်ထားပုံရ၏။ အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူက တိုးညင်းစွာ မေးလိုက်သည်။
“ရှောက်ဟန့်ပြောတဲ့စကားတွေက တကယ်ပဲလား”
ကျန့်ချီသည် ထိုမေးခွန်းကိုကြားရသည်မှာ အံ့အားမသင့်တော့ပေ။ သူသည် အနည်းငယ်စိတ်ပျက်စွာဖြင့် အကြည့်လွှဲလိုက်ပြီး မထင်မရှားဆိုသည်။
“သူက လျှောက်ပြောနေတာ”
ဝမ်ချွမ်၏အမူအရာအရ ယုံကြည်ခြင်းရှိမရှိကို မခန့်မှန်းနိုင်ပေ။ သူသည် စက္ကန့်အနည်းငယ်ရပ်တန့်သွားပြီး သူ၏စကားထဲမှ ထူးခြားမှုကို ခွဲခြားရခက်လှသည်။
“ရှောက်ဟန့် …ခုနက ဝိုင်သောက်ပြီးတော့ ဝိတ်တာတချို့ကို ဆဲဆိုပြီး လွန်ခဲ့တဲ့နာရီဝက်လောက်က ထွက်သွားပြီ”
ကျန့်ချီက အနည်းငယ်အံ့အားသင့်စွာဖြင့် အကြည့်လွှဲလိုက်သည်။
“ကျိဟွိုက်စစ်က မတားဘူးလား”
ဝမ်ချွမ်သည် ကျန့်ချီကို စိုက်ကြည့်ရင်း အတန်ကြာမှ အေးစက်စွာပြန်ဖြေသည်။
“သူက စောစောကတည်းက ပြန်သွားပြီ”
ကျန့်ချီက ပြောသည်။
“အဲ့လိုလား”
အဘယ်ကြောင့် ဤမျှအံ့အားသင့်မိသည်ကို သူကိုယ်တိုင်ပင်မပြောပြတတ်တော့ချေ။
“ဝန်ပိနေတဲ့ဦးနှောက်ကလည်း အနားယူဖို့လိုတယ်၊ ငါတို့လည်း စောစောပြန်ကြရအောင်၊ ငါနည်းနည်းပင်ပန်းနေပြီ”
ထိုစကားတွင် အတုအယောင်တစ်စိုးတစ်စိမျှမပါဝင်ပေ။ ကျန့်ချီသည် သူ၏ဦးနှောက်ထဲမှ ရှန်းရှုထင်၊ ကျိဟွိုက်စစ်နှင့် ပိုင်ရှီယွီတို့ကို ဖယ်ထုတ်လိုက်ပြီး သမ်းဝေလိုက်၏။ ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့် နောက်မှ ဝမ်ချွမ်က ညင်သာစွာ ခေါ်လိုက်သည်ကို ခံလိုက်ရသည်။
“ကျန့်ချီ”
“ဘာဖြစ်လို့လဲ”
ဝမ်ချွမ်သည် ခေါင်းငုံ့ကာ သူ၏အိတ်ကပ်ထဲမှ လက်တစ်ဝါးစာအရွယ်အစားရှိသော ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်ပြီး သူ၏လက်ဖဝါးထဲတွင် တင်းတင်းဆုပ်ကိုင်ထား၏။ သူသည် ရှေ့သို့တိုးလာပြီး သတိမဝင်သေးသော ကျန့်ချီ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
သူ၏တစ်ဝက်တစ်ပျက်ကျနေသော မျက်တောင်များက တုန်ယင်နေပြီး အသံမှာ အနည်းငယ်မတည်ငြိမ်ချေ။
“လက်ဆောင်”
“ဘာလဲ”
“မင်းရဲ့မွေးနေ့လက်ဆောင်”
ဘူးထဲတွင် Obsidian ကျောက်မျက်ရတနာဖြင့်ပြုလုပ်ထားသော လက်ကောက်ဝတ်ကြယ်သီးတစ်စုံကို ထည့်ထား၏။ ကျန့်ချီသည် ခေါင်းမော့လိုက်ရာ သူ၏အံ့အားသင့်မှုသည် တုန်လှုပ်မှုအောက်တွင် သိသိသာသာမရှိတော့ချေ။
“ဒါ……”
ဝမ်ချွမ်က သူ၏စကားကို ဖြတ်ပြောသည်။
“ဈေးမကြီးပါဘူး၊ မင်းယူထားလိုက်”
Obsidian ကျောက်လက်ကောက်ဝတ်ကြယ်သီး၏ဈေးနှုန်းသည် အလွန်အမင်းကြီးမြင့်မည်မဟုတ်သည်မှာ သေချာ၏။ ဤသည်မှာ ဝမ်ချွမ် သူ၏ကိုယ်ပိုင်စုဆောင်းထားသောငွေဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ ဤသို့တွေးမိသောအခါ ကျန့်ချီသည် စိတ်မသန့်စွာဖြင့် လက်မခံဝံ့ဖြစ်သွားပြီး ဘူးကိုပိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အရင်ကပြောခဲ့တဲ့အတိုင်းပဲ… မွေးနေ့မှာပျော်ရွှင်ပါစေဆိုတာကပဲ အရမ်းကောင်းတဲ့လက်ဆောင်တစ်ခုပဲ”
ဝမ်ချွမ်သည် သူ၏စိုးရိမ်ပူပန်မှုကို မြင်တွေ့သွားပုံရ၏။ သူ၏မျက်ဝန်းတစ်စုံသည် ကြည်လင်သောအလင်းရောင်အောက်တွင် ဘူးထဲမှ Obsidian ကျောက်ထက်ပင် ပို၍စင်ကြယ်နေပြီး အညစ်အကြေးကင်းမဲ့နေ၏။
သူ၏အသံတွင် ထိန်းမနိုင်သိမ်းမရသော လှုပ်ခတ်မှုတစ်ခုပါဝင်နေပြီး တစ်စုံတစ်ခုကို ကြိုးစားဖော်ထုတ်ပြောကြားလိုနေသကဲ့သို့ အနည်းငယ်တင်းမာကာ နိမ့်ကျနေသည်။
“လက်ဆောင်က ရိုးရှင်းပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီထက်ပိုကောင်းတာတွေရှိလာမှာပါ။ မင်းမကြိုက်ဘဲ မနေပါနဲ့၊ လက်ခံပေးပါ”
သူပြောပြီးနောက် စကားတစ်ခွန်းထပ်ဖြည့်လိုက်သည်။
“ရမလားဟင်”
Chapter 65 ended