⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 24

လူနှစ်ဦး ဆရာကန်တော့ခြင်း

Chapter 24

လူနှစ်ဦး ဆရာကန်တော့ခြင်း

 

====

 

ရွှီရှူးမင်က တစ်ဆက်တည်း စကားတွေ အများကြီး ပြောလိုက်ရသဖြင့် အနည်းငယ် ရေငတ်သွားကာ လက်ဖက်ရည် တစ်ငုံ ထပ်သောက်လိုက်ပြီးမှ ဆက်ပြောလိုက်၏။

 

 ” သူ အကုန်လုံးကို သေချာ ရှင်းပြပြီးတာနဲ့ ငါက လူလွှတ်ပြီး နင်တို့ကို လိုက်ရှာခိုင်းတာ… တော်တော်ကြာအောင် ရှာပြီးမှ နင်တို့ ဒီနေရာမှာ ချောင်းနေမှန်း သိရတာ။ “

 

” ဒါပေမဲ့ ကြည့်ရတာ နင်တို့လည်း တစ်ခုခု မမှန်ဘူးဆိုတာ ရိပ်မိသွားပုံပါပဲ… မဆိုးပါဘူး… အဆုံးစွန်ထိ အရူး မဖြစ်သွားလို့။ “

 

တုံ့တာချန်က လက်ဖက်ရည်သောက်နေသော မိမိ၏ ဇနီးကို လက်မထောင်ပြလိုက်သည်။

 

” မိန်းမ… မင်းက တကယ့်ကို မိန်းမမြတ် ကျူးကော့လျန် ( ဉာဏ်ကြီးရှင်အမျိုးသမီး) ပဲ။ ဒီနေ့သာ ယောက်ဖက လက်ထောက်အမတ်ရှန်းဆီသွားပြီး အသစ်ရလာတဲ့ ကလေးအတွက် နာမည်မပေးခိုင်းခဲ့ဘူးဆိုရင်… “

 

” ငါတို့က လက်ထောက်အမတ်ရှန်းရဲ့ စိတ်တွင်းအသံကို ကြားရပြီး အဲ့ဒီကလေးက ယောက်ဖရဲ့ ကလေးမဟုတ်မှန်း သိလို့သာ သံသယဝင်လာတာ… မိန်းမရဲ့ စောစောစီးစီးကတည်းက သံသယဝင်နေခဲ့တာနဲ့ ယှဉ်ရင်တော့ အဝေးကြီး လိုပါသေးတယ်။ “

 

ရွှီရှူးမင်က တုံ့တာချန်၏ ချီးမွမ်းစကားကို ကြားသောအခါ အတော်လေး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။

 

” ဒါပေါ့… ကျွန်မက ဘယ်သူလဲဆိုတာ ကြည့်ဦးလေ… ကျွန်မက အိမ်မှုကိစ္စတွေကို တစ်ဝက်လောက် စီမံလာခဲ့တာ… အိမ်တွင်းရေး ကိစ္စတွေကို တစ်ချက်ကြည့်ရုံနဲ့ နောက်ပိုင်း ဘယ်လို ဆက်ဖြစ်လာမယ်ဆိုတာ ခန့်မှန်းနိုင်တယ်! “

 

တုံ့တာချန်က ဇနီးဖြစ်သူ၏ ဂုဏ်ယူနေသော ပုံစံကို ကြည့်ပြီး နောက်ထပ် မြှောက်ပင့်စကားအချို့ ထပ်ပြောကာ ရွှီရှူးမင်ကို ပျော်ရွှင်သွားအောင် လုပ်ပေးလိုက်ပြီး၊ လာမည့်လမှစ၍ သူမ၏ လစဉ်စရိတ်ကို တိုးပေးရန် ဆုံးဖြတ်လိုက်သည်။

 

ဤဘက်တွင် လင်မယားနှစ်ဦးမှာ ပျားရည်ထက်ပင် ချိုမြိန်နေကြသော်လည်း၊ မာကျန့်နန်မှာမူ ကြမ်းပြင်တွင် ဒူးထောက်နေသော လူကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေ၏။ သူက ဘာမှ ထပ်မပြောတော့ဘဲ၊ မိမိအနီးရှိ အစေခံများကို ထိုလူအား ဖမ်းချုပ်ကာ အိမ်သို့ ပြန်ခေါ်သွားစေသည်။

