Chapter 10
လူယုတ်မာ
====
” အစ်ကိုကြီးက အရင်တုန်းက ငါ့ကို ခြံဝင်းကြီးတစ်ခု လက်ဆောင်ပေးဖူးတယ်… ငါလည်း အဲ့ဒီကို သိပ်မသွားဖြစ်ဘူး… အိမ်တော်ထိန်းကိုပဲ အမြဲတမ်း စီမံခိုင်းထားတာ… အဲ့ဒီနေရာက မြို့ပြင်မှာဆိုတော့ လူသိပ်မရှိဘူး… သူတို့ကို အဲ့ဒီကို ပို့ပေးလိုက်ရင် ရနိုင်တယ်…”
ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိပြောသောနေရာမှာ အလွန် သင့်တော်သည်ဟု ထင်လိုက်သည်။ ယခုအချိန်တွင် ဤမိန်းကလေးများမှာ တိတ်ဆိတ်ပြီး အနှောင့်အယှက်ကင်းသော နေရာတစ်ခုတွင် နေထိုင်ကာ သူတို့၏ စိတ်ဒဏ်ရာများကို သက်သာလာစေရန် ကုစားဖို့ လိုအပ်ပေသည်။
ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့က ထိုမိန်းကလေးများကို ကာကွယ်ပေးကာ အပြင်သို့ ထွက်လာခဲ့ကြသည်။ သို့သော် သံတံခါးရှေ့သို့ ရောက်သည်နှင့်တစ်ပြိုင်နက် လူသတ်ချင်နေသော မျက်ဝန်းများနှင့်အတူ ဓားများ ကိုင်ဆောင်ကာ လျှောက်လာကြသော လူတစ်စုကို မြင်တွေ့လိုက်ရ၏။
ရှောင်ကျင့်ယိက ဓားကိုကိုင်ကာ ရှေ့သို့ တက်သွားခဲ့ပြီး ရှန်းရှစ်ရွှီကလည်း ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ထိုမိန်းကလေးများ၏ ရှေ့တွင် ကာကွယ်ရပ်တည်ရင်း ရှောင်ကျင့်ယိအား စိုးရိမ်တကြီးဖြင့် ကြည့်နေခဲ့သည်။
ရှောင်ကျင့်ယိ၏ ဓားရေးမှာ ရေစီးကြောင်းကဲ့သို့ ချောမွေ့နေပြီး အပိုအလှအပများ မပါဝင်ချေ။ သူ၏ ဓားချက်တိုင်းမှာ ရိုးရှင်းသော်လည်း သူ ဓားကို ဝှေ့ယမ်းလိုက်တိုင်း တစ်ဖက်လူမှာ အမြဲတမ်း တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားရ၏။
သို့သော် ရှောင်ကျင့်ယိ မည်မျှပင် တော်နေပါစေ၊ လူအင်အား များပြားလာခြင်းကိုမူ မခံနိုင်တော့ချေ။ အနောက်တွင်လည်း ကာကွယ်ပေးရမည့် လူတစ်အုပ် ရှိနေသေးသဖြင့် တဖြည်းဖြည်းနှင့် သူခိုးနှစ်ယောက် သုံးယောက်ခန့်က ရှောင်ကျင့်ယိကို ကျော်ဖြတ်ကာ ရှန်းရှစ်ရွှီ၏ ရှေ့သို့ ရောက်ရှိလာကြသည်။
ရှန်းရှစ်ရွှီ၏ အနောက်ရှိ မိန်းကလေးများမှာ ၎င်းတို့အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာသော ဓားကိုင်လူမိုက်များကို ကြည့်ပြီး အော်ဟစ်လိုက်ကြသည်။ စနစ် 011 သည်လည်း ရှန်းရှစ်ရွှီအတွက် အလွန် စိုးရိမ်နေမိ၏။
ရှောင်ကျင့်ယိသည်လည်း အလွန် စိုးရိမ်နေသည်။ ရှန်းရှစ်ရွှီက မိမိကိုယ်မိမိ အားနည်းသော စာသင်သားလေး မဟုတ်ကြောင်း အာမခံထားသော်လည်း သူကမူ စိတ်မချနိုင်သေးချေ။
