Chapter 64
“မင်း အတင်းအကျပ် နေချင်ရင်တောင် သတ်မှတ်ချိန် ရောက်ရင် မင်း ထွက်ကို ထွက်သွားရမှာ”
“ဘာပဲဖြစ်ဖြစ် စောတာနဲ့ နောက်ကျတာက အတူတူပဲ… ဘာမှ အဓိပ္ပာယ်မရှိဘူး”
ကုထုံးပညာရှင်များသည် စိတ်ဝိညာဉ်ကမ္ဘာအတွင်း နေထိုင်ခွင့် အချိန်သတ်မှတ်ချက် ရှိသည်။ ကုသမှုကာလအတွင်း အကျပ်အတည်း ဖြစ်ပွားပါက ကုထုံးပညာရှင်သည် အာဟာရခန်းတွင် အများဆုံး ၅ ရက်အထိသာ နေနိုင်မည် ဖြစ်သည်။ ၅ ရက်ပြည့်သည်နှင့် စနစ်မှ အတင်းအကျပ် နိုးထစေမည် ဖြစ်သည်။ လက်တွေ့ကမ္ဘာမှ ၅ ရက်သည် စိတ်ဝိညာဉ်ကမ္ဘာတွင် ၅ နှစ်နှင့် ညီမျှသည်။
666 ၏ ဒေါသသည် ဖေးလု ထင်ထားသည်ထက် ပိုမို ပြင်းထန်နေသည်။ ဖေးလုသည် ရယ်မောပြီး သူ့ကို နှစ်သိမ့်လိုက်သည်။
“ငါက ဒီအတိုင်း မေးကြည့်တာပါ… ဘာလို့ ဒီလောက် အတည်ပေါက်ကြီး ဖြစ်နေရတာလဲ”
“…”
666 ကတော့ သူ့စကားကို မယုံပေ။ အရင်အခေါက်တုန်းကလည်း ဖေးလု ဒီလိုပဲ ပေါ့ပေါ့ပါးပါး မေးခဲ့ပြီး နောက်ဆုံးတွင် အတင်းအကျပ် နေခဲ့သည် မဟုတ်လား။ ဒီတစ်ခေါက်တော့ အလိမ်ခံမည် မဟုတ်တော့ပေ။
666 သည် လေးနက်စွာ ပြောလိုက်သည်။
“မင်း ဒီလို မလုပ်ပါနဲ့… မင်း ဒီမှာ ဘယ်လောက်ပဲ ကြာကြာ နေနေ၊ ဒါက စိတ်ကူးယဉ်ကမ္ဘာ တစ်ခုပဲ။ မင်း တကယ် ကုသပေးနေတဲ့ လူနာက ဘယ်သူလဲ ဆိုတာတောင် မင်း မသိဘူးလေ။ ဒီလို စိတ်ကူးယဉ် အချစ်တစ်ခုအတွက်နဲ့ ဒီလောက်ထိ ပေးဆပ်ရတာ မတန်ပါဘူး…”
သူ့အသံသည် တင်းမာလာသည်။
“ပြီးတော့… မင်း ဒီလိုလုပ်တာက ကုထုံးပညာရှင် စည်းကမ်းတွေကို ချိုးဖောက်ရာ ရောက်တယ်။ Main System သာ သိသွားရင် ငါလည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး…”
ဖေးလု ငြိမ်သက်စွာ လှဲလျောင်းနေသည်။ 666 ၏ စကားများသည် သူ့ခေါင်းကို တူဖြင့် ထုလိုက်သလို ခံစားလိုက်ရပြီး ရက်စက်သော အမှန်တရားကို ရင်ဆိုင်လိုက်ရတော့သည်။
သူနှင့် မုရှို့ ဘယ်လောက်ပဲ ချစ်ကြပါစေ… အာဟာရခန်းထဲမှ ထွက်လာသည်နှင့် မုရှို့က ဘယ်သူလဲ ဆိုတာတောင် သူ မှတ်မိတော့မည် မဟုတ်ပေ။ ပြီးတော့ 666 ပြောတာ မှန်သည်။ သူ ဒီလိုလုပ်နေခြင်းသည် ကုသမှု ခံယူနေသော လူနာအပေါ် မတရားရာ ရောက်သည်။ နိုးလာသည့်အချိန်တွင် တစ်ဖက်လူက သူ့ကို ဘယ်သူမှန်းတောင် သိမည် မဟုတ်ဘဲ ဒီလိုစိတ်ကူးယဉ် ဇာတ်လမ်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ဘာကြောင့် ခံစားရမည်နည်း?
ဖေးလု စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ခါလိုက်သည်။ စောစောက ကြည်နူးနေသော စိတ်များသည် တိမ်မည်းများ ဖုံးလွှမ်းသွားပြီး အသက်ရှူရ ခက်ခဲလာသည်အထိ လေးလံလာသည်။
“ငါ ဘယ်လို လုပ်ရမလဲ…”
ဖေးလုသည် ဒူးကို ပိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဘာကို ဘယ်လိုလုပ်ချင်တာလဲ?”
မုရှို့သည် အနောက်မှနေ၍ သူ့ကို သိုင်းဖက်လိုက်ပြီး မေးစေ့ကို ဖေးလု၏ နူးညံ့သော ဆံပင်များပေါ်တွင် ပွတ်သပ်လိုက်သည်။
ဖေးလု တောင့်တင်းသွားပြီး နောက်ပြောင်သလိုလိုဖြင့် မေးလိုက်သည်။
“တကယ်လို့များ ကျွန်တော် မရှိတော့ရင် ခင်ဗျား ဘယ်လိုလုပ်မလဲ?”
“ဘာတွေ လျှောက်ပြောနေတာလဲ?!”
မုရှို့သည် သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူ့အသံထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများ ရောပြွန်းနေသည်။ ဒီလိုကိစ္စမျိုးကို သူ တွေးတောင် မတွေးရဲပေ။
“ကိုယ် အဲဒီလို အဖြစ်မခံနိုင်ဘူး!”
ဖေးလုသည် မုရှို့ကို ကျောပေးထားသဖြင့် မျက်နှာပေါ်တွင် ဝမ်းနည်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူ ဇွဲမလျှော့ဘဲ ဆက်မေးလိုက်သည်။
“ဥပမာ ပြောတာပါ… တကယ်လို့များ…”
မုရှို့၏အသံသည် လေးလံလာသည်။ သူသည် ဖေးလု၏ ရှေ့သို့ ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ ဖေးလုကို စိုက်ကြည့်လိုက်သည်။
“ဥပမာဆိုတာ မရှိဘူး…”
သူ၏မျက်ဝန်းများသည် နူးညံ့နေဆဲ ဖြစ်သည်။ ဖေးလု၏ ပါးပြင်ကို လက်ဖဝါးဖြင့် အုပ်ကိုင်ပြီး ပွတ်သပ်ပေးလိုက်သည်။
“မင်းသာ မရှိတော့ရင်… ကိုယ်တစ်ယောက်တည်း အသက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ?”
ဖေးလု ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ သူ မုရှို့၏လက်ကို အလိုအလျောက် ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ပါးနှင့် ပွတ်သပ်လိုက်သည်။
“တောင်းပန်ပါတယ်… ကျွန်တော် အဲဒီလို မမေးလိုက်သင့်ဘူး…”
မုရှို့သည် ကိုယ်ကိုကိုင်းပြီး ဖေးလုကို ဖက်ထားလိုက်သည်။ လှုပ်ရှားနေသော စိတ်နှလုံးသည် မငြိမ်သက်သေးပေ။ ဖေးလု မေးလိုက်သည့်အချိန်က အလွန် လေးနက်နေသည်ဟု ခံစားမိသည်။
သို့သော် သူ ဆက်မမေးတော့ပေ။ ဖေးလု တကယ်ပဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်ဟုသာ သဘောထားလိုက်သည်။
“… နောက်ဆို ကိုယ့်ကို ဒီလို ထပ်မခြောက်နဲ့တော့နော်…”
ဖေးလု သူ့ကို ပြန်ဖက်လိုက်ပြီး အသံအက်အက်ဖြင့် ပြန်ဖြေလိုက်သည်။
“အင်း…”
—–
နှစ်ယောက်သား နားလည်မှုယူပြီး မပျော်ရွှင်စရာ ခေါင်းစဉ်များကို ရှောင်ရှားလိုက်ကြသည်။ မုရှို့သည် ကုလားထိုင်ရှည်ပေါ်တွင် ဖေးလုကို ပွေ့ဖက်ထားပြီး ချူးဟုန် ပို့ပေးသော အချိန်ဇယားများကို အတူတူ ကြည့်နေကြသည်။
“လူဆိုး” ဇာတ်ကားသည် မကြာမီ ရိုက်ကူးပြီးစီးတော့မည်ဖြစ်သည်။ မုရှို့၏စတူဒီယိုသည် သီးခြား ရပ်တည်ပြီးကတည်းက လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ ပထမဆုံး အနေဖြင့် နယ်ပယ်တွင် ထိပ်တန်း စာရင်းဝင်သော PR (ပြည်သူ့ဆက်ဆံရေး) အဖွဲ့ကို စတူဒီယို လက်အောက်သို့ တရားဝင် ထည့်သွင်းလိုက်သည်။
ထို PR အဖွဲ့သည် နာမည်ကြီးပြီး ဘယ်သူ့မျက်နှာမှ မထောက်တတ်ကြပေ။ ပုံသေတွဲဖက် လုပ်ကိုင်နေသော ဖောက်သည် အနည်းငယ်မှလွဲ၍ တခြားသူများ၏ ကမ်းလှမ်းမှုကို လက်မခံကြပေ။ မုရှို့၏စတူဒီယိုနှင့် ပူးပေါင်းလိုက်မှသာ ထိုအဖွဲ့၏ နောက်ကွယ်မှ ပိုင်ရှင်မှာ မုရှို့ ဖြစ်နေမှန်း အားလုံး သိလိုက်ကြရသည်။
ဒါသည် ရေခဲတောင်၏ ထိပ်ဖျားလေးသာ ရှိသေးသည်။ အင်တာနက် အသုံးပြုသူများသည် မုရှို့၏ပိုင်ဆိုင်မှုများကို စိတ်ဝင်တစား ရှာဖွေနေစဉ်မှာပင် Flying Fish Entertainment ၏ ရှယ်ယာအပြောင်းအလဲ သတင်းထွက်ပေါ်လာသည်။ စိတ်ဝင်တစား စောင့်ကြည့်နေကြသူများသည် မုရှို့က Flying Fish ၏ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်နေမှန်း တွေ့ရှိလိုက်ရတော့သည်!
ဒါသည် ကဲ့ရဲ့လှောင်ပြောင်နေကြသူများကို ပါးရိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ Flying Fish နှင့် လမ်းခွဲလိုက်လျှင် မုရှို့ ကျရှုံးသွားတော့မည်၊ ကျောထောက်နောက်ခံ မရှိရင် ဘယ်လောက်ပဲ မင်းသားကြီး ဖြစ်နေပါစေ အနှိပ်စက်ခံရမှာပဲ စသဖြင့် ပြောဆိုနေကြသူများ ပါးစပ်ပိတ်သွားကြသည်။
မုရှို့က ဒုတိယရှယ်ယာရှင် ဖြစ်နေမှတော့ သူ့ပိုင်ဆိုင်မှုက ဘယ်လောက်တောင် များမလဲ?
အင်တာနက် အသုံးပြုသူများသည် မုရှို့၏ ပိုင်ဆိုင်မှုကို စိတ်လှုပ်ရှားစွာ ခန့်မှန်းနေကြချိန်တွင် မုရှို့ကမူ ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ဖေးလုနှင့်အတူ Comment များကို ဖတ်ရှုနေသည်။ ချူးဟုန် ပို့လာသော အလုပ်ကိစ္စများကိုမူ တစ်ချက်ကြည့်ပြီး ဘေးသို့ ပစ်ထားလိုက်သည်။
Weibo အောက်တွင် Fan များသည် သူ့ကို “အဖေကြီးမု” ဟု ပြောင်းလဲ ခေါ်ဝေါ်နေကြသည်။ မုရှို့၏ မူလအောင်မြင်မှုများကပင် သူတို့ကို ဂုဏ်ယူစေခဲ့ပြီး ဖြစ်သော်လည်း ယခုကဲ့သို့ လျှို့ဝှက်ထားသော ပိုင်ဆိုင်မှုများကိုပါ သိလိုက်ရသောအခါ ပို၍ပင် ဂုဏ်ယူဝင့်ကြွားသွားကြသည်။ မုရှို့က Come out လုပ်ပြီး Flying Fish မှ ထွက်ခွာခဲ့စဉ်က အင်တာနက်ပေါ်တွင် မကောင်းပြောသူများ ရှိခဲ့သည်။ PR အဖွဲ့နှင့် ရေတပ်များကြောင့် အသံတိတ်သွားသော်လည်း သူ့အနာဂတ်အတွက် စိတ်ပူနေသော Fan များ ရှိနေဆဲပင်။
Fan များကို အပြစ်ဆို၍ မရပေ။ မုရှို့၏စတူဒီယိုသည် အသစ်ဖြစ်ပြီး အင်အားနှင့် အရင်းအမြစ်များ မရှိသေးသဖြင့် Flying Fish နှင့် ယှဉ်လျှင် အားနည်းနေသည်မှာ အမှန်ပင်။
သို့သော် ယခု သတင်းများ ထွက်ပေါ်လာသောအခါ စိတ်ပူနေသော Fan များမှာ ပျော်ရွှင်သွားကြသည်။ သူတို့၏ Idol သည် ရုပ်ရည်ချောမောရုံ၊ အရည်အချင်းရှိရုံ သာမက သူဌေးကြီးလည်း ဖြစ်နေသည် မဟုတ်လား!
အခုတော့ မင်းသားကြီး အပိတ်ခံရမှာကို စိတ်ပူစရာ မလိုတော့ဘူး။
[အဖေကြီး… သမီးရဲ့ ဒူးတွေကို လက်ခံပေးပါ]
[အဖေကြီးမု… သားကို မွေးစားပါ]
[မင်းသားကြီး… ခြေထောက်မှာ ချိတ်ဖို့ အဆင်တန်ဆာ (Leg Pendant/ အချောင်ခိုမည့်သူ) မလိုဘူးလား?]
[……]
Weibo အောက်တွင် ပျော်ရွှင်စွာ အော်ဟစ်နေကြသော Comment များဖြင့် ပြည့်နှက်နေသည်။
” ‘လူဆိုး’ ရိုက်ပြီးရင် ခင်ဗျား ဘာဆက်လုပ်မလဲ?”
ဖေးလုသည် မုရှို့၏လက်ကို ဆော့ကစားရင်း မေးလိုက်သည်။ ချူးဟုန် ပို့ပေးသော အစီအစဉ်များက အသေးစိတ်ကျသော်လည်း မုရှို့က စိတ်ဝင်စားပုံ မရပေ။
မုရှို့က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။
“ကိုယ် နောက်ကွယ်မှာပဲ နေတော့မယ်”
ဖေးလု အံ့သြစွာ မော့ကြည့်လိုက်သည်။
“ဘာလို့ ရုတ်တရက်ကြီး…”
မုရှို့သည် ဖေးလု၏ ပါးကို ဆွဲလိုက်ပြီး မျက်ဝန်းထဲတွင် ကြင်နာမှုများ ပြည့်နှက်နေသည်။
“ရသင့်တဲ့ ဆုတွေလည်း ရပြီးပြီ… ဆက်ပြီး သရုပ်ဆောင်နေလည်း ဒီလောက်ပါပဲ… ကိုယ် မင်းနဲ့ အချိန်ပိုဖြုန်းချင်တယ်”
ရိုက်ကူးရေး လုပ်လျှင် ခရီးထွက်ရသည်မှာ မလွဲမသွေပင်။ ဖေးလုက သူ့ဘေးတွင် လိုက်နေသော်လည်း နှစ်ယောက်တည်း နေရသည့်အချိန်က နည်းလွန်းသည်ဟု သူ ခံစားရသည်။
ဖေးလု တိတ်ဆိတ်သွားပြီး မုရှို့၏ ပါးပြင်ကို လက်ဖဝါးဖြင့် အုပ်ကိုင်လိုက်သည်။
“ခင်ဗျား ဒီလို လုပ်စရာ မလိုပါဘူး…”
မုရှို့ ရယ်မောလိုက်ပြီး နှုတ်ခမ်းနား ကပ်နေသော လက်ဖဝါးကို နမ်းလိုက်သည်။
“မင်း မရှိခင်တုန်းကတော့ သရုပ်ဆောင်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်ခဲ့ဖူးတယ်… ဒါပေမယ့် မင်း ရောက်လာပြီးတဲ့နောက် အရင်က စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတဲ့ အရာတွေက ဘာမှ ဆွဲဆောင်မှု မရှိတော့ဘူး…”
သူ့ခေါင်းကိုသူ လက်ညှိုးထိုးပြလိုက်သည်။
“ဒီထဲမှာ မင်းအကြောင်းတွေပဲ တွေးနေမိတယ်… မင်းကို နမ်းချင်တယ်… ဖက်ချင်တယ်… ‘လုပ်’ ချင်တယ်…”
သူ ပြောလေ ပြောလေ စကားတွေက ညစ်ပတ်လာလေ ဖြစ်သဖြင့် ဖေးလု၏မျက်နှာမှာ နီရဲလာပြီး နောက်ဆုံးတွင် မည်းမှောင်သွားကာ မုရှို့၏နားရွက်ကို ဆွဲလိမ်လိုက်တော့သည်။
မုရှို့သည် တိုးတိုးလေး ရယ်လိုက်ပြီး ဖေးလု၏ပခုံးပေါ် ခေါင်းတင်လိုက်သည်။
“ကိုယ်တို့အတွက် အချိန်တွေက နည်းလွန်းတယ်လို့ ခံစားရတယ်… မင်းကို ချစ်ဖို့တောင် အချိန်မလောက်တာ… တခြားအလုပ်တွေ လုပ်ဖို့ ဘယ်လိုလုပ် အချိန်ရတော့မှာလဲ…”
ဖေးလု အသက်ရှူ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ သူ မုရှို့၏ခေါင်းကို ပြန်လည် ပွတ်သပ်ပေးလိုက်သည်။
“လူကို လာချော့နေပြန်ပြီ”
မုရှို့က ဖေးလု၏ပါးကို နမ်းလိုက်သည်။
“မပူပါနဲ့… ရုပ်ရှင်မရိုက်လည်း မင်းကို ယောင်္ကျားက ရှာကျွေးနိုင်ပါတယ်”
“…”
ဖေးလု စိတ်တိုပြီး သူ့နှာခေါင်းကို ကိုက်လိုက်သည်။
“ဒါဆိုရင်တော့ ခင်ဗျားက တော်လိုက်တာ…”
မုရှို့ ရယ်မောပြီး ဖေးလုကို ဖက်ကာ ကုလားထိုင်ပေါ်တွင် လှဲချလိုက်သည်။ ကုလားထိုင်က ယိမ်းထိုးသွားပြီး သူတို့နှစ်ဦးကတော့ တိုးတိုးတိတ်တိတ်လေး စကားပြောနေကြသည်။ နွေးထွေးသော နေရောင်ခြည်သည် အခန်းထဲသို့ ဖြာကျနေပြီး မြင်ကွင်းမှာ ကြည်နူးစရာ ကောင်းလှသည်။
*********
ဟိုတယ်တွင် တစ်ရက်နားပြီးတဲ့နောက် မုရှို့သည် ရိုက်ကူးရေးအဖွဲ့သို့ ပြန်ရောက်လာသည်။
ဒီတစ်ခေါက်တွင် ရိုက်ကူးရေးအဖွဲ့သားများ၏အကြည့်သည် ပြောင်းလဲသွားပြီ ဖြစ်သည်။ အရင်က ကဲ့ရဲ့လှောင်ပြောင်ပြီး သနားသလို ကြည့်ခဲ့ကြသော်လည်း ယခုအခါတွင်မူ လိပ်ပြာမလုံစွာဖြင့် ရှောင်ဖယ်နေကြပြီး နောင်တရနေကြပြီ ဖြစ်သည်။
သို့သော် တခြားသူများ၏သဘောထားကို မုရှို့ ဂရုမစိုက်ပေ။ ကျန်ရှိနေသော ဇာတ်ဝင်ခန်းများကို အပြီးသတ် ရိုက်ကူးပြီးနောက် ရိုက်ကူးရေး ပြီးစီးခြင်း ဂုဏ်ပြုညစာစားပွဲတက်ရောက်ကာ ဖေးလုကို ခေါ်ပြီး အိမ်ပြန်လာခဲ့သည်။
သုံးလကျော်ကြာမှ အိမ်ပြန်ရောက်လာသော်လည်း အိမ်သည် အရင်အတိုင်းပင် ဖြစ်သည်။ သန့်ရှင်းရေး အဒေါ်ကြီးက ပုံမှန် လာရောက် သန့်ရှင်းရေး လုပ်ပေးထားသဖြင့် သပ်ရပ်သန့်ရှင်းနေသည်။
နှစ်ယောက်သား ခရီးပန်းလာသဖြင့် အိတ်များကို ချထားပြီး ရေချိုးကာ တစ်ညလုံး ဖက်အိပ်လိုက်ကြသည်။ နောက်တစ်နေ့ကျမှ အားအင်တွေ ပြန်ပြည့်လာကြသည်။
ဖေးလုသည် မုရှို့နှင့်အတူ စတူဒီယိုသို့ လိုက်ပါသွားသည်။
စတူဒီယိုတွင် မန်နေဂျာချူးဟုန်နှင့် PR အဖွဲ့သာ ရှိသည်။ အားလုံးက မုရှို့တစ်ယောက်တည်းအတွက် အလုပ်လုပ်ပေးနေကြခြင်း ဖြစ်သည်။ အခု မုရှို့က နောက်ကွယ်မှာပဲ နေတော့မည်ဆိုတော့ စတူဒီယိုက ဘယ်လို ဆက်လုပ်မလဲ?
မုရှို့က ပြုံးလိုက်သည်။
“ရောက်ရင် သိမှာပါ… သူတို့ကို အလကား ထမင်းကျွေးမထားပါဘူး”
မုရှို့ လာမည်ကို သိသဖြင့် ချူးဟုန်နှင့် သူမ၏ မောင်ဝမ်းကွဲ ချင်ရွေ့(PR Team ခေါင်းဆောင်) တို့က စောင့်နေကြသည်။
မုရှို့သည် ဖေးလုရဲ့လက်ကို ဆွဲပြီး ဝင်လာသည်။ ချူးဟုန်က စနောက်လိုက်သော်လည်း ချင်ရွေ့ကမူ မုရှို့ကို လေးစားသမှုဖြင့် သတိထား ဆက်ဆံလေသည်။
နှစ်ပေါင်းများစွာ ဂရုစိုက်လာပေးခဲ့သော မန်နေဂျာဖြစ်သဖြင့် မုရှို့၏သဘောထားသည် ချူးဟုန်အပေါ်တွင် ပိုမို နွေးထွေးသည်။ ရုံးခန်းစားပွဲတွင် ထိုင်လိုက်ပြီး စားပွဲခုံကို လက်ချောင်းဖြင့် ခေါက်ကာ ဆုံးဖြတ်ချက်ကို တဲ့တိုး ပြောလိုက်သည်။
“ငါ အနုပညာလောကကနေ အနားယူတော့မယ်… ပြီးရင် ဝမ်စုကို ခေါ်ပြီး နိုင်ငံခြားမှာ လက်ထပ်မယ်”
“…”
ရုတ်တရက် ရလိုက်တဲ့သတင်းကြောင့် ချူးဟုန် ကြောင်သွားသည်။ အတော်ကြာမှ အသံပြန်ထွက်လာနိုင်သည်။
“လက်ထပ်တာနဲ့ သရုပ်ဆောင်တာနဲ့ မဆိုင်ပါဘူး…”
မုရှို့ ခေါင်းခါလိုက်သည်။
“ဒီစတူဒီယိုကို မင်းတို့ပဲ စီမံခန့်ခွဲလိုက်ကြတော့… ရှယ်ယာ ၅ ရာခိုင်နှုန်းစီ ပေးမယ်။ ဘယ်လောက် အောင်မြင်အောင် လုပ်နိုင်မလဲ ဆိုတာကတော့ မင်းတို့ အရည်အချင်းအပေါ် မူတည်တယ်”
ဒါသည် ချူးဟုန်အတွက် သူ ဖန်တီးပေးခဲ့သော လမ်းကြောင်း ဖြစ်သည်။ ချူးဟုန်သည် သူ့ကို နှစ်ပေါင်းများစွာ ကူညီပေးခဲ့သဖြင့် တစ်ခုခု ပြန်ပေးသင့်သည်ဟု ယူဆသည်။ ထို့ပြင် ချူးဟုန်နှင့် ချင်ရွေ့သည် ဒီလောကထဲတွင် ကျင်လည်နေသည်မှာ ကြာပြီ ဖြစ်သဖြင့် အဆက်အသွယ် ကောင်းမွန်ကြသည်။
“နင် တကယ် ဆုံးဖြတ်လိုက်ပြီလား?”
ချူးဟုန်သည် အံ့သြနေသော မျက်နှာထားကို ပြင်လိုက်ပြီး မသေချာသဖြင့် ထပ်မေးလိုက်သည်။
မုရှို့သည် ဖေးလု၏လက်ကို ဆုပ်ကိုင်ထားပြီး ရေစက်ကျလောက်အောင် နူးညံ့သော မျက်နှာထားဖြင့် ပြန်ဖြေလေသည်။
“ဆုံးဖြတ်ပြီးပြီ… နောက်လကျရင် ငါတို့ နိုင်ငံခြားထွက်ပြီး လက်ထပ်ကြမှာ”
Chapter 64 ended