 

ထိုဒုတိယဇနီးက သူ ပြန်လာပြီမှန်း သိသော်လည်း မိမိ၏ တကယ့်ယောက်ျားကိုပါ ခေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တည်းခိုခန်းပိုင်ရှင်ကို သေချာ မြင်လိုက်ရသောအခါ သူမက ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားလေတော့သည်။

 

သူမက ဒူးထောက်လျက် တွားသွားလာကာ မာကျန့်နန်၏ အင်္ကျီစကို ဆွဲကိုင်ပြီး ငိုယိုတောင်းပန်ရင်း ကလေးမျက်နှာကို ထောက်ထား၍ အသက်ချမ်းသာပေးရန် တောင်းဆိုလိုက်၏။

 

သူမက ကလေးအကြောင်း မပြောလျှင် တော်သေးသည်။ ကလေးအကြောင်း ပြောလိုက်သည်နှင့် မာကျန့်နန်က ပို၍ပင် ဒေါသထွက်သွားကာ ကွာရှင်းစာ ပေးလိုက်ရုံသာမက၊ သူမနှင့် တည်းခိုခန်းပိုင်ရှင်ကိုပါ ထောင်ထဲသို့ ပို့လိုက်ပြီး နောင်နှစ်ပေါင်းများစွာ ထောင်နန်းစံရမည့် ဘဝသို့ ပို့ဆောင်လိုက်တော့သည်။

 

မွေးခါစ ကလေးကိုတော့ မာကျန့်နန်က အိမ်ထောင်စုကောင်းကောင်း တစ်ခု ရှာပြီး မွေးစားခိုင်းလိုက်၏။

 

မာကျန့်နန်ဘက်က ကိစ္စများ ပြီးစီးသွားချိန်တွင် ရှန်းရှစ်ရွှီ တရားဝင် တပည့်လက်ခံမည့် နေ့သို့ ရောက်ရှိလာခဲ့သည်။

 

အန်းချန်ယွီနှင့် ကျန်ပင်းတို့က မနက်စောစောထကာ မျက်နှာသစ်၊ အဝတ်အစားလဲပြီး သူတို့ ပြင်ဆင်ထားသော ဆရာကန်တော့မည့် လက်ဆောင်များကို ယူကာ လူများနှင့်အတူ ရှန်းရှစ်ရွှီနေထိုင်ရာ ခြံဝင်းငယ်လေးဆီသို့ အပြေးအလွှား သွားကြသည်။

 

အန်းကော်ကုန်းနှင့် မင်းသမီးကြီးတို့လည်း အတူ လိုက်ပါလာခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ကိုယ့်ကလေး ဆရာလာကန်တော့သည်ဖြစ်ရာ လူကြီးများအနေဖြင့် ဘေးမှ လိုက်ပါစောင့်ရှောက်သင့်သည် မဟုတ်လား။

 

ရှန်းရှစ်ရွှီက ယနေ့တွင် ကောင်းကင်ပြာရောင် ပန်းပွင့်ပုံဖော်ထားသော ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ခါးတွင် မြစိမ်းရောင် ကျောက်စိမ်းပြားကို ဆွဲချိတ်ထားသည်။ ခေါင်းပေါ်ရှိ ဆံပင်များကိုတော့ ရွှေကြိုးထိုးထားသော ကောင်းကင်ပြာရောင် ဆံထုံးကြိုးဖြင့် မြင့်မြင့်ထုံးထားသဖြင့် တစ်ကိုယ်လုံး သပ်ရပ်သန့်ရှင်းကာ ကြည့်ကောင်းနေ၏။

 

သူက ကုလားထိုင်ပေါ်တွင် မတ်မတ် ထိုင်နေပြီး၊ ကြမ်းပြင်တွင် အန်းချန်ယွီနှင့် ကျန်ပင်းတို့က ဒူးထောက်နေကြကာ ဘေးတစ်ဖက်စီတွင် အန်းကော်ကုန်းနှင့် မင်းသမီးကြီး၊ ထို့အပြင် ပွဲလာကြည့်သော ရှောင်ကျင့်ယိတို့က ထိုင်နေကြသည်။

 

ရှန်းဇယ်ရှီးက သစ်သားနီ လက်ဖက်ရည်ဗန်းကို ကိုင်ဆောင်ထားပြီး ထိုဗန်းပေါ်တွင် လက်ဖက်ရည်ပန်းကန်နှစ်လုံး တင်ထားသည်။ ထိုအထဲတွင် အကောင်းစား ပိလော့ချွန်းလက်ဖက်ရည်ကို ဖျော်ထားပြီး၊ အပူချိန်ကလည်း သောက်ရန် အသင့်တော်ဆုံး အနေအထားတွင် ရှိနေ၏။

 

အန်းချန်ယွီနှင့် ကျန်ပင်းတို့က လက်ဖက်ရည်ပန်းကန် တစ်လုံးစီကို လက်နှစ်ဖက်ဖြင့် ကိုင်၍ ယူကာ ခေါင်းပေါ်အထိ မြှောက်တင်လိုက်သည်။ထို့နောက် ခေါင်းငုံ့ကာ ကြမ်းပြင်ကို ကြည့်ရင်း ကလေးလေး၏ ချစ်စရာကောင်းသော အသံနှင့် လူငယ်လေး၏ ကြည်လင်သော အသံတို့ ရောယှက်ကာ ပြောလိုက်ကြသည်။

 

” ဆရာ… လက်ဖက်ရည် သုံးဆောင်ပါ! “

 

ရှန်းရှစ်ရွှီက အန်းချန်ယွီ၏ လက်ဖက်ရည်ကို အရင်ယူကာ တစ်ငုံ သောက်လိုက်ပြီး ဘေးရှိ စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် ကျန်ပင်း၏ လက်ဖက်ရည်ကို ယူ၍ တစ်ငုံ သောက်လိုက်ပြီး စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီးနောက်၊ သူ ကြိုတင် ပြင်ဆင်ထားသော တပည့်များအတွက် လက်ဆောင်များကို ထုတ်ကာ သူတို့နှစ်ဦးအား တစ်ခုစီ ပေးလိုက်၏။

 

အန်းချန်ယွီ ရရှိလိုက်သည်မှာ နွေးထွေးသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် အန္တရာယ်ကင်း ကျောက်စိမ်းပြားဖြစ်ပြီး၊ ကိုယ်တွင် ဆွဲထားပါက ခန္ဓာကိုယ်ကို နွေးထွေးအားပြည့်စေနိုင်သည်။

 

ကျန်ပင်း ရရှိလိုက်သည်မှာ တံဆိပ်တုံးတစ်ခု ဖြစ်ပြီး၊ ယခင်မင်းဆက်က နာမည်ကျော် ပညာရှင် ဝမ်ကုန်းဝမ်ယွီကိုယ်တိုင် ထွင်းထုထားသော တံဆိပ်တုံး ဖြစ်သည်။ တံဆိပ်တုံးပေါ်တွင် ‘束身自好’ (ရှုရှန်းဇိဟောင် – မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း) ဟူသော စာလုံးလေးလုံး ထွင်းထုထားပြီး၊ ၎င်းမှာ မိမိ၏ ဖြူစင်သန့်ရှင်းမှုကို ထိန်းသိမ်းရန်ဟု အဓိပ္ပာယ်ရသည်။

 

ရှန်းရှစ်ရွှီက ဤတံဆိပ်တုံးကို ကျန်ပင်းအား ပေးရခြင်းမှာ သူ၏ မူလရည်ရွယ်ချက်ကို မမေ့လျော့ဘဲ၊ ဘာကြောင့် ဆရာလာကန်တော့ခဲ့ရသည်ကို အမြဲ သတိရနေစေရန် ဖြစ်၏။

 

ကျန်ပင်းမှာ စာမသင်၊ အလုပ်မလုပ်သူ ဖြစ်သော်လည်း ဤစကားလုံးကိုတော့ သင်ဖူးထားပြီး၊ ရှန်းရှစ်ရွှီက ဘာကြောင့် ဤတံဆိပ်တုံးကို သူ့အား ပေးရသည်ကိုလည်း နားလည်ပေသည်။

 

” ဆရာ… စိတ်ချပါ… ကျွန်တော် နောင်ဆိုရင် ဖြူဖြူစင်စင်နဲ့ လူကောင်းတစ်ယောက် ဖြစ်အောင် နေသွားပါ့မယ်… ကျွန်တော့်ရဲ့ မူလရည်ရွယ်ချက်ကိုလည်း လုံးဝ မမေ့ပါဘူး။ “

 

ရှန်းရှစ်ရွှီက သူ့စကားအပေါ် အလွန် ကျေနပ်သွားသော်လည်း၊ ဤကောင်လေး ဘဝင်မြင့်သွားမည်ကို စိုးရိမ်သဖြင့် အပြင်ပန်းတွင် မပြသခဲ့ချေ။

 

 ” မင်း နားလည်ရင် ပြီးတာပါပဲ… ငါ ရုံးသွားတဲ့အခါ မင်းက ငါ့ဘေးမှာ အစေခံအနေနဲ့ လိုက်ခဲ့ရမယ်… အမှုဘယ်လို စစ်ရမလဲဆိုတာ ငါ မင်းကို သင်ပေးမယ်။ “

 

” မင်း တော်တော်လေး တတ်မြောက်သွားတဲ့ အချိန်ကျရင် မင်းကို တာဝန်တစ်ခု ပေးမယ်… သေချာ လုပ်နိုင်ရင်မှ တရားလွှတ်တော်ချုပ်မှာ ရာထူးရလိမ့်မယ်။ “

 

ကျန်ပင်းမှာ ဘာမှ ကန့်ကွက်စရာ မရှိချေ။ မင်းသမီးကြီးက သူမ၏ သားဖြစ်သူ ဒေါသမထွက်သည်ကို ကြည့်ပြီး ဤဆရာကို ရွေးချယ်မိသည်မှာ တကယ်ကို မှန်ကန်သွားပြီဟု သိလိုက်၏။

 

ဆရာဖြစ်သူက လက်ဆောင်ပေးပြီးသည်နှင့် တပည့်များက လက်ဆောင်ပေးရန် အလှည့်ရောက်လာတော့သည်။

 

အန်းချန်ယွီ ပြင်ဆင်လာသည်မှာ ရွှေချည်ထိုး အင်္ကျီပျော့ တစ်ထည်ဖြစ်ပြီး၊ ဝတ်ဆင်ထားပါက ဓားလှံများ မဖောက်နိုင်ချေ။ ဤသို့သော လက်ဆောင်ကို ရွေးချယ်ရခြင်းမှာ သူ၏ အဒေါ်နှင့် မိခင်၏ အကြံပေးမှုကြောင့် ဖြစ်သည်။

 

ရှန်းရှစ်ရွှီက အမှုစစ်ရာတွင် အမြဲတမ်း လူတွေကို ဒေါသထွက်စေလောက်မည်မှာ သေချာသည်။ အင်အားမရှိသော စာသင်သား တစ်ဦးဖြစ်သဖြင့် သိုင်းပညာသင်ကာ ချက်ချင်း အစွမ်းထက်လာစေရန်မှာမူ လုံးဝ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူ၏ အသက်ကို ကာကွယ်နိုင်ရန်အတွက် ခုခံကာကွယ်မှု အပြည့်ပါသော ပစ္စည်းတစ်ခုကိုသာ ပေးနိုင်ပေသည်။

 

ဤရွှေချည်ထိုး အင်္ကျီပျော့မှာ တကယ်ကို အဖိုးတန်ပစ္စည်း ဖြစ်သည်။ အတွင်းတွင် ဝတ်ဆင်ထားပါက မသိသာဘဲ အခြားသူများ လုံးဝ မမြင်နိုင်သလို၊ အရေးကြီးသည့် အချိန်တွင် အသက်ကို ကယ်တင်နိုင်ပေသည်။

 

တာ့ချန်မင်းဆက် တစ်ခုလုံးတွင်လည်း နှစ်ထည်တည်းသာ ရှိပြီး၊ တစ်ထည်မှာ နန်းတွင်း၌ ရှိကာ ရှောင်ကျင့်ယိကို ဆုချထားပြီးဖြစ်ပြီး၊ ကျန်တစ်ထည်မှာ အန်းကော်ကုန်းစံအိမ်တွင် ရှိကာ ယခုအခါ ရှန်းရှစ်ရွှီ၏ လက်ထဲသို့ ရောက်ရှိလာပြီ ဖြစ်၏။

