Chapter 49
ဖေးလု ဗိုက်ထဲကနေ အောင့်တက်လာသလို ခံစားနေရတယ်။
ချူးဟုန် ပေးထားတဲ့ စားသောက်မှုပုံစံMenuထဲမှာ ရေလုံပြုတ် ဟင်းရွက်နဲ့ ရေလုံပြုတ် ကြက်ဥကလွဲရင် ဘာမှ မပါဘူး။ မုရှို့က အပြင်စာ လုံးဝ မစားဘူး။ ရိုက်ကွင်းမှာဆိုတော့ အဆင်ပြေအောင် စီစဉ်ဖို့ကလည်း ခက်တယ်။ ဒါကြောင့် မုရှို့ သည်းခံနိုင်တဲ့ အစားအစာက ဒီရေလုံပြုတ် ဟင်းရွက်နဲ့ ကြက်ဥပြုတ်ပဲ ရှိတော့တာ။ ကြည့်လိုက်တာနဲ့ ဘာလဲဆိုတာ တန်းသိသာတယ်။
မုရှို့က ဒီနှစ်ရက်အတွင်း ခံတွင်းတွေ့နေပုံရတယ်။ ဟင်းရွက်ပြုတ် တစ်ပန်းကန်နဲ့ ထမင်းနှစ်ပန်းကန်ကို ဖြည်းဖြည်းချင်း စားပြီးမှ တူချလိုက်တယ်။
ဖေးလုက ပန်းကန်တွေ သိမ်းဖို့ လုပ်တော့ မုရှို့က ထူးဆန်းသလို မေးတယ်။
“မင်းက မစားဘူးလား?”
တကယ်လို့ ချူးဟုန်သာ ဒီမှာ ရှိနေရင် ကြောက်လွန်းလို့ ကြမ်းပြင်ပေါ် ဝပ်သွားလောက်တယ်။ မုရှို့က ဘယ်တုန်းကမှ သူများတွေကို သူနဲ့အတူ ထမင်းစားဖို့ ဖိတ်ခေါ်လေ့ မရှိဘူး။
သူ့ရဲ့ လူတွေကို ရွံရှာတာက ရောဂါအဆင့်ထိ ရောက်နေပြီ။ သူ့အမြင်မှာတော့ လောကကြီးက လူတွေအကုန်လုံး (သူအပါအဝင်) က သည်းမခံနိုင်လောက်အောင် ညစ်ပတ်နေကြတာ။
ဒါပေမယ့် ဖေးလုက မသိဘူးလေ။ မုရှို့ မေးတော့ သူကလည်း ဖြေလိုက်တာပဲ။
“ကျွန်တော်က စားပြီးပြီ”
တကယ်တော့ မစားရသေးဘူး။ ဒါပေမယ့် မုရှို့နဲ့ အတူတူ ထမင်းစားရမယ့်အစား အသေခံလိုက်တာကမှ သက်သာဦးမယ်။
မုရှို့က “အင်း” လို့ ပြောလိုက်တယ်။ ရုတ်တရက် နေ့လယ်က မြင်ခဲ့တဲ့ မြင်ကွင်းကို သတိရပြီး ဘာကြောင့်မှန်းမသိ စိတ်တိုလာတယ်။
“မင်း လီယွီရဲ့ လက်ထောက်နဲ့ ဘာလို့ အဲဒီလောက် နီးနီးကပ်ကပ် နေရတာလဲ?”
ဖေးလု ကြောင်သွားတယ်။ ခဏနေမှ နေ့လယ်က ကိစ္စ ပြောနေမှန်း သဘောပေါက်သွားတယ်။သူ ပါးလေးကုတ်ပြီး ဖြေလိုက်တယ်။
“မမကျောက်က ကျွန်တော့်ကို ရိုက်ကွင်းမှာ သတိထားရမယ့် အချက်တွေ သင်ပေးနေလို့ပါ”
“နောက်ဆို အဲဒီလောက် နီးနီးကပ်ကပ် မနေနဲ့… ညစ်ပတ်တယ်”
“…”
ဖေးလု ပါးစပ်အဟောင်းသားနဲ့ပဲ ကြည့်နေမိတယ်။
ဒီလူ ရူးနေတာလား?!
ဒါပေမယ့် မုရှို့က တကယ် စိတ်ပါလက်ပါ ပြောနေတာ။ သူက ထပ်ပြောပြန်တယ်။
“အဲ့ဒီလောက်ထိ နီးနီးကပ်ကပ် မနေဖို့ ပြောနေတာ… ညစ်ပတ်တယ်”
ဖေးလု ပြောစရာ စကားမရှိလောက်အောင် ဆွံ့အသွားပြီး စိုက်ကြည့်နေမိတယ်။
မုရှို့က အဖြေမရသေးတော့ သံသယဖြစ်စွာ လှမ်းကြည့်တယ်။
“ဟင်?”
ဖေးလုမှာ သူ့ရဲ့ အကြည့်နဲ့ ဆုံတော့ လက်မြှောက် အရှုံးပေးလိုက်ရတယ်။ သူဌေးက ပြောမှတော့ လက်ခံရမှာပေါ့။
“သိပါပြီ”
ပါးစပ်က ပြောရုံပဲလေ… ဘယ်သူမဆို လုပ်တတ်တာပဲ။
မုရှို့က ကျေနပ်လောက်တဲ့ အဖြေကို ရသွားတော့ မာနကြီးစွာ ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ အိပ်ခန်းထဲ ဝင်သွားတယ်။
ဒီနေ့ စိတ်ကြည်နေတော့ မအိပ်ခင် စာအုပ်လေး ဘာလေး ဖတ်လို့ရတာပေါ့။
မုရှို့ တံခါးပိတ်ပြီး ဝင်သွားတာနဲ့ ဖေးလုက ပါးစပ်သရမ်းပြီး ပွစိပွစိ ပြောတော့တာပဲ။
“ဒီတစ်ခေါက် Target က ရောဂါ မသေးဘူးဟ”
666 ကလည်း အလေးအနက် ထောက်ခံတယ်။
“သန့်ရှင်းရေး အစွဲအလမ်းကြီးတာတင် မကဘူး၊ အကြမ်းဖက် လိုလားတဲ့ စိတ်လည်း ရှိသေးတယ်”
“ဟုတ်တယ်နော်… ငါ ဒီလောက်ထိ သန့်ရှင်းရေးအတွက် ဒီလောက်ထိကြောင်တာမျိုး တစ်ခါမှ မတွေ့ဖူးဘူး… မင်း ပြောတာ သူက…”
ဖေးလု ပြောရင်းတန်းလန်းနဲ့ ရုတ်တရက် သတိဝင်လာတယ်။
“မင်း ဘာပြောလိုက်တာလဲ?”
“အကြမ်းဖက် လိုလားတဲ့ စိတ်?”
