Chapter 18
အခိုးခံရခြင်း၏ သရုပ်မှန်
====
” ဆရာရှာမလို့? ခင်ဗျားပြောတဲ့သူက ကျွန်တော်များ ဖြစ်နေတာလား? ”
ရှန်းရှစ်ရွှီက မယုံနိုင်စွာဖြင့် သူ့နှာခေါင်းသူ ပြန်ညွှန်ပြလိုက်သည်။ အံ့ဩလွန်း၍ မျက်လုံးများ ပြူးကျယ်နေသည်။ ၎င်းက ရှောင်ကျင့်ယိ၏ အမြင်တွင်တော့ လန့်သွားသော ယုန်လေးတစ်ကောင်နှင့် တူနေလေသည်။
မဟုတ်သေးဘူး၊ ရှန်းရှစ်ရွှီက ဒီလောက်ဉာဏ်ကောင်းတာဆိုတော့ လန့်သွားတဲ့ မြေခွေးလေးတစ်ကောင်နဲ့ ပိုတူတယ်။
အန်းကော်ကုန်းက သူ့စကားကို ကြားပြီးနောက် သဘာဝကျစွာပင် ခေါင်းညိတ်လိုက်သည်။
” သေချာပေါက် မင်းပေါ့… ဒီနေရာမှာ မင်းကလွဲရင် ဒီလောက်ကောင်းတဲ့ ပညာအရည်အချင်းရှိတဲ့သူ တခြားဘယ်သူရှိဦးမှာလဲ? ”
ရှန်းရှစ်ရွှီက လက်ကို အရိပ်ထွက်မတတ် ယမ်းပြလိုက်သည်။ အရမ်းလန့်သွားသဖြင့် သူ့မျက်နှာလေးပါ နီရဲလာပြီး
” မရပါဘူး၊ မရပါဘူး… ကျွန်တော်က ဘယ်လိုလုပ် သူများဆရာ သွားလုပ်လို့ရမှာလဲ… ကျွန်တော် စာသင်လာတာ ဘယ်နှစ်နှစ်ရှိသေးလို့ သူများဆရာ လုပ်ဖို့ အရည်အချင်း ရှိမှာလဲ… ကော်ကုန်းကြီး တခြားသူကိုပဲ သွားရှာပါတော့! ”
အန်းကော်ကုန်းက သူက တပည့်မလက်ခံချင်တာ မဟုတ်ဘဲ၊ သေချာ မသင်ပေးနိုင်မှာကို စိုးရိမ်နေမှန်း သိလိုက်သဖြင့် ဤသည်မှာ ပြဿနာမဟုတ်ဟု တွေးလိုက်သည်။
” လက်ထောက်အမတ်ရှန်း… ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့… မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွမ်းယွမ်ဖြစ်လာတာပဲ… ပညာအရည်အချင်းအပိုင်းမှာတော့ လုံးဝကို လုံလောက်နေပါပြီ။ ”
” စွမ်းဆောင်ရည်ကလည်း ပိုပြီး ထူးချွန်သေးတယ်… သုံးရက်အတွင်း အမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့တယ်ဆိုတာ အဘိုး ကြားပြီးပါပြီ။ ”
” လူ့ကျင့်ဝတ်ပိုင်းဆိုရင်လည်း ကျင်းဝမ်မင်းသားကတောင် မင်းနဲ့ သူငယ်ချင်းလုပ်ချင်နေမှတော့ အများကြီး ပြောနေစရာ မလိုတော့ပါဘူး… ငါ့မြေးလေးကို မင်းဆီ အပ်ထားရတာ အဘိုး စိတ်ချပါတယ်။ ”
ရှန်းရှစ်ရွှီသည် အန်းကော်ကုန်း၏ ယုံကြည်နေသော မျက်ဝန်းများကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားကာ လက်ကို ဘယ်နေရာထားရမှန်းပင် မသိတော့ချေ။
အန်းကော်ကုန်းက သူ၏ နေရခက်နေသော ပုံစံကို ကြည့်ပြီး သံယောဇဉ်ကြိုးကို ဆွဲကာ ထပ်မံ ပြောဆိုလိုက်သည်။
” ငါတို့အန်းကော်ကုန်းစံအိမ်မှာ အခုဆို ဒီမျိုးဆက်လေး တစ်ယောက်ပဲ ကျန်တော့တာ… အဘိုးက သူ့ကို ဘယ်လောက်ကြီးတဲ့ အရည်အချင်းတွေ ရှိလာရမယ်၊ အန်းကော်ကုန်းစံအိမ်ရဲ့ ဂုဏ်သတင်းကို ပြန်လည် မြှင့်တင်ပေးရမယ် ဆိုတာမျိုး မတောင်းဆိုပါဘူး… သူ့တစ်သက်လုံး ဘေးကင်းချောမွေ့ပြီး ပျော်ပျော်ရွှင်ရွှင် နေသွားရဖို့ပဲ ဆုတောင်းပါတယ်။ ”
” အရင်ကလည်း သူ့အတွက် ဆရာတွေ ပင့်ပေးခဲ့ဖူးပါတယ်… ဒါပေမဲ့ အဲ့ဒီဆရာတွေက အရမ်း ခေတ်ဟောင်းဆန်လွန်းတော့ သူ သင်ရတာ မပျော်ဘူးလေ… အဲ့ဒါနဲ့ အဘိုးလည်း ဆက်မသင်ခိုင်းတော့တာ။ ”
” အခု လက်ထောက်အမတ်ရှန်းကို လာအကူအညီတောင်းရတာကလည်း အဲ့ဒီအကြောင်းရင်း ပါပါတယ်… လက်ထောက်အမတ်ရှန်းက အသက်ငယ်တော့ ကလေးက ဆန့်ကျင်ချင်စိတ် ဖြစ်လာမှာ မဟုတ်ဘူး… ပြီးတော့ သူက မင်းကို အရမ်း လေးစားအားကျနေတာ။ ”
” မင်း သူ့ကို ကယ်ခဲ့တာမှန်း သိပြီးကတည်းက သူက နေ့တိုင်း မင်းဆီ လာကြည့်ချင်နေခဲ့တာ… ဒါပေမဲ့ သူ့အမေနဲ့ အဒေါ်က သူ့ကို အပြင်မထွက်ခိုင်းလို့သာ… မဟုတ်ရင် ဒီနေ့ သူပါ ငါနဲ့အတူ လိုက်လာမှာ။ ”
” လက်ထောက်အမတ်ရှန်းအနေနဲ့ ကလေးကို သေချာ မသင်ပေးနိုင်လို့ ငါက အပြစ်တင်မှာကို အရမ်းကြီး စိုးရိမ်ပူပန်နေစရာ မလိုပါဘူး… အဘိုးက သူ့ကို ဘေးကင်းပျော်ရွှင်ဖို့ပဲ မျှော်လင့်တာပါ… အရည်အချင်း ကြီးကြီးမားမား ရှိလာဖို့ မလိုအပ်ပါဘူး။ ”
ရှန်းရှစ်ရွှီသည် အန်းကော်ကုန်းစံအိမ်အကြောင်း သိထားသည်။ အန်းကော်ကုန်းစံအိမ်က မျိုးဆက်တစ်ဆက်လုံး သစ္စာရှိပြီး ရဲရင့်ကြသူများ ဖြစ်ကြသည်။ လွန်ခဲ့သော သုံးနှစ်က အန်းကော်ကုန်း၏ နောက်ဆုံးကျန်ရှိသော သားဖြစ်သူမှာလည်း စစ်မြေပြင်တွင် ကျဆုံးသွားခဲ့သည်။
ယခုအခါတွင် ကြီးမားလှသော အန်းကော်ကုန်းစံအိမ်ကြီး၌ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော အန်းကော်ကုန်း၊ မုဆိုးမဖြစ်နေသော ချွေးမနှစ်ယောက်နှင့် အသက် ဆယ်နှစ်ပင် မပြည့်သေးသော မြေးလေးတစ်ယောက်သာ ကျန်ရှိတော့သည်။
ဤအချက်ကို တွေးမိချိန်တွင် ရှန်းရှစ်ရွှီ၏ စိတ်ထဲ၌ ယိမ်းယိုင်သွားခဲ့သည်။ သူ သဘောတူရန် ပြင်လိုက်ချိန်မှာပင် သူထက်အရင် အသံထွက်လာသူမှာ 011 ဖြစ်၏။
【 အစ်ကို! ဒီမှာ အစ်ကို့ရဲ့ အနာဂတ်တပည့်လေး အခိုးခံရတဲ့ သရုပ်မှန် ရှိတယ်ဗျ… အစ်ကို့တပည့်လေးက သူဘာသာ အပြင်ထွက်ကစားရင်း လူကုန်ကူးသူတွေ ဖမ်းသွားတာ မဟုတ်ဘူး… တစ်ယောက်ယောက်က တမင်သက်သက် ရောင်းစားလိုက်တာ! 】
ဤခြံဝင်းငယ်လေးထဲတွင် ရှန်းရှစ်ရွှီ၏ စိတ်တွင်းအသံကို ကြားနိုင်သူ သုံးဦးသာ ရှိသည်။ ပထမတစ်ယောက်က ရှောင်ကျင့်ယိ၊ ဒုတိယက အန်းကော်ကုန်းနှင့် တတိယက ရှန်းဇယ်ရှီး ဖြစ်သည်။
ရှောင်ကျင့်ယိမှာ ယခင်ကတည်းက ကြားဖူးပြီးဖြစ်၍ မထူးဆန်းတော့ချေ။ အန်းကော်ကုန်းမှာလည်း သူ၏ သူငယ်ချင်းများထံမှ ဤကိစ္စကို ကြားဖူးထားသဖြင့် စကြားကြားချင်းတွင် အနည်းငယ် ကြောင်သွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ရှန်းဇယ်ရှီးတစ်ယောက်သာ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သဖြင့် အံ့သြလွန်း၍ တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ ဘာမှ ပြောမထွက်ကြောင်း တွေ့လိုက်ရ၏။
ဤသူစိမ်းအသံက ခေါ်နေသော ‘အစ်ကို’ မှာ မည်သူလဲဟု သူ စပ်စုချင်နေချိန်မှာပင် ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်။
【 ဟင်? ဘယ်လိုဖြစ်တာလဲ… ဒီနေ့ အခြေအနေအရ ကြည့်ရင် အန်းကော်ကုန်းက သူ့မြေးလေးကို အရမ်း ဂရုစိုက်တာပါ… သူ့မျက်စိအောက်မှာ ဘယ်လိုလုပ် ကလေးကို ရောင်းစားသွားနိုင်မှာလဲ? 】
011 က သက်ပြင်းချကာ ပြောလိုက်၏။
【 အန်းကော်ကုန်းက ဒီမြေးလေးကို အရမ်း တန်ဖိုးထားတာ မှန်တယ်… အပြင်သူခိုးကို ကာကွယ်ရ လွယ်ပေမဲ့ အိမ်တွင်းသူခိုးကိုတော့ ကာကွယ်ရ ခက်တယ်လေ! အစ်ကို့ရဲ့ အနာဂတ်တပည့်လေးကို ရောင်းစားတဲ့သူက တခြားသူ မဟုတ်ဘူး… အန်းကော်ကုန်း အယုံကြည်ရဆုံး တူပဲ! 】
【 အဲ့ဒီတူက အန်းကော်ကုန်းအစ်မရဲ့ သားလေ… အန်းကော်ကုန်းရဲ့ အစ်မက စောစောစီးစီး ဆုံးသွားတော့ ဒီကလေး တစ်ယောက်ပဲ ကျန်ခဲ့တာ… အန်းကော်ကုန်းနဲ့ သူ့အစ်မက ဆက်ဆံရေး အရမ်းကောင်းတော့ ကလေးကို သနားပြီး သူ့ဘေးနား ခေါ်ထားပြီး စောင့်ရှောက်ပေးခဲ့တာ။ 】
【 ဒီလို စောင့်ရှောက်လာတာ နှစ်နှစ်ဆယ်ကျော်တောင် ရှိပြီ… အစတုန်းကတော့ တော်တော်လေး အဆင်ပြေပြေ နေခဲ့ကြတာပါပဲ… အဲ့ဒီတူက အန်းကော်ကုန်းရဲ့ သားနှစ်ယောက်နဲ့လည်း ဆက်ဆံရေး ကောင်းတယ်… သူက သိုင်းပညာ သင်ဖို့လည်း ဝါသနာမပါ၊ စာပေ သင်ဖို့လည်း ပါရမီမပါပေမဲ့ သူ့အဖေဘက်က အနွယ်တွေလို ကုန်သွယ်ရေး လုပ်ငန်းလုပ်ရင်း အောင်မြင်မှု တချို့တော့ ရခဲ့တယ်။ 】
