Chapter 10
ချန်နော့က မိမိတို့၏ ပစ္စည်းများကို စောင့်ရင်း ပိုင်ရွေ့ဘက်သို့လည်း တိတ်တဆိတ် အာရုံစိုက်နေခဲ့၏။ ပိုင်ရွေ့လည်း နောက်ဆုံးတွင် ပစ္စည်းအချို့ကို ရောင်းချနိုင်ခဲ့ပြီး အိမ်သာသွားသော လျိုကွမ်နှင့် ချန်ချွန်းတို့လည်း ရှေ့ဆင့်နောက်ဆင့် ပြန်ရောက်လာကြသည်။
ပိုင်ရွေ့မှာ အေးစက်စက် နေတတ်သော်လည်း အခြားသူများ မေးမြန်းသောအခါ အနည်းဆုံးတော့ စကားလုံးအနည်းငယ်ဖြင့် ရိုးရှင်းစွာ ဖြေကြားနိုင်ခဲ့၏။ မူလကတည်းက ရုပ်ရည်ချောမောသော ကောင်လေးတစ်ယောက်ဖြစ်သဖြင့် အခြားသူများ၏ သဘောကျမှုကို အလွယ်တကူ ရရှိနိုင်သည်။
ချန်နော့က ပိုင်ရွေ့ ထိုခြင်းတောင်းငယ်လေးကို အသံမထွက်ဘဲ သိမ်းလိုက်သည်ကို သတိပြုမိသဖြင့် မနေနိုင်ဘဲ တိတ်တဆိတ် ရယ်မောလိုက်မိ၏။
သို့သော် သူ ရယ်လိုက်ချိန်တွင် ပိုင်ရွေ့၏ မျက်လုံးများက ဤဘက်သို့ တစ်ချက် ဝေ့ကြည့်လာသကဲ့သို့ ရှိပြီး ထိုအကြည့်မှာ အလွန်စူးရှလွန်းသဖြင့် ချန်နော့မှာ အေးစိမ့်သွားကာ အကြည့်ကို အမြန်ရုပ်သိမ်းလိုက်ရသည်။
ပစ္စည်းများ ရောင်းရသည်မှာ တဖြည်းဖြည်း ပို၍ အဆင်ပြေလာပြီး ချန်နော့က ရရှိလာသော ပိုက်ဆံများကို ငွေအိတ်လေးထဲသို့ ဝမ်းသာအားရ ထည့်လိုက်ရာ မျက်လုံးများပင် မျဉ်းတစ်ကြောင်းလို ဖြစ်သွားတော့၏။
ဒီနေရာမှာ အမြဲတမ်း ဈေးလာရောင်းဖို့ သူ စဉ်းစားသင့်သလား?
ချန်နော့က ဘာလုပ်ငန်းလေး လုပ်လျှင် သင့်တော်မည်ကို စိတ်ထဲတွင် တွက်ချက်နေပြီ ဖြစ်၏။ သို့သော် ဤနေရာရှိ ယာယီဈေးခွန်မှာ အမှန်တကယ်ပင် မနည်းလှချေ။ တစ်နေ့လျှင် အဆင့်နိမ့် စွမ်းအင်ဒင်္ဂါး ရှစ်ပြား ပေးရသဖြင့် ပိုက်ဆံထုတ်ပေးရချိန်တွင် အမှန်တကယ်ပင် နှမြောလွန်း၍ ရင်နာရသည်။
လျိုကွမ်က ချန်နော့ ဤကဲ့သို့ တွေ့သမျှလူတိုင်းကို ပြုံးပြနေသည်ကို မြင်သောအခါ စိတ်ထဲတွင် အလွန်မကျေမနပ် ဖြစ်သွား၏။ ချန်နော့ သူ့အား ဤကဲ့သို့ ခဏခဏ ပြုံးပြသည်ကို သူ မမြင်ဖူးချေ… ငွေပိုရအောင် တစ်ခုခုလုပ်ဖို့ သူ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
မွန်းတည့်ချိန်သို့ ရောက်သောအခါ ပစ္စည်းများ အားလုံးနီးပါး ရောင်းပြီးသွားသဖြင့် ၎င်းတို့က ဝါးခြင်းတောင်းများကို သိမ်းဆည်းကာ အစားအစာ တစ်ခုခု သွားစားရန် ပြင်ဆင်လိုက်ကြ၏။
ထိုအချိန်မှာပင် ခါးတွင် ဓားရှည်ကိုယ်စီ ချိတ်ဆွဲထားသော လူသန်ကြီး သုံး၊ လေးယောက်ခန့်က ဈေး၏ တစ်ဖက်မှ လျှောက်လာကြ၏။ ရှေ့ဆုံးမှ လာနေသူများမှာ နံနက်က တွေ့ခဲ့သော စကားပြောရိုင်းစိုင်းသည့် လူသန်ကြီး နှစ်ယောက်ပင် ဖြစ်သည်။
ချန်နော့က ၎င်းတို့နှင့် မျက်နှာချင်း မဆုံချင်သဖြင့် လျိုကွမ်၏ လက်မောင်းကို ဆွဲကာ လမ်းသွယ်လေးတစ်ခုကို လက်ညှိုးထိုးပြလျက် ပြောလိုက်၏။
” ငါတို့ ဒီဘက်က သွားရအောင်… ဒီအထဲမှာ ဆိုင်လေးတွေ အများကြီးရှိတယ်ဆိုတာ ငါ မှတ်မိတယ်…”
လျိုကွမ်က ထိုလူများကို အေးစက်စက် တစ်ချက်ကြည့်ပြီးနောက် ချန်နော့၏ နောက်မှ လိုက်ကာ လမ်းသွယ်လေးဆီသို့ လျှောက်သွားခဲ့၏။ သို့သော် ဝါးခြင်းတောင်း လွယ်ထားသော ချန်နော့က ရုတ်တရက် ရပ်တန့်သွားသည်။ ထိုလူကြီးများက ပိုင်ရွေ့ကို ဝိုင်းထားကြသည် မဟုတ်လား။
ပိုင်ရွေ့၏ အရပ်မှာ လျိုကွမ်ထက် အနည်းငယ် ပိုရှည်သော်လည်း အသက်ဆယ်နှစ်ဝန်းကျင် ကလေးတစ်ယောက်သာ ဖြစ်သဖြင့် ထိုလူကြီးများကြားတွင် အလွန်သေးငယ်နေပုံရ၏။ ပိုင်ရွေ့၏ သိသာထင်ရှားသော လူမှုဆက်ဆံရေး အားနည်းချက်ကို တွေးမိသောအခါ ချန်နော့က မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။
လျိုကွမ်က နားမလည်စွာဖြင့် မေးလိုက်သည်။
” ဘာဖြစ်လို့လဲ?…”
သူက ချန်နော့ စိုးရိမ်တကြီး ကြည့်နေသော နေရာသို့ လှမ်းကြည့်လိုက်ရာ မျက်နှာပေါ်တွင် ချက်ချင်းပင် ဝမ်းသာအားရဖြစ်မှုများ ပေါ်လာခဲ့၏။
အကယ်၍ ဆင်းရဲသားရပ်ကွက်မှ အခြားဒေသခံတစ်ဦးဦး အပြင်တွင် အနိုင်ကျင့်ခံနေရပါက သူ ကူညီမည်ဖြစ်သော်လည်း ထိုသူမှာ ပိုင်ရွေ့ဆိုသော ကောင်လေး ဖြစ်နေပါက သူက လက်ခုပ်တီးကာ အားပေးရုံသာ ရှိမည်။ သို့သော် ချန်နော့က စိုးရိမ်တကြီး ဖြစ်နေသည်ကို မြင်သောအခါ လျိုကွမ်မှာ အလွန်မကျေမနပ် ဖြစ်သွား၏။
သူက ဘာလို့ ပိုင်ဆိုတဲ့ကောင်ကို အဲ့ဒီလောက်တောင် ဂရုစိုက်နေရတာလဲ?
သူက ချန်နော့၏ အင်္ကျီလက်စကို ဆွဲလိုက်ရာ ချန်နော့မှာ ယိုင်သွားသည်။ လျိုကွမ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
” သွားမယ်လေ!…”
ချန်နော့က ခြေထောက်ကို အတင်းရပ်ထားပြီး မျက်လုံးများက ပိုင်ရွေ့ဆီသို့သာ ရောက်နေဆဲဖြစ်၏။
” ရှောင်ကွမ်… ခဏလေး…”
ခေါင်းဆောင်ဖြစ်သူ လူသန်ကြီးက ဝါးခြင်းတောင်းထဲရှိ ဆေးဖက်ဝင်အပင်များကို ရှုပ်ပွသွားအောင် မွှေနှောက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
” ဘာအမှိုက်တွေမှန်းလည်း မသိဘူး… ဒီ ကျူယိုမြက်လေးတစ်ပင်ပဲ နည်းနည်းရှားပါးတာ… ကလေး… ဒီကျူယိုမြက်က ဘယ်လောက်လဲ?…”
” အဆင့်နိမ့် စွမ်းအင်ဒင်္ဂါး ဆယ့်ငါးပြား…”
ပိုင်ရွေ့က တည်ငြိမ်စွာ ဖြေလိုက်၏။
လူတစ်ယောက်က ရယ်မောလိုက်သည်။
” မင်းက ဈေးခေါ်ရဲသားပဲ! ဒီအပင်က အလွန်ဆုံးရှိမှ စွမ်းအင်ဒင်္ဂါး ငါးပြားလောက်ပဲ တန်တာ…”
ပိုင်ရွေ့က အေးစက်စက် ပြန်ပြောလိုက်၏။
” ဈေးမဆစ်ရဘူး…”
ထိုသူက ပြောလိုက်သည်။
” ဒီကလေးက တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်နော်… ဈေးရောင်းတာကို ဈေးဆစ်လို့မရဘူးတဲ့… မင်းက ဒီဈေးကို မင်း ဖွင့်ထားတာလို့ ထင်နေတာလား?…”
ချန်နော့က ထိုနေရာမှ ထွက်ပေါ်လာသော အသံများကို ကြားရသောအခါ မနေနိုင်တော့ပေ။သူက ကိုယ်ပေါ်ရှိ ဝါးခြင်းတောင်းကို ချွတ်ကာ လျိုကွမ်ကို ထိုးပေးလိုက်ပြီး ၎င်းထဲမှ မရောင်းရသေးသော ဆေးဖက်ဝင်အပင် အနည်းငယ်ကို လက်တန်း ယူလိုက်၏။
လျိုကွမ်က အလိုအလျောက် လှမ်းယူလိုက်သည်နှင့် ချန်နော့မှာ လူအုပ်ထဲသို့ ပြေးဝင်သွားနှင့်ပြီ ဖြစ်သည်။ လျိုကွမ်မှာ ဒေါသထွက်လွန်း၍ အံကြိတ်ထားမိ၏။
ဒီသောက်အမ! နောက်ဆိုရင် ပိုင်ဆိုတဲ့ကောင်နဲ့ ပေးမတွေ့တော့ဘူး!
ချန်နော့က လူအုပ်ထဲသို့ တိုးဝင်သွားပြီး ပိုင်ရွေ့၏ ဘေးတွင် ရပ်ကာ အပြစ်ကင်းစင်သော လေသံဖြင့် ပြောလိုက်သည်။
” အစ်ကိုကြီးက ကျူယိုမြက် ဝယ်ချင်လို့လား? ဒီမြက်လေးက ခူးရတာ တကယ်ကို မလွယ်ဘူးနော်… ဒါပေမယ့် အစ်ကိုကြီး ဝယ်သွားပြီး မရီးကို ဟင်းချိုလုပ်တိုက်လိုက်ရင် အသားအရေက ရေလို ကြည်လင်လာမှာ သေချာတယ်…”
ယခင်က လျိုကွမ်တို့လည်း ကျူယိုမြက်တစ်ပင် ရောင်းခဲ့ရသည်။ ဤမြက်မျိုးက သွေးအားကောင်းစေပြီး အသားအရေကို လှပစေနိုင်သဖြင့် အမများ အနှစ်သက်ဆုံးဖြစ်ကာ အလွန်တန်ဖိုးကြီးသော ဆေးဖက်ဝင်အပင်တစ်မျိုးဟု ဆိုနိုင်၏။ ထိုအပင်အတွက် ဒင်္ဂါးပြား ဆယ့်ရှစ်ပြား ရခဲ့သဖြင့် ပိုင်ရွေ့တောင်းသော ဈေးနှုန်းမှာ အတော်လေး သင့်တင့်တယ်လို့ ဆိုနိုင်သည်။
သို့သော် ဤလူများကို ကြည့်ရသည်မှာ အလွယ်တကူ အလျော့ပေးမည့်ပုံ မပေါ်ချေ။ အင်အားကြီး နဂါးပင်လျှင် ဒေသခံ မြွေပွေးကို မနှိမ်နင်းနိုင်ပေ။
ဒါ့အပြင် ပိုင်ရွေ့က ကလေးတစ်ယောက်သာ ဖြစ်သည် မဟုတ်လား?
လူသန်ကြီးက ရယ်မောလိုက်၏။
” ဒီကလေးက စကားပြောတတ်သားပဲ… ဒါဆို ငါ သုံးပြား ထပ်တိုးပေးမယ်… စွမ်းအင်ဒင်္ဂါး ရှစ်ပြားနဲ့ ယူမယ် ဘယ်လိုလဲ?…”
ချန်နော့က ခေါင်းမော့ကာ သူ၏ မျက်နှာကို ကြည့်ပြီး သွားစွယ်လေးများ ပေါ်အောင် ပြုံးပြကာ ပြောလိုက်သည်။
” ရှစ်ပြားကလည်း မနည်းတော့ပါဘူး… ဒါပေမယ့် ကျွန်တော်တို့ တစ်ခေါက်လာရတာ တကယ်ကို မလွယ်လို့ပါ… ဒီလိုလုပ်… ကျွန်တော် ဒီဟုန်ယင်း (အနီရောင်ပန်း) လေးတွေကိုပါ အစ်ကိုကြီးကို လက်ဆောင်ပေးလိုက်မယ်… ကျူယိုမြက်နဲ့ ကြက်မည်းနဲ့ ပေါင်းရင် အကောင်းဆုံးပဲ… ဆယ့်ငါးပြားပဲ ပေးတော့… ဘယ်လိုလဲ?…”
သူက ပြောပြောဆိုဆိုဖြင့် ကျူယိုမြက်ကို ရွေးထုတ်ကာ လက်ထဲရှိ ဟုန်ယင်းများနှင့်အတူ ကမ်းပေးလိုက်ပြီး ထိုလူများကို မျှော်လင့်တကြီး ကြည့်နေလိုက်၏။
လူသန်ကြီးမှာ ပြုံးရွှင်တောက်ပနေသော မျက်လုံးနက်များ၏ စူးစိုက်ကြည့်မှုအောက်တွင် နေရခက်သွားပြီး နောက်ဆုံးတွင် မြက်ပင်ကို ယူကာ ပိုက်ဆံ ကမ်းပေးလိုက်သည်။
” ထားလိုက်ပါတော့ကွာ…”
ချန်နော့က ပိုက်ဆံကို ယူကာ ရေတွက်ပင်မကြည့်ဘဲ မျက်လုံးများ မျဉ်းတစ်ကြောင်းလို ဖြစ်သွားသည်အထိ ပြုံးလျက် ပြောလိုက်၏။
” ကျေးဇူးတင်ပါတယ် အစ်ကိုကြီး…”
ထိုလူများ ထွက်သွားပြီးနောက်မှ ချန်နော့က ခေါင်းငုံ့၍ ရေတွက်ကြည့်ရာ တစ်ပြားမျှ လျော့မနေကြောင်း တွေ့လိုက်ရသည်။ သူက ပိုင်ရွေ့ကို ကမ်းပေးကာ ပြောလိုက်၏။
” ရော့… မင်းကိုပေးမယ်… ဒီလိုလူတွေနဲ့ တွေ့ရင် ပြုံးပြလိုက်တာက အကောင်းဆုံးပဲ…”
ပိုင်ရွေ့က မျက်လုံးထောင့်မှ သူ၏ လက်ဖဝါးကို တစ်ချက်ကြည့်ပြီး စကားလုံး အနည်းငယ်သာ တိုတိုတုတ်တုတ် ပြောလိုက်သည်။
” အလုပ်ရှုပ်တယ်…”
” …”
ချန်နော့က ပိုင်ရွေ့ လှမ်းမယူသည်ကို မြင်သောအခါ ပိုက်ဆံကို ဝါးခြင်းတောင်းပေါ်တွင် တင်ထားခဲ့ပြီး ပြုံးလျက် ပြောလိုက်၏။
” မင်းစကားလေး ဘာလေး ပြောင်းပြောလို့ မရဘူးလား? မင်း လမ်းမှာ သတိထားသွားဦးနော်…”
ချန်နော့ပြန်လျှောက်လာသောအခါ လျိုကွမ်သည် မျက်နှာကြီးမည်းမှောင်နေပြီး နှင်းကဲ့သို့ ဖြူဖွေးသော သွားများဖြင့် နှုတ်ခမ်းကို ကိုက်ကာ သူ့ကို မျက်စောင်းထိုးနေပြီး ၎င်းမျက်လုံးများမှ မီးများပင် ပွင့်ထွက်လုမတတ် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
အခြား ကလေးသုံးယောက်မှာလည်း နားမလည်နိုင်သော မျက်နှာများဖြင့် ရှိနေကြပြီး လျိုကွမ်၏ ဒေါသက ၎င်းတို့အပေါ်သို့ ကျရောက်သွားခဲ့ကြောင်း ထင်ရှားသဖြင့် အားလုံးက ဘေးတွင် တိတ်တဆိတ် ပုန်းနေကြ၏။
သူ၏ အမြင်တွင် ဤကလေးများမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သန်မာကြသော်လည်း အားလုံးက ဂရုစိုက်ရန် လိုအပ်သူများ ဖြစ်ကြသဖြင့် ပိုင်ရွေ့ကို ကူညီလိုက်ခြင်းမှာ လက်တစ်ဖက်ကမ်းပြီး ကူညီပေးရုံသာ ဖြစ်သည်။ သူက ဘာမျှမဖြစ်သကဲ့သို့ ပြုံးလျက် ပြောလိုက်၏။
” သွားမယ်… ငါတို့ ဘာတွေဝယ်ဖို့ လိုသေးလဲ သွားကြည့်ကြမယ်…”
သူက ရှေ့တိုးကာ လျိုကွမ်၏ လက်ကို ဆွဲရန် ပြင်လိုက်သော်လည်း လျိုကွမ်က ဒေါသတကြီးဖြင့် ရုန်းထွက်ကာ ရှေ့သို့ တည့်တည့် လျှောက်သွားတော့၏။
ချန်နော့ တိတ်တဆိတ် ရယ်မောလိုက်မိသည်။ လျိုကွမ်က တစ်ခါတစ်ရံ တကယ်ပဲ မိန်းကလေးတွေလို စိတ်ကောက်တတ်တာပဲ။
သူက ချန်ချွန်းတို့ကို ခေါ်ကာ နောက်မှနေ၍ ရယ်မောပြောဆိုရင်း လိုက်သွားခဲ့၏။ မကြာမီမှာပင် လျိုကွမ်က ဒေါသတကြီးဖြင့် နောက်သို့ ပြန်လှည့်လာပြီး ချန်ချွန်းတို့ကို အနောက်သို့ တွန်းပို့လိုက်သည်။ ထိုအခါ ချန်နော့က သူ၏ လက်ကို အလိုက်သင့်လေး ဆွဲကိုင်လိုက်ရာ လျိုကွမ်၏ မျက်နှာမှာ အနည်းငယ် နီရဲလာသော်လည်း ဤတစ်ကြိမ်တွင်မူ ရုန်းထွက်ခြင်း မရှိတော့ချေ။
သို့သော် လျိုကွမ်က သူ့ကို မျက်စောင်းထိုးကာ တိုးတိုးလေး ပြော၏။
” မင်း ပိုင်ဆိုတဲ့ကောင်နဲ့ ထပ်ပြီး စကားမပြောရဘူး…”
” အိုကေ… သူ့ကို သေချာပေါက် စကားမပြောတော့ဘူး…”
ချန်နော့က ကလေးချော့သကဲ့သို့ ပြန်ဖြေလိုက်သည်။ သူ တိတ်တဆိတ် ရယ်မောလိုက်မိ၏။
ဒီကလေးရဲ့ ရှာလကာရည်အိုးက တကယ်ကြီးတာပဲ…
ချန်နော့၏ စိတ်ထဲတွင် လျိုကွမ်က အခြားသူများထက် များစွာ ပို၍ အရေးပါကြောင်း သေချာပေသည်။
မြို့ငယ်လေးရှိ ဆိုင်များမှာ မများလှသော်လည်း ပစ္စည်းများမှာ စုံလင်လှသည်။ လူငါးယောက်မှာ တဖြည်းဖြည်း လူစုခွဲကာ ဝယ်ယူကြပြီး ချန်နော့နှင့် လျိုကွမ်က နေ့စဉ်သုံး ပစ္စည်းအသေးအမွှား အများအပြားနှင့် ရိက္ခာအချို့ကို အတူတကွ ဝယ်ယူခဲ့ကြရာ ပိုက်ဆံများသည် မကြာမီမှာပင် ကုန်သလောက် ဖြစ်သွားခဲ့၏။
ချန်နော့မှာ အနည်းငယ် စိတ်ပျက်သွားမိသည်။ မူလက လျိုကွမ်အတွက် အဝတ်အစားတစ်စုံ ဝယ်ပေးရန် ရည်ရွယ်ထားသော်လည်း ယခုကြည့်ရသလောက်တော့ နောက်တစ်ခေါက်မှသာ ဝယ်ပေးရတော့မည်ပင်။
လမ်းထောင့်တွင် ပြန်ဆုံပြီး ပြန်ရန် ပြင်ဆင်ချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ဈေးကို ဖြတ်သွားသောအခါ လူများ အားလုံးနီးပါး ပြန်သွားကြပြီ ဖြစ်သည်။ပိုင်ရွေ့လည်း ထွက်ခွာသွားပြီဖြစ်ကာ သူ၏ ပစ္စည်းများ အားလုံး ရောင်းထွက်သွားပြီလား ဆိုသည်ကိုမူ မသိရချေ။
ချန်နော့၏ မူလရည်ရွယ်ချက်မှာ ညအိပ်ပြီး နောက်တစ်နေ့ မိုးလင်းမှသာ ခရီးဆက်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်တွင် တောတောင်များသာ ရှိပြီး ညဘက်အပြင်ထွက်ခြင်းမှာ အလွန်အန္တရာယ်များသောကြောင့် ဖြစ်၏။ သို့သော် လျိုကွမ်နှင့် အခြားသူများမှာမူ ဂရုမစိုက်ဟန် ရှိကြသည်။
” အခု မှောင်ဖို့က နှစ်နာရီလောက် လိုသေးတယ်… သားရဲတွေနဲ့ တွေ့လည်း မကြောက်ဘူး… ငါ သူတို့ကို သတ်ပစ်မယ်… လမ်းက ဂူတွေကို ငါ အကုန်သိတယ်… မင်း စိတ်ချ…”
လျိုကွမ်က ပြောလိုက်သည်။
ဤကလေးများ၏ ယုံကြည်မှုရှိသော မျက်နှာများကို ကြည့်ကာ ချန်နော့လည်း ၎င်းတို့ကို ယုံကြည်ရန်သာ ရွေးချယ်နိုင်တော့၏။
နှစ်နာရီခန့် လမ်းလျှောက်ပြီးနောက် ကောင်းကင်မှာ တဖြည်းဖြည်း မှောင်မိုက်လာပြီး လျိုကွမ်ပြောသည့်အတိုင်း ကျယ်ဝန်းသော ဂူကြီးတစ်ခုကို ရှာတွေ့ခဲ့သည်။
ကလေးအနည်းငယ်မှာ သွက်လက်စွာ လှုပ်ရှားကြပြီး အချို့က သစ်ပင်ပေါ်တက်၍ သစ်ကိုင်းများ ခုတ်ကာ အချို့က ထင်းကောက်ကြသဖြင့် အလွန်စနစ်တကျ ရှိလှသည်။ ချန်နော့လည်း ကူညီရန် အမြန်သွားလိုက်၏။ ဤကိစ္စများတွင် သူက ဤကလေးများကို လုံးဝ မမီကြောင်း ဝန်ခံရပေမည်။
ဝါးခြင်းတောင်းအချို့က လမ်းပိတ်နေသဖြင့် ချန်နော့က ၎င်းတို့ကို ထောင့်သို့ ရွှေ့ပေးလိုက်သည်။ ၎င်းတို့အနက်မှ ဝါးခြင်းတောင်း တစ်ခုကို ရွှေ့လိုက်ချိန်တွင် သူ အံ့သြသွားခဲ့၏။ ထိုဝါးခြင်းတောင်းမှာ အလွန်လေးလံနေပြီး သူ မနည်း မ,ယူလိုက်ရသောကြောင့် ဖြစ်သည်။
မီးမွှေးနေသော ချန်ချွန်း၏ မျက်နှာမှာ ပြောင်းလဲသွားပြီး အမြန်လျှောက်လာကာ ထိုဝါးခြင်းတောင်းများကို ကူညီရွှေ့ပြောင်းပေးလိုက်၏။
” ဒီခြင်းတောင်းက မင်းဟာလား?…”
ချန်နော့က တွန့်ဆုတ်စွာ မေးလိုက်သည်။
ချန်ချွန်းက ခေါင်းငုံ့ကာ ‘အင်း’ ဟု အသံပြုလိုက်ပြီး သူ့မျက်လုံးများက အနည်းငယ် ရှောင်လွှဲနေခဲ့သည်။ထို့နောက် မီးဆက်မွှေးရန် ပြန်သွားသဖြင့် ချန်နော့မှာ ပို၍ပင် သံသယဖြစ်သွားခဲ့၏။
ချန်ချွန်းတို့၏ ရောင်းရငွေမှာ လျိုကွမ်ထက် မများကြောင်း သူ သေချာပေါက် သိထားသည်။ ချန်ချွန်း၏ ဝါးခြင်းတောင်းထဲတွင် ရိက္ခာများ ရှိနေမည်ဆိုပါက ဤမျှ များပြားသော ငွေများကို သူ မည်သည့်နေရာကနေ ရလာတာလဲ။ သူက စွမ်းအင်ဒင်္ဂါး သုံးဆယ် ပေးပြီး ဂျုံမှုန့် အိတ်ငယ်လေး တစ်အိတ်သာ ဝယ်နိုင်ခဲ့သည် မဟုတ်လား။
သို့သော် ချန်နော့က နှုတ်မှ မမေးခဲ့ချေ။ သူ ဤနေရာသို့ စရောက်ချိန်ကလည်း လျိုကွမ်၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရသည် မဟုတ်လား။
အိပ်ချိန်ရောက်သောအခါ ချန်နော့က သူ့အား တစ်စုံတစ်ယောက်က လာတွန်းသည်ဟု ခံစားလိုက်ရ၏။ သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ချန်ချွန်းက အနီးတွင် ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
” ချန်ကော… ကျွန်တော် ခင်ဗျားကို ပြောစရာ ရှိတယ်…”
ချန်ချွန်းက တိုးတိုးလေး ပြောလိုက်သည်။
ယခု ချန်နော့၏ ပြင်ပအသွင်အပြင်မှာ ဤကလေးများနှင့် အရွယ်အစား သိပ်မကွာသော်လည်း လျိုကွမ်က ၎င်းတို့ကို ချန်နော့အား အစ်ကိုဟု ခေါ်ခိုင်းထားသည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ အသက်မှာ ၁၉ နှစ် ရှိနေပြီဖြစ်သဖြင့် သေချာပေါက် နေရခက်မည် မဟုတ်ချေ။
ချန်နော့က လျိုကွမ်ကို ကြည့်လိုက်ရာ ခြေကားယားလက်ကားယားဖြင့် အိပ်မောကျနေ၏။ လျိုကွမ် မီးပုံထဲသို့ လိမ့်မကျသွားစေရန် သူက လျိုကွမ်၏ ကိုယ်ကို ဖြည်းညင်းစွာ လှည့်ပေးလိုက်ပြီးနောက် ခြေသံဖွဖွဖြင့် ချန်ချွန်းနောက်သို့ လိုက်ကာ အပြင်သို့ ထွက်လာခဲ့သည်။
လရောင်မှာ အလွန်မှိန်ဖျော့နေပြီး ချန်ချွန်းက မီးတုတ်ကို ကိုင်ကာ တောထဲသို့ တည့်တည့် လျှောက်သွားခဲ့၏။ တောရိုင်းတိရစ္ဆာန်များ၏ အသံများကို ဝိုးတဝါး ကြားနေရသဖြင့် ချန်နော့မှာ အနည်းငယ် စိုးရိမ်လာပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
” ချန်ချွန်း… ဘာပြောစရာရှိလဲ… ဒီမှာပဲ ပြောလေ…”
ချန်ချွန်းက ချက်ချင်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်၏။
” ချန်ကော… မနေ့က အဲ့ဒီလူနှစ်ယောက်ကို မြှုပ်တုန်းက ကျွန်တော် ပစ္စည်းနည်းနည်း ချန်ထားလိုက်တယ်… ဒါကို ကွမ်ကောကို မပြောပါနဲ့နော်… သူက လိမ်တာကို အမုန်းဆုံးမို့လို့…”
ချန်နော့က သက်ပြင်းချလိုက်သည်။ ဒါကြောင့်ကိုး။
သို့သော် ဤအတွက် ချန်ချွန်းကို အပြစ်တင်၍ မရချေ။ ဆင်းရဲသားရပ်ကွက်မှ ဤကလေးများအတွက် ဝဝလင်လင် စားသောက်ရခြင်းမှာ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်ပြီး ထိုပစ္စည်းဥစ္စာများကို မြင်သောအခါ လောဘတက်မိခြင်းမှာလည်း မဆန်းပေ။ ဤရက်ပိုင်းအတွင်း ဤကလေးများက သူ့ထံမှ စာအချို့ကို နေ့စဉ် သင်ယူခဲ့ကြသဖြင့် သူက ဤကလေးများအပေါ် အလွန်သနားဂရုဏာ သက်မိ၏။
သူက တိုးတိုးလေး ပြောလိုက်သည်။
” အင်း… ငါ သိပြီ… သူ့ကို မပြောပါဘူး… မင်း ပြန်ပြီး စိတ်ချလက်ချ အနားယူလိုက်တော့…”
ချန်ချွန်းက မျက်လွှာပင့်ကာ ကြည့်လိုက်၏။
” ချန်ကော… ဒါက ကျွန်တော် ချန်ထားတဲ့ ပစ္စည်းတွေပဲ… လာကြည့်ပါဦး…”
သူ ပြောပြောဆိုဆိုဖြင့် လက်ကို နောက်သို့ ပစ်ကာ အိတ်ငယ်လေးတစ်လုံးကို ထုတ်ယူ၍ ရှေ့သို့ ကမ်းပေးလိုက်သည်။
ချန်နော့လည်း အများကြီး မတွေးတော့ဘဲ သိချင်စိတ်ဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားလိုက်၏။ ထိုအချိန်မှာပင် ဘေးရှိ သစ်ပင်ပေါ်မှ အေးစက်စက် ကလေးအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
” မင်းတို့ ဆူညံနေတာ ငါ့ကို နှောင့်ယှက်နေတယ်…”
ချန်နော့မှာ လန့်ဖြန့်သွားလုမတတ် ဖြစ်သွားခဲ့၏။ သူ ကြောင်အသွားပြီးနောက် ဤအသံမှာ အလွန်ရင်းနှီးနေပြီး ပိုင်ရွေ့ဖြစ်နေကြောင်း သတိပြုမိသွားသည်။ ချန်ချွန်းမှာလည်း လန့်လွန်းသဖြင့် မျက်နှာများ ဖြူရော်သွားပြီး ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
ပိုင်ရွေ့က သစ်ကိုင်းများပေါ်ကနေ အလွန်သွက်လက်စွာ ခုန်ဆင်းလာ၏။ သူက ပေပေါင်းများစွာ မြင့်သော သစ်ပင်ပေါ်မှ မြေပြင်သို့ တည်ငြိမ်စွာ ကျဆင်းလာပြီး မီတာအနည်းငယ် အကွာမှနေ၍ လူနှစ်ယောက်ကို အေးစက်စွာ ကြည့်နေသည်။ လရောင်မှာ မှိန်ဖျော့နေသော်လည်း သူ၏ ငွေရောင်ဆံပင်များက တောက်ပနေသကဲ့သို့ ရှိပြီး လှပသော ရွှေရောင်မျက်လုံးများမှာလည်း ညဘက်တွင် ပို၍ ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ချန်ချွန်းက ထိုအိတ်ငယ်လေးကို သိမ်းဆည်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
” ချန်ကော… ကျွန်တော် အရင်သွားအိပ်တော့မယ်…”
သူက ပိုင်ရွေ့ကို အနည်းငယ် အရိုအသေပေးကာ ဂူဘက်သို့ တည့်တည့် လျှောက်သွားတော့၏။
ချန်နော့က ပိုင်ရွေ့ကို ကြောင်တောင်တောင်ဖြင့် ကြည့်ကာ နဖူးကို ကိုင်လျက် အားလျော့စွာ ပြောလိုက်သည်။
” မင်းက သန်းခေါင်ယံကြီး ဒီမှာ ဘာလုပ်နေတာလဲ? လူကို လူကခြောက်ရင်လည်း သေနိုင်တယ်ဆိုတာ သိရဲ့လား?…”
ပိုင်ရွေ့က သူ့ကို အေးစက်စက် တစ်ချက်ကြည့်ကာ အလွန်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
” သောက်ရူး…”
ချ
န်နော့က နားမလည်စွာဖြင့် ပြန်မေးလိုက်သည်။
” ဘာ?…”
ပိုင်ရွေ့က သစ်ကိုင်းပေါ်သို့ ပြန်လည်ခုန်တက်သွားပြီး ချန်နော့ကို ကျောပေးကာ သစ်ခွကြားတွင် ပြန်လည်လှဲလျောင်းလိုက်၏။ သူက သစ်ပင်ပေါ်တွင် ဤသို့ပင် အနားယူတတ်၏။
Chapter 10 ended