⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 9

ရှာတွေ့သွားခြင်း 

Chapter 9

ရှာတွေ့သွားခြင်း

 

===

 

 

လျှို့ဝှက်လမ်း၏ အဆုံးသတ်မှာ မြေအောက်နန်းတော်ငယ်လေး တစ်ခုဖြစ်နေပြီး တံခါးဝတွင် အစောင့်နှစ်ယောက် ရှိနေသဖြင့် အတွင်းဘက်ရှိ အခြေအနေကို ချက်ချင်း မမြင်နိုင်သေးချေ။

 

ရှန်းရှစ်ရွှီက သူ့ဘေးတွင် မျက်နှာပျက်နေသော ရှောင်ကျင့်ယိအား မေးလိုက်သည်။

 

” မင်းသား… ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ… ဒီနှစ်ယောက်ကို မေ့အောင် ရိုက်ပြီး အထဲဝင်ကြည့်မလား… ဒါမှမဟုတ် အရင်ပြန်သွားပြီး လူတွေ ထပ်ခေါ်လာမလား…”

 

ရှောင်ကျင့်ယိက လက်ထဲရှိ မီးခြစ်ဆံကို ရှန်းရှစ်ရွှီထံသို့ ထိုးပေးလိုက်ပြီး သတိပေးလိုက်၏။

 

” မင်း ပုန်းနေဖို့ နေရာတစ်ခု ရှာလိုက်… ဒါမှမဟုတ် အခုပဲ အပြင်ကို ထွက်သွားတော့… ဒီမြေအောက်နန်းတော်မှာ ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်… အမြဲတမ်း စောင့်ကြည့်ဖို့ လူတွေတောင် ထားထားသေးတယ်ဆိုတော့!”

 

ရှောင်ကျင့်ယိမှာ နောက်ကွယ်က လူက သူတို့တော်ဝင်မိသားစုရဲ့မျက်နှာကို ဖြန်းခနဲ ရိုက်ချလိုက်သည်ဟု ခံစားနေရသည်။ ဤမျှ ကြီးမားကျယ်ဝန်းသော မြို့တော်၊ ဧကရာဇ်၏ ခြေတော်ရင်းတွင် ဤကဲ့သို့သော မြေအောက်နန်းတော်ကြီး တစ်ခုကို လူမသိသူမသိ တည်ဆောက်ထားရဲသည်အထိပင်။

 

သူတို့က ဒီနေ့ ဒီမှာ မြေအောက်နန်းတော်ကြီးတစ်ခု တည်ဆောက်နိုင်တယ်ဆိုရင်၊ မနက်ဖြန်ကျရင် နန်းတော်ကိုပါ တူးဖောက်ဝင်ရောက်နိုင်ပြီ မဟုတ်ဘူးလား?

 

ရှောင်ကျင့်ယိမှာ သူ့ခေါင်းထဲမှ အကြောကြီးတစ်ခု တဆတ်ဆတ် ခုန်နေသည်ဟု ခံစားလိုက်ရသည်။ သူ ရဲရဲကြီး အာမခံရဲသည်မှာ ယနေ့ကိစ္စကိုသာ သူ၏ ခမည်းတော် သိသွားပါက မြို့တော်တစ်ခုလုံး သွေးချောင်းစီးသွားမည်မှာ သေချာပေသည်။

 

ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိ အလွန် တော်ကြောင်းကို သိထား၏။ လူငယ်စစ်နတ်ဘုရားဆိုသည့် နာမည်မှာ အလကားရလာခြင်း မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် အတွင်း၌ မည်သို့သော အခြေအနေ ရှိနေကြောင်းကို သေချာ မသိရသေးချေ။

 

တကယ်လို့ လူတွေ အရမ်းများနေတာ ဒါမှမဟုတ် ချောင်းမြောင်းတိုက်ခိုက်တဲ့လူတွေ ရှိနေရင် ရှောင်ကျင့်ယိ အန္တရာယ်ရှိသွားပြီ မဟုတ်ဘူးလား?