【 ပြဿနာက အန်းကော်ကုန်းရဲ့ သားနှစ်ယောက် စစ်မြေပြင်မှာ ကျဆုံးသွားပြီးတဲ့နောက်မှာ စတာပဲ… ကြီးမားလှတဲ့ ကော်ကုန်းစံအိမ်ကြီးမှာ အသက်အရွယ် ကြီးရင့်နေတဲ့ ကော်ကုန်းကြီးရယ်၊ မုဆိုးမ ချွေးမနှစ်ယောက်ရယ်၊ ကလေးတစ်ယောက်ရယ်ပဲ ကျန်တော့တာလေ။ 】
【 တဖြည်းဖြည်းနဲ့ အဲ့ဒီတူက လောဘစိတ်တွေ ဝင်လာတာ… သူက သူ့မှာလည်း ကော်ကုန်းစံအိမ်ရဲ့ သွေးတွေ စီးဆင်းနေတာပဲ၊ ကော်ကုန်းရာထူးကို ဆက်ခံခွင့် ရှိသင့်တယ်လို့ တွေးမိလာတယ်။ 】
【 ကြီးပြင်းလာနိုင်မလား မသေချာသေးတဲ့ ကလေးတစ်ယောက်ကို ဆက်ခံခိုင်းမယ့်အစား သူ့ကို ပေးလိုက်တာက ပိုကောင်းတယ်လို့ တွေးမိသွားတာ… အစကတော့ အတွေးသက်သက်ပဲ၊ ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ ဒီအတွေးက ပိုပိုကြီးထွားလာပြီး နောက်ဆုံးတော့ လက်တွေ့ အကောင်အထည် ဖော်လိုက်တော့တာပဲ။ 】
【 သူက အစက လူကုန်ကူးသူတွေနဲ့ ဆက်သွယ်ပြီး အစ်ကို့ရဲ့ အနာဂတ်တပည့်လေးကို ဝေးနိုင်သမျှ ဝေးဝေး ရောင်းစားဖို့ လုပ်ခဲ့တာ… ဒါပေမဲ့ ကြားထဲမှာ အမှားအယွင်း တစ်ခု ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ 】
【 သူစီစဉ်ထားတဲ့လူက လူမှားသွားလို့သာ အစ်ကို ကယ်နိုင်လိုက်တာ… မဟုတ်ရင် သခင်လေးရဲ့ မူလ ကံကြမ္မာ လမ်းကြောင်းအရဆိုရင် အခုလောက်ဆို သူ ရေနစ်သေနေလောက်ပြီ။ 】
【 ဒီလိုပြောရရင်တော့ အစ်ကိုနဲ့ သူက တော်တော်လေး ရေစက်ပါတာပဲ! 】
အန်းကော်ကုန်းက 011 ပြောသော စကားများကို တစ်လုံးမကျန် စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားသဖြင့် သွေးကြောများပင် ထောင်တက်နေသည်။သူ့ရင်ထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
သူက မူလကတည်းက စစ်မြေပြင်မှ အနားယူလာသူဖြစ်ရာ ရင်ထဲမှ သတ်ဖြတ်လိုစိတ်များ ပွက်လောရိုက်လာချိန်တွင် ကိုယ်ပတ်လည်၌ အရှိန်အဝါများပင် မထိန်းချုပ်နိုင်ဘဲ ထွက်ပေါ်လာသည်။
၎င်းကို ရှန်းရှစ်ရွှီ သတိမထားမိခင်မှာပင်၊ ရှောင်ကျင့်ယိက လက်သီးကို ပါးစပ်တွင်တေ့ကာ ချောင်းဟန့်လိုက်ပြီး အန်းကော်ကုန်းအား အနည်းငယ် ထိန်းချုပ်ရန် သတိပေးလိုက်၏။
ထိုအခါမှသာ အန်းကော်ကုန်းက အိပ်မက်မှ လန့်နိုးလာသကဲ့သို့ သူ၏ အရှိန်အဝါများကို ပြန်လည် သိမ်းဆည်းလိုက်သည်။ သို့သော် ရင်ထဲမှ သတ်ဖြတ်လိုစိတ်များက လျော့ကျမသွားဘဲ အိမ်ပြန်ရောက်သည်နှင့် ကျေးဇူးကန်းပြီး သစ္စာဖောက်သည့် ထိုကောင်ကို တစ်ချက်တည်း ခုတ်သတ်ပစ်ရန်သာ စောင့်နေတော့၏။