666 ရဲ့ လေသံက လေးနက်နေတယ်။
“တိတိကျကျ ပြောရရင် အကြမ်းဖက်သမားပဲ”
“…”
ဖေးလု သူ့ရဲ့ခန္ဓာကိုယ် သေးသေးလေး ယိုင်လဲတော့မလို ခံစားလိုက်ရတယ်။နောက်ပြီး သူ မဲ့ပြုံးသာ ပြုံးလိုက်တယ်။
“ကြည့်ရတာတော့ လုံးဝ မထင်ရဘူးနော်”
666 က ထပ်ပြီး ဓားနဲ့မွှန်းတယ်။
“မင်းရဲ့ ရှေ့က လက်ထောက် ၂ ယောက်လုံး သူ ရိုက်လို့ ဆေးရုံတက်လိုက်ရတာ”
“…”
ဖေးလု ငိုချင်သွားတယ်။
“ငါ ဆေးရုံ မတက်ချင်ဘူး QAQ”
666 က စေတနာမပါဘဲ နှစ်သိမ့်တယ်။
“တကယ်တော့ မင်းသာ သူ့ရဲ့ နှလုံးကြေးခွံ (သည်းမခံနိုင်ဆုံးအချက်) ကို မထိသရွေ့ ဘာမှမဖြစ်ပါဘူး”
“ရှေ့က လက်ထောက် ၂ ယောက်မှာ တစ်ယောက်က သူ့ရဲ့ ကုတင်ပေါ် တက်ဖို့ ကြိုးစားလို့၊ နောက်တစ်ယောက်က ချူးဟန်ရဲ့ သတိပေးချက်ကို နားမထောင်ဘဲ သူ့ရဲ့ အခန်းထဲ ဝင်သွားလို့ ဖြစ်သွားတာ”
“မင်း လိမ္မာရင် ဘာမှမဖြစ်ပါဘူး”
“…”
ဖေးလုက ခေါင်းအုံးကို တုန်တုန်ယင်ယင်နဲ့ ဖက်ထားလိုက်တယ်။ သူက ရုပ်ရှင်မင်းသားရဲ့ အခန်းထဲ ဝင်ရုံတင်မကဘူး၊ ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ကိုပါ သွားထိထားမိတယ် ဆိုတာ ပြန်တွေးပြီး သူ့ရဲ့ နှလုံးသားလေး ကြောက်လွန်းလို့ ကြွက်တက်တော့မယ်။
“ဒါ… ဒါပေမယ့် ငါ အကုန် လုပ်မိပြီးသွားပြီလေ… ဘယ်လိုလုပ်မလဲ? သူက ငါ့ကို စုပြီး တစ်ခါတည်း ရှင်းပစ်ဖို့ စောင့်နေတာများလား QAQ”
“…”
666 က စာနာစိတ်အပြည့်နဲ့ ပြောလာတယ်။
“ဒါဆို ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပေါ့”
ဖေးလု : …
ကျောက်ဝမ်က သူ့ကို ဘာလို့ သနားတဲ့ အကြည့်နဲ့ ကြည့်ခဲ့လဲ ဆိုတာ အခုမှ နားလည်တော့တယ်။
ဖေးလုက ရင်တထိတ်ထိတ်နဲ့ ကိုယ်လုပ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တယ်။ ရုပ်ရှင်မင်းသားရဲ့ လက်သီးနဲ့ အထုမခံရဘဲ အခုထိ အကောင်းပကတိ ရှိနေသေးတာ တကယ့် ကံကောင်းခြင်းပဲ။ ဒါကြောင့် နောက်နောင်ကျရင် ငြိမ်ငြိမ်လေးနေတဲ့ လက်ထောက်လေး လုပ်မယ်၊ ကိုယ့်သေတွင်း ကိုယ်မတူးတော့ဘူးလို့ ကြောက်ကြောက်လန့်လန့် ဆုံးဖြတ်လိုက်တယ်။
အသက်ကို တန်ဖိုးထား။ မြွေစိမ်း (ဆိုက်ကိုပတ်) တွေနဲ့ ဝေးဝေးနေရမယ်။
………
