Chapter 19
အန်းကော်ကုန်းစံအိမ်
=====
အန်းကော်ကုန်းက သူ၏စံအိမ်ရှေ့သို့ ရောက်သည်နှင့်တစ်ပြိုင်နက် မိမိ၏မြေးလေးက အစေခံများကို ခေါ်ကာ တံခါးဝတွင် စောင့်နေသည်ကို မြင်လိုက်ရသည်။ သူက တံခါးရှေ့ရှိ လှေကားထစ်ပေါ်တွင် ထိုင်ကာ မေးထောက်လျက် ဘယ်ညာသို့ လည်တဆန့်ဆန့် ကြည့်နေ၏။
မိမိကို မြင်လိုက်သည်နှင့် သူ၏ မျက်လုံးလေးများ အရောင်လင်းလက်သွားပြီး လှေကားပေါ်မှ ထကာ အပြေးအလွှား ရောက်လာခဲ့သည်။
” အဘိုး… အဘိုး… ဘယ်လိုနေလဲ? ကျွမ်းယွမ်အမတ်မင်းက သားကို တပည့်အဖြစ် လက်ခံတယ်တဲ့လားဟင်? ”
အန်းချန်ယွီက အန်းကော်ကုန်း၏ အင်္ကျီစကို ဆွဲကာ မော့ကြည့်ရင်း မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။ သူ၏ မျက်လုံးဝိုင်းဝိုင်းကြီးများထဲတွင် သေးငယ်သော စိုးရိမ်မှုလေးများလည်း ပုန်းအောင်းနေ၏။
မိမိ၏ ဒူးနားတွင် ပျော်ရွှင်တက်ကြွနေသော အန်းချန်ယွီကို ကြည့်ပြီး အန်းကော်ကုန်းမှာ မျက်ရည်ကျမတတ် ဖြစ်သွားရသည်။
ကံကောင်းလို့… ကံကောင်းလို့သာ သူ့မြေးလေးကို လူတစ်ယောက်က ကယ်တင်ပေးခဲ့တာ။
အန်းကော်ကုန်းက ကြမ်းတမ်းနေသော လက်ကြီးများဖြင့် အန်းချန်ယွီ၏ ဖြူဖွေးနုဖတ်နေသော ပါးပြင်လေးကို သပ်ပေးကာ ဖွဖွလေး ညှစ်လိုက်သည်။
” လက်ခံလိုက်ပြီ… အဘိုးကိုယ်တိုင် သွားပြောတာပဲ၊ သေချာပေါက် ရတာပေါ့… နှစ်ရက်နေလို့ လက်ထောက်အမတ်ရှန်းရဲ့ရုံးပိတ်ရက်ရောက်ရင် အဘိုးက သားကိုခေါ်ပြီး ဆရာသွားကန်တော့မယ်… ဒါပေမဲ့ သားက အဘိုးကို ကတိပေးရမယ်နော်၊ လက်ထောက်အမတ်ရှန်းဆီမှာ စာသေချာသင်ပါ့မယ်လို့… အရင်ကလို သုံးရက်လောက် စာသင်လိုက်၊ နှစ်ရက်လောက် ပျင်းလိုက် လုပ်လို့ မရဘူးနော်။ ”
အန်းချန်ယွီက ရှန်းရှစ်ရွှီ သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပြီဟု ကြားသောအခါ အန်းကော်ကုန်းကို ပတ်ပြေးကာ ဝမ်းသာအားရ အော်ဟစ်လိုက်၏။
” ရေးးးဟေးးးး… ဝမ်းသာလိုက်တာ! ကျွမ်းယွမ်အမတ်မင်းက သားကို တပည့်အဖြစ် လက်ခံလိုက်ပြီဟေ့!!”
