Chapter 9
ကလေးငါးယောက်က ဆက်လက်ထွက်ခွာလာခဲ့ကြပြီး အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသဖြင့် ရည်မှန်းထားသော မြို့သို့ ရောက်ရှိချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ဈေးမှာလည်း သိမ်းသွားပြီဖြစ်သဖြင့် ၎င်းတို့က စွန့်ပစ်ထားသော ဘုရားကျောင်းဟောင်းတစ်ခုကို ရှာ၍ ညအိပ်ရန် ပြင်ဆင်လိုက်ကြ၏။
ချန်နော့က ဤကမ္ဘာရှိ နတ်ဘုရားများကို သိချင်စိတ်ဖြင့် အကဲခတ်ကြည့်လိုက်ရာ ဘုရားကျောင်းအတွင်းရှိ ရုပ်တုများမှာ ခုနစ်ပေကျော်ခန့် မြင့်မားသော ကြွက်သားအမြှောင်းမြှောင်းနှင့် မျက်ခုံးများ ထောင်မတ်နေသည့် အမျိုးသားကြီး သုံးဦး၏ ပုံစံများ ဖြစ်နေသည်။
သူက အခြေခံ ဗဟုသုတများကို လုံးဝမသိကြောင်း လျိုကွမ်က သိထားသဖြင့် ထိုလူသုံးဦး၏ အကြောင်းကို ရှင်းပြပေးလိုက်၏။ သူတို့သုံးဦးမှာ ဤတိုက်ကြီး၏ ဒဏ္ဍာရီလာ သိုင်းနတ်ဘုရားများ ဖြစ်ကြသည်။ မြို့ခံများက အလှူငွေကောက်ခံ၍ ဘုရားကျောင်းသစ် တည်ဆောက်လိုက်သောကြောင့် ဤဘုရားကျောင်းဟောင်းမှာ စွန့်ပစ်ခံလိုက်ရပြီး ယခု ၎င်းတို့အတွက် နေစရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
ဤကမ္ဘာတွင် ဘာသာရေးဟူ၍ မရှိဘဲ လူများက အင်အားကြီးသူများကိုသာ ကိုးကွယ်ယုံကြည်ကြ၏။
လျိုကွမ်က စိတ်ပျက်လက်ပျက်ဖြင့် မိမိ၏ သေးသွယ်သော လက်မောင်းကို ညှစ်ကာ မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။
” အနှေးနဲ့အမြန် ငါက သူတို့ထက် ပိုမြင့်အောင် ကြီးလာရမယ်…”
” …”
ချန်နော့က လေးပေခွဲပင် မပြည့်သေးသော သူ၏ အရပ်ကို ကြည့်ကာ ဤဆန္ဒ ပြည့်ဝရန်မှာ အနည်းငယ် ခက်ခဲနိုင်ကြောင်း တွေးမိ၏။
အနာဂတ်ဇနီးလေးမှာ သန့်ရှင်းမှုကို နှစ်သက်ကြောင်း လျိုကွမ် သိထားသဖြင့် ထောင့်တစ်နေရာကို သန့်ရှင်းရေးလုပ်ကာ ကောက်ရိုးများကို အထူကြီး ခင်းပေးလိုက်ပြီး ချောင်ထိုးနှင့် အခြားကလေး သုံးယောက်ကို အခြားတစ်ဖက်သို့ မောင်းထုတ်လိုက်၏။
ဘုရားကျောင်းအနောက်ဘက်တွင် ရေတွင်းတစ်တွင်း ရှိသည်။ လျိုကွမ်က အပြင်ထွက်သွားကာ အတန်ကြာမှ သံပုံးတစ်ပုံးကို မည်သည့်နေရာမှ ရလာမှန်းမသိဘဲ ယူလာသည်။၎င်းဖြင့် ရေခပ်၍ ချန်နော့ကို အကြမ်းဖျင်း ဆေးကြောခိုင်းလိုက်သည်။
ထိုကလေး သုံးယောက်မှာ မျက်လုံးများ ပြူးကျယ်ကာ ကြည့်နေကြ၏။ ၎င်းတို့သည် ဤရက်ပိုင်းအတွင်း ချန်နော့နှင့် အတော်လေး ရင်းနှီးနေပြီဖြစ်ပြီး သူတို့၏ ခေါင်းဆောင်က ဤလူသစ်အပေါ် အလွန်ဂရုစိုက်ကြောင်း သိထားသော်လည်း ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးသည့် အဆင့်ထိ ရောက်နေမည်ဟု မထင်ထားခဲ့သဖြင့် ၎င်းတို့၏ မျက်လုံးများပင် မှုန်သွားသည်ဟု ထင်မှတ်မိကြသည်။
ချန်နော့မှာမူ အများကြီး မတွေးတော့ဘဲ သူကိုယ်တိုင် ပြုလုပ်ထားသော မျက်နှာသုတ်ပဝါဖြင့် မျက်နှာသစ်လိုက်ပြီး အလေ့အကျင့်အတိုင်း လျိုကွမ်ကို မျက်နှာသုတ်ပေးလိုက်၏။ လျိုကွမ်က မျက်လုံးမှိတ်ကာ လိမ္မာရေးခြားရှိစွာ ရပ်နေပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ထောင့်ဘက်မှ အံ့သြနေသော မျက်လုံးသုံးစုံကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် နေရခက်သွားတော့သည်။ သူက စိတ်မရှည်စွာဖြင့် ဆဲရေးလိုက်၏။
” ဘာကြည့်နေတာလဲ? မင်းတို့ကော မျက်နှာသစ်ချင်နေလို့လား?…”
ချောင်ထိုးနှင့် အခြားကလေးများက အမြန်လှဲအိပ်လိုက်ကြသည်။ လျိုကွမ်က နှာခေါင်းရှုံ့ကာ ရေပုံးကို အပြင်သို့သွားထားပြီးနောက် ပြန်လာ၍ အလေ့အကျင့်အတိုင်း ချန်နော့၏ ဘေးတွင် ဝင်လှဲလိုက်၏။
တစ်နေကုန် ခရီးသွားခဲ့ရသဖြင့် ကလေးများအားလုံး ပင်ပန်းနေကြပြီး ဘုရားကျောင်းအတွင်း မကြာမီမှာပင် ညီညာသော အသက်ရှူသံများ ထွက်ပေါ်လာခဲ့သည်။ တစ်နေကုန် အလုပ်ရှုပ်ကာ စိတ်ပင်ပန်းနေပြီး ထိတ်လန့်စရာကောင်းသော အပြောင်းအလဲများကိုပါ ကြုံတွေ့ခဲ့ရသဖြင့် သူ အိပ်မပျော်ဖြစ်မည်ဟု ချန်နော့ ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ မကြာမီမှာပင် အိပ်ပျော်သွားခဲ့ပြီး အိပ်မက်ပင် မမက်ခဲ့ချေ။
နောက်တစ်နေ့တွင် လူအနည်းငယ်မှာ စောစောစီးစီး ထလာကြ၏။ လျိုကွမ်၏ ကိုယ်ပေါ်တွင် သူ စုဆောင်းထားသော ပိုင်ဆိုင်မှု တစ်ဝက်ကျော် ပါလာပြီး ဤတစ်ခေါက် အပြင်ထွက်ရာတွင် ဇနီးလေးကို ကောင်းကောင်းမွန်မွန် ကျွေးမည်ဟု သူ ဆုံးဖြတ်ထားခဲ့သည်။
သို့သော် မြို့လေးထဲတွင် သာမန်တည်းခိုခန်းနှင့် စားသောက်ဆိုင်များသာ ရှိသည်။ လျိုကွမ်က ခေါင်းမော့ကာ ရှေ့မှ လျှောက်သွားရင်း ငါးဆိုင်၊ ခြောက်ဆိုင်ခန့် ဖြတ်ကျော်သွားသော်လည်း တစ်ဆိုင်မျှ သဘောမကျချေ။ ချန်နော့က သူ့ကို အမြန်ဆွဲထားကာ ပြုံးလျက် ပြောလိုက်၏။
” ဖြစ်သလိုပဲ စားလိုက်ရအောင်ပါ… ခဏနေ ပစ္စည်းတွေ ရောင်းပြီးမှ ဆက်သွားတာပေါ့…”
လျိုကွမ်လည်း ခေါင်းညိတ်လိုက်ရတော့သည်။ သို့သော် ထမင်းစားချိန်တွင် ပြဿနာ အနည်းငယ် ဖြစ်ပေါ်လာခဲ့၏။ စားသောက်ဆိုင်ထဲတွင် အများစုမှာ တောင်မြောက် လှည့်လည်သွားလာနေသော ဓားပြများ ဖြစ်ကြသည်။ ကျောတွင် ဓားရှည်လွယ်ထားသော အမျိုးသားတစ်ဦးက ၎င်းတို့အားလုံး ဝါးခြင်းတောင်းများကို လွယ်ထားပြီး အဝတ်အစားများ စုတ်ပြတ်နေသည်ကို မြင်သောအခါ ထမင်းပန်းကန်ကို ‘ခွပ်’ ခနဲ ဆောင့်ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