စနစ် 011 မှာ တစ်ကိုယ်လုံး ကျုံ့ဝင်နေပြီး ထိုမိန်းကလေးများနှင့်အတူ ကြောက်လန့်တကြား အော်ဟစ်ပစ်ချင်နေသော်လည်း ရှန်းရှစ်ရွှီ၏ အာရုံကို နှောင့်ယှက်မိမည်ကို စိုးရိမ်သဖြင့် ဓားကိုင်ကာ ပြေးဝင်လာသော ထိုလူနှစ်ယောက်ကိုသာ သတိထား စောင့်ကြည့်ပေးနေရ၏။
【 အစ်ကို… သတိထား… သူတို့ ပြေးလာပြီ… အစ်ကို့နောက်က အစ်မတွေကို ခေါ်ပြီး ပြန်လှည့်ပြေးပုန်းနေရင် ကောင်းမလား… သံတံခါးကြီးကို ပိတ်လိုက်ရင် သူတို့ ဝင်လာလို့ မရလောက်တော့ဘူးလေ… 】
ရှန်းရှစ်ရွှီမှာ စနစ် 011 နှင့် စကားပြောရန်ပင် အချိန်မရလိုက်ချေ။ ဓားကိုင်ထားသောသူက ရှန်းရှစ်ရွှီ၏ လည်ပင်းဆီသို့ ခုတ်ချလာခဲ့သည်။
ရှန်းရှစ်ရွှီက ဓားဖြင့် တစ်ချက် ကာကွယ်လိုက်သည်။ အခြားတစ်ယောက်က သူ၏ ကျောဘက်သို့ ဓားဖြင့် ခုတ်ရန် ပြင်လိုက်ချိန်တွင် နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ ထိုလူ၏ ရင်ဘတ်ကို အားကုန် ကန်ချလိုက်၏။
ထိုလူ လွင့်ထွက်သွားချိန်တွင် ကန်လိုက်သည့် အရှိန်ကို အသုံးချ၍ ရှေ့သို့ အားကုန် တွန်းဖိလိုက်သည်။ သူနှင့် ဓားချင်းယှဉ်နေသော လူမှာ ရှန်းရှစ်ရွှီ၏ ခွန်အားများ ရုတ်တရက် မြင့်တက်လာမည်ကို ထင်မှတ်မထားခဲ့သဖြင့် မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ကျသွားလေသည်။
ရှန်းရှစ်ရွှီက ထိုလူကို ပြန်လည် တုံ့ပြန်ရန် အချိန်မပေးတော့ဘဲ မတ်တတ်ရပ်ရန် ပြင်လိုက်ချိန်တွင် ချက်ချင်းပင် ထိုလူ၏ လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်ရာ သွေးများ ပန်းထွက်လာခဲ့၏။
ရှန်းရှစ်ရွှီ၏ ကိုယ်ပေါ်နှင့် မျက်နှာပေါ်တွင် သွေးများ စင်သွားသော်လည်း သူသည် ဂရုမစိုက်အားဘဲ ဓားကိုကိုင်ကာ ခုနက သူ ကန်ထုတ်လိုက်သော လူဆီသို့ ဆက်သွားခဲ့သည်။
ထိုလူက ရှန်းရှစ်ရွှီကို ကိုင်တွယ်ရန် မလွယ်ကူကြောင်း မြင်လိုက်ရသဖြင့် အားနည်းသူကို အနိုင်ကျင့်လိုသော စိတ်ဖြင့် ထိုမိန်းကလေးများဆီသို့ လှည့်သွားခဲ့၏။ သူက ဓားကိုကိုင်ကာ အနီးသို့ ချဉ်းကပ်သွားချိန်တွင် ရုတ်တရက် ရင်ဘတ်ကို ဓားဖြင့် အပေါက်ဖောက်ခံလိုက်ရလေသည်။
ရှောင်ကျင့်ယိမှာ တိုက်ခိုက်နေစဉ်အတွင်း ရှန်းရှစ်ရွှီအား အမြဲတမ်း ဂရုစိုက်ကြည့်ရှုနေခဲ့ပြီး သူ ကောင်းစွာ ကိုင်တွယ်နိုင်ကြောင်း မြင်လိုက်ရသောအခါမှသာ ဆက်၍ စိတ်မပူတော့ချေ။ သူ့ဘက်တွင် လက်စသတ်ပြီးသွားချိန်၌ ရှန်းရှစ်ရွှီသည်လည်း ထိုလူနှစ်ယောက်ကို ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။