 

အလုပ်သဘောအရ ပြောရလျှင် သူက မင်းသားဖြစ်ပြီး မိမိက အမတ်ဖြစ်သည်။ ကိုယ်ရေးကိုယ်တာအရ ပြောရလျှင် သူက မိမိ၏ သူငယ်ချင်းသစ် ဖြစ်နေ၏။ မည်သို့ပင်ဖြစ်စေ သူတစ်ယောက်တည်း အန္တရာယ်ထဲသို့ ဝင်သွားမည်ကို လက်ပိုက်ကြည့်နေ၍ မဖြစ်ချေ။

 

” မင်းသား… ကျွန်တော်ပါ မင်းသားနဲ့ အတူတူ လိုက်ခဲ့မယ်…”

 

ရှန်းရှစ်ရွှီသည် ရှောင်ကျင့်ယိမှာ မျက်မှောင်ကြုတ်ကာ သဘောမတူသည့် ပုံစံ ပေါက်နေသည်ကို မြင်လိုက်ရသဖြင့် အတင်းအကြပ် ပြောလိုက်၏။

 

” မင်းသားက ကျွန်တော် အန္တရာယ်ဖြစ်သွားမှာ စိုးရိမ်နေတယ်ဆိုတာ သိပါတယ်… ဒါပေမဲ့ ကျွန်တော်က တရားလွှတ်တော်ချုပ်ရဲ့ လက်ထောက်အမတ်လေ… ဒီအမှုမှာ ကျွန်တော့်တာဝန်လည်း ပါဝင်နေတာပဲ… အန္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော်က နောက်ဆုတ်သွားလို့ မဖြစ်ဘူးလေ…”

 

” ပြီးတော့ ကျွန်တော်က အားနည်းတဲ့ စာသင်သားလေး မဟုတ်ဘူးဗျ… မင်းသားလောက် အစွမ်းမထက်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတော့ ရှိပါတယ်…”

 

ရှောင်ကျင့်ယိမှာ သူ ဤမျှ တင်းခံနေသည်ကို မြင်သောအခါ ဘာမှ ဆက်မပြောတော့ဘဲ နောက်တစ်ကြိမ် ထပ်မံသတိပေးလိုက်သည်။

 

” မင်း လိုက်မယ်ဆိုရင်လည်း လိုက်ခဲ့တော့… ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ သေချာ ဂရုစိုက်… အခြေအနေမဟန်ဘူးလို့ ထင်တာနဲ့ ချက်ချင်းပြေး… ငါ့ကို ဂရုစိုက်နေစရာ မလိုဘူး!”

 

ရှန်းရှစ်ရွှီက ခေါင်းညိတ်လိုက်ပြီး လက်ထဲရှိ မီးခြစ်ဆံကို ငြိမ်းသတ်ကာ သိမ်းဆည်းလိုက်ပြီးနောက် လက်တွေခြေတွေကို အကြောလျှော့လိုက်၏။

 

ရှောင်ကျင့်ယိက သူ အဆင်သင့်ဖြစ်နေပြီကို မြင်သောအခါ မြေပြင်ပေါ်မှ ကျောက်စရစ်ခဲ နှစ်လုံးကို ကောက်ယူကာ ပစ်ပေါက်လိုက်သည်။ ကျောက်စရစ်ခဲများက လွင့်ထွက်သွားပြီး ထိုအစောင့်နှစ်ယောက်၏ နဖူးတည့်တည့်သို့ ထိမှန်သွားကာ ချက်ချင်း သတိလစ်မေ့မြောသွားစေ၏။

 

ရှန်းရှစ်ရွှီမှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရှောင်ကျင့်ယိအား မနေနိုင်ဘဲ လက်မထောင်ပြလိုက်သည်။ ထို့နောက် သတိလစ်သွားသော ထိုအစောင့်နှစ်ယောက်ထံသို့ ပြေးသွားကာ သူတို့လက်ထဲရှိ ဓားများကို ဆွဲယူလိုက်၏။

 

မိမိအတွက် တစ်လက် ချန်ထားခဲ့ပြီး ကျန်တစ်လက်ကို ရှောင်ကျင့်ယိထံသို့ ကမ်းပေးလိုက်သည်။

 

လူနှစ်ဦးက မေ့မြောနေသော လူများကို ဘေးသို့ ဆွဲရွှေ့လိုက်သည်။ ရှန်းရှစ်ရွှီမှာ ဤလူနှစ်ယောက် သတိပြန်လည်လာမည်ကို စိုးရိမ်သဖြင့် ထောင့်တစ်နေရာမှ ကျောက်ခဲတစ်လုံးကို ကောက်ယူကာ သူတို့နှစ်ဦး၏ ခေါင်းကို ထပ်မံ ထုလိုက်ပြန်၏။

 