” နံစော်နေတာပဲ! ကြည့်ရတာနဲ့တင် စားချင်စိတ် ပျောက်တယ်… ဆိုင်ရှင်… ဒီသူတောင်းစားတွေကို မြန်မြန် မောင်းထုတ်လိုက်စမ်း!…”
သူ့ဘေးရှိ လူသန်ကြီးတစ်ယောက်က ထောက်ခံလိုက်၏။
” ဟုတ်တယ်… သူတို့ပုံစံကို ကြည့်ရတာ လုံးဝ ‘ခွေးဂူ’ ထဲက လူတွေပဲ…”
အာကာသအမှိုက်လွှဲပြောင်းရေးစခန်း အနီးရှိ ဆင်းရဲသားရပ်ကွက်ကို ပြင်ပလူများက ‘ခွေးဂူ’ ဟု လှောင်ပြောင်ခေါ်ဆိုကြကြောင်းကို ချန်နော့ မသိသော်လည်း လျိုကွမ်နှင့် အခြားကလေးများ၏ ဒေါသထွက်နေသော မျက်လုံးများကို ကြည့်ကာ အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။ သူက လျိုကွမ်ကို အားကုန်ဆွဲထားကာ တိုးတိုးလေး ပြောလိုက်သည်။
” ရှောင်ကွမ်… သူတို့ကို အဖက်မလုပ်နဲ့… ငါတို့ တခြားနေရာ ပြောင်းကြမယ်…”
လျိုကွမ်က အံကြိတ်ကာ နောက်ဆုံးတွင် မျက်လုံးထဲရှိ ဒေါသများကို ထိန်းချုပ်လိုက်ပြီး ချန်နော့၏ ဆွဲခေါ်ရာသို့ လိုက်ပါသွားခဲ့၏။ သို့သော် သူက နောက်သို့ တစ်ချက်လှည့်ကြည့်ကာ ထိုလူနှစ်ယောက်၏ ရုပ်ရည်ကို မှတ်သားထားလိုက်သည်။ ဤလူနှစ်ယောက်သာ သူ၏ လက်ထဲ ရောက်လာခဲ့လျှင်…
ချန်နော့က တိတ်တဆိတ် သက်ပြင်းချလိုက်၏။ လျိုကွမ်ဆိုတဲ့ ဤကလေး၏ ဒေါသကြီးသော စရိုက်မှာ သိပ်တော့မကောင်းလှချေ။ ယခင်က တွေ့ခဲ့သော ရှန်ဝူနှင့် ကျူလျိုတို့မှာ အဆင့်နိမ့်လူမိုက်များသာ ဖြစ်သည်။အကယ်၍ သိုင်းပညာရှင်များနှင့် တွေ့ဆုံပါက လျိုကွမ်၏ ဤစရိုက်ကြောင့် အလွယ်တကူ ဒုက္ခရောက်နိုင်ပေသည်။
အနည်းငယ် ဝေးဝေးရောက်သွားသောအခါ လျိုကွမ်က ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။
” မင်း ခုနက ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ? နားထောင်လို့ အရမ်းဆိုးတာပဲ!…”
ယခင်က ချန်နော့ သူ့အား ‘ရှောင်ကွမ်’ ဟု ခေါ်ဆိုခဲ့ခြင်းမှာ ပုံမှန်မဟုတ်သော အခြေအနေများ ရှိနေကြောင်း သတိပေးရန်ဖြစ်သည်ကို သူ သိထားသော်လည်း ယခု အကြောင်းပြချက်မရှိဘဲ ‘ရှောင်ကွမ်’ ဟု ခေါ်ဆိုခြင်းမှာ ကလေးတစ်ယောက်ကို ခေါ်နေသကဲ့သို့ပင်…
သို့သော် ဤအခေါ်အဝေါ်မှာ အလွန်ရင်းနှီးမှုရှိနေသည်ဟု ခံစားရသဖြင့် သူ နှုတ်မှ ဤသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ မည်သည့်အတွက်ကြောင့်မှန်း မသိဘဲ အနည်းငယ် ဝမ်းသာနေမိသည်။