 

(ရှောင်ကျင့်ယိမှလွဲ၍ အခြားသူ အတော်များများက ရှန်းရှစ်ရွှီ သိုင်းမတတ်ဟု ထင်မှတ်ထားကြပါတယ်။)

 

ကျန်ပင်း ပေးသော လက်ဆောင်များကတော့ အတော်လေး ရောနှောနေသည်။ အကောင်းစား မြေဂရန်များ၊ ဆိုင်ခန်း အနည်းငယ်၊ ထို့အပြင် ငွေစက္ကူ သိန်းဂဏန်းကျော်နှင့် နာမည်ကြီး ပန်းချီကား တစ်ချပ်တို့ ပါဝင်၏။

 

ကျန်ပင်းက ရှန်းရှစ်ရွှီအား တစ်ခုချင်းစီ မိတ်ဆက်ပြလေသည်။

 

” ဆရာ… ဒီမြေဂရန်က နန်းတော်နဲ့ နီးတဲ့ ရွှမ်ဝူလမ်းမကြီးပေါ်က ခြံဝင်းကျယ်ကြီးတစ်ခုရဲ့ ဂရန်ပါ… ဆရာက နောင်ဆို နေ့တိုင်း နံနက်ညီလာခံ တက်ရမှာဆိုတော့… ဒီနေရာကနေ သွားမယ်ဆိုရင် နေ့တိုင်း တစ်နာရီလောက် စောထရလိမ့်မယ်… အဲ့ဒီကို ပြောင်းနေလိုက်ရင် တစ်နာရီလောက် ပိုအိပ်ရတာပေါ့။ “

 

” ဒီဆိုင်ခန်းတွေက အမေ့လက်ထဲက အရောင်းသွက်တဲ့ ဆိုင်တွေပါ… ဆရာလည်း ကုန်သွယ်ရေး လုပ်တတ်တယ်ဆိုတာ သိလို့ တော်တော်လေး ကောင်းမယ့် ဆိုင်တချို့ကို ရွေးပြီး ယူလာခဲ့တာပါ။ “

 

” ဒီငွေစက္ကူတွေကတော့ ဆရာ့ကို သက်သက် ကန်တော့ချင်လို့ပါ… နောက်ဆုံး ဒီပန်းချီကားကတော့ ဆရာက စာသင်သားဆိုတော့ လှပတဲ့ စာပေနဲ့ ပန်းချီကားတွေကို သဘောကျလောက်မယ်ထင်လို့ သိုလှောင်ရုံထဲ သွားပြီး သီးသန့် ရှာလာခဲ့တာပါ… ‘ဆီးနှင်းနန်းတော် ညချမ်းစားပွဲ ပန်းချီကား’ ပါ… ဆရာ သဘောကျရဲ့လား? “

 

ရှန်းရှစ်ရွှီက ထိုပန်းချီကားကို အလွန် သဘောကျသွားသည်။ ဤပန်းချီကားမှာ ယခင်မင်းဆက် နန်းတော်တွင် ဆောင်းရာသီ ညချမ်းစားပွဲ ကျင်းပသည့် အခမ်းအနားကို ရေးဆွဲထားခြင်း ဖြစ်သည်။

 

အလွန် ခမ်းနားကြီးကျယ်သော စားပွဲကြီးဖြစ်ပြီး၊ နာမည်ကျော် စစ်သူကြီးများနှင့် စာပေပညာရှင်များစွာ စုဝေးနေကြသည့် ထိုသို့သော ခမ်းနားသည့် မြင်ကွင်းမျိုး နောင်တွင် ထပ်မံ ပေါ်ပေါက်လာနိုင်တော့မည် မဟုတ်ချေ။

 

” ငါ အရမ်း သဘောကျပါတယ်… မင်း တကယ်ကို စိတ်ကူးကောင်းတာပဲ… “

 

ရှန်းရှစ်ရွှီက ကျန်ပင်းကို ချီးမွမ်းပြီးနောက်၊ ဘေးတွင် စိတ်ဓာတ်ကျနေပြီဖြစ်သော အန်းချန်ယွီကိုလည်း ထပ်မံ ချီးမွမ်းလိုက်၏။

 

 ” ချန်ယွီပေးတဲ့ လက်ဆောင်ကိုလည်း ဆရာ အရမ်း သဘောကျပါတယ်… ဒါပေမဲ့ ဒီပစ္စည်းက အရမ်း အဖိုးတန်လွန်းတော့ ဆရာ လက်ခံရမှာတောင် အားနာနေမိတယ်။ “

 

အန်းချန်ယွီက ရှန်းရှစ်ရွှီ သူ့ကို ချီးမွမ်းလိုက်သည်ကို ကြားသောအခါ သူ၏ မျက်နှာလေးမှာ မိုးရွာနေရာမှ နေသာသွားသကဲ့သို့ ဖြစ်သွား၏။

 

 ” ဟီးဟီး… ဆရာ အားနာစရာ မလိုပါဘူး… တပည့်တစ်ယောက်အနေနဲ့ ဆရာ့ကို ကာကွယ်ပေးရမယ့် တာဝန်ရှိတာပဲ… သားက အခု ဆရာ့ကို မကာကွယ်ပေးနိုင်သေးလို့ ဒီအင်္ကျီပျော့လေးကို သားကိုယ်စား ကာကွယ်ပေးဖို့ ပေးတာပါ… “

 

” နောက်ဆို သား အဘိုးဆီကနေ သိုင်းတွေ သေချာ တတ်အောင် သင်ပြီးရင် ဆရာ့နောက်ကနေ နေ့တိုင်း လိုက်ပြီး ဆရာ့ကို ကာကွယ်ပေးမယ်။ “

 

ရှန်းရှစ်ရွှီက ဤမျှ ချစ်စရာကောင်းသော အန်းချန်ယွီကို ကြည့်ပြီး မနေနိုင်ဘဲ လက်ဆန့်ထုတ်ကာ သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်မိသည်။ အန်းချန်ယွီ အိပ်ပျော်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်ကတည်းက ဤကလေးက အလွန် ချစ်စရာကောင်းသည်ဟု သူ ထင်ခဲ့သော်လည်း၊ နိုးလာပြီးနောက်တွင် ပို၍ပင် ချစ်စရာကောင်းလာလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

 

ယခင်ဘဝက သူစားခဲ့ဖူးသော အစာသွတ်ဂျယ်လီလေးကဲ့သို့ပင်၊ အိအိတုံတုံလေးနှင့် အထဲတွင် ချိုမြိန်သော သစ်သီးယိုလေးများ ပါဝင်နေကာ လူတွေကို ရင်ထဲအထိ ချိုမြိန်သွားစေနိုင်ပေသည်။

 

Chapter 24 ended

 

