နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ:
Chapter 4
အေးစက်စက် စစ်နတ်ဘုရား
====
လီတာ့နျိုက ရှန်းရှစ်ရွှီ သူ့အား အရိုအသေပေးသည်ကို မြင်လိုက်ရချိန်တွင် တစ်ကိုယ်လုံး ခွန်အားများ ပြည့်ဝလာသလို ခံစားလိုက်ရပြီး ဤကိစ္စကို အကောင်းဆုံး လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချလိုက်၏။
ပထမအချက်မှာ ကျွမ်းယွမ်သခင်လေး၏ ယုံကြည်မှုကို မဖျက်ဆီးလိုခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ သူတို့ ဟေးကျားတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို မကျဆင်းစေလိုခြင်းကြောင့် ပင်ဖြစ်သည်။ သူက ဟေးကျားတပ်ဖွဲ့မှ သာမန်စစ်သားတစ်ဦးမျှသာ ဖြစ်သော်လည်း တပ်ဖွဲ့၏ မျက်နှာကိုမူ အကျည်းတန်အောင် မလုပ်နိုင်ချေ။
ရှန်းရှစ်ရွှီက မြင်းပေါ်သို့ ပြန်တက်ကာ ဆက်လက် လှည့်လည်သွားလာခဲ့သည်။ ကျွမ်းယွမ်သခင်လေးက လူကုန်ကူးသူ၏ ဟန်ဆောင်မှုကို တစ်ချက်တည်းဖြင့် သိမြင်ကာ ကလေးငယ်တစ်ဦးကို ကယ်တင်နိုင်ခဲ့သည့် သတင်းမှာ ပြည်သူများကြားတွင် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့၏။
ကလေးပျောက်သွားသဖြင့် နေရာအနှံ့ လိုက်လံရှာဖွေနေကြသော အန်းကောကုန်းစံအိမ်မှ အစေခံများသည်လည်း ဤသတင်းကို ကြားလိုက်ရပြီး၊ ကလေးနှင့် လူကုန်ကူးသူကို မြို့တော်ဝန်ရုံးသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အပါအဝင် အရာအားလုံးကို စံအိမ်သို့ အမြန်ပြန်ကာ သတင်းပို့ကြသည်။
အန်းကောကုန်းမှာ ဤသတင်းကို ကြားသည်နှင့် ချက်ချင်းပင် ရထားလုံးပြင်ဆင်ကာ မြို့တော်ဝန်ရုံးသို့ အမြန်သွားရန် အမိန့်ပေးလိုက်၏။ ကယ်တင်ခံလိုက်ရသည့် ကလေးငယ်မှာ သူ၏ မြေးလေးဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် ကလေးကို ဖက်ကာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့သည်။ သူ့မြေးလေးကို ပြန်ပေးဆွဲသွားသော လူကုန်ကူးသူအားမူ အရိုးထဲထိတိုင် မုန်းတီးသွားမိ၏။
သူတို့ အန်းကောကုန်းစံအိမ်မှာ မျိုးဆက်ပြတ်လုနီးပါး ဖြစ်နေပြီး၊ သူ၏သားနှစ်ဦးစလုံးမှာလည်း စစ်မြေပြင်တွင် ကျဆုံးသွားခဲ့သည်။ တစ်အိမ်လုံးတွင် ဤမြေးလေးတစ်ဦးသာ ကျန်ရှိတော့သဖြင့် ပါးစပ်ထဲငုံထားလျှင်ပင် အရည်ပျော်သွားမည်ကို စိုးရိမ်ရလောက်အောင် အလွန်အမင်း တန်ဖိုးထားရပေသည်။
တကယ်လို့များသာ လူကုန်ကူးသူက ခေါ်သွားလိုက်လို့ရှိရင် သူတို့ အန်းကောကုန်း စံအိမ်တစ်ခုလုံး ပျက်စီးသွားမှာပဲ… သူသေသွားရင်တောင် တမလွန်က ဇနီးနဲ့ သားတွေကို ဘယ်မျက်နှာနဲ့ သွားတွေ့ရမလဲ…