ရှန်းရှစ်ရွှီက 011 ၏ စကားများကို နားထောင်ပြီးနောက်၊ သူ ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ခဲ့သော ထိုကလေးလေးကို အလွန် သနားသွားမိသည်။ သူ မူလကတည်းက ထိုကလေးကို တပည့်အဖြစ် လက်ခံချင်နေခဲ့ပြီး ယခုအဖြစ်အပျက်ကို ကြားပြီးနောက်တွင် ပို၍ပင် လက်ခံချင်လာခဲ့သည်။
” အန်းကော်ကုန်းက ဒီလောက်အထိ ပြောလာမှတော့ ကျွန်တော် သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပါမယ်… စိတ်ချပါ၊ ကျွန်တော် သူ့ကို သေချာ သင်ကြားပေးပါ့မယ်။ ”
အန်းကော်ကုန်းက နောက်ဆုံးတော့ စိတ်အေးသွားနိုင်ခဲ့ပြီ။ မိမိ၏ မြေးလေးအတွက် ဤမျှ ကောင်းမွန်သော ဆရာတစ်ဦးကို ရှာတွေ့ခဲ့ခြင်းမှာ သူတို့အန်းကော်ကုန်းစံအိမ်အတွက် ဘဝဆက်တိုင်း ကုသိုလ်ကောင်းခဲ့ခြင်းပင် ဖြစ်ပေမည်။
” လက်ထောက်အမတ်ရှန်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်ကွယ်… ဒီလက်ဆောင်လေးတွေကို လက်ခံပေးပါ… အသက်ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ရော ဆရာအဖြစ် ကန်တော့တဲ့အနေနဲ့ရောပါ… လက်ထောက်အမတ်ရှန်း… ရုံးပိတ်ရက်ကျရင် အဘိုးက မြေးလေးကို ခေါ်ပြီး ဆရာကန်တော့ဖို့ လာခဲ့ပါ့မယ်။ ”
” တခြားကိစ္စ မရှိတော့ဘူးဆိုတော့ အဘိုး အရင် ပြန်နှင့်ပါတော့မယ်။ ”
အန်းကော်ကုန်းမှာ လော့ခွန်းကို ပြန်လည် ရှင်းလင်းရန် အလောတကြီး ဖြစ်နေသဖြင့်၊ ရှန်းရှစ်ရွှီနှင့် နှစ်ရက်အကြာတွင် အန်းချန်ယွီကို ခေါ်ကာ ဆရာလာကန်တော့မည်ဟု သဘောတူညီချက် ယူပြီးနောက် နှုတ်ဆက် ထွက်ခွာသွားလေသည်။
” ငါလည်း အရင် ပြန်နှင့်တော့မယ်… ငါ့အစ်ကိုကြီးက ငါ့ကို တွေ့စရာရှိလို့တဲ့… နောက်တစ်ခေါက်မှ ငါတို့ ပြန်ဆုံကြတာပေါ့။ ”
ရှောင်ကျင့်ယိက ယနေ့နံနက်ပိုင်းတွင် ရှောင်ယွမ်ချီက လူလွှတ်၍ မွန်းလွဲပိုင်း၌ နန်းတော်သို့ လာတွေ့ရန် သတင်းစကား ပါးထားသည်ကို သတိရသွားသည်။ ယခုအချိန်ကလည်း အတော်သင့်နေပြီဖြစ်သဖြင့် ဘာကိစ္စလဲဆိုတာ သွားကြည့်ရင်း နန်းတွင်းသမားတော်ထံ မိမိ၏ သွေးခုန်နှုန်းကိုပါ သွားစမ်းသပ်ခိုင်းရန် စဉ်းစားလိုက်၏။
ရှန်းရှစ်ရွှီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
” ကောင်းပြီလေ… နောက်တစ်ခေါက်မှ ပြန်ဆုံကြတာပေါ့… အဲ့ဒီအခါကျရင် မူးလဲတဲ့အထိ သောက်ကြတာပေါ့…”
Chapter 18 ended