⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 64

Chapter 64

 

“ငါအမုန်းဆုံးက လိမ်ပြောတဲ့လူပဲ”

 

သူ၏စကားသံသည် စကားလုံးတစ်လုံးချင်းစီတွင် အတက်အကျများပါဝင်လာ၏။ ဤသည် ရှန်းရှုထင် သူ၏စိတ်ခံစားချက်အမှန်ကို ရှားရှားပါးပါး ဖော်ပြသည့်အခိုက်အတန့်ဖြစ်၏။ထိုစကားထဲတွင် စက်ဆုပ်ရွံရှာမှုများ ရောယှက်နေ၏။ သို့သော် ထိုအမုန်းတရားသည် ကျန့်ချီတစ်ဦးတည်းအတွက်မဟုတ်ဘဲ အရာအားလုံးအပေါ် အေးစက်စွာ ပြစ်တင်ရှုတ်ချနေသကဲ့သို့ ထင်ရသည်။

 

သို့သော် ခေတ္တမျှအကြာတွင် ထိုစိတ်လှုပ်ရှားမှုကို သူပြန်လည်ဖိနှိပ်လိုက်ပြီး ယခင်ကကဲ့သို့ပင် အေးစက်စက်နိုင်ကာ မာနကြီးသော ရှန်းရှုထင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူသည် သူ၏လက်ကောက်ဝတ်နာရီကို ငုံ့ကြည့်လိုက်သည်။

 

“မင်းဒီမှာ ငိုင်နေလို့လည်းရတယ်၊ ဒါမှမဟုတ် ရှေ့ဆက်သွားပြီး ဓာတ်လှေကားနဲ့ အောက်တစ်ထပ်ကိုဆင်းပြီး နောက်တံခါးကနေ ထွက်သွားလို့လည်းရတယ်။ အောက်ထပ်ကိုတော့ ပြန်မဆင်းနဲ့၊ ခုနကမြင်ကွင်းမျိုး ထပ်ဖြစ်စေချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ငါဝင်တားမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီလိုလုပ်ရင် ဘာအကျိုးဆက်တွေဖြစ်လာမလဲဆိုတာ မင်းသိမှာပါ”

 

ကျန့်ချီသည် ငြင်းဆိုစကားတစ်ခွန်းမျှပင် ဝင်မပြောနိုင်ခဲ့ပေ။ ရှန်းရှုထင်၏ သဘောထားသည် သူ့ကို အလွန်မသက်မသာဖြစ်စေသော်လည်း သူ၏စကားထဲမှ ဆိုလိုရင်းမှာမူ မှားယွင်းခြင်းမရှိပေ။ သူသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

 

“ကျွန်တော် သိပါပြီ”

 

“မင်းတကယ်သိဖို့တော့ မျှော်လင့်ပါတယ်”

 

ရှန်းရှုထင် အေးစက်သောကျောပြင်တစ်ခုကိုသာ ချန်ထားခဲ့သည်အထိ စောင့်ပြီးမှ ကျန့်ချီသည် သူ၏နောက်ဆုံးစကားထဲမှ ရောယှက်နေသော သရော်လှောင်ပြောင်မှုကို အရသာခံမိတော့သည်။

 

သူသည် အားမတန်မာန်လျှော့စွာဖြင့် ခေါင်းကိုက်စွာ စင်္ကြံလမ်းနံရံကို မှီလိုက်ပြီး မျက်လုံးများကို တစ်ချက်မှိတ်လိုက်၏။ အကပွဲက နံနက်စောစောပိုင်းမှ ပြီးဆုံးမည်ဖြစ်၏။ ကျန်ရှိနေသေးသော နာရီအနည်းငယ်အတွင်း သူဘာလုပ်နိုင်ဦးမည်နည်း။

 

ကျန့်ချီ၏ဦးနှောက်ထဲတွင် တစ်စုံတစ်ခု လျှပ်တပြက်ပေါ်လာခဲ့သည်။ သူသည် ကိုယ်ကိုမတ်လိုက်ပြီး ရှန်းရှုထင် ခုနကထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်လိုက်သည်။

