နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ:
Chapter 5
ဤဦးထုပ်စိမ်းကြီးသည် ကြီးမားပြီး ဝိုင်းစက်နေ၏
=====
ရှောင်ကျင့်ယိသည် ချုံးလင် ညစာစားပွဲသို့ မသွားချင်ခဲ့ပေ။ စစ်တိုက်သူတစ်ဦးဖြစ်သော သူ့အတွက် ထိုပညာတတ်ကျောင်းသားများနှင့် ပြောစရာစကားမရှိသဖြင့် သွားလျှင်လည်း အလကားထိုင်နေရမည်ဖြစ်၍ လုံးဝ မသွားရန် ဆုံးဖြတ်ထားခဲ့၏။
သို့သော် သူ၏အစ်ကိုကြီးဖြစ်သော အိမ်ရှေ့စံ ရှောင်ယွမ်ချီက သူ့အား အတူသွားရန် အတင်းဖိတ်ခေါ်နေခဲ့သည်။ ကျွမ်းယွမ်သခင်လေးမှာ အလွန် စိတ်ဝင်စားစရာကောင်းကြောင်း ပြောကာ သူ့အား မိတ်ဆက်ပေးချင်နေ၏။
မူလက မသွားချင်ခဲ့သော ရှောင်ကျင့်ယိမှာ ကျွမ်းယွမ်ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ထိုလူမှာ အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု သူကိုယ်တိုင် တွေးခဲ့မိသည်ကို သတိရသွားပြီး ရှောင်ယွမ်ချီနောက်သို့ မတင်မကျဖြင့် လိုက်သွားခဲ့လေသည်။
ရှောင်ယွမ်ချီနှင့် ရှောင်ကျင့်ယိတို့ ရောက်ရှိလာခြင်းက ချုံးလင် ညစာစားပွဲအား အထွတ်အထိပ်သို့ ရောက်ရှိသွားစေပြီး လူအားလုံးက သူတို့နှစ်ဦးအား အသီးသီး အရိုအသေပေးလိုက်ကြ၏။
ရှောင်ယွမ်ချီက လူအများအား နူးညံ့စွာ ပြုံးပြလိုက်ပြီး ထရန် အချက်ပြသည့်အနေဖြင့် လက်ကို အနည်းငယ် မြှောက်လိုက်သည်။
” အကုန်လုံး ထကြပါ… မြန်မြန် ထိုင်ကြပါ… လုပ်စရာရှိတာ ဆက်လုပ်ကြပါ… ငါနဲ့ ကျင်းဝမ်ကို ဂရုစိုက်နေစရာ မလိုပါဘူး…”
ရှောင်ယွမ်ချီ၏ စကားကို ကြားလိုက်ရချိန်တွင် လူအများမှာ အနည်းငယ် စိတ်အေးသွားကြသော်လည်း လုံးဝ စိတ်မချရဲကြချေ။ အိမ်ရှေ့စံက ယဉ်ကျေးမှုအရ ပြောခြင်းဖြစ်ပြီး ၎င်းတို့က အတည်ယူ၍ မရနိုင်ပေ။
ရှောင်ကျင့်ယိက ရှောင်ယွမ်ချီ၏ အောက်ဘက်နေရာတွင် ထိုင်လိုက်ပြီး မိမိဘာသာ သေရည်တစ်ခွက် ငဲ့လိုက်သည်။ ထို့နောက် ထိုသေရည်ခွက်ကို ကိုင်ဆောင်လျက် ရှန်းရှစ်ရွှီ၏ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားခဲ့၏။
ရှန်းရှစ်ရွှီမှာ ကျောင်းသားများနှင့် အမတ်အချို့အား ဧည့်ခံစကားပြောဆိုပြီးခါစ ဖြစ်သဖြင့် အစာပြေအဖြစ် မုန့်အနည်းငယ် စားရန် စဉ်းစားနေဆဲတွင် ရှေ့မှ ရုတ်တရက် မှောင်ကျသွားပြီး အရပ်ရှည်ရှည် အရိပ်ကြီးတစ်ခုက သူ့အား ကွယ်လိုက်လေသည်။
သူက လက်ထဲရှိ မုန့်ကို ချထားလိုက်ပြီး မော့ကြည့်လိုက်သည့်အခါ ရေခဲကန်တစ်ခုထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ မူလက အနည်းငယ် မူးယစ်နေသော ခေါင်းမှာ ချက်ချင်းပင် ကြည်လင်သွားခဲ့၏။
” ကျင်းဝမ်မင်းသား!…”
ရှန်းရှစ်ရွှီက မတ်တတ်ရပ်ကာ ရှောင်ကျင့်ယိအား အရိုအသေပေးလိုက်သည်။ ရှောင်ကျင့်ယိမှာ သူ့ပုံစံကို ကြည့်ပြီး တစ်ခဏမျှ အံ့သြသွားသည်။ ယခုနှစ်၏ ကျွမ်းယွမ်အသစ်လေးက ဤမျှ ရုပ်ရည်ချောမောလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ရှန်းရှစ်ရွှီက လခြမ်းရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး အရွယ်မရောက်သေးခြင်းကြောင့် သူ၏ နက်မှောင်နေသော ဆံပင်များကို အရောင်တူ ဆံထုံးကြိုးဖြင့် တစ်ဝက်သာ ထုံးဖွဲ့ထားပြီး ခါးတွင် ဝါးရွက်ပုံ ကျောက်စိမ်းဆွဲကြိုးကို ချိတ်ဆွဲထား၏။
မျက်ခုံးများက တောင်တန်းများကဲ့သို့ဖြစ်ပြီး မျက်ဝန်းများက ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်နေကာ မျက်နှာပေါက်မှာ နူးညံ့ပြီး နှုတ်ခမ်းထောင့်များက အနည်းငယ် ကော့တက်နေသည်။ သူ၏တစ်ကိုယ်လုံးမှာ ရေကဲ့သို့ နူးညံ့ကြည်လင်နေသည်။
ရှောင်ကျင့်ယိ၏ ရုပ်ရည်မှာမူ သူနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး ခန္ဓာကိုယ်မှာ မားမားမတ်မတ်နှင့် မျက်နှာပေါက်မှာ ခက်ထန်နေကာ မျက်ခုံးနှင့် မျက်လုံးများမှာ နက်ရှိုင်းပြီး မျက်ဝန်းထဲတွင် အေးစက်မှုများ ပါဝင်နေသဖြင့် လမ်းလျှောက်နေသော နှင်းတောင်ကြီးတစ်ခုနှင့် တူနေလေသည်။
” ငါ့လက်ထဲမှာ ခေါင်းခဲစရာ အမှုတစ်ခု ရှိနေတယ်… မင်းက ဒီနေ့ လူကုန်ကူးတဲ့သူရဲ့ ဟန်ဆောင်မှုကို တစ်ချက်တည်းနဲ့ သိနိုင်ခဲ့တယ်လို့ ကြားတယ်… မင်းသာ ဝင်ပါမယ်ဆိုရင် ဒီအမှုအတွက် အထောက်အကူ အသစ်တွေ ရနိုင်မယ်ထင်တယ်…”
ရှန်းရှစ်ရွှီမှာ မွန်းလွဲပိုင်း လှည့်လည်ပွဲ၌ လူကုန်ကူးသူအား ဖမ်းဆီးခဲ့သည့်ကိစ္စမှာ ကျင်းဝမ်၏ နားထဲသို့ ရောက်ရှိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် ရုတ်တရက် အံ့အားသင့်သွားခဲ့၏။
စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးနောက် ရှောင်ကျင့်ယိက သူ့အား မည်သည့်အရာ လာလုပ်ခိုင်းကြောင်းကို နားလည်သွားသည်။
” ကျွန်တော့်ကို လိုအပ်မယ်ဆိုရင်… ကျွန်တော် တတ်နိုင်သလောက် ကူညီပေးဖို့ ဆန္ဒရှိပါတယ်…”
ရှောင်ကျင့်ယိမှာ သူ၏ အဖြေကို အလွန် သဘောကျသွား၏။
” ဒါဆိုရင် မနက်ဖြန် မနက်စောစော ကျင်းဝမ်စံအိမ်ကို လာခဲ့… ငါ အရာရှိရွေးချယ်ရေးဌာနကို ပြောထားလိုက်မယ်… မင်းက တရားလွှတ်တော်ချုပ်ရဲ့ လက်ထောက်အမတ်နေရာကို ယာယီ တာဝန်ယူလိုက်…”
ရှန်းရှစ်ရွှီမှာ ကောင်းကင်ပေါ်မှ မုန့်တစ်လုံး ရုတ်တရက် ပြုတ်ကျလာသကဲ့သို့ ခံစားလိုက်ရသည်။သူသည် အံ့သြဝမ်းသာဖြစ်ရုံသာမက ကြောက်လန့်သွားခဲ့သည်။ သူ ဘာမှမလုပ်ရသေးဘဲ ရာထူးအဆင့်များစွာကို ကျော်ဖြတ်ကာ တရားလွှတ်တော်ချုပ် လက်ထောက်အမတ် ဖြစ်သွားခြင်းက သူ့အား အလွန် ထိတ်လန့်သွားစေ၏။
သူ ကြောက်လန့်နေချိန်တွင် စနစ် 011 က ရုတ်တရက် ထွက်ပေါ်လာသည်။
【 အစ်ကို… ဖရဲသီးအသစ်တစ်ခု ထပ်တွေ့ထားတယ်… စားမလား… 】
ရှန်းရှစ်ရွှီမှာ ယခုအချိန်တွင် သူ၏ လန့်သွားသော နှလုံးသားလေးကို နှစ်သိမ့်ပေးရန် ဖရဲသီးတစ်လုံး အရေးတကြီး လိုအပ်နေပေသည်။
【 စားမယ်လေ! ဘယ်သူ့ရဲ့ ဖရဲသီးလဲ… 】
ရှောင်ကျင့်ယိသည် တစ်ခါမျှ မကြားဖူးသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပြီးနောက် အနည်းငယ် ရင်းနှီးနေသော အသံတစ်သံကို ဆက်၍ ကြားလိုက်ရသည်။ ဤရင်းနှီးနေသော အသံမှာ ယခုလေးတင် သူ စကားပြောခဲ့သောလူ၏ အသံပင် ဖြစ်၏။
ထို့ကြောင့် သူက အောက်ဘက်တွင် ထိုင်နေသော ရှန်းရှစ်ရွှီအား မသိစိတ်မှ လှမ်းကြည့်လိုက်ရာ မူမမှန်သည်ကို ချက်ချင်း သတိထားမိသွားသည်။
သူ့နှုတ်ခမ်းတွေက လုံးဝ မလှုပ်ဘဲနဲ့ ဘာလို့ ငါ့နားထဲမှာ သူ့အသံကို ကြားနေရတာလဲ?
【 အခု လန့်သွားတာကို ဖြေဖို့ ဖရဲသီးတစ်ခု အရေးတကြီး လိုနေတယ်… ဘယ်သူ့ဟာပဲဖြစ်ဖြစ် ငါ စားမှာပဲ! 】
ရှောင်ကျင့်ယိမှာ ရှောင်ယွမ်ချီ ပြောခဲ့သော စိတ်ဝင်စားစရာကောင်းသည်ဆိုသည့် အဓိပ္ပာယ်ကို ရီဝေဝေဖြင့် နားလည်သွားခဲ့သည်။ သူက ရှောင်ယွမ်ချီအား ကြည့်ကာ ရှင်းပြရန် အချက်ပြလိုက်၏။
ရှောင်ယွမ်ချီက ရှောင်ကျင့်ယိဘက်သို့ ကိုယ်ကို အနည်းငယ် ကိုင်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
” ဒါက မင်းကို ငါပြောတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စပဲ… မင်း တစ်ခါမှ မကြားဖူးတဲ့ အသံက ဖရဲသီးစနစ် 011 ဆိုတဲ့အရာပဲ… သူက ဒီနေ့ ရုတ်တရက်ကြီး ထွက်လာပြီးတော့ ကျွမ်းယွမ် ရှန်းရှစ်ရွှီနဲ့ ချိတ်ဆက်သွားတာ…”
” ငါတို့ အတည်ပြုပြီးသွားပြီ… သူပြောတဲ့ ဖရဲသီးတွေက အကုန် အမှန်တွေချည်းပဲ… ဒီနေ့ မနက် ညီလာခံမှာတင် ဝန်ကြီးလျိုက ဝန်ကြီးလီကို ထောင်ချောက်ဆင်မယ့် ကိစ္စကို ဖော်ထုတ်လိုက်သေးတယ်…”
” ပြီးတော့ ဝန်ကြီးလီရဲ့ သမက်ဖြစ်တဲ့ အရင် ကျွမ်းယွမ်ဟောင်း စွန်းမင်ဟောက်က ဇနီးနဲ့ သားသမီးကို စွန့်ပစ်ခဲ့တဲ့အပြင် ဝန်ကြီးလျိုရဲ့ လာဘ်ထိုးတာကို ခံရပြီး ဝန်ကြီးလီရဲ့ အိမ်ကို သက်သေခံပစ္စည်းတွေနဲ့ အတုလုပ်ထားတဲ့ စာရင်းစာအုပ်တွေ သွားထားတဲ့ ကိစ္စရောပဲ…”
” အခု ဖရဲသီး ထပ်စားရဦးမယ်… ဘယ်သူ့ရဲ့ ဖရဲသီးလဲတော့ မသိဘူး… ဘယ်လိုပဲဖြစ်ဖြစ် ပွဲကြည့်ရဦးမှာပဲ…”
ရှောင်ယွမ်ချီမှာ မည်သူ ပစ်မှတ်ထားခံရသည်ကို ရှောင်ကျင့်ယိနှင့်အတူ ခန့်မှန်းရန် စိတ်အားထက်သန်နေဆဲဖြစ်ပြီး ပစ်မှတ်ထားခံရသူမှာ သူကိုယ်တိုင် ဖြစ်နေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
【 ဒီဖရဲသီးက အိမ်ရှေ့စံရဲ့ ကိစ္စပဲ… အိမ်ရှေ့စံမှာ စေ့စပ်ထားပြီး ခုထိ လက်မထပ်ရသေးတဲ့ စေ့စပ်ထားသူ တစ်ယောက်ရှိတယ်… သူတို့နှစ်ယောက် လက်မထပ်ရသေးတဲ့ အကြောင်းရင်းက သူ့ရဲ့ စေ့စပ်ထားသူ မိန်းကလေးက အပြင်မှာ တခြားလူ ရှိနေတာ ကြာပြီမို့လို့ပဲ… 】
စနစ် 011 ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ခွက်များ ကွဲကျသွားသည့် အသံများစွာကို ရှန်းရှစ်ရွှီ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်၏။
ထိုအမတ်များကို ၎င်းတို့က ရှန်းရှစ်ရွှီ၏ စိတ်တွင်းအသံများနှင့် စနစ်၏ အသံများကို ကြားနေရကြောင်းကို ရှန်းရှစ်ရွှီ လုံးဝ မသိစေရန် ဧကရာဇ်က လူလွှတ်၍ ကြိုတင် သတိပေးထားပြီး ဖြစ်သည်။
ယခု ရှန်းရှစ်ရွှီ ကြည့်လာသည်ကို မြင်လိုက်ရချိန်တွင် ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း ဆင်ခြေရှာလိုက်ကြ၏။
” အာ… နည်းနည်း များသွားလို့ ခွက်ကိုတောင် သေချာ မကိုင်နိုင်တော့ဘူး…”
” ငါရောပဲ… ကြည့်ရတာ ငါတို့ရဲ့သေရည်သောက်နိုင်စွမ်းက မကောင်းတော့ဘူး… နောက်ဆို သေချာ လေ့ကျင့်ရမယ်…”
ရှန်းရှစ်ရွှီက ထိုအမတ်ကြီးများ အချိန်ကာလများကို လွမ်းဆွတ်နေကြပြီး အသက်ကြီးလာသဖြင့် သေရည်မသောက်နိုင်တော့ကြောင်း ညည်းတွားနေသည်ကို ကြည့်လိုက်သည်။ထို့နောက် အကြည့်ကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး စနစ် 011 အား ဆက်၍ မေးလိုက်သည်။
【 ရှောင်ရီ… ဆက်ပြောပါဦး… အိမ်ရှေ့စံကို ဦးထုပ်စိမ်း စွပ်ပေးရဲလောက်တဲ့အထိ သတ္တိကောင်းလွန်းတဲ့ မိန်းမက ဘယ်သူလဲဆိုတာ တကယ် သိချင်နေပြီ! 】
ရှောင်ယွမ်ချီမှာ မူလက သူ နားလည်မှုလွဲနေခြင်းများလားဟု ကံစမ်းသည့် စိတ်ထားမျိုး ထားရှိနေသေးသော်လည်း ယခု ရှန်းရှစ်ရွှီ၏ စကားကို ကြားလိုက်ရချိန်တွင် ခေါင်းတစ်ခုလုံး အူသွားသကဲ့သို့ ခံစားလိုက်ရ၏။
ရှောင်ကျင့်ယိက ရှောင်ယွမ်ချီအား သနားကြင်နာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုအချိန်တွင် စနစ် 011 က ဆက်ပြောလာ၏။
【 အိမ်ရှေ့စံနဲ့ စေ့စပ်ထားတာက ယုံနင်းမြို့စားမင်းရဲ့သမီး ယန်ဝမ်ဟွေ့လေ… ယန်ဝမ်ဟွေ့က အိမ်ရှေ့စံကို လုံးဝ မကြိုက်ဘူး… သူ ကြိုက်တာက သူ့အမေဘက်က ဝမ်းကွဲအစ်ကိုကိုပဲ… သူတို့နှစ်ယောက်က တိတ်တဆိတ် ဆက်သွယ်နေတာ ကြာပြီ… ယန်ဝမ်ဟွေ့က သူ့ဝမ်းကွဲအစ်ကိုရဲ့ ကလေးကိုတောင် ကိုယ်ဝန်ဆောင်ထားပြီး လွန်ခဲ့တဲ့ သုံးရက်ကမှ ကလေးမွေးထားတာ… 】
【 ဒီကိစ္စကို ယုံနင်းမြို့စားမင်းစံအိမ်တစ်ခုလုံးက သိထားကြတယ်… ဒါပေမဲ့ စံအိမ်တစ်ခုလုံးက အိမ်ရှေ့စံဆီကို တွယ်ကပ်နိုင်ဖို့အတွက် သိတဲ့လူတွေ အကုန်လုံးကို နှုတ်ပိတ်သတ်ပစ်ခဲ့ကြတာ… 】
【 နန်းတော်ဘက်က မသင်္ကာမဖြစ်စေဖို့အတွက် မြို့စားမင်းစံအိမ်က အဘိုးကြီးက အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်… အဲ့ဒါက ဝမ်းနည်းပူဆွေးဖို့ သုံးနှစ်အချိန်ယူပြီး သဲလွန်စအားလုံးကို ဖျောက်ဖျက်ပစ်ဖို့ ရည်ရွယ်ချက်နဲ့ပဲ… 】
【 ဒါက အိမ်ရှေ့စံနဲ့ ယန်ဝမ်ဟွေ့တို့ လွန်ခဲ့တဲ့ ခြောက်လကတည်းက လက်ထပ်ရမှာဖြစ်ပေမဲ့ အခုအချိန်ထိ လက်မထပ်ရသေးတဲ့ အကြောင်းရင်းပဲ… 】
ရှန်းရှစ်ရွှီမှာ ဤသည်ကို ကြားလိုက်ရချိန်တွင် ထိပ်ဆုံးနေရာ၌ ထိုင်နေသော အိမ်ရှေ့စံအား မကြည့်ဘဲ မနေနိုင်တော့ချေ။ ရှောင်ယွမ်ချီ၏ မျက်နှာမှာ ဖြူရော်နေပြီး မျက်လုံးများမှာ ဝေဝါးနေကာ ပြင်းထန်သော ထိုးနှက်မှုကို ခံလိုက်ရသည့် ပုံစံပေါက်နေသည်ကို သူ မြင်လိုက်ရသည်။
【 အိမ်ရှေ့စံက ဘာလို့ ထူးဆန်းနေသလို ဖြစ်နေတာလဲ… သူက ခေါင်းပုံဖြတ်ခံလိုက်ရတာကို သိသွားလို့လား… ဒါပေမဲ့ သူက ဒီမှာ ညစာစားပွဲ တက်နေတာကို ဘယ်လိုလုပ် သိသွားရတာလဲ… 】
ရှန်းရှစ်ရွှီ သံသယဝင်နေချိန်မှာပင် ရှောင်ကျင့်ယိက ရှောင်ယွမ်ချီအား ဆွဲထူလိုက်ပြီး အမတ်များအား ပြောလိုက်သည်။
” အိမ်ရှေ့စံ မူးနေပြီ… ငါ သူ့ကို အရင် ခေါ်သွားတော့မယ်… မင်းတို့ ဆက်လုပ်ကြ…”
ရှောင်ကျင့်ယိ၏ ဤလုပ်ရပ်ကြောင့် ရှန်းရှစ်ရွှီ၏ စိတ်ထဲရှိ လက်တွေ့မဆန်သော ခန့်မှန်းချက်များမှာ လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားတော့သည်။
Chapter 5 ended