Chapter 25
ကြင်ယာတော်ရွေးချယ်ခြင်း (၁)
=====
ဆရာကန်တော့ပွဲ ပြီးဆုံးသွားပြီးနောက် ရှောင်ကျင့်ယိက ရှန်းရှစ်ရွှီထံသို့ ဖိတ်စာတစ်စောင် ကမ်းပေးလိုက်သည်။
“အာရွှီ… နောက်နှစ်ရက်နေရင် နန်းတော်ထဲမှာ ပွဲခံအခမ်းအနားတစ်ခု ကျင်းပလိမ့်မယ်… ဒါက ဖိတ်စာပဲ။”
ရှန်းရှစ်ရွှီက ဖိတ်စာကို လှမ်းယူလိုက်ပြီး အနည်းငယ် နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
“အခုရာသီဥတုက အေးနေသေးတာကို… ပန်းတွေတောင် အဖူးပဲ ထွက်သေးတာ… ဒီလောလောဆယ် ဘာပွဲတော်မှလည်း မရှိဘဲနဲ့၊ ဒီအချိန်ကြီး နန်းတော်ထဲမှာ ဘာလို့ ပွဲခံရတာလဲ?”
ရှောင်ကျင့်ယိ ရှင်းပြရန် အချိန်မရလိုက်ခင်မှာပင်၊ ခန်းနင်းမင်းသမီးကြီးက ဝင်ပြောလိုက်သည်။
“အေးလေ… အိမ်ရှေ့စံမိဖုရားကိစ္စကြောင့်ပေါ့… အရင်က မရီးတော် (မိဖုရားခေါင်ကြီး) သဘောကျထားတဲ့ မိဖုရားလောင်းက ပြဿနာရှိတယ်လေ… အကျင့်စာရိတ္တ မကောင်းဘူး။ ဒီလို အကျင့်စာရိတ္တ အပြစ်အနာအဆာရှိတဲ့ မိန်းမမျိုးက ငါတို့ တာ့ချန်မင်းဆက်ရဲ့ အနာဂတ် မိခင် (မိဖုရားခေါင်ကြီး) နေရာနဲ့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ။”
“ဒါကြောင့် အိမ်ရှေ့စံမိဖုရားအသစ်ကို ပြန်ရွေးဖို့ ဒီပွဲကို ကျင်းပရတာပဲ။ မင်းတို့ကို ဖိတ်ရတဲ့ အကြောင်းရင်းကတော့ မရီးတော်က အိမ်ရှေ့စံအတွက် ရွေးပေးရမယ့်အတူတူဆိုပြီး တော်ဝင်ဆွေမျိုးတွေထဲက အိမ်ထောင်မကျသေးတဲ့ မိန်းကလေး ယောက်ျားလေးတွေ အကုန်လုံးကိုပါ တစ်ခါတည်း ခေါ်လိုက်တာ… ပြီးတော့ တာ့ချန်မင်းဆက်က တခြားအရည်အချင်းရှိတဲ့ လူငယ်လေးတွေကိုပါ ဖိတ်လိုက်သေးတယ်။ လက်ထောက်အမတ်ရှန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိမှတော့ သဘာဝကျစွာပဲ ဖိတ်ကြားခံရတဲ့ စာရင်းထဲ ပါတာပေါ့။”
ထိုအခါမှသာ ရုတ်တရက်ကြီး ပွဲခံရခြင်း၏ အကြောင်းရင်းကို ရှန်းရှစ်ရွှီ နားလည်သွားတော့သည်။ ယခင် အိမ်ရှေ့စံမိဖုရားလောင်းက အခြားလူနှင့် ဖောက်ပြန်ပြီး ကိုယ်ဝန်ရသွားသည့်ကိစ္စကို တော်ဝင်မိသားစုက သိရှိသွားသောကြောင့် ဖြစ်ပေမည်။
