Chapter 41
“တကယ်လို့ ခင်ဗျား မနေနိုင်ရင်… ကျွန်တော့်သွေးကို သောက်လေ… ကျွန်တော် တိုက်ပါ့မယ်”
ရင်ခွင်ထဲကလူက မျက်လုံးဝိုင်းလေးတွေ ပြူးပြီး ကြည့်နေတယ်။ မျက်ဝန်းနက်နက်လေးတွေက ရေငွေ့ရိုက်ထားသလို စိုစွတ်နေတယ်။ ပြီးတော့ မျက်နှာလေးကို ရင်ခွင်ထဲ တမင်တိုးဝှက်လိုက်ပြီး ဖြူဝင်းနုဖတ်နေတဲ့ လည်ပင်းသားလေးကို ဖော်ပေးထားတယ်။ သူ တကယ် လိုလိုလားလား ရှိပါတယ်ဆိုတာကို သက်သေပြနေသလိုပဲ။
“မင်း အကုန်သိပြီးပြီပေါ့?”
ချွီလော့ချန် ခေါင်းငုံ့လိုက်ပြီး လည်ပင်းသားလေးပေါ်မှာ ခရမ်းရောင်အမှတ်အသားတစ်ခု ပေးလိုက်တယ်။ ပြီးတော့ လျှာနဲ့ ထပ်လျက်လိုက်ပြီး စိုစွတ်တဲ့ အရာလေး ကျန်ခဲ့စေတယ်။
“အရူးလေး… ဘယ်လိုလုပ် ကိုယ်က မင်းကို စားရက်မှာလဲ…”
ချွီလော့ချန် လျက်လိုက်တော့ ယားကျိကျိ ဖြစ်သွားပြီး ဖေးလု မျက်နှာလွှဲလိုက်တယ်။ သူ့မျက်လုံးလေးတွေ တောက်ပနေတယ်။ စိတ်ထဲက အပူလုံးကြီး ကျသွားတဲ့ ပုံစံမျိုး။
ချွီလော့ချန်က သူ့ပါးလေးကို ပွတ်သပ်ပြီး လေးနက်စွာ ကတိပေးလိုက်တယ်။
“စိတ်ချပါ… ကိုယ် နောက်ဆို ညဘက် အပြင်မထွက်တော့ပါဘူး”
ဖေးလုရဲ့မျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ခု ပွင့်လန်းလာတယ်။ သူ ချွီလော့ချန် ခါးကို တင်းတင်းဖက်ပြီး ရင်ခွင်ထဲ အတင်း တိုးဝှက်နေတော့တယ်။
………..
“တီ~ ဂုဏ်ယူပါတယ် ကိုယ့်လူရေ~ Mission ပြီးစီးမှုက ၉၅ ရာခိုင်နှုန်း ရောက်သွားပါပြီ”
666 က Progress အကြောင်း လာအကြောင်းကြားရင်းနဲ့ ခွေးစာတွေကို အတင်း ထိုးကျွေးခံလိုက်ရတယ်။
ဖေးလု ကြောင်သွားတယ်။သူ့ရင်ထဲက ပျော်ရွှင်မှုတွေက ဒီရေကျသလို ပြန်ကျသွားတယ်။ သူ ရင်မဆိုင်ချင်တဲ့ အမှန်တရားက ပေါ်လာပြန်ပြီ။
သူ တွေဝေစွာ မေးလိုက်တယ်။
“ဘာလို့ ဒီလောက် မြန်သွားတာလဲ?”