သူ၏ လက်ဆမှာ အလွန် ပြင်းထန်သဖြင့် သွေးများပင် ထွက်လာခဲ့သည်။ ရှန်းရှစ်ရွှီမှာ ဤလူနှစ်ဦးကို ထုရိုက်၍ ဒဏ်ရာရသွားစေခြင်းအပေါ် စိတ်ထဲတွင် မည်သည့် အပြစ်ရှိစိတ်မျှ မခံစားရချေ။

 

နေ့ခင်းကြောင်တောင်ကြီး မြေအောက်ထဲ ပုန်းနေပြီး လက်ထဲမှာလည်း ဓားကိုင်ထားတဲ့သူတွေက ဘယ်လိုလုပ် လူကောင်း ဖြစ်နိုင်မှာလဲ?

 

ဒါ့အပြင် သူက လူကို သေအောင် ထုသတ်လိုက်ခြင်းမှ မဟုတ်ဘဲ ဒဏ်ရာရရုံမျှသာ ထုလိုက်ခြင်း ဖြစ်သည်။

 

ရှောင်ကျင့်ယိမှာ ရှန်းရှစ်ရွှီက ကျောက်ခဲဖြင့် လူနှစ်ယောက်၏ ခေါင်းကို သွေးထွက်အောင် ထုလိုက်ပြီးနောက် တံခါးဝရှိ သံတံခါးကို ဖွင့်ရန် ဓားကိုပိုက်ကာ တက်ကြွစွာ ပြင်ဆင်နေသည်ကို ကြည့်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

 

သူက ရှေ့သို့ လျှောက်သွားကာ ရှန်းရှစ်ရွှီကို သူ၏ အနောက်သို့ ဆွဲရွှေ့လိုက်ပြီး သံတံခါးကို လက်ဖြင့် တွန်းဖွင့်လိုက်သည်။ ထို့နောက် ရှန်းရှစ်ရွှီ ပေးထားသော ဓားကို ဆွဲထုတ်ကာ ရှေ့မှနေ၍ ဝင်သွားလေ၏။

 

ရှန်းရှစ်ရွှီမှာ သူက မိမိကို ကာကွယ်ပေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နားလည်သဖြင့် သူ၏လုပ်ရပ်အတိုင်း ဓားကို ကြိုတင် ဆွဲထုတ်ထားလိုက်ပြီးနောက် သူ့အနောက်မှ ငြိမ်သက်စွာ လိုက်ပါသွားခဲ့သည်။

 

၎င်းတို့နှစ်ဦး အရှေ့သို့ အနည်းငယ် လျှောက်သွားပြီးနောက် အကွေ့တစ်ခု ပေါ်လာသည်။ ရှောင်ကျင့်ယိနှင့် ရှန်းရှစ်ရွှီတို့က ဆက်လျှောက်သွားကြရာ မကြာမီတွင် ချိုမြိန်သော အနံ့တစ်မျိုးကို ရလိုက်ကြ၏။

 

ရှန်းရှစ်ရွှီမှာ နှာချေချင်စိတ်ကို မထိန်းနိုင်ဖြစ်လာသော်လည်း ရန်သူများ သတိထားမိသွားမည်ကို စိုးရိမ်သဖြင့် နှာခေါင်းကို လက်ဖြင့် ပိတ်ထားလိုက်ရကာ နှာသံကြီးဖြင့် ရှောင်ကျင့်ယိအား ပြောလိုက်သည်။

 

” မင်းသား… ဒီနေရာက ချောင်ရင်း ပျောက်ဆုံးနေတဲ့ နှစ်နှစ်အတွင်းမှာ နေခဲ့ရတဲ့ နေရာဖြစ်ရမယ်… ဒီချိုအီနေတဲ့ အနံ့က မိန်းကလေးတွေ သုံးတဲ့ မိတ်ကပ်အနံ့ပဲ… ပြီးတော့ လတ်တလော ခေတ်အမီဆုံးဖြစ်တဲ့ နျဲ့နုကျောင်း ဆိုတဲ့ မိတ်ကပ်အနံ့…”

 

” အနံ့က ဒီလောက် ပြင်းနေတာဆိုတော့ မိန်းကလေးတွေ အများကြီးကို ပိတ်လှောင်ထားတာ ဖြစ်ရမယ်… သူတို့ကို စောင့်ကြည့်နေတဲ့လူ ရှိမရှိ ဆိုတာကိုပဲ မသိရသေးတာ…”

 