အန်းချန်ယွီ တစ်ခဏမျှ ပျော်ရွှင်စွာ ခုန်ပေါက်နေသည်ကို ကြည့်ပြီး အန်းကော်ကုန်းက သတိပေးလိုက်သည်။
” ကဲပါ… ကဲပါ… အရမ်း ပျော်မနေနဲ့ဦး… ခလုတ်တိုက်လဲနေပါဦးမယ်။ ”
အန်းချန်ယွီက ရပ်လိုက်ပြီး သူ၏ ရင်ဘတ်လေးကို ပုတ်ကာ ပြောလိုက်သည်။
” စိတ်ချပါ အဘိုးရဲ့… သားက သုံးနှစ်သားကတည်းက ခလုတ်တိုက် မလဲတော့ပါဘူး… ဒါပေမဲ့ အခု သား ဒီသတင်းကောင်းကို အမေနဲ့ အဒေါ်ကြီးဆီ မြန်မြန်သွားပြောရဦးမယ်… ပြီးတော့ နှစ်ရက်နေရင် ဆရာကန်တော့ဖို့ လက်ဆောင်တွေလည်း ပြင်ရဦးမယ်လေ။ အဘိုး၊ သား အဘိုးနဲ့ စကားဆက်မပြောတော့ဘူးနော်၊ သား သွားလုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်။ ”
ခုန်ဆွခုန်ဆွဖြင့် ထွက်သွားသော မြေးလေးကို အန်းကော်ကုန်းက မေတ္တာအပြည့်ဖြင့် ကြည့်နေခဲ့သည်။ အန်းချန်ယွီ၏ ကျောပြင်လေး ပျောက်ကွယ်သွားပြီးနောက် သူ၏ မျက်နှာပေါ်ရှိ မေတ္တာဓာတ်များသည် အားလုံး အစအနမကျန် ပျောက်ကွယ်သွားသည်။ သူက အလွန် မှောင်မည်းနေသော မျက်နှာဖြင့် ဘေးနားရှိ အိမ်တော်ထိန်းကို အမိန့်ပေးလိုက်၏။
” လောင်ကျန်း… တူတော်မောင်ကို သွားခေါ်ချေ… ငါ သူ့ကို တွေ့ဖို့ လိုတယ်လို့ ပြောလိုက်။ ”
အိမ်တော်ထိန်းကျန်းက မိမိသခင်၏ မျက်နှာ အလွန်ဆိုးရွားနေသည်ကို မြင်သောအခါ လုံးဝ မနှောင့်နှေးရဲဘဲ လော့ခွန်းကို ကိုယ်တိုင် သွားရောက် ခေါ်ဆောင်လာခဲ့သည်။
လော့ခွန်းက လမ်းတစ်လျှောက်လုံး အိမ်တော်ထိန်းကျန်းအား သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းခဲ့သည်။ အန်းကော်ကုန်းက ဘာကြောင့် သူ့ကို ရုတ်တရက် ပြန်ခေါ်ရသလဲဆိုတာကို သိချင်သော်လည်း မည်သည့်သတင်းမျှ မရခဲ့သဖြင့် သူ၏ရင်ထဲတွင် အလွန် စိုးရိမ်ပူပန်လာခဲ့၏။ လွန်ခဲ့သော နှစ်ရက်က ကိစ္စများများ ပေါ်သွားပြီလားဟု ခန့်မှန်းနေမိသည်။
သို့သော် ချက်ချင်းပင် ခေါင်းယမ်းလိုက်ပြီး ထိုအတွေးကို ခေါင်းထဲမှ မောင်းထုတ်လိုက်၏။
ထိုကိစ္စကို သူ အလွန် သေသပ်စွာ လုပ်ဆောင်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်သူ အားလုံးကိုလည်း သူ ရှင်းလင်းပြီးပြီဖြစ်၍ လုံးဝ ပေါ်သွားစရာ အကြောင်းမရှိချေ။
လော့ခွန်းက သူ၏ မျက်လုံးထဲမှ မကောင်းဆိုးဝါး အရိပ်အယောင်များကို ဖုံးကွယ်လိုက်ပြီး ရိုးသားအေးချမ်းသည့် လူကြီးလူကောင်း တစ်ဦးအသွင် ဟန်ဆောင်ကာ ကော်ကုန်းစံအိမ်၏ စာကြည့်ဆောင်ထဲသို့ ဝင်သွားလိုက်သည်။
” ဦးလေး… ကျွန်တော် ရောက်ပါပြီ… ကျွန်တော့်ကို ဒီလောက် အလောတကြီး ပြန်ခေါ်တာ ဘာကိစ္စများ ရှိလို့လဲဗျာ… ”