“ဪ… ဒီလိုကိစ္စကိုး… ဒါပေမဲ့ ကျွန်တော်ကတော့ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးဘူး… အဲ့ဒီရောက်ရင် စားသောက်ပြီး နေရတာလည်း မဆိုးပါဘူး… ဘာပဲဖြစ်ဖြစ် နန်းတွင်းဟင်းလျာတွေက တစ်လောကလုံးမှာ နာမည်ကြီးတာပဲလေ… တစ်ခေါက်လောက် သွားစားရတာ မနစ်နာပါဘူး။”
ရှန်းရှစ်ရွှီက နန်းတော်ထဲရောက်လျှင် တစ်နေရာတည်းတွင် ငြိမ်ငြိမ်လေးထိုင်၍ မုန့်စားနေရန်သာ တွေးထားပြီး၊ မည်သည့်ကိစ္စကိုမှ ဝင်ပါမည် မဟုတ်ဟု ဆုံးဖြတ်ထား၏။
ရှောင်ကျင့်ယိက သူ အိမ်ထောင်မပြုချင်သေးကြောင်း ကြားသောအခါ ရင်ထဲ၌ မထိန်းချုပ်နိုင်အောင် ပျော်ရွှင်သွားသည်။
“အဲ့ဒီအချိန်ကျရင် ငါလည်း သွားမှာ… အတော်ပဲ ငါလည်း အိမ်ထောင်မပြုချင်သေးဘူး… အဲ့ဒီကျရင် ငါတို့နှစ်ယောက် အတူတူ သွားပြီး အေးအေးဆေးဆေး ပုန်းနေကြတာပေါ့။”
တာ့ချန်မင်းဆက်၏ အမတ်များမှာ ရုံးဆယ်ရက် တက်လျှင် နှစ်ရက် နားခွင့်ရှိသည်။ တိုက်ဆိုင်စွာပင် ရှန်းရှစ်ရွှီ၏ ရုံးပိတ်ရက် ပြီးဆုံးသည့်နေ့မှာ နန်းတော်တွင် ပွဲကျင်းပမည့်နေ့နှင့် ကွက်တိကျနေ၏။
နံနက်ညီလာခံအပြီးတွင် ရှန်းရှစ်ရွှီက တရားလွှတ်တော်ရုံးချုပ်သို့ သွားကာ ခွင့်ယူလိုက်ပြီးနောက်၊ မိမိ၏ ခြံဝင်းငယ်လေးသို့ ပြန်ကာ အဝတ်အစားလဲလှယ်ပြီး ရှောင်ကျင့်ယိ စီစဉ်ပေးထားသော ရထားလုံးပေါ်သို့ တက်လိုက်သည်။
ရှောင်ကျင့်ယိက ရထားလုံးထဲတွင် စောစောစီးစီး ရောက်နှင့်နေသည်။ သူထွက်လာသည်ကို မြင်သောအခါ မိမိ၏ အတွင်းအားဖြင့် တစ်ချိန်လုံး အနွေးဓာတ်ပေးထားသော ထမင်းချိုင့်ထဲမှ ဝက်သားမျှင် ခေါက်ဆွဲ တစ်ပန်းကန်ကို ထုတ်ယူကာ ရှန်းရှစ်ရွှီဘက်သို့ တွန်းပေးလိုက်သည်။
“နံနက်ညီလာခံက အခုမှ ဆင်းလာတာဆိုတော့ ပင်ပန်းနေလောက်ပြီ… ဗိုက်နည်းနည်း ပြည့်သွားအောင် တစ်ခုခု အရင်စားလိုက်ဦး။”