ချန်နော့မှာ ယခုအခါ လျိုကွမ်၏ စရိုက်ကို အတော်လေး နားလည်နေပြီဖြစ်သဖြင့် သူ့ကို စနောက်လိုက်၏။
” ရှောင်ကွမ် (ကွမ်လေး) က နားထောင်လို့ မကောင်းဘူးလား? အင်း… ဒါဆို ရှောင်လျိုကွမ် (လျိုကွမ်လေး) ဆိုရင်ကော ဘယ်လိုလဲ?…”
လျိုကွမ်က မနေနိုင်ဘဲ မျက်စောင်းထိုးကာ ဒေါသတကြီး ပြောလိုက်သည်။
” ခွင့်မပြုဘူး! … ထားပါတော့… မင်း ငါ့ကို ရှောင်ကွမ်လို့ပဲ ခေါ်လိုက်တော့…”
မကြာမီ လမ်းသွယ်တစ်ခုအတွင်း စားသောက်ဆိုင်သစ်တစ်ခုကို တွေ့ရှိခဲ့၏။ လူသိပ်မများသလို ဆိုင်ရှင်ကလည်း ဘာမျှမပြောချေ။
လျိုကွမ်က လူပါးဝစွာဖြင့် အကြွေစေ့အချို့ကို ကောင်တာပေါ်သို့ အရင်ချလိုက်သည်။ ဤကမ္ဘာ၏ ငွေကြေးမှာ ရွှေ သို့မဟုတ် ငွေ မဟုတ်ပေ။အကြွေစေ့များကို ရှားပါးသော စွမ်းအင်သတ္တုရိုင်း အမျိုးအစားအချို့ဖြင့် ပြုလုပ်ထားပြီး အဝိုင်းပုံသဏ္ဌာန် ရှိကာ ကျလာချိန်တွင် ဒင်ဒင်ဒေါင်ဒေါင် မြည်သံများက အလွန်နားထောင်လို့ ကောင်း၏။
ချန်နော့နှင့်အတူ စာသင်လာခဲ့သောဤရက်ပိုင်းအတွင်း လျိုကွမ်မှာ စာလုံး ရာဂဏန်းခန့်ကို မှတ်မိနေပြီဖြစ်ပြီး ဟင်းလျာစာရင်းကိုပင် အကြမ်းဖျင်း ဖတ်တတ်နေပြီ ဖြစ်သည်။ အသားဟင်းရော၊ အသီးအရွက်ဟင်းများပါ စားပွဲအပြည့် မှာယူလိုက်၏။ အကယ်၍ ၎င်းတို့ချည်းသာဆိုလျှင် အသားဟင်းများကိုသာ စားကြမည်ဖြစ်သော်လည်း ချန်နော့က အသီးအရွက်ဟင်းများကို သဘောကျကြောင်း သူ သိထားသည်။
ချန်နော့က ထိုအကြွေစေ့များကို ကြည့်ကာ အနည်းငယ် နှမြောနေမိသော်လည်း ဆင်းရဲသားရပ်ကွက်တွင် ပိုက်ဆံသုံးစရာ နေရာမရှိသဖြင့် သိမ်းထားမည့်အစား အာဟာရချို့တဲ့နေသော ဤကလေးများကို ကောင်းကောင်းမွန်မွန် ကျွေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ပုံမှန်အားဖြင့် လျိုကွမ်၏ ပိုက်ဆံများကို ဖိနပ်ဟောင်းထဲတွင် ဖြစ်သလို ထည့်ထားလေ့ရှိသည်။ ဤတစ်ခေါက် အပြင်မထွက်မီ ထိုပိုက်ဆံများကို သေချာစွာ ဆေးကြောလာခဲ့သေး၏။
ထင်သည့်အတိုင်းပင် ထမင်းစားချိန်တွင် ချောင်ထိုးနှင့် အခြားသူများက အသားများကို ညှပ်ကာ အားရပါးရ ကိုက်စားနေကြပြီး တိုက်ရိုက် လက်ဖြင့်ပင် ယူစားနေကြသည်။ လျိုကွမ်က အသီးအရွက်ဟင်းများနှင့် အရသာရှိပုံရသော ဟင်းလျာများကို ချန်နော့၏ အနီးတွင် ချထားပေး၏။
ချန်နော့က ထိုဟင်းလျာများကို မြည်းစမ်းကြည့်ပြီး အရသာရှိသည်များကို လျိုကွမ်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ရာ ပန်းကန်တစ်ခုလုံး ပြည့်လျှံသွားတော့သည်။ လျိုကွမ်က ပန်းကန်ကို ကြည့်ကာ အတန်ကြာ ငေးမောနေပြီး မျက်နှာမှာ တဖြည်းဖြည်း ပူထူလာခဲ့၏။
ချောင်ထိုးနှင့် အခြားကလေးသုံးယောက်မှာ ရက်ပေါင်းများစွာ ထမင်းမစားခဲ့ရသကဲ့သို့ အငမ်းမရ စားသောက်နေကြသည်။ ချန်နော့မှာ ကြည့်ရင်း သနားလည်း သနား၊ ရယ်လည်းရယ်ချင်လာသဖြင့် ၎င်းတို့အား အသီးအရွက်ဟင်းအချို့ ထည့်ပေးကာ ပြောလိုက်၏။
” အသားချည်းပဲ စားတာ သိပ်မကောင်းဘူး… မင်းတို့ အသီးအရွက်လေးတွေလည်း နည်းနည်း စားကြဦး…”
လျိုကွမ်မှာ ချက်ချင်း ဒေါသထွက်လာပြီး အနီးဆုံးတွင်ရှိသော ကျင်းယွီ၏ ခေါင်းကို တူချောင်းဖြင့် ခေါက်ကာ ပြောလိုက်သည်။
” ယီးပဲ! ဖြည်းဖြည်းစားစမ်း! ငါ့ဟင်းတွေ အကုန်ကုန်တော့မယ်!…”
လျိုကွမ်က ပုံမှန်အားဖြင့် ချန်နော့ရှေ့တွင် စကားပြော ဆင်ခြင်သော်လည်း အခုတော့ ကလေးအသံလေးဖြင့် ဆဲရေးတိုင်းထွာနေသဖြင့် ချန်နော့မှာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။
ချန်နော့က သူ၏ နောက်စေ့ကို တစ်ချက်ရိုက်လိုက်သည်။
” ရမ်းသန်းပြီး မဆဲစမ်းနဲ့…”
လျိုကွမ်က သူ့ကို ဒေါသတကြီးဖြင့် မျက်စောင်းထိုးကာ ခေါင်းငုံ့၍ ထမင်းစစားတော့၏။
ဤကလေးများ၏ အစားစားနိုင်စွမ်းမှာ အလွန်အံ့မခန်းပင် ဖြစ်သည်။ ဟင်းပွဲဆယ်ပွဲကျော်ကို နောက်ဆုံးတွင် ပြောင်သလင်းခါသွားအောင် စားပစ်လိုက်ကြပြီးနောက် တစ်ယောက်ချင်းစီ၏ ဗိုက်များမှာ လုံးဝန်းနေတော့သည်။ ရက်ပေါင်းများစွာ ဤမျှ ကောင်းမွန်သော အစားအစာများကို မစားခဲ့ရသဖြင့် ချန်နော့လည်း မနေနိုင်ဘဲ ပိုစားလိုက်မိ၏။
သူတို့သည် လေချဉ်တက်ကာ စားသောက်ဆိုင်မှ ထွက်လာလိုက်ကြသည်။ လူအနည်းငယ်မှာ အရောင်းအဝယ်လုပ်သော နေရာသို့ တိုက်ရိုက် သွားရောက်ကြသည်။ ယခုအချိန်မှာ နံနက် ၇ နာရီမှ ၉ နာရီအတွင်း ဖြစ်ပြီး ဈေးအတွင်း လူများ တဖြည်းဖြည်း များလာပြီ ဖြစ်၏။
လျိုကွမ်တို့က ဝါးခြင်းတောင်းများကို ချထားလိုက်သည်နှင့် တစ်ပြိုင်နက် သားရေများနှင့် ဆေးဖက်ဝင်အပင်များကို လာရောက်ကြည့်ရှုသူများ ရှိလာခဲ့သည်။
လျိုကွမ်မှာ အကြိမ်များစွာ လာဖူးပြီဖြစ်သဖြင့် ဤပစ္စည်းများ၏ ပေါက်ဈေးကို ရှင်းလင်းစွာ သိထား၏။ ချန်နော့လည်း ဈေးရောင်းရန် လေ့လာခဲ့သဖြင့် ဝါးခြင်းတောင်းထဲရှိ ပစ္စည်းအချို့ကို မကြာမီမှာပင် ရောင်းချနိုင်ခဲ့၏။
ချန်ချွန်းတို့မှာလည်း အနီးတွင် ကပ်လျက်ရှိနေပြီး သူတို့၏ ဝါးခြင်းတောင်းများထဲရှိ ပစ္စည်းများကို လူများက ရွေးချယ်ကြည့်ရှုကြကာ နောက်ဆုံးတွင် အချို့ကို ရောင်းချနိုင်ခဲ့ကြသည်။ မွန်းတည့်ချိန်သို့ ရောက်သောအခါ ပစ္စည်းများ တစ်ဝက်ကျော်ခန့် ရောင်းချပြီးသွားခဲ့ပြီ ဖြစ်သည်။