ညနေစာ မစားထားတော့ ၉ နာရီလောက် ရောက်တဲ့အချိန်မှာ ဖေးလုရဲ့ ဗိုက်က ‘ဂွီ ဂွီ’ မြည်လာတယ်။ အဲဒါကြောင့် သူ အခန်းထဲကနေ ခိုးကြောင်ခိုးဝှက် ထွက်လာလိုက်တယ်။
ဖေးလုတစ်ယောက် ရေခဲသေတ္တာထဲက ဟင်းသီးဟင်းရွက်တွေနဲ့ ကြက်ဥတွေကို ကြည့်ပြီး မျက်လုံးပြူးနေမိတယ်။
ပြီးတော့ ပိတ်ထားတဲ့ အိပ်ခန်းတံခါးကို လှည့်ကြည့်လိုက်တယ်။
ဖေးလု ဖုန်းထုတ်ပြီး အမြန်ဆုံးနှုန်းနဲ့ အစပ်အဟပ်တည့်မယ့် ‘မာလာရှမ်းကော’ကို မှာလိုက်တယ်။
ရေခဲသေတ္တာထဲက အေးစက်နေတဲ့ အစားအစာတွေကြောင့် သူ စိတ်ဒဏ်ရာ ရသွားပြီလေ။ ပူပူလောင်လောင် စပ်စပ်ဟပ်ဟပ် မာလာရှမ်းကောနဲ့ ကုစားမှ ရမယ်။
Delivery ပို့တာ မြန်တယ်။ မိနစ် ၂၀ လောက်ပဲ ကြာတယ်။
တံခါးbell မြည်တာနဲ့ ဖေးလု အမြန်ပြေးပြီး တံခါးဖွင့်လိုက်တယ်။ ခြေသံလုံလုံနဲ့ တံခါးဖွင့်၊ ပူပူနွေးနွေး မာလာရှမ်းကောကို ယူပြီး အခန်းထဲ ပြန်ဝင်ဖို့ ပြင်တယ်။
တံခါးပိတ်၊ မာလာရှမ်းကော ပန်းကန်ကို ချပြီး သွားရည်တမြားမြားနဲ့ အဖုံးဖွင့်လိုက်တယ်။
အနီရောင် ငရုတ်သီးဆီတွေက ဟင်းရည်မျက်နှာပြင်မှာ ဝေ့နေတယ်။ ပြင်းရှတဲ့ အနံ့တွေက နှာခေါင်းထဲ တိုးဝင်လာပြီး အခန်းတစ်ခုလုံး ပျံ့နှံ့သွားတယ်။
ဖေးလု တူကို ခွာပြီး စားဖို့ ပြင်လိုက်တုန်း ရှိသေးတယ်… တံခါးဝကနေ ဒေါသတကြီး အော်သံကို ကြားလိုက်ရတယ်။
“မင်း ဘာလုပ်နေတာလဲ?!”
ဒေါသတကြီး အော်သံကြောင့် ဖေးလု လန့်ပြီး လက်တုန်သွားတယ်။ အခုလေးတင် ညှပ်လိုက်တဲ့ အပ်မှိုက ပန်းကန်ထဲ ပြန်ပြုတ်ကျသွားပြီး ဆီတွေ စင်ကုန်တယ်။
ဖေးလုက ဆီစက်တွေ ပေကျံနေတဲ့ ညဝတ်အင်္ကျီနဲ့ ကြောက်ကြောက်လန့်လန့် လှည့်ကြည့်လိုက်တယ်။
မုရှို့က ဖေးလုရဲ့ အင်္ကျီပေါ်က ဟိုတစ်ကွက် ဒီတစ်ကွက် ပေနေတဲ့ ဆီစက်တွေကို ကြည့်ပြီး အသက်ရှူကျပ်သလို ခံစားလိုက်ရတယ်။
ဒါ ဘယ်လောက်တောင် ညစ်ပတ်လိုက်သလဲ?!
“မင်း ဘာစားနေတာလဲ?!”
အခန်းထဲမှာ ဆီနံ့တွေ လှိုင်နေတော့ မုရှို့ မျက်မှောင်ကြုတ်လိုက်တယ်။ ခြေတစ်ဖက် လှမ်းပြီးမှ ဝင်ရကောင်းမလား မဝင်ရကောင်းမလား တွေဝေနေတယ်။
“မာ… မာလာရှမ်းကော”
ဖေးလုက မုရှို့ရဲ့ အထိမခံတဲ့ အာရုံကြောတွေကို သွားဆွမိမှာ စိုးရိမ်ပြီး သတိထား ဖြေလိုက်တယ်။
“မင်း ထမင်းစားပြီးပြီ မဟုတ်ဘူးလား?”