ရှန်းရှစ်ရွှီကလည်း အားနာမနေတော့ဘဲ ပန်းကန်ကို မကာ စားသောက်လိုက်သည်။ ကျင်းဝမ်စံအိမ်မှ စားဖိုမှူး၏ လက်ရာက အတော်လေး ကောင်းမွန်လှပြီး၊ ဝက်သားမျှင် ခေါက်ဆွဲတစ်ပန်းကန်ကို အလွန် ကောင်းမွန်စွာ ချက်ပြုတ်ထား၏။
ခေါက်ဆွဲဖတ်များက ငွေကြိုးလေးများကဲ့သို့ သေးသွယ်ပြီး ဝက်သားကိုလည်း အမြှောင်းသေးသေးလေးများ ဖြစ်အောင် လှီးဖြတ်ထားသည်။ ဟင်းရည်ကအစ မီးအေးအေးဖြင့် ကြာရှည်တည်ထားသော ကြက်သားဟင်းရည် ဖြစ်ပြီး ကြက်သွန်မြိတ် အနည်းငယ် ဖြူးထားသဖြင့် မြင်လိုက်ရုံဖြင့် အလွန် စားချင်စရာ ကောင်းနေလေသည်။ ရှန်းရှစ်ရွှီမှာ ခေါင်းပင်မဖော်တော့ဘဲ နောက်ဆုံး ဟင်းရည်တစ်ဇွန်း ကုန်သည်အထိ သောက်ပြီးမှသာ ပန်းကန်ကို ချထားလိုက်တော့သည်။
“မင်းသား… ခင်ဗျားအိမ်တော်က စားဖိုမှူးရဲ့ လက်ရာက တော်တော်လေး ကောင်းတာပဲ!”
ရှောင်ကျင့်ယိက သူ ပျော်ရွှင်စွာ စားသောက်နေသည်ကို ကြည့်ပြီး၊ ဤတစ်ကြိမ် စိတ်ရောကိုယ်ပါ နှစ်ကာ ခေါက်ဆွဲ ယူလာခဲ့ရကျိုး နပ်သည်ဟု ထင်လိုက်၏။
“မင်း သဘောကျတယ်ဆိုရင် နောက်တစ်ခါ ငါ့စံအိမ်ကို တိုက်ရိုက်သာ လာခဲ့ပါ… စားဖိုမှူးကို သူ အကျွမ်းကျင်ဆုံး ဟင်းလျာတချို့ ချက်ခိုင်းထားလိုက်မယ်… သူလုပ်တဲ့ သိုးနံရိုးကင်က တကယ့်ကို ထိပ်တန်းပဲ။”
ရှောင်ကျင့်ယိက အခွင့်ကောင်းယူကာ ရှန်းရှစ်ရွှီကို သူ၏ စံအိမ်သို့ ဖိတ်ခေါ်လိုက်သည်။
ရှန်းရှစ်ရွှီကလည်း အများကြီး မစဉ်းစားတော့ဘဲ ချက်ချင်း လက်ခံလိုက်၏။
“ကောင်းပြီလေ… နောက်တစ်ခါ ရုံးပိတ်ရက်ကျရင် ခင်ဗျားစံအိမ်ကို သွားပြီး အဝစားကြတာပေါ့။”
ယနေ့ အိမ်ရှေ့စံ မိဖုရားရွေးချယ်ပွဲအတွက် နန်းတော်တံခါးဝတွင် အလွန် စည်ကားနေပေသည်။ ရွှမ်ဝူတံခါးဝတွင် အမျိုးအစားစုံလင်လှသော ရထားလုံးများ ရပ်နားထားပြီး၊ ထိုရထားလုံးများပေါ်မှ အရောင်အသွေး စုံလင်သော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အထက်တန်းလွှာ သခင်မလေးများ ဆင်းလာကြသည်။
