Chapter 27
—–
ကော်ကျင်းယွီက အချိန်တော်လောက်ပြီဟု ယူဆကာ အိမ်သို့စောစောပြန်ရန် ရည်ရွယ်လိုက်၏။
ဒီဆယ်ရက်အတွင်း အော်ဒါအနည်းအများ ရှိခဲ့ပြီး စုစုပေါင်း ယွမ်ငါးသောင်းဝန်းကျင်လောက် မြတ်ခဲ့ကာ ဂူယွီက သူ့ကို တစ်ဝက်ပေးမည်ဟု အတင်းလုပ်နေ၏။
“ဒီထဲမှာ အနည်းဆုံး တစ်ဝက်က မင်းရှာပေးထားတဲ့ အော်ဒါတွေချည်းပဲ… ကျင်းယွီ… မင်းဆီက ငါ အချောင်မနှိုက်နိုင်ဘူး”
ကော်ကျင်းယွီက အထဲမှ ယွမ်တစ်သောင်းခွဲကိုသာ ထုတ်ယူလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
“အစ်ကို… အရင်က ကျွန်တော်တို့ ဘယ်လိုပြောထားလဲ… အဲ့ဒီအတိုင်းပဲ လုပ်မယ်… ဒါက ဆယ်ရက်စာပဲ ရှိသေးတာလေ… နောက်ထပ် နှစ်လကျန်သေးတယ်ဆိုတာ မမေ့နဲ့ဦး… ကျွန်တော်က ဘာခွန်အားမှ မစိုက်ထုတ်ဘဲ အချောင်ထိုင်စားမယ့်သူနော်!”
ထိုအခါမှသာ ဂူယွီက လက်ခံသွားပြီး ခေါင်းညိတ် သဘောတူလိုက်လေ၏။
ကော်ကျင်းယွီက အဘွားအိုကို နှုတ်ဆက်ပြီးနောက် ဦးလေးဂူ၏ ဆိုင်သို့ သွား၍ အသိပေးလိုက်ရာ ဦးလေးဂူက သူ့အတွက် အားကစားဝတ်စုံ တစ်စုံ ဝယ်ပေးသဖြင့် ကော်ကျင်းယွီက ပြုံးဖြီးဖြီးဖြင့် ယူလိုက်၏။
“ဦးလေးကြီး… မနှစ်က ပေးထားတာတွေတောင် ရှိသေးတယ်!”
ဂူပင်းရှုက ပြောလာ၏။
“ယူသွားလိုက်ပါကွာ… မင်းက အရပ်ထွက်တာ မြန်တယ်လေ… ဒီအရွယ်က အဝတ်အစား အကုန်ဆုံး အရွယ်ပဲ”
ကော်ကျင်းယွီက အင်း ဟု အသံပြုလိုက်ပြီး ထပ်ပြောလိုက်သည်။
“ဟုတ်… ဦးလေးကြီး… ကျွန်တော် ဖုန်းတစ်လုံးလောက် ဝယ်ချင်လို့… နည်းနည်းလောက် စျေးလျှော့ပေးပါလား!”
ဂူပင်းရှုက မျက်မှောင်ကျုံ့ကာ မေးလာ၏။
“ဖုန်းဝယ်မလို့?… မင်းမှာ ဘယ်က ပိုက်ဆံရလို့လဲ!”