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ

Status: Ongoing Type: Released: 2025 Native Language: Chinese
[ နန်းတော်စာမေးပွဲတွင် ပထမရပြီးနောက် အရာရှိများအားလုံး ငါ့အတွေးတွေကို ကြားနေရပြီ ] Intro ရှန်းရှစ်ရွှီ ကျွမ်းယွမ်အဖြစ် ခန့်အပ်ခံရသည့်အချိန်တွင် ဆယ့်ရှစ်နှစ်ကြာ နောက်ကျနေသည့် ရွှေလက်ချောင်းကြီးသည် နောက်ဆုံး၌ ရောက်လာခဲ့ပေ၏။ ယခင်ဘဝက သူသည် ရေနစ်နေသော ကလေးငယ်တစ်ဦးအား ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရပြီး ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူ မျက်လုံးပြန်ဖွင့်လာချိန်၌ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော တာ့ချန်မင်းဆက်သို့ ရောက်ရှိနေခဲ့သည်။ (T/N: ကျွမ်းယွမ် = နန်းတော်စာမေးပွဲတွင် ပထမရသူ) သူ့အပေါ် ချစ်ခင်ယုယသော မိဘများရှိလာရုံသာမက အလိုလိုက်သော အစ်ကိုကြီးတစ်ယောက်လည်း ရှိလာခဲ့ပေသည်။ မိသားစု၏ မေတ္တာအား ကျေးဇူးဆပ်လိုသဖြင့် သူက စာကို ကြိုးကြိုးစားစား ဖတ်ရှုခဲ့သည်။စာမေးပွဲတွင် အဆင့်ကောင်းကောင်းတစ်ခုရကာ ဆွေမျိုးအသိုင်းအဝိုင်းကို ဂုဏ်တက်စေချင်ခဲ့၏။ သို့သော် သူက ကျွမ်းယွမ်တစ်ယောက် ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ကျွမ်းယွမ်အဖြစ် စာမေးပွဲအောင်ပြီးနောက် သူ၏ ရွှေလက်ချောင်းကြီးလည်း ရောက်ရှိလာခဲ့သည်။ သူ့အား အထက်သို့ တဟုန်ထိုး တက်လှမ်းနိုင်ရန် ကူညီပေးမည့် စနစ်တစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ သတင်းတိုသတင်းထွာများအား စားသုံးရသည့် ဖရဲသီးစနစ် ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပထမဆုံး စားသုံးရသည့် ဖရဲသီးမှာ ယခင်ကျွမ်းယွမ်ဟောင်းက ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ လူပျိုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း အကြောင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက ဘဏ္ဍာရေးဝန်ကြီး၏ သမီးတော်နှင့် မျက်မှန်းတည့်သွားပြီး ဝန်ကြီး၏ သမက်တော် ဖြစ်လာခဲ့၏။ ဘဏ္ဍာရေးဝန်ကြီး၏ အကူအညီဖြင့် နန်းတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်လာခဲ့သည်။ ယခုအခါ သူက အလုပ်အကိုင် အဆင်ပြေနေပြီး ဇနီးချောလေးနှင့် သားလေးမှာလည်း ဘေး၌ ရှိနေပေသည်။ သူက ဇာတိရွာတွင် ဒုက္ခခံနေရသော ဇနီးသည်နှင့် သမီးဖြစ်သူအား လုံးဝ ဂရုမစိုက်ဘဲ မိခင်အရင်း ဆုံးပါးသွားချိန်၌ပင် အိမ်သို့ ပြန်မလာခဲ့ချေ။ ရှန်းရှစ်ရွှီကမူ ဖရဲသီးများကို ဝမ်းသာအားရ စားသုံးနေပြီး သူ၏ စိတ်တွင်းအသံများမှာ နန်းတွင်းအမတ်များအားလုံးရှေ့၌ ပေါက်ကြားနေပြီဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဧကရာဇ်၊ အိမ်ရှေ့စံ၊ မင်းသားများနှင့် ဝမ်ရယ်များပင်လျှင် ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း ယိမ်းယိုင်နေသော ဘဏ္ဍာရေးဝန်ကြီး၏ ပုံစံအား မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ပြောနေသမျှ အရာအားလုံးမှာ အမှန်တရားများသာ ဖြစ်ကြောင်းကို နားလည်သွားကြသည်။ ဤသို့ဖြင့် ရှန်းရှစ်ရွှီမှာ ဖရဲသီးများကို မှီခိုကာ ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး နန်းတွင်းအမတ်များမှာလည်း နေ့စဉ်နေ့တိုင်း အတင်းအဖျင်းများအား ဝမ်းသာအားရ နားထောင်နေကြ၏။ ယနေ့တွင် မင်းသမီးကြီးမှာ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရကြောင်း ဖရဲသီးသတင်းကို ကြားရပြီး မနက်ဖြန်တွင် မည်သည့်အမတ်မင်းမှာ ဇနီးဖြစ်သူ၏ ဖောက်ပြန်ခြင်းကို ခံရကြောင်း စသည့်သတင်းများကို ကြားရလေသည်။ သန်ဘက်ခါတွင်မူ ရန်သူ့တိုင်းပြည်မှ သူလျှိုများက ဧကရာဇ်၏ အနောက်ဆောင်၌ လူလွှတ်ကာ စီစဉ်ထားကြောင်းကို ကြားရလေသည်။ သို့သော် ရှန်းရှစ်ရွှီက ဖရဲသီးစားသုံးရာမှ ရုတ်တရက် ဖရဲသီးအကြီးကြီးတစ်လုံးအား ဖော်ထုတ်သွားခဲ့မိသည်။ အဲ့ဒီအေးစက်စက် စစ်နတ်ဘုရားကြီးက ငါ့ကို ဘယ်လိုလုပ် သဘောကျနေရတာလဲ? Intro ended

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset