Chapter 44
“ဒီအဆင့်က အရမ်း နာကျင်လိမ့်မယ်”
ဖေးလု အသက်ပြင်းပြင်း ရှူသွင်းလိုက်တယ်။
“ကိစ္စမရှိပါဘူး… ကျွန်တော် ခံနိုင်ပါတယ်”
ဆရာကြီးက နောက်ထပ် ဘာမှမပြောတော့ဘူး။ စုတ်တံကို ဂရုတစိုက် ကိုင်ပြီး ဖေးလုရဲ့ ရင်ဘတ်ပေါ်မှာ အစီအရင် စက်ဝိုင်းပုံကို အသေးစိတ် ရေးဆွဲတယ်။
နောက်ဆုံး စုတ်ချက် တစ်ချက် ချလိုက်တဲ့အချိန်မှာ ဖေးလုရဲ့ နှလုံးသားထဲမှာ ရုတ်တရက် မီးထတောက်လာသလို ခံစားလိုက်ရတယ်။ အဲဒီ ခံစားချက်က သိပ်မသိသာသေးဘူး။ သူ အလိုအလျောက် သူ့ရဲ့ နှလုံးနေရာကို လက်နဲ့ အုပ်ကိုင်လိုက်မိပြီး နည်းနည်း ကြောင်သွားတယ်။
“ဒါက အစပဲ ရှိသေးတယ်။ မင်းရဲ့ နှလုံးက ပိုပိုပူလာပြီး မင်းရဲ့ ခန္ဓာကိုယ်ကတော့ ပိုပိုအေးလာလိမ့်မယ်… မင်းတစ်ကိုယ်လုံးရဲ့ ယန်ဓာတ်တွေ နှလုံးဆီမှာ စုစည်းသွားတဲ့ အချိန်ကျရင်…”
“ငါ အဲဒါကို ထုတ်ယူရလိမ့်မယ်”
ဆရာကြီးရဲ့ မုတ်ဆိတ်မွေးတွေက တုန်ခါသွားတယ်။ သူ့လေသံက အရင်ကလောက် မမာကျောတော့ဘူး။သူက အသံပျော့ပျော့နဲ့ ပြောတယ်။
“မင်း သေချာပေါက် တောင့်ခံထားရမယ်နော်။ မဟုတ်ရင် အကုန်လုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်”
ဖေးလုရဲ့ နဖူးပေါ်မှာ ချွေးသီးချွေးပေါက်တွေ စိပ်နေပြီ။ တစ်ကိုယ်လုံး တလှည့်ပူ တလှည့်အေး ဖြစ်နေပြီး ခြေထောက်တွေက ရပ်တောင် မရပ်နိုင်တော့လောက်အောင် အားနည်းနေတယ်။
“ကျွန်တော် လက်မလျှော့ပါဘူး”
သူက ချွီလော့ချန်ကို နှမြောတသစွာ လှမ်းကြည့်ပြီး ကုတင်ဘေးမှာ တစ်ဝက်လောက် မှီကာ အသက်လုရှူနေရတယ်။
ဆရာကြီး ပြောသလိုပဲ။ ဖေးလုရဲ့ ရင်ခေါင်းထဲမှာ မီးလုံးကြီး တစ်လုံး တောက်လောင်နေသလိုပဲ။ တဖျစ်ဖျစ် မြည်သံတွေ ကြားနေရပြီး ဖေးလုကို ကင်နေသလို ခံစားရတယ်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ကုတင်ဘေးမှာ ချထားတဲ့ ချွီလော့ချန်ရဲ့ လက်ကို လှမ်းဆုပ်ကိုင်လိုက်တယ်။
လက်ချင်း ယှက်နွယ် ဆုပ်ကိုင်လိုက်ရတော့ ဖေးလု စိတ်သက်သာသွားတယ်။သူ့မှာ ပါးစပ်ဟပြီး ကုတင်ဘေးမှာ မှီကာ အောက်ဆီဂျင်ပြတ်နေတဲ့ ငါးတစ်ကောင်လို ဖြစ်နေတယ်။
ဖေးလုရဲ့ အကြံအစည်ကို သိကတည်းက စကားမပြောဘဲ တစ်ဖက်သတ် စစ်အေးတိုက်ပွဲလုပ်နေတဲ့ 666 က နောက်ဆုံးတော့ မနေနိုင်တော့ဘူး။ ဖေးလုကို နာကျင်မှုသက်သာတဲ့ စနစ် ဖွင့်ပေးလိုက်ပြီးတော့ ဒေါသတကြီး ခြေဆောင့်နေတယ်။
“ယောကျ်ားတစ်ယောက်အတွက်နဲ့ ဒီလောက်ထိ လုပ်ရတာ တန်လို့လား?!”
နာကျင်မှုတွေ ပျောက်ကွယ်သွားတော့ ဖေးလုရဲ့တစ်ကိုယ်လုံး ပေါ့ပါးသွားတယ်။ ဒါပေမယ့် ဖေးလုရဲ့ ခန္ဓာကိုယ်ကတော့ အားနည်းနေတုန်းပဲ။ သူက 666 ကို နောက်ပြောင်ပြီး ပြန်ပြောလိုက်တယ်။
“အဲဒါ ငါ့ရဲ့ ယောကျ်ားလေ”
666မှာ ဒေါသထွက်လွန်းလို့ ကွိုင်တက်ပြီး လည်နေပြီ။
“မင်းက တကယ့်ကို ပြောမရဆိုမရကောင်!”
ဖေးလုက အသည်းပုံ (Mini Heart) လုပ်ပြတဲ့ Sticker လေးကို ပို့ပေးလိုက်ပြီး ဒေါသထွက်နေတဲ့ ပါတနာကို ချော့လိုက်တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါက ထွက်သွားရမှာပဲဟာ… မထွက်သွားခင်လေး သူ့ကို နောက်ဆုံးအကြိမ် ကူညီပေးခဲ့လိုက်တာ ပိုမကောင်းဘူးလား”
သူ့ရဲ့ စစ်သူကြီးက ဒီလိုပုံစံမျိုး (သရဲကြမ်း) မဖြစ်သင့်ဘူးလေ။
666 က ဖေးလုကို မပြောနိုင်တော့ဘူး။ အခုအခြေအနေက အရင်ကမ္ဘာတုန်းကထက်စာရင်တော့ တော်သေးတယ်လို့ တွေးပြီး ပေါက်ကွဲနေတဲ့ စိတ်ကို ပြန်လျော့လိုက်တယ်။
666 စိတ်မဆိုးတော့ဘူး ဆိုတာ သိတော့ ဖေးလုက အားမရှိတဲ့ ခန္ဓာကိုယ်ကို မနည်း လှည့်လိုက်တယ်။ ခေါင်းကို ကုတင်ဘောင်ပေါ် မှီပြီး အိပ်ပျော်နေတဲ့ ချွီလော့ချန်ရဲ့ မျက်နှာကို တိတ်တိတ်လေး ငေးကြည့်နေမိတယ်…
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတယ်။ ဖေးလုက နာကျင်မှုကို မခံစားရပေမယ့် ခန္ဓာကိုယ်က တဖြည်းဖြည်း အားအင်ကုန်ခန်းလာတာကိုတော့ သိနေတယ်။ တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်တွေတောင် တဖြည်းဖြည်း လျော့ကျချင်လာတယ်။
သူ့တစ်ကိုယ်လုံး အားမရှိတော့ဘူး။ အားနည်းတဲ့ဒဏ်က လှိုင်းလုံးတွေလို တစ်လိမ့်ပြီး တစ်လိမ့် တက်လာတယ်။ ကုတင်ဘောင်ကို အမှီပြုပြီး ခန္ဓာကိုယ်ကို မနည်း ထိန်းထားရတယ်။
ဆရာကြီးက အခန်းရဲ့ တခြားတစ်ဖက်မှာ နောက်ဆုံးအဆင့်အတွက် ပြင်ဆင်နေတယ်။
ဘယ်သူမှ သတိမထားမိလိုက်တဲ့ အရာတစ်ခုကတော့ ချွီလော့ချန်ရဲ့ မျက်တောင်တွေ ပြင်းပြင်းထန်ထန် တုန်ခါနေတာကိုပါပဲ။
“သူ… ဖုန်း… စား… လေး…”