” အထဲက အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ၊ ငါတို့ သတိထားရမယ်… ခဏနေ ငါ အရင်ဝင်သွားမယ်… မင်းက အပြင်ကနေ စောင့်နေ… ငါ မင်းကို ခေါ်တဲ့အချိန်ကျမှ အထဲဝင်ခဲ့…”

 

ရှန်းရှစ်ရွှီက ခေါင်းညိတ်လိုက်ပြီး လက်ထဲရှိ ဓားကို တိတ်တဆိတ် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ရှောင်ကျင့်ယိက ဓားကို ကိုင်ဆောင်ကာ ဝင်သွားလေ၏။

 

အတွင်းဘက်မှ စူးရှသော အော်ဟစ်သံများ၊ ယောက်ျားတစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံများနှင့် လူကို ကန်ထုတ်လိုက်သော အသံများကို ရှန်းရှစ်ရွှီ ကြားနေရပြီးနောက် မိန်းကလေးများ၏ တရှုံ့ရှုံ့ ငိုကြွေးသံများ ထွက်ပေါ်လာခဲ့သည်။

 

” ဝင်လာခဲ့တော့… လောလောဆယ်တော့ ဘေးကင်းသွားပြီ!”

 

ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိ သူ့ကို ဝင်လာခိုင်းသည့် အသံကို ကြားလိုက်ရချိန်တွင် ဓားကိုကိုင်ကာ ပြေးဝင်သွားခဲ့သည်။ အတွင်းဘက်ရှိ အခြေအနေကို ရှင်းလင်းစွာ မြင်လိုက်ရပြီးနောက် လက်ထဲရှိ ဓားမှာ “ခလွမ်” ခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။

 

ထိုအတွင်း၌ ရှောင်ကျင့်ယိ၏ ကန်ထုတ်ခြင်းကို ခံလိုက်ရသော ယောက်ျားအချို့မှလွဲ၍ ကျန်သူများမှာ ငယ်ရွယ်လှပသော မိန်းကလေးများသာ ဖြစ်ကြသည်။ ၎င်းတို့မှာ ပါးလွှာသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး တစ်ယောက်ကိုတစ်ယောက် အားပြုမှီခိုထားကြကာ ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့အား ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့် ကြည့်နေကြ၏။

 

ထိုမိန်းကလေးများမှာ အသက်အလွန်ငယ်ရွယ်ကြပြီး အကြီးဆုံးမှာပင် ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးကာ အငယ်ဆုံးဆိုလျှင် ခုနစ်နှစ် ရှစ်နှစ်အရွယ်မျှသာ ရှိသေးပေသည်။

 

ရှန်းရှစ်ရွှီက သူတို့ကို ကြည့်ကာ လက်သီးများကို မနေနိုင်ဘဲ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ သူက စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ အတင်း ပြုံးပြလိုက်ပြီးနောက် သူတို့အား နူးညံ့သောအသံဖြင့် ဖြောင်းဖျလိုက်၏။

 

” မကြောက်ကြပါနဲ့… ငါတို့က လူဆိုးတွေ မဟုတ်ပါဘူး… မင်းတို့ကို ကယ်ဖို့ ရောက်လာတာပါ… ငါက အသစ်ခန့်အပ်ခံထားရတဲ့ တရားလွှတ်တော်ချုပ် လက်ထောက်အမတ် ရှန်းရှစ်ရွှီပါ… သူကတော့ ကျင်းဝမ်မင်းသား ရှောင်ကျင့်ယိပါ… ဒါဆိုရင် မင်းတို့ ငါတို့ကို ယုံကြည်လို့ ရပြီမလား…”

 

ထိုမိန်းကလေးများက သူတို့ကို ကြည့်နေကြသော်လည်း စကားမပြောကြချေ။ နောက်ဆုံးတွင် အသက်အကြီးဆုံး မိန်းကလေးက သတ္တိမွေးကာ ၎င်းတို့နှင့် စကားပြောလာခဲ့သည်။

 

” ရှင်တို့က တကယ်ကြီး ကျွန်မတို့ကို လာကယ်တာလား… ဟိုရွံစရာကောင်းတဲ့ လူတွေလို ကျွန်မတို့ကို လာအနိုင်ကျင့်တာ မဟုတ်ဘူးမလား…”

 

ရှန်းရှစ်ရွှီက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

 