အန်းကောကုန်းက ခန်းမထဲတွင် ဒူးထောက်နေသော လူကုန်ကူးသူကို ကြည့်ကာ ဒေါသတကြီးဖြင့် ချက်ချင်းပင် တုတ်ဖြင့် ရိုက်သတ်ရန် အမိန့်ပေးလိုက်၏။ အပြစ်ပေးရန် ပြင်လိုက်ချိန်တွင် အေးစက်စက် အသံနက်ကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
” အန်းကောကုန်း… ခဏနေပါဦး”
အခြားသူတစ်ဦးသာ အန်းကောကုန်းကို လာတားမည်ဆိုလျှင် သူက လှံဖြင့်ပင် ထိုးသတ်ပစ်လိုက်မည် ဖြစ်သော်လည်း ယခု သူ့ကို လာတားသည့်သူကိုမူ သူ အမှန်တကယ်ပင် ဘာမှ လုပ်၍မရချေ။
” ကျင်းဝမ်မင်းသား?!… အိုမင်းနေတဲ့ အမတ်ကြီးက ကျင်းဝမ်မင်းသားကို အရိုအသေပေးပါတယ်… မင်းသားက ဘာလို့များ ဒီအမတ်ကြီးကို တားရတာလဲ…”
ဘယ်ကိစ္စကိုမှ ဝင်မပါတတ်တဲ့ ကျင်းဝမ်က ဘာလို့များ ဒီကိစ္စမှာ ရုတ်တရက် ဝင်ပါလာရတာလဲ…
ကျင်းဝမ် ရှောင်ကျင့်ယိမှာ တာ့ချန်မင်းဆက်၏ ပဉ္စမမြောက် မင်းသားဖြစ်ပြီး ဧကရာဇ်ဝူအန်းနှင့် မိဖုရားခေါင်ကြီးလင်တို့၏ သားတော်အရင်း ဖြစ်သည်။ ငယ်စဉ်ကတည်းက အဘိုးနှင့် ဦးလေးဖြစ်သူတို့၏ နောက်သို့လိုက်ကာ စစ်မြေပြင်သို့ ဝင်ရောက်ခဲ့ပြီး စစ်ရေးစွမ်းဆောင်မှုများစွာကို ရယူနိုင်ခဲ့သည်။ထို့အပြင် အလွန် ရဲရင့်ပြီး တိုက်ပွဲတိုင်းကို အောင်နိုင်သော ဟေးကျားတပ်ဖွဲ့ကိုပင် တည်ထောင်နိုင်ခဲ့သူ ဖြစ်၏။
မကြာသေးမီက မြို့တော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ကျင်းဝမ်အဖြစ် ခန့်အပ်ခံရပြီး မင်းသားများထဲတွင် ပထမဆုံး ဘွဲ့ထူးခံမင်းသား ဖြစ်လာခဲ့သည်။
ရှောင်ကျင့်ယိမှာ အလွန် အေးစက်ပြီး ရက်စက်တတ်သူဖြစ်ကာ စစ်တိုက်ခြင်းမှလွဲ၍ နန်းတွင်းရေးရာများကို လုံးဝ စိတ်ဝင်စားခြင်း မရှိသလို ညီလာခံကိုပင် တက်ရောက်လေ့ မရှိချေ။ ထို့ကြောင့် ယနေ့တွင် သူက ဤကဲ့သို့ အရေးမပါသော ကိစ္စမျိုးကို ရုတ်တရက် ဝင်ရောက်စွက်ဖက်လာခြင်းအပေါ် အန်းကောကုန်းမှာ အလွန် အံ့အားသင့်ကာ စပ်စုချင်စိတ်များ ဖြစ်ပေါ်လာမိ၏။
ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတဲ့ လူကုန်ကူးသူမှာများ တစ်ခုခု ပြဿနာရှိနေလို့လား…
ရှောင်ကျင့်ယိက သူ့အား အရိုအသေပေးနေသော မြို့တော်ဝန်နှင့် အခြားအမှုထမ်းများကို မတ်တတ်ရပ်ရန် လက်ဝှေ့ယမ်းပြလိုက်ပြီး အန်းကောကုန်း၏ အမေးကို အေးစက်ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။
” ဒီလူက ရိုးရိုး လူကုန်ကူးတဲ့သူသက်သက် မဟုတ်ဘူး… သူ့နောက်ကွယ်မှာ တခြားလူတွေ ရှိနေနိုင်တယ်… အခု သူ့ကို သတ်လိုက်ရင် အလဟဿ ဖြစ်သွားလိမ့်မယ်… သေချာ စစ်ဆေးမေးမြန်းပြီးမှ အန်းကောကုန်းသဘောအတိုင်း အပြစ်ပေးတာကော ဘယ်လိုလဲ…”
အန်းကောကုန်းမှာ အရေးကြီးသည်နှင့် မကြီးသည်ကို ခွဲခြားမသိတတ်သူ မဟုတ်ချေ။ ဒေါသထွက်နေသော်လည်း အရေးကြီးသည့် ကိစ္စဖြစ်နေသဖြင့် အရေးကြီးသည်ကိုသာ ဦးစားပေးရမည်ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ဤလူကို အနှေးနှင့်အမြန် သူ ကိုင်တွယ်ခွင့်ရမည်ဖြစ်၍ ဤအချိန်လေးကိုပင် မစောင့်နိုင်စရာ အကြောင်းမရှိပေ။
” ကျင်းဝမ်မင်းသားက သူ့ဆီမှာ ကိစ္စရှိနေမှတော့ မင်းသားကပဲ အရင် စီစဉ်ပါ… ဘယ်လိုပဲဖြစ်ဖြစ် အနှေးနဲ့အမြန်တော့ သူ့ကို အပြစ်ပေးခွင့်ရမှာဆိုတော့ ဒီအမတ်ကြီးက မလောပါဘူး…”
ရှောင်ကျင့်ယိက သူ့အား ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ကို မြှောက်ပြလိုက်ရာ သူ့အနောက်တွင် နောက်ခံပန်းချီကားချပ်တစ်ခုကဲ့သို့ ရပ်နေသော သက်တော်စောင့်က ရှေ့သို့ ထွက်လာခဲ့သည်။ ထိုသက်တော်စောင့်က “ကျင်းဝမ်” ဆိုသည့် နာမည်ကို ကြားလိုက်ရုံဖြင့် ကြောက်လန့်တကြားဖြစ်နေသော လူကုန်ကူးသူကို ဆွဲယူကာ အနောက်ဘက်သို့ ခေါ်သွားလေ၏။
အနောက်ဘက်ခြံဝင်းထဲမှ အဆက်မပြတ် ထွက်ပေါ်လာသော စူးရှသည့် အော်ဟစ်သံများကိုသာ လူအားလုံး ကြားနေရသည်။ထို့နောက် ထိုသက်တော်စောင့်မှာ တစ်ကိုယ်တည်း ပြန်လည် ထွက်ပေါ်လာခဲ့သည်။ သူ ဖြတ်လျှောက်လာသော နေရာတိုင်းတွင် သွေးနံ့များက လှိုင်ထနေ၏။
မဲ့ယွီက လက်ဖက်ရည် သောက်နေသော ရှောင်ကျင့်ယိနှင့် အန်းကောကုန်းအား အရိုအသေပေးလိုက်ပြီးနောက် မည်သည့်ခံစားချက်မျှ မပါဝင်သော အသံဖြင့် တင်ပြလိုက်သည်။
” မင်းသားကို တင်ပြပါတယ်… အဲ့ဒီလူက အိမ်ရှေ့စံလေးရဲ့ ရုပ်ရည်နဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး အလွယ်တကူ ပြန်ပေးဆွဲသွားရုံ သက်သက်ပါပဲ… ကျွန်တော်တို့ လိုက်ရှာနေတဲ့ ဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး…”
ရှောင်ကျင့်ယိက ဤလူမှာ သူတို့အတွက် သဲလွန်စတစ်ခု ဖြစ်လာနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အချည်းနှီး ဖြစ်သွားခဲ့သည်။ သူက လက်ဖက်ရည်ပန်းကန်ကို ချထားလိုက်ပြီး မတ်တတ်ရပ်ကာ အန်းကောကုန်းကို ပြောလိုက်၏။
” သူက ကျွန်တော် စုံစမ်းနေတဲ့ ကိစ္စနဲ့ မသက်ဆိုင်ဘူးဆိုတော့ သူ့ကို အန်းကောကုန်းဆီပဲ လွှဲပေးလိုက်ပါ့မယ်… ကျွန်တော့်မှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိသေးလို့ အရင် ပြန်ခွင့်ပြုပါဦး…”
အန်းကောကုန်းက သူ့အား ခြေလှမ်းအနည်းငယ်ခန့် လိုက်လံပို့ဆောင်ပေးလိုက်ပြီးနောက် ပြန်လှည့်လာသည်။ အမှုထမ်းများကို သေလုမျောပါး ဖြစ်နေသော လူကုန်ကူးသူအား ဆွဲထုတ်လာစေပြီး တုတ်ဖြင့် ရိုက်သတ်ရန် အမိန့်ပေးလိုက်၏။
ဥပဒေအရဆိုလျှင် သူက ကိုယ်ပိုင်အပြစ်ပေးခွင့် မရှိသော်လည်း ဤလူ ကျူးလွန်ခဲ့သော ပြစ်မှုမှာ သူ့အား အလွန် ဒေါသထွက်စေခဲ့သည်။ မည်သို့ပင်ဖြစ်စေ လူကုန်ကူးသူမှာ တာ့ချန်မင်းဆက်၏ ဥပဒေအရ အနှေးနှင့်အမြန် သေဒဏ်ကျခံရမည်ဖြစ်၍ သူက အချိန်ကို အနည်းငယ် စောပေးလိုက်ခြင်းသာ ဖြစ်ပေသည်။
ထိုရွံစရာကောင်းသော လူကုန်ကူးသူအား ကိုင်တွယ်ဖြေရှင်းပြီးနောက် အန်းကောကုန်းမှာ မြို့တော်ဝန်ရုံးမှ ပြင်ဆင်ပေးသော ထမ်းစင်ကို စီးကာ အိမ်သို့ ပြန်လာခဲ့သည်။ သူ၏ ရထားလုံးကိုမူ မြေးလေးအား အိမ်သို့ ပြန်ပို့ရန် စီစဉ်ပေးလိုက်၏။
အိမ်ရှိ ချွေးမနှစ်ဦးမှာ ကလေးပျောက်ဆုံးသွားသည်ကို ကြားပြီး ငိုယိုကာ သတိလစ်သွားခဲ့ကြသည်။ ယခု ကလေးကို ပြန်တွေ့ပြီဖြစ်၍ သူ၏ချွေးမများ တစ်ခုခု ထပ်ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ကလေးကို အမြန်ဆုံး ပြန်ပို့ပေးရမည် ဖြစ်ပေသည်။
မြေးလေး ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာနိုင်ခဲ့ခြင်းကြောင့် အန်းကောကုန်းမှာ တစ်ခါမျှ မမြင်ဖူးသေးသော ကျွမ်းယွမ်အပေါ် အလွန် အမြင်ကောင်းသွားပြီး မနက်ဖြန်တွင် လက်ဆောင်များ ပြင်ဆင်ကာ ကိုယ်တိုင် သွားရောက် ကျေးဇူးတင်ရန် စဉ်းစားထားလိုက်၏။
ထို့အပြင် ဤကျွမ်းယွမ်က အခြားသော ကျောင်းသားများစွာကို ကျော်ဖြတ်ကာ ပထမနေရာကို ရယူနိုင်ခဲ့သူဖြစ်ရာ ပညာအရည်အချင်းမှာ ပြောစရာပင် မလိုတော့ချေ။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် မြေးလေးအား ရှန်းရှစ်ရွှီထံတွင် တပည့်ခံစေချင်သည်။
သူတို့ အန်းကောကုန်းစံအိမ်မှာ တာ့ချန်မင်းဆက်တွင် စစ်ရေးစွမ်းရည်ဖြင့် ရပ်တည်ခဲ့သော်လည်း ယခုအခါ အိမ်တွင် မြေကြီးထဲ တစ်ဝက်ရောက်နေပြီဖြစ်သော သူနှင့် အားနည်းသော ချွေးမနှစ်ဦးအပြင် ဤမြေးလေးတစ်ဦးသာ ကျန်ရှိတော့၏။
မြေးလေးကို စစ်မြေပြင်သို့ ထပ်လွှတ်ရန် အမှန်တကယ်ပင် မရက်စက်နိုင်တော့သဖြင့် စာပေပညာကိုသာ သင်ယူစေချင်ခဲ့သည်။ ယခင်က မည်သည့် ဆရာကောင်းထံတွင် ပညာသင်ယူစေရမည်ကို စဉ်းစားနေခဲ့သော်လည်း ယနေ့တွင် ရှန်းရှစ်ရွှီက သူ၏ရှေ့သို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့၏။
အန်းကောကုန်းက ရှန်းရှစ်ရွှီအား မြေးလေး၏ ဆရာအဖြစ် မည်သို့ ခန့်အပ်ရမည်ကို စဉ်းစားနေချိန်တွင် ရှောင်ကျင့်ယိထံသို့လည်း သတင်းရောက်ရှိလာခဲ့ပြီး ထိုလူကုန်ကူးသူအား ယခုနှစ်၏ ကျွမ်းယွမ်က တစ်ချက်တည်းဖြင့် သိမြင်ခဲ့ကြောင်း သိလိုက်ရသည်။
ဒီကျွမ်းယွမ်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေပါလား… လူအုပ်ကြီးထဲမှာတောင် မသင်္ကာစရာကို တစ်ချက်တည်းနဲ့ သိနိုင်တယ်ဆိုတော့ တော်တော်လေး အကဲခတ်ကောင်းတဲ့သူ ဖြစ်ရမယ်…
ပြီးတော့ သေချာမသိရသေးတဲ့ အခြေအနေမှာတောင် လူတွေကို ဝင်တားခိုင်းရဲတယ်ဆိုတော့ တော်တော်လေး ပြတ်သားတဲ့ အရည်အချင်းရှိတဲ့သူပဲ!
လမ်းပေါ်တွင် လှည့်လည်သွားလာနေသော ရှန်းရှစ်ရွှီမှာ ရုတ်တရက် နှာနှစ်ချက် ပြင်းပြင်းထန်ထန် ချေလိုက်မိသည်။ သူ၏ အနောက်တွင် လိုက်ပါလာသော ယန်မင်ရွှမ်းနှင့် ယန်ဟွိုင်မင်တို့က စိုးရိမ်တကြီး မေးလိုက်ကြ၏။
” ဘာလို့ ရုတ်တရက်ကြီး နှာချေလိုက်တာလဲ…”
ရှန်းရှစ်ရွှီမှာ နားရွက်များ ပူနွေးလာသလို ခံစားလိုက်ရပြီး တစ်ယောက်ယောက်က သူ့အကြောင်း ပြောနေသည်ဟု ထင်လိုက်မိသည်။
” ဘာမှမဖြစ်ပါဘူး… အိမ်ကလူတွေ သတိရနေလို့ နေမှာပါ… ပြောရရင် ဒီအတောအတွင်း စာမေးပွဲအတွက် ပြင်ဆင်နေရလို့ အိမ်ကို စာမပို့ဖြစ်တာ တော်တော်ကြာနေပြီ…”
ယန်မင်ရွှမ်းနှင့် ယန်ဟွိုင်မင်တို့သည်လည်း ဤကိစ္စနှင့် ပတ်သက်၍ အလွန် သဘောတူကြသည်။ သူတို့သုံးဦးမှာ မတူညီသော ဒေသများမှ လာကြခြင်းဖြစ်ပြီး မြို့တော်မှ ဒေသခံများ မဟုတ်ကြပေ။
ဒီအတောအတွင်း စာမေးပွဲအတွက် အာရုံမလွင့်သွားစေရန် အမှန်တကယ်ပင် အိမ်နှင့် အဆက်အသွယ် မလုပ်ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ အိမ်မှလည်း သူတို့၏ စိတ်အနှောင့်အယှက်ဖြစ်ကာ အာရုံလွင့်သွားမည်ကို စိုးရိမ်သဖြင့် စာမပို့ခဲ့ကြချေ။
” ညီလေးရှန်း ပြောတာ မှန်တယ်… ငါတို့နှစ်ယောက်လည်း အိမ်ကို စာမရေးဖြစ်တာ တော်တော်ကြာနေပြီ… လှည့်လည်ပွဲ ပြီးသွားရင်တော့ အိမ်ကို စာတစ်စောင် သေချာရေးပြီး ပို့ရမယ်… တစ်ချက်က သတင်းကောင်း ပေးဖို့နဲ့ နောက်တစ်ချက်က သတိရကြောင်း ပြောပြဖို့ပေါ့…”
ယန်ဟွိုင်မင်က အိမ်တွင် မျှော်လင့်တကြီး စောင့်စားနေမည့် မိဘများကို သတိရသွားကာ အနည်းငယ် လောသွားမိသည်။ သူတို့သုံးဦးမှာ အဆက်အသွယ် မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်သော မိသားစုများကို သတိရသွားကြသဖြင့် လှည့်လည်ပွဲ၏ အရှိန်ကို အနည်းငယ် မြှင့်လိုက်ကြ၏။
တာ့ချန်မင်းဆက်က စာမေးပွဲအောင်မြင်သော ကျောင်းသားများအတွက် ချုံးလင် ညစာစားပွဲကို ကျင်းပပေးလေ့ရှိသည်။ ပထမအချက်မှာ ရွှေစာရင်းဝင် ကျောင်းသားများကို ဂုဏ်ပြုရန်ဖြစ်ပြီး ဒုတိယအချက်မှာ ၎င်းတို့၏ လူမှုဆက်ဆံရေးကို လေ့လာရန်ဖြစ်သည်။
နန်းတွင်းအမတ်များစွာက မိမိတို့၏ လက်အောက်တွင် အလုပ်လုပ်ရန် သင့်တော်မည့် ကျောင်းသားများကို ရွေးချယ်နိုင်ရန်အတွက် လာရောက်လေ့ရှိကြ၏။
အချိန်က အလွန် ကပ်နေသဖြင့် စာရေးချင်နေသော လူသုံးဦးမှာ စာမရေးလိုက်ရဘဲ ကိုယ်ပိုင်ဝတ်စုံများ လဲလှယ်ကာ လာကြိုသော ရထားလုံးကို စီးပြီး ချုံးလင် ညစာစားပွဲသို့ သွားရောက်ခဲ့ကြသည်။
Chapter 4 ended