အန်းကော်ကုန်းက စာကြည့်ဆောင်ရှိ ကုလားထိုင်ကြီးပေါ်တွင် ထိုင်ကာ ရှေ့၌ ရပ်နေသော လော့ခွန်းကို အကဲခတ်ကြည့်ရှုနေ၏။ ရှန်းရှစ်ရွှီထံမှ သရုပ်မှန်ကိုသာ မသိခဲ့ရလျှင် ယခုအချိန်တွင် သူ့တူ၏အပြင်ပန်း အသွင်အပြင်ကြောင့် လှည့်စားခံရဦးမည်မှာ သေချာပေသည်။
သူ ဟန်ဆောင်ထားသော အပြစ်ကင်းစင်သည့် ပုံစံ၊ ကြိုးစားပမ်းစား အလုပ်လုပ်သည့် ပုံစံတို့က သူ့လောဘကြောင့် သူရဲ့တူလေးကိုပင် ရောင်းစားရက်မည့်သူနှင့် လုံးဝ မတူချေ။ သို့သော် ရိုးသားအေးချမ်းပုံရသော ဤလူ၏ စိတ်ထားက ဤမျှ ရက်စက်ယုတ်မာနေလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း…
” မင်းကို ငါခေါ်တဲ့ အကြောင်းရင်းကို မင်းက တကယ်ပဲ မသိတာလား… ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား? ”
လော့ခွန်းမှာ ဤအသံကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ ‘ဒိတ်’ ခနဲ ဖြစ်သွားပြီး စတင် ထိတ်လန့်လာခဲ့သည်။ သို့သော် သူ ရှင်းလင်းခဲ့သော လူများကို တွေးမိကာ ထိုအကြောက်တရားကို ဖိနှိပ်လိုက်ပြီး၊ အပြစ်ကင်းကာ နားမလည်သည့်ပုံစံဖြင့် ပြုံးပြရင်း ပြောလိုက်၏။
” ဦးလေး… ကျွန်တော်က ဦးနှောက် သိပ်မကောင်းတော့ ဦးလေးစကားရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူး ဖြစ်နေတယ်… ပြောစရာရှိရင် တည့်သာ ပြောပါခင်ဗျာ… ”
အန်းကော်ကုန်းက သူ၏ အခေါင်းမမြင် မျက်ရည်မကျ (အထောက်အထား မပြမချင်း ငြင်းဆန်နေမည့်) ပုံစံကို ကြည့်ပြီး စားပွဲကို အားကုန် ရိုက်ချလိုက်၏။
” မင်း မသိဘူးလား? ငါကြည့်ရသလောက်တော့ မင်း အသိဆုံး ဖြစ်နေမယ် ထင်တယ်… လွန်ခဲ့တဲ့ နှစ်ရက်က ချန်ယွီ အခိုးခံရတဲ့ ကိစ္စက မင်းလုပ်တာမလား? မင်းက တကယ် ရက်စက်တာပဲ! အဲ့ဒါ မင်းရဲ့ တူအရင်းလေ… မင်းရဲ့မျက်စိရှေ့တင် ကြီးပြင်းလာတဲ့ ကလေးကို လူကုန်ကူးတဲ့သူတွေဆီ မင်း ရောင်းရက်တယ်ပေါ့လေ! ”
အန်းကော်ကုန်းက ပြောလေလေ ရင်ကွဲနာကျလေလေ ဖြစ်လာပြီး ရင်ဘတ်ကို ထုကာ မျက်ဝန်းများ နီရဲလျက် ပြောလိုက်၏။
” မင်း ဒီလိုလုပ်တာ ငါ့အပေါ် မျက်နှာပူစရာ မကောင်းဘူးလား? သေသွားတဲ့ မင်းရဲ့ ညီအစ်ကိုတွေအပေါ် မျက်နှာပူစရာ မကောင်းဘူးလား? လော့ခွန်း… လော့ခွန်း… မင်းအပေါ် ငါ မဆိုးခဲ့ပါဘူးကွာ… အစ်မ ဆုံးသွားပြီးတဲ့နောက် မင်းအဖေဘက်က ဆွေမျိုးတွေနဲ့ ရန်ဖြစ်ပြီးတောင် မင်းကို ငါ့ဘေးနား ခေါ်ထားပြီး စောင့်ရှောက်ပေးခဲ့တာ… မင်း စာသင်ချင်တယ်ဆိုလို့ ဆရာတွေ ပင့်ပေးတယ်၊ သိုင်းသင်ချင်တယ်ဆိုလို့ ငါကိုယ်တိုင် သင်ပေးခဲ့တယ်။ ”
” မင်း အဲ့ဒါတွေ သေချာ မလုပ်နိုင်ဘဲ ကုန်သွယ်ရေး လုပ်ချင်တယ်ဆိုလို့တောင် ငါ့ရဲ့ စုဆောင်းထားတဲ့ ငွေတွေကို ထုတ်ပေးခဲ့တာ… ငါ့မှာတော့ မင်းကို သားအရင်းတစ်ယောက်လို ချစ်ခဲ့တာ… မင်းကတော့ ငါ့ရဲ့ မျိုးဆက်ကို ဖြတ်ပစ်ချင်နေတာကိုး! ”
အန်းကော်ကုန်းက သူ့အပေါ် လုပ်ပေးခဲ့သမျှ အရာအားလုံးကို ရေတွက်ပြနေသည်ကို ကြားလိုက်ရချိန်တွင် လော့ခွန်း၏ မျက်လုံးထဲ၌ လွမ်းဆွတ်မှု၊ ကျေးဇူးတင်မှု၊ ရှက်ရွံ့မှုနှင့် နောင်တရမှုများ ဖြတ်ပြေးသွားပြီး နောက်ဆုံးတွင် ထိုခံစားချက်များက ရှိုက်ကြီးတငင် ငိုကြွေးခြင်းအဖြစ် ပြောင်းလဲသွားတော့သည်။
သူက ဒူးထောက်ချလိုက်ပြီး အန်းကော်ကုန်းအား ခေါင်းနှင့် ကြမ်းပြင် ဆောင့်ကာ အဆက်မပြတ် ကန်တော့ရင်း မျက်ရည် နှပ်ချေးများ ပေပွလျက် ပြောလိုက်၏။
” ဦးလေး… ဦးလေး… ကျွန်တော် တောင်းပန်ပါတယ်… ကျွန်တော် စိတ်ရိုင်းတွေ ဝင်သွားလို့ပါ… ကျွန်တော် လောဘကြီးသွားလို့ပါ… ဦးလေးကိုရော၊ အစ်ကိုနဲ့ ညီလေးကိုရော ကျွန်တော် မျက်နှာပူပါတယ်… ရှောင်ယွီလေးအပေါ်လည်း မျက်နှာပူပါတယ်… အပြစ်အားလုံး ကျွန်တော့်အပြစ်တွေပါပဲ… ဘယ်လို ပြစ်ဒဏ်မျိုးမဆို ခံယူပါ့မယ်… ဒါပေမဲ့ ကျွန်တော့် ဇနီးနဲ့ ကလေးကတော့ ဘာမှ မသိရှာပါဘူး… ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့်အမေကို ထောက်ထားပြီး သူတို့ကိုတော့ အပြစ်မယူပါနဲ့လို့ တောင်းဆိုပါတယ်… ”
အန်းကော်ကုန်းက သူ ငိုယိုတောင်းပန်နေသည်ကို ကြည့်ပြီး လက်ခါပြလိုက်၏။
” ငါက မင်း မဟုတ်ဘူး… အပြစ်ကင်းတဲ့ သူတွေအပေါ် ရက်ရက်စက်စက် မလုပ်ရက်ပါဘူး… အရင်က အန်းကော်ကုန်းစံအိမ်အတွက် မင်း ကြိုးစားလုပ်ပေးခဲ့တာတွေကို ထောက်ထားပြီး သူတို့ တစ်သက်လုံး ဘေးကင်းဖို့တော့ အာမခံပေးမယ်… ဒါပေမဲ့ စည်းစိမ်ချမ်းသာတွေကတော့ မဖြစ်နိုင်တော့ဘူး။ ”
လော့ခွန်းက ဤစကားကို ကြားသောအခါ မျက်လုံးမှိတ်လိုက်ပြီး ခေါင်းနှင့် ကြမ်းပြင် သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာ ဆောင့်ကာ ကန်တော့လိုက်ပြီးမှ မတ်တတ်ရပ်၍ အခန်းတံခါးကို တွန်းဖွင့်ကာ ထွက်သွားလေသည်။
သူ အိမ်ပြန်ရောက်ပြီးနောက် ဇနီးဖြစ်သူအား ဤကိစ္စကို ဖွင့်ဟဝန်ခံလိုက်သည်။ ဇနီးသည်မှာ သူ လုပ်ခဲ့သော ကိစ္စများကြောင့် အလွန် တုန်လှုပ်သွားသော်လည်း၊ သူက တရားရုံးသို့ ကိုယ်တိုင် သွားရောက် အဖမ်းခံမည်ဟု ကြားလိုက်ရချိန်တွင် မနေနိုင်ဘဲ သူ့အား လှမ်းဆွဲထားလိုက်မိ၏။
” ဒါက ကိုယ်လုပ်ခဲ့တဲ့အပြစ်မို့ ကိုယ်ခံရမှာပါ… မင်းနဲ့ ရှောင်ဖုန်း နောက်ဆို ကောင်းကောင်း နေကြပါ… ဦးလေးက မင်းတို့ကို ဒုက္ခမပေးဘူး၊ တစ်သက်လုံး ဘေးကင်းအောင် စောင့်ရှောက်ပေးမယ်လို့ ကတိပေးထားတယ်… ဒါပေမဲ့ အရင်လိုမျိုး အစားအသောက် အဝတ်အစားအတွက် ဘာမှ ပူစရာမလိုတဲ့ ဘဝမျိုးတော့ မရနိုင်တော့ဘူးပေါ့။ ”
” ဒါပေမဲ့ ကိုယ် အရင်တုန်းက မင်းရဲ့ဇာတိရွာမှာ အိမ်တစ်လုံး ဝယ်ထားဖူးတယ်… မင်းတို့သားအမိ အဲ့ဒီကို သွားနေကြပါ… အခုလို ဘဝမျိုးလောက် မကောင်းပေမဲ့ အနည်းဆုံးတော့ စားစရာ၊ သောက်စရာ၊ နေစရာတော့ ရှိတာပေါ့။ ”
ဇနီးဖြစ်သူအား ဤစကားများ မှာကြားပြီးနောက် လော့ခွန်းက ကျင်းကျောက်ရုံးတော်သို့ သွားရောက် အဖမ်းခံခဲ့သည်။ သူ့ကိုယ်ပေါ်တွင် လူသတ်မှု အများအပြား ရှိနေသည့်အပြင် ကလေးသူငယ် လူကုန်ကူးမှုပါ ပါဝင်နေသဖြင့် မြို့တော်ဝန်ရုံးဘက်မှ အမြန်ဆုံး အမိန့်ချမှတ်လိုက်၏။ လဝက်အကြာ မွန်းတည့်ချိန်တွင် ခေါင်းဖြတ်ကွပ်မျက်ရန် ဖြစ်သည်။
ရှောင်ကျင့်ယိက ရှန်းရှစ်ရွှီနေထိုင်ရာ ခြံဝင်းမှ ထွက်ခွာလာပြီးနောက် အိမ်ရှေ့စံ နန်းဆောင်သို့ တိုက်ရိုက် သွားရောက်ခဲ့သည်။ ထိုင်ခုံတွင် ထိုင်ကာ လက်ဖက်ရည် တစ်ခွက်သောက်ပြီးသည်နှင့် အိမ်ရှေ့စံ ရှောင်ယွမ်ချီ၏ အနီးရှိ အစေခံအား နန်းတွင်းသမားတော် သွားပင့်ခိုင်းလိုက်၏။
ရှောင်ယွမ်ချီက ဤစကားကို ကြားသောအခါ လက်ထဲတွင် ဖတ်နေသော စာအုပ်ကို ချထားလိုက်ပြီး ရှောင်ကျင့်ယိအား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။
” ဘာဖြစ်လို့ ရုတ်တရက်ကြီး သမားတော် ပင့်ခိုင်းရတာလဲ? အရင်က စစ်မြေပြင်မှာ ရခဲ့တဲ့ အတွင်းဒဏ်ရာတွေများ ပြန်ကြွလာလို့လား? ”
ရှောင်ယွမ်ချီက ရှောင်ကျင့်ယိ၏ အခြေအနေကို မေးမြန်းနေရင်း အစေခံအား နန်းတွင်းသမားတော်ကို အမြန်သွားပင့်ရန် လောတိုက်နေသေး၏။ နန်းတွင်းသမားတော်အဖွဲ့၏ အကြီးအကဲကို ပင့်လာနိုင်လျှင် ပိုကောင်းမည်ဟုပင် ပြောလိုက်သေးသည်။
ရှောင်ကျင့်ယိက ရှောင်ယွမ်ချီ အလွန် စိုးရိမ်နေသည်ကို မြင်သောအခါ အမြန်ရှင်းပြလိုက်သည်။
” ကျွန်တော့်ကိုယ်ပေါ်မှာ ဒဏ်ရာမရှိပါဘူး… ဒါပေမဲ့ စိတ်ထဲမှာ တစ်ခုခု ဖောက်ပြန်နေသလိုပဲ… လူတစ်ယောက်ကို အရမ်း ဂရုစိုက်လွန်းနေတယ်… သူက တခြားလူတွေနဲ့ နေရာတိုင်းမှာ မတူဘူးလို့ ခံစားနေရပြီး၊ သူနဲ့ အမြဲတမ်း နီးနီးကပ်ကပ် နေချင်စိတ်တွေ ဖြစ်နေတယ်… ကျွန်တော့်ရဲ့ အကျင့်စရိုက်အရဆိုရင် ဒီလို စိတ်ခံစားချက်မျိုး မရှိသင့်ဘူးလေ… အဲ့ဒါကြောင့် ကျွန်တော် ရောဂါတစ်ခုခု ရနေပြီလို့ သံသယဝင်နေတာ… ”
Chapter 19 ended