 

ရှန်းရှုထင်လည်း အောက်ထပ်သို့ ပြန်မသွားခဲ့ပေ။

 

ကျန့်ချီသည် ဤနေရာတွင် အချိန်ဖြုန်းနေ၍မဖြစ်သည်မှာ သေချာ၏။ သူသည် ရှန်းရှုထင်ပြောသော လမ်းကြောင်းအတိုင်း နောက်တံခါးမှတစ်ဆင့် ခန်းမဆောင်ထဲမှ ထွက်ခွာလာခဲ့သည်။ ခန်းမဆောင်ထဲမှ ပျော်ရွှင်ဆူညံမှုနှင့်မတူဘဲ မျက်နှာကိုလာရောက်တိုက်ခတ်သော ကြည်လင်အေးမြသည့်လေသည် ကျန့်ချီအား ရေနောက်အိုင်တစ်ခုထဲမှ ကူးခတ်ထွက်လာရသကဲ့သို့ ခံစားရစေပြီး ပိတ်ဆို့နေသော ချွေးပေါက်များပင် ပွင့်ကားသွားတော့သည်။ သူသည် ဧည့်ခံပွဲများ၊ လူမှုရေးပွဲများအားလုံးနှင့် အမှန်ပင် မသင့်တော်သူဖြစ်၏။

 

ညအမှောင်အောက်မှ ကျောင်းဝင်းလမ်းမများပေါ်တွင် လူသူကင်းမဲ့နေသည်။ ကျန့်ချီသည် ဤတိတ်ဆိတ်မှုကို နှစ်သက်၏။ ဖျော့တော့သောလရောင်အောက်တွင် သူသည် မည်သည့်နေရာသို့ ဦးတည်နေသည်မသိဘဲ ဦးတည်ရာမဲ့ လျှောက်လှမ်းနေမိသည်။

 

စိန့်စတန်ကျောင်းသည် အလွန်ကြီးမားလှရာ စာသင်နှစ်ဝက်တစ်ခုစာအချိန်သည်ပင် ကျန့်ချီအား လမ်းတိုင်းကို နှံ့စပ်အောင် မလုပ်ပေးနိုင်ခဲ့ပေ။ သူအကျွမ်းတဝင်ရှိသည်မှာ နေ့စဉ်စာသင်ခန်းသွားခြင်း၊ ထမင်းစားဆောင်နှင့် စာကြည့်တိုက်သို့သွားသော လမ်းကြောင်းများသာဖြစ်၏။

 

ခုနက စိတ်ရှုပ်ထွေးနေသောကြောင့်လားမသိ၊ ဤသို့ ဦးတည်ရာမဲ့လမ်းကြောင်းဆီသို့ လျှောက်လှမ်းနေရသော ခံစားချက်သည် စိတ်ကူးထဲကလောက် မဆိုးလှချေ။ သူ၏ဦးနှောက်တစ်ခုလုံးတွင်မူ ကျိဟွိုက်စစ်၏ ခုနကဖိတ်ခေါ်စကားသာ ပြည့်နှက်နေသည်။

 

အခြေအနေကို ဖြေရှင်းပေးချင်လို့လား။ ဖြစ်နိုင်လောက်တယ်။ မဟုတ်ဘူး၊ အခြေအနေကို ဖြေရှင်းပေးချင်လို့ပဲ ဖြစ်ရမယ်။ တခြားအကြောင်းမရှိနိုင်ဘူး။

 

ကျန့်ချီသည် ထိုအရာမှလွဲ၍ အခြားမည်သည့်ဖြစ်နိုင်ခြေကိုမှ မစဉ်းစားနိုင်ခဲ့ပေ။ စဉ်းစားမိလျှင်ပင် သူသည် လျင်မြန်စွာ ခေါင်းခါကာ ငြင်းပယ်လိုက်သည်။ အတွေးများကြားတွင် သူ၏ပတ်ဝန်းကျင်မှ မြင်ကွင်းများသည် လုံးဝစိမ်းသက်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။

 

တိတ်ဆိတ်သောညအမှောင်ထုထဲမှ သဲ့သဲ့မျှသော ငိုရှိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ခြေလှမ်းများကိုနှေးလိုက်ရာ အသံသည် တဖြည်းဖြည်း ကြည်လင်လာခဲ့၏။ ကျန့်ချီသည် မလှမ်းမကမ်းမှ ကျောက်ပန်းပုရေပန်းဆီသို့ ကြည့်လိုက်ရာ အောက်တွင် အထီးကျန်နေသော ပုံရိပ်တစ်ခု ထိုင်နေသည်ကို တွေ့လိုက်ရသည်။

 

“ပိုင်ရှီယွီ”

 

ကျန့်ချီသည် မသိစိတ်ဖြင့် နာမည်ကိုခေါ်လိုက်ပြီးမှ ဤတိတ်ဆိတ်သောပတ်ဝန်းကျင်တွင် သူ၏အသံသည် အလွန်သိသာထင်ရှားနေသည်ကို သတိပြုမိလိုက်၏။ ရှပ်အင်္ကျီတစ်ထည်တည်းသာ ဝတ်ဆင်ထားသော ပိုင်ရှီယွီသည် နောက်သို့လှည့်လာခဲ့သည်။

 

သူ၏မျက်နှာတွင် ပျောက်ကွယ်မသွားသေးသော ဝမ်းနည်းမှုနှင့် တွေဝေမှုတို့ ရှိနေပြီး ကျန့်ချီကိုမြင်တွေ့ပြီးနောက်မှ အလျင်အမြန်ထရပ်ကာ သူ၏လက်ထဲမှအရာကို နောက်သို့ဖွက်ထားလိုက်သည်။

 

သို့သော် နောက်ကျသွားခဲ့ပြီဖြစ်၏။ ကျန့်ချီသည် သူ၏လက်ထဲမှ စုတ်ပြဲနေသော ဝတ်စုံအပေါ်အင်္ကျီကို ရှင်းလင်းစွာမြင်တွေ့လိုက်ရသည်။

 

“မင်း…မင်း ခန်းမဆောင်ထဲမှာ ရှိနေရမှာမဟုတ်ဘူးလား။”

 

ပိုင်ရှီယွီသည် တစ်ခဏမျှ ကြောင်အသွားပြီးနောက် အားတင်းကာ ပြုံးပြလိုက်သည်။ “အာ… အဲဒါလား။ ငါလည်း လေညှင်းခံဖို့ ထွက်လာတာ။”

 

ကျန့်ချီသည် သူ၏လက်ထဲမှ ဖွက်မရနိုင်ဖြစ်နေသော အပေါ်အင်္ကျီကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို နားလည်သွားသော်လည်း စကားဆက်မပြောနိုင်ဖြစ်သွားသည်။

 

“မင်းရဲ့ အဝတ်အစား……”

 

“ငါ့ရဲ့အဆိုးရွားဆုံးအချိန်တွေကိုပဲ မင်းက အမြဲမြင်သွားရသလိုပဲနော်။”

 

ပိုင်ရှီယွီ၏အပြုံးတွင် မိမိကိုယ်ကိုသရော်လှောင်ပြောင်မှုနှင့် ကျန့်ချီနားမလည်နိုင်သော စိတ်ပျက်မှုတို့ ရောယှက်နေ၏။ သူသည် အားမရှိတော့သကဲ့သို့ ရေပန်းဘောင်ပေါ်သို့ ပြန်ထိုင်ချလိုက်ပြီး ထိုအပေါ်အင်္ကျီကို သူ၏ဒူးပေါ်သို့ ပစ်တင်လိုက်သည်။ သူ၏အသံမှာ အလွန်တိုးညင်းလှ၏။

 

“အစ်ကိုက ငါ့ကို အကပွဲကိုမလာစေချင်ဘူး၊ အဲ့ဒါကြောင့် ငါ့အဝတ်အစားတွေကို ဖျက်ဆီးပစ်တာ။ တကယ်တော့ ပါဝင်တာ၊ မပါဝင်တာက အရေးမကြီးပါဘူး၊ ငါလည်း ကတတ်တာ မဟုတ်ဘူး။ ဒါပေမဲ့၊ ဒါပေမဲ့ သူဘာလို့ ငါ့ကိုပဲ ပစ်မှတ်ထားနေရတာလဲ……”

 

ကျန်းမာသောညီဖြစ်သူက အကပွဲတက်ရောက်နိုင်သောကြောင့် အဝတ်အစားများကို စုတ်ဖြဲကာ မတက်ရောက်နိုင်အောင်လုပ်ခြင်းသည် ပိုင်ရှုယွင်လုပ်မည့်ကိစ္စမျိုးပင်ဖြစ်၏။

 

သို့သော် ကျန့်ချီသည် ထူးဆန်းသည်ဟု ခံစားမိ၏။ မူရင်းဝတ္ထုတွင် ဤအပိုင်းကို ရေးသားထားခြင်းမရှိခဲ့ပေ။ ဇာတ်လမ်းသည် မူလလမ်းကြောင်းမှ အလွန်သွေဖယ်နေခဲ့ပြီဖြစ်ရာ ဖြစ်နိုင်သည်မှာ ဤအဖြစ်အပျက်သည် လိပ်ပြာအကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုတစ်ခုသာဖြစ်ပေမည်။

 

“အပြင်မှာ အရမ်းအေးတယ်၊ မင်းဒီမှာထိုင်နေရင် အအေးမိလိမ့်မယ်”

 

ကျန့်ချီသည် ရှပ်အင်္ကျီတစ်ထည်တည်းဖြင့် ပိန်ပါးသော ပိုင်ရှီယွီကို ကြည့်ကာ ပြောလိုက်သည်။

 

“အကပွဲလည်း မသွားနိုင်တော့ဘူး၊ မင်းအဆောင်ပြန်ပြီး စောစောအနားယူလိုက်ပါတော့။ နောက်ရက်အနည်းငယ်ကြာရင် ကျောင်းပိတ်ရက်ရောက်ပြီပဲ”

 

“ကျောင်းပိတ်ရင် အစ်ကိုလည်း အိမ်ပြန်လာမှာပဲ”

 

ကျန့်ချီသည် သူမှားပြောမိပြီဖြစ်ကြောင်း သဘောပေါက်သွား၏။ စိတ်ဓာတ်ကျနေသော ပိုင်ရှီယွီကို မည်သို့နှစ်သိမ့်ရမည်မသိတော့ချေ။ အကြိမ်တိုင်းတွေ့ဆုံသည့်အခါ ပိုင်ရှီယွီသည် နက်ရှိုင်းသောကျော့ကွင်း သို့မဟုတ် တစ်စုံတစ်ယောက်၏ထောင်ချောက်ထဲတွင် နစ်မွန်းနေတတ်၏။ ဤသည်မှာ ဇာတ်လိုက်ကျော်ဇောမှု၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ကောင်းဖြစ်ပေမည်။

 

“ဘယ်လိုပဲဖြစ်ဖြစ် မင်းဒီမှာဆက်မထိုင်ပါနဲ့တော့”

 

ကျန့်ချီသည် ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး ထိုခံစားချက်မှာ အားမလိုအားမရဖြစ်ခြင်းလား သို့မဟုတ် အခြားအရာတစ်ခုလားဆိုတာ မပြောပြတတ်ချေ။ သူသည် ပိုင်ရှီယွီထံသို့ လက်ကမ်းပေးလိုက်သည်။

 

“ညက အရမ်းမှောင်နေပြီ၊ ငါမင်းကိုလိုက်ပို့ပေးမယ်”

 

ပိုင်ရှီယွီသည် ခေါင်းမော့လိုက်ရာ သူ၏ကြည်လင်သောမျက်ဝန်းတစ်စုံသည် ညအမှောင်အောက်တွင် အနည်းငယ်မှိန်ဖျော့နေ၏။ သူသည် ကျန့်ချီကို အတန်ကြာစိုက်ကြည့်နေပြီးနောက် တိုးညင်းစွာဆိုသည်။

 

“မင်း သူတို့ကိုလည်း ဒီလိုပဲပြောမှာလား”

 

“ဘာကိုလဲ”

 

ကျန့်ချီသည် သူကြားမှားသည်ဟု ထင်လိုက်မိသည်။

 

“ဘာမှမဟုတ်ပါဘူး”

 

ပိုင်ရှီယွီသည် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ သူ၏အပေါ်ကုတ်ကိုယူကာ ကျန့်ချီကို အနည်းငယ်အားနာဟန်ဖြင့် ပြုံးပြလိုက်သည်။ သူ၏ပါးနှစ်ဖက်မှ ပါးချိုင့်များသည် နက်ရှိုင်းနေ၏။ သူသည် ကျန့်ချီ၏လက်ကို ကိုင်ကာ အားယူထရပ်လိုက်ပြီး သူ၏လက်ဖဝါးမှချွေးများကြောင့် ကျန့်ချီကို တစ်ချက်တုန်သွားစေသည်။ ပိုင်ရှီယွီ၏အသံတွင် ကျေးဇူးတင်စကား ရောယှက်နေသည်။

 

“ငါ တစ်ယောက်တည်းပြန်ချင်တယ်။ နှစ်သိမ့်ပေးတဲ့အတွက်လည်း ကျေးဇူးပါပဲ၊ ငါ အများကြီးနေလို့ကောင်းသွားပါပြီ”

 

“ကျေးဇူးတင်စရာမလိုပါဘူး”

 

ကျန့်ချီ ပြန်လှည့်ကြည့်လိုက်သည့်အခါ ပိုင်ရှီယွီသည် အဝေးသို့ရောက်နေခဲ့ပြီဖြစ်၏။ သူပြောလိုက်သော စကားသုံးလုံးကို ကြားသွားခြင်းရှိမရှိပင် မသိတော့ချေ။

 

ထိုနေရာတွင် စက္ကန့်အနည်းငယ်ရပ်နေပြီးနောက် ကျန့်ချီသည် မူလလျှောက်လှမ်းလာသော လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းလာခဲ့သည်။ သူ၏ဦးနှောက်ထဲတွင် ကျိဟွိုက်စစ်မှလွဲ၍ ပိုင်ရှီယွီတစ်ယောက်ပါ ထပ်တိုးလာခဲ့သည်။

 

ခုနက ထူးဆန်းသောမျက်လုံးအကြည့်သည် တစ်ခဏမျှသာ ကြာမြင့်ခဲ့၏။ ညအမှောင်အောက်မှ အမြင်မှားမှုတစ်ခုကဲ့သို့ပင်။ သို့သော် ကျန့်ချီသည် သူမြင်မှားခြင်းမဟုတ်ကြောင်း သေချာ၏။ တစ်ခဏအတွင်း ပိုင်ရှီယွီသည် မျက်နှာသွင်ပြင်မတူသော သူစိမ်းတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထိုရုတ်တရက်ဖြတ်တောက်ခံလိုက်ရသော စကားတွင်လည်း ပြောမပြတတ်သော နက်နဲမှုတစ်ခု ပါဝင်နေသည်။

 

‘သူတို့’ ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းခြင်းနည်း။

 

ကျန့်ချီသည် သူ၏ဦးနှောက်တစ်ခုလုံး ထုံကျင်ကိုက်ခဲလာပြီး ဆက်လက်မစဉ်းစားနိုင်တော့ဟု ခံစားရ၏။ သူသည် ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ရှေ့ဘက်သို့မော့ကြည့်လိုက်ရာ တစ်ခဏမျှ ကြောင်အသွားတော့သည်။

 