မုရှို့ရဲ့ စူးရှတဲ့ အကြည့်တွေက ဖေးလုဆီ ရောက်လာတယ်။ “မဟုတ်ပါဘူး” လို့များ ဖြေလိုက်ရင် ထိုးကြိတ်တော့မယ့် ပုံစံပဲ။
“ကျွန်တော်… ပြန်ဗိုက်ဆာလာလို့ “
ဖေးလုက “ခင်ဗျား စားတဲ့အစာက လူစားတဲ့အစာမှ မဟုတ်တာ… အဲဒါကြောင့် မစားချင်လို့ လိမ်လိုက်တာ” လို့ မပြောရဲဘူးလေ။ ခေါင်းမာမာနဲ့ပဲ ဗလုံးဗထွေး လိမ်လိုက်တယ်။
မုရှို့ရဲ့ အကြည့်က နည်းနည်း ပြေလျော့သွားတယ်။သူက ဖေးလုကို အပေါ်အောက် ကြည့်လိုက်တယ်။
“တကယ် ပိန်လွန်းတယ်။ မင်းက ဖွံ့ဖြိုးဆဲအရွယ်ပဲ ရှိသေးတာကိုး”
ဖေးလု သက်ပြင်းချလိုက်တယ်။ ပြီးသွားပြီပေါ့?
“ဒါပေမယ့်…”
မုရှို့ရဲ့ လေသံက ရုတ်တရက် တည်ငြိမ်လေးနက်လာတယ်။ သူက စိတ်ပျက်လက်ပျက်နဲ့ အပြစ်တင်တော့တာပဲ။
“မင်း ဘယ်လိုလုပ် ဒီလိုသန့်ရှင်းမှု မရှိတဲ့ အစားအစာကို စားနိုင်ရတာလဲ?!”
သူက ငရုတ်သီးဆီတွေ ဝေ့နေတဲ့ မာလာရှမ်းကောကို ရွံရှာလွန်းလို့ အန်ချင်နေတဲ့ မျက်နှာထားနဲ့ ညွှန်ပြတယ်။
“ဒီထဲမှာ ဘက်တီးရီးယားတွေ ဘယ်လောက်တောင် ပါမလဲ? လူဘယ်နှယောက်ရဲ့ လက်တွေနဲ့ ထိတွေ့ထားမလဲ? မင်း ဘယ်လိုလုပ် စားဝင်တာလဲ?”
“…”
ဖေးလု ပါးစပ်ပဲ ဟထားမိတယ်။ ဗိုက်ဆာလို့ မာလာရှမ်းကော စားတာလေ… ဘာဖြစ်လို့လဲ?
ရူးနေတာလား?!
ဒါပေမယ့် သူက ကြောက်တတ်တယ်။ မုရှို့နဲ့ ထိပ်တိုက် မတွေ့ရဲဘူး။ မာလာရှမ်းကော ဘူးဖုံးကို ဝမ်းနည်းပက်လက် ပြန်ပိတ်၊ ပလတ်စတစ်အိတ်ကို သေချာချည်ပြီး အမှိုက်သွားပစ်ဖို့ ပြင်ရတော့တယ်။
မုရှို့က သူ့ရဲ့ နောက်ကနေ တကောက်ကောက် လိုက်လာတယ်။
ဖေးလုက နောက်ကျောဘက်က စူးရှတဲ့ အကြည့်ကြောင့် ဦးခေါင်းခွံတွေတောင် ထုံကျင်နေပြီ။ အမြန်ဆုံး အရှိန်နဲ့ မာလာရှမ်းကောကို အပြင်က အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တယ်။
ဒါမှ မုရှို့က ကျေနပ်သွားပြီး ဝမ်းသာအားရ ပြုံးလိုက်တယ်။ အခန်းထဲ ပြန်ဝင်တော့ ဖေးလုရဲ့ ညှိုးငယ်နေတဲ့ မျက်နှာကို မြင်ပြီး သူဗိုက်ဆာနေတာကို သတိရသွားတယ်။ သူ တွန့်ဆုတ်တွန့်ဆုတ်နဲ့ မေးလိုက်တယ်။
“မင်း ဗိုက်ဆာလား?”
“…”
ဖေးလု စိတ်မကြည်ဘူး။ ပါးစပ်နား ရောက်နေတဲ့ မာလာရှမ်းကောလေးကို လွမ်းနေတုန်း။
“ဆာတယ်”
မုရှို့က ခဏလောက် စဉ်းစားပြီး ပြောတယ်။
“ငါ ခေါက်ဆွဲ ပြုတ်ကျွေးမယ်”
“????”
ဖေးလု မျက်လုံး ပြူးသွားတယ်။ သူ မုရှို့ရဲ့ အောက်ပိုင်းကို ထိတ်လန့်တကြား ကြည့်ပြီး အမြန် ငြင်းတယ်။
“ရ… ရပါတယ်”
(Note: တရုတ်စကားမှာ “下面” (Xià miàn) က “ခေါက်ဆွဲပြုတ်သည်” လို့ အဓိပ္ပာယ်ရသလို၊ “အောက်ကဟာ (လိင်အင်္ဂါ) ကို စားသည်” လို့လည်း အဓိပ္ပာယ်ထွက်နိုင်လို့ ဖေးလု လန့်သွားတာပါ)
မုရှို့ မျက်မှောင်ကြုတ်တယ်။
“ဗိုက်ဟောင်းလောင်းနဲ့ အိပ်ရင် မကောင်းဘူး”
“…”
ဖေးလု… ဖေးလု ဘာပြောနိုင်ဦးမှာလဲ။ မုရှို့ ပြောတာ အကုန် မှန်ပါတယ်ပေါ့။
ဖေးလု ဘာမှပြန်မပြောတော့ မုရှို့က သဘောတူတယ်လို့ ယူဆလိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားတယ်။ မီးဖိုချောင်က သန့်ရှင်းသပ်ရပ်နေတယ်။ အညစ်အကြေး တစ်စက်မှ မရှိဘူး။
မုရှို့က တစ်ချက် ဝေ့ကြည့်လိုက်တယ်။ကြည့်ရတာ သူ ဒီပတ်ဝန်းကျင်ကို လက်ခံနိုင်ပုံရတယ်။သူက အခန်းထဲ ပြန်ဝင်ပြီး စားဖိုမှူး ဝတ်စုံအပြည့်အစုံနဲ့ လက်အိတ်ကို ယူလာတယ်။
အဖြူရောင် စားဖိုမှူး ဝတ်စုံက လည်ပင်းထိ လုံနေတယ်။ မုရှို့က လက်အိတ်စွပ်ပြီး သုံးမယ့် ပန်းကန်ခွက်ယောက်တွေကို ပိုးသတ်စက်ထဲ အရင်ထည့်ပြီး ပိုးသတ်တယ်။ ပြီးမှ အိုးထဲ ရေထည့်ပြီး တည်တယ်။
ရေဆူလာတဲ့ အချိန်ကျမှ ခေါက်ဆွဲထည့်တယ်။ အဖြူရောင် ခေါက်ဆွဲသားတွေက ရေနွေးပူပူထဲမှာ လူးလိမ့်ပြီး ပျော့သွားကာ ဂျုံနံ့သင်းသင်းလေး ပျံ့လွင့်လာတယ်။
ဖေးလုက တံခါးဝကနေ မျှော်ကြည့်နေတယ်။ သူ တကယ် ဗိုက်ဆာနေပြီ။ ရုပ်ရှင်မင်းသားကြီး ကိုယ်တိုင် လက်ထောက်လေးအတွက် ချက်ပြုတ်ပေးမယ်လို့ ထင်မထားဘူး။ ခဏလောက် ကြည်နူးသွားပြီး တံခါးဝမှာ တွယ်ကပ်ကာ အစာစောင့်နေတော့တယ်။
ခေါက်ဆွဲက ခဏလေးနဲ့ ကျက်တယ်။ မုရှို့က တူနဲ့ ခေါက်ဆွဲ အပျော့အမာကို စမ်းကြည့်တယ်။ ကျက်ပြီဆိုတာ သေချာမှ ဘေးက ဆားပုလင်းကို ယူ၊ ဇွန်းနဲ့ နည်းနည်းလေး ခပ်ပြီး အိုးထဲ ထည့်လိုက်တယ်။
ဖေးလု အပြင်က ကြည့်ရင်း စိတ်တွေ အေးခဲသွားတယ်။
ခေါက်ဆွဲ တစ်အိုးလုံးကို ဆား ငါးပုံတစ်ပုံတောင် မထည့်ဘူး။ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ ဆိုတာ ဝေလာဝေး။ ဖြူဖွေးနေတဲ့ ခေါက်ဆွဲအိုးကြီး။ တကယ့်ကို ရေလုံပြုတ် ခေါက်ဆွဲစစ်စစ်ကြီး။
ဖေးလု : (>﹏<)
မုရှို့က ခေါက်ဆွဲကို ပန်းကန်ထဲ ထည့်လိုက်တယ်။ ခဏလောက် စဉ်းစားပြီး ဖေးလုရဲ့ အကြိုက်က သူနဲ့ မတူလောက်ဘူးလို့ တွေးမိတော့ ကြက်ဥတစ်လုံး ဖောက်ထည့်ပြီး ကြက်ဥပါ ထပ်ပြုတ်ပေးလိုက်တယ်။
နောက်ဆုံး ဖေးလု ရှေ့ ရောက်လာတာကတော့ ကြက်ဥပြုတ် တစ်လုံးပါတဲ့ ရေလုံပြုတ် ခေါက်ဆွဲ တစ်ပန်းကန်။
ဖေးလု : T_T
“စားလိုက်”
မုရှို့က တူ ကမ်းပေးတယ်။အဲ့နောက် စားဖိုမှူး ဝတ်စုံ ချွတ်ပြီး ရေချိုးခန်းထဲ ဝင်သွားပြန်ရော။
အငွေ့တထောင်းထောင်း ထနေတဲ့ ခေါက်ဆွဲနဲ့ မျက်လုံးချင်း ဆိုင်ကြည့်နေတဲ့ ဖေးလုပဲ ကျန်ခဲ့တယ်။
သူ စိတ်ထဲမှာ ဗျာများနေပြီးမှ နောက်ဆုံးတော့ ပန်းကန်ကို အနားဆွဲ၊ တူကို ကိုင်ပြီး စားလိုက်တယ်။
ထင်ထားတဲ့အတိုင်း အရသာက ပေါ့ရွှတ်နေတာပဲ။ ခေါက်ဆွဲအရသာကလွဲရင် ဆားအရသာ နည်းနည်းလေးပဲ ရှိတယ်။
“သူ နေ့တိုင်း ဒီလိုဟာတွေပဲ စားတာလား??”
ဖေးလု အံ့သြတကြီး မေးလိုက်တယ်။
666 : “ဟုတ်တယ်လေ… ပြီးတော့ နောက်ဆို မင်းလည်း အတူတူ လိုက်စားရမယ် ထင်တယ်~”
ဖေးလု ကျောချမ်းသွားတယ်။ လည်ပင်းကို ကျုံ့ပြီး ဟင်းရည်တစ်ငုံ အကြီးကြီး သောက်ကာ စိတ်ကို ဖြေလိုက်ရတယ်။
Chapter 49 ended