ရာသီဥတုက အနည်းငယ် အေးနေသေးသဖြင့် အမျိုးသမီးများမှာ ကိုယ်ခံအားနည်းသောကြောင့် မိမိတို့၏ အဝတ်အစားနှင့် အရောင်တူ ခြုံထည်များကို ခြုံထားကြ၏။ ရင်းနှီးသော သူငယ်ချင်းများက လက်ချင်းချိတ်ကာ စုဝေးကြပြီး အချင်းချင်း အရင် နှုတ်ဆက်ကြကာ ရယ်မောပြောဆိုရင်း နန်းတော်ထဲသို့ ဝင်သွားကြသည်။
တစ်ခဏမျှ လေထုက အလွန် ကောင်းမွန်နေခဲ့သော်လည်း၊ ကျင်းဝမ်စံအိမ်၏ ရထားလုံး ရပ်နားလိုက်သည်နှင့်တစ်ပြိုင်နက် မူလက စည်ကားနေခဲ့သော ရွှမ်ဝူတံခါးရှေ့မှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ထိုသခင်မလေးများက ပဝါဖြင့် ပါးစပ်ကို ကွယ်ထားကြပြီး ကျင်းဝမ်စံအိမ်၏ ရထားလုံးကို သတိကြီးစွာဖြင့် ကြည့်နေကြသည်။ သူမတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
ရထားလုံးပေါ်မှ ဆင်းလာသော လူနှစ်ဦးကို မြင်လိုက်ရချိန်တွင်၊ ဒီနှစ်ရဲ့ ကျွမ်းယွမ်အသစ်က ဘာလို့ ကျင်းဝမ်မင်းသားနဲ့ ရထားလုံး တစ်စီးတည်း စီးလာတာလဲဟု သံသယဖြစ်မိကြသော်လည်း၊ ဤမျှ ရုပ်ရည်ချောမောသော လူနှစ်ဦး အတူတကွ ပေါ်လာသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် လင်းထိန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ကျင်းဝမ်မင်းသားနဲ့ လက်ထောက်အမတ်ရှန်းကို အရိုအသေပေးပါတယ်ရှင်!”
မြင့်မြတ်သော သခင်မလေးများက လူနှစ်ဦးအား တပြိုင်နက် အရိုအသေပေးလိုက်ကြသည်။
ရှောင်ကျင့်ယိက သူ့အား အရိုအသေပေးနေသော သခင်မလေးများကို ဂရုမစိုက်ဘဲ ရှန်းရှစ်ရွှီကို ခေါ်ကာ သူတို့အနီးမှ ခြေလှမ်းကျဲကြီးများဖြင့် ဖြတ်လျှောက်သွားခဲ့သည်။ ရှန်းရှစ်ရွှီကတော့ ပြုံးကာ သူတို့ကို ခေါင်းညိတ်ပြလိုက်၏။
ရှောင်ကျင့်ယိက မျက်လုံးထောင့်မှ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့်၊ ထိုသခင်မလေးအုပ်စုကို ကျော်လွန်သွားပြီးနောက် မနေနိုင်ဘဲ မေးလိုက်၏။
“အဲ့ဒီသခင်မလေးတွေထဲမှာ မင်း သဘောကျတဲ့သူ ပါနေလို့လား?”
ရှောင်ကျင့်ယိ၏ လေသံတွင် အချဉ်နံ့ (သဝန်တိုသည့် အရိပ်အယောင်) ပါနေသည်ကို ရှန်းရှစ်ရွှီ ခံစားလိုက်ရသဖြင့် အနည်းငယ် သံသယဝင်သွားသော်လည်း ပြန်ဖြေလိုက်သည်။
“မပါပါဘူး… သူတို့က ကျွန်တော့်ကို အရိုအသေပေးနေတာကို ကျွန်တော်က လျစ်လျူရှုထားလို့ မကောင်းဘူးလေ? အဲ့ဒီလိုလုပ်ရင် ယဉ်ကျေးမှု မရှိရာ ကျသွားမှာပေါ့… ပြီးတော့ သူတို့ရဲ့ အဖေတွေက ကျွန်တော့်ရဲ့ အထက်လူကြီးတွေလည်း ဖြစ်နေနိုင်တယ်လေ… သူတို့ကို မျက်နှာမပေးဘူးဆိုတာက သွယ်ဝိုက်တဲ့နည်းနဲ့ ကိုယ့်အထက်လူကြီးကို မျက်နှာမပေးရာ ရောက်သွားမှာပေါ့။”
“ဒါက အလုပ်ခွင်မှာ အလွန်ရှောင်ကြဉ်ရမယ့် အချက်ပဲ… ဘာပဲဖြစ်ဖြစ် သူတို့ကို တုံ့ပြန်နှုတ်ဆက်လိုက်ရုံ ကိစ္စသေးသေးလေးပါပဲ… ဒီလိုကိစ္စသေးသေးလေးကြောင့်နဲ့ သူများတွေရဲ့ အငြိုးထားတာကို ခံရဖို့ မလိုပါဘူး။”
ရှောင်ကျင့်ယိက ရှန်းရှစ်ရွှီတွင် သဘောကျနေသူ မရှိကြောင်း ကြားလိုက်ရသဖြင့် နှုတ်ခမ်းထောင့်များ မထိန်းချုပ်နိုင်အောင် ကွေးတက်သွားပြီး၊ သူ စိုးရိမ်နေသည့် ကိစ္စနှင့် ပတ်သက်၍ အာဏာရှင်ဆန်ဆန် တိုက်ရိုက် ပြောလိုက်၏။
“မင်း အဲ့ဒီလောက် အများကြီး တွေးမနေပါနဲ့… နောက်ဆိုရင် အရာအားလုံးကို မင်း သဘောကျသလိုသာ လုပ်ပါ… တကယ်လို့ တစ်ယောက်ယောက်က မင်းကို ပြဿနာ လာရှာရင် သူတို့ကို ငါ့ဆီ လွှတ်လိုက်။”
ရှန်းရှစ်ရွှီက သူ၏ ဤမျှ အာဏာပြည့်ဝသော စကားကို ကြားသောအခါ မနေနိုင်ဘဲ နောက်ပြောင်လိုက်သည်။
“ကျွတ် ကျွတ်… ကျွန်တော်က အခု နောက်ခံလူ ရှိတဲ့သူ ဖြစ်သွားပြီပဲ… ဒါဆို နောက်ဆိုရင် ကျွန်တော် နည်းနည်းလောက် ထင်တိုင်းကျဲရင် ခင်ဗျား ကျွန်တော့်ကို စိတ်ညစ်စရာ ကောင်းတယ်လို့ မထင်နဲ့နော်။”
“ဘယ်လိုလုပ် စိတ်ညစ်ရမှာလဲ? တစ်သက်လုံး မင်းကို ဘယ်တော့မှ စိတ်ညစ်မှာ မဟုတ်ဘူး။”
ရှောင်ကျင့်ယိက ထိုစကားကို အလွန်တိုးတိုးလေး ပြောလိုက်သဖြင့် သူကိုယ်တိုင်သာ ကြားနိုင်လေသည်။
ရှန်းရှစ်ရွှီက သူ တစ်ခုခု ပြောလိုက်သည်ကို ကြားလိုက်သော်လည်း သေချာ မကြားလိုက်ချေ။
“ခုနက ကျွန်တော် သေချာ မကြားလိုက်လို့… နောက်တစ်ခေါက် ပြန်ပြောပြလို့ ရမလား?”
“ဘာမှမဟုတ်ပါဘူး… မင်း နောက်ဆိုရင် ထင်တိုင်းသာ ကျဲပါ… မင်းအတွက် ငါ ကာကွယ်ပေးထားမယ်။”
လူနှစ်ဦးမှာ စကားပြောလိုက် ရယ်မောလိုက်ဖြင့် ဖုန်လိုင်နန်းဆောင်သို့ ရောက်ရှိလာကြသည်။ ဤနေရာမှာ အမျိုးသားများအတွက် ပွဲကျင်းပရာ နေရာဖြစ်ပြီး၊ အမျိုးသမီးများ၏ ပွဲနေရာမှာမူ ဖုန်လိုင်နန်းဆောင်၏ မျက်နှာချင်းဆိုင်ရှိ ချင်းလျန်မဏ္ဍပ်တွင် ဖြစ်သည်။ နန်းဆောင် နှစ်ခုကြားတွင် နန်းဆောင်နှစ်ခုကို ဆက်သွယ်ထားသော တံတားတစ်စင်း ရှိသည်။
ဖုန်လိုင်နန်းဆောင်တွင် ရပ်နေပါက ချင်းလျန်မဏ္ဍပ်ရှိ မြင်ကွင်းကို လှမ်း၍ မြင်နိုင်ပေသည်။ ဤသို့ စီစဉ်ထားခြင်းမှာ ယောက်ျားလေးနှင့် မိန်းကလေးများ တိုက်ရိုက် ရောနှောနေထိုင်ခြင်းမှ ရှောင်ရှားနိုင်သလို၊ တစ်ဖက်လူ၏ ပုံပန်းသဏ္ဌာန်ကိုလည်း ရှင်းလင်းစွာ မြင်နိုင်စေရန် ဖြစ်သဖြင့် တကယ့်ကို စိတ်ကူးကောင်းကောင်းဖြင့် စီစဉ်ထားကြောင်း သိသာပေသည်။
ရှောင်ယွမ်ချီက ရောက်နှင့်နေပြီဖြစ်သည်။သူက အခြားသူများနှင့် စကားပြောနေရင်း ရှောင်ကျင့်ယိ လာသည်ကို မြင်သောအခါ၊ သူ့အနားတွင် မြှောက်ပင့်နေသော လူများကို အမြန် ဖယ်ရှား၍ ရှောင်ကျင့်ယိနှင့် ရှန်းရှစ်ရွှီတို့ဆီသို့ လျှောက်လာခဲ့သည်။
ရှန်းရှစ်ရွှီက အိမ်ရှေ့စံ လာနေသည်ကို မြင်သောအခါ အမြန် အရိုအသေပေးလိုက်၏။
“ကျွန်တော်မျိုး အိမ်ရှေ့စံမင်းသားကို အရိုအသေပေးပါတယ်… မင်းသား ကျန်းမာသက်ရှည်ပါစေ!”
ရှောင်ကျင့်ယိသည်လည်း ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။
“ညီတော် အစ်ကိုတော့်ကို အရိုအသေပေးပါတယ်!”
ရှောင်ယွမ်ချီက လက်ဆန့်ထုတ်ကာ လူနှစ်ဦးကို ထူပေးရင်း အရိုအသေပေးရန် မလိုကြောင်း အချက်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးကို ထိုင်ရန် ဖိတ်ခေါ်လိုက်၏။
“မင်းတို့ ရောက်လာလို့ တော်သေးတယ်… ကိုယ်တော်ကတော့ အဲ့ဒီလူတွေ အုံဝိုင်းပြီး မြှောက်ပင့်နေတာကို နားထောင်ရလွန်းလို့ နားတွေတောင် ထူပူနေပြီ။”
“ထွက်သွားချင်တာလားဆိုတော့… မယ်တော်က ပွဲပြီးတဲ့အထိ မဖြစ်မနေ နေရမယ်လို့ အမိန့်ထုတ်ထားတော့… ဟူး… တကယ် ခေါင်းကိုက်တာပဲ…”
ရှောင်ကျင့်ယိက ရှောင်ယွမ်ချီ သိပ်မပျော်မရွှင်ဖြစ်နေသည်ကို မြင်သောအခါ အကြံပြုလိုက်သည်။
“အစ်ကိုတော်က အကြာကြီး မနေချင်ဘူးဆိုမှတော့… အိမ်ရှေ့စံမိဖုရားကို စောစောလေး ရွေးလိုက်ပေါ့… ဒါဆိုရင် အစ်ကိုတော်လည်း စောစော ပြန်လို့ရသလို၊ ကျွန်တော်တို့ နှစ်ယောက်လည်း နန်းတော်ထဲကနေ စောစော ထွက်လို့ရတာပေါ့။”
Chapter 25 ended