ဘေးနားရှိ ဂူယွီမှာ လန့်သွားသဖြင့် မျက်နှာပင် ဖြူရော်သွားကာ မတ်တပ်ရပ်လျက် အသံပင် မထွက်ရဲတော့ချေ။ ကော်ကျင်းယွီကတော့ လက်ခါပြရင်း ပြောလိုက်၏။
“ကျွန်တော့်မှာ ဘယ်က ပိုက်ဆံရှိမှာလဲ… အဖေ့ရဲ့ ဖွက်ထားတဲ့ ပိုက်ဆံတွေလေ… အကြာကြီး စုထားပြီး အမေ့ကို လက်ဆောင်ပေးဖို့ ဖုန်းတစ်လုံး တိတ်တိတ်လေး ဝယ်ခိုင်းလိုက်တာ… သူ့မွေးနေ့လည်း နီးနေပြီလေ… ဦးလေးကြီးလည်း အသိပဲ… ကျွန်တော့်အမေက တော်တော်ကပ်စေးနှဲတာ… ကျွန်တော့်ကို စားစရာ သုံးစရာ ဝယ်ပေးရင်တော့ လက်ဖွာပေမယ့် ကိုယ့်ဖုန်းကျတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းကဟာကိုပဲ သုံးနေတာ… မှန်တောင် ကွဲနေပြီကို”
ဂူပင်းရှု၏ မျက်နှာထားက ချက်ချင်း ဖြေလျော့သွားပြီး ခေါင်းညိတ် ချီးကျူးလိုက်၏။
“မင်းအဖေက အပြင်ပန်းကြည့်ရင်တော့ အသံတိတ်နေပေမယ့် လူကိုတော့ ဂရုစိုက်တတ်သားပဲ… စောင့်နေ… ငါ မော်ဒယ်အသစ်တစ်လုံး ရွေးပေးမယ်… မင်း သူတို့ဆီ ပြန်ယူသွားလိုက်”
ဂူပင်းရှုက လက်ရှိ အခေတ်စားဆုံးဖြစ်နေသည့် နိုကီယာ (Nokia) ဖုန်းတစ်လုံးကို ယူပေးလိုက်၏။
မျက်နှာပြင်အရောင်ပါသည့် မော်ဒယ်သစ်ဖြစ်ပြီး ဓာတ်ပုံရိုက်၍ရကာ မှန်ကလည်း အရင်ကထက် အနည်းငယ် ပိုကြီးလေသည်။ သို့သော် ဈေးကလည်း ကြီးကာ ယွမ် တစ်ထောင့်သုံးရာ ပေးရ၏။
ကော်ကျင်းယွီ ပိုက်ဆံရှင်းချိန်တွင် ဦးလေးဂူက ခပ်တိုးတိုး ထပ်မေးလေသည်။
“မင်းအဖေ လျှို့ဝှက်ပိုက်ဆံတွေ ဖွက်ထားတာ ကျန်သေးလား”
ကော်ကျင်းယွီက ခေါင်းခါပြလိုက်၏။
“မရှိတော့ဘူး… ဒါအကုန်ပဲ”
ထိုအခါမှသာ ဦးလေးဂူက စိတ်ကျေနပ်သွားကာ ပိုက်ဆံကို သိမ်းလိုက်ပြီး ဖုန်းအသစ်တစ်လုံးကို သူ့ထံ ပစ်ပေးလိုက်၏။
“တစ်ထောင်ကျော်တောင် မလိုပါဘူး… ငါ့ကို ခုနစ်ရာပေးရင် ရပြီ”
သူက ပိုက်ဆံအမ်းမပေးတော့ဘဲ ဘေးနားရှိ ဒီဇိုင်းတူ ဖုန်းနောက်တစ်လုံးကို ယူကာ ကော်ကျင်းယွီအား ပေးလိုက်ပြန်၏။
“မင်းအဖေ့အတွက်ပါ သုံးဖို့ နောက်တစ်လုံး ယူသွားလိုက်ဦး”
ကော်ကျင်းယွီက ထိုစေတနာကို လက်ခံလိုက်၏။
“ကျေးဇူးပါ ဦးလေးကြီး!”