666က သက်ပြင်းချပြီး နှစ်သိမ့်တယ်။
“မြန်မြန်၊ နှေးနှေး… ငါတို့က ထွက်သွားရမှာပဲလေ”
အရင်ကမ္ဘာတုန်းက ဖေးလုကို ရည်းစားထားဖို့ မြှောက်ပေးမိတာကို 666 နောင်တရနေပြီ။ စိတ်ကမ္ဘာထဲမှာ သူနဲ့ ဖေးလုကလွဲရင် ဘယ်သူမှ သိမှာမဟုတ်ဘူး၊ ထွက်သွားရင်လည်း ဖေးလုတစ်ယောက်ပဲ မှတ်မိမှာဆိုတော့ အပျော်သဘော ရည်းစားထားလည်း ဘာမှမဖြစ်ပါဘူးလို့ တွေးခဲ့မိတာ။ အိပ်မက်လှလှလေး မက်တယ်လို့ သဘောထားလိုက်ရင် ပြီးရောပေါ့။
ဒါပေမယ့် လူသားတွေက ခံစားချက်ကို ဘယ်လောက်တန်ဖိုးထားလဲ ဆိုတာ သူ လျှော့တွက်ခဲ့မိတယ်။ အရင်ကမ္ဘာတုန်းက ဖေးလုရဲ့ မထင်မှတ်ထားတဲ့ လုပ်ရပ်တွေကြောင့် သူ သင်ခန်းစာ ရခဲ့ပြီ။ ဖေးလုက ဖက်ဒရယ်ရဲ့ စိတ်စွမ်းအားအမြင့်ဆုံး ကုထုံးပညာရှင်ဖြစ်ပေမယ့် အတွေ့အကြုံ သိပ်မရှိသေးတဲ့ လူငယ်လေးပဲ ရှိသေးတယ်။ လူနာတွေနဲ့ ရင်ဆိုင်ရရင် စိတ်မမာနိုင်ဘူး။ ဒါက သူ့ရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ။
666 စိတ်ပျက်အားငယ်သွားတယ်။ ဖေးလုကို ဒီလို အတုအယောင် ခံစားချက်တွေကြောင့် နာကျင်မှာ မလိုလားဘူး။ ဒါပေမယ့် ဖေးလုကို အတင်းအကျပ် ဖိအားပေးဖို့လည်း စိတ်မပြတ်သားပြန်ဘူး။ ဒီကြားထဲ လွန်ခဲ့တဲ့ ကမ္ဘာနှစ်ခုလုံးက ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကိုပါ သူ လိုက်ဖုံးဖိပေးနေရသေးတယ်။ (T/N: လွန်ခဲ့တဲ့ကမ္ဘာနှစ်ခု??? ငါတို့က တစ်ခုပဲ သိရသေးတယ် 🙂 )
666က လေသံအိုကြီးနဲ့ သက်ပြင်းချတယ်။
“အချိန် သိပ်မကျန်တော့ဘူး။ လုပ်စရာရှိတာ မြန်မြန် လုပ်လိုက်တော့”
အရင်ကမ္ဘာတုန်းကလို ဇွတ်အတင်း နေခဲ့မယ် မကြံနဲ့နော် ငါ့ရဲ့ ဘိုးဘေးလေးရယ်။
——
ဖေးလု စိတ်တွေပူပြီး ဗျာများနေတယ်။ စိတ်ပူလွန်းလို့ ဆံပင်တွေတောင် ကျွတ်တော့မယ်။ မထွက်သွားခင် ချွီလော့ချန်အတွက် တစ်ခုခု လုပ်ပေးချင်ပေမယ့် ဘာလုပ်ပေးရမလဲ မသိဘူး ဖြစ်နေတယ်။
သူ ခြံထဲမှာ တွေဝေစွာ ထိုင်ပြီး သက်ပြင်းချနေမိတယ်။
ချွီလော့ချန်က နောက်ကနေ သိုင်းဖက်လိုက်ကာ မေးစေ့ကို ခေါင်းပေါ်တင်ပြီး ပွတ်သပ်ရင်း မေးတယ်။
“ဘာတွေ သက်ပြင်းချနေတာလဲ?”