” ဒါပေါ့… မင်းတို့ထဲမှာ ချောင်ရင်းဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတယ် မဟုတ်လား… သူ့အစ်ကိုက ကျင်းဝမ်မင်းသား လက်အောက်က စစ်သားတစ်ယောက်လေ… ငါတို့က သူ့ကို တွေ့ခဲ့လို့ သူချန်ထားခဲ့တဲ့ သဲလွန်စတွေနောက် လိုက်ရင်းနဲ့ ဒီနေရာကို ရောက်လာတာပါ…”

 

ရှန်းရှစ်ရွှီမှာ ဤမိန်းကလေးများက ၎င်းတို့အပေါ် သတိထားနေကြကြောင်း သိသဖြင့် သူတို့ ရင်းနှီးသော နာမည်တစ်ခုကို ပြောပြလိုက်ပါက ဤမျှ သတိထားနေတော့မည် မဟုတ်ဟု တွေးလိုက်ခြင်း ဖြစ်သည်။

 

မျှော်လင့်ထားသည့်အတိုင်းပင် ချောင်ရင်းဆိုသည့် နာမည်ကို ကြားလိုက်ရပြီးနောက် ထိုမိန်းကလေးများမှာ မျက်စိရှေ့တွင်ပင် စိတ်အေးသွားကြသည်ကို မြင်တွေ့လိုက်ရ၏။

 

အသက်ငယ်သော ကောင်မလေးများမှာ စကားကိုပင် မသိမ်းဆည်းနိုင်ကြတော့ဘဲ ဘေးရှိ အစ်မဖြစ်သူများကို ဖက်ကာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ကျလျက် ပြောကြသည်။

 

” အစ်မချောင်ရင်းက တကယ်ပဲ အပြင်ကို ထွက်သွားနိုင်ခဲ့တာပဲ… သူက တကယ်ပဲ ကျွန်မတို့ကို လာကယ်မယ့်လူ ရှာတွေ့ခဲ့တာပဲ…”

 

သူတို့ မျှော်လင့်ချက် ရောင်ခြည် သန်းသွားသည်ကို မြင်လိုက်ရသဖြင့် ရှန်းရှစ်ရွှီနှင့် ရှောင်ကျင့်ယိတို့မှာ ခေါင်းကိုက်လာရသည်။ အပြင်ရောက်လို့ ချောင်ရင်း မရှိတော့ဘူးဆိုတာ သူတို့ သိသွားရင် ဘယ်လိုလုပ်ရမလဲ?

 

သို့သော် ယခုအချိန်မှာ ဤအရာများကို တွေးတောနေရမည့် အချိန်မဟုတ်ချေ။ ရှန်းရှစ်ရွှီက ရှောင်ကျင့်ယိအား ပြောလိုက်သည်။

 

” မင်းသား… ဒီလူယုတ်မာတွေကို ဖမ်းပြီး စစ်ဆေးမေးမြန်းဖို့ လူတွေ စီစဉ်ပေးပါဦး… ပြီးတော့ ဒီမိန်းကလေးတွေကို ဘယ်မှာ နေရာချထားပေးရမလဲ ဆိုတာကိုလည်း စဉ်းစားရဦးမယ်…”

 

ရှောင်ကျင့်ယိက သူ့စကားကို ကြားပြီး ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားလိုက်၏။

 

” ငါ ခဏနေ မဲ့ယွီကို ခေါ်ပြီး ဒီကောင်တွေကို တရားလွှတ်တော်ချုပ်ရဲ့ အကျဉ်းထောင်ထဲ ပို့ခိုင်းလိုက်မယ်… အဲ့ဒီမှာ သူတို့ကို စစ်ဆေးမယ့်လူ ရှိတယ်… သူတို့အတွက်ကတော့…”

 

ရှောင်ကျင့်ယိက မျှော်လင့်ချက်များ ရှင်သန်နေသော ထိုမိန်းကလေးများအုပ်စုကို ကြည့်လိုက်သည်။ သူတို့ကို မည်သည့်နေရာတွင် နေရာချထားပေးရမည်ကို သူလည်း မသိချေ။

 

နောက်ဆုံးတွင် အိမ်ရှေ့စံ ရှောင်ယွမ်ချီက သူ့အား ခြံဝင်

းကြီးတစ်ခု လက်ဆောင်ပေးထားခဲ့ဖူးသည်ကို သတိရသွားပြီး ထိုနေရာဆိုလျှင် အဆင်ပြေနိုင်မည်ဟု တွေးလိုက်၏။

 

 

Chapter 9 ended

 

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset