Chapter 65
“ဆုံးဖြတ်ပြီးပြီ… နောက်လကျရင် ငါတို့ နိုင်ငံခြားထွက်ပြီး လက်ထပ်ကြမှာ”
ပြည်တွင်းတွင် မပြီးပြတ်သေးသော ကိစ္စအချို့ ရှိနေသေးသဖြင့် ချက်ချင်း မထွက်နိုင်သေးခြင်း ဖြစ်သည်။
“နိုင်ငံခြားမှာ လက်ထပ်မယ်” ဆိုသည့် စကားကြောင့် ဖေးလု အံ့သြမှင်သက်သွားသည်။ ခေါင်းထဲတွင် “လက်ထပ်မယ်” ဆိုသော စကားလုံးကြီးသာ ပဲ့တင်ထပ်နေသဖြင့် ကြောင်တောင်တောင် ထိုင်နေမိတော့သည်။
မုရှို့သည် သူ့မျက်စိရှေ့တွင် လက်ဝှေ့ယမ်းပြသော်လည်း တုံ့ပြန်မှု မရပေ။ ရယ်ချင်စိတ်ကို မနည်းထိန်းရင်း ဖေးလု၏ ပါးကို လက်ညှိုးဖြင့် ထိုးကာ စနောက်လိုက်သည်။
“ယောင်္ကျားနဲ့ လက်ထပ်ရတော့မယ် ဆိုတော့ ပျော်လွန်းလို့ ကြောင်သွားတာလား?”
ဖေးလု နောက်ကျမှ သတိဝင်လာသည်။ ချူးဟုန်နှင့် ချင်ရွေ့တို့က သွားကိုက်နေသည့် မျက်နှာထားဖြင့် သူတို့ကို ကြည့်နေကြသည်ကို မြင်လိုက်ရသဖြင့် မုရှို့၏ခါးကို လှမ်းဆွဲစိတ်လိုက်ပြီး သတိပေးလိုက်သည်။
“ဒီမှာ လူတွေ ရှိသေးတယ်လေ!”
ဒီလူကြီးက အရှက်ဆိုတာကို နားမလည်ဘူးလား?
မုရှို့၏အဘိဓာန်ထဲတွင်တော့ “ရှက်တယ်” ဆိုသည့် စကားလုံး မရှိသည်မှာ သေချာသည်။ သူသည် ဖေးလု၏ လက်ကို တောက်လျှောက် ဆုပ်ကိုင်ထားပြီး တစ်ဖက်လူ နှစ်ယောက်၏ မျက်နှာထား ပျက်ယွင်းနေမှုကို ဂရုမစိုက်ဘဲ သူ့အစီအစဉ်များကို ပြောပြလိုက်သည်။ ပြီးနောက် ဖေးလုကို ဆွဲခေါ်ကာ ထွက်ခွာသွားတော့သည်။
ချူးဟုန်တို့ကို လွှဲပြောင်းပေးခဲ့ပြီ ဖြစ်သဖြင့် စတူဒီယိုကိစ္စကို သူ စိတ်ပူစရာ မလိုတော့ပေ။ သူတို့မောင်နှမနှစ်ယောက်က စတူဒီယိုကို ဦးဆောင်နိုင်စွမ်း ရှိသည်။ သူ လုပ်ပေးရမည်မှာ ငွေကြေးနှင့် ကျောထောက်နောက်ခံ ပေးရုံသာ။
အခု သူ့ဘက်က ရှင်းဖို့ ကျန်နေတာက မုမိသားစု အိမ်ကြီးဘက်က ပြဿနာတွေပဲ ဖြစ်သည်။
သူတို့ အောက်ထပ်ကို ရောက်သည်နှင့် သူ့ကို စောင့်နေသော မုချီဝမ်နှင့် တိုးတော့သည်။ Flying Fish Entertainment နှင့် လမ်းခွဲမည်ဟု ကြေညာကတည်းက မုရှို့သည် မုချီဝမ်နှင့် အဆက်အသွယ် ဖြတ်ထားခဲ့သည်။ မုချီဝမ်က အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း မုရှို့က ဖုန်းမကိုင်ခဲ့ပေ။
မုချီဝမ်သည် သူနှင့် မုမိသားစု ကြားတွင် မုမိသားစုဘက်ကို ရွေးချယ်လိုက်ပြီ ဖြစ်သဖြင့် သူတို့ကြားတွင် ပြောစရာ စကားမရှိတော့ဟု မုရှို့ သတ်မှတ်ထားသည်။
မုရှို့ ခြေလှမ်းရပ်လိုက်ပြီး ဂနာမငြိမ် ဖြစ်နေသော မုချီဝမ်ကို အေးစက်စွာ ကြည့်လိုက်သည်။ မုချီဝမ်သည် အရင်လို ရိုးသားသော ပုံစံအတိုင်းပင် ဖြစ်သော်လည်း မုရှို့ကို မြင်သောအခါ ရှေ့တိုးချင်သလို၊ မတိုးရဲသလို ဖြစ်နေပြီး မီတာအနည်းငယ် အကွာမှသာ လှမ်းကြည့်နေသည်။
သူ ရှေ့တိုးမလာသည်ကို မြင်သောအခါ မုရှို့သည် ဖေးလုကို ဆွဲပြီး သူ့ကို ရှောင်ကွင်းကာ ထွက်သွားရန် ပြင်လိုက်သည်။
“ရှောင်မု…”
မုချီဝမ်၏အသံသည် အနောက်မှ ထွက်ပေါ်လာသည်။ မုရှို့ လှည့်ကြည့်လိုက်သော်လည်း မျက်နှာထားကမူ တင်းမာနေဆဲပင်။
“ဦးလေး… ဘာကိစ္စ ရှိလို့လဲ?”
မုချီဝမ်သည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားနေသည်။ သူသည် ရိုးသားသူ တစ်ယောက် ဖြစ်သည်။ ငယ်စဉ်က မုအဘိုးကြီး၏မွေးစားခြင်းကို ခံခဲ့ရသဖြင့် အရွယ်ရောက်လာသောအခါ မုမိသားစုအပေါ် ကျေးဇူးဆပ်ရန်သာ စိတ်ကူးထားခဲ့သည်။ မုအဘိုးကြီး ဆုံးပါးသွားပြီးနောက် သူသည် မုအဖွားကြီးအပေါ်တွင် ကျေးဇူးဆပ်ရန် ကြိုးစားခဲ့ပြီး မုအဖွားကြီးက သူ့အပေါ် မကောင်းသော်လည်း သည်းခံကာ အလုပ်အကျွေး ပြုခဲ့သည်။
မုအဖွားကြီးတွင် သားတစ်ယောက် (မုရှို့၏ ဖခင်) သာ ရှိသည်။ သို့သော် တစ်ဦးတည်းသောသားက လမ်းမှားရောက်နေပြီး ငယ်ရွယ်စဉ်ကတည်းက အပျော်အပါး လိုက်စားလွန်းသဖြင့် ကျန်းမာရေး ထိခိုက်နေသည်။ အိမ်ထောင်ပြုပြီးသော်လည်း ကလေးမရခဲ့ပေ။ နောက်ပိုင်းတွင် မတော်တဆမှုဖြင့် စောစီးစွာ ကွယ်လွန်သွားခဲ့သည်။ ငယ်စဉ်က အပျော်အပါး လိုက်စားရာမှ မုရှို့ကို မွေးဖွားခဲ့ခြင်းသာ မရှိလျှင် မုမိသားစုမှာ မျိုးဆက်ပြတ်သွားပြီ ဖြစ်သည်။
မုရှို့ကို အိမ်ပြန်ခေါ်လာသည့်အချိန်တွင် အပျော်ဆုံးလူက မုအဖွားကြီး ဖြစ်သင့်ပြီး၊ မပျော်ဆုံးလူက မုချီဝမ် ဖြစ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် မုအဘိုးကြီး ရှိစဉ်က မုချီဝမ်ကို အလွန် အားကိုးခဲ့ပြီး ယခု မုမိသားစုတွင် မျိုးဆက်ပြတ်သွားပြီ ဖြစ်သဖြင့် တရားဝင် မွေးစားသား ဖြစ်သော မုချီဝမ်သည် အမွေဆက်ခံခွင့် ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ ပြောင်းပြန် ဖြစ်နေသည်။
မြေးအရင်းဖြစ်သော မုရှို့ကို ချစ်ခင်ရမည့်အစား မုအဖွားကြီးသည် ကြည့်ပင် မကြည့်ချင်ပေ။ မုရှို့၏ မိခင်သည် ပြည့်တန်ဆာ ဖြစ်နေသောကြောင့် မုရှို့ကို အသိအမှတ် မပြုချင်ဘဲ မုမိသားစု၏ သွေးသားကို ညစ်ညမ်းစေသည်ဟု ယူဆထားသည်။
မုရှို့ ပြန်ရောက်လာသည့် ပထမနှစ်တွင် မုအဖွားကြီး၏ လစ်လျူရှုမှုနှင့် အိမ်ဖော်များ၏ အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ ဖခင်အရင်းကလည်း သေဆုံးခါနီးအထိ သူ့ကို အကြိမ်ရေ အနည်းငယ်သာ လာကြည့်ခဲ့သည်။
နောက်ပိုင်းတွင် မုချီဝမ် သိသွားပြီး အိမ်ကြီးသို့ ပြန်လာကာ ကယ်တင်ခဲ့သောကြောင့်သာ အဆင်ပြေသွားခြင်း ဖြစ်သည်။ သို့သော် သူက အလုပ်များသလို၊ မုအဖွားကြီး၏ စကားကိုလည်း နာခံတတ်သူ ဖြစ်သဖြင့် မုရှို့ကို အိမ်ကြီးတွင်သာ ဆက်ထားခဲ့သည်။
မုရှို့ ၁၈ နှစ်ပြည့်သောအခါ အနုပညာရှင် ရှာဖွေသူ တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ မုမိသားစုနှင့် ခွဲထွက်ချင်သောကြောင့် သူသည် သရုပ်ဆောင် လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အနုပညာလောကသည် ရှုပ်ထွေးပွေလီသဖြင့် အစပိုင်းတွင် မုရှို့ ဒုက္ခများစွာ ခံစားခဲ့ရသည်။ သို့သော် သူသည် ဉာဏ်ကောင်းသူ ဖြစ်သဖြင့် အတွေ့အကြုံ ရလာသည်နှင့်အမျှ အခက်အခဲများသည် သူ့ကို နှောင့်နှေးစေရမည့်အစား အောင်မြင်မှုအတွက် ခြေကန်ဖတ်များ ဖြစ်လာခဲ့သည်။
သူ ပိုမို ထူးချွန်လာသောအခါ မုအဖွားကြီးသည် သူ့ကို ပြန်ခေါ်ပြီး လုပ်ငန်းလွှဲပြောင်းပေးရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်တွင် မုရှို့ကို ထိန်းချုပ်၍ မရတော့မှန်း သိလိုက်ရသည်။
ထို့အပြင် သူ့ဖခင် မသေခင်က ဘယ်လို စိတ်ကူးပေါက်သည် မသိ၊ Flying Fish တွင် ရှိသော ရှယ်ယာများကို မုရှို့ထံ လွှဲပေးခဲ့သည်။
ထို့ကြောင့် မုရှို့သည် Flying Fish ၏ ရှယ်ယာရှင် ဖြစ်လာသည်။ မုချီဝမ်၏ တိုက်တွန်းမှုကြောင့် (ငယ်စဉ်က ကူညီခဲ့ဖူးသည်ကို ထောက်ထားပြီး) Flying Fish လက်အောက်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထူးဆန်းသော ဆက်ဆံရေးသည် ယခုအချိန်အထိ တည်မြဲနေခဲ့သည်။
သို့သော် ဖေးလု ပေါ်လာသောအခါ အခြေအနေများ ပြောင်းလဲသွားသည်။
မုအဖွားကြီးသည် မုရှို့ကို အိမ်ပြန်လာပြီး လက်ထပ်ကာ မျိုးဆက် ဆက်ခံစေချင်သည်။ သူမကိုယ်တိုင် ပြော၍ မရသဖြင့် မုချီဝမ်ကို ကြားခံအဖြစ် အသုံးပြုပြီး မုရှို့၏ စိတ်ကို ပြောင်းလဲရန် ကြိုးစားခိုင်းသည်။ သို့သော် မုချီဝမ်သည် မုရှို့၏ ရွေးချယ်မှုကို ပြောင်းလဲနိုင်စွမ်း မရှိပေ။
မုချီဝမ်သည် သူ့ကို ကူညီခဲ့ဖူးသော်လည်း မုမိသားစုဘက်တွင် ရပ်တည်ရန် ဆုံးဖြတ်လိုက်သည့် အချိန်ကစပြီး သူတို့သည် ဆန့်ကျင်ဘက် လူများ ဖြစ်သွားကြပြီ။
မုချီဝမ်သည် ဖေးလုကို တွန့်ဆုတ်စွာ ကြည့်လိုက်ပြီး စကားပြောရန် ခက်ခဲနေသည်။
“ဟိုဘက် သွားပြောရအောင်… ငါနဲ့ မင်းပဲလေ”
မုရှို့၏မျက်နှာထား အေးစက်သွားသည်။
“ကျွန်တော် မုမိသားစုအိမ်ကို ပြန်မလာနိုင်သလို၊ လက်ထပ်ပြီး ကလေးယူဖို့လည်း မဖြစ်နိုင်ဘူး”
မုချီဝမ် မျက်မှောင်ကြုတ်လိုက်သည်။ မုအဖွားကြီး၏ ငိုယိုတောင်းပန်မှုကို သတိရပြီး သွားကိုတင်းတင်းစေ့ကာ ပြောလိုက်သည်။
“အမေကြီးက အလျှော့ပေးလိုက်ပါပြီ… မင်း ရှန်ရှန် (လော့ရှန်ရှန်) နဲ့ ကလေးတစ်ယောက်လောက် မွေးပေးရင် ရပါပြီတဲ့… လက်ထပ်တာ မထပ်တာ မင်းသဘောပါတဲ့”
ဖေးလု ရွံရှာလွန်း၍ ပျို့အန်ချင်စိတ်ပင် ပေါက်သွားသည်။ သူသည် မုရှို့၏ရှေ့တွင် ကာရပ်လိုက်ပြီး ပြောလိုက်သည်။
“ဒီလိုတောင်းဆိုမှုမျိုးက ရွံစရာ မကောင်းလွန်းဘူးလား? ကျွန်တော် လက်မခံနိုင်သလို မုရှို့လည်း လက်ခံမှာ မဟုတ်ဘူး”
မုချီဝမ် ဆွံ့အသွားပြီး မျက်နှာပျက်သွားသည်။ ဒီတောင်းဆိုမှုက အရှက်မဲ့မှန်း သူ သိသော်လည်း မုမိသားစုအတွက် မျက်နှာပြောင်တိုက်ပြီး ပြောလိုက်ရခြင်း ဖြစ်သည်။
“မင်းသာ လက်မခံရင်… မုမိသားစုက မျိုးဆက်ပြတ်သွားတော့မှာ…”
မုရှို့ ဆက်နားမထောင်ချင်တော့ပေ။
“မုမိသားစု မျိုးဆက်ပြတ်တာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ? ကျွန်တော့် နာမည်က မုရှို့… မုမျိုးရိုးကို သုံးထားတာ မှန်ပေမယ့် ကျွန်တော်က မုရှို့ပါ… မုမိသားစုဝင် မဟုတ်ဘူး”
ပြောပြီးသည်နှင့် ဖေးလုကို ဆွဲပြီး မုချီဝမ်ကို ကျော်ကာ ထွက်ခွာသွားတော့သည်။ မုချီဝမ်သည် ပါးစပ်ဟပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း သူတို့၏ ပြတ်သားသော ကျောပြင်များကို ကြည့်ပြီး သက်ပြင်းချကာ ပါးစပ်ပိတ်လိုက်တော့သည်။
ဖေးလုသည် လမ်းလျှောက်ရင်း ဒေါသတကြီး ပြောနေသည်။
“ဘယ်လိုဦးလေးမျိုးလဲကွာ… ဒီလို ရွံစရာကောင်းတဲ့ တောင်းဆိုမှုကိုတောင် ပြောထွက်တယ်… ကျွန်တော်တော့ ရွံလွန်းလို့ သေတော့မယ်”
မုရှို့သည် သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
“စိတ်မဆိုးနဲ့တော့… ကိုယ် မင်းကို အကောင်းဆုံးတွေ လိုက်ကျွေးမယ်”
ဖေးလုသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မုရှို့၏လက်ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
“အပြင်မှာ မစားတော့ဘူး… အိမ်ပြန်ပြီး ကျွန်တော် ချက်ကျွေးမယ်”
မုရှို့ ခြေလှမ်းရပ်လိုက်ပြီး ကားပါကင်ဘက်သို့ ဦးတည်ရာ ပြောင်းလိုက်သည်။
“ကောင်းပြီ… အိမ်ပြန်စားကြတာပေါ့”
……
ကားသည် အိမ်ရာဝင်းရှေ့တွင် ရပ်လိုက်သည်။ ဖေးလုသည် မုရှို့ကို ခေါ်ပြီး စူပါမားကက်သို့ ဝင်ကာ ဟင်းချက်စရာ ဝယ်သည်။ အိမ်တွင် စားစရာ သိပ်မရှိတော့သဖြင့် ရေခဲသေတ္တာ ပြည့်အောင် ဝယ်ဖြည့်ရမည်ဖြစ်သည်။
ဒီအချိန်တွင် စူပါမားကက်၌ လူသိပ်မရှိပေ။ သို့သော် အရပ်ရှည်ရှည် ချောမောသော လူငယ်နှစ်ယောက် ပခုံးချင်းယှဉ်ပြီး ဈေးဝယ်နေသည်မှာ အာရုံစိုက်စရာ ဖြစ်နေသည်။ အထူးသဖြင့် မုရှို့၏ရုပ်ရည်သည် ထင်ရှားလွန်းလှသည်။ သူတို့ ရပ်လိုက်သည့် နေရာတိုင်းတွင် တီးတိုးပြောဆိုသံများ ကြားနေရပြီး ဖေးလုသည် ကင်မရာ ရိုက်သံများကိုပင် ကြားနေရသည်။ သူသည် ခေါင်းမာမာဖြင့် ဈေးဝယ်လှည်းကို တွန်းကာ ပစ္စည်းများကို အမြန်ရွေးချယ်ပြီး ငွေရှင်းကောင်တာသို့ သွားလိုက်သည်။
အနောက်မှ မိန်းကလေး နှစ်ယောက်သည် အာမေဋိတ်သံများ ထွက်ပေါ်လာသော်လည်း အနားသို့ မကပ်ရဲဘဲ အဝေးမှ ငေးကြည့်နေကြသည်။
“တကယ်ကြီး မုရှို့ဟ!”
“ဘေးက တစ်ယောက်က သူ့အသည်းကျော်လေး သေချာတယ်!”
“အား… ငါ အရှင်လတ်လတ်ကြီး တွေ့လိုက်ရပြီ… နှစ်ယောက်လုံး ချောလိုက်တာ!!!!”
“မဖြစ်ဘူး… Weibo ပေါ်တင်ပြီး ကြွားလိုက်ဦးမယ် ဟားဟားဟား”
“…”
အနောက်မှ ပြောဆိုသံများကို ဖေးလု ဂရုမစိုက်နိုင်တော့ပေ။ သူသည် မုရှို့ကို ဆွဲပြီး အထဲရောက်မှ သတိရသည်။ မုရှို့က အရမ်း နာမည်ကြီးတာပဲ… လူနည်းတဲ့ အချိန်မို့လို့ တော်သေးတယ်… မဟုတ်ရင် ရူးသွပ်နေတဲ့ Fan တွေနဲ့ တွေ့ပြီး ပြေးပေါက်မရှိ ဖြစ်နေတော့မှာ။
တစ်ယောက် တစ်အိတ်စီ ဆွဲပြီး ဖေးလုသည် မုရှို့ကို ကားပေါ်သို့ အမြန် ဆွဲခေါ်လာခဲ့သည်။ စူပါမားကက်ထဲမှ Fan များက အသိဝင်လာပြီး အုပ်စုလိုက် ပြေးထွက်လာချိန်တွင် အနက်ရောင် Audi ကားလေး မောင်းထွက်သွားသော အမြီးပိုင်းကိုသာ တွေ့လိုက်ရတော့သည်။
ဖေးလုသည် ခုံပေါ်တွင် မှီထိုင်ရင်း အသက်ကို ပြင်းပြင်းထန်ထန် ရှူနေရသည်။သူသည် ရင်ဘတ်ကို ဖိပြီး ထိတ်လန့်နေဆဲပင်။
“ပြေးတာ မြန်လို့ တော်သေးတယ်… မဟုတ်ရင် ဒီနေ့ အိမ်ပြန်ရောက်ဖို့ မလွယ်ဘူး”
မုရှို့သည် တည်ငြိမ်စွာ ကားမောင်းနေပြီး “အင်း” ဟု ခပ်တည်တည် ပြန်ဖြေလိုက်သည်။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ရူးသွပ်နေသော Fan များနှင့် ရင်ဆိုင်ရမည်ကို မင်းသားကြီးလည်း ကြောက်ရွံ့နေပုံ ရသည်။
ဖေးလုသည် တဟီးဟီး ရယ်လိုက်ပြီး မုရှို့ဘက် တိုးကပ်သွားကာ ပေါင်ပေါ်သို့ လက်တင်လိုက်သည်။ မင်းသားငယ်လေးနဲ့ “အိပ်” ချင်နေသော ဦးလေးကြီး တစ်ယောက်ကဲ့သို့ နှာဘူးမျက်နှာထားဖြင့် မေးလိုက်သည်။
“ဘယ်လို ကျေးဇူးပြန်ဆပ်မလဲ?”
မုရှို့သည် ရှေ့ကို ကြည့်မောင်းနေရင်း နောက်ကြည့်မှန်မှတဆင့် ဖေးလုကို တစ်ချက် ကြည့်လိုက်သည်။ သေချင်နေသော ဖေးလု၏ လုပ်ရပ်ကို ပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။
“ခဏနေ အိမ်ပြန်ရောက်ရင်… ‘ကောင်းကောင်း’ ကျေးဇူးဆပ်မယ်လေ”
“ကောင်းကောင်း” ဆိုသည့် စကားလုံးကို အသံလေးနက်ထားပြီး ပြောလိုက်သည်။
ဖေးလု၏ နှာခေါင်းလေး ထောင်နေသည်မှာ ၂ စက္ကန့်ပင် မကြာလိုက်ပေ။သူသည် မုရှို့၏ စိမ်းဖန့်ဖန့် မျက်လုံးများကို မြင်လိုက်ရသည်နှင့် ချက်ချင်း ညှိုးကျသွားတော့သည်။
သူသည် လိမ္မာစွာဖြင့် လက်ပြန်ရုတ်လိုက်ပြီး ဒူးပေါ်တွင် တင်ကာ လေးနက်စွာ ပြောလိုက်သည်။
“ဒီည ကြက်သားစားရအောင် (အဓိပ္ပါယ်နှစ်ခွ)”
မုရှို့သည် မီးပွိုင့်မိနေစဉ် ဖေးလုကို လှည့်ကြည့်လိုက်သည်။ သူ့လည်စေ့မှာ လှုပ်ရှားသွားပြီး နှုတ်ခမ်းကို သပ်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“အင်း… ကြက်(လိင်တံ) စားကြတာပေါ့”
“…”
ဖေးလု အခုမှ သဘောပေါက်သွားသည်။သူ မျက်လုံးပြူးပြီး မုရှို့ကို မျက်စောင်းထိုးလိုက်သည်။ ခဏကြာတော့ “ဟွန်း” ဟု နှာခေါင်းရှုံ့လိုက်သော်လည်း နားရွက်များကတော့ နီရဲနေပြီ။ တကယ်တော့ “ကြက်” စားရတာလည်း မဆိုးပါဘူးလေ…
အင်း… ဒါဆိုလည်း “ကြက်” စားကြတာပေါ့။
ပါးစပ်ကသာ ပြောနေသော်လည်း အိမ်ပြန်ရောက်သောအခါ မုရှို့သည် မီးဖိုချောင်ထဲသို့ ဝင်ကူပေးလေသည်။ စားဖိုမှူးကတော့ ဖေးလုပေါ့။ မုရှို့က ဘေးနားတွင် ရပ်ပြီး ဆားပုလင်း ကမ်းပေးလိုက်၊ အင်္ကျီလက် ခေါက်ပေးလိုက်နှင့် ကူညီပေးနေသည်။
ဖေးလုသည် ကားပေါ်တွင် အစခံလိုက်ရသည်ကို လက်စားချေသည့်အနေဖြင့် ကြက်သွန်ဖြူ တစ်ဥလုံးကို ခွာခိုင်းလိုက်သည်။ မုရှို့သည် လက်တွင် စွဲကျန်နေသော ကြက်သွန်ဖြူနံ့ကြောင့် မျက်နှာစိမ်းနေပြီ ဖြစ်သည်။
ဖေးလုသည် ကြက်သွန်ဖြူကို ပါးပါးလှီးရင်း စိတ်ထဲမှ ရေတွက်နေသည်။ ၅၀ ရောက်သည့်အချိန်တွင် မုရှို့သည် မျက်နှာစိမ်းကြီးဖြင့် မီးဖိုချောင်ထဲမှ ပြေးထွက်သွားပြီး ရေချိုးခန်းထဲ ဝင်သွားသည်ကို တွေ့လိုက်ရသည်။
ဖေးလု ကျေနပ်စွာ ပြုံးလိုက်သည်။ ဟွင်း… ငါ့ကိုများ လာစမ်းတယ်တဲ့… မှတ်ကရော!
Chapter 65 ended