ချန်နော့က ဈေးရောင်းရသည်မှာ အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိ၏။ တက္ကသိုလ်တက်စဉ်က အရောင်းမြှင့်တင်ရေး တစ်ကြိမ် လုပ်ဖူးသော်လည်း ပါးစပ်ဖွင့်ရန် ရှက်နေခဲ့သည်။ ယခုမူ အလွန်သဘာဝကျစွာ ရောင်းချနေပြီး ဈေးဆစ်ရာတွင် အလွန်သွက်လက်နေသဖြင့် လျိုကွမ်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
ရောင်းရငွေများကို လျိုကွမ်က ချန်နော့ကို သဘောထားကြီးစွာ သိမ်းဆည်းခိုင်းလိုက်၏။ သူက လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ကာ စိတ်မရှည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
” ခဏနေ မင်း ဝယ်ချင်တာရှိရင် ကြည့်ပြီး ဝယ်လိုက်… ဒီလောက်ဝေးတဲ့နေရာကို တစ်ခါလာဖို့ဆိုတာ မလွယ်ဘူး…”
ကောအဘိုးအို၏ ပိုက်ဆံများကို သူ၏ ဇနီးလေးက သိမ်းဆည်းထားသကဲ့သို့ သူလည်း အတုခိုးလိုက်ခြင်း ဖြစ်၏။
ချန်နော့မှာ ကြောင်အသွားပြီးနောက် ပြုံးဖြီးဖြီးဖြင့် ကိုယ်တိုင်ချုပ်ထားသော အိတ်လေးထဲတွင် သေချာစွာ သိမ်းဆည်းလိုက်သည်။
” အိုကေ… ခဏနေရင် အနီးအနားမှာ ဘာတွေ ရောင်းလဲဆိုတာ လိုက်ကြည့်ကြတာပေါ့…”
ဤကမ္ဘာ၏ ငွေကြေးကို အဆင့်နိမ့် စွမ်းအင်ဒင်္ဂါး၊ အဆင့် (၂) စွမ်းအင်ဒင်္ဂါး၊ အဆင့် (၃) စွမ်းအင်ဒင်္ဂါးဟူ၍ ခွဲခြားထားသည်။ အဆင့် (၂) စွမ်းအင်ဒင်္ဂါး တစ်ပြားကို အဆင့်နိမ့် စွမ်းအင်ဒင်္ဂါး တစ်ရာနှင့် လဲလှယ်နိုင်ပြီး အဆင့် (၃) စွမ်းအင်ဒင်္ဂါး တစ်ပြားကို အဆင့် (၂) စွမ်းအင်ဒင်္ဂါး တစ်ရာနှင့် လဲလှယ်နိုင်၏။
ခေါက်ဆွဲတစ်ပွဲ၏ ဈေးနှုန်းမှာ အဆင့်နိမ့် စွမ်းအင်ဒင်္ဂါး သုံးပြားခန့်ရှိပြီး ချီကောင်၏ သားရေတစ်ချပ်ကိုမူ အဆင့်နိမ့်စွမ်းအင်ဒင်္ဂါး ဆယ်ပြားမှ နှစ်ဆယ်ပြားအထိ ရောင်းချနိုင်သည်။
လျိုကွမ်က ဤကာလအတွင်း ငါးချပ် စုဆောင်းထားပြီး အားလုံးရောင်းပြီးပါက စွမ်းအင်ဒင်္ဂါး ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် လဲလှယ်နိုင်မည်ဖြစ်သည်။ ကောအဘိုးအိုက သူ့ကို ကိုယ်စားရောင်းချခိုင်းသော ဆေးဖက်ဝင်အပင်များကလည်း ဒင်္ဂါးပြား တစ်ရာခန့် လဲလှယ်နိုင်မည် ဖြစ်၏။ ယခု ရောင်းရငွေများအားလုံး ချန်နော့ထံတွင် ရှိနေပြီး အိတ်ငယ်လေးက အမှန်တကယ်ပင် လေးလံသော အိတ်ငယ်လေးတစ်လုံး ဖြစ်လာနေသည်။
လူနှစ်ဦး စကားပြောနေစဉ် ရင်းနှီးနေသော ကျောပိုးဝါးခြင်းတောင်းနှင့် လူရိပ်တစ်ခုက အဝေးမှ တဖြည်းဖြည်း ပေါ်လာသဖြင့် ချန်နော့မှာ လုံးဝ အံ့အားသင့်သွားခဲ့၏။
ပိုင်ရွေ့လည်း ဤမြို့ငယ်လေးသို့ ရောက်လာခဲ့သည်ပါ့လား!
သို့သော် ၎င်းတို့နှင့် မတူသည်မှာ ပိုင်ရွေ့မှာ တစ်ယောက်တည်း ဖြစ်သည်။ သူက ဝါးခြင်းတောင်းကို လွယ်ကာ လမ်းပေါ်တွင် ဖြည်းညင်းစွာ လျှောက်လာသည်။ အဝတ်အစားများဖာထေးထားသော ကလေးတစ်ယောက်မျှသာ ဖြစ်သော်လည်း အေးစက်ကာ မာနကြီးသော ခံစားချက်ကို ပေးစွမ်းနေဆဲပင် ဖြစ်၏။
လျိုကွမ်က မြင်သောအခါ အထင်သေးစွာဖြင့် နှုတ်ခမ်းတွန့်လိုက်သည်။ သူက သေချာပေါက် ပိုင်ရွေ့ကို အဖက်လုပ်မည် မဟုတ်ချေ။
ချန်ချွန်းက ရုတ်တရက် ဗိုက်ကို ကိုင်ကာ ပြေးလာပြီး ပြောလိုက်၏။
” ကွမ်ကော… ကျွန်တော် ဗိုက်နာနေလို့… အိမ်သာ သွားလိုက်ဦးမယ်…”
” ဒါများ လာပြောနေသေးတယ်!…”
လျိုကွမ်က သူ့ကို မျက်စောင်းထိုးလိုက်သည်။
” အိမ်သာသွားတဲ့လမ်း မသိလို့လား?…”
ချန်ချွန်းက တစ်ချက်ပြုံးကာ အမြန်ပြေးထွက်သွား၏။
ပိုင်ရွေ့က ဟိုဟိုဒီဒီ မကြည့်ဘဲ လျှောက်လာခဲ့သည်။ လူနည်းသော ထောင့်တစ်နေရာသို့ ရောက်သောအခါ ရပ်တန့်လိုက်ပြီး ဝါးခြင်းတောင်းကို ချွတ်ကာ ခြေရင်းတွင် ချထားလိုက်၏။ ချန်နော့က သိချင်စိတ်ဖြင့် အဝေးမှနေ၍ တစ်ချက်ကြည့်လိုက်ရာ ပိုင်ရွေ့၏ ဝါးခြင်းတောင်းထဲတွင်လည်း ဆေးဖက်ဝင်အပင် အချို့ကို ထည့်ထားပုံရသည်။
ကြည့်ရသည်မှာ ပိုင်ရွေ့လည်း အသက်မွေးဝမ်းကျောင်းပြုရန် လိုအပ်ပုံရ၏။ ပိုင်ရွေ့၏ တောက်ပနေသော ဖိနပ်များနှင့် သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို ကြည့်ကာ ထိုချီသားရဲများကို အရေခွံခွာရာတွင် လက်ညစ်ပတ်မည်ကို ရွံရှာသောကြောင့် ထိုအတိုင်း ပစ်ထားခဲ့ခြင်းဖြစ်မည်ဟု ချန်နော့ သံသယဝင်မိသည်။
ပိုင်ရွေ့က ထောင့်တွင် ဓားတစ်လက်ကဲ့သို့ မတ်မတ်ရပ်နေပြီး တစ်ခါတစ်ရံ တစ်စုံတစ်ယောက်က ဈေးလာမေးလျှင်လည်း အေးစက်စက် ဈေးနှုန်းတစ်ခုကိုသာ ပြောပြကာ အခြားသူများ ဈေးဆစ်သောအခါတွင်လည်း လုံးဝ ဂရုမစိုက်ချေ။ ထို့ကြောင့် ထိုဝါးခြင်းတောင်းထဲရှိ ပစ္စည်းများမှာ အခြေခံအားဖြင့် မရောင်းရသေးသဖြင့် ချန်နော့မှာ ကြည့်ရင်း စိတ်ပူလာခဲ့သည်။
မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း ပထမဆုံးအကြိမ်တွေ့ဆုံချိန်က ပိုင်ရွေ့ကြောင့် လန့်သွားခဲ့သော်လည်း ဤကလေးကို သူ အထူးပင် သဘောကျမိ၏။
လျိုကွမ် အိမ်သာသွားချိန်တွင် ချန်နော့မှာ အမှန်တကယ်ပင် သည်းမခံနိုင်တော့သဖြင့် တည့်မတ်စွာ လျှောက်သွားကာ ပိုင်ရွေ့ကို ကြည့်ရင်း ပြောလိုက်သည်။
” မင်း ဒီလို ဈေးရောင်းလို့ ဘယ်ဖြစ်မလဲ…”
ချန်နော့က ခေါင်းငုံ့၍ ထိုဆေးဖက်ဝင်အပင်များ ပါသော ဝါးခြင်းတောင်းကို ကြည့်လိုက်ရာ အမှန်တကယ်ပင် သပ်သပ်ရပ်ရပ် စီထားသည်ကို တွေ့လိုက်ရ၏။ သူ မသိသော်လည်း ထိုဆေးဖက်ဝင်အပင်များမှာ အလွန်လတ်ဆတ်ပြီး အမြစ်များလည်း ကြီးမားသဖြင့် ကောင်းမွန်သော ပစ္စည်းများဖြစ်ကြောင်း သိသာနေသည်။
ပိုင်ရွေ့က သူ၏ စကားကို ကြားသော်လည်း မျက်နှာအမူအရာ မပြောင်းလဲဘဲ အေးစက်စက် တစ်ချက်ကြည့်ကာ စကားအနည်းငယ်သာ ပြောလိုက်၏။
” အလုပ်ရှုပ်တယ်…”
သူ၏ အရပ်မှာ ချန်နော့ထက် ခေါင်းတစ်ဝက်ခန့် ပုသော်လည်း သြဇာအာဏာတွင်မူ ချန်နော့ထက် တစ်မိုက်ခန့် မြင့်မားနေသကဲ့သို့ ရှိ၏။ထို့အပြင် လှပသော ရွှေရောင်မျက်လုံးများထဲရှိ အထင်သေး ရွံရှာမှုများက ထင်ရှားစွာ ပေါ်လွင်နေသည်။
” …”
ချန်နော့၏ နဖူးပေါ်ရှိ သွေးကြောများ လှုပ်ရှားသွား၏။
ဒီကလေးဆိုးတွေက တစ်ယောက်ထက်တစ်ယောက် ပိုပြီး စိတ်အိုက်စရာ ကောင်းတာပဲ!
ထိုအချိန်တွင် လူတစ်ယောက် ဈေးလာမေးသဖြင့် ချန်နော့လည်း ပိုင်ရွေ့ကို အဖက်မလုပ်တော့ဘဲ လျိုကွမ် ယခင်က ပြောခဲ့သော ဈေးနှုန်းများကို ပြန်လည်အမှတ်ရကာ ပိုင်ရှင်အဟန်ဖြင့် ထိုသူနှင့် ဈေးဆစ်လိုက်ရာ မကြာမီမှာပင် အဆင့်နိမ့် စွမ်းအင်ဒင်္ဂါး ငါးပြား ရရှိသွားခဲ့၏။
ဝယ်သူ ထွက်သွားပြီးနောက် ချန်နော့က ပိုက်ဆံကို ကမ်းပေးကာ ပြုံးလျက် ပြောလိုက်သည်။
” ရော့… မင်းပိုက်ဆံ…”
သူ ပြုံးလိုက်သောအခါ သွားစွယ်လေးများ ပေါ်လာသဖြင့် အလွန်ချစ်စရာကောင်းသည်။ ဒါ့အပြင် ယခု လူငယ်တစ်ယောက်၏ မျက်နှာကိုပါ ပိုင်ဆိုင်ထားသဖြင့် ပို၍ပင် ရင်းနှီးဖွယ်ကောင်းကာ ချစ်စရာကောင်းနေ၏။
သို့သော် ပိုင်ရွေ့က သူ့အား အေးစက်စက် တစ်ချက်သာ ကြည့်လိုက်ပြီး ခြေရင်းကို လက်ညှိုးထိုးပြလိုက်သည်။ ချန်နော့က အောက်တွင် မိုးမခကိုင်းများဖြင့် ရက်လုပ်ထားသော ခြင်းတောင်းငယ်လေးတစ်ခု ထားရှိသည်ကို ထိုအခါမှ သတိပြုမိသွားပြီး ထိုပိုက်ဆံများကို ၎င်းထဲသို့ တိုက်ရိုက်ထည့်ခိုင်းခြင်းလားဟု တွေးလိုက်၏။
ဒီကလေးပိုင်ရွေ့က တခြားလူတွေနဲ့ ထိတွေ့ရတာကို မကြိုက်ဘူး ထင်တယ်…
ချန်နော့က ဂရုမစိုက်စွာဖြင့် ပိုက်ဆံများကို ၎င်းထဲသို့ ထည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
” မင်း ဒီလိုလေး ရောင်းရမှာပေါ့…”
ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် သူက နောက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။
” မင်း ဒီလို ခြင်းတောင်းငယ်လေး ချထားရင် သူတောင်းစားလို့ အထင်လွဲခံရနိုင်တယ်နော်…”
ပိုင်ရွေ့၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပုံရပြီး ချန်နော့၏ စိတ်အခြေအနေမှာတော့ ချက်ချင်း အလွန်ကောင်းမွန်သွားခဲ့၏။
ဟက်… ကလေးဆိုး… ကြီးကျယ်ချင်ယောင်ဆောင်နေရင် မိုးကြိုးပစ်ခံရမယ်မှတ်…
Chapter 9 ended