အားနည်းတဲ့ အသံလေး ထွက်ပေါ်လာပေမယ့် တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ မိုးကြိုးပစ်ချလိုက်သလို ကျယ်လောင်နေတယ်။ ဖေးလု ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွားတယ်။သူ အလိုအလျောက်ပဲ လက်ကို ပြန်ရုတ်ဖို့ ကြိုးစားလိုက်တယ်။
ဒါမဲ့ ချွီလော့ချန်ရဲ့ လှုပ်ရှားမှုက ဖေးလုထက် ပိုမြန်တယ်။ သူက လက်ချောင်းငါးချောင်းနဲ့ ဖေးလုရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်ကိုင်လိုက်ကာ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ လေသံနဲ့ တောင်းဆိုတယ်။
“မိုက်မဲတဲ့… အလုပ်တွေ… မလုပ်ပါနဲ့”
ဖေးလု ရင်ထဲမှာ မုန်တိုင်းထန်သွားတယ်။ ဒီအချိန်မှာ ချွီလော့ချန် နိုးလာမယ်လို့ သူ ထင်မထားဘူး။ ခဏလောက် ကြောင်သွားပြီးမှ အားကုန်သုံးပြီး ကုတင်ပေါ် တွားသွားတက်လိုက်တယ်။ ချွီလော့ချန်ရဲ့ ဘေးမှာ မှောက်ပြီး ဖွဖွလေး နမ်းလိုက်တယ်။
“လိမ္မာပါတယ်… တစ်ရေးလောက် အိပ်လိုက်နော်။ နိုးလာရင် ကောင်းသွားမှာပါ”
ချွီလော့ချန်ရဲ့ မျက်ဝန်းတွေက သွေးရောင်လွှမ်းနေတယ်။ မျက်နှာပေါ်က အမည်းရောင် အငွေ့တွေက ထိန်းမရသိမ်းမရ ထွက်လာတယ်။ မျက်နှာက ကြောက်စရာကောင်းလောက်အောင် ရှုံ့မဲ့နေတယ်။
“ကိုယ် ခွင့်မပြုဘူး”
ဖေးလုက မရပ်မနား နမ်းပေးနေတယ်။ ချွီလော့ချန်ကို ငြိမ်သွားစေချင်လို့ အလကား ကြိုးစားနေတာ။
“လိမ္မာပါတယ်ကွာ… ခဏလေးပါ… ပြီးရင် အဆင်ပြေသွားမှာပါ”
ချွီလော့ချန်က ခေါင်းခါတယ်။ မျက်ရည်တွေက သူ့ရဲ့ ပါးပြင်ပေါ် စီးကျလာတယ်။
“ရပ်လိုက်တော့… ကိုယ် မင်းကိုပဲ လိုချင်တာ…”
ချွီလော့ချန်ရဲ့ လက်မောင်းမှာ အကြောတွေ ထောင်ထနေတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အားကုန်သုံးသုံး မမြင်ရတဲ့ အချုပ်အနှောင်ကနေ သူ မရုန်းနိုင်ဘူး။
ရင်ထဲက ကြောက်ရွံ့မှုတွေက လှိုင်းလုံးကြီးတွေလို ဖုံးလွှမ်းလာတယ်။သူ လေသံပျော့ပျော့လေးနဲ့ ဖေးလုကို တောင်းပန်မိပြန်တယ်။
“ကိုယ်တို့ အိမ်ပြန်ရအောင်လေနော်… ဟိုဘုန်းကြီးက လူလိမ်ကောင်… သူ့စကား မယုံနဲ့… ကိုယ်တို့ အိမ်ပြန်ကြစို့”
ဖေးလု မျက်လုံးမှိတ်ကာ ချွီလော့ချန်ကို တင်းတင်းဖက်ထားပြီး သူ့အသံတွေ တုန်ရီနေတယ်။
“နောက်ကျသွားပြီ… နောက်ကျသွားပြီ…”
ချွီလော့ချန် အံကိုတင်းတင်းကြိတ်ထားမိတယ်။ သူ့ရဲ့ မျက်လုံးထဲကနေ သွေးတွေတောင် စီးကျလာတော့မတတ်ပဲ။
“အချိန်တန်ပြီ”
ဆရာကြီးက အကုန်ပြင်ဆင်ပြီးပြီ။ သူက ချွီလော့ချန် စောစောစီးစီး နိုးလာလိမ့်မယ်လို့ ထင်မထားဘူး။အဲ့တော့ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေလေတယ်။
ဖေးလုက ဆုံးဖြတ်ချက်ချလိုက်တယ်။ သူက လက်နဲ့ ချွီလော့ချန်ရဲ့ မေးရိုးကို အတင်းဟပြီး ရူးသွပ်စွာ နမ်းလိုက်တယ်။ ပါးစပ်ထဲမှာလည်း သွေးညှီနံ့တွေ ရလိုက်တယ်။
သူ ချွီလော့ချန်ရဲ့ မျက်နှာကို ကိုင်ပြီး ငိုယိုအော်ဟစ်လိုက်တယ်။
“ကျွန်တော်လည်း မလုပ်ချင်ပါဘူး! ဒါပေမယ့် အချိန်မရှိတော့ဘူးလေ! ကျွန်တော် ဘာလုပ်ရမလဲ?! ဒါက ခင်ဗျားအတွက် ကျွန်တော်လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပဲ…”
ဖေးလုက အားကုန်ခမ်းပြီး ချွီလော့ချန်ရဲ့ ကိုယ်ပေါ်မှာ ပျော့ခွေကျသွားတယ်။
“ကျွန်တော်လည်း ခင်ဗျားနဲ့အတူတူ အိုမင်းသွားချင်တာပေါ့…”
ချွီလော့ချန် မျှော်လင့်ချက်မဲ့စွာ မျက်လုံးမှိတ်လိုက်တယ်။
“မင်း သေသွားရင်… ကိုယ်လည်း အသက်ရှင်မနေချင်တော့ဘူး”
ဖေးလု ရင်ထဲ တုန်သွားကာ ချွီလော့ချန်ရဲ့ မျက်ခွံပေါ်ကို ဖွဖွလေး နမ်းလိုက်တယ်။
“ခင်ဗျား ကျွန်တော့်ကို ထားမသွားရက်ပါဘူး…”
ဖေးလု ပြောရင်းနဲ့ နှာခေါင်းရှုံ့လိုက်ကာ ဆရာကြီးဘက် လှည့်ပြီး ပြောလိုက်တယ်။
“စလိုက်တော့”
ဆရာကြီးက ချွီလော့ချန်ရဲ့ စူးစိုက်နေတဲ့ အကြည့်ကို တွေ့တော့ မရဲတရဲ ဖြစ်နေတယ်။ ဖေးလု ကိုယ်ကို လှည့်လိုက်ပြီး မျက်လွှာချကာ ဘေးက ပုဝါစကို ယူလိုက်ပြီး ချွီလော့ချန်ရဲ့ မျက်လုံးတွေကို အသာအယာ စည်းပေးလိုက်တယ်။
“ရပြီ”
ဖေးလု အားယူပြီး ပြုံးပြလိုက်တယ်။ မျက်နှာကတော့ သရဲတစ္ဆေလို ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။
ဆရာကြီး အံကြိတ်လိုက်တယ်။ စိတ်မကောင်းဖြစ်ရတာကို အတင်းဖိနှိပ်ပြီး မန္တန် ရွတ်ဖတ်တော့တယ်။
ပုံမှန်ဆိုရင် ဖေးလုက နာကျင်မှု အကာအကွယ်ဖွင့်ထားလို့ မနာရဘူး။ ဒါပေမယ့် ဆရာကြီးက နှလုံးကို ထုတ်ယူလိုက်တဲ့အချိန်မှာ နာကျင်မှု တစ်ချက်ကို ခံစားလိုက်ရသလိုပဲ။ နာလွန်းလို့ တစ်ကိုယ်လုံး တုန်တက်သွားတယ်။
လတ်ဆတ်တဲ့ နှလုံးသားကို ဖော်စပ်ထားတဲ့ ဆေးရည်ထဲ စိမ်လိုက်တယ်။ ခဏလေးအတွင်းမှာပဲ ကြည်လင်နေတဲ့ အရည်က ရွှေရောင်ပြောင်းသွားတယ်။ သွေးစလေးတွေလည်း ရောနေတယ်။
ဆရာကြီးက လက်တွေ တုန်ရီစွာနဲ့ ခွက်ကို ဖေးလုဆီ ကမ်းပေးလိုက်တယ်။
“သူ့ကို တိုက်လိုက်တော့”
ဖေးလု အသက်ရှူလိုက်တယ်။ ခွက်ကို လက်နှစ်ဖက်နဲ့ ငြိမ်ငြိမ်လေး ကိုင်ပြီး ကုတင်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားတော့တယ်။
ချွီလော့ချန်ရဲ့ ရင်ဘတ်က ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည် ဖြစ်နေတယ်။ သူ့မျက်နှာကို ဖုံးထားလို့ ဘယ်လိုမျက်နှာထား ဖြစ်နေလဲဆိုတာ မမြင်ရဘူး။ ဒါပေမယ့် မကြည့်ဘဲနဲ့တောင် ဖေးလု သိတယ်။ ဝမ်းနည်းဒေါသထွက်နေမှာ သေချာတယ်။
သူ ချွီလော့ချန်ရဲ့ ပါးစပ်ထောင့်က သွေးစတွေကို သုတ်ပေးလိုက်တယ်။ ဖေးလုက ဆေးရည်တစ်ငုံ ငုံလိုက်ပြီး ချွီလော့ချန်ကို ငုံ့နမ်းလိုက်တယ်။
ချွီလော့ချန်က ဆေးတိုက်ခံရတော့မယ် ဆိုတာ သိတော့ လှုပ်လို့မရပေမယ့် ပါးစပ်ကို တင်းတင်းစေ့ထားပြီး ဆန္ဒပြတယ်။ ဒါပေမယ့် ဖေးလုက သူ့အကြောင်း ကောင်းကောင်း သိနေတာပဲလေ။ ပြန်မခုခံနိုင်တဲ့ ချွီလော့ချန်ကို ဖေးလုက အလွယ်တကူပဲ နှုတ်ခမ်းကို ဖွင့်ပြီး ဆေးရည်တွေကို တစ်လုပ်ပြီး တစ်လုပ် ခွံ့ပေးလိုက်တယ်။
ဆေးရည်ထဲမှာ အားကောင်းတဲ့ ယန်ဓာတ်တွေ ပါနေတော့ မည်းနက်တဲ့ အငြိုးအတေးတွေက မျက်စိရှေ့တင် လျော့ပါးသွားတာ တွေ့လိုက်ရတယ်။ ဖေးလု ဝမ်းသာသွားပြီး နောက်ဆုံးကျန်တဲ့ ဆေးရည်ကိုပါ ကုန်အောင် တိုက်လိုက်တယ်။
နွေးထွေးတဲ့ စီးကြောင်းတစ်ခုက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတယ်။ နှစ်ရှည်လများ စွဲကပ်နေတဲ့ အေးစက်တဲ့ အငွေ့အသက်တွေက ပျောက်ကွယ်သွားတယ်။ ချွီလော့ချန်ရဲ့ ခန္ဓာကိုယ်က အရင်ကနဲ့မတူဘဲ ပေါ့ပါးလန်းဆန်းသွားတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ထဲမှာတော့ အေးစက်မှောင်မိုက်နေတယ်။
သူ့ကို ချုပ်နှောင်ထားတဲ့ စွမ်းအင်တွေက ပျောက်ကွယ်သွား ပေမယ့် သူ စိတ်ဓာတ်ကျလွန်းလို့ လက်ဖျားလေး တစ်ဖျားတောင် မလှုပ်ချင်တော့ဘူး။
အရာအားလုံးက ပြီးဆုံးသွားလေပြီ။
ဖေးလု နှာခေါင်းရှုံ့လိုက်ပြီး ချွီလော့ချန်ရဲ့ ကိုယ်ပေါ်မှာ အားမရှိဘဲ မှောက်ကျသွားတယ်။ သူက နှာသံနဲ့ ချွဲလိုက်တယ်။
“ကျွန်တော် အရမ်းအေးတာပဲ… ကျွန်တော့်ကို ဖက်ထားပေးပါ”
ဖေးလုရဲ့ နှုတ်ခမ်းတွေ ပြာနှမ်းနေပြီ။ ခန္ဓာကိုယ်ထဲက ယန်ဓာတ်တွေ အကုန်လုံး အစုပ်ထုတ်ခံလိုက်ရလို့ တစ်ကိုယ်လုံး တုန်ယင်နေတယ်။
ချွီလော့ချန်က နှုတ်ခမ်းကို စေ့ထားတယ်။ အသံမထွက်သလို လှုပ်လည်း မလှုပ်ဘူး။
ဖေးလု နှုတ်ခမ်းစူလိုက်တယ်။ သူ့အသံက ငိုသံပါနေပြီ။
“ချွီလော့ချန်… ငါ အေးတယ်လို့…”
ချွီလော့ချန် ဖြည်းဖြည်းချင်း လက်လှမ်းပြီး မျက်နှာပေါ်က ပုဝါကို ဖယ်လိုက်တယ်။ ဒါပေမယ့် မျက်လုံးဖွင့်ကြည့်ဖို့ကို တွန့်ဆုတ်နေမိတယ်။ သူ အမြတ်တနိုးထားရတဲ့ လူသားလေးက သူ့အတွက်နဲ့ ဘယ်လိုပုံစံ ဖြစ်သွားလဲ ဆိုတာကို မကြည့်ရဲဘူး။
ဖေးလုက ရင်ခွင်ထဲ ပိုတိုးဝင်လိုက်တယ်။ နွေးထွေးတဲ့ ကိုယ်ငွေ့ကို ခံစားရင်း မျက်လုံး မှေးစင်းလိုက်တယ်။ ညာဘက်လက်ကို လှမ်းပြီး ချွီလော့ချန်ရဲ့ လက်နဲ့ လက်ချောင်းချင်း ယှက်နွယ် ဆုပ်ကိုင်လိုက်တယ်။
ချွီလော့ချန် နောက်ဆုံးတော့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ရင်ခွင်ထဲက လူက မျက်နှာတွေ နှင်းလို ဖြူဆွတ်နေပြီ။ နှုတ်ခမ်းတွေက ပြာနေတယ်။ မျက်ဝန်းနက်နက်လေးတွေက သူ့ကို စိုက်ကြည့်နေတယ်။ သူ ကြည့်နေတာကို မြင်တော့ ဖေးလုက အားယူပြီး ပြုံးပြတယ်။
ချွီလော့ချန် ရူးမတတ် ဖြစ်သွားတယ်။ သူ့ကိုဂျိုင်းအောက်ကနေ မပြီး ဆွဲတင်ကာ ရူးသွပ်စွာ နမ်းတော့တာပဲ။
ဖေးလုက လိမ္မာစွာ ပါးစပ်ဟပေးတယ်။ လက်နှစ်ဖက်နဲ့ ချွီလော့ချန်ရဲ့ ရင်ဘတ်ကို ထောက်ပြီး အလိုက်သင့် တုံ့ပြန်တယ်။ နည်းနည်းတောင် အလိုလိုက်နေသေးတယ်။
အနမ်းပြီးသွားတော့ ဖေးလု အသက်ရှူရပ်လုနီးပါး ဖြစ်သွားတယ်။ သူ့မျက်လုံးထဲမှာ မိုက်ခနဲ မိုက်ခနဲလည်း ဖြစ်နေတယ်။
“ဘာလို့လဲ?”
ဖေးလု တုန်သွားတယ်။ သူ ဘယ်လို ရှင်းပြရမလဲ မသိတော့ ဗလုံးဗထွေးသာ ပြောလိုက်တယ်။
“ကျွန်တော်က ခင်ဗျားကို ကောင်းကောင်းမွန်မွန် အသက်ရှင်စေချင်လို့ပါ”
အသိစိတ်လွတ်နေတဲ့ သရဲဆိုးကြီး ဖြစ်သွားမှာကို မမြင်ချင်ဘူး။ အဲဒီလို ဖြစ်လာမှာကို တွေးလိုက်ရင်တောင် သူ့ရင်ထဲ နာကျင်ရလွန်းလို့။
ချွီလော့ချန် အသက်ရှူရပ်သွားမတတ်ပဲ။သူ ဖေးလုရဲ့ ပါးပြင်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးကာ ပြောလိုက်တယ်။
“မင်း မရှိရင် ကိုယ် အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
ဖေးလုက ထပ်နမ်းချင်လာတော့ နှုတ်ခမ်းလေး စူပြီး အနမ်းတောင်းတယ်။ ပါးပြင်တွေလေးတွေက နေမကောင်းလို့ နီရဲနေတယ်။
“ကျွန်တော်က ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေမှာပဲလေ… ကျွန်တော့်အစားပါ ပေါင်းပြီး ကောင်းကောင်း ရှင်သန်ပေးပါ”
“မင်း သေလို့ မဖြစ်ဘူး”
ချွီလော့ချန်က ဖေးလုကို သူ့ကိုယ်ထဲ သွတ်သွင်းပစ်တော့မတတ် တင်းတင်းဖက်လိုက်တယ်။ သူက ဖေးလုရဲ့ လည်ပင်းကို ကိုက်ပြီး ရှိုက်ငိုတော့တယ်။
“မင်း ဒီလိုလုပ်တာ မတရားဘူး…”
ဖေးလုက ချွီလော့ချန်ရဲ့ ကျောကို ဖက်ပြီး ကလေးဆိုးကြီးလို ဂျီကျတယ်။
“ခင်ဗျား ကျွန်တော့်ကို အလျှော့ပေးရမယ်လေ”
……….
သူတို့ ဖက်ပြီး စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ 666 က Task Progress ပြည့်သွားပြီ၊ Log out လုပ်ဖို့ ပြင်တော့လို့ ပြောလာတယ်။
ဖေးလု ပိုပိုအေးလာတယ်။ ချွီလော့ချန်က ရင်ခွင်ထဲ အသေအလဲ ဖက်ထားပေးပေမယ့် နွေးမလာတော့ဘူး။ ပြင်းထန်တဲ့ အိပ်ချင်စိတ်ကို အောင့်အီးပြီး ချွီလော့ချန်ရဲ့ လက်မောင်းပေါ်မှာ သွားရာတစ်ခု ပေးလိုက်တယ်။ ပြီးတော့ ရင်ခွင်ထဲမှာ ကွေးကွေးလေး အိပ်ပျော်သွားတော့တယ်။
ဒီတစ်ခါတော့ ပြန်မနိုးလာတော့ဘူး။
Chapter 44 ended