သူကျောင်းဝင်း၏ မည်သည့်ထောင့်သို့ရောက်ရှိလာသည်ကို သူကိုယ်တိုင်ပင် မသိချေ။ ပတ်ဝန်းကျင်မှအရာအားလုံးသည် အလွန်စိမ်းသက်နေ၏။ မီးရောင်များထိန်လင်းနေသော ခန်းမဆောင်သည် နောက်ကျောဘက်တွင် ဝေးကွာစွာကျန်ရစ်ခဲ့ပြီဖြစ်၏။ သူမြင်နိုင်သည်မှာ မျက်စိရှေ့မှ သံပန်းတံခါးကြီးတစ်ခုနှင့် ဘေးနှစ်ဖက်မှ သပ်ရပ်စွာညှပ်ထားသော စိမ်းလန်းသည့်ခြံစည်းရိုးများက ပန်းခြံတစ်ခုလုံးကို ဝန်းရံထားခြင်းပင်။ ခြေလှမ်းအနည်းငယ်အကွာမှပင် သင်းပျံ့သောပန်းရနံ့တစ်ခုကို ခပ်ဖျော့ဖျော့ရနိုင်၏။ ကျန့်ချီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူသူတစ်ဦးတစ်ယောက်မျှမရှိချေ။

 

သံပန်းတံခါးသည် ဟာနေသောကြားမှ ကျန့်ချီသည် အတွင်းသို့မဝင်ဘဲ သံပန်းအပေါက်များကြားမှ အတွင်းသို့ချောင်းကြည့်လိုက်သည်။

 

ညအမှောင်အောက်မှ ပန်းခြံသည် ဒဏ္ဍာရီပုံပြင်စာအုပ်ထဲမှ မှော်ဆန်သောနေရာတစ်ခုနှင့်တူ၏။ ကြက်ဥပုံကျောက်တုံးများခင်းထားသော လမ်းသွယ်လေးသည် ပန်းခြံအတွင်းပိုင်းသို့ ဦးတည်နေပြီး သစ်သားအိမ်၏ထောင့်တစ်နေရာကို မထင်မရှားမြင်တွေ့နိုင်၏။

 

ဘေးနှစ်ဖက်တွင် စိုက်ပျိုးထားသည့်အပင်များမှာ အမည်မသိသော်လည်း ဆောင်းရာသီတွင်ပင် လှပစွာပွင့်လန်းနေသော ပန်းများဖြစ်၏။ ၎င်း၏ပိုင်ရှင်သည် အလွန်စေ့စပ်သေချာသူတစ်ဦးဖြစ်ရမည်။ ကြီးမားသောပန်းခင်းထဲတွင် အကိုင်းအခက်အပို တစ်ခုမျှ မတွေ့ရသလို မြက်ခင်းပြင်ပေါ်တွင်လည်း ပေါင်းပင်တစ်ပင်၏အရိပ်အယောင်မျှပင်မတွေ့ရဘဲ အလွန်သပ်ရပ်လှသည်မှာ အံ့ဩဖွယ်ကောင်းလှသည်။

 

ကျန့်ချီသည် ရင်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ၏ဦးနှောက်ထဲတွင် မှတ်ဉာဏ်အပိုင်းအစတစ်ခု ဖြတ်ပြေးသွား၏။ ထိုအကြောင်းအရာကို သေချာအောင်မစစ်ဆေးနိုင်မီမှာပင် သူ၏နောက်ကျောဘက်မှ ဒေါသနှင့်ရောယှက်နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

 

“မင်းဘာလုပ်နေတာလဲ!”

 

မလှမ်းမကမ်းတွင် ရှန်းရှုထင်၏မျက်နှာသည် မင်များစွန်းထင်းသွားသကဲ့သို့ မည်းမှောင်နေ၏။ သူသည် သူ၏ပုံမှန်တည်ငြိမ်ခန့်ညားသော အမူအရာမှပြောင်းလဲကာ ကျန့်ချီရှိရာသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာခဲ့သည်။

 

ကျန့်ချီသည် ထိုအော်ဟစ်သံနှင့် တဖြည်းဖြည်းချဉ်းကပ်လာသော ရှန်းရှုထင်ကြောင့် လန့်ကာ နောက်သို့တစ်လှမ်းဆုတ်လိုက်၏။ သံပန်းတံခါးသည် ‘ကျွီ’ ဟူသောအသံနှင့်အတူ အတွင်းသို့ပွင့်သွားပြီး သူ၏နောက်ကျောသည် ရုတ်တရက် အားပြုစရာမရှိတော့ချေ။ ဟန်ချက်မထိန်းနိုင်ဖြစ်သွားသော ကျန့်ချီသည် ခြေလှမ်းအနည်းငယ်ယိုင်သွားပြီး မမျှော်လင့်ဘဲ ပန်းခြံထဲသို့ လဲကျသွားတော့သည်။

 

Chapter 64 ended

အထက်တန်းစားယောကျ်ားလေးများကျောင်း

အထက်တန်းစားယောကျ်ားလေးများကျောင်း

Status: Ongoing Type: Author: Released: 2021 Native Language: Chinese

Description

 

အစပိုင်းမှာတော့ ဘာအတိတ်နိမိတ်မှ မပါတဲ့ အိပ်မက်တစ်ခုသာ ဖြစ်သည်။

 

အိပ်မက်ထဲက မြင်ကွင်းတွေက လက်တွေ့ဘဝနဲ့ တစ်ခုပြီးတစ်ခု ကိုက်ညီလာတဲ့အခါမှာတော့ ကျန့်ချီက သူဟာ danmeiဝတ္ထုစာအုပ်ထဲမှာ နေထိုင်နေတာကို သိလိုက်ရသည်။

 

စာအုပ်ထဲမှ ဇာတ်လိုက်က အပြစ်ကင်းစင်ပြီး အားနည်းသူဖြစ်ကာ အထက်တန်းစားယောကျ်ားလေးကျောင်းမှ ဝံပုလွေတွေကြားထဲ ဝန်းရံခံနေရပြီး နောက်ဆုံးမှာတော့ 1vN အတင်းအကြပ် အချစ်ဇာတ်လမ်းနဲ့ အဆုံးသတ်သွားခဲ့သည်။

 

(T/N: 1 vs N ဆိုတာက ဇာတ်လိုက်က တစ်ယောက်တည်းဖြစ်ပြီး ပါတနာက အများကြီးကိုပြောတာပါ)

 

ပြီးတော့ သူကိုယ်တိုင်ကတော့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ကို နေရာတိုင်းမှာ ချောက်ချပြီးနောက် ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရတဲ့ ဆိုးသွမ်းတဲ့ အမျိုးသား ဇာတ်ပို့ဖြစ်နေခဲ့သည်။

 

ဒါကို ကြိုတင်သိရှိသွားတဲ့ ကျန့်ချီဟာ ဇာတ်လိုက်ရဲ့ အချစ်ရေးကိစ္စတွေထဲ မဝင်ရောက်ဘဲ အထက်တန်းစားယောကျ်ားလေးကျောင်းမှာ ဘယ်သူမှ သတိမထားမိတဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့သည်။

 

ဒါပေမဲ့ သူ တခြားသူတွေကို စပြီး မနှောင့်ယှက်ပါဘဲနဲ့ကို ပြဿနာတွေက သူ့ဆီကို တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။

 

ဇာတ်ကွက်က ပျက်စီးမယ့်လမ်းကြောင်းဘက်ကို ဆက်ပြီး တိုးတက်လာတဲ့အခါမှာတော့ ကျန့်ချီက ဇာတ်လိုက်Gongတွေ သူ့ကို ကြည့်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေက နည်းနည်းလေး ကွဲပြားနေတယ်ဆိုတာကို နောက်ဆုံးမှာ တွေ့ရှိသွားခဲ့၏။

 

•••••••••••

Harem လေးပါ။ တော်တော်များများလည်း သိကြမှာပါ။

1 vs N ပါနော်။ gongက ငါးယောက်ထင်တယ်။

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset