Chapter 42
ဖေးလု ချွီလော့ချန်ရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး အမည်းရောင်အငွေ့တွေ ဝိုင်းနေတဲ့ ချွီလော့ချန်ရဲ့ နဖူးပြင်ကို ဖွဖွလေး နမ်းလိုက်တယ်။
“မျက်လုံးဖွင့်ပြီး ကျွန်တော့်ကို ကြည့်ပါဦး”
မျက်တောင်တွေ တုန်ခါသွားပြီး ချွီလော့ချန် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်တယ်။ သွေးရောင်လွှမ်းနေတဲ့ မျက်ဝန်းတွေ ပေါ်လာတယ်။
အငြိုးအတေးတွေ ရစ်ပတ်နေပြီး မျက်နှာက ပြာနှမ်းနေတယ်။ သွေးရောင်မျက်လုံးတွေ၊ အစွယ်တွေ၊ လက်သည်းရှည်ကြီးတွေ… ဒါကမှ တကယ့် သရဲကြမ်းတစ်ကောင်ရဲ့ ပုံစံအစစ်အမှန်။
ဖေးလု နှာခေါင်းထိပ်လေး စပ်ဖျင်းသွားပြီး မျက်ရည်တွေ ထိန်းမရဘဲ ကျဆင်းလာတယ်။
“ဘာလို့ ဒီလို ဖြစ်သွားရတာလဲ…”
ချွီလော့ချန်ရဲ့ မျက်နှာမှာ နာကျင်မှုတွေ ပေါ်လာတယ်။ ဖေးလုကို လှမ်းဖက်ချင်ပေမယ့် လမ်းတစ်ဝက်ရောက်မှ ပြန်ရုတ်သိမ်းလိုက်တယ်။သူက အားမရှိတဲ့အသံနဲ့ နှစ်သိမ့်ပေးတယ်။
“မငိုပါနဲ့… ကြောက်သွားပြီလား? လိမ္မာပါတယ်… ပြန်သွားအိပ်လိုက်နော်။ မနက်ကျရင် ကောင်းသွားမှာပါ”
ဖေးလုက ဂရုမစိုက်ဘဲ ချွီလော့ချန်ရဲ့ ရင်ခွင်ထဲ အတင်းတိုးဝင်ပြီး အသံတိတ် ငိုတယ်။
“ကျွန်တော် ခင်ဗျားကို အပြင်မထွက်ခိုင်းလို့ ဒီလိုဖြစ်တာလား…”
“ရှူး——”
ချွီလော့ချန်က စကားဖြတ်ပြောလိုက်ကာ ပါးချင်းအပ်ပြီး ပွတ်သပ်ပေးလိုက်တယ်။
“မင်းနဲ့ မဆိုင်ပါဘူး။ ကိုယ့်သဘောနဲ့ ကိုယ်ပါ။ ကိုယ်တို့ အတူတူ နေချင်ရင် ကိုယ် အရင်လို (လူသတ်တာ) ဆက်လုပ်လို့ မဖြစ်တော့ဘူးလေ”
ဖေးလု ရှိုက်ငိုနေရာကနေ ရုန်းထွက်လိုက်တယ်။သူက အင်္ကျီကော်လာကို ဆွဲဟပြီး လည်ပင်းသားလေးကို ချွီလော့ချန်ရဲ့ ပါးစပ်နား တေ့ပေးလိုက်တယ်။နောက်ပြီး စကားတွေကို ဗလုံးဗထွေးနဲ့ ပြောတယ်။
“ကိစ္စမရှိပါဘူး… ကျွန်တော့်သွေးကို သောက်လိုက်ပါ။ အရင်တုန်းကလည်း ဘာမှ မဖြစ်ဘူးလေ”
ချွီလော့ချန်က ဖြူဝင်းနုဖတ်နေတဲ့ လည်ပင်းသားလေးဆီကနေ အကြည့်လွှဲဖို့ မနည်း ကြိုးစားနေရတယ်။ သဘာဝဗီဇအရ တောင်းဆိုနေတဲ့ ဆန္ဒတွေကို အတင်း ဖိနှိပ်ထားရတယ်။
ဖေးလု နှာခေါင်းရှုံ့လိုက်ပြီး ချွီလော့ချန်ရဲ့ လည်ပင်းကို သိုင်းဖက်လိုက်တယ်။ လည်ပင်းချင်း ယှက်ပြီး ဖက်ထားလိုက်တော့ နူးညံ့တဲ့ အသားအရေလေးက ချွီလော့ချန်ရဲ့ ပါးပြင်ကို လာကပ်နေပြီး သွေးဆောင်နေတဲ့ ရနံ့တွေက ထွက်ပေါ်လာတယ်။
ချွီလော့ချန်ရဲ့ မျက်ဝန်းတွေက ပိုပြီးနီရဲလာတယ်။ သူ ဖေးလုရဲ့ လည်ပင်းကြားထဲ ခေါင်းဝှက်ပြီး ပွတ်သပ်နေမိတယ်။ ဒါပေမယ့် အသံအက်အက်ကြီးနဲ့ ပြောလိုက်တဲ့ စကားကတော့ လုပ်ရပ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။
“ပြန်… တော့”
“မပြန်ဘူး!”
ဖေးလုက ချွီလော့ချန်ရဲ့ လည်ပင်းကို တင်းတင်းဖက်ထားပြီး ကိုယ်ထဲ ဝင်တော့မတတ် ကပ်ထားတယ်။
နှာခေါင်းဝမှာ သင်းပျံ့တဲ့ အနံ့တွေ ရနေတော့ ချွီလော့ချန် စိတ်တွေ ဂယောက်ဂယက် ဖြစ်ကုန်ပြီ။ ကျန်နေသေးတဲ့ အသိစိတ်လေးနဲ့ ဖေးလုကို တွန်းထုတ်ဖို့ ကြိုးစားနေတယ်။
ဒါပေမယ့် ဖေးလုက လက်မခံဘူး။ လည်ပင်းတောင် ထိုးပေးနေတာကို ချွီလော့ချန်က မကိုက်ဘူး။ စိတ်ပူလာသလို၊ ချွီလော့ချန် အောင့်အီးထားရတာကိုလည်း သနားလာတယ်။ ဒါနဲ့ သွားကိုတင်းတင်းစေ့၊ ဆုံးဖြတ်ချက်ချပြီး ချွီလော့ချန်ရဲ့ မျက်နှာကို ကိုင်ကာ အတင်း ဆွဲနမ်းလိုက်တော့တယ်။
ချွီလော့ချန်က ဖေးလုကို နာသွားမှာစိုးလို့ နှုတ်ခမ်းကို စေ့ထားတယ်။ ဖေးလုက ချွီလော့ချန်ရဲ့ နှုတ်ခမ်းတွေကို အတင်း လျက်လိုက်၊ ကိုက်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။ သူ့လျှာလေးနဲ့ ထိုးပြီး နှုတ်ခမ်းကို ဖွင့်ဖို့လည်း ကြိုးစားနေတယ်။ဒါမဲ့ ချွီလော့ချန်က လက်မခံဘူး။ ဘေးမှာ ချထားတဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ တုံ့ပြန်မှု မရတော့ ဖေးလုရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲလာတယ်။ လက်တစ်ဖက်က မျက်နှာကို ကိုင်ထားပြီး ကျန်တစ်ဖက်က ချွီလော့ချန်ကို လိမ်ဆွဲလိုက်တယ်။
ရုတ်တရက် နာသွားတော့ ချွီလော့ချန် ညည်းညူလိုက်မိတယ်။ စေ့ထားတဲ့ နှုတ်ခမ်း ပွင့်သွားတာနဲ့ ဖေးလုက အခွင့်ကောင်းယူပြီး လျှာကို အတင်းတိုးဝင်ကာ ရစ်ပတ်ကစားတော့တယ်။
ချစ်ရသူက ဒီလောက်တောင် တက်ကြွနေမှတော့ ချွီလော့ချန်ရဲ့ ဦးနှောက်ထဲက ကြိုးလည်း ပြတ်သွားရပြီ။သူက သားရဲတစ်ကောင်လိုပဲ ဖေးလုကို ကြမ်းပြင်ပေါ် ဖိချလိုက်ကာ အနမ်းတွေကို ဦးဆောင်ပြီး ပြန်လည်တိုက်စစ်ဆင်တော့တယ်။ မကြာခင်မှာပဲ ဖေးလု ခေါင်းတွေမူးဝေလာပြီး ရေလို ပျော်ကျသွားတော့တယ်။
စိတ်လှုပ်ရှားမှု အထွတ်အထိပ် ရောက်နေတဲ့ ချွီလော့ချန်က အသိစိတ် လွတ်နေပြီ။ ဖေးလုရဲ့နှုတ်ခမ်းတွေကို နမ်းရှိုက်ရင်းကနေ ချွန်ထက်တဲ့ အစွယ်တွေက နူးညံ့တဲ့ အသားအရေကို ဖောက်ဝင်သွားတယ်။ထို့နောက် လတ်ဆတ်တဲ့ သွေးတွေ စီးကျလာတယ်။ သွေးတွေက အဆိပ်လိုပဲ ဆွဲဆောင်မှု ရှိလွန်းတယ်။
ဖေးလုက သူ့လည်ပင်းကို သိုင်းဖက်ထားပြီး ခေါင်းမော့ပေးကာ ပူဇော်ခံတဲ့ ပုံစံမျိုးနဲ့ ငြိမ်နေပေးတယ်။
အစွယ်တွေ အသားထဲကို စိုက်ဝင်သွားတယ်။ ချိုမြိန်တဲ့ သွေးတွေက ခြောက်သွေ့နေတဲ့ ခန္ဓာကိုယ်ကို စိုစွတ်သွားစေတယ်။ သွေးရောင်လွှမ်းနေတဲ့ မျက်ဝန်းတွေက ပုံမှန် အမည်းရောင် ပြန်ဖြစ်လာတယ်။ ချွီလော့ချန် သက်ပြင်းချပြီး အစွယ်တွေကို ပြန်သိမ်းလိုက်တယ်။ သူ ဒဏ်ရာလေးကို နှမြောတသစွာ လျက်ပေးရင်း ပြောတယ်။
“ဘာလို့ ဒီလောက် အ ရတာလဲ”
ဖေးလုက ချွီလော့ချန်ရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး ရင်ဘတ်ကို ပွတ်သပ်ကာ နှာမှုတ်လိုက်တယ်။
“ကျွန်တော့်သဘောပဲ”
ချွီလော့ချန်က ခေါင်းကို ပွတ်ပေးတယ်။ ဖရိုဖရဲ ဖြစ်နေတဲ့ အဝတ်အစားတွေကို ပြန်ဝတ်ပေးပြီး ပြေကျနေတဲ့ ဆံပင်တွေကိုလည်း ပြန်စည်းပေးတယ်။ ဖေးလုက အရုပ်လေးတစ်ရုပ်လိုပဲ ငြိမ်ခံနေတယ်။ လိမ္မာလွန်းလို့ အသည်းယားစရာတောင် ကောင်းနေတယ်။
ချွီလော့ချန်က ဖေးလုကို ပွေ့ချီလိုက်ပြီး နှာခေါင်းလေးကို နမ်းတယ်။
“လိမ္မာလိုက်တာ”
…….
ဒီမတော်တဆမှု ပြီးသွားတော့ ဘဝက ပုံမှန် ပြန်ဖြစ်သွားတယ်။ ချွီလော့ချန်ရဲ့ အငြိုးအတေး ပြန်ကြွတဲ့ လက္ခဏာကို မတွေ့ရတော့ဘူး။ ဒါမှမဟုတ် ဖေးလု မသိအောင် ပိုသတိထားနေတာလည်း ဖြစ်ချင်ဖြစ်မယ်။
ဖေးလုက အရင်ကထက် ပိုပြီး တွယ်ကပ်လာတယ်။ ထွက်သွားရတော့မယ် ဆိုတာ သိနေလို့လား မသိဘူး၊ ရင်ထဲမှာ မခွဲနိုင် မခွာရက် ဖြစ်နေတယ်။ နှလုံးသားက ရေစိမ်ထားသလို တွန့်လိပ်ပြီး နာကျင်နေတယ်။ အချိန်တိုင်း ချွီလော့ချန်ရဲ့ ရင်ခွင်ထဲမှာပဲ နေချင်နေမိတယ်။
ချွီလော့ချန်ရဲ့ ရင်ခွင်ထဲ အကုန်လုံး တိုးဝင်လိုက်တယ်။ ရင်းနှီးတဲ့ ကိုယ်ငွေ့ကို ခံစားရင်း ဖေးလု စိတ်နဲ့ကိုယ် မကပ် ဖြစ်သွားတယ်။ ဟိုးအရင်တုန်းကလည်း ဒီလို မခွဲနိုင်မခွာရက် ခံစားချက်မျိုးကို ကြုံဖူးသလိုပဲ။
ချွီလော့ချန်က သူ့ကျောကို ဖြည်းဖြည်းချင်း ပုတ်ပေးတယ်။ ဖေးလု စိတ်မလုံခြုံ ဖြစ်နေတာကို ခံစားမိလို့ ပိုတင်းတင်းကျပ်ကျပ် ဖက်ထားပေးလိုက်တယ်။
“ကိုယ် ညနေကျရင် အပြင်ခဏ သွားစရာ ရှိတယ်။ မင်း အိမ်မှာ လိမ်လိမ်မာမာ စောင့်နေနော်?”
ဖေးလု မျက်နှာကို ပွတ်သပ်လိုက်တယ်။
“အိမ်မှာ မနေချင်ဘူး… ပျင်းတယ်။ ဖက်တီးတို့ဆီ သွားလည်မယ်”
ချွီလော့ချန်က ဖေးလုကို ပွေ့ချီလိုက်တယ်။
“ကောင်းပြီလေ… ကိုယ် လိုက်ပို့ပေးမယ်။ ညကျရင် လာကြိုမယ်”
ဖေးလု “အင်း” လို့ တိုးတိုးလေး ဖြေလိုက်တယ်။
……..
ချွီလော့ချန်က ဖေးလုကို ဖက်တီးတို့ အိမ်ရှေ့ လိုက်ပို့ပေးတယ်။ပြီးတော့ ခေါင်းလေးကို ပွတ်ပေးပြီး မျက်ဝန်းနူးနူးညံ့ညံ့လေးတွေနဲ့ ပြောတယ်။
“လျှောက်မသွားနဲ့နော်… ကိုယ် လာကြိုတာကို စောင့်နေ”
ဖေးလုက သူ့လက်ချောင်းလေးတွေကို ဆုပ်ကိုင်လိုက်ပြီး လက်ပြနှုတ်ဆက်ကာ ပြုံးပြီး ပြောတယ်။
“စောင့်နေမယ်”
အနီရောင် ပုံရိပ်လေးက ထွက်ခွာသွားတယ်။ ဖေးလု တံခါးဝမှာ ခဏလောက် ရပ်ပြီး ငေးနေမိတယ်။ ချွီလော့ချန် ဝေးလောက်ပြီ ဆိုမှ နောက်က ခြံဝင်းတံခါးကို တစ်ချက်ကြည့်ပြီး တခြားဘက်ကို ထွက်လာခဲ့တယ်။
သူ နဂါးလေးတောင်ဆီ သွားပြီး ဆရာကြီးကို ရှာရမယ်။
အင်္ကျီလက်ထဲမှာ ဆရာကြီး ပေးထားတဲ့ သစ်သားပြား နှစ်ခုကို ထည့်ထားတယ်။ ဖေးလု ရင်တထိတ်ထိတ် ဖြစ်နေတယ်။ ဆရာကြီးက သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသောသူ ဖြစ်ကောင်းဖြစ်နိုင်တယ်။
တောင်ငယ်လေးက သိပ်မမြင့်ဘူး။ တခြား တောင်ကြီးတွေနဲ့ ယှဉ်ရင် သေးသေးလေး။ သစ်ပင်တွေ စိမ်းစိုနေပြီး ကြည့်လို့ကောင်းတယ်။
ဖေးလုက 666 လမ်းညွှန်တဲ့အတိုင်း ဖြည်းဖြည်းချင်း တောင်တက်လာတယ်။ ချွီလော့ချန်နဲ့ နေကတည်းက အလိုလိုက်ခံထားရတော့ ဒီလို တောင်တက်ရတဲ့ အလုပ်မျိုးကို မလုပ်ရတာ ကြာပြီ။
မောကြီးပန်းကြီးနဲ့ တောင်ထိပ်ရောက်တော့ ကျောက်တုံးကြီး တစ်တုံးကို ပတ်၊ စမ်းချောင်းလေး တစ်ခုကို ဖြတ်လိုက်တဲ့အခါ သစ်သားအိမ်လေး တစ်လုံးကို မြင်လိုက်ရတယ်။
ဒါ ဆရာကြီး ကျင့်ကြံတဲ့ နေရာပဲ။
ဖေးလု ပါးစပ် ဖြဲပြီး ပြုံးလိုက်တယ်။ ပင်ပန်းတာတွေ ပျောက်သွားပြီး သစ်သားအိမ်ဆီ အားရပါးရ ပြေးသွားတော့တယ်။
“အဘိုးရေ!”
ဆရာကြီး လန့်ဖျပ်သွားပြီး လက်ထဲက ဆေးမြစ်တွေတောင် လွတ်ကျမလို ဖြစ်သွားတယ်။ သူက လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောတယ်။
“သရဲကြမ်းရဲ့ မျက်နှာအစစ်ကို မြင်ပြီး ငါ့ဆီ လာအကူအညီတောင်းတာ မလား?”
“…”
ဖေးလု ရှက်သွားပြီး ပါးစပ်အုပ်ကာ ချောင်းဟန့်လိုက်တယ်။
“ကျွန်တော်တို့ အဆင်ပြေပါတယ်”
“ကျွန်တော် အကူအညီ တစ်ခု တောင်းချင်လို့ပါ”
ဆရာကြီးက ဂူထဲက ကိစ္စကို သတိရပြီး ဒေါသထွက်လာတယ်။
“ပြောစမ်းပါဦး”
ဖေးလုက ချွီလော့ချန်ရဲ့ အခြေအနေကို အကြမ်းဖျင်း ပြောပြလိုက်တယ်။ သူ မျှော်လင့်တကြီးနဲ့ မေးလိုက်တယ်။
“သူ့ကို ကယ်ဖို့ နည်းလမ်း ရှိလားဟင်?”
ဆရာကြီးက မျက်မှောင်ကြုတ်သွားပြီး လေးနက်သွားတယ်။
“အငြိုးအတေး ပြန်ကန်တာပဲ။ ငါ ပြောသားပဲ… လူနဲ့ သရဲ မတူဘူးလို့။ သဘာဝတရားကြီးကို လွန်ဆန်ရင် မင်းကိုရော သူ့ကိုရော ကောင်းကျိုးပေးမှာ မဟုတ်ဘူး”
ဖေးလု နှာခေါင်းရှုံ့လိုက်တယ်။ ချွီလော့ချန်ရဲ့ သနားစရာ ပုံစံကို မြင်ယောင်ပြီး သူတောင်းပန်လိုက်တယ်။
“ကယ်ဖို့ နည်းလမ်း မရှိတော့ဘူးလားဗျာ?”
ဆရာကြီး တိတ်ဆိတ်သွားတယ်။ သူ့မျက်နှာက သိပ်မကောင်းလှဘူး။
ဖေးလုက အင်္ကျီလက်ထဲက သစ်သားပြား နှစ်ခုကို ထုတ်ပြီး ရှေ့မှာ ချပေးလိုက်တယ်။
“ကျွန်တော့်ကို ကူညီပါ”
ဆရာကြီးက သစ်သားပြားတွေကို ကြည့်ပြီး သက်ပြင်းချတယ်။
“သရဲကြမ်းဆိုတာ မိစ္ဆာအမျိုးအစားပဲ။ ယင်ဓာတ် အရမ်းများတယ်။ လောကကြီးနဲ့ မသင့်လျော်ဘူး။ သူ့ရဲ့ အငြိုးအတေးကို ချေဖျက်ချင်ရင် လောကရဲ့ အစွမ်းထက်ဆုံး ယန်ဓာတ် လိုအပ်တယ်”
“အဲဒါ ဘာလဲဟင်?”
ဖေးလု အလျင်စလို မေးလိုက်တယ်။
ဆရာကြီးက အဓိပ္ပာယ်ပါပါ စိုက်ကြည့်ပြီး ဖြေတယ်။
“မင်း လူပျိုရည် မပျက်ခင်တုန်းက မင်းခန္ဓာကိုယ်က အစွမ်းထက်ဆုံး ယန်ဓာတ်ပဲ”
အစွမ်းထက်ဆုံး နေ့ရက် (ယန်ရက်) မှာ မွေးဖွားသူ ဖြစ်ပြီး အပျိုရည်/လူပျိုရည် မပျက်သေးရင် ကျင့်ကြံဖို့ အကောင်းဆုံး ခန္ဓာကိုယ်ပဲ။
နှမြောစရာပဲ…
ဖေးလု မျက်နှာ ရဲသွားတယ်။ ကိုယ်ဘာသာကိုယ် သိပေမယ့် သူများက ဒဲ့တိုးကြီး ပြောလာတော့ ရှက်တာပေါ့။
ဆရာကြီးက နှာမှုတ်လိုက်တယ်။
“အဲဒီအရာ မရှိရင်တော့ နတ်သိကြားမင်း ကြွလာရင်တောင် ကယ်လို့ရမှာ မဟုတ်ဘူး”
“ကျွန်တော် သွားရှာလို့ ရ…”
ဆရာကြီး ခေါင်းခါတယ်။
“ရှာဖို့ ခက်တာ အသာထား၊ မင်း ရှာတွေ့တဲ့အချိန်ကျရင် ဟိုသရဲက ခံနိုင်တော့မှာ မဟုတ်ဘူး”
“ဒါဆို ဘယ်လိုလုပ်မလဲ?!”
ဖေးလု ရှေ့တိုးပြီး အင်္ကျီလက်စကို ဆွဲကာ တောင်းပန်တယ်။
“တခြားနည်းလမ်း ရှိမှာပါ။ စဉ်းစားပေးပါဦး”
“… ဟူး”
ဆရာကြီး သက်ပြင်းချတယ်။ လက်စကို ရုန်းပေမယ့် ဖေးလုက အသေဆွဲထားတော့ ယူမရဘူး။
“နည်းလမ်းတော့ ရှိတယ်။ ဒါပေမယ့် အသက်ချင်း လဲရမယ့် နည်းလမ်းပဲ။ မင်း သူ့ကို ကယ်လိုက်ရင် မင်း အသက် ပါသွားလိမ့်မယ်။ ဘာအဓိပ္ပာယ် ရှိမှာလဲ?”
ဖေးလု ဝမ်းသာသွားတယ်။ ပြီးမှ မျက်နှာ ပြန်ညှိုးသွားတယ်။ သူက နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်တယ်။
“သူ့ကို မကယ်လည်း… ကျွန်တော်က ကြာကြာနေရတော့မှာ မဟုတ်ပါဘူး”
ဆရာကြီး သံသယနဲ့ သူ့ကိုကြည့်တယ်။ ဖေးလု ဆက်မရှင်းပြတော့ဘဲ မတ်တပ်ရပ်ကာ ဦးညွှတ် ဂါရဝပြုလိုက်တယ်။
“ကျွန်တော် အသက်ချင်း လဲဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး ကူညီပေးပါ”
“မင်း… မင်း…”
ဆရာကြီးရဲ့လက်တွေ တုန်လာတယ်။ ဖေးလုရဲ့ ပြတ်သားတဲ့ ပုံစံကို ကြည့်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်ကာ သစ်သားပြားတွေကို သိမ်းလိုက်တယ်။
“ပြီးရော… နောင်တ မရပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ်”
ဖေးလု ဝမ်းသာသွားပြီး ထပ်ဦးညွှတ်လိုက်တယ်။
“ကျေးဇူးတင်ပါတယ်”
ဆရာကြီးက လက်ကာပြပြီး လိုအပ်တာတွေ ပြင်ဆင်ဖို့ ထွက်သွားတော့တယ်။
Chapter 42 ended