ဖေးလုက နောက်ကိုမှီပြီး ချွီလော့ချန်ရဲ့ ရင်ခွင်ထဲ ဝင်လိုက်တယ်။ မျက်လုံးတွေက ကောင်းကင်ကို ငေးရင်း သူ တိုးတိုးလေး မေးလိုက်တယ်။
“ချွီလော့ချန်… ခင်ဗျား အလိုချင်ဆုံးက ဘာလဲ?”
ချွီလော့ချန်က ရုတ်တရက် အမေးခံလိုက်ရတော့ ကြောင်သွားတယ်။ သူက ရယ်ချင်စိတ်ကို ထိန်းပြီး ဖေးလုရဲ့ပါးလေးကို ဆွဲညှစ်လိုက်တယ်။
“ကိုယ် အလိုချင်ဆုံးက… မင်းပေါ့ကွ။ တစ်နေ့ကုန် ဘာတွေ လျှောက်တွေးနေတာလဲ? ဟမ်?”
ဖေးလုရဲ့ နားရွက်လေးတွေ ရဲသွားတယ်။ ဒါပေမယ့် သူက အတည်မေးနေတာလေ!
သူ ကိုယ်ကို လှည့်ပြီး ချွီလော့ချန်ကို မျက်နှာချင်းဆိုင်လိုက်ကာ လေးလေးနက်နက် ထပ်မေးတယ်။
“ကျွန်တော်ကလွဲရင်လေ? ခင်ဗျား ဘာလိုချင်သေးလဲ?”
ချွီလော့ချန် ခဏ စဉ်းစားတယ်။ ပြီးတော့ ဖေးလုကို ပွေ့ချီလိုက်ပြီး ပြုံးကာ ဖြေတယ်။
“မင်းကလွဲရင် ကိုယ် ဘာမှ မလိုချင်တော့ဘူး”
သူက ဖေးလုရဲ့ ဖင်လုံးလုံးလေးကို အဓိပ္ပာယ်ပါပါ ဆွဲညှစ်လိုက်တယ်။
“နောက်ထပ် လိုချင်တာ တစ်ခုရှိရင်တော့… မင်းကို (Beep) ချင်တာပဲ။ နေ့တိုင်း ညတိုင်း ကုတင်ပေါ် ဖိထားပြီး (Beep) ချင်တယ်။ မင်း ကုတင်ပေါ်က မဆင်းနိုင်အောင်၊ ငါ့ကို ငိုပြီး တောင်းပန်လာအောင် လုပ်ချင်တယ်…”
ဖေးလု ပေါက်ကွဲထွက်သွားပြီ။ မီးပန်း ဖောက်လိုက်သလိုပဲ။ လည်ပင်းတွေရော နီရဲကုန်တယ်။ နှာမှုတ်သံတွေ ထွက်လာပြီး မျက်နှာကြီး ပူထူလာတယ်။
“ကျွန်တော် အတည်မေးနေတာနော်!”
ချွီလော့ချန်ကလည်း တည်တည်ငြိမ်ငြိမ်ပဲ။ ဖေးလု ခြေထောက်ကို ကိုင်ပြီး သူ့ခါးပေါ် တင်ခိုင်းတယ်။
“ကိုယ်လည်း အတည်ပြောနေတာပဲလေ”
“ကိုယ့်ဆန္ဒကို ဖြည့်ဆည်းပေးချင်လား?”
ဖေးလု ဆံပင်ဖျားတွေကနေ မီးခိုးတောင် ထွက်တော့မယ်။ ချွီလော့ချန်ရဲ့ ဆန္ဒပြင်းပြနေတဲ့ မျက်လုံးတွေကို မရှောင်သာဘဲ ကြည့်မိပြီး ဘယ်လိုဖြစ်သွားမှန်း မသိဘဲ ခေါင်းညိတ်လိုက်မိတယ်။
“ကျွန်တော် ခင်ဗျားကို ပျော်စေချင်တယ်”
“… ကိုယ်တော့ မင်းအပေါ်မှာတင် သေရတော့မှာပဲ”
ချွီလော့ချန် အံကြိတ်လိုက်တယ်။ အားမရလို့ နီရဲနေတဲ့ နားသီးလေးကို ပါးစပ်ထဲ ငုံပြီး ကိုက်လိုက်တယ်။
ဖေးလုက ချွီလော့ချန် လည်ပင်းကို သိုင်းဖက်ထားတယ်။ မျက်ဝန်းတွေက ခဏတာ မှုန်ဝါးသွားပြီးမှ ပြန်ကြည်လင်လာတယ်။ သူ တကယ်ပဲ နောက်ဆုံးအချိန်လေးမှာ ချွီလော့ချန်ကို ပျော်ရွှင်စေချင်တာ။
“ကျွန်တော်က ခင်ဗျားပိုင်တာပဲ… ခင်ဗျား သဘောရှိ… လုပ်တော့”
ပြောပြီးတာနဲ့ ချွီလော့ချန် နှုတ်ခမ်းကို လှမ်းရှာပြီး တိုးကပ်ကာ ရဲရဲဝံ့ဝံ့ နမ်းလိုက်တော့တယ်။
ချွီလော့ချန်ရဲ့မျက်လုံးထဲက မီးတောက်တွေက ဖေးလုကို အရည်ပျော်သွားစေမတတ်ပဲ။ သူ ဖေးလုကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး အခန်းထဲ ခြေလှမ်းကျဲကြီးနဲ့ ဝင်သွားတော့တယ်။
အခန်းထဲမှာ နွေးထွေးတဲ့ ရနံ့တွေ ပျံ့လွင့်သွားတယ်။
……….
ဖေးလု စိတ်ဒုံးဒုံးချလိုက်တော့ ဘာမှ မပူတော့ဘူး။ ချွီလော့ချန်က သူ့ကို လိုချင်တယ်ဆိုရင် သူ ဖြည့်ဆည်းပေးမယ်။ ဘယ်လောက်ပဲ ရှက်စရာကောင်းတဲ့ တောင်းဆိုမှု ဖြစ်ပါစေ၊ သူ လိမ်လိမ်မ္မာမ္မာ လိုက်လျောမယ်။ ချွီလော့ချန် သူ့ကို တစ်ကောင်လုံး မျိုချချင်လောက်အောင် လိမ္မာပြမယ်။
သူက ညှိုးတော့မယ့် ပန်းလေးတစ်ပွင့်လိုပဲ။ နောက်ဆုံးအချိန်မှာ အလှဆုံး ပွင့်လန်းပြီး ချွီလော့ချန်ရဲ့ အချစ်တွေကို တုံ့ပြန်ချင်တယ်။
နောက်တစ်ခေါက် လပြည့်ရက် (၁၅ ရက်နေ့) ရောက်လာပြန်ပြီ။
လပြည့်ဝန်းကြီးက ကောင်းကင်ပေါ်မှာ မြင့်မားစွာ တွဲခိုနေတယ်။ ပြတင်းပေါက် ပိတ်ထားပေမယ့် လရောင်ဖျော့ဖျော့လေးက ပြတင်းပေါက် စက္ကူသားကနေတဆင့် ဝင်ရောက်လာပြီး ကုတင်ပေါ် ဖြာကျကာ ယောကျ်ားတစ်ယောက်ရဲ့ ချောမောတဲ့ မျက်နှာပေါ် ကျရောက်နေတယ်။
ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်ပြီးခါစမို့ ဖေးလုက ပျော့ခွေပြီး ချွီလော့ချန်ရဲ့ရင်ခွင်ထဲ မှောက်နေတယ်။ ငွေရောင် လရောင်အောက်မှာ ချွီလော့ချန်ရဲ့ မျက်နှာပုံစံကို သူ သေချာ လိုက်ကြည့်နေမိတယ်။
ချွီလော့ချန်က မျက်လုံးမှိတ်ထားတယ်။ မျက်မှောင်တွေ ကြုတ်ထားပြီး မေးကြောတွေက တင်းနေတယ်။ … ဒါက တစ်စုံတစ်ခုကို အောင့်အီးသည်းခံနေတဲ့ ပုံစံပဲ။
ဖေးလု ကိုယ်ကို နည်းနည်း ကြွလိုက်ပြီး မျက်မှောင်ကြုတ်ထားတာကို လက်နဲ့ ဖြောင့်ပေးကာ တိုးတိုးလေး ခေါ်လိုက်တယ်။
“ချွီလော့ချန်?”
ချွီလော့ချန်က အံကိုတင်းတင်းကြိတ်ထားတယ်။ ဆိုးရွားတဲ့ အိပ်မက်ဆိုးကို မက်နေသလိုပဲ။
ဖေးလုက သူ ဘာဖြစ်မှန်း မသိတော့ စိတ်ပူသွားတယ်။အဲဒါကြောင့် ကုန်းထပြီး မျက်နှာကို အုပ်ကိုင်ကာ နဖူးချင်းထိပြီး အကြိမ်ကြိမ် ခေါ်တယ်။
“ချွီလော့ချန်…”
မျက်တောင်နက်ကြီးတွေ တုန်ခါသွားပြီး ချွီလော့ချန် မျက်လုံးပွင့်လာတယ်။ ခဏလောက် ကြောင်နေပြီးမှ အလိုအလျောက်ပဲ ဖေးလုကို ရင်ခွင်ထဲ ဆွဲထည့်ပြီး ကျောကို ပွတ်ပေးတယ်။
“ဘာဖြစ်လို့လဲ? အသံက ငိုတော့မယ့် အသံကြီးနဲ့”
ဖေးလု စိတ်ပူစွာနဲ့ သူ့ကို ကြည့်လိုက်ကာ လက်ချောင်းလေးတွေနဲ့ မျက်ခုံးနှစ်ခုကြားကို ဖိပေးလိုက်တယ်။
“ခုနက ကျွန်တော် ဘယ်လောက်ခေါ်ခေါ် ခင်ဗျား မနိုးဘူး”
“အိပ်မက်ဆိုး မက်နေတာလား?”
ချွီလော့ချန် ကြောင်သွားတယ်။ အခုမှ သတိဝင်လာသလိုပဲ။
“ဟုတ်လား? အိပ်မက်ဆိုး မက်တာ နေမှာပါ…”
ဒီရက်ပိုင်း သူ့စွမ်းအင်တွေ တော်တော် ကျဆင်းလာတာကို သတိထားမိတယ်။ အစက ဂရုမစိုက်မိပေမယ့် အခုကြည့်ရတာ… ရင်ထဲ လေးလံသွားတယ်။ ဒါပေမယ့် ဖေးလုကို ဖက်ထားပြီး ဘာမှ မပြောဘဲ နေလိုက်တယ်။
“ဘာမှမဖြစ်ပါဘူး… စောစော အိပ်ကြစို့”
ဖေးလု ရင်ခွင်ထဲ ပြန်တိုးဝင်လိုက်တယ်။ ရင်းနှီးတဲ့ ကိုယ်သင်းနံ့လေးကို ရလိုက်တော့ စိတ်အေးသွားပြီး ရှက်ရှက်နဲ့ အနမ်းဖွဖွလေး ပေးကာ ပြန်အိပ်ပျော်သွားတယ်။
ချွီလော့ချန်ကတော့ အိပ်မပျော်တော့ဘူး။
သူ့ခန္ဓာကိုယ်ထဲက အငြိုးအတေးတွေက လှုပ်ရှားနေတယ်။
အစပိုင်းတုန်းကတော့ အချိန်သိပ်မကြာသေးတာရော၊ ဖေးလုရဲ့ ယန်ဓာတ်နဲ့ ဖိနှိပ်ထားနိုင်တာရောကြောင့် ဘာပြဿနာမှ မပေါ်ခဲ့ဘူး။ ဒါပေမယ့် အခုထိ အောင့်အီးထားပြီး ဒီည လပြည့်ဝန်းရဲ့ လှုံ့ဆော်မှုပါ ခံလိုက်ရတော့ ခန္ဓာကိုယ်က သတိပေးချက်ထုတ်လာပြီ။
သရဲကြမ်းတွေက အငြိုးအတေး လွှမ်းခြုံထားတာမို့ သက်ရှိလူသားရဲ့ ယန်ဓာတ်နဲ့ ဖိနှိပ်မှ ရတာ။ ဒီရက်ပိုင်း သူ အပြင်ထွက်ပြီး “အမဲလိုက်” တာ မလုပ်တော့ဘူး။ ဖေးလုရဲ့ အမြုတေနဲ့ပဲ ဒီအထိ တောင့်ခံနိုင်တာ ကံကောင်းလို့ပဲ။
ချွီလော့ချန် မျက်နှာကို ဖေးလုရဲ့လည်ပင်းကြားထဲ အပ်လိုက်တယ်။ အသက်ကို ပြင်းပြင်း ရှူသွင်းပြီး ထကြွလာတဲ့ ဆန္ဒတွေကို ဖိနှိပ်လိုက်တယ်။ ရင်ခွင်ထဲက နူးညံ့တဲ့ ခန္ဓာကိုယ်လေးကိုလည်း တင်းတင်းဖက်ထားလိုက်တယ်။ သူ နည်းလမ်းရှာမှ ဖြစ်တော့မယ်။
…….
ရက်တွေ ကုန်ဆုံးသွားတယ်။ Mission Progress က ၂% ထပ်တက်သွားတယ်။ ဖေးလုက ကျန်တဲ့ ၃% မြန်မြန်မတက်ပါစေနဲ့လို့ ရင်တမမနဲ့ ဆုတောင်းနေရတယ်။
သူ့ဆုတောင်း ပြည့်သွားပုံရတယ်။ Progress Bar က ၉၇% မှာ ရပ်တန့်သွားပြီး ထပ်မတက်တော့ဘူး။
ဖေးလု သက်ပြင်းချလိုက်နိုင်တယ်။
ဒီနေ့က နောက်ထပ် လပြည့်ည (၁၅ ရက်) တစ်ည။ ငွေလင်ဗန်းကြီးလို လပြည့်ဝန်းက ခေါင်းပေါ်မှာ မြင့်မားစွာ ရှိနေတယ်။ အေးစက်တဲ့ လရောင်က ဖေးလု ခြေထောက်အောက်က လမ်းကို လင်းစေတယ်။
ဖေးလု ချွီလော့ချန်ကို လိုက်ရှာနေတာ။
သူ ညဘက် လန့်နိုးလာပြီး အကျင့်ပါနေလို့ ဘေးကလူရဲ့ရင်ခွင်ထဲ လှိမ့်ဝင်လိုက်တော့ ဘာမှ မရှိဘဲ ဟာတာတာ ဖြစ်သွားတယ်။ ချက်ချင်း အိပ်ချင်ပြေသွားပြီး မီးအိမ်ဆွဲကာ လူလိုက်ရှာတော့တာပဲ။ ချွီလော့ချန်က ကတိပေးပြီးကတည်းက ညဘက် အပြင်မထွက်တော့ဘူး။ အခု ဒီလောက်ကြာမှ မနေနိုင်တော့ဘဲ အပြင်ထွက် “စား” ပြီလား ဆိုတာ ဖေးလု မသေချာဘူး။
တော်သေးတာက 666 က ချွီလော့ချန် အဝေးကြီး မသွားဘူး၊ အိမ်ထဲမှာပဲ ရှိတယ်လို့ ပြောပြတယ်။ ဖေးလု စိတ်အေးသွားပြီး အမှောင်ထဲမှာ တရွေ့ရွေ့နဲ့ လိုက်ရှာတယ်။
ခြံဝင်းထဲမှာ တိတ်ဆိတ်နေတယ်။ ဖေးလု ဒီမှာနေတာ ကြာပြီမို့ သတ္တိလည်း ရှိလာပြီ။ ဒီနေရာက ချွီလော့ချန်ရဲ့မိဘတွေ နေခဲ့တဲ့ နေရာ။ နေ့လယ်ကပဲ ချွီလော့ချန်နဲ့ အတူ လာကြည့်ဖူးသေးတယ် ဆိုပြီး အားတင်းကာ ဝင်လာခဲ့တယ်။
အမှောင်ထဲမှာ ပြင်းထန်တဲ့ အသက်ရှူသံတွေ ကြားလိုက်ရတယ်။ ဖေးလု ရင်အခုန်မြန်သွားပြီး အသံလာရာဆီ သတိထားပြီး သွားလိုက်တယ်။
ဟုတ်တယ်… ချွီလော့ချန်ပဲ။
သူက တံခါးကို ကျောပေးထားတာ။ အမြဲဝတ်နေကျ အနီရောင် ဝတ်စုံနဲ့ပဲ။ ဆံပင်နက်ကြီးတွေက ဖရိုဖရဲနဲ့ ကျောပေါ်မှာ ပြန့်ကျဲနေတယ်။
“ချွီလော့ချန်?”
ဖေးလု အလျင်စလို ပြေးသွားလိုက်တယ်။ မီးအိမ်ကိုတောင် ဂရုမစိုက်နိုင်ဘဲ ဝင်တွဲဖို့ လုပ်တယ်။
“မလာနဲ့!”
ချွီလော့ချန် တုန်တက်သွားတယ်။ ဖေးလု လိုက်လာမယ်လို့ မထင်ထားဘူး။သူက အသံအက်ကြီးနဲ့ လှမ်းတားတယ်။
“ခင်ဗျား ဘာဖြစ်နေတာလဲ?”
ဖေးလု စိတ်ပူတာရော ကြောက်တာရော ရောနေတယ်။ သူ ရှေ့တိုးချင်ပေမယ့် ချွီလော့ချန်က တားထားလို့ နေရာမှာတင် ရပ်နေလိုက်ရတယ်။
“ကိုယ် မင်းကို ခြောက်မိမှာစိုးလို့… လိမ္မာတယ်… အရင် ပြန်အိပ်နှင့်နော်။ ကိုယ် ခဏနေ လာခဲ့မယ်”
ဖေးလုက ခေါင်းမာမာနဲ့ မပြန်ဘူး။ ခြေလှမ်းတွေကိုသာ တိတ်တိတ်လေး ရှေ့တိုးလိုက်တယ်။
“ကျွန်တော် မကြောက်ပါဘူး… ခင်ဗျားကို ကြည့်ချင်တယ်”
ချွီလော့ချန်က ပြန်မပြောတော့ဘူး။ ကြမ်းပြင်ကို လက်ထောက်ပြီး “ဟင်း… ဟင်း…” နဲ့ အသံတွေပဲ ထွက်နေတယ်။ဒါပေမယ့် ဖေးလုကို ထပ်မတားတော့ဘူး။
ဖေးလု သတိထားပြီး အနားကပ်သွားလိုက်တယ်။ ဒူးထောက်ချလိုက်ပြီး ချွီလော့ချန်ရဲ့မျက်နှာပေါ် ဖုံးနေတဲ့ ဆံပင်တွေကို ဖယ်ပေးလိုက်တယ်။
မည်းနက်တဲ့ အငွေ့အသက်တွေက ချောမောတဲ့ မျက်နှာပေါ် ဖုံးလွှမ်းနေတယ်။ မျက်နှာက ပြာနှမ်းနေပြီး ချွန်ထက်တဲ့ အစွယ်တွေက ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်နေကာ ကြောက်မက်ဖွယ် ကောင်းနေတယ်။ ချွီလော့ချန်က ဖေးလုကို မကြည့်ရဲလို့ မျက်လုံးကို အတင်းမှိတ်ထားလေတယ်။
Chapter 41 ended