ရှောင်ကျင့်ယိက သွေးများ ကျနေသော ဓားကို ကိုင်ကာ လျှောက်လာခဲ့ပြီး ရှန်းရှစ်ရွှီအား လေးစားအားကျသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
” အရင်က မင်းကို အမှုစစ်တဲ့နေရာမှာ တော်တယ်လို့ပဲ ထင်ခဲ့တာ… သိုင်းပညာကလည်း မညံ့ဘူးပဲ… စာပေမှာလည်း ထူးချွန်သေးတယ်… မင်းဒီလောက် အရည်အချင်းရှိနေတော့ အမတ်ဘယ်နှစ်ယောက်ကများ မင်းကို သူတို့ရဲ့ သမက်အဖြစ် လိုချင်နေကြမလဲ မသိဘူး…”
ရှောင်ကျင့်ယိက ရှန်းရှစ်ရွှီအား ချီးကျူးရန် ရည်ရွယ်ခဲ့သော်လည်း ပြောရင်းပြောရင်းဖြင့် သူကိုယ်တိုင်ပင် အနည်းငယ် စိတ်မကြည်မသာ ဖြစ်လာခဲ့သည်။ အနာဂတ်တွင် ရှန်းရှစ်ရွှီက မိန်းကလေး တစ်ဦးဦးနှင့် သာယာပျော်ရွှင်စွာ နေထိုင်သွားမည့်အကြောင်းကို တွေးမိလိုက်ချိန်တွင် သူ၏ ရင်ထဲတွင် တစ်ခုခု အဆင်မပြေသလို ခံစားလိုက်ရ၏။
” ကျွန်တော် အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး… ပြီးတော့ ကျွန်တော်က တကယ် ချစ်ရတဲ့သူကိုပဲ ရှာချင်တာ… လူကြီးမိဘတွေ စီစဉ်ပေးတာနဲ့ပဲ ကိုယ်မသိတဲ့လူ တစ်ယောက်ကို လက်မထပ်နိုင်ပါဘူး…”
ရှောင်ကျင့်ယိမှာ ဤစကားကို ကြားလိုက်ရချိန်တွင် အလွန် ဝမ်းသာသွားပြီး နှုတ်ခမ်းထောင့်များရှိ အပြုံးကိုပင် မထိန်းချုပ်နိုင်တော့ချေ။
” ဒါတွေ မပြောတော့ပါဘူး… ကျွန်တော်တို့ အမြန်ဆုံး အပေါ်တက်ကြရအောင်… ဒီအောက်က လေက အရမ်းနံတာပဲ… ပြီးတော့ ကျွန်တော့်ကိုယ်ပေါ်မှာလည်း သွေးတွေ အများကြီး ပေနေပြီ… သေချာ သန့်ရှင်းရေး လုပ်မှ ရမယ်…”
ရှန်းရှစ်ရွှီက ကိုယ်ပေါ်ရှိ သွေးများကို ငုံ့ကြည့်ကာ ရွံရှာနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
ရှောင်ကျင့်ယိနှင့် ရှန်းရှစ်ရွှီတို့က ထိုမိန်းကလေးများကို ခေါ်ဆောင်ကာ မြေအောက်နန်းတော်မှ ထွက်လာခဲ့ကြသည်။ ထိုမိန်းကလေးများမှာ နေ့ခင်းဘက် နေရောင်ခြည်ကို မမြင်တွေ့ရသည်မှာ အလွန်ကြာပြီဖြစ်သဖြင့် ယခု အပြင်ရောက်သည်နှင့် နေရောင်အောက်တွင် မလှုပ်မယှက် ရပ်နေကြပြီး မျက်လုံးများကို မှိတ်ကာ နေရောင်ခြည်နှင့် လေပြေလေညင်းကို ခံစားနေကြ၏။
ရှောင်ကျင့်ယိက ကိုယ်ပေါ်တွင် အမြဲဆောင်ထားသော အချက်ပြမီးကို ထုတ်လွှတ်လိုက်ပြီးနောက် ရေကန်ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သန့်ရှင်းသော လက်ကိုင်ပုဝါဖြင့် မျက်နှာပေါ်ရှိ သွေးများကို ဆေးကြောနေသော ရှန်းရှစ်ရွှီအား သွားကြည့်လိုက်သည်။
သွေးများ ပေကျံနေသော အပြင်ဝတ်ရုံကို ရှန်းရှစ်ရွှီက ချွတ်ထားလိုက်ပြီ ဖြစ်၏။ ယခုအချိန်တွင် ရာသီဥတုက သိပ်မအေး၍ တော်သေးသည်။ သို့မဟုတ်ပါက အအေးမိဖျားနာသွားမည်မှာ သေချာပေသည်။
မဲ့ယွီက မကြာမီတွင် လူများခေါ်ကာ ရောက်ရှိလာခဲ့သည်။ ရှောင်ကျင့်ယိက သူ့အား မြေအောက်နန်းတော်ထဲရှိ အသက်ရှင်နေသေးသော လူများကို အရင်ထုတ်ယူကာ တရားလွှတ်တော်ချုပ်၏ အကျဉ်းထောင်ထဲသို့ ပို့ဆောင်ရန် အမိန့်ပေးလိုက်၏။ ထို့နောက် သဘောကောင်းပုံရသော လူအချို့ကို စီစဉ်ကာ မိန်းကလေးများအား သူ၏ မြို့ပြင်ရှိ ခြံဝင်းကြီးသို့ အရင် ပို့ဆောင်ပေးရန် ထပ်မံ အမိန့်ပေးလိုက်သည်။
မဲ့ယွီမှာ ယနေ့တစ်ရက်တည်းတွင် သုံးခေါက်တိတိ ပြေးလွှားနေရပြီ ဖြစ်၏။ သူ၏သိုင်းပညာ မည်မျှပင် မြင့်မားနေပါစေမူ အခုတွင် အလွန် ပင်ပန်းနေပြီဖြစ်သဖြင့် အလုပ်ကို တကယ်ကြီး ပစ်ချသွားချင်စိတ်များ ပေါ်လာမိသည်။
ရှောင်ကျင့်ယိက သူ၏ ပင်ပန်းမှုနှင့် မကျေနပ်မှုကို မြင်သွား၍လား မသိသော်လည်း သူ မထွက်သွားခင်တွင် စကားတစ်ခွန်း ပြောလာ၏။
” ငါ ခိုင်းထားတဲ့ ကိစ္စတွေကို ပြီးအောင် လုပ်လိုက်… မနက်ဖြန် မင်း တစ်ရက်နားလို့ရတယ်… ပြီးတော့ ဒီလအတွက် လစာကို နှစ်ဆ ပေးမယ်…”
ဤသည်ကို ကြားလိုက်ရချိန်တွင် မဲ့ယွီမှာ တစ်ကိုယ်လုံး ခွန်အားများ ပြန်လည် ပြည့်ဝလာသလို ခံစားလိုက်ရပြီး ဝမ်းသာအားရဖြင့် လူများကို ခေါ်ဆောင်သွားလေ၏။ ယခင်က ရှောင်ကျင့်ယိ ပထမဆုံး တွေ့ဖူးစဉ်က ရှိခဲ့သော အေးစက်စက်နှင့် မာနကြီးသည့် ပုံစံမျိုး လုံးဝ မရှိတော့ချေ။
ရှန်းရှစ်ရွှီက မျက်နှာပေါ်ရှိ သွေးကွက်များကို သန့်စင်ပြီးနောက် ခြံဝင်းထဲတွင် သူ့ကို စောင့်နေသော ရှောင်ကျင့်ယိအား ပြောလိုက်သည်။
” ကျွန်တော် ပြီးပြီ… မြန်မြန် ပြန်ကြရအောင်… စောစော စစ်ဆေးမေးမြန်းနိုင်လေ ရလဒ်တွေ စောစော ထွက်လာလေပဲ…”
လူနှစ်ဦးက တရားလွှတ်တော်ချုပ်သို့ ပြန်ရောက်လာချိန်တွင် မဲ့ယွီ ပို့ပေးလိုက်သော လူများက ဖြောင့်ချက်ပေးပြီးနေပြီ ဖြစ်သည်။ ရှန်းရှစ်ရွှီက လက်အောက်ငယ်သားများ တင်ပြလာသော ဖြောင့်ချက်ကို ကြည့်ပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့၏။
ရှောင်ကျင့်ယိ၏ မျက်နှာမှာလည်း အလွန် ဆိုးရွားနေသည်။ ထိုမြေအောက်နန်းတော်ကို မြင်ကတည်းက သူ သံသယရှိသော လူစာရင်းကို တွေးထားပြီး ဖြစ်၏။
အိမ်တစ်လုံးကို လူမသိသူမသိ အောက်ခြေမှ တူးဖောက်နိုင်သူမှာ သေချာပေါက် သာမန်လူ မဖြစ်နိုင်ဘဲ နန်းတွင်းမှ အမတ်တစ်ဦးဦးနှင့် ပတ်သက်နေမည်မှာ သေချာပေသည်။ သို့သော် ထိုသူက သူဖြစ်နေလိမ့်မည်ဟုမူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
” ဖြောင့်ချက်ကို ငါ ခမည်းတော်ဆီ ယူသွားပြလိုက်မယ်… ကျန်တဲ့ ကိစ္စတွေကို ငါ့ဆီ လွှဲထားလိုက်…”
နောက်ဆုံး နောက်ကွယ်က တရားခံကို ရှန်းရှစ်ရွှီ ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူသဖြင့် ရှောင်ကျင့်ယိက ဧကရာဇ်ဝူအန်းထံမှ ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းခွင့် တောင်းခံရန် ဆုံးဖြတ်လိုက်၏။
ရှန်းရှစ်ရွှီမှာ သူက မိမိအတွက် ကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နားလည်သည်။ ထိုလူကို မိမိက ပြဿနာသွားရှာ၍ မရနိုင်သဖြင့် ပြဿနာရှာရဲသောသူကိုသာ ဖမ်းခိုင်းလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
” ဟုတ်ကဲ့… နားလည်ပါပြီ… ဒါဆိုရင် ကျွန်တော် အရင် ပြန်တော့မယ်နော်…”
ရှန်းရှစ်ရွှီက အမှုပြီးသွားပြီဖြစ်သဖြင့် အိမ်ပြန်ကာ အဝတ်အစား သွားလဲရန် စဉ်းစားလိုက်၏။ ယခုအချိန်တွင် သူ့ကိုယ်ပေါ်၌ အဖြူရောင် အတွင်းခံအင်္ကျီ တစ်ထည်သာ ရှိနေသည်။
သူ၏လှည့်ထွက်သွားသော ကျောပြင်ကို ကြည့်ကာ ရှောင်ကျင့်ယိက ထပ်ပြောလိုက်၏။
” မင်းကို ဂုဏ်ပြုဖို့ မေ့နေတာ… တစ်ရက်တည်းနဲ့ ဒီလောက်ကြီးတဲ့ အမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး တရားလွှတ်တော်ချုပ် လက်ထောက်အမတ် နေရာမှာ အခိုင်အမာ ရပ်တည်နိုင်သွားပြီပဲ… ပြီးတော့ မနက်ဖြန် မနက် ညီလာခံ တက်ဖို့ မမေ့နဲ့ဦးနော်… လက်ထောက်အမတ်မင်းရှန်း!”
ရှောင်ကျင့်ယိက မိမိအား ခေါ်လိုက်သော နာမည်ကို ကြားလိုက်ရသဖြင့် ရှန်းရှစ်ရွှီက နောက်သို့ လှည့်ကာ နွေရာသီ ပန်းတစ်ပွင့်ကဲ့သို့ တောက်ပစွာ ပြုံးပြလိုက်သည်။
ရှန်းရှစ်ရွှီ ထွက်သွားပြီးနောက် ရှောင်ကျင့်ယိက ဖြောင့်ချက်ကို ယူကာ မြင်းစီး၍ နန်းတော်ထဲသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။ ဧကရာဇ်ဝူအန်းက ဖြောင့်ချက်ကို ဖတ်ပြီးနောက် နဖူးမှ သွေးကြောများပင် ထောင်တက်လာကာ ဒေါသတကြီးဖြင့် စားပွဲကို အားကုန် ရိုက်ချပြီး အော်ဟစ်ဆဲဆိုလိုက်၏။
” လူယုတ်မာကောင်! သူ ဒီလို ကိစ္စမျိုးကို လုပ်ရဲတယ်ပေါ့… အရင်က မင်းရဲ့ အဒေါ်နဲ့ ဦးလေး မျက်နှာကို ထောက်ပြီး ကိစ္စတော်တော်များများကို ပေါ့ပေါ့တန်တန်ပဲ ထားပေးခဲ့တာ… အဲဒါက သူ့ရဲ့ သတ္တိကို ပိုအားပေးသလို ဖြစ်သွားပြီး ပိုဆိုးလာလိမ့်မယ်လို့ မထင်ခဲ့ဘူး…”
” ကျင့်ယိ… မင်းကိုယ်တိုင် သွား… သွားပြီး အဲ့
ဒီလူယုတ်မာကောင်ကို ဖမ်းခဲ့… မင်းရဲ့ ဝမ်းကွဲညီဆိုပြီး ငဲ့ညှာနေစရာ မလိုဘူး…”
Chapter 10 ended