ဦးလေးဂူက သတိပေးလိုက်သည်။
“မင်းအမေအတွက် သေချာလေး စောင့်ကြည့်ပေးဦးနော်”
ကော်ကျင်းယွီမှာ သဘောကျလွန်းသဖြင့် ခေါင်းညိတ် သဘောတူလိုက်တော့၏။
ဦးလေးဂူက သူ့ကို ကားဂိတ်အထိ လိုက်ပို့ပေးကာ လက်မှတ်ဝယ်ပေးပြီး မုန့်အချို့ပါ ဝယ်ပေးလိုက်သေး၏။ သူ့ကို ကလေးတစ်ယောက်လို သဘောထားကာ ချစ်ခင်ယုယနေလေသည်။
“အိမ်ရောက်ရင် ဖုန်းတစ်ချက်ဆက်… နောက်ပြီး ဒီအိတ်ထဲမှာ ငါ မုန့်ဖိုးနည်းနည်း ထည့်ပေးလိုက်တယ်… မုန့်ဝယ်စားဖို့ သုံးလိုက်… လျှောက်မသုံးနဲ့… ဂိမ်းဆိုင်လည်း မသွားနဲ့… ကြားလား”
ကော်ကျင်းယွီက ဦးလေးကြီးကို တစ်ချက်ဖက်လိုက်ပြီး အနောက်ရှိ အစ်ကိုဖြစ်သူကိုလည်း တစ်ချက်ဖက်လိုက်၏။
ဦးလေးဂူက အဝေးပြေးကား ထွက်ခါနီးအထိ စောင့်နေပြီးမှ အောက်ဆင်းသွားကာ ကားမှန်ပြတင်းမှတစ်ဆင့် လက်ပြနှုတ်ဆက်ရင်း လမ်းခရီး ဂရုစိုက်ရန် သတိပေးနေလေ၏။
ကားထွက်သွားချိန်တွင် ကော်ကျင်းယွီက ထိုလူရိပ်နှစ်ခု ရပ်နေဆဲဖြစ်သည်ကို မြင်နေရသေးရာ ရင်ထဲတွင် နွေးထွေးသွားရတော့၏။
ကော်ကျင်းယွီ ညဘက် အိမ်ပြန်ရောက်သည်နှင့် ကော်အမေ၏ ဖမ်းဆီးကာ စာလုပ်ခိုင်းခြင်းကို ခံရပြန်၏။
ဤတစ်ကြိမ်တွင် အိမ်တိုင်ရာရောက် ကျူရှင်ဆရာတစ်ယောက်ပါ ငှားထားသဖြင့် မျှော်လင့်မထားဘဲ အလစ်အငိုက် အတိုက်ခိုက်ခံလိုက်ရကာ အိမ်ရောက်ရောက်ချင်း မေးခွန်းလွှာများကို အချိန်အတော်ကြာအောင် ထိုင်ဖြေနေရတော့သည်။
ထို့အပြင် အလွန်တိုက်ဆိုင်စွာပင် ထိုကျူရှင်ဆရာက အရင်တုန်းက ကော်ကျင်းယွီကို စာလာပြပေးခဲ့ဖူးသည့် တက္ကသိုလ်ကျောင်းသားပင် ဖြစ်နေ၏။
သူ၏ သင်ပြပုံက သိပ်မဆိုးလှသော်လည်း လူက အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်ကာ ကော်ကျင်းယွီထက်ပင် မေးခွန်းလွှာကို ပို၍ ဂရုတစိုက် စိုက်ကြည့်နေလေ၏။
ကျူရှင်ဆရာ ပြန်သွားပြီးနောက်မှသာ ကော်ကျင်းယွီက ဆန္ဒပြလေတော့၏။
“အမေ… လီထုန်ကျိုးကို စာပြခိုင်းမယ်လို့ သဘောတူထားပြီးပြီ မဟုတ်ဘူးလား!”
ကော်အမေက ရင်ကျိုးပိုက်ကာ ပြော၏။
“နင့်အမှတ်တွေက ဒီလောက်ဆိုးနေတာကို… သူ့အချိန်တွေကို သွားနှောင့်ယှက်နေရတာ အားမနာဘူးလား!”
ကော်ကျင်းယွီက ညည်းတွား၏။
“…အဲ့ဒါဆိုလည်း ကျွန်တော့်ကို ကြိုပြီး တိုင်ပင်သင့်တာပေါ့… ကျွန်တော့်မှာ ဘာမှ ကြိုတင်ပြင်ဆင်ထားတာ မရှိဘူး”
ကော်အမေက ဆို၏။
“နင်က ကျောင်းသားတစ်ယောက်ပဲဟာကို ဘာတွေ ပြင်ဆင်နေရမှာလဲ… စာလုပ်ဖို့က နင့်ရဲ့ တာဝန်ပဲ!”
ကော်အမေ ပြောလိုက်သည့်စကားများက အလွန်ပင် ဖြောင့်မတ်မှန်ကန်နေသဖြင့် ကော်ကျင်းယွီမှာ တစ်ခဏမျှ ပြန်မပြောနိုင်တော့ချေ။
သို့သော် ဤတစ်ကြိမ်တွင် သူက အနည်းငယ် ပူးပေါင်းဆောင်ရွက်ခဲ့ရာ တိုးတက်မှုလေးများ ရှိလာခဲ့၏။
တစ်ချိန်တည်းမှာပင် မိဘများနှင့်လည်း ညှိနှိုင်းထားလိုက်သည်။ တနင်္လာမှ သောကြာအထိ ကျူရှင်ဆရာနှင့် စာသင်ပြီး စနေတနင်္ဂနွေတွင် နေ့တစ်ဝက်လောက် အချိန်ပေးကာ လီထုန်ကျိုးထံ သွားရောက် စာသင်မည်ဟု သဘောတူညီချက် ရယူလိုက်၏။
ကော်အမေက မတတ်သာဘဲ ခွင့်ပြုလိုက်သည်။
“နင်သွားရင် သူ့ကို အရမ်းကြီး သွားမနှောင့်ယှက်နဲ့နော်… အထက်တန်းဆိုတာ အရေးအကြီးဆုံး အချိန်တွေလေ… သိပ်မကောင်းဘူး”
ကော်ကျင်းယွီက ဖြေ၏။
“သိပါတယ်”
မီးဖိုချောင်ထဲမှ ဟင်းရနံ့များ ထွက်ပေါ်လာရာ ကော်ကျင်းယွီ၏ ဗိုက်က ဂွီခနဲ မြည်သွားတော့၏။ သူက ခြေဖျားထောက်၍ မီးဖိုချောင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
“မွှေးလိုက်တာ… အဖေ ဝက်နံရိုး ချက်နေပြန်ပြီလား”
ကော်အမေက သူ့နဖူးကို တစ်ချက်ထိုးလိုက်ပြီး ရယ်လျက် ပြော၏။
“နင့်နှာခေါင်းက ခွေးပေါက်လေးထက်တောင် ပိုအနံ့ခံကောင်းနေသေးတယ်… ဝက်နံရိုးချက်ထားတာ ဟုတ်တယ်… သွား လက်မြန်မြန်ဆေး… ခဏနေ ထမင်းစားမယ်!”
ကော်ကျင်းယွီက အင်း ဟု အသံပြုလိုက်ပြီး မိခင်ဖြစ်သူ အပြင်ထွက်သွားချိန်ကို အခွင့်ကောင်းယူကာ လွယ်အိတ်ထဲမှ ဖုန်းကို ထုတ်၍ အင်္ကျီအောက်တွင် ဝှက်ပြီး မီးဖိုချောင်ထဲသို့ သယ်သွားလိုက်၏။
ထို့နောက် မှန်တံခါးကို ဆွဲပိတ်လိုက်ပြီး ဖခင်ဖြစ်သူနှင့် တတွတ်တွတ် ပြောနေတော့သည်။
ကော်အဖေမှာ အိမ်တွင် နေရင်းဖြင့် ဖုန်းအသစ်နှစ်လုံးနှင့် ပေါက်ခံရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့သဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား၏။
“ကျင်းယွီ… ဒါက တော်တော် စျေးကြီးမှာနော်… မင်းဦးလေးကြီးက ဘယ်လိုလုပ်ပြီး ဒါတွေကို ယူလာခိုင်းရတာလဲ… ဒါတော့ မဖြစ်ဘူးလေ… မင်းအမေ့မွေးနေ့အတွက်ဆိုရင်တောင် မရဘူး… တန်ဖိုးကြီးလွန်းတယ်”
ကော်ကျင်းယွီက သူ့နားနားကပ်ကာ အသံကို နှိမ့်၍ ပြောလိုက်၏။
“ဦးလေးကြီး လျှို့ဝှက်စုထားတဲ့ ပိုက်ဆံတွေနဲ့ ဝယ်လိုက်တာ… အဖေ ဘာသံမှ မထွက်နဲ့နော်”
တစ်ပုံစံတည်း တူညီလှသော ဆင်ခြေပေးမှုက လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးအပေါ်တွင် တူညီသော အံ့ဖွယ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့လေ၏။
ကော်အဖေ၏ မျက်နှာပေါ်ရှိ အမူအရာက အံ့ဩနေရာမှ ချက်ချင်းပင် နားလည်သွားသည့် အသွင်သို့ ပြောင်းသွားပြီး ဖုန်းနှစ်လုံးကို ကြည့်ကာ ပြောသည်။
“အဖေ သိပြီ… မင်းသာ စိတ်ချ… ဘယ်သူ့ကိုမှ အဖေ မပြောဘူး”
ညစာ စားချိန်ရောက်သောအခါ ထမင်းစားပွဲပေါ်တွင် ဝက်နံရိုးပေါင်းနှင့် ထမင်းများအပြင် အသစ်စက်စက် နိုကီယာ ဖုန်းနှစ်လုံးပါ တင်ထားလေ၏။
ကော်အမေမှာ မွေးနေ့လက်ဆောင်ကို ကြိုတင်ရရှိလိုက်သဖြင့် အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွား၏။
မိန်းမသားများတွင် လှပသော အရာများကို မကြိုက်သူ မည်မျှရှိမည်နည်း။ အထူးသဖြင့် မော်ဒယ်သစ် ဖုန်းလေးက သေးသေးကျစ်ကျစ်လေးနှင့် ဘေးဘောင်တွင် အနီရောင်လိုင်းလေးတစ်ခု ပါရှိသဖြင့် အလွန်ပင် လှပနေလေသည်။
ညဘက် ဦးလေးဂူက ကော်ကျင်းယွီ အိမ်သို့ ဘေးကင်းစွာ ရောက်မရောက် လှမ်း၍ ဖုန်းဆက်မေးလာချိန်တွင် ကော်အမေက ကိုင်လိုက်ပြီးနောက် ပြုံးလျက် ပြောလေ၏။
“အစ်ကိုကြီး… ကျွန်မ မွေးနေ့လေးတစ်ခုကို… အစ်ကိုကြီးက ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဘာလို့ ဝယ်ပေးရတာလဲ!”
ဖုန်းဟိုဘက်တွင် တစ်ခဏမျှ တိတ်ဆိတ်သွား၏။
ကော်အမေက ချက်ချင်း သံသယဝင်သွားကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ… အစ်ကိုကြီး ဝယ်ပေးတာ မဟုတ်ဘူးလား”
ဦးလေးဂူက ဖြေလိုက်၏။
“ဟားဟားဟား… ငါပါ… ငါပါ… ဟိုတစ်နေ့က ယောက်ဖက ပြောပြလို့လေ… နင့်ဖုန်းက မှန်ကွဲနေတာတောင် ဆက်သုံးနေရလို့… သူက စိတ်မကောင်းဖြစ်နေတာ… အဲ့ဒါ သူပါ နည်းနည်း စိုက်ထားတာ… စိတ်ချပါ… ဆေးလိပ်ဖိုးလေး နည်းနည်းပါ… သူက ဘယ်က လျှို့ဝှက်ပိုက်ဆံတွေ ဖွက်ထားရဲမှာလဲ”
ကော်အမေက ပြောလိုက်၏။
“ဒါပေါ့… ငါ့ဘာသာ ကြွားတာတော့ မဟုတ်ဘူး… အစ်ကိုကော်က ဒီလောက်နှစ်တွေ အကြာကြီးအတွင်းမှာ ငါ့ကွယ်ရာ လျှို့ဝှက်ပိုက်ဆံ တစ်ပြားမှတောင် ဖွက်မထားဖူးဘူး!”
ဦးလေးဂူက ပြောလာသည်။
“…ညီမလေး… နောက်ကျ နင့်မရီး မေးလာရင်… ငါဝယ်ပေးတယ်လို့ လုံးဝ မပြောနဲ့နော်…”
====
စာရေးသူ၏ စကားလက်ဆောင် :
ဖုန်းအသစ်၏ ကျေးဇူးတော် အခန်းဆက် :
ဦးလေးဂူ : ဒီယောက်ဖက မဆိုးဘူးပဲ…
ကော်အဖေ : ငါ့အစ်ကိုကြီးက တကယ် သဘောကောင်းတာပဲ!
ကော်ကျင်းယွီ : ပိုက်ဆံရှာပြီး ပစ္စည်းဝယ်ရတာ ရှယ်မိုက်တာပဲ… ဘယ်သူပေးပေး ဂရုစိုက်စရာလား… လက်ဆောင်ပေးလိုက်ရလို့ ပျော်နေရင်ကို ပြီးတာပဲ ဟားဟားဟား!
Chapter 27 ended